❝ စင်ကာပူ ကို တစ်ဝက်မျိုချင်လို့ ❞
( ၁၉၉၇ )
ဘန်ကောက် သို့ ကျွန်တော် ရောက်လာခြင်း၌ တာဝန် နှစ်ရပ် ရှိသည် ။ တာဝန် တစ်ရပ် က ဖိုင့် ကို တွေ့ဖို့ ။ နောက် တာဝန် က ရန်ကုန် မှ လာမည့် အစ်မ ကို စင်ကာပူ ပို့ပေးဖို့ ဖြစ်သည် ။ တာဝန် နှစ်ရပ်စလုံး ကျွန်တော် ကျေခဲ့သည် ။ သို့သော် အစ်မ နှင့် ပါလာသော ‘ သန်းထွန်းဇော် ’ ကိုတော့ ကျွန်တော် စင်ကာပူ ကို နှစ်ကြိမ် ပို့ရာတွင် ( နှစ် ကြိမ်စလုံး ) လေဆိပ် မှ ပြန် အပို့ ခံရသည် ။
ထိုစဉ်က စင်ကာပူ သည် ဗီဇာ မလို ။
ပတ်စပို့ဒ်စာအုပ် ကိုင်ပြီး ဘုရားတကာ ရှိုးမန်းနီး ကိုင်၍ ဝင်ကြရသည် ။ ကံကောင်း လျှင် ဝင်ခွင့် ရ၏ ။ ကံမကောင်း လျှင် ပြန်နှင် ခံရသည် ။ ပထမအကြိမ် မှာ ပင် အစ်မ က ချောချောမွေ့မွေ့ ရောက်သွားခဲ့၏ ။ သန်းထွန်းဇော် က ဝင်ခွင့် မရ ။ ဝင်ခွင့် မရခြင်း ကို အစ်ကို က ဖုန်းဆက်၍ လေဆိပ် မှာ ကျွန်တော် သွား ကြိုခဲ့သည် ။ နောက် သုံရက် အကြာတွင် ဒုတိယ အကြိမ် ကြိုးစားသည် ။ မရ ။ သူ ရော ကျွန်တော် ပါ စိတ်ဓာတ် ကျသွားပြီ ။ သူ က မြန်မာပြည် ပြန်ချင်သည် ဆို၍ ပြန်ပို့ ပေးလိုက်ရသည် ။
သန်းထွန်းဇော် ပြီးတော့ အစ်ကို နှင့် ဆက်သွယ်ပြီး ရောက်လာကြသူ သုံးလေးဦး ကို လေဆိပ် မှ သွား ကြိုရ ၊ ပြီးလျှင် ဘန်ကောက် မှာ တန်းခို ဖို့ စီစဉ်ပေး ။ ပြီးလျှင် စင်ကာပူ ဝင်ဖို့ လိုက် ဆောင်ရွက်ပေးဖြစ်သည် ။ အဖိုးအခ ကိုတော့ အစ်ကို နှင့် ဆွေးနွေးပြီး သား ဖြစ်၏ ။ ကျွန်တော် က သူ တို့ ပါလာသော ငွေဖြင့် လိုက် စီမံပေးရုံသာ ဖြစ်သည် ။ ဝှိုက်ကတ်ပုံစံ ဖြည့်နည်း ၊ စင်ကာပူ လ.၀.က နှင့် တွေ့လျှင် နေပုံနေနည်း ၊ ဆက်ဆံနည်း များ သင်ပြ ပေးရသည် ။ တဖြည်းဖြည်း နှင့် ကျွန်တော်တို့ ညီအစ်ကို လူပို့လူကြို လုပ်ရင်း နာမည် ကြီး လာခဲ့၏ ။ ကျွန်တော် လည်း ဘန်ကောက် လေဆိပ် ကို အထူးကျွမ်းကျင် လာပြီး လေယာဉ်လက်မှတ် ကိစ္စများ တွင် လည်း ကျွမ်းကျင်လာ ခဲ့ပြီး အပျော်အပါး လိုလားသည့် ဧည့်သည်များ ကိုလည်း ဆွိုင် ဆီသို့ ပို့ပေးတတ်ခဲ့ပြီ ။
ကျွန်တော် ပြန် ရောက်လာချိန် ၌ ဖိုင် တို့ လမ်း ထဲမှာ ပင် အခန်း တစ်ခန်း ငှားလိုက်သည် ။ ကျွန်တော့် ရန်သူဟောင်းများ လာကြပါသည် ။ သို့ရာတွင် သူတို့ အခြေအနေ သည် ကျွန်တော့် ကို မလှန်နိုင်တော့ပြီ ။ ကျွန်တော့် ကို ပတ်စပို့ဒ် ဝယ်ခိုင်းသော သူ ကို တွေ့ပြီး သူ့ ငွေ ကိုလည်း ကျွန်တော် ပြန် ဆပ်နိုင်ခဲ့ပြီ ။ စင်ကာပူ သွား လို၍ ပင် သူတို့ အပူ လာကပ် နေပြန်၏ ။
ဖိုင် က တွေ့တွေ့ချင်း ကျွန်တော့် ကို ပါး တစ်ချက် ရိုက်သည် ။ ဤမျှနှင့် ပင် သူ့ အချစ် ကို ပြန် အစပျိုး လိုက် လေသည် ။ ကျွန်တော် တွက်ဆခဲ့ သလိုပင် ဖိုင့် ဘဝ သည် ဘာမှ မပြောင်းလဲ ၊ အရင်ကလည်း ဒီအတိုင်း ၊ အခု လည်း ဒီအတိုင်း ၊ နောင်လည်း ဒီအတိုင်း ဖြစ်နေမည် မှာ ဖိုင် ပင် ဖြစ်သည် ။ ပြောင်းလဲခြင်း သည် ဖိုင် နှင့် မဆိုင် ။ ဝပ်ကျင်း ကျဉ်းကျဉ်းလေး တွင် အမိအရ ကုပ်တွယ်ရင်း အသက်ရှင် နေခြင်း သည် ဖိုင် အစစ် ဖြစ်သည် ။
