❝ သရဖူ ဆောင်းမည့်ပန်း ❞
( မဦး )
ပဲ့ပြားရွှေကျူ လေယူရာ ယိမ်း နေကြသည့် လောက ထဲ မှာ လူသား ဆန်ဖို့ ကြိုးစား နေသော လူ တစ်ယောက် ကို ဖြင့် ကျွန်တော် ဘယ်သော အခါမှ မေ့ပျောက်၍ ရနိုင်တော့မည်မဟုတ်ပါ ။
အဲသည် လူ တစ်ယောက် ဆိုသူ က မိန်းကလေး တစ်ဦး ဖြစ်နေခဲ့ပြီး သူ့ အမည် က ဂီတကဗျာ ဆန်စွာ ‘ မြနန္ဒာ ’ ဟု ခေါ်ပါသည် ။
••••• ••••• •••••
မြနန္ဒာ နှင့် ကျွန်တော် တွေ့ကြပုံ ကို မပြောခင် ညနေချမ်းလွန် ချုပ်ညရီ ရောင်စုံမီးများ ပြိုးပြက် ဖျပ်လက် နေသော စားသောက်ဆိုင် တစ်ခု ၏ တေးဂီတ ဖျော်ဖြေရေး စင်မြင့် ပေါ်သို့ ကျွန်တော် ရောက်လာပုံ ကို အရင် ဦးစွာ ပြောလိုပါသည် ။
အဖေ့ ဝါသနာ အရ ကျွန်တော် တို့ ညီအစ်ကိုတွေ ဂီတ နှင့် နှီးနွယ်ပတ်သက်ခွင့် ရခဲ့ပြီး ပတ္တလား နှင့် စန္ဒရား တို့ ကို အတော်လေး ကျွမ်းကျင်စွာ တီးခတ်နိုင်ခဲ့ သည် ။ သည်လိုနှင့် ရန်ကုန် ကို ဆင်းလာပြီး ဌာန တစ်ခု မှာ ဝန်ထမ်း အဖြစ် ဝင်ရောက် လုပ်ကိုင်ရင်း အခွင့်အရေး ကို စောင့်နေသော ကျွန်တော့် အား သည် စားသောက်ဆိုင် က ‘ မြန်မာသံများ ’ တီးခတ် ပေးဖို့ အတွက် လာရောက် ဆက်သွယ် တော့ ရုတ်တရက် ကျွန်တော် ဝမ်းသာမိသေးသည် ။
တစ်ပြိုင်နက်တည်း မှာပင် အခြား စန္ဒရား ဆရာ တစ်ဦး ပြောခဲ့သည့် ‘ အရက်သမား ၊ အမူးသမားတွေ ကို ဖျော်ဖြေရတဲ့ ဘဝ ပါကွာ ’ ဆိုသော စကား ကို လည်း ပြန်အမှတ် ရ ရင်း တွန့်ဆုတ် တွေဝေ ၍ သွားပြန်၏ ။ ရှုတ်ထွေးပွေလီသည့် စုံတောမြိုင် ဟု နာမည်ကြီး နေသော သည် လောက ဝန်းကျင် က အညာ မှာ မွေး ၊ အညာ မှာ ပင် ကြီးပြင်းလာသူ ကျွန်တော့် အတွက်တော့ တကယ့် ဒေသစိမ်း ဖြစ်နေခဲ့သည်လေ ။
သို့သော်လည်း ရန်ကုန် လို နေရာမျိုး မှာ ၊ ရပ်တည်နိုင်ဖို့ ကိုယ် တတ်ကျွမ်း သော အနုပညာ ကို အရင်း ပြု၍ ငွေ ရှာခြင်း ကတော့ ယောက်ျား တစ်ယောက် အတွက် လုပ်သင့် လုပ်ထိုက် သော အလုပ် တစ်ခု ဟု သဘောထား ကာ ‘ စမ်းသပ်ကွင်း ’ ထဲသို့ ဆင်းဖြစ်ခဲ့တော့သည် ။ “ ကိုယ် ကောင်း ရင် ခေါင်း မရွေ့ဘူး ” ဟု မဲတင်းကာ ကိုယ့် အတွက် အလေ့အကျင့် လည်း ရ ၊ ဗဟုသုတ လည်း တိုး ၊ အတွေ့ အကြုံ လည်း စုံ ၊ အပို ဝင်ငွေ လည်း ရ ဟု အကောင်းဘက် မှ လှည့်တွေးရင်း “ ဂီတမှူး ” ဘဝ ကို ဝင်စားမိ လေတော့သည် ။
တကယ်လည်း အနုပညာစစ် မြတ်နိုး တန်ဖိုးထားသူများ သည် နယ်ပယ်မှာ ခဲခဲကတ်ကတ် ရှားပါးလှပါသည် ။ များသောအားဖြင့် က တော့ ငွေ ကို ဖြုန်းဖို့ က လွဲပြီး ဘာမှ နားမလည် သော လူတွေ ၏ စိတ်အပန်းဖြေခြင်း တစ်မျိုး အဖြစ် တွေ့ နေရသော အခါ “ အော် .. ငါ အငတ်ခံ ၊ အပင်ပန်းခံ ၊ အိပ်ရေးပျက်ခံပြီး ရှာဖွေလေ့လာ သင်ယူခဲ့ရတဲ့ ပညာ ကို ဒီလို နည်းနဲ့ အသုံးချ နေရတာ မှားများ မှားနေပြီလား ” ဟု မကြာခဏ တွေးမိသည် ။ တစ်ချီ တစ်ချီ ကြုံလိုက် ဆုံလိုက်ရသော ပုဂ္ဂိုလ် တချို့၏ မောက်မာသော အမူအရာ ၊ စော်ကားသော စကားတွေ က သည်းခံနိုင်စိတ် ကို အဆုံး အစွန် ထိ တွန်းပို့ကာ ဖြစ်ချင်ရာ ဖြစ် ထ, ထိုးမိတော့ မတတ် ဒေါသ ထွက်ခဲ့ ရဖူးသည် ။
နောက်တော့လည်း ကိုယ့် စိတ် ကို ကိုယ် ပြန် ဆုံးမ ကာ “ ဒါ အလုပ် လုပ် နေတာ ” ဆိုသည့် သတိ ကို နာနာ ပေးနေရင်း နေသားကျ ၍ လာပါတော့သည် ။
ကျားရဲ ပေါသည့် သားရဲတော ထဲညကို ဆင်းလာဝံ့သည့် မိန်းကလေး များ ကိုတော့ ကျွန်တော် အံ့ဩတကြီး ငေးမောရင်း အစပိုင်းမှာ သူတို့ နှင့် စကားပင် ရဲရဲ မပြောတတ် ၊ သည်တော့ သူတို့ က ကျွန်တော့် ကို ရယ်မောကြသည် ။ ပြီးတော့ သနားစရာလေး ဟု ကျီစယ်ကြ ပြန်သည် ။
