❝ ပန်းရိုင်းဧကရီ ❞
သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဆိုတာ ခေတ် မစားခင် လွန်ခဲ့တဲ့ ဆယ်နှစ် ကျော် ကတည်း က မန္တလေး တောင်ပေါ် မှာ သံတူရွင်း တစ်ချောင်း နဲ့ သစ်ပင်တွေ လိုက် စိုက် နေခဲ့တဲ့ ဆရာဝန် တစ်ယောက် ရှိတယ် ၊ ထင်းခုတ်တဲ့ သူတွေ ၊ လမ်းဖောက် တဲ့ သူတွေ ၊ အဆောက်အအုံသစ် ဆောက်လုပ်တဲ့ သူတွေ ကြောင့် မန္တလေး တောင်ပေါ် မှာ သစ်ပင်တွေ ပြုန်းတီးလာ ၊ သစ်ပင်သစ်တော ကို အမှီပြု နေထိုင်တဲ့ ကျေးငှက်နဲ့ တောတိရစ္ဆာန်ကလေးတွေ နည်းပါးရှားပါး လာတာကို သတိပြုမိတဲ့ ဒေါက်တာ ဦးတင်မောင်ကြည် က သူ့ ပင်ကိုယ် အသိစိတ် နဲ့ မန္တလေးတောင် ပေါ် မှာ တစ်ကိုယ်တော် သစ်ပင်တွေ လျှောက် စိုက် ခဲ့တယ် ။ ပူပြင်းခြောက်သွေ့ တဲ့ ရာသီ မှာ ဆရာ က ရေပုံး တစ်ပုံး နဲ့ သစ်ပင်တွေ ကို ရေ လိုက် လောင်းတယ် ။ တစ်ခါတစ်ရံ မှာ ဆရာ နဲ့ အတူ မိန်းမငယ်လေး တစ်ယောက် ပါလာပြီး ဆရာ့ ကို ကူညီ လုပ်ကိုင် ပေးနေတာ တွေ့ ရ တယ် ။ မိန်းကလေး က ဆရာ့ သမီး မသူဇာကြည် ပါ ။
ဆရာ က သုတေသီ စာရေးဆရာ လည်း ဖြစ်တယ် ။ သူတို့ မိသားစု နဲ့ ခင်မင် ရင်းနှီး လို့ သူတို့ အိမ် ကို သွား လည်တဲ့ အခါ မသူဇာကြည် က သဘာဝတောရိုင်း ပန်းပွင့်တာလေးတွေ နဲ့ အလုပ်ရှုပ် နေတာ တွေ့ရတယ် ။ သူ က သဘာဝတောရိုင်းပန်းပွင့်ခြောက်ကလေးတွေ နဲ့ လှလှပပ ဒီဇိုင်း ဆင်ပြီး ကတ်ပြားကလေးတွေ လုပ်တယ် ၊ အမှတ်တရ ပစ္စည်း အရောင်းဆိုင်ကလေးတွေ မှာ တင်ပြီး ရောင်းတယ် ။ ကတ်ပြားကလေးတွေ ရဲ့ နောက်ကျောဘက် ကို လှန် ကြည့် ရင်တော့ မသူဇာကြည် ရဲ့ အမည် နဲ့ အတူ Save Our Environment ( သဘာဝပတ်ဝန်းကျင် ကို ထိန်းသိမ်းပါ ) ဆိုတဲ့ စာတန်းလေး ပါတယ် ။ နိုင်ငံခြား က လာတဲ့ ဧည့်သည်တွေ က သဘာဝ တောရိုင်းပန်း နဲ့ အလှဆင် ထားတဲ့ ကတ်ပြားလေးတွေ ကို စုံရေမက်ရေ ဝယ်ယူ ကြတယ် ။
၂ဝဝ၃ ခုနှစ် မှာ မသူဇာကြည် ဂျာမနီနိုင်ငံ ကို ပညာသင် သွားတယ် ၊ Bremen ( ဘရီမင် ) တက္ကသိုလ် လူမှုရေးသိပ္ပံဌာန က မဟာဝိဇ္ဇာဘွဲ့ ရတယ် ၊ ဒေါက်တာဘွဲ့ ဆက်ယူဖို့ ပြင်ဆင် နေတယ် ၊ မြန်မာ့ လူ့ အဖွဲ့အစည်း မှာ မြန်မာ အမျိုးသမီးတွေ ဘယ်လို ပါဝင် ဖွဲ့စည်း နိုင်ကြသလဲ ဆိုတာ ကို သုတေသန လုပ်ပြီး ပါရဂူဘွဲ့ အတွက် ကျမ်းပြုမှာပါ ။ မသူဇာကြည် မြန်မာပြည် ပြန်လာခိုက် မှာ တွေ့ဆုံပြီး သူ လျှောက်လှမ်း ခဲ့တဲ့ လမ်းကြောင်း ကို မေးမြန်းပါတယ် ။
