❝ မဂဓစကား ❞
( ဝင်းဖေ )
ကျုပ် ပြဿနာ က မလွယ်ဘူး ။
လူတွေ အကြောင်း ကောင်းကောင်း သိနေတယ် ။
ဒါက အဆန်းတော့ မဟုတ်ပါဘူး ။ လူတွေ ထဲ မှာ နေနေမှတော့ လူတွေ အကြောင်းက မသိချင်လို့ မှ မရဘဲ ။ ဘာမှ အားထုတ် နေစရာတောင် မလိုဘူး ။ သူတို့ လုပ်တာ ကိုင်တာ ကို မြင်နေရတာပဲ ။ သိတာပေါ့ ။ မသိ ချင်လို့ လည်း မရဘူးလေ ။ ကြာတော့ သူတို့ စိတ်တွေ အကြောင်း တောင် သိလာတယ် ။
ကျုပ် က ကျေးဇူး ကန်းတာ မဟုတ်ပါဘူး ။
သူတို့ ကျေးဇူး မရှိဘူး မဟုတ်ဘူး ၊ ရှိပါတယ် ။ အများကြီး ရှိတာပဲ ။ ကျုပ် သိတာပေါ့ ။ အဲဒါလည်း ကျုပ် အတွက် ပြဿနာပဲ ။ တစ်ခါတလေ သူတို့ နဲ့ ပြတ်ချင်ချင် တောင် ရှိလာတယ် ။ ကျုပ် ပြောတဲ့ သူတို့ ကျေးဇူး ဆိုတာမျိုးတွေ ၊ ဘာတွေ က ရှုပ်ရှုပ် လာတယ် ။
ဘာပြုလို့လဲ … သိလား ။
သူတို့ က ကျုပ် အကြောင်း ကို မသိကြလို့ပဲ ။
သူတို့ ကိုယ် သူတို့ ကျုပ် အကြောင်း ကို သိလှပြီ ထင်နေကြတာလေ ။ တော်တော် ရယ်စရာ ကောင်းတယ် ။ ကျုပ် နဲ့ ပတ်သက်ပြီး ပြောလိုက်ကြတာ ဘာတွေမှန်း လည်း မသိဘူး ။ မဟုတ်တာတွေ များပါတယ် ။ သူတို့ က သူတို့ ကိုယ် သူတို့ သိပ်အထင် ကြီး နေကြတာဗျ ။ အဲသည်မှာ ကန်းတာပဲ ။ ကျုပ် က တစ်ခါတလေ တော့ သူတို့ ကို ကူညီချင်ပါတယ် ။ ဒါပေမဲ့ သူတို့ ကသာ ကျုပ် ကို ပြောချင်ရာတွေ လျှောက် ပြောနေကြတာ ။ ကျုပ် က သူတို့ ကို ပြန် ပြောချင်လို့ ဖြစ်တာမှ မဟုတ်ဘဲ ။ ကျုပ် ပြောလည်း အလကား ပါပဲ ။ ကျုပ် ပြောသလိုပါပဲ ။ ကျုပ် ပြောတာကို သူတို့ က နားမှ မလည်ဘဲ ။
အဲသည်မှာ လည်း ခဏခဏ ပြဿနာ ပေါ်တာပဲ ။ သူတို့ဟာ က မထင် မထင် သလို လုပ်ကြတဲ့ဟာ ။ နေရာ ပေးလို့ ယူမိပြန် ရင်လည်း တစ်မျိုး ၊ ကျွေးတိုင်း စားလို့လည်း မဖြစ် ။ တစ်ခါတလေ ဘာမပြော ညာ မပြောနဲ့ တီးပစ်တာဗျ ။ ပိတ်ကန်တာရော ၊ လှိမ့်ရိုက်တာရော ၊ မလွယ်ဘူး နော ။ သ,တ်ပစ်မယ် လို့ လည်း ခဏခဏ ကြိမ်းတယ် ။
