❝ ဧည့်သည် လာ အိမ်သည် ပြေး ❞
[ ဦးမောင်မောင် ကို မန္တလေး ဈေးချိုတော် မှာ လူတွေ ချစ်ခင်လေးစား ခံရတဲ့ အကျိုးဆောင် လူကြီး တစ်ယောက် အဖြစ် ကျွန်တော် သိကျွမ်းရတယ် ။
ဦးမောင်မောင် နဲ့ ဒေါ်ဌေးဌေး ရဲ့ ရွှေကြယ် ကုန်မျိုးစုံဆိုင် ဟာ ဈေးချိုတော် မှာ ဖောက်သည်တွေ နဲ့ စည်ကား နေလေ့ ရှိခဲ့တယ် ။
နှစ် အနည်းငယ် လောက် ဦးမောင်မောင် နဲ့ ကျွန်တော် အဆက်အသွယ် ပြတ်သွားခဲ့ကြပြီး နောက် သူတို့ အိမ်ခေါင်မိုး အမ်ကင်ပြား ၊ စတီးရေတိုင်ကီ ၊ ဖိုင်ဘာရေတိုင်ကီ စတဲ့ အိမ် နဲ့ ပတ်သက်တဲ့ ပစ္စည်း အရောင်းဆိုင် ဖွင့်နေသူ အဖြစ် တွေ့ ရတယ် ။ မန္တလေး က နေ့စဉ်ထုတ် သတင်းစာတွေ မှာ ဆွဲဆောင်မှု ရှိတဲ့ စာသားလေးတွေ နဲ့ မကြာခဏ ကြော်ငြာ နေတဲ့ Crown ဆိုတဲ့ အမိုးပြား ၊ ရေတိုင်ကီ အရောင်းဆိုင် ဟာ ဦးမောင်မောင် ရဲ့ ဆိုင် ရယ်လို့ သိလာတယ် ။
မန္တလေးဘူတာကြီး ရှေ့ ၊ SY တိုက်ခန်း မှာ ရှိတဲ့ Crown ဆိုင်ခန်း မှာ သူ့ အကြောင်းတွေ ကျွန်တော် သိခွင့်ရခဲ့တယ် ။ ]
••••• ••••• •••••
လွတ်လပ်ရေး မရခင် ၊ ၁၉၄၇ နှစ် လောက် က မန္တလေး ဈေးချို လမ်းဘေး မှာ ဘမ်းကလေး ချပြီး ဈေး ရောင်းခဲ့တာ ။ လိမ္မော်သီး ပေါ်ချိန် လိမ္မော်သီး ၊ နာနတ်သီး ပေါ် ချိန် နာနာတ်သီး ပေါ့ ။ အကျိုးအမြတ် က သိပ် မများဘူး ၊ မကျွမ်းကျင် တော့ အပျက်အစီး အလေအလွင့် ကလည်း များတယ် ။ ဒါနဲ့ လက်ဖက်ခြောက် ကို ပြောင်း ရောင်းတယ် ။ တယ်အဆင် မပြေလှဘူး ။ လက်ဖက်စို ပြောင်း ရောင်းပြန်တယ် ။
အရင်းအနှီး က မရှိတော့ အရီးတောင်း ဒေါ်ကြွယ်ကြွယ် တို့ ဆီက အဟောင်းပေး အသစ်ယူ ရောင်းတယ် ။
အမေမုဆိုးမ က ဈေး ရောင်းရင်း တစ်ဦးတည်း သော သူ့သား ကျွန်တော့် ကို ဖြစ်ထွန်းစေ ချင်တော့ စိန်ပီတာကျောင်း မှာ ကျောင်းထားတယ် ။ အဲဒီတုန်း ကတော့ အမေ့ မေတ္တာ ၊ အမေ့ စေတနာ ကို ကျွန်တော် နားမလည်ပါဘူး ။ အခု ပြန် စဉ်းစား မှ နားလည် လာတာပါ ။