ဖိုင့် ကိုယ်ရေးရာဇဝင် မှာ မများလှ ။
မနက် ရှစ်နာရီ အထည်ချုပ်စက်ရုံ သို့ သွားရမည် ။ နေ့လည် ထမင်း စားချိန် ပြန်လာမည် ။ ပြီးလျှင် စက်ရုံ သို့ ပြန်မည် ။ ညနေပိုင်း တွင် အချိန်ပို ရှိက ဆင်းမည် ။ မရှိလျှင် ပြန်လာကာ တီဗွီဇာတ်လမ်းတွဲများ ကြည့်မည် ။ သူ့ တူမတွေ ကို ထိန်းမည် ။ အဖေ ၊ အမေ နှင့် စကြ ၊ နောက်ကြမည် ။ လ ကုန်လျှင် စားစရိတ် နှင့် နေစရိတ် အချိုး ကျပေးမည် ။ ရုပ်ရှင် သွားကြည့်မည် ။ ဘာသာရေးပွဲတော် နေ့များ တွင် ဘုရား သွားသည် ။ သင်္ကြန် ရောက်လျှင် ရွာ သို့ အလည် ပြန်ကြသည် ။ ဖိုင့် ဘဝမှာ ဘာမှ အကောက်အကွေ့ မရှိ ။
ကျွန်တော် သူ့ ကို ၉၇ တွင် ပြန်လာမည် ဟု ပြောခဲ့ခြင်း နှင့် အတူ က တိ အတိုင်း ပြန်လာခဲ့ခြင်းသည် ဖိုင့် အတွက် ကြီးမားသော တော်လှန် ရေး အင်အားကြီး ဖြစ်သွားရှာသည် ။ စစ်သားတစ်ဦး က လာရောက် ကမ်းလှမ်း နေသည် ကို ယတိပြတ် ငြင်းဆန်ခွင့် ရသွားသည် ။ သူ့ အသိုင်းအဝိုင်း ကြားတွင် ကျွန်တော့် ကို လက်တွဲကာ ရဲရဲကြီး ရင်ကော့ ရပ်သည် ။ သနားစရာ ဖိုင် ပါလား ဟု ပင် ကျွန်တော် ကရုဏာ ဖြစ်မိသည် ။ ဖိုင် သည် ကျွန်တော် အတွက် ကလေးငယ်လေး ဖြစ်နေသည် ။ လောက ကို ဘာမှ မသိ ၊ ဘဝ ကို ဘာမှ သိ ၊ ကျွန်တော့် အတ္တ ကိုလည်း ဘာမှ မတွေး ၊ ကျွန်တော် ပြန်လာခြင်းသည် သူ့ ကို တဒင်္ဂ လာရောက် နှုတ်ဆက်သည် ကို မသိရှာ ။
သုံးလ ကြာသည် အထိ မင်္ဂလာစကား ကို ကျွန်တော် မပြောသေး ။ ဖိုင် ကတော့ ကျွန်တော် ဘယ်လို လုပ် လုပ် လက်ခံသည် ။ တရားဝင် မဟုတ်ဘဲ အသိ မိတ်ဆွေများ ကို ဖိတ်ကြား၍ မင်္ဂလာစကားများ ဆိုလျှင်ပင် သူ ကျေနပ်၏ ။ သူ့ မိဘများ က လည်း ဘာမှ မကန့်ကွက် ။ မကန့်ကွက် ဆိုသည် မှာ သူ့ အပြော သာ ဖြစ်၏ ။ ကျွန်တော် တိတိကျကျ တော့ မသိ ။ မကန့်ကွက်သည့် တိုင် လူသိ ထင်ရှား တရားဝင် လက်ထပ်ဖို့ ဥပဒေ က ခွင့် မပြု ။ လုပ်ရမှာ တွေ က များ လှသည် ။ ဥပဒေသတွေ က ထူပြောလှသည် ။ လိုက်နာရ မှာ တွေက တမေ့တမော ။ သည်တော့ သူရော ကျွန်တော် ပါ လောကဥပဒေသတွေ ကို မေ့လိုက်ကြသည် ။ ဖိုင် သည် နဂို ကပင် စိတ်ရှုပ် ခံတတ်သူ မဟုတ်သဖြင့် ကျွန်တော် နှင့် သူ နှစ်ဦးသဘောတူ နေကြခြင်း ကို လွယ်လွယ်ပင် လက်သင့်ခံ၏ ။ ကျွန်တော် အဆင်ပြေ လာသည် ကို ပင် ဝမ်းသာလုံး ဆို့နေရှာသည် ။ ကျွန်တော် ဘယ်လောက် ပင်ပန်း ဆင်းရဲခဲ့သည် ကို သူ သိသည် ကိုး ။
