❝ ကဗျာ တစ်ပုဒ် ထောင် မှ ထုတ်ခြင်း ❞
( ယုယ )
ကျွန်မ အဖေ သည် သူ ထောင်ကျဖူးကြောင်း သိပ် ပြောလေ့ပြောထ မရှိ ။ စကား ကြုံလို့ လည်း မပြော ။ စကား ဆက်စပ်လို့ လည်း ပါးစပ် က မဟ ။ သူ ကိုယ်တိုင် စာရေးဆရာ တစ်ယောက် ဖြစ်နေပါလျက် နှင့် ထောင် အကြောင်း စာလေး တစ်ပုဒ်တောင် မရေးဖူးပေ ။ ကျွန်မ ငယ်ငယ် က ဟင်းစား ကြီးသဖြင့် “ အထဲ မှာ ဆို ကိုယ်တာ နဲ့ စားရတာ ။ ငါး ဆိုတာ တစ်တုံး ပဲ ရတာ ” ဟု အဖေ က ပြောဖူးသည် ။ ထိုအချိန်တုန်း က အဖေ့ စကား ကို ကျွန်မ နားမလည်ခဲ့တာ အမှန် ။ ကျွန်မ က အဖေ နိုင်ငံခြား သွားနေသည် ဟုပင် သိထားသည် ။ နိုင်ငံခြား မှာ ဟင်းထမင်း လည်း မပေါဘူး ဟု သာ နားလည် လိုက်၏ ။ အဖေ့ ဆီ က “ အထဲ ” ဆိုသည့် စကားလုံး ကို ထို တစ်ခါလေး သာ ကြားဖူးခဲ့သည် ။
ကျွန်မ နားလည်တတ်စ အရွယ် ရောက်တော့ အဖေ သည် နိုင်ငံခြား သွားခြင်း မဟုတ်ဘဲ နိုင်ငံ ၏ အထဲ ( သို့မဟုတ် ) ထောင်ကျဖူးတာ ဟု နားလည် လိုက်သည် ။ ကဗျာ တစ်ပုဒ်ကြောင့် အစိုးရ ၏ အပြစ်ပေးခြင်း ၊ အရေးယူခြင်း ၊ နောင်ကြဉ်အောင်လုပ်ခြင်း ကို ခံရသော စာရေးဆရာ တစ်ယောက် ဖြစ်ခဲ့သည် ဆိုတာထက် ကျွန်မ ပို မသိခဲ့ပေ ။
အဖေ နှင့် ထောင်အကြောင်း ရေးမည် ဆိုတော့ တစ်စစီ ပြန့်ကျဲ နေသော ပန်းကလေးတွေ ကို ကောက်ရသလို ၊ သို့မဟုတ် ဖန်ပုလင်းကွဲတွေ ကို ကောက်ရ သလို တစ်လှည့်စီ ခံစားနေရ၏ ။ တချို့ အဖြစ်အပျက်တွေ နေရာ ရောက်တော့ နူးနူးညံ့ညံ့ပျော်ပျော်ရွှင်ရွှင် ခံစားရပြီး ၊ တချို့အကြောင်းအရာတွေ နေရာ ရောက်တော့ ထိထိခိုက် ခိုက် နာနာကျင်ကျင် ခံစားရပြန်သည် ။ တချို့အရာတွေ ကျတော့ လည်း ပန်းပွင့်လေးလို့ ထင်ပေမယ့် သေသေချာချာ စဉ်းစား ကြည့်တော့ ပုလင်းကွဲတွေ ဖြစ်နေကြောင်း သိရှိရပြန်သည် ။
ထောင် အကြောင်း တစ်စွန်းတစ်စ ကို ပထမဆုံး အဖေ ပြောသည့် အချိန် က တိုက်တိုက်ဆိုင်ဆိုင် ကျွန်မတို့ သားအဖတွေ နိုင်ငံခြား ရောက်နေချိန် ဖြစ်သည် ။ ကျွန်မ ငယ်ငယ် က ထောင် နှင့် နိုင်ငံခြား ခွဲမရခဲ့သည် ကိုး ။ ထောင်တွင်း အဖြစ်အပျက်တွေ ကို ပြောပြသည့် အထဲ တွင် ထုသံ ရိုက်သံတွေ မပါ ၊ ဆဲသံဆိုသံတွေ မပါ ၊ ပုံစံထိုင်တာတွေ မိလ္လာနံ့တွေ မပါ ၊ အနိုင်ကျင့်မှုတွေ ဖိနှိပ်မှုတွေ မပါ ၊ မွန်းကျပ်ပိတ်ဆို့မှုတွေ မပါပေ ။ မိသားစု ကို သတိရလွမ်း ဆွတ်ခြင်း နှင့် အထဲ က အတူနေခဲ့သည့် ထောင်တွင်း အပေါင်းအဖော်တွေ ကို သတိရခြင်း တွေသာပါသည် ။
••••• ••••• •••••