တောင်ပံကျိုး နေသော ဆက်ရက်ပျိုမ များ နှင့် ခံတွင်းပျက် နေသော ကြောင်အို ကြောင်ဖား ၊ ကြောင်ပျို ၊ ကြောင်ထွားများ အချင်းချင်း အလွမ်းသင့် နေကြသည် ကို လည်း မကြည့်ချင် မြင်ပါလျက်သား မို့ ကြာတော့ ရိုး၍ပင် နေလေပြီ ။
သည် ဆိုင် မှာ ခေတ်ပေါ် စတီရီယို တီးဝိုင်း က မနားရ သလောက် တီးခတ်ကြရသည်မို့ ကျွန်တော် တာဝန် ယူရသည့် မြန်မာသံ မိုနိုတီးဝိုင်းကလေး ထက် ဝင်ငွေ ပိုကောင်း နေခြင်း က ဘာမှ ထူးဆန်းသော ကိစ္စ မဟုတ် သော်လည်း တချို့သော ပုဂ္ဂိုလ်တွေ က မြန်မာသံ မှ မြန်မာသံ တစူးစိုက်စိုက် အားပေးသည် ကတော့ ကျွန်တော့် အတွက် အားတက်စရာပါပင် ။ ဆိုင် မှ ပင်တိုင်အဆိုရှင် မိန်းကလေးများ မှာ လည်း မြန်မာသံ သံစဉ်များ ကို ဆိုနိုင်အောင် လေ့ကျင့် ထားကြရသေးရာ ဋ္ဌာန် ကရိုဏ်း ကျအောင် သင်ပြ တည့်မတ် ပေးရင်း ကျွန်တော့် မှာ လည်း သူတို့ ၏ ဆရာ ဖြစ်မှန်း မသိ ဖြစ်၍ လာတော့သည် ။
သူတို့ အားလုံး လိုလို ( လုပ်ငန်းသဘော အရ ဟုပဲ ဆိုကြပါစို့ ) ပြောင်လက် ၊ ဟိုက်ကျယ် ၊ တိုကပ် ၊ ကြပ်ထုပ် နေသော ဝတ်စားဆင်ယင်မှုများ နှင့် မို့ မျက်နှာချင်းဆိုင် စကား ပြောရင်း နှင့်ပင် ကျွန်တော့် မှာ မျက်နှာတွေ ပူရှိန်းပူရှိန်း ဖြစ်လာ သဖြင့် လိုရင်း တိုရှင်းသာ ပြောပြီး စကားစ, ဖြတ်ပစ် လိုက်မိသည် က များပါသည် ။ အရွယ်ချင်း ကလည်း လေးငါးခြောက်နှစ် လောက် သာ ကွာသည်မို့ မျက်နှာထား ခပ်တည်တည် ၊ စကားအပို မပြောမိအောင် သတိထား၍ နေမိသည် ။ သူတို့ ‘ ငါးမျှားချိတ် မှာ လာဟပ်သော ငါး ’ ဟု အထင် မခံနိုင်ပါ ။
••••• ••••• •••••
မိန်းကလေး ဘာဝ အတင်းအဖျင်း ပြော ၊ အသုံးအဖြုန်း ပြိုင် ၊ အနိုင်အထက် စကားရည် လု ၊ စောင်းမြောင်း ကော်ချိတ် နေကြသည့် အဖွဲ့ နှင့်အစေးမကပ် ၊ တွတ် မထိုးဘဲ ချောင် တစ်ချောင် မှာ စာအုပ် တစ်အုပ် နှင့် ခပ်ကုတ်ကုတ် ရှိနေ တတ်သော မိန်းကလေး တစ်ဦး ကို ကျွန်တော် သတိထားမိ သွားသည့် အချိန် မှာ သူ့ အမည် မြနန္ဒာ ရယ် လို့ မသိသေး ။
မိတ်ကပ်ပါးပါး အခြယ်အသ ၊ သင့်တင့်ရုံ အပြင်အဆင် ၊ လုံလုံခြုံခြုံ မြန်မာ ဝတ်စုံ နှင့် ဒူးကောက်ကွေး အထိ ရှည်လျားသော ဆံကေသာတို့ က သည် အုပ်စု ထဲ မှာ ထူးခြား နေသည် ။ စားသောက်ဆိုင် မှာ သီချင်းဆို နေသူ က “ တက္ကသိုလ်ဆရာမ ပုံ ” ဖမ်းနေသည် မှာ တမင် ‘ စတန့် ’ ထွင် တာလား ၊ ဘဝင် ကိုင် နေတာလား ။ သူတို့ အချင်းချင်း အတင်း ပြောကြသည့် စကား ထဲမှာ ‘ ဘဝင်ရူး ’ ဟူ၍ နာမည်ဝှက် မှည့်ခေါ် ပြောနေသံ ကို လည်း ကြားလိုက်ရသည် ။
ထို မိန်းကလေး ကား မြန်မာသံ သီချင်းများ ကို သာ တစိုက်မတ်မတ် သီဆိုလေ့ ရှိသူ ဖြစ်သည် ။ ‘ ရင်ထဲကအသံ ’ နှင့် အလေးအနက် သီဆိုတတ်မှန်း သိလိုက်ရ သော အခါ ကျွန်တော့် စိတ်ထဲ လေးစားချင်စိတ်ကလေး ဝင်၍ လာသည် ။ သူမ ကလည်း စိတ်တိုင်း မကျသေးသော ‘ ခြေဆင်းပိုဒ် ’ များ ကို အထပ်ထပ် လေ့ကျင့်၏ ။ မှားယွင်းချွတ်ချော် နေ၍ ကျွန်တော် က ပြောပြ လျှင် လည်း “ ဟုတ်ကဲ့ ဆရာ ” ဆိုပြီး တလေးတစား လိုက်နာ၏ ။
တခြား မိန်းကလေးတွေ ကို လည်း ကျွန်တော် သင်ပြ ပေးမိသည် ။ ဒါကိုပင် ‘ ဟင် ဒီလိုပဲ ဆိုတတ်တယ် ’ ဟု ခေါင်းမာမြဲ မာ နေတတ်သူများ အတွက် တော့ ကျွန်တော့် စိတ် ကိုသာ လျှော့ပစ် လိုက်ရသည် ။ ဒါ အဆိုသင်တန်း မဟုတ် ၊ ပညာ မလို ချင်သူများ ကို ဘာမှ စိတ်ပင်ပန်း ခံပြီး ပေးဝေနေစရာ မလို ဟု သဘော ထားရတော့သည် ။