မှန်တာ ပြောရလျှင် ဘန်ကောက်မြို့တော် ကို ဖိုင် သည် ကျွန်တော့် လို မကျွမ်းကျင် ။ တစ်ခါတစ်ရံ လေယာဉ်လက်မှတ် ကိစ္စ ဖြင့် ကျွန်တော် မြို့ ထဲ ရောက်နေခိုက် စာရွက်စာတမ်း အိမ် မှာ ကျန်နေ၍ ဖိုင့် ကို ဖုန်းဆက် ပြီး လာပို့ ခိုင်းလျှင် အဆင်မချော ။ လေဆိပ် ကို လူပို့လူကြို ကိစ္စ ခိုင်းလျှင် ကျွန်တော် မပါဘဲ သူ မသွားရဲ ။ လေဆိပ် ရောက်လျှင် ကျွန်တော့် လက် ကို ဆုပ်ပြီး တကောက်ကောက် လိုက်နေတတ်၏ ။ ဘဏ် မှ ငွေလွှဲ ခိုင်းလျှင် လည်း မအော်မငေါက်ဘဲ မပြီး ။
ပြီးတော့ ဖိုင် သည် အိမ်မှုကိစ္စများ ကို အပျင်းထူသည် ။ အလှအပ အပြင်အဆင်ပိုင်း မှာ လည်း နတ္တိ ။ ရည်းစား ဖြစ်ခါစကတော့ ဖိုင် ကို ကုမ္ပဏီဝတ်စုံများ ဖြင့် ခဏခဏ တွေ့ရသဖြင့် အတော် စိတ်အခြေကြီးသူ ဟု အထင် မှားခဲ့သေးသည် ။ ယခုတော့ ဖိုင် သည် အလှအပ လည်း မမက် ၊ အဆောင်အယောင် လည်း စိတ်မဝင်စား ၊ အစားအသောက် လည်း အစပ် မှ လွဲ၍ ဘာမှ ကြိုက်လှသည် မရှိ ။ သူ စားသည် ကို ကျွန်တော် လိုက်စား သည့် တိုင် ကျွန်တော် စားသည် ကို သူ က ဟန်ပင် မဆောင်ဘဲ ငြင်းသည် ။ ပြီးလျှင် ‘ ခွင့်လွှတ်နော် ’ ဟု ရယ်ဖြဲဖြဲလေး တောင်းပန်သေး၏ ။ သူ ကိုယ်တိုင် ချက်ကျွေးသည် များကို စားပါရစေ ဟု တောင်းပန်လွန်းသဖြင့် သူ့ အဖေ ကို မေးမြန်း ပြီး မျှစ်ချည်တစ်မျိုး ချက်သည် မဆိုး ။ သည့်ထ က် ပို၍ တော့ မျှော်လင့်၍ မရတော့ ။ သူ့ အိမ်မှာ ကလည်း အမြဲလို ပင် ဆိုင်ဟင်း ဝယ်စား နေကျသည် မို့ ကျွန်တော် လည်း ဘာမှ မပြောနိုင်တော့ ။
ထို ကြားကာလတွင် ကျွန်တော် စင်ကာပူ ကို ပြန် ဝင်ဖို့ အကြောင်း ပေါ်သည် ။ လူ သုံးယောက် ကို ပူးတွဲ၍ ပို့ပေးရသည် ။ အစ်ကို မြန်မာပြည် သို့ ခေတ္တ ပြန်မည် ။ သူ့ အလုပ်များ ကို ကျွန်တော် ထိန်းပေးရင်း သူ့ အိမ်များ ကို စောင့်ရှောက်ပေးရန် ဖြစ်သည် ။ ပြီးလျှင် ကျွန်တော့် အတွက် အခွင့်အလမ်း ပေါ်နေသည် ။ အမေရိက န်ပြည်ဝင်ခွင့် ဗီဇာ ကို သူ လျှောက်ပေးမည် တဲ့ ။
ကျွန်တော် သူ့ ကို မယုံ ။ သို့သော် အမေ ကပါ ဖုန်းဆက် လာသဖြင့် စင်ကာပူ သို့ ပြန် ဝင်လာခဲ့သည် ။ စင်ကာပူ ကို ဝင်သည့် ပုံစံ က ပြောင်းလဲ သွားခဲ့ပြီ ။ ကျောင်းဗီဇာ လျှောက်ပြီး ထို အကြောင်းပြချက်ဖြင့် ဘန်ကောက် ရှိ စင်ကာပူသံရုံး တွင် ဗီဇာ ဝင် လျှောက်ရသည် ။ ထို ဗီဇာ ဖြင့် ဝင်ရသည် ။ ဘာမှ အခက်အခဲ မရှိ ။
ကျွန်တော့် အစ်ကို ၏ ဝင်ငွေ သည် မှန်းဆ၍ မရအောင် တိုးပွားနေခဲ့ပြီ ။ ဖွင့်သမျှ အိမ်ခန်းများ က အောင်မြင်သည် ။ လူ အပို့အကြို က အဆင် ချောသည် ။ သူ့ ပါးစပ်က ထုတ်၍ ကြွေးကြော်နေသံ ကို ကျွန်တော် ပင် ကြားနေ၏ ။ စင်ကာပူ မှာ တစ်ဝက် လောက် မျိုပစ်မယ် ဆိုပဲ ။ သူ ကျွန်တော့် ကို ပေးခဲ့သည့် ကတိများ လည်း ပျက်လေပြီ ။ ယခုလည်း ကျွန်တော် သွားလိုသည့် အမေရိကန်နိုင်ငံ ကို ဗန်းပြ၍ ပြန် ခေါ် မှန်း ကျွန်တော် သိသည် ။ သူ့ လုပ်ငန်း များ အတွက် စိတ်ချရသူ မရှိ ။ ထို့ကြောင့် ဖိုင် နှင့် ခွဲဖို့ ဖြစ်လာပြန်၏ ။ ဖိုင် က ခွင့်ပြုပါသည် ။
