❝ လန်းဖိုင်စာသိုက် နှင့် တွေ့ကြပြီ ❞
တော်တော် ချောတယ်လို့ မပြောနိုင်ပေမယ့် တော်တော် ကိန်းခန်း ကြီးမယ့် မိန်းမမျိုးပါ ။ သူ့ နာမည် က ‘ လန်းဖိုင် ( စာသိုက် ) ’ တဲ့ ။ ဖိုင် လို့ ပဲ လွယ်လွယ် ခေါ်ကြသည် ။ မြန်မာ လို မှဲ့ လို့ ဆိုနိုင်သည် ။ ဆံပင် က တံကောက်ကွေး ကို ရောက်နေသည် ။ ဆံပင်အုံ ကလည်း အတော် ကောင်း ပါသည် ။ ကုတ်အင်္ကျီ နှင့် ကျကျနန ဝတ်လာတဲ့ အခါမျိုးမှာ ‘ အီစွတ် ’ တောက်ခေါက်သည် ။ ကျွန်တော့် လို ကောင်နဲ့ ရင်းနှီးရပါ့မလားလို့ ဒေါသ ဖြစ်ရှာသည် ။ ဒါဟာ အမေ့ ကျေးဇူး ပါ ။
ရုပ်ရည်လေး ကို လူရာဝင် အောင် မွေးပေးခဲ့သည့် အမေ့ ကျေးဇူးတွေပေါ့ ။ ပြောရရင် ကျွန်တော့် ကို သူ က စခဲ့ခြင်းပင် ။ အဲဒီနေ့ က သူ မူး နေပါတယ် ။ မွေးနေ့လား ဘာလား လုပ်ရင်း ဘီယာတွေ သောက်နေကြ၏ ။ ကျွန်တော် က ရိုတီ ရောင်း မကောင်းလို့ အိမ် ပြန်လာရင်း လမ်းထိပ် မှာ ခဏ ရပ်နေမိသည် ။ သူတို့ ရှိတဲ့ အိမ်ရှေ့မှန်း မသိ ရိုး အမှန်ပင် ။
“ ရိုတီသည် ရိုတီသည် ခဏ လာခဲ့ပါဦး ”
ကွပ်ပျစ် ခင်းထားသည့် နေရာ မှ သူတို့ လေးငါးယောက် စု ထိုင်ပြီး လှမ်းခေါ်ခြင်းပင် ။
“ ဘာနဲ့ စားမလဲ ကြက်ဥ ထည့်မလားခင်ဗျာ ”
“ လာခဲ့ဦး လာခဲ့ဦး ဝင်လာပါ ”
တစ်ယောက် က လှမ်း ခေါ်တော့ ကျန်တဲ့ လူတွေ က ဝိုင်းဟားသည် ။ မယ်မင်းကြီးမတွေ တော်တော် မူး နေမှကိုး ။ ဘီယာပုလင်းတွေ ဆိုတာ ကား နဲ့ တိုက်ထုတ်ရမလား ထင်ရ၏ ။ ဟိုတစ်လုံး ဒီတစ်လုံး ပြန့်ကျဲလို့ ကျွန် တော် ဘယ်မှုလိမ့်မလဲ ဝင်သွားပါသည် ။
“ ဟို့အိုး ဖြောင့်တယ်ဟေ့ ဖိုင် တော့ နိုင်သွားပြီဟေ့ ”
“ ဖြောင့်တယ်ဟေ့ ဖြောင့်တယ် ”
သူတို့ လှောင်ကြပေမယ့် စော်ကားတာမျိုး မဟုတ်ပါဘူး ။ ကျွန်တော့် ကို ခေါ် တိုက်တာပါ ။ ‘ ဖိုင် ’ က ဘီယာခွက် ထိုး ပေးရင်း မေးလာပါတယ် ။
( ခွန်ချုအလိုင်ခပ် )
“ နာမည် ဘယ်လိုများ လဲရှင် ”
“ ဟေ ”
ကျန်တဲ့ လူစုက ‘ ဟေ ’ လိုက်ကြတာပါ ။
( အထွေးခပ် )
“ ကိုထွေးပါ ”
( အလိုင်န ဒါ ဒါ )
“ ဘာလဲ ‘ ဒါ ’ လား ‘ ဒါ ’ နော် ”
(ခပ်ဖုန်)
“ ဟုတ်တယ် ”
ကျွန်တော် က စကား မြန်မြန် ပြတ်အောင် ‘ ကိုဒါ ’ လို့ ပဲ မှတ်ခိုင်းလိုက် သည် ။ တကယ်တော့ “ ထွေး ” ဆိုတာ ကို ထိုင်း လို အသံထွက်ရတာ မလွယ်လှ ။ ‘ တ ’ သံတို့ ‘ ထ ’ တို့ ကို ‘ ဒ ’ သံနဲ့ မကွဲကြပေ ။
“ ကိုဒါရေ ဘီယာ သောက်ပါနော် ”
“ သောက်ပါ အလကား စတာပါ ။ သောက်ပါ ဒီနေ့ ကျွန်မ မွေးနေ့ပါ ”
ဖိုင် နဲ့ ရွယ်တူ တစ်ယောက် က ခွက် ကို တစ်ဆင့် လှမ်းယူရင်း ပေးပါတယ် ။
ဘာဖြစ်သလဲလေ ဒါကို လိုက်လျောရမှာ ပေါ့ ။ မိန်းမလှကျွန်း ကို ရောက်နေမှ ကိုး ။
“ ရောင်းကောင်းလားရှင် ”
“ ဖြည်းဖြည်းပါပဲ ”
“ ကျွန်မ နာမည် လန်းဖိုင်စာသိုက် ပါ ။ ဖိုင် လို့ ခေါ်ပါ ။ သူ က ရင် ၊ သူ က ဂို ၊ သူ က ကျွန်မ ညီမ ကိုင် တဲ့ ”
မြန်မာလို တော့ သူ့ အဓိပ္ပာယ် နဲ့ သူ ရှိပါမည် ။ ဒါတွေက အရေးမကြီး ။ သူ့ နာမည် သိရင် ပြီးတာပဲ ။ ကျွန်တော် က မြန်မြန် သောက်ပြီး ပြန်ဖို့ ပြင် သည် ။ တကယ်တော့ ဆက် ထိုင်ရင်လည်း သူတို့ ဘာမှ ပြောမှာ မဟုတ်ပါ ။ ကျွန်တော် ကို က ဒီ အရေးတော်ပုံ ကို ပြန် ဖောက်သည် ချချင် နေပြီလေ ။
“ ခွင့်ပြုပါဦး ခင်ဗျာ အလုပ်လေး ရှိသေးလို့ ပါ ”