အားလပ်ချိန် နားနေခန်း ထဲမှာ ထောင့် တစ်ထောင့် စီ ၌ နေရာယူ ထားသူ နှစ်ယောက် ကတော့ စီးကရက်တွေ တစ်လိပ် ပြီး တစ်လိပ်သောက် နေသော ကျွန်တော် နှင့် စာအုပ် တစ်အုပ် ကို သဲကြီးမဲကြီး ဖတ် နေသော မြနန္ဒာ တို့ ပဲ ဖြစ်လေသည် ။
သို့သော်လည်း နောက်ပိုင်း ရင်းနှီးလာကြတော့ မြနန္ဒာ က ဖတ်လက်စ စာအုပ် ကို လက်ညှိုးလေးခံ ပိတ်ပြီး ကျွန်တော့် ကို စကား ပြောလာ တတ်ပါသည် ။
“ ဆရာ ... စန္ဒရား တီးတာ ဒီ ဆိုင် က ဦးဆုံးပဲလား ”
“ အေး ... ဘာဖြစ်လို့လဲ ”
“ အော် ... ဆရာ့ ပုံစံ က အရင် လူတွေ နဲ့ မတူဘဲ ထူးခြားနေလို့ပါ ”
“ ဟေ .. ဟုတ်လား ”
“ စီးကရက်တွေ ချည်း ဖိသောက် နေတာပဲ ၊ ဆရာ က အတွေးသမား ထင်တယ် ”
“ တွေးတယ်ရယ် လည်း မဟုတ်ပါဘူးကွာ ၊ ဒါနဲ့ ညည်း ရော ... ဒီမှာ ဆို ဖြစ်တာ ကြာပြီလား ၊ ဒါ ဦးဆုံးဆိုင်ပဲလား ”
“ မဟုတ်ဘူး ... အရင်က တခြား ဆိုင် တစ်ဆိုင် မှာ ဆိုသေးတယ် ၊ ဆိုင်ရှင် က အိတ် ထဲ ထည့်ချင်တာနဲ့ ပြောင်းလာတာ ၊ ခု ဒီ ဆိုင် မှာတော့ တစ်နှစ် နီးပါး ရှိသွားပြီ ”
“ အော် ... အိတ် ထဲ ထည့်မခံနိုင်ဘူး ဆိုပါတော့ ”
“ ဘာလဲ ဆရာ က သမီး ပြောတာကို မယုံဘူးလား ၊ ဒီအနေအထား ကို တချို့က အခွင့်အရေး လို့ ထင်မှတ်ကြတယ် ၊ ကိုယ့် သိက္ခာ ကို ငွေကြေး နဲ့ စည်းစိမ် နဲ့ လဲလှယ် ယူပစ်ကြတာပဲ ၊ ဒါကြောင့်လည်း စားသောက်ဆိုင် မှာ သီချင်း ဆိုတယ် ဆိုတာ နဲ့ လူတွေ က အပျက်အစီး စာရင်း သွင်း ပစ်လိုက်ကြတာပေါ့ ။ တကယ်တော့ ဆရာရယ် ... သိက္ခာ ရှိတဲ့ မိန်းကလေး ဟာ ဘယ်လောက်ပဲ ဆင်းရဲဆင်းရဲ သူ့ သိက္ခာ ကို အပွန်းအပဲ့ မခံပါဘူး ။ ကျိကျိတက် ချမ်းသာတဲ့ လူတန်းစား ထဲ မှာလည်း ဣန္ဒြေမဲ့ တဲ့ သိက္ခာမဲ့ တဲ့ မိန်းကလေးတွေ ရှိနိုင်တာပဲ ၊ အဲဒါကို ဆရာ လက်ခံသလား ”
သူမ မေးခွန်း ကို ခေါင်းညိတ် အဖြေ ပေးရင်း သည်မျှ ရင့်ကျက်သည့် အတွေးအခေါ် ကို သူမ ဖတ်နေသည့် စာအုပ်တွေ ထဲက ထုတ်နှုတ် ရရှိခဲ့တာ ဖြစ်ရမည် ဟု တွေးလိုက်မိသည် ။
“ ဒါဖြင့် ညည်း က ဒီမှာ လုပ်ရတာ မပျော်ဘူးပေါ့ ”
သူမ က မဲ့ပြုံး ပြုံးရင်း ခေါင်း ခါယမ်း ပြသည် ။
“ ဘယ် ... ဆရာရယ် ၊ စားဝတ်နေရေး ကြောင့် သာပေါ့ ။ သမီး မှာ မောင်လေး ညီမလေးတွေ လေးယောက် ရှိသေးတယ် ။ အဖေ က တခြား မှာ အမေ က နှလုံးရောဂါသည် ၊ ဒါပေမယ့် နယ် မှာ ဈေးရောင်း နေရတုန်း ၊ သမီး က အိမ် ကိုစရိတ် ပြန် ထောက်ရတယ် ။ မနက်ပိုင်း ဆို စတိုးဆိုင် မှာ အရောင်းစာရေးမ ဝင်လုပ် ၊ ဆိုင် သိမ်း တာနဲ့ အဆောင်ပြန် ပြေး ၊ ကမန်းကတန်း ရေချိုး ပြီး ဒီကို မာရသွန် ပြေးလာရတာ ။ စာ ကလည်း ဖတ်ချင်သေး တော့ ကိုယ့် နားလှည့်လေး ရတုန်း ဝါးစား သလို ဖတ်ရတာ ။ စာအုပ်ငှားခ ကလည်း ဈေးကြီးတော့ မုန့်လျှော့ စားပြီး ငှားဖတ်ရတာလေ ။ တစ်ခါတလေ ပင်ပန်းလွန်း တော့ ချမ်းချမ်းသာသာကြီး မဟုတ်တောင် တင့်တောင့်တင့်တယ် ဘဝ အာမခံချက် ရှိတဲ့ အဆင့်မျိုး ကို အိပ်မက် တော့ မက်မိတာပေါ့ ဆရာ ရယ် ”
နယ် မှ လာသူချင်း အတူတူ သူမ ပခုံး ပေါ် က ဝန်ထုပ်ဝန်ပိုး က ပို ကြီးနေပါလား ။ အသက် ငယ်ငယ် နှင့် မိသားစု အတွက် ရရာအလုပ် ကို ရွေးမနေနိုင် အားရှာသော “ မြနန္ဒာ ” ကို လေးစားစိတ် နှင့် သနား သွားမိသည် ။
“ ဒီ အလုပ် လုပ်တော့ အမူးသမားတွေ ဆွဲမှာ လွဲမှာ မကြောက်ဘူးလား ”