ဖိုင့် ကို ကျွန်တော် အံ့ဩရသည် မှာ သူ ချစ်ပုံချစ်နည်း ပင် ဖြစ်သည် ။ ကြာတော့ သူ့ ကို ကျွန်တော် မနာလိုစိတ် ဝင်လာတော့၏ ။ သူ့ လို ကျွန်တော် တစ်ယောက် ယောက် ကို ချစ်ကြည့်ချင်သည် ။ ဘာမှ မပါ သော အချစ် ။ မပြောင်းလဲသော အချစ် ။ မထင်မရှား မကြီးမကျယ်ပါ လျက် သံမဏိမျှင် လို ခိုင်မာသည့် အချစ်မျိုး ကျွန်တော် သည် စမ်းသပ် ချစ် ကြည့်ချင်လာသည် ။
သို့သော် မရ ။
ကျွန်တော် က ပေးနေသူ ကိုး ။ မတည်ငြိမ်သူ ၊ အတ္တကြီးသူ ၊ ဘဝ ရည်မှန်းချက်တွေ အမြောက်အမြား နှင့် လုံးလည်ချာလည် လိုက်နေသူ ။ အဘယ်မှာ လျှင် ဖိုင့် လို ချစ်နိုင်ပါမည်နည်း ။
ကျွန်တော် ဖိုင့် ကို မေးကြည့်သည် ။
“ ဖိုင် ကျွန်တော့် ကို မမုန်းဘူးလား ဟင် ”
“ ဘာဖြစ်လို့ လဲ ဘာဖြစ်လို့ မုန်းရမှာ လဲ ”
“ ကျွန်တော် မှ တာဝန် မကျေတာ ”
“ မဆိုင်တာပဲရှင် စိတ်ညစ်စရာတွေ မတွေးနဲ့ ။ သိပ်မတွေးနဲ့ ဟုတ်လား ”
ဒါက ဖိုင့် လက်သုံး စကားတွေ ဖြစ်သည် ။
ကျွန်တော် နက်နက်နဲနဲ စဉ်းစားလေ ပြီးတိုင်း ဖိုင် နှင့် စကားပြော ကြပြီ ဆိုလျှင် “ သိပ် မတွေးနဲ့ ဟုတ်လား ” ဟူသော စကား ကို ဖိုင် သုံးတတ်သည် ။
“ ကျွန်တော်တို့ ခွဲရဦးမယ် ဖိုင် ၊ ဖိုင် မကြောက်ဘူးလား ”
“ ကျွန်မ မသိဘူးလေ ”
“ ဖိုင် ဘာကတိ လိုချင်လဲ ”
“ တကယ်လား ”
သူ က မေးပြီး ဘာမှ ဆက် မပြောတော့ ။
“ ကျွန်တော် ပြန်လာမယ် ဖိုင် ယုံနော် ”
“ ယုံပါတယ် ရှင် ”
“ ဖိုင် ကျွန်တော် ဖိုင်နဲ့ တစ်သက်လုံး ခိုင်မြဲ သွားချင်တယ် နော် ”
“ အတူတူပါပဲ ကျွန်မ လည်း အဲဒါပဲ စဉ်းစား နေတယ် ”
“ သားသမီး ယူရမှာ ဖိုင် ကြောက်လား ”
“ ဟင့်အင်း ဘာလို့ ကြောက်ရမှာ လဲ ”
“ ဖိုင့် မိဘတွေ က ပြောမှာပေါ့ ”
“ မသိဘူးလေ ”
“ ကျွန်တော် နဲ့ ဖိုင် ကလေး ယူကြမလား ”
“ အင်း သဘောပဲလေ ။ ရှင် ပြန်လာမှာ လား ”
“ လာမှာ ပါ အချိန်တော့ မမေးနဲ့ ။ ဖိုင် ကလေး ကိုရအောင် မွေးနော် ။ ဖိုင် မွေးပြီးရင် ကလေး ကို မြန်မာပြည် ပို့ပေး ။ ကျွန်တော် ပြုစုမယ် ဟုတ်ပြီလား ။ ဖိုင် က ကျွန်တော် နဲ့ လာနေပေါ့ ”
“ ကျွန်မ သိပါတယ် ”
“ ဖိုင် ကျွန်တော့်ကို ခွင့်လွှတ်ပါနော် ။ ဖိုင် နဲ့ ကျွန်တော် ဒီလိုမှ မဟုတ်ရင် ဝေးမှာ ။ ဖိုင့် မှာ ကလေး ရခဲ့ရင် ကျွန်တော်တို့ မဝေးတော့ဘူး ဟုတ်လား ဟင် ”
“ မသိဘူးလေ ”
“ ကျွန်တော်လေ လုပ်ချင်တာတွေ ဖြစ်လာခဲ့ရင် ဖိုင် နဲ့ လာ နေမယ် ။ ဘဝ မှာ ဘာတွေ ဖြစ်ဦးမလဲ ကျွန်တော် မသိဘူး ။ ဘာတွေပဲ ဖြစ်ဖြစ် ကျွန်တော် ပြန်လာပါမယ်နော် ”
“ သိပ် မတွေးပါနဲ့ ရှင် ဟုတ်လား ”
“ ကျွန်တော် စာ ထည့်မယ်နော် ဖိုင် လည်း စာပြန်နဲ့ နော် ”
“ ရှင် ရေးတတ်ပြီလား ”
“ စာအုပ်တွေ ကြည့်ရေးမှာ ပေါ့ အရင်က လည်း အဲဒီလို ရေးခဲ့တာပဲ ”
“ တယ်တော်တဲ့ ရှင်ပါပဲ ”
ထိုကဲ့သို့ သားသမီး ယူမည့် ကိစ္စ မဆွေးနွေးခင် က သူ ကျွန်တော့် ကို သေသေချာချာ ကတိ တစ်ခု တောင်းခဲ့ဖူးသည် ။