“ ကောင်းပါပြီရှင် နောက်နေ့ မှ ဝယ်စားမယ်နော် ။ ဟိုရှေ့က ကျွန်မ တို့ အိမ်ပဲ ”
အောင်ပွဲ က တော့ ဆက်တိုက်ပင် ။ သူတို့ သာ တစ်နယ်တစ်ကျေး က ဖြစ်နေရင် ဟိုလူတွေ ကို ကြွားရ ခက်မည် ။ အခုတော့ သက်သေပြ ဖို့ က နီးနေသည် ။ ပျော်လိုက်တာ ။ ဒီလို မချော နဲ့ သာ အဘိုင်ကြီးကုမ္ပဏီ ကို တွဲခုတ် ပြလိုက်ရင် ကိုယ့် လူ တံတွေး နင် သွားနိုင်သည် ။ သူ နင်တာ မပြောနဲ့ လေ ။ ကိုယ် တောင်မှ ဒီလိုမျိုး နဖူးတွေ့ ဒူးတွေ့ ဆုံရပြီ ဆိုတော့ တယ်ထူး တဲ့ ငါ ပါလားလို့ စိတ်ကြီးတွေ ဝင်လို့ နေ၏ ။ ဒါတောင် ဟိုက ဘီယာလေး တစ်ခွက် လောက် ခေါ် တိုက်သေးတာပါ ။ ကျွန်တော်တို့ ယောက်ျားတွေ က ဘာ မှန်း ညာမှန်း မသိဘဲလည်း ကိုယ့် ကိုယ် ကိုယ် စကြာဝတေးမင်း လို သွေး နား ထင် ရောက်ချင် ရောက်တတ်သည် ။ ‘ ဖိုင် ’ ဘာလဲ ၊ ဘယ်လိုလဲ ဆိုတာ သိတာ မဟုတ်သေး ။ ဒီ အရေးတော်ပုံကို အီစွတ်တို့ လူသိုက် ကို ချပြ လိုက်ချိန် မှာ ဖြစ်သွားပုံကတော့ အောက်ပါအတိုင်း ဖြစ်ပါတော့သည် ။
“ ကျွန်တော့် ကို ဟိုဘက် လမ်းထိပ် က ကောင်မလေးတွေ ဘီယာ ခေါ် တိုက်တယ် ”
“ ဘယ်သူလဲကွ ”
“ ဖိုင် တဲ့ ကျွန်တော်လည်း မသိပါဘူးဗျာ ။ မွေးနေ့ လို့ ပြောတာပဲ ”
“ ဪ ဘာများ လဲလို့ ။ ငါတို့ လည်း မကြာခဏ ကြုံသားပဲ ။ မသောက်ချင်လို့ ”
“ အေးဗျာ မနက်ဖြန် ထမင်းစားဖို့ ချိန်းထားတယ် ”
“ ဟေ့ကောင် ပြဿနာ တက်မယ်နော် ။ ဘယ်သူလဲ ငါ့ ကို ပြောစမ်း ”
“ ဆံပင် အရှည်ကြီးနဲ့ ဗျာ ။ စက်ရုံ မှာ လုပ်တာလား မသိဘူး ။ သူ့ ညီမ က ‘ မကိုင် ’ တဲ့ ”
ကိုယ့် လူ တွေဝေသွားသည် ။ နောက် ငါးမိနစ် ကြာတော့ ဟိုလူ တွေ လည်း လှည်းသိမ်း လာကြရင်း ဒီကိစ္စ က အုတ်အော်သောင်းနင်း ဖြစ်ကြတော့သည် ။ အီစွတ် ဆိုရင် ဖိုင် တို့ အိမ်နား က မုန့်ဆိုင် ကို တောင် သွားစုံစမ်းသည် ။ ဟိုက ဖိုင်တို့ ဒီမှာ တကယ် နေတဲ့ အကြောင်း ပြောလိုက်ပုံရသည် ။
“ မင်း ပြဿနာ တက် မယ်နော် ။ ကောင်မလေးတွေ က အထည်ချုပ် မှာ လုပ်တာတဲ့ ။ တကယ် မယူရင် သွား မရှုပ်ပါနဲ့ ”
တကယ်တော့ သူ့ ကရုဏာ ဟာ သူ့ အတွက်ပါ ။ ဖိုင့် အတွက် မဟုတ်ပါဘူး ။ ကျွန်တော် ဟာ နောက်မှ ပေါက် တဲ့ ရွှေကြာပင် ဖြစ်နေပြီလေ ။ အီစွတ် တို့ ရပ်ကွက် မှာ နေတာ သုံးနှစ် ပြည့်တော့မည် ။ ဘယ် ထိုင်း မိန်းကလေး မှ အနား မသီခဲ့ ။ ပြောရရင် ရုပ်တွေ ကလည်း မသားနားပဲကိုး ။ သူ တို့ အားလုံးဟာ ကု,လားဆင်တွေ ၊ မည်းလည်း မည်းကြသည် ။ နောက်ပြီး ဝတ်စားဆင်ယင်မှု က ဂိုက် ဆန်သည် ။ ဝတ်တာတော့ အကောင်းစား ကို ဝတ်ကြတာပါ ။ ဒါပေမဲ့ မြို့သား နဲ့ တော့ မတူတာ သေချာသည် ။ သေချာတယ် ဆိုတာ အခု လက်တွေ့ပင် ။
သူတို့ ဘယ်လိုပဲ တားတား ကျွန်တော် နဲ့ ဖိုင် တော်တော် ရင်းနှီးနေပါ ပြီ ။ ညဘက်တွေ မှာ သူတို့ အိမ် သွား ပြီး တီဗွီဇာတ်လမ်းတွဲ ဝင် ကြည့် တာတို့ ၊ စကား ဝင်ပြောတာတို့ ထိ ဖြစ်လာခဲ့ပြီ ။ သူတို့ မိသားစု က လည်း ပွင့်လင်း ကြပါတယ် ။ ကျွန်တော် သွားလည်ရင် တစ်ဝိုင်းတည်း ထိုင်ပြီး စကားပြောကြသည် ။ ကျွန်တော် ရဲ့ မိဘ အကြောင်း ၊ မောင်နှမ အကြောင်း ၊ အလုပ်အကြောင်း တစ်ခွန်းလေး တောင် မေး မလာကြပါ ။ ဖိုင် ရဲ့ ကိုယ်ရေး ကိုယ်တာ ကိစ္စလို့ သဘောထား ကြပါသည် ။