••••• ••••• •••••
၁၉၃၃ ခုနှစ် မှာ IR ( နိုင်ငံတကာ ဆက်ဆံရေး ) နဲ့ ဘွဲ့ ရတယ် ။ ဘွဲ့ ရ ပြီးတော့ မာစတာ ( မဟာဝိဇ္ဇာဘွဲ့ ) ဆက် မတက်တော့ဘူး ။
ကျွန်မ က သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ကို စိတ်ဝင်စား တော့ စာအုပ်တွေ ထဲ မှာ ပါတဲ့ လိပ်စာတွေ နဲ့ ကမ္ဘာ့ကုလသမဂ္ဂ သဘာဝ ပတ်ဝန်းကျင် အဖွဲ့အစည်း ယူအင်န်အီးပီ တို့ ၊ ကမ္ဘာ့ကုလသမဂ္ဂဖွံ့ဖြိုးရေး တိုးတက်ရေး အဖွဲ့အစည်း ယူအင်န်ပီ တို့ ကိုယ် စိတ်ဝင်စားတဲ့ အဖွဲ့အစည်းတွေ ကို စာ လှမ်း ရေးပြီး ဆက်သွယ်တယ် ။ Friend of the Earth က အကြံပေးချက် စာတွေ ပြန် လာတယ် ။ Trees for the Future အဖွဲ့ က စာရွက်စာတမ်း နဲ့ မျိုးစေ့ထုပ်တွေ လှမ်း ပို့ပေးပါတယ် ။
Trees for the Future အဖွဲ့က သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး နဲ့ ပတ်သက်ပြီး နိုင်ငံတကာ အဆင့် ဂုဏ်ပြုတံဆိပ်တွေ အပြင် ၁၉၉၄ ခုနှစ် မှာ ကမ္ဘာ့ကုလသမဂ္ဂ အဖွဲ့ကြီး က ချီးမြှင့်တဲ့ Recipient of the Earth Tursteeship Award ( မြေကမ္ဘာ ကို ယုံကြည်စွာ အပ်နှံထိုက်သူဆု ) ချီးမြှင့် ခံရတဲ့ အဖွဲ့ ဖြစ်တယ် ။ သူတို့ က Ipil-lpil Tree ( အမေရိကန် အဝေရာပင် ) မျိုးစေ့တွေ ပို့ပေးတယ် ။ အဲသည် အပင်တွေ က အပူပိုင်းဒေသ ပေါက်ပင်မျိုး ဖြစ်ပြီး တောင်စောင်း တွေ မှာ စိုက်ရင် မြေဆီလွှာ တိုက်စားမှု ကို ထိန်းချုပ် ပေးတယ် ။ အိမ်ခြံတွေ မှာ လေကာ အဖြစ် သုံးတယ် ။ ရွက်နု မှာ ပရိုတင်းဓာတ် ကြွယ်ဝလို့ လူတွေ စားသုံး နိုင်တယ် ။ ကျွဲစာ ၊ နွားစာ လည်း လုပ်နိုင်တယ် ။ တစ်နှစ်သား အပင် က ပေ ၂ဝ ကျော် အမြင့် ရှိလာ နိုင်ပြီး ထင်း အဖြစ် လည်း သုံး နိုင်တယ် ။ သစ်ခေါက် ကို ဆိုးဆေး လုပ်နိုင်တယ် ။ အစေ့ ကို ကော်ဖီစေ့ အစားထိုး သုံးတာ ၊ အလှဆင်ပစ္စည်း ထုတ်လုပ်တာ မှာ လည်း သုံးနိုင်တယ် ။ အမြစ် က မြေလွှာ ထဲ က ရေတွေ ကို စုပ်ယူ ထိန်းသိမ်းပေးပြီး သတ္တုဓာတ်တွေ ကို လည်း မြေဩဇာ အဖြစ် စုပ်ယူ စုစည်း ပေးတယ် ။
မျိုးစေ့တွေ ကို နှစ်နိုင်ငံလုံး က တာဝန် ရှိသူတွေ က စနစ်တကျ စစ်ဆေးပြီး ခွင့်ပြုချက် နဲ့ ပေးပို့တာပါ ။ ကျွန်မ က မျိုးစေ့တွေ ကို လက်လှမ်းမီရာ စစ်ကိုင်း တောင် ၊ ရန်ကင်းတောင် မှာ လိုက်ပြီး စိုက်တယ် ။ သစ်ပင် စိုက်ဖို့ စိတ်ဝင်စားသူ တွေ က ဆက်သွယ် တောင်းခံလို့ ရှမ်းပြည်နယ် ၊ ချင်းပြည်နယ် ၊ ကယားပြည်နယ် တွေ ကို ပို့ ပေးရတယ် ။ သံလွင်မြစ် အရှေ့ဘက် က ရွာကလေးတွေ က ဟင်းသီး ဟင်းရွက် မျိုးစေ့တွေ လိုချင်တယ် ဆိုလို့ သူတို့ ဆီ ကို မှာပြီး ပို့ပေးရတယ် ။