“ အမလေး ကြောက်ပြီလား ဆရာရယ် ၊ ကိုယ် ကျွမ်းကျင်တာ က ဒီ ပညာ ပဲ ရှိလို့သာ စစ,ချင်း စင်ပေါ် တက်တဲ့ နေ့ ကဆို ပန်းကုံးလည်း လာ စွပ်ရော ၊ ခြေတွေ လက်တွေ တုန်လာလို့ “ မိုက် ” တောင် လွတ်ကျပါတယ် ဆို ၊ နောက်တော့လည်း မူးကြတာက တစ်ကြောင်း ၊ သူတို့ စိတ် မရိုးမရွ ဖြစ်အောင် မြူဆွယ် ဖိတ်ခေါ်နေတဲ့ သူ ကို သာ အကဲ စမ်းကြတာမျိုးပါ ။ လက်ဆွဲ နှုတ်ဆက် သွားတာ လောက် ကတော့ သည်းခံရတာပေါ့ ဆရာရယ် ”
••••• ••••• •••••
စားသောက်ဆိုင် မှ ပရိသတ် ထဲမှာ မြန်မာသံ နှစ်ခြိုက်စွာ ပွဲတောင်းသူ ၊ ကိုယ်တိုင် တက် ဆိုသူများ ပါလာလျှင် အခြား စားသောက်ဝိုင်းတွေ ကလည်း မြန်မာသံ ဘက် ကူးပြောင်းကာ အပြိုင်အဆိုင် ဆိုကြ ၊ ဆိုင်မှ အဆိုရှင် မိန်းကလေးများ နှင့် စုံတွဲ ဆိုကြ ၊ သင်္ကြန်သီချင်း ၊ မြို့မသီချင်းများနှင့် ကကြ ဆိုလျှင်တော့ ကျွန်တော် လည်း ကြိုးစားပမ်းစား တီးခတ် အစွမ်းပြခွင့် ရသည် ။ ထိုအထဲ မှာ မြနန္ဒာ က ပွဲတောင်း အခံရ ဆုံး ဖြစ်သည် ။
ထိုအချိန်မျိုး များ တွင် ခေတ်ပေါ် တေးသီဆိုသူ မိန်းကလေးများ ၏ စောင်းမြောင်းထေ့ငေါ့သံများ ကို မကြားချင်ယောင် ဆောင်ရင်း ပန်းကုံးတွေ တစ်ပွေ့ တစ်ပိုက်ကြီး နှင့် ပြုံးရွှင် မြူးထူးနေသော မြနန္ဒာ က “ ဆရာ့ အတွက် မနက်ဖြန် မုန့် ဝယ်လာခဲ့မယ်နော် ” ဟု အသံ ကို တမင် မြှင့်၍ ပြောတတ်သေးသည် ။
ည တစ်ည မှာတော့ ဖုန်း ခေါ်သည် ကို သွား ထူးပြီး ပြန်လာသည့် မြနန္ဒာ က ပရိသတ် ထဲ ကို မျက်လုံး ဝေ့ဝဲ ရှာဖွေရင်း ခပ်တိုးတိုး ပြောသည် ။
“ ဇေယျာကမ်းအလှ ပန်းချီ ရရင် ဆိုပေးပါတဲ့ ဆရာ ။ ဘယ်သူလဲ မသိဘူး ။ ဒီ ဆိုင် ထဲမှာ ရှိတယ်တဲ့ ”
“ ရှာ မနေနဲ့ ၊ ဆိုသာ ဆိုလိုက် ၊ အချိန်တန်ရင် သိရမှာပဲ ”
ကျွန်တော် ပြောတာ မမှားပါ ။ မြနန္ဒာ သီချင်း စ ဆိုပြီး မကြာခင် မှာပင် ပရိသတ် ထဲ မှ ဆယ်လူလာဖုန်း ခါး မှာ ချိတ် ထားသော ပုဂ္ဂိုလ် တစ်ဦး တက် လာပြီး သရဖူကလေး လာ ဆောင်း ပေးသည်မို့ သေချာ သတိထားပြီး ကြည့်လိုက်မိသည် ။ ဥပဓိရုပ် ကောင်းကောင်း ၊ လူရည်သန့် ထဲ က ဖြစ်ပြီး အရက်မူးပုံ မရသည့် တိုင်အောင် မြနန္ဒာ အလှ မှာတော့ ယစ်မူး နေပုံရသည် ဟု ကျွန်တော် ခပ်လောလောပဲ ကောက်ချက် ချလိုက်မိသည် ။
ထို ည က ထို လူ တောင်းဆို သဖြင့် “ မြနန္ဒာ ” သီချင်း ငါးပုဒ် ဆက်တိုက် ဆို ဖြစ်လိုက်သည် ။ သီချင်းတွေ ကလည်း ကြည့်ပါဦး ။ “ ရွှေလည်တိုင် ” “ တစ်ရေးချစ်ခွင့် မြင်ရနိုး ” “ နှစ်ယောက်တည်းနေချင်တယ် ” “ ဆယ်မိုးဆယ်နွေ မျှော်လေလေဝေး ” တကယ့် ဂန္ထဝင် မြန်မာသံစဉ် သီချင်းတွေ ချည်းပင် ။ ဘာပဲဖြစ်ဖြစ် သည်လူ မြန်မာ ဂီတ ကို ချစ်မြတ်နိုးသော စိတ်အခံလေး ရှိသည့် အတွက် ကျွန်တော် အမှတ် ပေး နေမိသည် ။
နားနေခန်း ထဲ ရောက်တော့ မြနန္ဒာ က အသံဝင်ဝင်ကလေး နှင့် ပြောရှာသည် ။
“ အမလေး ပညာ စမ်းတာ ထင်ပါရဲ့ ဆရာရယ် နောက် တစ်ပုဒ် သာ ဆက် ဆိုခိုင်းရင် သမီး အသံ လည်း ထွက်တော့မယ် မထင်ဘူး ”
သည်လိုနှင့် ဆိုင် ကို တစ်ပတ် နှစ်ရက် ပုံမှန် လာသော အမြဲတမ်း ဖောက်သည် တစ်ဦး တိုး၍ လာသည် ။ လာတိုင်းလည်း မြနန္ဒာ ကို ပွဲတောင်းသည် ။ ပန်းကုံးတွေ ညွှတ် နေအောင် ဆုချသည် ။ ကျွန်တော့် ကို လည်း ပန်းကုံး လာ စွပ်ပေးရင်း “ ညီလေး က တော်တော် ကျွမ်းတာပဲ ” ဟု စည်းရုံးရေး စကား ဆိုသွားလေသေး၏ ။
••••• ••••• •••••
သည်ည တော့ မြနန္ဒာ ၏ လည်တိုင် မှာ ရွှေဆွဲကြိုးလေး တစ်ကုံး နှင့် တလက်လက် ဝင်းပ၍ နေသည် ။ ကျွန်တော် က တစ်စုံတစ်ရာ နောက်ဦးမည် ကြံနေ ဆဲ မှာပင် မြနန္ဒာ က ...
