Sunday, May 25, 2025

သူ .. သူ ... သူ ... သူ ...


 

❝ သူ .. သူ ... သူ ... သူ ... ❞
  ( ခင်ပန်နှင်း - မြောင်းမြ )

ကောင်းကင်ပြာကြီး အောက် မှာ သူ ရော ကျွန်မ ရော နေထိုင် အသက်မွေး ကြပါသည် ။

ကောင်းကင်ပြာကြီး ဆိုတာ တကယ် အကောင်အထည် ရှိရဲ့လား ။ မြင် တော့ မြင်နေရတာပဲ ။ မျက်မြင် မှာ တော့ သူ့ ကို ရော ကျွန်မ ကို ရော ကောင်းကင်ပြာ က အုပ်မိုး ထားပါသည် ။ ကောင်းကင် က တော့ တစ်ခု တည်း ပါပဲ ။ ဒါပေမယ့် သူ က ဘဝ တစ်ခု ၊ ကျွန်မ က ဘဝ တစ်ခု ။ သီးခြား ဘဝများ ဖြစ်ပါသည်  ။ ဘာကြောင့် များ သီးခြား ဖြစ်နေရတာလဲ ။ ပန်းရနံ့ ၊ တောရနံ့ ၊ တောင်ရနံ့ တို့ ကို သယ်ဆောင် လာသော လေပြည်ညင်း ။ ထို လေပြည်ညင်း ကို တော့ သူ ရော ကျွန်မ ရော ရှူရှိုက် နေကြပါသည်  ။ သူ က သူ့ ဘဝ ထဲ မှာ ရှူရှိုက် နေ သလို ကျွန်မ က လည်း ကျွန်မ ဘဝ ထဲ မှာ ရှူရှိုက် နေပါသည် ။ သူ နဲ့ ကျွန်မ ကြား မှာ တွယ်ငြိ ကြိုး အမျှင်တန်းလေး သာ ရှိ မနေပါ ရင် ဘဝ နှစ်ခု ဖြစ် နေတာ ၊ ကောင်းကင် တစ်ခု ဖြစ် နေတာ ၊ လေပြေညင်း အတူတူ ဖြစ် နေတာ ပြောစရာ မလိုလှ ။

အခုတော့ တွယ်ငြိကြိုးအမျှင်တန်းလေး ရှိ နေ၍ သူ့ ဘဝ နှင့် ကျွန်မ ဘဝ သီးခြား ဖြစ်နေမှု သည် မတင် မကျ ဘဝင် မလှ ဖြစ်စရာ ကောင်းနေ တော့သည် ။

သူ ရှူရှိုက်တဲ့ အောက်ဆီဂျင် နဲ့ ကျွန်မ ရှူရှိုက်တဲ့ အောက်ဆီဂျင် တစ်မျိုး တည်း ပါပဲ ဆိုတာ ဘယ် သိပ္ပံပညာရှင် က သက်သေ ပြနိုင်ပါသလဲ ။

သူ ရှူ ထုတ်တဲ့ ကာဗွန်ဒိုင်အောက်ဆိုဒ် နဲ့ ကျွန်မ ရှူထုတ်တဲ့ ကာဗွန်ဒိုင်အောက်ဆိုဒ် နဲ့ အတူတူ ပါ ပဲ ဆိုတာ လည်း ဘယ်လို စမ်းသပ်မလဲ ။

သူ သောက် နေတဲ့ ရေ က လည်း H20 ကျွန်မ သောက် နေတဲ့ ရေ က လည်း H2O ။

ဒါပေမယ့် သူ က သူ့ အိမ် က သောက်ရေအိုး ထဲ က ရေ ကို သောက် နေ သလို ကျွန်မ က လည်း ကျွန်မ အိမ် က သောက်ရေတကောင်း ထဲ က ရေ ကို သောက် နေရတာ ဖြစ်နေသည်  ။

ချောင်းရိုးလေး ကို အားကိုး နေရသော ရွာလေး တစ်ရွာ ကို သူ့ ဘဝ ရော ကျွန်မ ဘဝ ပါ ရွေ့ယူ သွားချင်လှပါသည် ။ ဒါဆို သူ ရော ကျွန်မ ရော ချောင်း တစ်ခု တည်း က ရေ ကို သောက်ကြရမှာ ပဲ ။ ဪ .. ရေ အသက် တစ် မနက် တဲ့  ။ တစ် မနက်ခင်းလေး အသက် ဆက် ရသော ရေ သည် ပင် တစ်ရေတည်း သောက်ရ သော ရေ ဖြစ်ရပါ လျင် ဘယ်လောက် စိတ်ချမ်း သာ လိုက်ကြမလဲ ။

သည် တော့ တစ်ခုတည်း သော မျက်မြင်သက်သေ ကောင်းကင်ပြာ ကို သာ ခဏခဏ မော် ကြည့် နေကြရသည်  ။