အဲတော့ ကျုပ် က စိတ်ညစ်တယ် ။ သူတို့ စိတ် က မှန်တာ မဟုတ်ဘူး ။ ချစ်ချင် လည်း သူတို့ ။ မုန်းချင် လည်း သူတို့ပဲ ။
ကျုပ် နေတဲ့ အိမ် နဲ့ နှစ်အိမ် ပဲ ခြားတယ် ။ အဲသည်မှာ ကျောင်းဆရာမ အပျိုကြီး တစ်ယောက် ရှိတယ် ။ အတော် ချောတယ် ။ ကျက်သရေ ရှိတယ် ။ ဘာညာပေါ့ဗျာ ။ သူတို့ ကတော့ ပြောကြတယ် ။ ကျုပ် မျက်စိ ထဲ မှာတော့ ဘာကြီးမှန်း မသိပါဘူး ။ ဒေါင်လိုက်ကြီး ။
အဲ ... သူ က ကျုပ် ကို သိပ်ချစ်တာတဲ့ ။ ကျုပ် ကို မြင်ရင် သူ ဟန် မဆောင်နိုင်ဘူး ။ ဣန္ဒြေ လည်း မရတော့ဘူး ။ ကျုပ် ကတော့ သိနေတယ်လေ ။ တွေ့တွေ့ ချင်းတော့ ဘယ်ဟုတ်မလဲ ။ ကြာတော့ သိလာတာ ပြောတာပါ ။ သည် အပျိုကြီး နဲ့ တွေ့ ရင် နောက်ပိုင်းမှာ ကျုပ် က မှင်သတ်ထားတာပဲ ။ အဲလိုလုပ်လေ သူ့ မှာ ဆွေ့ ဆွေ့ခုန်လေပဲ ။
နောက်ပိုင်းကျဟော့ အပျိုကြီး က သိပ် ကဲလာတယ် ။ ကျုပ် ကို မှ မတွေ့လိုက်နဲ့ တစ်ခါတည်း သူ့ အိမ် အပါ ခေါ်သွားတော့တာပဲ ။
စားတာတော့ စားရတယ်ဗျို့ ။ ကျွေးတာ မှ အမျိုးမျိုးပဲ ။ ရေခဲမုန့် တောင် ချကျွေးသေးတယ် ။ ကဲ စဉ်းစားသာ ကြည့်တော့ ။ ကျုပ် က ရေခဲမုန့် မှ မကြိုက်ဘဲ ။ သူ သိဖို့ ကောင်းတာပေါ့ ။ သိတော့ သိမှာပေါ့လေ ။ ဒါပေမဲ့ သူ က ရေခဲမုန့် သိပ် ကြိုက်တာဗျ ။ သည်တော့ ကျုပ် ကြိုက်တာ မကြိုက်တာ မသိတော့ဘူး ။ ဇွတ်ချ ကျွေးတော့တာပဲ ။ သူ က ကျုပ် ကို သိပ် ချစ်နေတာ မဟုတ်လား ။
ကျုပ် က မစားချင်လို့ အင်တင်တင် လုပ်နေတော့ အပျိုကြီး က ရေခဲမုန့် ဆိုတာ ဘယ်လောက် ကောင်းကြောင်း ၊ အဆင့်အတန်း မြင့်ကြောင်း ၊ ဈေးကြီးကြောင်း ဘာညာပေါ့ဗျာ ။ တတွတ်တွတ် လျှောက် ပြောတယ် ။ သူ့ စေတနာတွေ ၊ မေတ္တာတွေ အကြောင်းလည်း ပါရဲ့ ။ ကြာ တော့ နားကြားပြင်း ကတ်လာတယ် ။
ကျုပ် ကို ချစ်လို့ ယုယုယယ ရှိတာ ကို တော့ ကျုပ် က ကြိုက်ပါတယ် ။ ကျုပ် ကို တအားကြီး ဖက်ဖက် ထားတာတော့ မကြိုက်ဘူးဗျာ ။ အပျိုကြီး က သနပ်ခါး ကောင်းကောင်းတို့ ၊ ရေမွှေး ပေါင်ဒါ ကောင်းကောင်း ဆိုတာမျိုးတွေ ကို သိပ်ကြိုက်တာ ။ ကျုပ် အတွက် ကတော့ နံတယ် ။ ကျုပ် မကြိုက်ဘူး ။ အပျိုကြီး ရင်ခွင် ထဲမှာ ကြာကြာ မနေနိုင်ဘူး ။ ကျုပ် သိပ် စိတ်ညစ်တယ် ။