“ ဆရာ ၊ သမီး နေ့လယ် က ဒီ ဆွဲကြိုးလေး သွား ဝယ်တော့ ရွှေဆိုင် မှာ ဟို လူကြီးနဲ့ တွေ့ ခဲ့တယ် သိလား ”
“ ဘယ်လူကြီးတုန်း ”
“ ဪ ၊ သမီး ကို သီချင်းတွေ တောင်းပြီး သရဖူ အမြဲတမ်း ဆုချတဲ့ လူကြီး ပေါ့ ။ သူ က နောက်ခန်း ထဲ က ထွက်လာတာ ။ အဲဒီ ရွှေဆိုင် က သူ့ ဆိုင်တဲ့ ။ အဲဒါ တစ်ကျပ်သားကုံး ကို အတင်း လက်ဆောင် ပေးတော့တာပဲ ”
“ ဟင် အဲဒါနဲ့ ညည်း က ယူခဲ့ရောလား ”
“ ဆရာရယ် သမီး အကြောင်း ကို အခုထိ မသိသေးဘူးလား မယူပါဘူး ။ ကိုယ့် ပိုက်ဆံ နဲ့ ကိုယ် ငါးမူးသားကြိုးလေး ပဲ ဝယ်ခဲ့တာပေါ့ ။ ပိုက်ဆံ လည်း ရှင်းခဲ့တာပေါ့ ”
“ အဲဒါတော့ ညည်း ညံ့တာပေါ့ ”
“ ညံ့တယ် ပြောလည်း ခံလိုက်ရုံပဲ ဆရာ ရေ ၊ ပြီးတော့ နေ့လယ်စာ ကျွေးပါရစေ လို့ အတင်း တောင်းပန်တာနဲ့ အဲဒီ နားက လက်ဖက်ရည်ဆိုင် မှာပဲ ကျွေးပါ ဆိုပြီး ခွင့်ပြုခဲ့ရတယ် ။ သူ့ ဗစ်စစ်တင်းကဒ်လေး ပေးလိုက်တယ် ၊ ဒီမှာ ... ”
ကနုကမာရောင် ပြောင်လက် နေသော ကဒ်ပြား အပြာနုရောင်ကလေး ပေါ် မှာ “ ဦးခင်မောင်ဦး ” ဟူသော အမည်နာမ ၊ ကုမ္ပဏီ အမည် ၊ မန်နေးဂျင်း ဒါရိုက်တာ ဟူသော ရာထူး ၊ ဖုန်းနံပါတ်များ ၊ ဖက် ( စ် ) နံပါတ်များ အကြမ်းဖျင်း ဖတ်ပြီး မြနန္ဒာ ကို ပြန် ပေးလိုက်သည် ။ ကျွန်တော့် ရှေ့ ကို ဇာတ်လမ်း တစ်ခု ကတော့ စတင် ဝင်ရောက် လာခဲ့ချေပြီ ။
“ အဲဒါ ဆရာ ဘယ်လို သဘောရသလဲ ဟင် ”
အတွေးတွေ လွင့်မျော ကျယ်ပြန့် နေရာမှ သူမ ၏ မေးခွန်းကြောင့် သတိပြန် ဝင် လာ သော်လည်း ချက်ချင်း ဖြေဖို့ ကျတော့ အဖြေ မရှိပြန် ။ ရှိသည့် အဖြေ ကျတော့ လည်းပေး၍ က မဖြစ်သေး ။
“ မပြောတတ်ပါဘူးကွာ ။ ဒါပေမယ့် ဘာပဲဖြစ်ဖြစ် သတိတော့ထားပေါ့ ”
“ ဟုတ်ကဲ့ ၊ သမီး မှာ တိုင်ပင်စရာ ဆိုလို့ ဆရာ ပဲ ရှိတာ ၊ သူတို့ ကျတော့ မြေခွေး အမြီးဖြတ်ချင်း အဖော်ညှိချင် နေကြတာ ဒုက္ခ ရောက်ရင် ဝိုင်း လက်ခုပ်တီးဖို့ စောင့်နေကြတာ ဆရာ ရဲ့ ”
••••• ••••• •••••
“ တိုင်ပင်စရာ ဆိုလို့ ဆရာ ပဲရှိတာ ”
ဟု ဆိုခဲ့လေသော မြနန္ဒာ တစ်ယောက် မှာ တကယ်တမ်း ကျတော့ ကျွန်တော် နှင့် ဝေးကွာ သွားခဲ့ပါသည် ။ ကောက်သင်းကောက် ကြိုလာသော ဖယ်ရီ ပေါ် မှာ အရင် က လို ပါ မလာတော့ ။ အချိန်ကပ် မှ ဦးခင်မောင်ဦး ကား နှင့် ရောက်လာသည် ။ ဆိုင် ရောက်တော့ လည်း မေးငေါ့ စကားတင်း ဆိုချင် နေကြသော မိန်းကလေးများ ကြား မှာ မျက်နှာ ကို ခပ်တင်းတင်း ထားရင်း ကျွန်တော့် ကို အလုပ် ကိစ္စ မှ လွဲ၍ စကား အပို မပြောတော့ဘဲ ၊ စာအုပ် ကို သာ ခေါင်း မဖော်စတမ်း ဖတ်နေပြန် သည် ။ သူတစ်ပါး မပြောချင်သော ကိုယ်ရေးကိုယ်တာ မို့ ကျွန်တော် လည်း ဝင် မစွက်တော့ဘဲ ဘာသိဘာသာ လွတ် ရာမှာ နေလိုက်တော့သည် ။ တခြား ချိတ်ဆက် ရှိသော မိန်းကလေးတွေ လို အပြန်လာ ကြိုသော ကား နှင့် မပြန်ဘဲ ဖယ်ရီကား နှင့် ပင် အဆောင် ရှေ့ အရောက် ပြန် နေသေးခြင်း အတွက်တော့ မြနန္ဒာ ကို ချီးကျူးရ မလိုလို ။ သေချာတာ ကတော့ သူတို့ နှစ်ယောက် အတိအလင်း ချစ်သူတွေ ဖြစ်သွား ကြပြီဆိုတာပင် ၊ ဦးခင်မောင်ဦးသည် ဆိုင် ၏ ဧည့်သည် ဖြစ်ရုံမက မြနန္ဒ ၏ ဧည့်သည် ပါ ဖြစ်၍ လာလေပြီ ။
မြနန္ဒာ တစ်ယောက် သူမ ပြောဖူးသလို ဘဝ အတွက် မိသားစု အတွက် ကောင်းစွာ အမှီသဟဲ ပြုနိုင်သော ပုဂ္ဂိုလ်မျိုး ကို ရွေးချယ်လိုက်ပြီ ထင်သည် ။ ဦးနှောက် ကို အသုံးပြုလေသည်လား ။ နှလုံးသား ကို ပဲ အသုံးပြုလေသည်လား ။
အဲသည် ရွေးချယ်မှုသည် မှန် မှ မှန်ပါလေစ ။ မျက်စိ ရှေ့တွင် ခါတိုင်း မြင်တွေ့ နေကျ ဇာတ်လမ်းတွေ လို စီးကရက် ခဲရင်း သွေးအေးအေး ထိုင် ကြည့်မနေနိုင် ခြင်း အတွက် ကျွန်တော့် ကိုယ် ကျွန်တော် လည်း နားမလည်နိုင်အောင် ဖြစ်ရသည် ။
ဘာပဲဖြစ်ဖြစ် ညီမငယ် တစ်ယောက် လို ခင်မင် ရင်းနှီးသော ၊ လုပ်ဖော် ကိုင်ဖက် ဆရာတပည့် လို သံယောဇဉ် ရှိနေသော မိန်းကလေး အဖြစ် ဖြင့်တော့ စိုးရိမ်ပူပန်ခြင်းမျိုး ရှိသင့်သည် ဟု သာ အဖြေ ရှာ၍ ရခဲ့သည် ။