ကျွန်တော် က ငယ်ငယ်ကလေး ကတည်း က နားလေးတယ် ။ ငယ် တုန်းက အတူ ကစားဖော် က နားရင်းပိတ် ရိုက်တာ နားလေးသွားတယ် ။ ကိုယ့် ဟာ ကိုယ် နားလေး လို့ လေးမှန်း မသိဘူး ။ အမေ ကလည်း သူ့ သား နားလေး မှန်း မသိဘူး ။ ဆရာ ကလည်း သူ့တပည့် နားလေး နေမှန်း မသိဘူး ။ ကျွန်တော် နားလေးနေပုံ က တစ်မျိုး ။ ခြကိုက် ထားတဲ့ စာအုပ် မှာ စာကြောင်း တစ်ကြောင်း ကို ပြည့်အောင် ဖတ်လို့ မရသလိုပဲ ၊ ပြတ်တောင်း ပြတ်တောင်း နားမလည်ဘူး ။ ဒီတော့ စာသင်ခန်း ထဲ မှာ ထ အမေးဆုံး က ကျွန်တော် ပဲ ။ အဆူ အခံရဆုံး ကလည်း ကျွန်တော် ပဲ ။ ဆော့ကစား နေလို့ နားမလည်တာ မဟုတ်ဘူး ။ နားလေး တော့ ပညာရေး မှာ အရာ မရောက်ခဲ့ဘူး ။
ဈေးချို ဘေး ပလက်ဖောင်း ပေါ်မှာ စည်ပင်သာယာရေး က ဆိုင်ခန်း တွေ ဆောက် တော့ အမေ က ဆိုင်ခန်း တစ်ခန်း ရတယ် ။ ဒီရုံ ထဲ မှာ လည်း အမေ့ မှာ ဆိုင်ခန်း တစ်ခန်း ရှိတယ် ။ ကျွန်တော် အသက် ၂၄ နှစ် မှာ ဈေးလောက ထဲ ကို ရောက်လာတယ် ။ အမေ ကလည်း အသက် ကြီးလာပြီ မို့ ဈေး မလိုက်တော့ဘူး ၊ ကျွန်တော် ပဲ ဦးစီး လုပ် ရတော့တယ် ။
တစ်ဦးတည်းသော သား တစ်ယောက် အနေနဲ့ လူ့ လုပ်အား အများကြီး လိုတဲ့ လက်ဖက်လုပ်ငန်း ကို နိုင်နိုင်နင်းနင်း မလုပ်နိုင်ဘူး ။ ဒါနဲ့ ဈေးဝယ် ကို ရော့အင့် ဆိုပြီး အလွယ်တကူ ကောက်ယူ ရောင်းနိုင်တဲ့ ကုန်မျိုးစုံဆိုင် အဖြစ် ပြောင်း လိုက်တယ် ။ ရောင်းရ လွယ်လို့ ပြောင်းတာ ။ အမေ ကတော့ သူ့ လက်ငုတ် လက်ရင်း လက်ဖက် ကို ဆက် မရောင်းဘဲ ကုန်စုံဆိုင် ပြောင်း ဖွင့်လို့ စိတ်ဆိုးတယ် ။ မိဘအမွေ မထိန်းတဲ့ သား ၊ မိဘ က လက်နဲ့ ရေးတာ ကို ခြေ နဲ့ ဖျက်တဲ့ သား လို့ ကျွန်တော့် ကို ဆူတယ် ။ နှစ်နှစ်လောက် ဆူ မပြီး ပြော မပြီးဘူး ။
ကုန်စုံဆိုင် က လည်း လုပ်ရင်း လုပ်ရင်း ကုန်အမျိုး စုံလာတယ် ။ ကုန် တွေ တော်တော် များလာတယ် ။ အဲဒီတုန်း က စီးပွား ရှာရတာ လွယ်တယ် လို့ ပြောရမှာပေါ့ ။ ပျော်စရာ ဘဝ တစ်ခု ကို ဖြတ်သန်း ခဲ့ရတယ် ။
မူလက ဈေးချိုကြီး ကို အဆင့်မြင့် ဈေးချိုတော်ကြီး အဖြစ် ကိုယ်ထူ ကိုယ်ထ ဆောက်ကြမယ် ဆိုတော့ ကျွန်တော်တို့ နှစ်ခန်း အတွက် ပခုံး ထမ်းတယ် ။ တစ်ခန်း ကို ငါးသိန်းလောက် ၊ နှစ်ခန်း ကို ဆယ်သိန်း သွင်းရမှာ ။ ကျွန်တော်တို့ မှာ စားလောက် သောက်လောက်ရုံပဲ ဝင်ငွေ က ရတာဆိုတော့ ငွေဆယ်သိန်း ကို ဘတ်ခနဲ ပေးစရာ မရှိဘူး ။ ရော့ အင့် ပေးစရာ မရှိဘူး ။ စဉ်းစားရင်း လင်မယား နှစ်ယောက် မူးခြာပတ်ခြာ လည်နေတော့တာပေါ့ ။