အပျိုကြီးအိမ် ကို လိုက်လိုက်သွားရတာ နဲ့ ပတ်သက်လို့ စိတ်ညစ်စရာ အကောင်းဆုံး က ဘာလဲ ဆိုတော့ သူ့အိမ် မှာ ‘ ရမ်ဘို ’ ဆိုတဲ့ နာမည် နဲ့ ကောင် တစ်ကောင် ရှိတယ် ။ သည်ကောင် က ခပ်မည်းမည်း ခပ်တောင့်တောင့် ကောင်တစ်ကောင် ပါပဲ ။ တစ်နေ့လုံး ကြည့် လို့မှ ခြောက်ပြား မတန် တဲ့ ရုပ်မျိုးနဲ့လေ ။ ကျုပ် နဲ့ ကတော့ နည်းနည်း မှ မျက်နှာကြော မတည့်ဘူး ။
အဲ ... အဲသည်ကောင် ကို လည်း အပျိုကြီး က သိပ်ချစ်တာတဲ့ ။ စဉ်းစားကြည့်လေ ။ ‘ ရမ်ဘို ’ ကို လည်း ချစ်တယ် ။ ကျုပ် ကို လည်း ချစ်တယ် ဆိုတော့ ‘ ရမ်ဘို ’ က ကျုပ် ကို ဘာထင်မလဲ ။ ကျုပ် ကကော သူ့ ကို ဘယ်လို မြင်မလဲ ။
အပျိုကြီး က သိပ် တုံးတယ် ။ ဘယ်လိုမှ အဓိပ္ပာယ် မရှိတဲ့ ကိစ္စ တစ်ခု ကို တစ်ခါက လုပ်ဖူးတယ် ။ အဲသည် ‘ ရမ်ဘို ’ ဆိုတဲ့ ကောင် နဲ့ ကျုပ် ကို ဇွတ် မိတ်ဆက် ပေးတယ် ။ ဘယ်လောက် ဉာဏ်မရှိတဲ့ မိန်းမ လဲ ။
ဘာပြော ကောင်းမလဲ ။ ကျုပ် က လက်မြန် ခြေမြန် နဲ့ တီးထည့်လိုက် တယ် ။ ‘ ရမ်ဘို ’ ကလည်း ပြန် တီးတာပါပဲ ။ သူ လည်း သွေးသံ နဲ့ရဲရဲ ။ ကျုပ် လည်း ညာဘက်လက် တော်တော် အီသွားတယ် ။
ကျုပ် နဲ့ ‘ ရမ်ဘို ’ ကြား မှာ အပျိုကြီး လည်း တော်တော် ပျာ သွားတယ် ။ ကျုပ် ကတော့ အဲသည်မှာ ကြာကြာ မနေပါဘူး ။ ကျုပ် အိမ် ကျုပ် ပြန်လစ်ခဲ့တာပေါ့ ။
လူတွေ လုပ်ကြကိုင်ကြ ၊ ရှာကြဖွေကြ ၊ ရုန်းကန် နေကြတာတွေကို ကျုပ် မြင်နေရတာပဲ ။ အတင်း ၊ အဖျင်း ၊ အကြွား ၊ အဝါ ၊ အလိမ် ၊ အညာ တွေလည်း မကြားချင် အဆုံး ကြားနေရတာပဲ ။ ဒေါသထွက်ကြ ၊ သောက ဖြစ်ကြ ၊ ချစ်ကြ မုန်းကြ ဆိုတာမျိုးတွေ လည်း ကျုပ် ရှေ့မှာ တင် လုပ် နေကြတာပဲ ။ ကျုပ် ကို သူတို့ က ဂရုမှ မစိုက်ကြဘဲ ။ ကျုပ် မြင်တော့ ကော ဘာ အရေးလဲ ။ ကျုပ် သိတော့ ကော ဘာတတ်နိုင်မှာလဲ ။ ကျုပ် ကြားတော့ ကော ဘာလုပ်နိုင်လို့လဲ ။ ဟုတ်တယ်လေ ။ ကျုပ်ကလည်း ဘာမှ မတတ် နိုင်ပါဘူး ။ စိတ် လည်း မဝင်စားပါဘူး ။