အကယ်၍ ဦးခင်မောင်ဦး ဆိုသူ သည် စားနေကျ ကြောင်ဖား လို ပန်းကောင်း အညွန့်ချိုးဖို့ ပိပိရိရိ ကြံစည်တတ်သူ ဆိုလျှင် သူ့ “ ညှို့ချက် ” ထဲ ဝင်ရောက် နေပြီ ဖြစ်သော မြနန္ဒာ တစ်ယောက် ဘယ်သို့ ရုန်းထွက်ပါမည်နည်း ။
လောလောဆယ် မှာတော့ မျှော်လင့်ချက် လင်းရောင်ခြည်ကလေး လမ်းပြ ခေါ်ဆောင်ရာ စိတ်ကူးယဉ် ဗိမာန်နန်း ဆီသို့ တောင်ပံဖြန့် ပျံသန်း တော့မည့် တေးသီငှက်ကလေး ၏ ပီသကြည်မြသော “ ချစ်သူ့နယ်မြေ ” တေးသီချင်း က ဆိုင်ခန်းမ ထဲမှာ ဝေ့၀ဲလွင့်ပျံ၍ သာနေတော့သည် ။
လေ ..... ဟာ ... ပြင် × × ခရီး × × × ဖြတ်စီးပြီး သကာလ × × × ဘယ်လ ဘယ်ကမ္ဘာ × × သွားရ သွားရ × × × အတူ မေတ္တာဆက်ဂဟေ ၊ မိုးမြေ ဘယ်မှာ ဆုံးပါစေ × × ×
••••• ••••• •••••
စနေနေ့ ရုံးပိတ်ရက် ဆိုင် မှာ သီချင်း တိုက်ရန် စီစဉ်ချိန်းဆို ထားသည်မို့ အဆိုရှင် မိန်းကလေးတွေ စုရုံး ရောက်ရှိကြသည့် တိုင် မြနန္ဒာ ရောက် မလာသေး ။ ခါတိုင်းဆို တက်ကြွစွာ အစောဆုံး သွားရောက်နေတတ်ပါလျက် ယခုတော့ လည်စရာ ပတ်စရာ အလုပ် နှင့် မို့ မအားမလပ် ဖြစ်နေပုံ ရသည် ။
ကျွန်တော် မသိယောင် ဆောင် ထားသော်လည်း မရပါ ။
“ ဆရာ ၊ ဆရာ့ တပည့်ကျော်မ ကို မဆုံးမ တော့ဘူးလား ”
“ ဆရာမနိုင် နှစ်ဆောင်ပြိုင် ဆိုတာ ဒါမျိုးပေါ့ဟဲ့ ”
“ အင်းလေ ၊ ငါတို့ ကျတော့ အဆင့် မတူသလို မတန်သလိုနဲ့ ခု သူ့ ကျတော့ မပြောလိုက်ချင်ဘူး ”
“ ဆရာ က သူ့ ကို သန့်သန့်လေး ဆိုပြီး အမှတ်တွေ ပေး ၊ အထင်တွေ ကြီး နေတာ ၊ ခုတော့ သူတော်ကောင်း ယောင် ဆောင်ထားတာ ပေါ်ပြီ မဟုတ်လား ။ မပိုင်လို့ မရိုက်သေးတာပါ ဆရာရယ် ”
“ ဟုတ်တယ် ဆရာ ရဲ့ ၊ အဲဒီ ပုဂ္ဂိုလ်ကြီး မှာ နံပါတ်ကြီး ရှိပြီးသား ၊ အခု သူ က နံပါတ် ဘယ်လောက် ဆွတ်ခူးမယ် မသိ ဟီ ... ဟိ ”
“ တော်ကြစမ်းပါဟာ ... ”
တစ်ယောက်တစ်ပေါက် ဝိုင်း ပြောကြသည့် စကားသံများကို ဆက်လက် သည်းခံနိုင်စွမ်း မရှိတော့၍ စန္ဒရားခလုတ်တွေ ကို ခပ်ကြမ်းကြမ်း တီးပစ် လိုက်မိသည် ။ မုန်တိုင်း တိုက်ခတ် သလို ဆူညံမြည်ဟည်း သွားသော ဂီတသံ ၏ ပေါက်ကွဲမှု အောက် မှာ ကျွန်တော့် ရင်ထဲ သို့ လည်း မုန်တိုင်း တစ်ခု ဝင်ရောက် မွှေနှောက်ခဲ့လေပြီ ။
ဒါ အမှန်တွေပဲလား မြနန္ဒာ ၊ မင်း ရွေးချယ် လျှောက်လှမ်း နေတဲ့ လမ်းခရီး က ယိမ်းယိုင် သွေဖည်ပြီး လမ်းခုလတ် မှာ ဖဲ့ဆင်း နေခဲ့တော့မည်လား ။ စာအုပ်တွေ ထဲက အဆုံးအမတွေ ဆင်ခြင်တုံတရားတွေ ကို ထုတ်နှုတ်သုံးစွဲ ဖို့ မင်းမျက်လုံးတွေ မှာ တိမ်သလ္လာ ဖုံးကုန်ကြပြီလား မြနန္ဒာ ၊ မင်း ဦးနှောက်တွေ ကို အမိုက်တိုက် လွှမ်း ကုန်ကြပြီလား ၊ လောက ကို အရှုံးပေး သွားပြီလား မြနန္ဒာ ရယ် ... ။
စိတ်မတည်ငြိမ်မှုကြောင့် မပြေပြစ်သော တီးကွက်တွေကို သာ ကျွန်တော့် လက်တွေ က ထပ်ကာထပ်ကာ ဖော်ကျူး မိကြသောအခါ အများ ၏ ရယ်ပွဲဖွဲ့ခြင်း ကို ခံရပြန် လေ၏ ။
“ စန္ဒရားဆရာ အမေ နဲ့ ရွာ ကို လွမ်းလို့ တော့ မဟုတ်ပါဘူးနော် ”
“ မခံစားနိုင်ရင်လည်း အညာ ပြန်ဖို့ သင်္ဘော မီသေးတယ် ဆရာ ရေ ”
“ ဆရာ ကလည်း ဘာမှ အားမငယ်ပါနဲ့ မီးတို့ ရှိပါတယ် ”
“ ကဲ, ဒီနေ့ အဖို့တော့ နင် တို့ နဲ့ ငါ ဘာ အလုပ် မှ ဖြစ်မှာ မဟုတ်တော့ဘူးဟေ့ ”
ပြောပြောဆိုဆို ထ ထွက်လာသော ကျွန်တော့် နောက်ကို လှောင်ရယ်သံ တွေ က အပြေး လိုက်၍ လာသေးသည် ။ ထိုနေ့ က ညဦးပိုင်း ဆိုင်ဖွင့်ချိန် နီးသည့်တိုင် မြနန္ဒာ ကတော့ ရောက် မလာခဲ့ပါ ။ သူမ ကိုယ်စား ခွင့်ယူ သွားသည် ဆိုသော သတင်း ကိုသာ ကျွန်တော် ကြားသိ လက်ခံ လိုက်ရပါသည် ။
••••• ••••• •••••
ကျွန်တော် ဆိုင် ကို ရောက်တော့ ဆည်းဆာရောင်ခြည်တို့ လင်းလက် အားကောင်းဆဲ ။ တနင်္ဂနွေနေ့ နေ့လယ်ပိုင်း အတီး သင်တန်း တစ်ခု ပေးနေသော အိမ် မှ တန်း ကူးလာ ခဲ့ သဖြင့် ကျွန်တော် စော နေခြင်း ဖြစ်သည် ။ ကိစ္စ မရှိ ။ နားနေခန်း ထဲ တွင် လူရှင်းတုန်း တစ်မှေး လောက် မှေးလိုက်ဦးမည် ။ အိပ်ရာ နိုး မှ ရေချိုးမည် စိတ်ကူး နှင့် လှမ်း ဝင်လိုက်စဉ်မှာပဲ ...