နောက်ဆုံးမှာတော့ အတိုး နဲ့ ငွေချေးပြီး သွင်း လိုက်တာ ၊ ၁၆ သိန်း လောက် အတိုးအရင်း အကြွေး တင်သွားတယ် ။ အဲဒါ ၁၉၉၅ ခုလောက် ကပေါ့ ။ အဲဒီ အချိန်က တစ်နေရာ က တစ်နေရာ သွားရင် ဆိုက်ကားခ က ၂ဝ လောက် ပဲ ကျတယ် ။ ဆိုက်ကားခလေး ကျပ် နှစ်ဆယ် လောက် တောင် မသုံးဘဲ ခြေလျင် ကြိတ်ရတဲ့ အခြေအနေ ကို ရောက်သွားတယ် ။
ကံ က ကောင်းချင်တော့ အဆင့်မြင့် ဈေးချို မှာ ဆိုင်ခန်း နေရာ မဲဖောက် တော့ မြေညီထပ် မိန်းလမ်း မှာ ထောင့်ခန်း နေရာကောင်း ကိုရတယ် ။ ကုန်မျိုးစုံဆိုင် ဆက် ဖွင့်တယ် ။ အရင်းအနှီး တော့ မရှိဘူး ။ နာမည်ကောင်းလေး ပဲရှိတယ် ။ နာမည်ပျက် မထားတဲ့ နာမည်ကောင်း ကို ပြောတာပါ ။ ကိုယ်ရည်သွေး လို့ ကောင်း တဲ့ နာမည်ကောင်းတော့ မဟုတ်ပါဘူး ။ နာမည်ကောင်းလေး ရှိတော့ နက်ဖြန် ပိုက်ဆံ ပေးပါမယ် ခေတ္တ ဆိုင်းပါဦး ပြောပြီး ပစ္စည်း ယူ ရောင်းလို့ ဖြစ်တာပေါ့ ။ ဒီက ရတဲ့ ပိုက်ဆံလေး ဟိုပေး ၊ ဒီလိုနဲ့ လှည့်ပတ် လုပ်ရင်း ရပ်တည် ရတာပေါ့ ။
ကုန်မျိုးစုံဆိုင် ဆိုတော့ ပစ္စည်း ကတော့ အစုံ တင် ရောင်းရတာပဲ ။ ဟို ဘက်ခေတ် က လူကြိုက် များခဲ့တဲ့ ပစ္စည်း လည်း ရှိတယ် ။ ခေတ်ပေါ် ပစ္စည်း လည်း ရှိတယ် ။ ဥပမာ ဟိုခေတ် က မှောင်ခိုလိုင်း က သွင်းလာတဲ့ နက်စ်ကော်ဖီ နဲ့ အခု တရားဝင် တင်သွင်းလာတဲ့ နက်စ်ကော်ဖီ က တံဆိပ်ချင်း မတူဘူး ။ နက်စ် ကော်ဖီ တော့ နက်စ်ကော်ဖီ ပဲ ၊ အိန္ဒိယ က ဝင်တာ နဲ့ ယိုးဒယား က ဝင်တာ လည်း မတူပြန်ဘူး ။ စားသုံးသူ က ကိုယ် စွဲမိစွဲရာ ဝယ်တာမို့ ဘယ်ဟာ မှ လက်လွှတ်လို့ မရဘူး ။ အဲဒီလိုနဲ့ ပစ္စည်း က အမယ်ပေါင်း ၂ဝဝ ကျော်ရော ။ အရောင်အသွေး ၊ အကြီးအသေး ထပ် ခွဲ လိုက်ရင် အများကြီး ဖြစ်ကုန်တယ် ။ နေ့စဉ် ရောင်းသာ နေရတယ် ။ အမြတ်အစွန်း က သိပ် မများတော့ အပိုအလျှံ က သိပ်မရှိဘူး ။ ကြွေး ကြေနိုင်ဖို့ မလွယ်ဘူး ။