တောထဲ တောင်ထဲ မှာ သစ်ပင် စိုက် ဖို့ သွားရင်း တောပန်း တောင်ပန်း ၊ သဘာဝပန်းရိုင်းကလေးတွေ တွေ့ရတယ် ။ သဘာဝ တောပန်းလေးတွေ က လူတွေ တောခုတ်တာ တို့ ၊ လူနေအိမ်ခြေ ချဲ့ထွင်တာ တို့ကြောင့် ရှားပါးလာတယ် ။ ရာသီဥတု ပြောင်းလဲမှုကြောင့် အချို့ အပင်တွေ က မျိုးတုံးပျောက်ကွယ် တော့မယ့် အနေအထား ကို မြင်လာတယ် ။ ထိန်းသိမ်း ထားရမယ့် ပန်းကလေး တွေ ကို မူလ အရောင် မပျက် ခြောက်သွေ့ပြီး ရေရှည်ခံတဲ့ နည်းတွေ နဲ့ စုဆောင်း သင့်တယ် ဆိုတဲ့ အတွေး နဲ့ ကျွန်မ ထိန်းသိမ်းတယ် ။
ပန်းကလေးတွေ က အမျိုးစုံ ၊ အများကြီး ။ ဒါကို ချပ်စက္ကူ မှာ ကပ်ပြီး ထိန်းသိမ်းရင်း ပန်းအနုပညာ အလုပ် စ လုပ် ဖြစ်သွားပါတယ် ။ တောပန်း တောင်ပန်း ပန်းရိုင်းကလေးတွေ ရှာဖွေ စုဆောင်းပြီး သဘာဝ အရောင် မပျက်အောင် ဆေးရည်စိမ် ၊ အခြောက် လုပ်ပြီး ပို့စကတ်လေးတွေ လုပ်တယ် ။ အမှတ်တရ ပစ္စည်းဆိုင်တွေ ကို တင်ပြီး ရောင်းတယ် ။
ရန်ကုန်လေဆိပ် ၊ ရန်ကုန် နဲ့ မန္တလေး က ဆီဒိုးနားဟိုတယ် ၊ ပုဂံ ပြတိုက် ၊ မန္တလေး စာတိုက်ကြီး ၊ မန္တလေး ဂင်ဇာ စတဲ့ အမှတ်တရ ပစ္စည်းဆိုင်တွေမှာ ရောင်းတယ် ။ နိုင်ငံခြား က ကြိုက်လို့ နယ်သာလန် ကို လည်း ရောင်းဖို့ ပို့ ပေးရတယ် ။ နိုင်ငံခြားသား တွေ က hand made ကို ပို ကြိုက်တယ် ။ ရှမ်းစက္ကူကြမ်း ၊ မိုင်းကိုင်စက္ကူ တွေ မှာ ကပ် ၊ ကြိုး ချည် တော့လည်း ခရုလေးတွေ သီထားတဲ့ ဂုန်နီကြိုး နဲ့ ချည်တာ ကို ပိုကြိုက်တယ် ။ ပြည်တွင်း က
လူငယ်လေး တွေ လည်း ဝယ်ကြတယ် ။ သူတို့ က romantic ( စိတ်ကူးယဉ် ဆန် တာ ) ပို ကြိုက်တယ် ။ ရေမွေးကတ် မှာ သစ်ခွပန်း လို ဟာပေါ့ ။
မန္တလေး ရဲ့ သဘာဝ က ရာသီဥတု အမြဲ ခြောက်သွေ့ နေတာမို့ ပန်းတွေ ကို အစို မပြန်ဘဲ လုပ်နိုင်တယ် ။ ပန်းကလေးတွေ ကို ကိုယ်တိုင် လည်း ရှာခဲ့တယ် ။ ပြင်ဦးလွင် ၊ စစ်ကိုင်းတောင်ရိုး က လာတဲ့ ဟင်းသီးဟင်းရွက်သည်တွေ ကို တောပန်း တောင်ပန်းတွေ ခူးခဲ့ဖို့ မှာပြီး သူတို့ ဆီ က လည်း ဝယ်တယ် ။ သဘာဝ ပန်းရိုင်းတွေ က တစ်နေ့တခြား ရှားပါး လာနေပြီ ။