“ ရှင် မိန်းမ ယူရင် ကျွန်မ ကို အသိ ပေးနော် ပေးနော် တကယ်နော် ”
“ ဘာဖြစ်လို့ လဲ ဖိုင် ”
“ ကျွန်မ သိချင်လို့ ”
“ ဖိုင် ကျွန်တော့် ကို မုန်းမလို့ လား ”
“ ဘာ ဆိုင်လို့ လဲ ကျွန်မ သိချင်လို့ ပါဆို ”
“ ကျွန်တော် မိန်းမ ယူဦးမယ် ဆိုတာ ဖိုင် ဘယ်လို သိလဲ ”
“ ရှင် ယူမှာ ပါ ရှင် ဖြောင့်တယ်လေ ”
“ ဖိုင် ကော ယောက်ျား ယူမှာ လား ”
“ ဘယ်တော့မှ မယူ ၊ တစ်သက်လုံး မယူ ၊ တကယ် တကယ် ”
“ ကျွန်တော် မိန်းမ ယူရင် ဖိုင် သတိ မရချင်တော့လို့ မဟုတ်လား ”
“ ဘာပြောတယ် ”
“ ဒီလိုပါ ကျွန်တော့် ကို ဖိုင် သတိရ နေတယ် ။ ကျွန်တော် မိန်းမ ယူရင် သတိရ ပေးစရာ မလိုတော့ဘူး ။ ဟုတ်တယ်မို့လား ”
“ အင်း ရှင်တော်တယ် ။ ဒါပေမဲ့ ရှင် အသိ ပေးဖြစ်အောင် ပေးပါ ”
“ စိတ်ချပါ ဖိုင် ကျွန်တော် အသိ ပေးပါ့မယ် ”
ဟု ကျွန်တော် ကတိ ပေးခဲ့ဖူးသည် ။
ကျွန်တော့် ဘဝခရီး က အဆမတန် ရှည်လျားသည် ။ ဖြတ်သန်းရမည့် ပန်းတိုင်များ က အဆင့်ဆင့် ၊ ရည်မှန်းချက်ကြီး က ကြီးမားလှချေ၏ ။ မသေမချင်း ရောက်အောင်တော့ လှမ်းရပေမည် ။ အောင်မြင်ကျော်ကြားသော ဘဝ ၊ ခမ်းနားသော ဘဝ ၊ အများပြည်သူ ကို ကောင်းကျိုးချမ်းသာ ပေးဝေနိုင်သော ဘဝ ပိုင်ရှင် ဖြစ်ဖို့ ကျွန် တော် ဖြတ်သန်းရမည် ။ ဤ အရာများကား ကျွန်တော့် နှလုံး ဗဟို တွင် အစဉ် ကိန်းအောင်း နေသော သန္နိဋ္ဌာန် ဖြစ်သည် ။ တစ်နေ့တွင် ကျွန်တော် မြင့်မြတ်ရမည် ။ ထက်မြက်ရမည် ။ အသက်ရှူ နေသမျှ ထို ပန်းတိုင် ကို ကျွန်တော် လုပ်ရမည် ။ ထို့ကြောင့် ဖိုင် က ကျွန်တော့် ခရီးရှည်ကြီး ကို စဉ်းစားပြီး ကတိ တောင်းလာခြင်း ဖြစ်သည် ။ ဖိုင်နှင့် တွေ့ပြီး နောက် အိမ်ထောင်ပြုဖို့ ကိစ္စ ကို ကျွန်တော် ပို၍ ပင် တွေဝေ နေပါသည် ။
ကျွန်တော် နှင့် ဖိုင် သားသမီး ယူကြခြင်းသည် သံသရာ ကို ရည်မျှော် ခြင်းဖြစ်သည် ။ ကျွန်တော် က ခရီးသည် ဖြစ်၏ ။ တစ်ကွေ့ တွင် ဖိုင့် ဆီ စခန်း လာ ချမည် ။ ထိုအခါ ကျွန်တော်တို့ နှစ်ဦး သဘောတူ ရယူခဲ့သော သားသမီးလေး သည် ကျွန်တော်တို့ ဆုံစည်းခြင်း ဖြစ်မည် ။ သို့မှသာ လည်း ကျွန်တော် နှင့် ဖိုင် ရှေ့ခရီး အတွက် ကျေနပ် စရာ ရှိမည် ။ သူ နှင့် ကျွန်တော်တို့ နှစ်ဦး ကြားတွင် များမြောင်လှသည့် လောက ဥပဒေသများ ရှိသည် ။ ပြစ်တင် ဝေဖန်မည့် နှုတ်ဖျားတွေ ရှိသည် ။
ကျွန်တော် ရိုတီပလာတာ ရောင်းသမား ဘဝ က စခဲ့ကြသော ချစ် ခြင်းမေတ္တာ သည် ယနေ့ထိ မပြောင်းလဲသေး ။ ဖိုင် နှင့် ကျွန်တော် ကြား တွင် ကြီးမားခက်ခဲသော လောကဓံ မရှိ ။ ဖိုင် က ရပ်နေသူ ၊ ကျွန်တော် က ပြေးလွှား ရုန်းကန်နေသူ ။ ကျွန်တော် ၏ ပန်းတိုင် က စိတ်ကူး တို့ ၏ အဓိပတိ နေရာ၌ ရှိသည် ။ ဒါကို မဖြစ်နိုင် ဟု ဖိုင်က လည်း မငြင်း ။ သူ့ လို မနေနိုင်ရ ကောင်းလား ဟု လည်း အပြစ် မတင် ။ ပြီးတော့ ကျွန်တော် တို့ နှစ်ဦး ထားခဲ့ကြသည့် အချစ် ကိန်းဂဏန်း ကို လည်း ပြီးလွယ် ပျက်လွယ် မချေဖျက်ချင် ။