တကယ်တမ်း ရင်းနှီး လာကြပြီ ဆိုတော့ ဖိုင် နဲ့ ကျွန်တော် ဘဝ ရည်မှန်းချက်တွေကို ဦးစားပေးပြီး ပြောကြပါတယ် ။ သူ က ကျွန်တော့် ထက် နှစ်နှစ် လောက် ကြီးသည် ။ ငယ်ငယ် ကတည်း က ဘန်ကောက် ရောက် နေတာ ဖြစ်ပြီး ပင်ပင်ပန်းပန်း ဘဝ ကို ဖြတ်သန်းခဲ့ရတယ် လို့ ပြောပါတယ် ။ ညီအစ်မ သုံးယောက် မှာ အကြီးဆုံး သမီး ပါ ။ အလတ်မ က အိမ်ထောင်ကျ နေပါတယ် ။ ကလေး နှစ်ယောက် ရနေပြီး သူတို့ နဲ့ နှစ်အိမ် ကျော် မှာ နေကြပါသည် ။ ဖိုင် တို့ တစ်အိမ်သားလုံး အလုပ် လုပ်ကြပါသ ည် ။
“ ကျွန် မက သမီးကြီး ဖြစ်တော့ အိမ်ထောင်ကျ လည်း မိဘ ကို တာဝန် ယူရမှာ ပါ ။ ခွဲသွားလို့ မဖြစ်ဘူး ။ ဒါ ထုံးစံပဲလေ ”
“ ကောင်းပါတယ် ဖိုင် ။ ကျွန်တော် တော့ ပိုက်ဆံ ချမ်းသာချင်တယ် ။ လူကြီးလူကောင်း ဖြစ်ချင်တယ် ”
“ ရှင်က ကု,လားလားဟင် ”
“ ဗုဒ္ဓဘာသာပါ ”
“ တကယ်လား ”
“ ဟုတ်ပါတယ် ။ သူငယ်ချင်းတွေ က မူဆလင်တွေ ပါ ။ ကျွန်တော် က ဗုဒ္ဓဘာသာ ”
“ ဪ ထင်တော့ ထင်တယ် ။ မျက်နှာချင်း မတူကြဘူးနော် ”
“ ဖိုင်တို့ ဇာတိက ”
“ ဖနူရာလူမျိုးပါ ”
“ စကား ပြောတော့ရော ”
“ ကွဲတယ် ။ နူရာစကား ကို အိမ် မှာ ကျွန်မ နဲ့ အဖေ ပဲ ပြောတယ် ။ အမေ က နူရာ မဟုတ်ဘူး ။ မကိုင် တို့ က လည်း ဘန်ကောက် ရောက်တော့ ငယ်သေးတယ်လေ ။ ကျွန်မ က ခုနစ်နှစ် သမီး မှ ရောက်တော့ မှတ်မိတာ ပေါ့ ။ သင်္ကြန် ဆို သွား လည်ကြတယ် ။ ရှင် အားရင် လိုက်ခဲ့ပါလား ”
“ တကယ်လားဗျ ”
“ တကယ်ပေါ့ရှင် လောင်းလို့ ရတယ်နော် ။ ကျွန်မ တကယ် ပြောတာ ။ စက်ရုံ မှာ သူငယ်ချင်းတွေ လည်း ခဏခဏ လိုက် လည်တယ် ။ ဟိုမှာ ချောင်း ရှိတယ် ။ သူစိမ်းတွေ တော့ ရေ မကူးဝံ့ဘူး ။ သူ က ဘယ်လို ပြောရမလဲ ”
“ ကျွန်တော် သိပါတယ် ။ သေလိမ့်မယ် မဟုတ်လား ”
“ ဟုတ်တယ် အဲဒီလို ပြောကြတာပဲ ”
“ ဖိုင် ”
“ ကျွန်တော်တို့ ဆီ ကိုရော ဖိုင် လိုက်ရဲလား ”
“ ဟင်း ဟင်း ”
“ တီဗွီသတင်းတွေ ကြည့်ပြီး ဖိုင် လန့် နေတာပေါ့ ။ ဟုတ်တယ် မဟုတ်လား ။ မြို့ပေါ်မှာ တကယ် အေးချမ်းပါတယ် ။ ကျွန်တော် နေတာ မြို့တော် မှာ နေတာပါ ”
သူ က ကျွန်တော် ပြောတာကို စိတ်ဝင်တစား နားထောင် နေပါသည် ။
“ တီဗွီလိုင်းတွေ မှာ ပြလိုက်ရင် မကောင်းတာတွေ ချည်းပဲ ။ အဲဒါတွေ က နယ်စပ်တွေ မှာ လိုက် ရိုက်ထားတာပါ ။ မြို့ပေါ်မှာ ဒီလို မဟုတ်ဘူး ။ မြန်မာတွေ ဟာ လူကောင်းတွေပါ ဖိုင် ”
“ ရှင်က ဘင်္ဂလားဒေ့ရှ် မဟုတ်လား ”
“ မဟုတ်ဘူး ကျွန်တော် မြန်မာ ပါ ။ ဘင်္ဂလားဒေ့ရှ်တွေ နဲ့ အတူ နေရုံ သက်သက်ပါ ”
“ ရှင် က စကားပြော ကောင်းတယ်နော် ။ မိန်းကလေးတွေ သဘောကျ မှာပါ ”
“ ဖိုင် ထင်လို့ ပါ ။ ကျွန်တော် စကား ပြောတာ ထိုင်းလို မပီဘူး မဟုတ်လား ”
“ အင်း နားထောင်လို့ တော့ ရပါတယ် သိပ်တော့ မပီဘူး ”
“ ဖိုင် သင်ပေးလေ ”
“ ရပါတယ်ရှင် ရပါတယ် ”
••••• ••••• •••••
ဖိုင်နဲ့ ကျွန်တော် ရင်းနှီး လာကြပေမယ့် သူ့ နယ် ၊ ကိုယ့် နယ် လုရင်း လေးလ ကျော်လာသည့် တိုင် ပွဲက သရေပွဲ ဖြစ်နေပါတယ် ။ ညစဉ် ညစဉ် ကွေ့တယို ထွက် စားလိုက် ထိုင်းခေါက်ဆွဲကြော် ထွက် စားလိုက် ။ စနေနေ့ည ဆိုရင် လမ်းထိပ် က ပိတ်ကားထောင် ရုပ်ရှင် ကို တောင် သွား ကြည့် ဖြစ်ကြပါတယ် ။ မြို့ ထဲ ကို တနင်္ဂနွေ ရှော့ပင် ထွက်တာလည်း ရှိသည် ။ ဒါပေမဲ့ နယ်လုပွဲ က သရေ ဖြစ်နေလျက်ပင် ။
