❝ ငါ လိုသေးသည် ❞
မန္တလေး ရွှေနဂါးဖိနပ် က မခင်ခင်တိုးလှိုင် ကို အလုပ် ကြိုးစားသူ ၊ တစ်ဖက် မှာ မိသားစု အတွက် တာဝန် ကျေသူ အဖြစ် ကျွန်တော် သိထားခဲ့တယ် ။
မန္တလေးမြို့ ရဲ့ အထင်ကရ စီးပွားရေးလမ်းမကြီး ဖြစ်တဲ့ တရုတ်တန်း လမ်း ၈၀ ပေါ် မှာ ဧရာမ ဖိနပ်အကြီးကြီး ပုံ ကို ရောင်စုံမီးတွေ ထွန်းပြီး လှပခံ့ညားစွာ တွေ့မြင် နိုင်တယ် ၊ တစ်ခါတစ်ရံ မှာ Tour ကား အကြီးစားကြီး တစ်စီး ဆိုင် ရှေ့မှာ ရပ်ထားပြီး ဆိုင် ထဲ မှာတော့ နိုင်ငံခြားသားတွေ မြန်မာဖိနပ် ကို စုံမက်စွာ ရွေးချယ် ဝယ်ယူ နေတာ တွေ့နိုင်ပါတယ် ။
ရွှေနဂါးဖိနပ် က သမားရိုးကျ မြန်မာဖိနပ် ပုံစံ ထဲ က လမ်းခွဲ ထွက်ပြီး ၊ ကတ္တီပါ ရွှေချည်ထိုး ကနုတ်ပန်းအလှ ဒီဇိုင်းတွေ ပေါင်းစပ်ပြီး တော်ဝင် ပွဲတက် ဖိနပ်တွေ အဖြစ် ချုပ်လုပ်ထားတယ် ။ ရိုးရာ ကတ္တီပါ ရွှေချည်ထိုးတွေ နဲ့ ပေါင်းစပ်ပေမယ့် အမြင် မအ ဘဲ ခေတ်မီ ဆန်းသစ်တဲ့ အတွက် ခေတ်လူငယ် မင်္ဂလာ မောင်နှံတွေ က ဂုဏ်သိက္ခာ တစ်ခု အဖြစ် တန်ဖိုးထား ဝတ်ဆင်ကြတယ် ၊ နိုင်ငံခြားသားတွေ ကလည်း မြန်မာမှု အဖြစ် လေးလေးစားစား ဝယ်ယူကြတယ် ။
ရွှေနဂါး ဖိနပ်ဆိုင် က လမ်း ၈၀ မှာ ပင်ရင်းဆိုင်ကြီး ဖွင့်ရာ က Sky walk ရှော့ပင်းမောလ် မှာ ဆိုင်ခွဲ တစ်ဆိုင် ဖွင့်တယ် ။ ဈေးချိုတော် မန်းမြန်မာ ပလာဇာ မှာ နောက်ထပ် ဆိုင်ခွဲ တစ်ဆိုင် ။
မခင်ခင်တိုးလှိုင် က ရွှေနဂါးဖိနပ်ဆိုင် တိုင်း ကို ကိုယ်တိုင် သွားရောက်ပြီး ဈေးဝယ်တွေ နဲ့ ထိတွေ့တယ် ၊ ဈေးဝယ်တွေ ရဲ့ နှစ်သက်စွဲမက် ကျေနပ်မှု ရအောင် ကြိုးပမ်းတယ် ၊ အခြား တစ်ဖက် မှာတော့ သူ့ ကိုယ်ပိုင် မိသားစုဘဝ ကို တာဝန် ကျေ အောင် ကြိုးစား နေတာ တွေ့ရတယ် ။ ကျွဲဆည်ကန် အလုပ်ရုံ မှာ ဖိနပ် ထုတ်လုပ်မှု လုပ်နေသူ သူ့ ခင်ပွန်းသည် ကိုတင်မောင်ဝင်း အတွက် ၊ ဆေးတက္ကသိုလ် တက်နေ တဲ့ သူ့ သား အတွက် ၊ အခြေခံ ပညာ သင်ယူဆဲ သမီး အတွက် လည်း အချိန် ခွဲဝေ ပေး နေတာ တွေ့ရတယ် ။