ခက်တာက ကျုပ် ကို ချစ်တဲ့လူတွေ ရှိ သလို မုန်းတဲ့ လူတွေ လည်း ရှိနေတယ်ဗျ ။ အဲသည် ကိစ္စ ကတော့ အတော် မလွယ်ဘူး ။ ကျုပ်မှာ အန္တရာယ် တော်တော် များတယ် ။ အမြဲ သတိ နဲ့ နေနေရတယ် ။
လူအများစု ကတော့ ကျုပ် ဟာ ဘာမှ အသုံးမကျတဲ့ အကြောင်း ၊ ဘာမှ အကျိုးမပြုတဲ့ အကြောင်း ၊ သာယာစီးသာ ဖြစ်တဲ့ အကြောင်း ၊ သစ္စာ ဆိုတာ ကို နားမလည်တဲ့ အကြောင်း ၊ ဘာတွေမှန်း မသိပါဘူးဗျာ ။ မှတ်ချက် အမျိုးမျိုး ချကြတယ် ။ ကျုပ် ပြောတယ် မဟုတ်လား ၊ သူတို့ က ချစ်ချင် လည်း သူတို့ ၊ မုန်းချင် လည်း သူတို့ပါပဲ လို့ဆို ။
ဘာတွေလဲဗျ ။ အကျိုးပြုတာတို့ ၊ သစ္စာတို့ ၊ သာယာစီးတို့ ဆိုတာ တွေ ကျုပ် နဲ့ ဘာဆိုင်လဲ ။ ကျုပ် မှ နားမလည်ဘဲ ။
လူတွေ ထဲ မှာ လည်း ကျုပ် လို ဟာတွေ အများကြီးပါ ။ ဒါလည်း သူတို့ မသိ မဟုတ်ပါဘူး ၊ သိနေကြတာပဲဟာ ။
တစ်လောဆီ ကတော့ လူတွေ အကြောင်း ကို ပို သိလာတယ် ။ လူတွေ ဟာ ကျုပ် အကြောင်း တော်တော် ကို နားမလည်ကြတာပါလား ။
ကျုပ်တို့ နဲ့ ခြောက်အိမ် ကြားလောက် မှာ ဝါဝါ နေတယ် ။ ဝါဝါ ကို ကျုပ် စ တွေ့ တော့ သူ က ဒန့်သလွန်ပင် ပေါ် မှာပေါ့ ။ အပင် က အတော် လေး မြင့်တယ် ။ ကျုပ် က ဒန့်သလွန်ပင် အောက် က ဖြတ် အသွား ၊ သူ့ ကို မော့ကြည့်ရတာ ။ နေရောင်ခြည် ဖျော့ဖျော့လေး နောက်ခံနဲ့ ဝါဝါ ဟာ သိပ် လှနေတယ် ။ ဝါဝါ က ကျုပ် ကို မြင်သွားပြီး ငုံ့ ကြည့်လိုက်တော့ ပြာသို လရဲ့ လေနုအေးလေး မှာ သင်းပျံ့ပျံ့ ရနံ့ တစ်ခု ဝေ့ခနဲ ပါလာတယ် ။
အဲဒါ ကျုပ် ရဲ့ ကဗျာပဲ ။
လူတွေ ကတော့ ဝိုးတိုးဝါးတား ပဲ နားလည်မှာပါ ။