သူရော ကျွန်တော် ပါ စိတ်ကူး နှင့် ရူးမိုက် နေကြသူများ မဟုတ်ကြပါ ။ နေ့စဉ် လှုပ်ရှား ရုန်းကန်ရင်း ဘဝ ရပ်တည်လာခဲ့ကြသူများ မို့ အတော်အသင့် စဉ်းစားဆင်ခြင်ဉာဏ် ရှိသူသည် ။ လူမျိုး တစ်မျိုး နှင့် တစ်မျိုး တစ်ပြည်သား နှင့် တစ်ပြည်သား ကွဲပြားခြားနားမှု စည်းကမ်းကလနား တွေ ကို ချစ်ခြင်းဖြင့် ကျော်ဖြတ်ထားခြင်းဖြစ်သည် ။ ဖိုင် နှင့် ကျွန်တော် တရားဝင် လက်ထပ်ဖို့ မလွယ် ။ ဘဝ တစ်ခု ၊ သိုက်မြုံ တစ်ခု ဖွဲ့စည်းထူထောင် သွားဖို့ လည်း ရည်ရွယ်ချက် မတူညီကြ ။ ကျွန်တော် ချီတက်မည့် ဘဝပန်းတိုင် နောက် ကိုလည်း ပါရမီ ဖြည့်ပြီး ဖိုင် လိုက် လာလို့ မရ ။ ဖိုင့် ဝပ်ကျင်းလေး ထဲ ကိုလည်း ကျွန်တော် ကြာကြာ ဝင်ခွေ့ မနေနိုင် ။
ဤ ကွဲပြားမှုများ ကြားမှ ပင် အချစ်သည် ရှင်သန် ဖြစ်ထွန်း နေပါသည် ။
ဖိုင် နှင့် ကျွန်တော် သားသမီး ယူခဲ့ကြသည် မှာ ဤ ကမ္ဘာမြေ ပထဝီ ပေါ်တွင် ‘ အဒါ ’ ဟူသော ကျွန်တော် မောင်ထွေး နှင့် ‘ လန်းဖိုင်စာသိုက် ’ ဟူ သော ‘ ဖိုင် ’ တို့ ရဲရဲဝံ့ဝံ့ သက်သေ ပြကြခြင်း ဖြစ်သည် ။ ရည်ရွယ်ချက် ကြီးမား စွာဖြင့် အချစ် ပြယုဂ် လှစ်ဟခြင်း ဖြစ်သည် ။ တစ်နေ့နေ့ တစ်ချိန်ချိန်တွင် ထို အချစ်ပြယုဂ် သည် ကမ္ဘာမြေကြီး က လက်သင့်ခံသည် ဟု ဆိုပါလိမ့်မည် ။ ကမူးကရှူး ချစ်ကျွမ်းဝင်ပြီး မတော်တဆ သားသမီး ရခြင်း မဟုတ် ။ နိုင်ငံ ဒေသ ၊ လူမှုဥပဒေသတွေ ကို ဂရုမစိုက်ခြင်း လည်း မဟုတ် ။ ကျွန်တော်တို့ တတ်နိုင်သည့် နည်း ဖြင့် အချစ် ကို ပုံသွင်း ထုဆစ်ခြင်း သာ ဖြစ်သည် ။
ကျွန်တော် ခွဲသွားရဦးမည် ကို ဖိုင် သိသည် ။ ဘယ်ကိုလဲ ဆိုတာ ဖိုင် မသိ ။ ကျွန်တော့် တိုက်ပွဲ အတွက် ကျွန်တော် ပဲ သိသည် ။ အောင်မြင်မှု ၊ ခမ်းနားမှု ၊ လူအများ ကို ရိုင်းပင်းကူညီနိုင်မှု ၊ အများ အတွက် အကျိုးပြု ပုဂ္ဂိုလ် တစ်ယောက် ဖြစ်တည်မှု ၊ ဒါတွေ အတွက် ကျွန်တော် တိုက်ပွဲဝင်ရ ဦးမည် ။ ကျွန်တော် ပြုရမည် က ကျွန်တော့် မိသားစု အရေးကိစ္စ ဖြစ်၏ ။
အမေ က ကျွန်တော့် ကို စင်ကာပူ ပြန်စေချင်သည် ။ ဘန်ကောက် ၌ ကျွန်တော် သည် စီးပွား မဖြစ်ထွန်း ဟု ယူဆထားသည် ။ ပြီးတော့ စီးပွားရေး ကောင်းတုန်း တိုက်တွေ ၊ ကားတွေ ၊ ရွှေတွေ ငွေတွေ စုကြ ဆောင်းကြ ဖို့ ဆန္ဒရှိသည် ။ အစ်ကို့ အလုပ်များကို ကူညီပေးဖို့ တိုက်တွန်းသည် ။ ထို့ကြောင့် စင်ကာပူ လို လူ သုံးယောက် ပို့ ဆောင်ပေးရင်း ကျွန်တော် ပြန်လာခဲ့သည် ။
ကျွန်တော် မသွားမီ တစ်ည က ဖိုင် က မေးလာ၏ ။
“ ရှင် မိန်းမ အသစ် ရှိနေလားဟင် ” ဟု ။
ကျွန်တော် ကြောင် သွားသည် ။ ဖိုင့် ကို ကြည့်တော့ ရှိတယ်မို့လား ဟု ထပ်မေး၏ ။
ဖိုင့် ကို ကျွန်တော် ထွေးပွေ့ပြီး ခေါင်းယမ်း ပြသည် ။
“ ကျွန်တော် မသွားတော့ဘူး ဖိုင် ”