ဪ ... သူ့ ခေါင်း ပေါ် က ကောင်းကင် နှင့် ကျွန်မ ခေါင်း ပေါ် က ကောင်းကင် အတူတူ ပါ ပဲ လေ ။ ဖြေသိမ့်စရာလေး ပေါ့ ။

ဟိုး ... တောင်ပြာကြော ကို ဖြတ်တိုက် လာသည့် လေပြေညင်း သည် သူ့ ကိုယ် နံ့ ကို ကျွန်မ ထံ သယ်ဆောင်လာ နိုင် သလို ဒီဘက် တောတန်းပြာ ဘက် က တိုက်ခတ်သော လေ သည် လည်း ကျွန်မ ကိုယ် နဲ့ ကို သူ့ထံ သို့ သယ်ဆောင် သွားနိုင်ပါ သည် ။

အကောင်အထည် မရှိသော လေ နှင့် ဆုပ်ကိုင် ကြည့်လို့ မရသော ကောင်းကင်ပြာ ကို သာ အားကိုး နေကြရသည် လေ ။

•••••   •••••   •••••

လွန်ခဲ့တဲ့ အနှစ် ၂၀ က ပြက္ခဒိန်တွေ ကို ရှာ ပြီး ကျွန်မ အိပ်ခန်း နံရံ မှာ ချိတ် ထားမိသည် ။ တက်သစ်စ ရုပ်ရှင်မင်းသမီး မြင့်မြင့်ခိုင် သည် နံရံ ပေါ် မှ နေ ၍ ကျွန်မ ကို အံ့သြ နေပါမည် ။ ထို့တူစွာ ပင် အာရာဒါးနား မင်းသမီး ရှာမေလာတဂိုး ပုံ ကို လည်း ကျွန်မ ကြိုးစားပမ်းစား ရှာဖွေ ချိတ်ဆွဲ ထားမိပြန်ပါသည် ။ သမန်းကျား ဇာတ်ကား ကြော်ငြာ ကို လည်း ကျွန်မ လိုက် ရှာထားသည် ။ ထို့အတူ ဖြူနီညိုပြာ မဂ္ဂဇင်း သည် လည်း ကျွန်မ ကို လွန်ခဲ့သော အနှစ် ၂၀ ကာလ ကို ပြန် ခေါ်သွားနိုင်ပါ့မလား ။

စူပါမင်း ရုပ်ရှင် ထဲ မှာ ကမ္ဘာ ကို နောက်ပြန် ပတ် ဆွဲပြီး အချိန် ကို နောက်ပြန် ဖြစ်သွားစေသည် ။ ကျွန်မ စူပါမင်း ကို ဖုန်းဆက် ခေါ်လိုက်ချင်သည် ။

နံရံ ပေါ် က မြင့်မြင့်ခိုင် သည် လည်းကောင်း ၊ ရှာမေလာတဂိုး သည် လ ည်းကောင်း ၊ သမန်းကျား သည် လည်းကောင်း ၊ ဖြူနီညိုပြာ သည် လည်းကောင်း တကယ် တမ်း အနှစ် ၂၀ ဆုတ်လျော့ မသွားစေပါချေ ။

ကျွန်မ တယုတယ အရှည် ထားသော ဆံပင်တွေ ကို အနှစ် ၂၀ ဖက်ရှင် အိုမီဂါ ညှပ်ပစ် လိုက်ရရင် ကောင်းမလား ။

ခရစ်လှိုင်းကြီး အင်္ကျီ နှင့် တက်ထရွန်ဗြောင် လုံချည် ကို ကျွန်မ ထုတ် ဝတ် မိတော့ လက်ရှိ ပတ်ဝန်းကျင် က သီရိဒုံ ၊ ပုလဲရှိ ၊ စိန်နိုင်လွန် နှင့် တကွ ဒေါ်လာမြင့်အောင် က ပါ ကျွန်မ ကို စိတ် မှ နှံ့သေးရဲ့ လား လို့ မေးကြ ရော့မည် ။

ကျွန်မ ... ကျွန်မ ဘာဖြစ်လို့ အချိန် ကို အနှစ် ၂၀ နောက်ပြန် ဆွဲချင် နေ တာလဲ ။ ပွ နေတဲ့ အင်္ကျီ ကို ကျဉ်း ပစ် လိုက် သလို နှစ်ပေါင်း ၂၀ ဆိုတာကြီး ကို ကျွန်မ ဘဝ ၊ သူ့ ဘဝ ထဲ က ညှပ်ထုတ် ပစ်လိုက်ချင်လှသည် ။