ကျွန်တော် သူ့ မိသားစု ထံ သို့ ဝင်လို့ မဖြစ်ပါ ။ သူ က လည်း သူ့ မိသားစု ကို မခွဲနိုင်ပါ ။ သူ့ အဖေ က ကျွန်တော် တကယ် သူတို့ နဲ့ နေမယ် ဆိုရင် သူတို့ နယ် မှာ မှတ်ပုံတင် ရအောင် ကြိုးပမ်းပေးမယ်လို့ ပြောပါတယ် ။ ထိုင်း မှတ်ပုံတင် ရဖို့ ဆိုတာ အင်မတန် ခက်ခဲတယ် ဆိုတာ ကျွန်တော် သိပါတယ် ။ ဒါပေမဲ့ ကျွန်တော် မှ မလိုချင်ပဲ ။ ဖိုင့် ကို ကျွန်တော် မြန်မာ အဖြစ် နဲ့ သာ လက်တွဲ ချင်သည် ။ တကယ် ယူမယ် ဆိုရင် မြန်မာပြည် ပြန် ပြီး ပတ်စ်ပို့ဒ်လုပ်မည် ။ ထိုင်း ကို ပြန် လာပြီး လက်ထပ်မည် ။ မြန်မာ လူမျိုး အနေနဲ့ သာ လက်ထပ်မည် ။ ထိုင်းလူဝင်မှု ဥပဒေ အတိုင်း ဗီဇာ ဖြင့် နေမည် ။ ဒါက ကျွန်တော့်ရဲ့ လိုက်လျောမှု ။ ဖိုင် က လက်မခံပါ ။ သား သမီး ရလာရင် ပြဿနာများ မယ် ။ ကလေး မှာ ဒုက္ခ ရောက်မယ် ။ အခွင့် အရေးတွေ ဆုံးရှုံးမယ် ။ ပြီးတော့ ကျွန်တော် ပြဿနာ ပေါ်ရင် အဖမ်း ခံရမှာ ကြောက်သည် ။ ထိုင်းတီဗွီတွေ ထဲမှာ နယ်စပ် ပြန် ပို့ခံရသည့် ပြင်ပနိုင်ငံသားတွေ အကြောင်း က ပေါ်လစီ လို လုပ်ပြီး လွှင့်ပြနေပါတယ် ။ လက်လေးတွေ နောက်ပစ် ၊ အထုပ်လေးတွေ ဆွဲပြီး နယ်စပ်ဂိတ် ကို လျှောက်ဝင်သွားကြ သည့် ပြန် အပို့ခံ လူတွေကို မြင်နေရတာကိုး ။
ကျွန်တော် ဟာ လေဖင်ခေါင်းကျယ်တယ် လို့ အီစွတ် တို့ သတ်မှတ် လာကြပါတယ် ။
“ မင်း ကလည်း သူတို့ ရွာ မှာ သုံးနှစ်လောက် သွား နေလိုက်ရင် ပြီး တာပဲ ။ နောက်မှ ပြန်လာပေါ့ ”
“ ဘာလို့ နေရမှာ လဲ ကျွန်တော် ထိုင်း ဘယ်တော့မှ မလုပ်ဘူး ယူချင် မှ ယူပေါ့ဗျာ ”
“ ရူးပါ့ကွာ ဖင်ခေါင်းကျယ် နေပြန်ပြီ ”
အဖြစ်မှန် ဆိုတာကို ဘယ်သူမှ ကိုယ်ချင်း မစာနိုင်ကြပေ ။ ကျွန်တော့် ရဲ့ ခံယူချက် ကို သူတို့ နားမလည်ကြပါ ။ ကျွန်တော် ဘယ်တော့မှ ထိုင်း လူမျိုး မလုပ်တာ ကို နားမလည်နိုင်ကြပါ ။ ဒါဟာ ဘဝ တစ်ခုလုံး နဲ့ ဆိုင် တဲ့ ဆုံးဖြတ်ချက် ဆိုတာ သူတို့ အမှန်အတိုင်း မစဉ်းစားကြပါ ။ လတ်တလော ဒုက္ခတွေ ကို ဖြေရှင်းမှာ လား ၊ ဘဝ ပါ ရင်းပြီး မြှုပ်နှံမှာလား ဆို တာ သဘော မပေါက်ကြပေ ။ ဘင်္ဂလားဒေ့ရှ် ပတ်စ်ပို့ဒ် ကိုင်ထားတာဟာ လဲ တကယ် လ.ဝ.က ရောက် ရင် မြန်မာ ဟာ မြန်မာ ဖြစ်သွားတာပါပဲ ။ လိမ်လို့ ဘယ်ရမလဲ ။ ရဲ ကတော့ ဒီလောက်ထိ လိုက်ပြီး လုပ်မနေ ၊ ဖမ်းချင်ရင် အချိန်မရွေး ဖမ်းလို့ ရသည် ။ ရိုးရိုးသားသား လုပ်စားနေတာ မြင် လို့ ဥပက္ခာ ပြုထားကြ ခြင်းပင် ။ ဒီလို အခြေအနေက ပြဿနာ ဖြစ်လာခဲ့ စေဦး နယ်စပ် ပြန်ပို့ခဲ့ရရုံသာ ဘဝဖြင့် ရင်းစရာ မလိုလှပါ ။
ပြီးတော့ ထိုင်းမှာ အိမ်ထောင် ကျသွားသည့် မြန်မာတွေ ကို ကျွန်တော် မြင်တိုင်း အားကျတဲ့ စိတ်မျိုး မဖြစ်မိပေ ။ အဘိုင်ကြီး ကို ကြ ည့်ရင် သိနိုင်သည် ။ ကုမ္ပဏီ ရဲ့ မန်နေဂျာ ဆိုတာ မှန်ပါရဲ့ ။ တကယ်ကျ တော့ သူ့ မိသားစု ရဲ့ စားဝတ်နေရေး ကို အသည်းအသန် လုပ်နေရသည် ။ ကလေး တစ်ယောက် ရထားသည် ။ ထို ကလေး ရဲ့ ပညာရေး ၊ ကျန်းမာရေး နှင့် သူတို့ လင်မယား လူလူသူသူ နေနိုင်ရေး အတွက် ကြိုးစား နေရတာပါ ။ မြန်မာပြည် ကို ဘာမှ အထောက်အကူ မပြုနိုင်ပေ ။ ဒီမှာ ပဲ အချိန်တွေ ကုန်ပြီး ဘဝ ကို နစ်မျောသွားသည် ။ ဒါဟာ အားကျစရာ မှ မဟုတ် တာ ။ ကြီးပွားသွားတာ မှ မဟုတ်တာ ။ လူကြား ကောင်းရုံ သက်သက်ပင် ။ ကိုယ့် ဘဝ တစ်ခုလုံး ဟာ ဒီမှာ ပဲ နစ်မြုပ်သွားသည် ။