သူ့ လုပ်ငန်း အောင်မြင်တယ် ၊ သူ့ မိသားစု ဘဝ အဆင်ပြေတယ် ၊ ဈေးဝယ် တွေ က သူတို့ ဆက်ဆံရေးကို ကျေနပ်တယ် ၊ သို့ပေမယ့် သူ့ အလုပ်စားပွဲ မှာ ရေးထားတာ က ‘ ငါ လိုသေးသည် ’ တဲ့ ။
••••• ••••• •••••
ကျွန်မ က မိုးကုတ်သူ ။ မိဘတွေ က ကျောက်ကုန်သည် ၊ ကျွန်မတို့ မြို့က မိန်းကလေး အများစု ဟာ ရှစ်တန်း လောက် အောင်ရင် ကျောင်း ထွက်ပြီး အရောင်းအဝယ် လုပ်ကြတာ ။ ကျွန်မ မိဘတွေ ကတော့ ပညာရေး ကို အားပေးတယ် ။ အစ်ကို တွေ က ရန်ကုန် မှာ ကျောင်း သွား နေကြတယ် ။ ကျွန်မ က ရန်ကုန် မသွားချင်ဘူး ။ ( ရယ်လျက် ) မန္တလေးသူ ဖြစ်မယ့် ဇာတာ ပါလာသလား မသိဘူး ။ မန္တလေး အမှတ် ၁၂ အထက်တန်းကျောင်း ကို လာ တက်တယ် ။
အမှတ် ၁၂ ကျောင်း က ဆယ်တန်း အောင်ပြီး ၊ မန္တလေး တက္ကသိုလ် က မြန်မာစာ နဲ့ ဘွဲ့ရတာ ။
အသက် ၂ဝ ကျော်ကျော် မှာ ကျွန်မ အိမ်ထောင် ကျတယ် ။ မိဘ က ဘယ်မှာ သဘောကျပါ့မလဲ ။ အိမ်ထောင် ကျခါစ သုံးလေးနှစ် မှာ မဆက်သွယ်ဘဲ ပစ်ထားတာ ။ အမေ ကတော့ မိခင် ဆိုတော့ တိတ်တဆိတ် ဆက်သွယ်တာပေါ့ ။
အိမ်ထောင်ကျပြီ ဆိုတာ နဲ့ ကိုယ့် ဘဝ ကိုယ် တည်ဆောက်ဖို့ အလုပ် လုပ်ရ တာပေါ့ ။
စာအုပ် ၊ တိပ်ခွေ အငှားဆိုင်လေး ဖွင့်တယ် ။ တစ်နေ့ ငှားခ ရတဲ့ငွေ နောက် တစ်နေ့ မှာ ပြန် ရင်းရတဲ့ အချိန်ပေါ့ ။ အဲသည့် အချိန် က တစ်နေ့ ရတဲ့ ဝင်ငွေ က လည်း အများဆုံး ကျပ် တစ်ရာ ၊ ငါးဆယ် လောက် သာ ရတာ ဖြစ်ပါတယ် ။ အခုအချိန် သား နဲ့ သမီး ကို ပြန် ပြောပြရင် မယုံချင်ကြဘူး ။ သည်နေ့ သူတို့ မုန့်ဖိုး က ထောင်ဂဏန်း ကိုး ။