ဖြစ်ချင်တော့ သမီး က မိုးကုတ်ကြပ်ပြင်သား နဲ့ အိမ်ထောင် ကျသွားတယ် ။ သမက် လုပ်တဲ့ သူ က သူ့ အစ်ကို ရဲ့ ဆယ်လ်လူလာဖုန်း ကို မန္တလေး က နေ မိုးကုတ် ကို ခေတ္တ ယူသွားတယ် ။ ဒေါ်နန်းကြည့် တောင်ပေါ် တက်ပြီး ဖုန်း ခေါ် ကြည့်တယ် ။ ရန်ကုန် ၊ မော်လမြိုင် ၊ မန္တလေး ၊ တစ်ကမ္ဘာလုံး ကို ဆက်လို့ ရနေပါလား ။ ဒီတော့ ဖုန်းဆက်ချင်သူ က သမက် ဆီ က ဖုန်း နဲ့ တောင်ပေါ် တက်တက် ပြောကြတယ် ။
ကျွန်တော် မိုးကုတ် ကို အလည် လိုက်သွားတော့ လူတွေက တောင် ပေါ် တက်တက်ပြီး ဖုန်း ပြောနေကြတာကို တွေ့ ရတယ် ။ အဲဒီ အချိန် က ကော့တ်လက်စ် က ပေါ် ခါစ ။ ကော့တ်လက်စ် နဲ့ သာ တွဲ လိုက်ရင် တောင်ပေါ် တက်စရာ မလိုဘဲ တောင်ခြေ က လည်း ပြောနိုင်မယ် ၊ မိုးကုတ်မြို့ ထဲ ကလည်း ပြောနိုင်မယ် ဆိုပြီး မန္တလေး ပြန်ပြီး ကျွန်တော် စီစဉ်တယ် ။ ၁၉၉၆ ခုနှစ် ကနေ ၁၉၉၈ ခုနှစ် အထိ နှစ်နှစ် လောက် လုပ် လိုက်တာ ကြွေး ၁၆ သိန်း ကျေသွားတယ် ။ ဟန်ကို ကျလို့ ။ လူ လည်း ရွှင်ရွှင်လန်းလန်း ပြန် ဖြစ်သွားတယ် ။
အခု အခါမှာ ကုမ္ပဏီတွေ ပေါ်လာတယ် ။ ဥပမာ ကိုလ်ဂိတ် သွားတိုက်ဆေး ဆိုပါတော့ ကုမ္ပဏီ က ရပ်ကွက်ကြို ရက်ကွက်ကြား မကျန် အိမ်ပေါက်စေ့ တက် ရောင်းတယ် ။ ဆင်ခြေဖုံး ရပ်ကွက် အထိ ဆွဲခြင်းကလေးတံတောင်ဆစ် ချိတ်ပြီး ကုမ္ပဏီ က ဆင်း ရောင်းတယ် ။ ဟိုမြို့ ၊ သည်မြို့လည်း ကုမ္ပဏီ က သွား ရောင်းတယ် ။ လမ်း က ရွာတွေ လည်း တစ်ရွာ ဝင် တစ်ရွာ ထွက် လည် ရောင်းတယ် ။ ကျွန်တော်တို့ လို ဆိုင်တွေ ကို လာ ဝယ်စရာ မလိုတော့ဘူး ။ သူတို့ သွား မရောင်းနိုင်တဲ့ အချိန် မှာ လို နေတဲ့ လူ ကပဲ ဝယ် တော့တယ် ။ ကျွန်တော်တို့ လို စကောစက သမားတွေ မဖြစ်ထွန်းတော့ဘူး ။ သူတို့ ကို အဃာတ မဖြစ်ပါဘူး ။ သူတို့ လည်း သူတို့ အတွက် ကြိုးစားကြတာပါ ။
ကျွန်တော် ကတော့ မိဘ လက်ငုတ် ဆိုင်တွေ ကို စွန့်လွှတ် လိုက်ပြီ ။ ကျွန်တော် အသက် က လည်း ရလာပြီလေ ။ အပင်ပမ်း လည်း သိပ် မခံနိုင်တော့ ဘူး ။ ဒါပေမယ့် သားသမီးတွေ က ရှိသေးတယ် ။ ဒါကြောင့် ဒီ အမ်ကင် အမိုးပြား ဆိုင် ကို ဆက်ဖွင့်တယ် ။ ကုမ္ပဏီ က ပစ္စည်း တင်ပေးတာ ကို ပြန် ရောင်းတာပေါ့ ။
ကျွန်တော် ဈေးချို ကို စိတ်မကုန်ပါဘူး ။ သံယောဇဉ် ရှိသေးတယ် ။ ဈေးချို မှာ ဆိုင် ဖွင့်ပြီး ရောင်းချင်ပါသေးတယ် ။
▢ ကျော်ရင်မြင့်
📖 ဘဝဇာတ်ခုံ
No comments:
Post a Comment