တကယ်လို့ ကျွန်တော် သူ လို နေသွားဖို့ ရည်ရွယ်ချက် ရှိရင်တော့ ဟုတ်တာပေါ့ ။ ကျွန်တော့် ရည်ရွယ်ချက် က ဒီလို မဟုတ်ပါ ။ ငွေများများ ရှာမယ် ။ အိမ် ပို့မယ် ။ မြန်မာပြည် ရောက်ရင် ကားဝယ်စီးမယ် ၊ တိုက်တွေ ဘာတွေ ဝယ်မယ် ။ ဒီလို ရည်ရွယ်ချက်တာကိုး ။ ထိုင်း မှာ လက်လုပ်လက်စား နဲ့ ငွေ ရှာလို့ ရတာ မှန်ပါတယ် ။ လူလူသူသူ နေနိုင်အောင် ရတာမျိုး မဟုတ်ပါ ။
မှန်တာ ပြောရလျှင် ဖိုင် ဟာ ကျွန်တော့် ထက် နိမ့်ကျပါတယ် ။ ဒါကို မိ သားစု တစ်ခုလုံး နဲ့ နှိုင်းယှဉ်ပြီး တော့ရော ၊ ဘဝ ဖြတ်သန်းလာပုံ အရရော ၊ လက်ရှိ အခြေအနေ အရရော ချိန်ထိုး ပြောနိုင်ပါတယ် ။ ကျွန်တော့် မိသား စု ဟာ ဖိုင် တို့ လို ရုန်းကန် လှုပ်ရှား နေရသူတွေ မဟုတ်ပါ ။ ကျွန်တော် သင် ခဲ့သည့် ပညာတွေ ၊ ကျွန်တော့် ဘဝ အခြေ အနေတွေ ၊ နောင် ဆက်လက် သွားမယ့် ပန်းတိုင်တွေ ဟာ ဖိုင့် လို မဟုတ် ။ ဖိုင် ဟာ နှစ်ပေါင်းများစွာ အ လုပ်သမား ဘဝ နဲ့ ကျင်လည်သွားဖို့ က လွဲရင် ဘာမှ စဉ်းစားထားတာ မ ဟုတ် ။ ကျွန်တော် က ကြီးပွားဖို့ လမ်းစ ရှာနေသည့် သူ ။ လက်လုပ်လက် စား ဘဝ ထဲ ရောက်နေပေမယ့် ဒီ ဘဝဟာ ကျွန်တော့် အတွက် ယာယီ သဘောမျှပင် ။
ကျွန်တော် လေဖင်ခေါင်းကျယ် တာလည်း ဖြစ်ချင်ဖြစ်မှာ ပေါ့ ။ တကယ်လည်း ကျွန်တော် ဖိုင့် ဘဝ ထဲ ကို မသွားနိုင်ပါ ။
သံယောဇဉ် တော့ ပိုခဲ့ကြပါတယ် ။
ဖြစ်ရပ်တွေ က ထပ်ခါထပ်ခါ တွယ်တာကြဖို့ ဖန်လာကြ၍ ဖြစ်သည် ။
မှတ်မှတ်ရရ ကျွန်တော် နဲ့ သန့်စင် ကို ရဲ ဖမ်းသေးသည် ။ တကယ် လာ ဖမ်းတာ က ‘ ရာမား ’ ရောင်းတဲ့ သူ ကိုပါ ။ ဒါပေမဲ့ မမိကြ ။ ကျွန်တော် နဲ့ သန့်စင် က ရုပ်ရှင် သွားကြည့်ဖို့ ည ခုနစ်နာရီ မှာ နောက်ဖေးလမ်းကြား က တစ်ဆင့် လမ်း ၁၂၀ ထဲ လျှောက်ဝင်လာကြသည် ။ အဲဒီမှာ ကင်းပုန်း ကျနေသည့် ရဲ ဖြင့် ပက်ပင်း တိုးတော့သည် ။ မေးတာ သန့်စင် ကို စ မေး တာပါ ။ စနူကာ သွား ထိုးမယ်လို့ သန့်စင် က ဖြေသည် ။ မှတ်ပုံတင် တောင်းသည် ။ ပါ မလာဘူး ဆိုတော့ မြန်မာ မှန်း ရိပ်မိ သွားပြီး ဖမ်း တော့သည် ။ ကျွန်တော့် ကို တော့ ဘာမှ မမေးသေး ။ ကျွန်တော် အေးအေးဆေးဆေး ထွက် လာပြီး မှ တစ်ခါက နယ်စပ် မှာ သန့်စင် ကျွန်တော့် အတွက် အဖမ်းခံဖူးတာ သတိရမိသည် ။ ဒါကြောင့် ကျွန်တော် ပြန် လှည့် လာပြီး ရဲ နှင့် စကား ပြောပါသည် ။ ကျွန်တော် ပြောတာ ကို ရဲ က နားမလည် ပါ ။ သန့်စင် ရှင်းပြမှ ဟန်ကျသွား၏ ။
“ ဒီမှာ ကျွန်တော်တို့ အစ်မ ရှိတယ် ။ သူ့ ဆီ မှာ ပိုက်ဆံ သွား ယူပြီး ရွေး ခိုင်းမယ် ” ဆိုတော့ ရဲ က သဘောတ ၏ ။ ဘတ်နှစ်ထောင် တောင်းသည် ။ ကျွန်တော်တို့ ကို ဆိုင်ကယ် နဲ့ ခေါ် လာပြီး ဖိုင် တို့ အိမ် ကို မောင်းလာကြပါတယ် ။ ကျွန်တော်တို့ ကို ရဲတွေ နဲ့ ဝင်လာတာ မြင်တော့ တစ်လမ်းလုံး ထွက်လာကြတော့သည် ။ နောက်တော့ ဘတ်ရှစ်ရာ ဖြင့် ဈေးတည့်ပြီး လမ်းထိပ် ကို ပြန် ခေါ်သွားပြီး မှ ပြန် လွှတ်ပေးပါတယ် ။ ကျွန်တော်တို့ ရိုးရိုးသား သား လုပ်စားနေကြမှန်း သိလို့ လွှတ်ပေးတာပါ ။ နောက် တစ်နေ့ မှာ သန့်စင် ကို ရဲ က အလုပ်တောင် သွား သွင်း ပေးပါတယ် ။ စက်ရုံ မှာ မလုပ်ချင်တဲ့ သန့်စင် က နောက်မှ လုပ်ပါမယ် လို့ ကတိ ပေးလိုက်သည် ။ သူ က ကျွန်တော့် ညီ မို့လို့ လေဖင်ခေါင်း က ခပ်ကျယ်ကျယ် မဟုတ်လား ။