ကျွန်မတို့ အိမ်ထောင် ကျစ ၁၉၈၈ ခု က ဆိုရင် မန္တလေးမှာ ဖိနပ်တွေ ကို display ( ခင်းကျင်းပြသ ) ပြပြီး ရောင်းတာ မရှိသေးဘူး ။ သူ ( ခင်ပွန်းသည် ကိုတင်မောင်ဝင်း ) ကလည်း အသက် ၂ဝ ကျော်ရုံ လူငယ်ပီပီ သူများ နဲ့ မတူ အောင် လုပ် ချင်တယ် ။ ဖိနပ်ဆိုင် ကို သူများ နဲ့ မတူတဲ့ ပုံစံ နဲ့ လုပ်မယ်လို့ စဉ်းစားကြတယ် ။ လေထီး တို့ ၊ ဆင်ခြောက်ကောင် တို့ ၊ နေမျိုးနွယ် တို့ နာမည်ကြီး တံဆိပ် တွေ ကို display ကောင်းကောင်း လုပ်ပြီး ဆိုင်ဖွင့် ရောင်းတယ် ။
ဆိုင်ဖွင့်တဲ့ နေရာ က အမျိုးသား ရဲ့ အိမ် လမ်း ၈၀ ဆိုတော့ လမ်းသာတယ် ။ အဲသည်တုန်းက ကျွန်မတို့ နား မှာ ညဈေးတန်း လည်း ရှိတယ် ။ display ပြတာလေး ကို လူတွေ လည်း စိတ်ဝင်စား သွားတယ် ထင်ပါတယ် ။ ရောင်းရတယ် ။
အမျိုးသား က တီထွင် ဖန်တီးတာ သိပ် ဝါသနာ ပါတယ် ။ ဖိနပ် ကို ကိုယ်ပိုင် တံဆိပ် နဲ့ ထုတ်ချင်တယ် ။ ကံကောင်းတယ် ပြောရမှာပဲ ။ အလုပ်သမား ခေါ်ပြီး ကိုယ်တိုင် ချုပ်တဲ့ ကျွန်မတို့ ရွှေနဂါးဖိနပ်လေး က တစ်နေ့ ထက် တစ်နေ့ ရောင်း လာရတယ် ။ ၁၉၉၃ ခုနှစ် လောက် က စီးကွင့်ဖိနပ်လေးတွေ ထွင်ပြီး လုပ်တယ် ။ ဖိနပ် လာဝယ်တဲ့ သူ က ကြည့်ပြီး ဒါမျိုး စီးတဲ့ လူ ကော ရှိရဲ့လား လို့ မေးတယ် ။ မန္တလေး က ကတ္တီပါဖိနပ် အစဉ်အလာ ရှိပြီးသား ။ ရွှေချည်ထိုး လုပ်ငန်း ကလည်း မတိမ်ကောနိုင်ဘူး ။ ကောင်းအောင် တီထွင် နိုင်ရင် ကျွန်မတို့ အောင်မြင်မယ် လို့ ယုံကြည်ခဲ့တယ် ။ ဒါပေမဲ့ စ လုပ်ခါစတုန်း က တစ်လ နေလို့ တစ်ရန် မရောင်းရဘူး ။ ကျွန်မတို့ က တော့ ဇွဲရှိရှိ နဲ့ ကြိုးစားပြီး လုပ်ခဲ့တာ တီဗီကြော်ငြာတွေ ထဲမှာ မင်းသမီးတွေ စီးတာ မြင်ကြတော့ မှ ဒါမျိုး ရွှေနဂါး က လုပ်တာပဲ ဆိုပြီး လာကြ တော့တာပေါ့ ။ ၂၀၀၀ ပြည့်နှစ် နောက်ပိုင်းမှာ တွင်ကျယ်လာတယ် ။
ကျွန်မတို့ က customer ( ဈေးဝယ် ) ကို သူ က ၄၅ဝဝ ပေး ရင် ၄၅ဝဝ နဲ့ တန်တဲ့ service ( ဝန်ဆောင်မှု ) ကို ပေးချင်တယ် ။ အခု အချိန်မှာ ယှဉ်ပြိုင်မှုတွေ အများကြီး ရှိတယ် ။ ပုံမှန် ငွေဝင်တဲ့ အလုပ်မျိုး ကို လုပ်ချင်တဲ့ သူတွေ ကလည်း အများကြီးပဲ ။ ပိုက်ဆံ ရှိတဲ့ လူတွေ ကလည်း သူများ ခင်းပြီးသား လမ်း ကို အလွယ် တကူ ဝင် လျှောက်ချင်တယ် ။ ယှဉ်ပြိုင်တဲ့ အခါမှာ သူတို့ မပေးနိုင်တဲ့ service ကို ကျွန်မ ပေးတယ် ။ ဥပမာ ပစ္စည်း ဝယ်သွားပြီး တစ်နှစ် ကြာပါစေ ၊ အရောင် သာ မညှိုးစေနဲ့ ၊ ဆိုက် မတော်ဘူး ဆိုရင် ပြန်လဲ ပေးတယ် ။ ကော် ကွာ သွား ရင် ပြန် ကပ် ပေးတယ် ။
ကျွန်မတို့ က ကျောက်ကုန်သည်မျိုး ဆိုတော့ မနက် အိပ်ရာ ထရင် သုန်သုန် မှုန်မှုန် မနေရဘူး ၊ လာဘ် ရှိအောင် နေရတယ်လို့ အဖေ က အမြဲ သင်ခဲ့တာ ၊ လူတိုင်း နဲ့ အဆင်ပြေအောင် ဆက်ဆံရမယ် ၊ မောက်မောက်မာမာ မဆက်ဆံရဘူး ၊ အမြဲ ဆုံးမခဲ့တာ ။ အဲသည် ဆုံးမ သင်ပြတာတွေ က ယခုအခါ လုပ်ငန်း မှာ အကျိုးပြုတယ် ။ ကျွန်မ ရဲ့ ဝန်ထမ်း အရောင်းစာရေးတွေ ကို ကျွန်မ က လက်ဆင့်ကမ်း သင်ပြ ပေးတာ ယခု ဆိုရင် သူတို့ က ကျွန်မ ထက် တော်တယ် ။
ကျွန်မတို့ လုပ်ငန်း မှာ အဓိက ကတော့ ပစ္စည်း အရည်အသွေး ကောင်းဖို့ ။ အမျိုးသား က သူ ကိုယ်တိုင် ထုတ်တဲ့ သူ ဆိုတော့ ပစ္စည်း မကောင်းရင် သူများ ကို မပေးချင်ဘူး ။ ပစ္စည်း အရည်အသွေး ကောင်းတယ် ၊ service ပြည့်ပြည့်ဝဝ ပေးမယ် ဆိုရင် လူတွေ ကျေနပ်မှာပဲ ။ သူတို့ ကျေနပ်ရင် လာကြမှာပဲ လို့ ခံယူ ထားပါတယ် ။ ကျွန်မတို့ ကြိုးစားရုန်းကန် လှုပ်ရှား နေကြရတဲ့ အချိန်မှာ ကလေး တွေ ပညာရေး လည်း တစ်ဖက် က ဂရုစိုက်ရတယ် ။ ကျောင်းပို့ ကျောင်းကြို လုပ်ရတယ် ။ ဆိုင် မှာ အရောင်းအဝယ် ရှုပ်တဲ့ အချိန် နဲ့ တိုက်ဆိုင် နေတဲ့ အခါ ချက်ချင်း သွား မကြိုနိုင်ဘူး ။ သူတို့ က လည်း မကြို ၊ မကြို နဲ့ အကြာကြီး စောင့်ရတာ ။ ဒါမျိုး ခဏခဏ ဖြစ်ဖူးတယ် ။ သား ကတော့ ယောက်ျားလေး ဆိုတော့ ကျောင်း မှာ ဆော့ကစားရင်း စောင့် နေတာ ။ သမီး ကတော့ ကြာရင် စိတ်ကောက် တတ်တယ် ။ ကျွန်မ ကလေးတွေ ကို ငယ်စဉ် ကတည်း က ယခု အချိန် အထိ ပိုက်ဆံ သုံး ရာမှာ အံဆွဲ ဖွင့် မသုံးရဘူး ။ လိုရင် ကျွန်မ က ပေးတယ် ။ ဈေးသမား သားသမီး ဆိုရင် အံဆွဲဖွင့် သုံးတတ်တဲ့ အကျင့် ရှိတယ် ။ ကလေးတွေ ကို နားလည်အောင် ပြောပြ ထားရတယ် ။ အမေတို့ မိသားစု ဟာ သည် လုပ်ငန်းနဲ့ ရပ်တည်ရတာ ။လက်လွတ်စပယ် သုံးလို့ မရဘူးလို့ ။ ကလေးတွေ ကို ကျွန်မတို့ ရင်အုပ် မကွာ စောင့်ရှောက် ပေးခဲ့ကြတယ် ။ ည ရောက်တဲ့ အခါ ကျွန်မ ကလေးတွေ ကို စာသင် ပေးတယ် ။ အမေ ဆရာမ ပေါ့ ။
ကျွန်မ ဘဝ ကို ကျွန်မ ပြန် သုံးသပ် ကြည့်တော့ ကျေနပ်တယ် ။ အကောင်းဆုံး ဖြစ်အောင် ကျွန်မ ကြိုးစားပြီး လုပ်ခဲ့တယ် ။ ဒါပေမဲ့ ကျွန်မ ကိုယ် ကျွန်မ ‘ ငါ လိုသေးသည် ’ လို့ပဲ ခံယူထားတယ် ။ အကုန် လိုနေသေးတာနော် ။ ပညာ ဆို လည်း ယူစရာတွေ အများကြီး IT နည်းပညာ ဖြစ်ဖြစ် ၊ စီးပွားရေးပညာ ဖြစ်ဖြစ် ၊ စီမံခန့်ခွဲမှုပညာ ဖြစ်ဖြစ် စီးပွားရေး မှာ သူများတွေ က ခြေလှမ်းကျဲကြီးတွေ နဲ့ သွားနေတာ ။
ကျွန်မ ကိုယ် ကျွန်မ အမြဲတမ်း ဖြည့်တယ် ။ စီးပွားရေး နဲ့ ဆိုင်တဲ့ သင်တန်း တွေ တက်တယ် ။ စာဖတ်တယ် ။ စာဖတ်တဲ့ အထဲ မှာ ဂျာနယ်တွေ လည်း ဖတ်တယ် ။ သူများတွေ ဘာလုပ် နေသလဲ သိရတယ် ။ ပါမောက္ခ ဆရာကြီး ဆရာမ ကြီးတွေ ကို ကိုယ်တိုင် သွားတွေ့ဖို့ ခက်ပေမယ့် စာအုပ်တွေ ၊ ဂျာနယ်တွေ ကနေ သူတို့ အသိအမြင်တွေ ကို သိရတယ် ။ မှုခင်းဂျာနယ် ဖတ်ရင် တောင် ဆင်ခြင် စရာတွေ ရတယ် ။
ဘာသာရေး စာတွေ လည်း ကျွန်မ ဖတ်တယ် ။ ( ဘာသာရေး စာ ထဲက စီးပွားရေးလုပ်ငန်း မှာ ဘယ်လို အထောက်အကူ ဖြစ်သလဲ ကျွန်တော် မေးပါတယ် ။ ) ဘာသာရေး စာ ထဲက ရတာ လူညစ်ပတ် မဖြစ်တော့ဘူး ။ ညစ်ပတ်တဲ့ စိတ်တွေ မတွေးမိတော့ဘူး ။ ကိုယ်ချင်းစာတရား ထားနိုင် သွားတယ် ။ လာ ဝယ်တဲ့ လူ က ပိုက်ဆံ ပေးပြီး လာ ဝယ်ကြတာ ။ သူ စိတ်ကျေနပ်အောင် လုပ်ပေးမယ်ပေါ့ ။ အဲသည် စိတ်ကလေး ရတယ် ။
⎕ ကျော်ရင်မြင့်
📖 ဘဝဇာတ်ခုံ အဖုံဖုံ
No comments:
Post a Comment