“ အစ်ကို စိတ်ဆိုးနေမှာ ပေါ့ ”
“ ဘာဆိုင်လို့ လဲ ဖိုင် မခွဲချင်ရင် ကျွန်တော် မသွားတော့ဘူး ”
“ အစ်ကို က ဘာလို့ ခေါ်တာလဲဟင် ”
“ စင်ကာပူ ကို တစ်ဝက် မျိုချင်လို့ ”
ကျွန်တော် ပြောသော ထိုင်းစကား ကို ဖိုင် နားမလည်၍ ဘာလဲ ဘာလဲ ဟု ထပ်မေး၏ ။ သူ နားလည်အောင် ကျွန်တော် မပြောတတ်မှန်း ကျွန်တော် သိသည် ။ အစ်ကို ကြုံးဝါးသည့် စကား ကို စိတ် ထဲ က သံယောင် လိုက်ပြီး ပြောမိခြင်း သာ ဖြစ်သည် ။ မျို ဟူသော ဝေါဟာရ ကို “ စား ” ဟု သာ ကျွန်တော် ပြောတတ်သည် ။ ထိုင်းစကား က ကျွန်တော့် အတွက် ခက်နေ၏ ။
“ မလိမ်ချင်ပါနဲ့ လေ ရှင် မယားသစ်လေး ရှိနေပါတယ် ဟုတ်တယ်မလား ”
“ ဖိုင် ”
ကျွန်တော် ခပ်ဆတ်ဆတ် အော် သဖြင့် ဖိုင် စကား မဆက်တော့ ။
“ ကျွန်တော် ပုံမှန် လူ တစ်ယောက် လို မတွေးပါနဲ့ ဖိုင် ကျွန်တော့် ကို ဖို င် သိပါတယ် ။ ကျွန်တော့် မှာ ဖိုင့် ကို ဘာမှ ညာစရာ မရှိဘူး ။ ကျွန်တော် တွေးနေတာ လူကြီးလူကောင်း ဖြစ်ဖို့ ပဲ ”
“ ခွင့်လွှတ်ပါနော် ကျွန်မ တောင်းပန်ပါတယ် ”
“ ဖိုင် အင်္ဂလိပ်စကား သင်ထားပါလား ”
“ ဟုတ်ပြီလေ ”
“ တစ်ခါတလေ ကျွန်တော့် မိတ်ဆွေ သူငယ်ချင်းတွေ လာရင် ဖိုင် စကား ပြောလို့ ရတာပေါ့ ”
ဖိုင့် ဆီမှ စကားသံ ထွက် မလာတော့ ။ ကျွန်တော် တို့ ကို ဖိုင် တို့ ကြောက် နေကြသည် ။ လူတွေ လာလိုက် ၊ သွားလိုက် ဖြင့် နေ့မြင် ညပျောက် ဖြစ်နေကြသည် ကို ဖိုင်တို့ အံ့ဩ နေသည် ။ စင်ကာပူ ကို ဘာသွား လုပ်ကြ တာလဲ မေးလာသည် ။
ဖိုင်တို့ နိုင်ငံသားများ စင်ကာပူ ကို သွားသည် က ကျေးလက်လူများ သာ ရှိသည် ။ တောသူတောင်သားများ သာ အများ စုဖြစ်သည် ။ အင်္ဂလိပ်စကား လည်း သိစရာ မလို ၊ ကုမ္ပဏီကြီးများ က အဖွဲ့လိုက် ၊ အဖွဲ့လိုက် ပို့ဆောင်ပေးခြင်း ဖြစ်သည် ။ ဤသို့ သွားကြသူများ ကို မြင်နေ တွေ့နေ ရသဖြင့် ကျွန်တော်တို့ စင်ကာပူ သွားကြသည် မှာ အံ့ဩစရာ ဖြစ်နေ၏ ။
အလုပ် မတူကြ ။ ကျင်လည်မှု မတူကြကြောင်း ဖိုင့် ကို ကျွန်တော် ရှင်းပြသည် ။ ထိုင်းလူမျိုး တို့ အလုပ်အကိုင် နှင့် မြန်မာတို့ အလုပ်အကိုင် မတူကြ ဟု ရှင်းပြသည် ။ ဒါလည်း ဖိုင် က မယုံသေး ။ အင်္ဂလိပ်စကား ကို လည်း အင်မတန် လန့်သည် ။ ကျွန်တော့် ညီအစ်ကို ဝမ်းကွဲ အောင်နိုင်အေး စင်ကာပူ သွားတော့ ဘန်ကောက်လေဆိပ်သို့ လိုက်ပို့ရင်း နှုတ်ဆက်ကြသည် ။ ကျွန်တော် သူ့ ကို တစ်လုံးစ နှစ်လုံးစ အင်္ဂလိပ် လို သင်ပေး၏ ။ ဘာမှ မခက်သော စကား ဖြစ်သည် ။ ‘ ဘိုင့်ဘိုင် စီးယူ ’ ဟူ၍ သာ ။ သို့ရာတွင် ဖိုင့် နှုတ်ဆက်သည် က ‘ ဘိုင့် ချော့ဒီနာ ’ ဟူ၍ သာ ။ အဓိပ္ပာယ် ကတော့ ကံကောင်းပါစေ ဟူ၍ ပင် ။
တစ်ခါ ကြုံရသည် ကလည်း ရယ်စရာပင် ။