“ ဆရာ ”
အခန်း ထဲမှာ ရောက်နှင့် နေသော မြနန္ဒာ ကို ထူးဆန်းစွာ တွေ့လိုက်ရပါတော့သည် ။
“ ဆရာ့ ကို ပြောစရာ ရှိလို့ သမီး တမင် လာစောင့် နေတာ ”
သူမ မျက်နှာ က တည်တည်ငြိမ်ငြိမ် ၊ မျက်လုံးတွေ က အိန္ဒြေရရ မို့ တွေ့ ရင် ဆူပစ် ပြောပစ် လိုက်မည် ဟု တေးထား သမျှ ဘာ တစ်ခွန်း မှ မဆိုဖြစ်ဘဲ ခပ်စိမ်းစိမ်း ကြည့်နေ မိသည် ။
“ ဆရာ သမီး ကို တခြား လူတွေ မြင် သလို မြင် သွားပြီလား ”
ကျွန်တော် ခေါင်း မညိတ်ပါ ။ ထို့အတူ ခေါင်း လည်း မခါမိပါ ။
“ သမီး ရွေးချယ်မှု မှားချင် မှားမယ် ဆရာ ။ ဒါပေမယ့် ဆုံးဖြတ်ချက် တော့ မမှားစေရဘူး ”
“ ဘယ်လို ...”
ကျွန်တော် ဇဝေဇဝါနှင့် သူမ အနီး ကို လျှောက်သွားပြီး ခုံတစ်လုံး ဆွဲထိုင် လိုက်သည်အထိ သူမ ပြုံး၍ ကြည့်နေသည် ။ ထို အပြုံး ကို လည်း ကျွန်တော် သရုပ် မခွဲတတ်ပြန် ။
“ သမီး ချစ်သူ ရွေးချယ်မှု မှားခဲ့တာလေ ဆရာ ရဲ့ ၊ အိမ်ထောင် ကွဲခဲ့ဖူးတဲ့ ယောက်ျား တစ်ယောက် အဖြစ် သူ ရိုးရိုးသားသား ဝန်ခံတာ ကို သမီး က လက်ခံပြီး လွတ်လပ်သူ အဖြစ် ဘဝ တစ်သက်တာ လက်တွဲ သွားကြမယ်လို့ ရည်ရွယ်ခဲ့တာပါ ”
“ သူ ညည်း ကို လိမ်ခဲ့တာ မဟုတ်လား ”
ကျွန်တော့် ဆန္ဒစော မေးခွန်း ကို သူမ ဖြည်းညင်းစွာ ခေါင်း ခါယမ်း ပြသည် ။
“ သမီး , အလွယ်တကူ မယုံလို့ သူ မသိအောင် အဲဒီ ကွဲကွာ နေတဲ့ ဇနီးဟောင်း နဲ့ သွား တွေ့ပြီးပြီ ၊ တရားဝင် စာချုပ်စာတမ်း နဲ့ ကွဲခဲ့ကြတာ အမှန်ပါ ဆရာ ”
ကျွန်တော် , မြနန္ဒာ ကို ထိတ်လန့်အံ့ဩစွာ ကြည့်လိုက်မိသည် ။ အာဂသတ္တိ ပဲ ။ စားပွဲပေါ် တံတောင် နှစ်ဖက် တင်ပြီး လက်ချင်းပတ္တာ ဆက်ကာ ငြိမ်သက်စွာ ထိုင်နေသည့် ကလေးမ သည် အချစ် အတွက် ပြီးတော့ ဘဝ အတွက် သေချာခြင်း ကို ရှာဖွေခဲ့သူလေးပါလား ။ သူမ ဘဝ ၏ တန်ဖိုး အတွက် အလေးအနက် ထားခဲ့သော သဘော ကို လက်ခံချင် သလို ရှိလာသည် ။
“ ဒါပေမယ့် သမီး ရဲ့ စိတ် ကို ပြောင်းလဲစေခဲ့တာ ကတော့ မြေဇာပင်လေး ပဲ ဆရာ ”
“ ဘာ မြေဇာပင် ”
“ ဟုတ်တယ် မြေဇာပင် ၊ သူတို့ရဲ့ သမီးလေး လေ ၊ အဲဒီ သမီးလေး ကို တွေ့လိုက်ရတဲ့ အခါကျတော့ စိတ် ထဲမှာ ဘယ်လို ထိခိုက် ကြေကွဲမှန်း မသိဘူး ဆရာ ရယ် ”
“ ကလေး က ညည်း ကို တောင်းပန် လွှတ်လိုက်လို့လား ၊ ဒါမှ မဟုတ်ရင် ”
“ ဟင့်အင်း ၊ ကလေး က သမီး ကို ဘာမှ မပြောခဲ့ပါဘူး ။ ဒါပေမယ့် သူ့ မျက်လုံး တွေကို သမီး ဖတ်တတ်တယ် ၊ သူ့ စိတ် ကို သမီး မြင်ရတယ် ။ သူ့ ရင် ထဲ ကို သမီး ရောက် သွားတယ် ။ အို ကြည့် နေရင်းနဲ့ အဲဒီ ကလေးဟာ သမီး ဖြစ်သွားတယ် ဆရာ ”
အသံကလေးများ အဖျားခတ် တုန်ခါမှု နှင့် အတူ မြနန္ဒာ ၏ နှုတ်ခမ်း တို့ သည်လည်း တဆတ်ဆတ် တုန်ခါ နေကြသည် ။ နှာသီးဖျားကလေး နီ နေကာ မျက်ဝန်းတွေ ကတော့ မျက်ရည်ကြည်တို့ နှင့် စွတ်စိုလျက် ရှိကြသည် ။