ထို လွန်ခဲ့သော နှစ်ပေါင်း ၂၀ က သူ နဲ့ ကျွန်မ ကို မြန်မာပြည် ရဲ့ တစ် နေရာ စီ မှာ ဘာဖြစ်လို့ များ မတွေ့ အောင် လုပ်ထား ရတာလဲ ။

အတိတ် ကို အပြစ် မတင်စဖူး အပြစ် တင် နေမိပါသည် ။ အတိတ် ဆို တာ အပြစ် တင်စရာ မဟုတ် ။ ဆင်ခြင်စရာ ၊ သင်ခန်းစာယူစရာ ဟု ကျွန်မ ခံယူထား ခဲ့ပါသည် ။ ခုတော့ ကျွန်မ ကျန်ရစ်ခဲ့သော နှစ်ပေါင်း ၂၀ ကို နှမြော နှစ်လို လှ သည် ။

သူ နှင့် ကျွန်မ ကြားမှာ ထား ကြသည့် တွယ်ငြိကြိုးအမျှင်သေးသေးလေး ကို ကျွန်မ မသိစိတ် ထဲ မှာ ဝှက် ထားသည် ။ ကျွန်မ ဟာ ကျွန်မ ပြန် ရှာ လို့ မရတဲ့ နေရာ မှာ ဝှက် ထားသည် ။

မသိစိတ်ကို  မသိချင် ယောင် ဆောင် နေရသည် ။ ထို မသိစိတ် သည် လည်း သိစိတ် ကို အတင်းရော အဓမ္မ မသိစိတ် အဖြစ် လုပ်ယူ ထားရတာ ဖြစ်သည် ။

ကောင်းကင်ပြာ ကို ဖြတ်ညှပ် ထုတ်ပြီး အင်္ကျီချုပ် ဝတ်လို့ ရ ရင်တော့ ခေါင်း ပေါ် က ကောင်းကင်ပြာ ကျွန်မ ကိုယ် ပေါ် ရောက်လာပါမည် ။ သူ နဲ့ ကျွန်မ နေတဲ့ မြို့လေး ကို ပတ်ချာ ဝိုင်း နေတဲ့ တောင်တန်းကြီး တွေ ကို ဆွဲကြိုး လုပ်ပြီး ကျွန်မ လည် မှာ ဆွဲထား လိုက် ချင်ပါသည် ။ သူ က လ ည်း သူ့ ကိစ္စ နဲ့ သူ ၊ ကျွန်မ က လည်း ကျွန်မ အလုပ် နဲ့ ကျွန်မ ၊ နေ့စဉ် ဖြတ်သွား နေတဲ့ ကတ္တရာလမ်း ကွေ့ ကွေ့ ကို ခါးပတ်လုပ်ပြီး ပတ်ထား ချင်ပါ သည် ။

သူ နဲ့ ကျွန်မ မကြာမကြာ ဆုံဖြစ်တဲ့ လမ်းကွေ့ လမ်းထောင့် ကို ဓာတ်ပုံ သေးသေးလေး ရိုက်ပြီး ရင်ထိုး လုပ်ပြီး ကျွန်မ ရင်ဘတ် မှာ ထိုး ထား ချင်ပါသည် ။

သူ နဲ့ ကျွန်မ ဆုံပြောခဲ့ဖူးသော အလာပ သလလာပတွေ ကို ကျွန်မ မှ ရှိသမျှ စီ ၆၀ အခွေ တစ်ရာ လောက် မှာ ထပ်ခါထပ်ခါ သွင်း ထား လိုက်ချင်ပါသည် ။

ဘဝ ဆိုတာ တိုတိုလေး ရယ် ။

သံသရာ က အရှည်ကြီး တဲ့ ။

ဘဝ က တော့ တကယ်ပဲ တို လှသည် ။ အနှစ် ၂၀ တိတိ ပျောက်ဆုံးပြတ် ထွက်နေသော ဘဝ ၊ ဘာ ကျန်တော့မှာ လဲ ။

သံသရာ ရှည်ပါစေလို့ ကျွန်မ ဆုတောင်းပါသည် ။

•••••   •••••   •••••

ည က မက် ခဲ့တဲ့ အိပ်မက်ကလေး ကို ဆက် မက်ချင်လို့ ဒီ ည စောစော အိပ်ရာ ဝင်မိသည်  ။

မိုးနှောင်းလေ အေးစိမ့်စိမ့် ကို ခံစားချင် လို့ အိပ်ရာဘေး က ပြတင်း ကို နည်းနည်းလေး လှပ် လိုက်မိသည် ။ မျက်နှာ ပေါ် မှာ စိမ့်ခနဲ ဖြစ်သွား သည် ။ နဖူးဆံစ အချို့ လှုပ်ရမ်း သွားသည် ။ အားပါးတရ ရှိုက်သွင်း လိုက်သည် ။