ကျွန်တော် လေယာဉ်လက်မှတ် သွား ဝယ်သော ကိုလံဘတ်တိုး ကုမ္ပ ဏီ မှ ကိုနားတီး နှင့် ဖိုင့် ကို ကျွန်တော် မိတ်ဆက် ပေးတော့ ဝမ်းသာအားရ စကားတွေ ဆိုသည် ။ ကျွန်တော့် ခါးပိုက် ထဲ တွင် ဖိုင့် လို ယိုးဒယားသူ စစ်စစ် တစ်ယောက် ရှိနေခြင်း ကို သူ အံ့ဩနေ၏ ။ သူ့ခမျာ ကျွန်တော် သာ တကယ် လုပ်မည် ဆိုလျှင် ‘ တိုး ’ တစ်ခု ဘန်ကောက် မှာ ဖွင့်နိုင်ကြောင်း ၊ ဖိုင် ကလည်း ကူညီပေးသင့်ကြောင်း ၊ ‘ တိုး ’ လုပ်ငန်းသည် မည်မျှ အမြတ်များကြောင်း ၊ ဖိုင့် လို နိုင်ငံသားအစစ် သာ ‘ တိုး ’ ကုမ္ပဏီ ဖွင့်လျှင် ကျွန်တော် လည်း ဘန်ကောက် မှာ ကြိုက်သလို နေနိုင်ကြောင်း စသည့် စကား များစွာ ပြောပြသည် ။ ကိုနားတီး က ယိုးဒယားစကား ကို အတော် ပင် လည်လည်ပတ်ပတ် ပြောတတ်သူ ဖြစ်၏ ။ သူ က အကြံဉာဏ်တွေ ပေးပြီး သော အခါ စားသောက်ဆိုင် မှ နှုတ်ဆက် ပြန်သွား၏ ။ သူပြန် သွားပြီး ဖိုင် က တိုးတိုးလေး ညည်းသည် ။
“ ဘာတွေ လာ ပြောနေပါလိမ့် စိတ်ညစ်တယ် ” ဟု ။
ကျွန်တော် တော်တော် နှင့် ရယ်၍ မဆုံး ။ ‘ တိုး ’ ကုမ္ပဏီ ကို အသာထား ၍ မိုက်ခရို မီနီဘတ်စ်ကို ပင် ဖိုင် စီးရဲသူ မဟုတ် ။ ကိုနားတီး ပြောသည့် ‘ ခရီးသွားလက်မှတ်ရောင်း ကုမ္ပဏီ ’ မှာ အင်မတန် ဝင်ငွေ ကောင်းမှန်း ဖိုင် မည်သို့မျှ နားမလည်နိုင် ။ ဖိုင် တို့ နေသော “ LATPHRAO -122 ” မှ စီးလုံ သို့ ကား စီးလျှင် ‘ မိုက်ခရိုမီနီဘတ်စ် ’ များ စီးနိုင်သည် ။ ဘတ် နှစ်ဆယ် ပေးရ၏ ။ ထို ကားများ က ထိုင်ခုံ ပြည့် လျှင် မတင် ။ အဲယားကွန်း ဖွင့် ပြီး မောင်းသည် ။ ရိုးရိုးကားများ က သုံးဘတ်ခွဲ သာ ပေးရ၏ ။ ထို ကားဖြင့် စီးလုံ လိုက်ခဲ့ရန် ကျွန်တော် ဖုန်းဆက် ခေါ်ဖူးသည် ။ မိုက်ခရိုဘတ်စ် များ တစ်စီး ပြီး တစ်စီး ဆိုက်လာသည့် တိုင် ဖိုင် မပါ ။ သူ့ ဟာ သူ လိုင်း ကား စီးလာ၏ ။ ဤ မိန်းမရိုး ‘ ဖိုင် ’ ကို ‘ တိုး ’ ကုမ္ပဏီ ဖွင့်သင့်ကြောင်း အကြံပေးလေသည့် ကိုနားတီး သည် ဖိုင့် အသွင်အပြင် ကို အပေါ်ယံ ကြည့်ပြီး ပြောလိုက်ခြင်း ပင် ။ ဖိုင် က ကုမ္ပဏီဝတ်စုံများ ဝတ် လျှင် အတော့် ကို ခမ်းနား သားနား သွားသည် ။ တကယ့် ကုမ္ပဏီဝန်ထမ်း ဟု ထင်ရလောက်၏ ။ စင်စစ် ဖိုင် သည် ကုမ္ပဏီ ဆိုလျှင် ဖျားချင်နေသူပင် ။ အတန်းပညာ တွေ ၊ ဘွဲ့ဒီဂရီ တွေ ၊ ပြီးခဲ့သည့် တက္ကသိုလ် တွေ မေး လာလျှင် ဖိုင် လန့်သေမလား မသိ ။ ဖိုင် က ဤမျှ ရိုးသားသည် ၊ ရိုးသားလွန်း သဖြင့် ကျွန်တော့် နောက်ကပင် သူ ကပ်၍ မလိုက်နိုင် ။
သူ သာ အစ်ကို ကြွေးကြော်သော စင်ကာပူ ကို တစ်ဝက် မျိုချင်သည့် စကား သာ ကြားလျှင် ကားတွေ ၊ အိမ်တွေ ကို ဘယ်လို လုပ်မလဲ ဟု မေးလာမလား မသိ ။ ဖိုင် သည် ကျွန်တော်တို့ ကျင်လည်သော စီးပွားရေး နှင့် မနီး အောင် ဝေးသောဒေသ ၌ ငြိမ်းချမ်းစွာ တည်ရှိရင်း ဒုတိယ အကြိမ် ခွဲခွာခြင်း ကို ငိုပြုံးတုံ့တုံ့ ဖြင့် လက်ခံလိုက်ပါတော့သည် ။
▣ မာန် ( တောင်လုံးပြန် )
📖 လန်းဖိုင်စာသိုက်
No comments:
Post a Comment