“ နမ့်ခစဝမ် ကို သွားလည်မယ် ။ ‘ အဒါ ’ လိုက်ခဲ့ပါလားရှင် ”
သူ က ကျွန်တော့် ကို ‘ အဒါ ’ လို့ နှုတ်ကျိုးနေပါပြီ ။
“ ဘယ်တော့လဲ ဖိုင် ဘာသွားလုပ်မှာ လဲ ”
“ စက်ရုံ က သူငယ်ချင်း မင်္ဂလာဆောင် လို့ အလည် လိုက်သွားကြမယ်လေ ။ မကိုင် တို့ လည်း ပါတယ် ။ လူတွေ အများကြီး စုသွားကြမှာ ”
“ လိုက်မယ်လေ နော် ”
ဒီကိစ္စ ဟာ ကျွန်တော့် အတွက် ဒုတိယအကြိမ် အလည်အပတ် ခရီးပဲ ဖြစ်ပါတယ် ။ ပထမအကြိမ် က ဖိုင် တို့ ဇာတိမြေ ကို လိုက်သွားခဲ့ဖူးသည် ။ ရှင်ပြုနားသ အလှူပွဲ လုပ်ကြတာပါ ။ တော်တော် ပျော်စရာ ကောင်းပါ တယ် ။ ဖိုင်တို့ အဘွား ဆိုတာ ပါးရိုးကြီးတွေ ကျပြီး ကွမ်းတွေ ဝါးရင်း ကျွန်တော့်မျက်နှာ ကို လက်ဝါး နဲ့ လိုက်ပွတ်သည် ။ မျက်စိ က မွဲနေပြီကိုး ။ စကားတွေလည်း ပြောသည် ။ ကျွန်တော် နားမလည်တော့ ဖိုင် က ဝင် ရှင်းပြ၏ ။
“ သင်္ကန်း စည်းမလားလို့ မေးတာပါ ”
“ ဟုတ်လား ”
“ ဒီမှာ နေနိုင်လားတဲ့ ”
“ ဟင်း ဟင်း ”
ဖိုင်တို့ ဇာတိမြေ ဟာ ကျွန်တော်တို့ တိုင်းပြည် က ကျေးလက် တောရွာ လိုပါပဲ ။ တောင်သူလယ်သမားတွေ နေကြပါတယ် ။ အလှူ မှာ လည်း ဝိုင်းလုပ်ဝိုင်းစား ဖြင့် ပျော်ဖို့ ကောင်းသည် ။ သူတို့ ဆီ မှာ မောင်ရင်လောင်း နှင့် ရဟန်းလောင်း ကို လူ ဖြင့် ထမ်းကြသည် ။ ထမ်းသည့် လူ တွေ က နီးစပ်ရာ ဆွေမျိုးသားချင်း သူငယ်ချင်းတွေ နဲ့ ကုသိုလ် ယူသည့် လူတွေ ဝင် ထမ်းလို့ ရပါတယ် ။ မောင်ရင်လောင်း ရော ရဟန်းလောင်း ပါ တစ်နေကုန် လှည့် ပြီးရင် ည ဆို အိမ်မှာ ပဲ နေကြသည် ။ ဘုန်းကြီးကျောင်း ကို သွား မထားပါ ။ မနက် ကျမှ သင်္ကန်း စည်းကြသည် ။ သူတို့ ဓလေ့ ပဲ လားတော့ ကျွန်တော် မပြောတတ်ပါ ။ အခုမှ ဒီတစ်ခါ ပဲ မြင်ဖူးတားကိုး ။ ညဘက် မှာ ပိတ်ကားထောင် ရုပ်ရှင် ပြပါသည် လယ်ကွင်းကြီး ထဲ မှာ ပြတာပါ ။ ကျွန်တော်တို့ ဆီ မှာ ဆိုရင်တော့ ဆိုင်း ငှားလေ့ ငှားထ ရှိသည် ။ ဒီမှာ တော့ ဆိုင်းအဖွဲ့တွေ ဘာတွေ ရှားပါးကုန်တာလား ။ အလေ့အထ မရှိတာလား မသိ ။ သိပ်တောင် မမြင်မိပေ ။ ဇာတ်ပွဲ လို သဘောမျိုး အငြိမ့် သဘောမျိုး ကပြတာတော့ ရှိသည် ။ ဇာတ်သံ ၊ ဇာတ်ဟန် ဖြင့် ယဉ်ကျေးမှု ကပွဲတွေ တီဗွီ မှာ လည်း လွှင့်ပါတယ် ။ မြို့မှာ လည်း မကြာခဏ ကြည့်ဖူးသည် ။ သူတို့ ဇာတ်သံ ကို ကျွန်တော် ဘယ် နား လည်မလဲ ။ အရယ် အသော အငို အနွဲ့ တွေ က မြန်မာ ဇာတ် လို ကျကျနန သရုပ်ဆောင် ကြပါတယ် ။ ဝတ်စားဆင်ယင် ပုံ လည်း သားနား ကြသည် ။ ဇာတ်စကား ကို သာ ကျွန်တော် နားမလည်တာပါ ။ ကြည့်လို့တော့ ကောင်းသည် ။
ထိုင်းနိုင်ငံ မှာ လည်း ကျွန်တော်တို့ မြန်မာနိုင်ငံ မှာ လို လူမျိုးကွဲ တွေ အများကြီး ရှိသည် ။ ဖသိုက် ၊ ဖရာ ၊ ထိုင်းယိုင် ၊ ထိုင်းလစ် ၊ ဖအိစံ စသည် ဖြင့် ရှိကြသည် ။ အသေးစိတ်တော့ ကျွန်တော် မပြောတတ်ပါ ။ ကျွန်တော်တို့ နှင့် အရင်းနှီးဆုံး လူမျိုး က ဖအိစံ လို့ ခေါ်သည့် ကောက်ညှင်း စားသည့် ထိုင်းလူမျိုးစု ဖြစ်ပါတယ် ။ ဆောက်လုပ်ရေး လုပ်ငန်းတွေ မှာ သူတို့ အမြဲ ရှိသည် ။ တော်တော် အလုပ် လုပ်နိုင်တဲ့ သူတွေပါ ။ နေပူ ထဲ မှာ တစ်နေကုန် လုပ်နိုင်သည် ။