အဲသည်နေ့ က စပြီး ဝါဝါ တို့ အိမ် ကို ကျုပ် ညတိုင်း ရောက်တယ် ။ ကျုပ် ရတတ်သမျှ သီချင်းတွေ ကို အကုန်ဆိုတာပဲ ။ အဲ ... အချစ်သီချင်း တွေပေါ့လေ ။ ဝါဝါကလည်း သူ့ ဟာ သူ ညည်းတာ လိုလို ဘာလိုလို နဲ့ သီချင်းသံ ပြန် ပေးပါတယ် ။
ဘာမှ မကြာလိုက်ဘူး ၊ ကျုပ်တို့ နှစ်ယောက် ချိန်းချိန်း တွေ့ နိုင်တဲ့ အဆင့် ရောက်လာတယ် ။ သီချင်းတွေလည်း သံပြိုင် ဆိုမိကြတယ် ။ သိပ် သာယာကြည်နူးစရာ ကောင်းတဲ့ အချိန်တွေပေါ့ ။
‘ အချစ်စစ် အချစ်မှန်တို့ မည်သည် ဖြောင့်ဖြူးရိုး မရှိတဲ့ ၊ ဆူးငြောင့် ခလုတ်တို့ဖြင့် ပြီး၏ ’ တဲ့ ။ ဘယ်သူက ဘယ်တုန်းက ပြောတဲ့ စကားလည်း တော့ မပြောတတ်ဘူး ။ တော်တော် တုံးတယ် ။ ဘာ အဓိပ္ပာယ် မှန်းလည်း မသိပါဘူး ။ အချစ်စစ် အချစ်မှန် ဖြစ်အောင် ဆူးငြောင့် ခလုတ်တွေ ရှာပြီး နင်းရမလို ၊ ချစ်ခရီး က ဖြောင့်နေပြန်ရင်လည်း ဇွတ် ကွေးကောက်ပစ်ရ မလို …. သူ့ ဟာ က ဘာလဲဗျာ ။
ထားပါ ။ ဘာပဲပြောပြော ကျုပ်တို့ အချစ်ခရီး ကလည်း အချစ်စစ် အချစ်မှန် တော့ ဖြစ်ဟန် တူတယ်ဗျ ။ ဝါဝါ ကို အသေအလဲ ကြိုက်ပါတယ် ဆိုတဲ့ ကျုပ် လိုကောင် တစ်ကောင် ဘယ်ကဘယ်လို ပေါက်လာ မှန်း မသိ ဘူး ၊ ရောက်လာတယ် ၊ ဗီလိန်ပေါ့ဗျာ ။ သူ့ နာမည် က ‘ ဖိုးကြား ’ တဲ့ ။
ကျုပ် အကြောင်းလည်း သိတယ် မဟုတ်လား ။ ‘ ရမ်ဘို ’ လို ကောင် တောင် ယှဉ်ချခဲ့သေးတာပဲ ၊ ဘာရမလဲ ။ အဲသည် ဖိုးကြား ကို လည်း ဘယ် ချမ်းသာပေးလိမ့်မလဲ ။
ဝါဝါ့ ဆီ ကို ကျုပ် ရော ၊ ဖိုးကြား ရော ညတိုင်း ရောက်တာပဲ ။ ဆော်ပလော် တီးပွဲ ကလည်း ညတိုင်းပဲ ။
အဲသည်မှာ လူတွေ တုံးကြောင်း တစ်ကွက် သိလိုက်ရတယ် ။
ဝါဝါ နဲ့ ကျုပ် နဲ့ ချစ်တေးသီတဲ့ အသံ ။
ဝါဝါ နဲ့ ဖိုးကြား ဘောက်ကျကြတဲ့ အသံ ။
ဖိုးကြား နဲ့ ကျုပ် နဲ့ ချဲတဲ့အသံ ။
သည် အသံ သုံးမျိုး ကို လူတွေဟာ မခွဲခြားနိုင်ကြဘူးဗျ ၊ တွေ့ တယ် မဟုတ်လား ၊ ဘယ်လောက် တုံးကြသလဲ ။ ကျုပ် တော့ အံ့ရော ။
ဝါဝါ့ ကို လည်း ဆူကြ ဆဲကြတယ် ။
ကျုပ် ကို လည်း ဂြိုဟ်ကျကြတယ် ။
ဖိုးကြား ကို လည်း လိုက် ရိုက်ကြတယ် ။
ကျုပ် နဲ့ ဖိုးကြား ရန်ဖြစ်ကြလို့ ဆူကြဆဲကြ ၊ အော်ကြ ဟစ်ကြ တာကို လက်မခံဘူး ၊ မကြိုက်ဘူး ဆိုရင် ထားပါတော့ ၊ ဒါက တရားတယ်လေ ။
ပြီးတော့ ဖိုးကြား ကို ဝါဝါ က မကြည်လို့ ဘောက်ပြောတယ် ၊ ဇွတ် ငြင်းတယ် ၊ ကလော်တုတ်တယ် ၊ ဖိုးကြားကလည်း အလိုက်ကမ်းဆိုး မသိ ပြန်ဆဲတယ် ။ အဲ ... အဲ ... အဲဒါလည်း ကျက်သရေ မရှိဘူး ။ ဒါလည်း လူတွေ အနေနဲ့ နားကြားပြင်း ကတ်တယ် ဆိုရင် ဒါ တရားတယ် ။ ချပေါ့ ၊ ဆော်ပေါ့ ၊ ဟုတ်တယ်လေ ၊ ကျုပ် နားလည်လို့ ရတယ် ။
ဒါပေမဲ့ ကျုပ် နဲ့ ဝါဝါ နဲ့ ချစ်တေးတွေ သီကြတယ်ဗျာ ၊ ကဗျာနု လေးတွေ ရွတ်ကြတယ်ဗျာ ၊ သံပြိုင် ဟစ်ကြွေးကြတယ်ဗျာ ၊ ချော့ဟယ် ၊ မြူဟယ် ၊ ပြေးဟယ် ၊ လိုက်ဟယ်နဲ့ ပျော်ကြတယ်ဗျာ ။
ဒါတွေကတော့ အသိသာကြီးပါဗျာ ။ အလွန် သာယာတဲ့ သံစဉ် တွေပါ ။ ငြိမ့်ညောင်းတဲ့ စည်းဝါးတွေပါ ။ သိပ်လှပတဲ့ အဖွဲ့အနွဲ့တွေပါ ။ သူတို့ သိဖို့ကောင်းတာပေါ့ ။
ခုတော့ မဟုတ်ဘူးဗျ ။ ကျုပ် နဲ့ ဝါဝါ ရဲ့ ချစ်တေး သီဆိုကြတာ ကို လည်း ပြင်းပြင်းထန်ထန် ပဲ ဖြတ်တောက် နှောင့်ယှက်ကြတယ် ၊ ရန်လုပ် ကြတယ် ၊ ကျိန်ဆဲကြတယ်ဗျာ ။
ဪ .. လောကကြီး မှာ ချစ်ရ ခင်ရ ကြင်နာရတာလည်း မလွယ်ပါလား ။ အေးလေ အချစ်စစ် အချစ်မှန် ဆိုတာ ဒါပဲပေါ့ ။ ပညာရှိ များက တယ် လာဘ်မြင်ခဲ့ကြတာပဲ ။
ပြာသိုလ ရဲ့ လေနုအေးလေးတွေ ထဲ က သင်းပျံ့တဲ့ ရနံ့လေးတွေ လည်း ပျောက်သွားရော ၊ ဝါဝါ ဗိုက်ကြီးတော့တာပဲ ။
ဝါဝါ က ကျုပ် ကို ရှက်ပြုံးကလေး နဲ့ အနား ကပ်ပြီး တိုးတိုးကလေး ပြောစရာ မလိုပါဘူး ။
ကျုပ် က လည်း “ ဒီမယ် မိဝါ ၊ ဒီကိစ္စ မှာ ဖိုးကြား နဲ့ ရော ကင်းရဲ့လား ” လို့ စစ်နေ မေးနေ မလုပ်ပါဘူး ။
ပြာသိုလဆုတ် ဆယ့်လေးရက်နေ့ မှာ မှတ်မှတ်ရရပါပဲ ။ အပျိုကြီး အိမ် က ‘ ရမ်ဘို ’ ကားအက်ဆီးဒင့် ဖြစ်လို့တဲ့ ၊ သေပါလေရော ။ အပျိုကြီး က ငိုလိုက်တာတဲ့လေ ။ အဲသည်နောက် ဆယ်ရက် လောက် ထမင်း ကောင်းကောင်း မစားနိုင်ဘူးတဲ့ ။