ကျွန်မ က သဘာဝ ပတ်ဝန်းကျင် ကို စိတ်ဝင်စား တော့ မန္တလေး ဝိုင်အမ်စီအေ က ဆရာဦးမောင်မောင်ဝင်း က ဂျာမနီ ကို ပညာသင် သွားဖို့ ဆက်သွယ် ပေးတယ် ။ ကေအေအေဒီ ဆိုတဲ့ ခရစ်ယာန် ကက်သိုလစ်အဖွဲ့ နဲ့ အဆက်အသွယ် ရပြီး ပညာသင် ဖို့ ထောက်ပံ့ကြေး ပေးတယ် ။
၂၀၀၃ ခုနှစ် ဧပြီလ မှာ ကျွန်မ ဂျာမနီ ကို သွား ရတယ် ။ ဂျာမနီ မှာ ခြောက်လ ကြာ ဂျာမန်ဘာသာစကား သင် ရတယ် ။ ပြီးတော့မှ ဘရီမင် ( Bremen ) တက္ကသိုလ် မှာ မာစတာ ( မဟာဝိဇ္ဇာ ) တက်ရတယ် ။ အင်္ဂလိပ် လို သင်တာပါ ။ Social Science ဌာန မှ အင်န်ဂျီအို စီမံခန့်ခွဲမှု ပညာရပ် သင်ရတာပါ ။
သည်မှာ စိတ်ဝင်စားဖို့ ကောင်းတာ က ပညာသင် ထောက်ပံ့ကြေး ပေးသူ တွေ က ကက်သိုလစ် ၊ ကျွန်မ ကို ထောက်ခံချက် ပေးတာ က Baptist ( နှစ်ချင်း ခရစ်ယာန် ) ၊ လျှောက်ထားသူ က ဗုဒ္ဓဘာသာ ။ သူတို့ ရဲ့မူ က လျှောက်ထားသူ ဟာ
ကက်သိုလစ် ဖြစ်ရမယ် ။ ကျွန်မ လျှောက်လွှာ တင် တော့ မညာဘူး ။ ဗုဒ္ဓဘာသာ လို့ ပဲ ရေး လိုက်တယ် ။ သူတို့ က ဒါကို သီးခြား ကိစ္စရပ် အဖြစ် သတ်မှတ်ပြီး ပေးတာ တဲ့ ။ ကျွန်မ က ကိုယ်ကျိုး မဖက် ဘဲ မျိုးစေ့တွေ ဝေငှပေးသူ ၊ စိမ်းလန်း အောင် စိုက်ပျိုးပေးသူ ၊ သဘာဝ ပန်းရိုင်းလေးတွေ ကို ချစ်မြတ်နိုးသူ မို့ ပေးတာပါတဲ့ ။ သူတို့ ကို လည်း တောပန်း တောင်ပန်းလေးတွေ နဲ့ အလှဆင် တဲ့ ကားချပ် တစ်ခု လက်တွေ့ လုပ်ပြီး လက်ဆောင် ကျွန်မ ပေးခဲ့သေးတယ် ။
သူတို့ ပေးတဲ့ ပညာသင် ထောက်ပံ့ကြေး က လုံလောက်ပါတယ် ။ စားဖို့ ၊ နေဖို့ အပြင် ကျောင်းပိတ်ရက် မှာ နီးရာ နိုင်ငံတွေ သွား လည် လို့ရတယ် ။ ဂျာမနီ တက္ကသိုလ်တွေ က အခမဲ့ ပညာသင်ခွင့် ပေးတဲ့ စနစ် ၊ အမေရိကန် ၊ အင်္ဂလန် လို ကျောင်းလခ မပေးရဘူး ။ ခြောက်လ တစ်ခါတော့ register fee ( မှတ်ပုံတင် ကြေး ) ယူရို ၂၀၀ လောက် သွင်းရတယ် ။ သူတို့ က ကျောင်းသားကတ် လုပ် ပေးတယ် ။ မြို့ထဲ နဲ့ အနီးအနား မြို့ တွေ ကို ကား ၊ ရထား အခမဲ့ စီးခွင့် လက်မှတ် လုပ်ပေးတယ် ။ ဒါကြောင့် ဂျာမန် တက္ကသိုလ်တွေ မှာ နိုင်ငံခြားသား က သုံးပုံ နှစ်ပုံ လောက် လာ တက် နေတယ် ။ ဂျာမန်ကျောင်းသား က သုံးပုံ တစ်ပုံ လောက်ပဲ ရှိတာ ။
ကျွန်မ မာစတာ ပြီးသွားတော့ ပီအိတ်ချ်ဒီ လျှောက်တာ လက်ခံ လိုက်တယ် ။ ယခု ပီအိတ်ခ်ျဒီ အတွက် ကျွန်မ ပြင်ဆင် နေပါတယ် ။
◾ကျော်ရင်မြင့်
📖 ဘဝဇာတ်ခုံ အဖုံဖုံ
No comments:
Post a Comment