ကောက်ညှင်း စားသည် ။ သောက် လည်း သောက်နိုင်ကြလွန်းသည် ။ ည ည ဆိုရင် အရက်ပုလင်း ကို ဇွန်း နဲ့ ခေါက်ပြီး ရိုးရာသီချင်းတွေ ဆိုကြသည် ။ အတော် ရိုးသားကြပါသည် ။ သင်္ဘောသီးထောင်း တို့ ၊ သခွားသီးထောင်း တို့ ဆိုတာ သူတို့ ဖအိစံတွေ ရဲ့ အစားအစာပါ ။ လှည်းကလေး တွေ နဲ့ လမ်းဆုံလမ်းခွတိုင်း မှာ ရောင်းကြသည် ။ အမဲသား ကင်ပြီး သုပ် တာလည်း သိပ်စားလို့ ကောင်းပါတယ် ။ သူတို့ က ပြောသေးသည် ။ သူတို့ သာလျှင် ရာခိုင်နှုန်းပြည့် ထိုင်းသွေးစစ်စစ်တွေ ပါတဲ့ ။ ဘန်ကောက် တစ်မြို့လုံး မှာ သူတို့ ရှိတဲ့ နေရာ ဆိုတာ ရှား သည် ။ သူတို့ ဘာသာစကား က သိပ် နားထောင်လို့ ကောင်းသည် ။ ကျွန်တော်တို့ မြန်မာ အချင်းချင်းတောင် တစ်ဦး နဲ့ တစ်ဦး စကြ နောက်ကြရင်း သူတို့ လေးသံမျိုး လိုက် လိုက် ပြောကြပါသည် ။ “ အိညံဝ ( ဘာလဲကွ ) တို့ ၊ “ ကင် ခေါက် ဘော် ” ( ထမင်း စားပြီးပြီလား ) တို့ က ပြောလို့ ကောင်းသည် ။
ရုပ်ရှင်တို့ ၊ သီချင်းတို့ မှာ လည်း ဖအိစံတွေ က တော်တော် နေရာယူ ထားမြဲ ။ ရိုးရာ ကျေးလက်တေးတွေ က မြို့ပေါ်မှာ အလုပ် လာ လုပ်ကြသည့် သူတွေ အတွက် ဇာတိ အလွမ်းပြေပင် ။ MTV က ခေတ်စားသည် ။ မြို့ မှာ အ လုပ် သွားလုပ်သည့် ကောင်မလေး စပယ်ယာ လုပ်သည့် ဘတ်စ်ကား ပေါ် အပြေးအလွှား တက်ရင်း ပြန်ဆုံကြတာတို့ ၊ မြို့မှာ အလုပ် လုပ်ပြီး ပြန်လာသည့် အမျိုးသား ကို ဇာတိမြေ က အမျိုးသမီး က ဆီးကြို တာတို့ ဆိုသည့် MTV များ ဟာ ကြည့်လို့ မဝပေ ။
ကျွန်တော်တို့ ဆီ မှာ ဆိုလျှင်တော့ အထက်အညာ သရုပ်ဖော် သဘောမျိုး ဖြစ်သည် ။ သူတို့ ထိုင်းလူမျိုး တွေ ထဲမှာ မြန်မာ နှင့် မျက်နှာ အကျအပေါက် ၊ ဆံပင်ပုံစံ က အစ ဆင်တူသည့် လူမျိုး လည်း ရှိသည် ။ ‘ ဖသိုက် ’ လူမျိုးတွေပါ ။ ဘယ်လောက် ဆင်တူသလဲ ဆိုရင် ‘ နာ့လမ်း ’ ထဲ က လက်ဖက်ရည်ဆိုင် မှာ သူတို့ ထိုင် ပြီး ရေနွေး သောက် ဘာသောက် လုပ်သည့် အခါ မြန်မာပြည် ရောက် နေ သလို ခံစားရသည် ။ အဲဒီလောက်တောင် တူပါသည် ။ ဘယ် ဝိုင်းကများ မြန်မာစကားသံ ကြားရ မလဲ လို့ တောင် နားစွင့်မိသည် ။ သူတို့ က ‘ ရခမ်ဟမ်း ’ တက္ကသိုလ် လာ တက်သည့် ကျောင်းသူ ကျောင်းသားတွေပါ ။ လက်ဖက်ရည်ဆိုင် ထိုင် တာ သူတို့ လူမျိုး ပဲ ရှိသည် ။ မြန်မာပြည် နဲ့ ထပ်တူပင် ။ သူတို့ ရပ်ရွာ မှာ တော့ လက်ဖက်ရည်ဆိုင် ရှိလား မရှိလား ကျွန်တော် မသိပါ ။ ‘ နာ့လမ်း ’ မှာ ရှိသည့် လက်ဖက်ရည်ဆိုင် ကတော့ မြန်မာပြည် က ဆိုင် လိုပင် ဖြစ်သည် ။ ‘ နာ့လမ်း ’ က ထွက်လျှင် ( ရခမ်ဟမ်း ) တက္ကသိုလ် သို့ ရောက်သည် ။ မြန်မာပြည် က အင်္ဂလိပ်မေဂျာ သင်သည့် ဆရာတွေ တောင်ရှိ တယ်လို့ ကြားမိသည် ။ တွေ့ တော့ မတွေဖူးပါ ။
ကျွန်တော် တော့ နာ့လမ်း က လက်ဖက်ရည်ဆို င်ကို တမင်တကာ သွားသွား ထိုင်သည် ။ တက္ကသိုလ် လာ တက်ကြသည့် လူငယ်တွေ မြင်ရတာ ၊ လက်ဖက်ရည်ဆိုင် ထိုင်ပြီး ရေနွေးကြမ်း သောက်ရတဲ့ အရသာများ ကို တော်တော် စွဲနေပြီ ။ အခါကြီးရက်ကြီးတွေ မှာ တောင် အရင် လို ဘုရင့်နန်းတော် တို့ ၊ ကျောက်တိုင် တို့ ဘက် ကို မသွားဖြစ်တော့ပေ ။ ဖိုင် နှင့် ရင်းနှီး လာတော့ ဘုရားတို့ ကျောင်းတို့ သွားတာတော့ ရှိပါတယ် ။