နောက်တော့ ကျုပ် လည်း အပျိုကြီး အိမ် ပြောင်းနေရတော့တာပဲ ။ အပျိုကြီး က အလွန် သန့်သန့်ပြန့်ပြန့် နေတတ်တယ် ။ ကျုပ် ဆိုတဲ့ကောင် က စည်းကမ်း သိပ်ရှိတာ မဟုတ်ဘူး ။ ကိုယ်လက် သန့်စင်တာ က အစ နေရာ ရွေးနေတာ မဟုတ်ဘူး ။ စားတာ သောက်တာ လည်း မသေသပ်ဘူး ။ အဲသည်တော့ အပျိုကြီး ခမျာ မှာ ကျုပ်ကြောင့် သိမ်းရ ဆည်းရ ၊ လှည်းရ ကျင်းရ နဲ့ အတော် ပင်ပန်းရှာပါတယ် ။ အဲဒါနဲ့ ပတ်သက်ပြီး ကျုပ်တို့ ရပ်ကွက် က လူငယ်လေးတွေ ပြောသံ ကြားရတယ် ။ လင်ဆိုးမယား တဖားဖား တဲ့ ။ အဲဒါ ဘာလဲဗျ ။ သူတို့ကတော့ ပြောပြောပြီး ရယ်ကြတယ် ။ ဘာများ ရယ်ရလို့တုံး ။
ဖိုးကြား ကတော့ လမ်းကြို လမ်းကြား တွေ ထဲ လျှောက်သွားရင်း ကလေရိုက် နေတယ် ကြားတာပဲ ။ တစ်ခါတလေ တော့ သူ့ ကို ဟိုနား သည် နား တွေ့ ပါသေးတယ် ။ ဒါပေမဲ့ ဝါဝါ နဲ့ ပတ်သက်လာရင် သာ ကျုပ်က သူ နဲ့ ရှားစောင်းစေး နဲ့မျက်ချေး ဖြစ်ကြရတာပါ ။ ခုတော့ သူ ရော ကျုပ် ရော ခပ်တည်တည်ပါပဲ ။
ဘာရှိမှာလဲ လပိုင်းပဲ ကြာလိုက်တယ် ။ ဝါဝါ မျက်နှာ မြင်တယ် လို့ သိရတာပဲ ။ အမြွှာ မွေးသတဲ့ ။
ကျုပ် ကြည့်ချင် လိုက်တာလေ ။ သေချာပါပြီ ကျုပ် သွေး မှ ကျုပ် သွေး အစစ်ပါပဲ ။ ကြည့်လေ ကျုပ် သွေးလေးတွေ မို့ ကျုပ် ကြည့်ချင်စိတ်တွေ တဖွားဖွား ဖြစ်ရတာပေါ့ ၊ ဟုတ်ဖူးလား ။
ဝါဝါတို့ အိမ် မှာလည်း လူတွေက ကဲ နေကြပြန်ပြီ ။ ဝါဝါ့ ကို လည်း မီးနေသည် ဆိုပြီး ဂရုစိုက် လိုက်ကြတာတဲ့ ။ အမြွှာလေးတွေ ကို လည်း သိပ် ချစ်ကြသတဲ့ ။ ဒါ သတင်းကောင်းပါပဲ ။ ကျုပ် က လည်း ဂုဏ်ယူရမှာပေါ့ ၊ မဟုတ်ဘူးလား ။ ဖအေ ကိုးဗျ ။
တစ်ညနေ မှာတော့ မနေနိုင်ဘူးဗျို့ ၊ ဝါဝါ တို့ အိမ် ကို ကျုပ် ဘယ်က ဘယ်လို ရောက်သွားမှန်း မသိဘူး ၊ ရောက် သွားတယ် ။ တစ်အိမ်လုံး က ဖူးဖူးမှုတ် ချစ်နေကြတဲ့ အမြွှာလေးတွေ ရဲ့ ဖအေ လေ ။ ကျုပ် က ရင်ကော့ ပြီး ဝင်သွားတာပေါ့ ။