“ သမီး ငယ်ငယ်တုန်း က အဖေ နဲ့ အမေ ကွဲကြတော့ အမေ နဲ့ လိုက် နေရချိန် မှာ အဖေ့ ကို အရမ်း တမ်းတခဲ့ရတယ် ။ အရမ်း လည်း တွေ့ချင်တာပဲ ။ ည , ညဆို အိပ်မက် ထဲ မှာ အဖေ နဲ့ လျှောက်လည် ၊ အဖေ ကလည်း မုန့်တွေ ဝယ်ကျွေး ၊ အရုပ်တွေ ၊ အင်္ကျီလှလှလေးတွေ ဝယ်ပေး ။ အရမ်း ပျော်နေတုန်း အိပ်မက် က လန့် နိုးတော့ ငိုခဲ့ရတာလည်း ခဏခဏပဲ ၊ တကယ်လည်း ပြန်တွေ့ ရရော အဖေ က နောက် အိမ်ထောင် နဲ့ ဖြစ်နေပြီလေ ။ တစ်ခါ အမေ က အိမ်ထောင် ထပ် ပြုတော့ ပထွေး နဲ့ နေခဲ့ရတယ် ။ အဖေရင်း ရှိပါလျက်နဲ့ ခုလို ဖြစ်သွားတာ ကို သမီး ဘဝ သမီး ဝမ်းနည်း လို့ မဆုံးဘူး ။ အခုလည်း ဒီ , ကလေးလေး မှာ မိစုံဖစုံ ရှိပါလျက် နဲ့ သမီး လို အဖြစ်မျိုး ဖြစ်သွားမှာ လုံးဝ မလိုလားလို့ သမီး တတ်စွမ်းသမျှ ကြိုးစားနေခဲ့တာ ။ သမီး နာမည် မှာ အပြစ်အနာလေး တစ်ခု စွန်းထင်းသွားတော့ မယ် ဆိုတာ သိပေမယ့် အပြစ်မဲ့တဲ့ ကလေး တစ်ယောက် ရဲ့ ဘဝ တစ်ခုလုံး လှပဖို့ ၊ အပြစ် ရှိတဲ့ လူကြီးတွေ က အမြင်မှန် ရဖို့ လိုသလို အပြစ် မကျူးလွန်ရ သေးတဲ့ သမီး က လည်း ဆင်ခြင်တုံတရား ရှိရမယ် မဟုတ်လား ဆရာ ”
မြနန္ဒာ က စကားအဆုံး မှာ သက်ပြင်း ရှိုက်ပြီး နှစ်ခြိုက်စွာ ပြုံး၍နေသည် ။ အလို , သူမ ၏ ပါးပြင် ပေါ်မှာ မျက်ရည် စီးကြောင်း တစ်ခုပါလား ၊ ထို အရာသည် စိမ့်စမ်းရေ တမျှ အေးမြ နေလိမ့်မည် ဆိုတာ ကို တော့ တို့ထိ မကြည့်ပါဘဲလျက် ကျွန်တော် အသေအချာ ယုံကြည်လိုက်ပါသည် ။
“ ဆရာ သမီး လေ , ဒီည သီချင်း တစ်ပုဒ် ကို နှလုံးသား နဲ့ ဆိုမယ် ဆရာ ”
“ ဘာ သီချင်းပါလိမ့် ”
“ ချမ်းမြေ့ပါစေ ... လေ ဆရာ ”
••••• ••••• •••••
“ မေတ္တာ နေခြည်အောက်မှာ × × × သောကနှင်းပေါက် × × × ပျောက်ကွယ်နိုင်စေ မိသားစု ချစ်ခြင်းမေတ္တာ လက်များ × × × မြဲခိုင်မာစေ × × × ဖေဖေလည်း ချမ်းမြေ့ပါစေ × × × မေမေလည်း ချမ်းမြေ့ပါစေ × × × သားသမီးလည်း ချမ်းမြေ့ပါစေ × × × အားလုံးလည်း ချမ်းမြေ့ပါစေ × × ×
သီချင်း သီဆို နေသော မြနန္ဒာ ၏ မျက်နှာ ကို ကျွန်တော် မမြင်ရ သော်လည်း မျက်ဝန်းတွေ က သောက်ရှူးကြယ် ပမာ တဖျတ်ဖျတ် လက်နေကြမည် ဟု မှန်းဆနိုင် ပါသည် ။
သူမ ကို ပန်းစည်းကလေး လာ ပေးသော ကလေးမလေး မှာ ဂါဝန်ဖြူ ဖားဖားလေး နှင့် တော်တော်ပဲ ချစ်စရာ ကောင်းသည် ။ မြနန္ဒာ က ဒူးညွှတ်ပြီး ကလေး ကို ပွေ့ဖက် မွှေးကြူတော့ ကလေး ကလည်း ခြေဖျားလေး ထောက်ကာ ပြန်လည်မွှေးပြီး စင် အောက် သို့ ပြေးဆင်း သွားသည် ။ ကလေး ကို ဆီးကြို ပွေ့ချီလိုက် သူများ မှာ ဦးခင်မောင်ဦး နှင့် သူ ၏ ဇနီးသည် တို့ ဖြစ်နေခြင်း ကတော့ အခြား သူများ အတွက် အထူးအဆန်း ဖြစ်နေပေလိမ့်မည် ။
သူတို့ မျက်နှာတွေ မှာ မြူကင်းသော လမင်း ပမာ ကြည်လင် ဝင်းပနေကြသည် ။ ကျွန်တော့် လက်ချောင်းများ မှာ လည်း စန္ဒရားခလုတ် ပေါ် ပြေးလွှားတို့ခတ် နေကြသည် မှာ သည် တစ်ကြိမ် အဓိပ္ပါယ် အပြည့်စုံဆုံး ဖြစ်ပေလိမ့်မည် ။
မေတ္တာတေး ဆို နေသော “ မြနန္ဒာ ” အတွက် တော့ဖြင့် ဆိုဖွယ်ရာ မရှိလေပြီတည်း ။
▢ မဦး
📖အလင်္ကာရပ်ဝန်း ( ၇ )
No comments:
Post a Comment