ကျွန်တော်တို့ နေတဲ့ ၁၂၂ လမ်း ရဲ့ ဟိုဖက် ကမ်း မှာ ၈၉ လမ်း ရှိသည် ။ အဲဒီ လမ်းထိပ် မှာ ‘ လွတ်တို့ ’ လို့ ခေါ်သည့် သုံးဘီးကားလေး ကို စီး သွားလျှင် စေတီ တစ်ခု ကို ရောက်သည် ။ သီတင်းကျွတ် တို့ ၊ တန်ဆောင်မုန်း တို့ မှ ဖိုင် နှင့် ရောက်ဖူးသည် ။ ဘုရားမီးပူဇော်ကြပုံ မှာ ဆန်းလှ၏ ။ ဘုရား ကို ဆီမီးတွေ ကိုင်ပြီး ပတ်ကြသည် ။ ပန်းတွေ ကို လည်း ကိုင်ကြသည် ။ ပတ်ရတာ ကျေနပ်ပြီ ဆိုလျှင် စေတီ မှာ ထွန်းညှိ ပူဇော်ကြသည် ။ ရေ ထဲ ကို ဆီမီးပူဇော်တာ ကျတော့ ဘူတာကြီး နားက မြစ် ထဲမှာ သွားပြီး ပူဇော်ကြသည် ။ တစ်ခါတလေ တော့ အဲဒီ မြစ်မှာ မော်တော် စီးပြီး ဘုန်းကြီးကျောင်း တွေ လိုက်ဖူးကြသည် ။ ဖိုင် က ဒါတွေ တော်တော် လိုက်စားသည် ။ ဘုရားရွှေကပ်တာ တို့ ၊ တရားထိုင်တာ တို့ ခေါ် ခေါ် သွားလေ့ရှိသည် ။ အဲဒီလို နေရာတွေ ရောက်ပြီးလျှင် ကျွန်တော် သူ့ ကို ယူ ချင်စိတ် ပေါ်ပေါက် လာတော့သည် ။
‘ နမ့်ခစဝမ် ’ ကို သူ့ သူငယ်ချင်း မင်္ဂလာဆောင် အတွက် လိုက်ခဲ့ရင်း ကျွန်တော် သူ့ ကို တော်တော် သနား သွားမိသည် ။ သတို့သား နှင့် သတို့သမီး တို့ က ပရိသတ် ရှေ့မှာ လက်ချင်း ယှက်ပြီး ထိုင်ကြသည် ။ ပရိသတ်တွေ က သူတို့ လက် ကို ရေ သွား လောင်းပေးကြသည် ။ လက်ဖွဲ့ တွေ လည်း ထည့်ကြ၏ ။ နှစ်ဖက် မိဘဆွေမျိုး တွေ က ပီတိ တွေ ဖြာလို့ ။ တက်ရောက်သည့် ပရိသတ် ထဲ မှာ သမီးရည်းစား စုံတွဲ ပါလျှင် စုံတွဲလိုက် သွားပြီး ရေလောင်းရတာ ကိုး ။ သတို့သား နဲ့ သတို့သမီး လက်ချင်း ယှက် ထားသည့် အောက်ခြေ မှာ ဖလားကြီး ခံထားသည် ။ ရေ ကတော့ အဖြစ် သဘောလောက် လောင်းရခြင်းပင် ။ ဖိုင် က ကျွန်တော် နှင့် လောင်းဖို့ လာ ခေါ်သည် ။ ကျွန်တော် လိုက်သွားပါသည် ။ တကယ်တော့ ဖိုင့်အ တွက် ဒီကိစ္စ ဟာ ဘဝ နှင့် ရင်းရတာမှန်း ပြီး မှ ကျွန်တော် သိတော့သည် ။ လူသိရှင် ကြား ကြေညာ လိုက်သည့် သဘော ဖြစ်၏ ။ ဒီ အလုပ်မျိုး ကို တကယ် ယူမည့် သမီးရည်းစားတွေ သာ လုပ်လေ့လုပ်ထ ရှိကြသည် ။
တကယ်တမ်း ပြောကြကြေး ဆိုရင် ဖိုင် နဲ့ ကျွန်တော် ချစ်တင်းနှော တာမျိုး မရှိသေးပါ ။ နားလည်နေ ကြသည့် အဆင့်သာ ရှိပါသေးသည် ။ နယ် လုသည့် ကိစ္စ မှာ လည်း ပိုလို့ တင်းမာ နေကြပါတယ် ။ သူ နဲ့ ကျွန်တော် မလွန်ကျူးမိကြသေးပါ ။ ချစ်တယ် ၊ ကြိုက်တယ် ၊ ဘာဘာညာညာတွေ တော့ ပြောဖို့ မလိုကြတာ မို့ မပြောကြပါ ဘူး ။ ဒါတွေ ပြောဖို့ လ ည်း မလိုဘူး ထင်လို့ပါ ။ တစ်နေ့ ကို အကြိမ် နှစ်ဆယ်လောက် ဆုံနေကြတာ မဟုတ်လား ။ သမီးရည်းစား ဆိုတာ ဒီလို နီးနီးကပ်ကပ် တွေ့နေ မြင်နေရရင် ချစ်ကြောင်း ၊ ကြိုက်ကြောင်း ပြောနေမယ် မထင်ပါ ။ အရွယ် တွေ ကလည်း ဆယ့်လေးငါးခြောက်နှစ် မဟုတ်ကြ ။ ပြီးတော့ လက်လုပ် လက်စားတွေ မဟုတ်လား ။ နောက်တစ်ကြောင်း က အသိုင်းအဝိုင်း တို့ ပတ်ဝန်းကျင် တို့ ဝင် ပါ မလာတော့ သူ နဲ့ ကျွန်တော် ကြားမှာ ပဋိပက္ခ ဆိုတာ နယ် လုသည့် ပြဿနာ သာ ရှိသည် ။ သူ့ ဘဝ ထဲ ကျွန်တော် မဝင်နိုင် သလို ကျွန်တော့် ဘဝ ထဲ သူ မလာနိုင်ပါ ။ ကြားချ လို့ မရတဲ့ ကိစ္စကြီး ဖြစ်နေသည် ။ သွားကြ ။ လာကြသည့် အခါ မှာ တော့ နယ်လုပွဲ ကို နှစ်ယောက်စလုံး မေ့ ထားလိုက်ကြသည် ။ ဒီလိုနှင့် ပင် တစ်နှစ်ခွဲ လောက် တွဲခဲ့ကြသည် ။
နောက်တော့ ။
▣ မာန် ( တောင်လုံးပြန် )
📖 လန်းဖိုင်စာသိုက်
No comments:
Post a Comment