ဟာ … သောက်ကျိုးနည်း လို့ ။ ကမ္ဘာပျက်တာ ကျနေတာပဲ ။ ကျုပ် ကို ဆဲဆို ၊ ကြိမ်းမောင်း ၊ ရန်လုပ် ၊ မောင်းထုတ် လိုက်ကြတာ ။ တစ်အိမ်လုံး ရူးသွား သလား အောက်မေ့ရတယ် ။
ကျုပ် မှာ ဘာမှ စဉ်းစားချိန် မရလိုက်ဘူး ၊ လစ်ရတာပေါ့ ။ ပြေးရတာမှ ရိုးရိုး မဟုတ်ပါဘူး ခင်ဗျာ ။ အသက် ကို လုပြေး ခဲ့ရတာပါ ။ တော်တော် ဝေးဝေး ရောက်လို့ အန္တရာယ် ကင်းလောက်ပြီ ဆိုမှ ပြန် စဉ်းစားကြည့်မိ တယ် ။
ဘယ်လို ဖြစ်ကြတာတုံး ။ ကိုယ့် ချစ်သူ ဆီ ကိုယ် လာတာ ၊ ကိုယ့် ရင်သွေးလေးတွေ ကို ကိုယ် တွေ့ ချင်လွန်းလို့ လာခဲ့တာ ကို ဘယ်လိုများ သဘောထားကြလို့လဲဗျ ။ ကျုပ် ဟာ ရန်လိုတဲ့ ဒေါသမျက်နှာ နဲ့ ဝင်သွား ခဲ့တာလည်း မဟုတ်ပါဘူး ။ ကြမ်းပိုး သူခိုး လို အမူအရာ လည်း မထားမိ ပါဘူး ။ ခိုးကြောင် ခိုးဝှက် ၊ ပျာယီးပျာယာ လည်း မဟုတ်ပါဘူး ။ ဘာလဲဗျာ ဘယ်လိုလဲ ဟိုကောင်မ မိဝါ ကလည်း မျက်နှာသေ နဲ့ ။ ကျုပ် က သူ့ လင် မဟုတ်ခဲ့သလိုပဲ ။ ကျုပ် ဦးနှောက် အခြောက်ဆုံး က ကျုပ် ကို စုန်း လိုလို ၊ ကဝေ လိုလို စွပ်စွဲလိုက်တဲ့ ကိစ္စပဲ ။
ကျုပ် မျိုးရိုး ထဲမှာ စုန်းတွေ ကဝေတွေ မရှိပါဘူး ။ ကျုပ် ရင်သွေးလေးတွေ ကို ကျုပ် က စားပစ်လိမ့်မယ် လို့ သူတို့ ထင် နေကြတယ် ။ ကျုပ် က ကလေးတွေ ရဲ့ ဖအေ ပါ ဗျာ ။ သူတို့ အဲဒါကို လည်း မသိကြဘူး ထင်တယ် ။
အေး တစ်ခုတော့ ရှိတယ် ။ ကျုပ်တို့ ထဲမှာ ဖိုးကြား လို အငတ် တွေ တော့ ရှိတယ် ။ မွေးစကလေးတွေ ကို စားပစ်တတ်တယ် ။ ဒါက ငတ်တာ သက်သက်ပါ ။
ခက်တယ်ဗျာ ။ လူတွေ က ကျုပ် ကို ဖိုးကြား လို ကောင်မျိုး ထဲ က မှတ်နေတယ် ။ ကျုပ် က လည်း လူတွေ အကြောင်း သိလွန်းလို့ ခက်နေတယ် ။
သည် လူတွေ ဘာမှ မသိတဲ့ အကြောင်း ကျုပ် က သိနေတယ် ။ တစ်ခုတော့ ရှိတယ် ။ ကျုပ် က လည်း ဘာမှ မသိသေးတဲ့ အကြောင်း ကျုပ် မသိတာလည်း ဖြစ်ကောင်း ဖြစ်မှာပေါ့လေ ။
⎕ ဝင်းဖေ
📖ဝတ္ထုတိုများ
No comments:
Post a Comment