ခြံစည်းရိုးလေး ကို ကြည့် မိသည် ။ နှစ်ပေါင်း ၂၀ သာ နောက်ပြန် ရောက် ခဲ့ရင် သူ ဂစ်တာလေး ကိုင်ပြီး ဒီ ခြံစည်းရိုးလေး မှာ ဂျင်မ်ရိဗ် သီချင်းကို ဆို နေ မလား ။

ဒါမှ မဟုတ် မယ်ဒလင်လေး နဲ့ ကိုစောညိန်း သီချင်း ကို ဆို နေ မလား ။

ညကောင်းကင် မှာ မိုးသားတွေ ညိုလွင် နေသည် ။ ကြယ်ကလေး တစ်ပွင့် နှစ်ပွင့် သာ မလင်းချင် လင်းချင် မိုးသား ကို အန်တုပြီး လင်း နေသ ည် ။ ဟော ... ကြယ်တစ်ပွင့် ကြွေကျ သွားသည် ။ ကြယ် ကြွေ ကျရာ သည် သူ့ အိမ် နေရာ လောက် ဖြစ်ပါသည် ။ မနက် ကျရင် တော့ သူ့ အိမ်ရှေ့ မှာ ည က ကြွေကျ သွားသော ကြယ်လေး ကို ကျွန်မ သွား ရှာ ကြည့်ချင်ပါသည် ။

ကျွန်မ က တံခါးလေး လှစ်ပြီး အတွေး တွေ ယစ် နေချိန်မှာ သူက သူ့ အိမ် တံခါးတွေ လုံအောင် ပိတ်ပြီး အနွေးဓာတ် ကို ရှာကောင်း ရှာနေပါမည် ။ သူ့ အိမ် ပြတင်းမှန် မှ ပြာလဲ့လဲ့ မီးရောင်တွေ အပြင် ကို ယိုဖိတ် ထွက်ကျ နေပါလိမ့်မည် ။

ဒီ အခါမှာ ကျွန်မ ရှူရှိုက် နေသော လေပြေညင်း နှင့် အောက်ဆီဂျင် ၊ ကျွန်မ ရှူထုတ် လိုက်သော ကာဗွန်ဒိုင်အောက်ဆိုဒ် တို့ သည် သူ နှင့် မတူ နိုင်ပါတော့ ။

အိပ်ရာဘေး မှ အမြဲ ထား သော သီချင်းစက် ကို ဖွင့် လိုက်မိသည် ။

အသံရှင် သည် အနှစ် ၂၀ အဆိုတော် မဟုတ်ဘဲ ဟေမာနေဝင်း ဖြစ်နေခြင်း က ကျွန်မ ကို မနေ့ က အိပ်မက် ဆက် မက်ချင်စိတ် ဆုတ်ဆိုင်း သွားစေ သည်  ။

ဟေမာနေဝင်း က ရင်တွေ ခုန် လာရင် ပီယာနို တီး သတဲ့ ။ ရင် ထဲ မှာ လွမ်းမော တော့ တဂိုးကဗျာတွေ ဖတ် သတဲ့ ။ စိတ် ပင်ပန်း လာရင် ရုပ်ရှင် တွေ ကြည့် သတဲ့ ။ စိတ် ရှုပ် လာရင် ချော့ကလက် ဝယ် စား သတဲ့ ။ မွန်းကျပ် လာ ရင် ပင်လယ်လေ ရှိုက် သတဲ့ ။ စွဲလမ်းမှု ပြင်း လာရင် တော့ စံပယ်ပန်း တွေ ခူး သတဲ့  ။ ငိုချင် လာရင် မြန်မြန် ရေချိုး တယ် တဲ့ ။ အိပ်ပျော် သွားဖို့ တံခါးတွေ ပိတ်ပြီး သော့ခတ် သတဲ့ ။ စဉ်းစားရင်း မူး လာ ရင် ပန်းချီ ဆွဲ တယ် တဲ့ ။

ဟ ထားတဲ့ တံခါးလေး ကို ကျွန်မ ပိတ် လိုက်မိသည် ။ စားပွဲပေါ်က ဆေး ပုလင်းလေး ကို ယူ လိုက်မိသည် ။ စိတ်ငြိမ်ဆေး သည် မနေ့ က မက် ခဲ့သော အိပ်မက် ကို ဆက် မက်ဖို့ ရာ မှာ ဟန့်တား နေမလား ။

ကျွန်မ ဒီ အတိုင်းပဲ အိပ် ချ လိုက်မိသည် ။

ဒီအချိန် မှ ...

သူ .... သူ .. ။

◾ခင်ပန်နှင်း ( မြောင်းမြ )
📖 ရွှေအမြုတေ ရုပ်စုံမဂ္ဂဇင်း
      အမှတ် ၅
      ဒီဇင်ဘာလ ၊ ၁၉၈၉

No comments:

Post a Comment