အဖေ့ ကို ထောက်လှမ်းရေးတွေ လာ ခေါ်သည့် ည က တော်တော်နှင့် မအိပ်သည့် ကျွန်မ တစ်ယောက် အိမ်ပေါ် မှာ ပြေးလွှား ဆော့ကစား နေခဲ့၏ ။ လူတစ်စု သည် တိတ်တဆိတ် ကျွန်မတို့ မိသားစု ထဲ မှ အဖေ့ ကို ခေါ်ထုတ် သွားသည် ။ အဖေ က ရုန်းကန်ခြင်း ၊ အော်ဟစ်ခြင်း မရှိဘဲ အသာတကြည် လိုက်သွားခဲ့၏ ။ ကျွန်မ ဉာဏ်မီ သလောက် ဆိုလျှင် နုနယ်သော သမီးလေး နှစ်ယောက် ၏ နှလုံးသား တွင် အော်ဟစ်ရုန်းကန် နေသော ၊ အထုအထောင်း အရိုက်အနှက် ခံနေရသော သူတို့ အဖ ၏ ရုပ်ပုံလွှာ ကို မမြင်စေ ၊ မတွေ့စေရ ဟု ခံယူထားသော ကြောင့် ဖြစ်မည် ။ နောက်ပြီး တစ်နေ့ မဟုတ် တစ်နေ့ ကျိန်းသေပေါက် သူ့ ကို လာခေါ်မည် ဟု တွက်ထားပြီး သောကြောင့်လည်း ဖြစ်နိုင်၏ ။
အဖေ နှင့် လူတစ်စု အိမ်ပေါ် က ဆင်းပြီး အိမ်ဘေး အရောက် ကျွန်မ ၏ မေးခွန်း မေးသံ ကို အဖေတို့ အားလုံး ကြားလိုက်ရသည် ... တဲ့ ။ အမေ့ ထံ မှ ဘာအဖြေ မှ မရခဲ့ ပေ ။ ကျွန်မ မေးခွန်း ကို အမေ ကိုယ်တိုင် မသိ၍လည်း ဖြစ်နိုင်ပြီး မသိချင်၍ လည်း ဖြစ်နိုင်ပါသည် ။ ထိုနေ့ က စောစော အိပ်ဖို့ ခေါ်လေ့ ရှိသည့် အဖေ့ အသံ ကို ကျွန်မ မကြားရတော့ပေ ။ ထို ညက ကျွန်မ တော်တော်ကလေး ဆော့ကစား ပြီး မှ အိပ် သွား၏ ။
ထောင် နှင့် ပတ်သက်ပြီး အဖေ ပြောသည် က စာရေးဆရာ မပီသပေ ။ ကောင်းကွက်ကလေးတွေ ပဲ ရွေးပြသည့် ကြော်ငြာဒါရိုက်တာ လို ဖြစ်နေသည် ။ ထို ကောင်းကွက်ကလေးများ ထဲတွင် မကောင်းကွက်လေး တစ်ခုတလေ သာ ပါ၏ ။ ထို မကောင်းကွက်လေး မှာ ဇာတ်လမ်း အစ ဖြစ်ပြီး မပြော မဖြစ်လို့သာ ပြောရခြင်း ဖြစ်သည် ။
ပထမဆုံး ပြောပြသည့် ဇာတ်ဝင်ခန်း ကား အဖေ့ ကို ဖမ်းခေါ် သွားပြီး ရုံးတစ်ရုံး မှာ စစ်ကြသည့် အကြောင်း ဖြစ်သည် ။ ထုံးစံအတိုင်း အဖေ က သူတို့ မေး သမျှကို လှည့်ပတ်လို့ ရမလား ဆိုပြီး ငြင်းကြည့်သည် တဲ့ ။ မရပေ ။
ထောက်လှမ်းရေး က အဖေ့ ကို စကား တစ်ခွန်းဖြင့် အနိုင် ယူလိုက်၏ ။ ထိုစကား ကို အစပြု ပေးသူက ကျွန်မ က လွဲလို့ ဘယ်သူမှ မဖြစ်နိုင်ပေ ။ အဖေ့ ကို ခေါ်သွားတုန်းက ကျွန်မ မေးသည့် စကား က “ ဖေကြီး က ဘယ်ကို သွားတာ လဲဟင် ” ဟု ဖြစ်ပြီး ထောက်လှမ်းရေး က ထိုစကား ကို မှတ်ထားပြီး “ ခင်ဗျား သမီးလေး ကို ခင်ဗျား မချစ်ဘူးလား ။ သူ က ခင်ဗျား ဘယ်သွားတာလဲ သိချင်နေရှာတယ် ” ဟု ဖြစ်သည် ။ အဖေ ကား သတိရခြင်း နှင့် ချစ်ခြင်းတရား ကို ရင်ထဲ သိမ်းရင်း မသိချင်ယောင် ဆောင် နေလိုက်၏ ။
မေးရင်း ဖြေရင်း ( အဖေ ပြောသည့် အထဲ ထုသံ ရိုက်သံ မပါ ၊ ဆဲသံဆိုသံ မပါသဖြင့် ဇာတ်နာအောင် မထည့်လိုပါ ) နောက်ဆုံး ထိုကဗျာ သူ ရေးကြောင်း ဝန်ခံ လိုက်သည်တဲ့ ။ အားလုံး ဖြေပြီးတော့ အဖေ က ဆေးလိပ် သောက်လိုသည့် အခွင့်အရေး တစ်ခု ကို တောင်းဆိုသည် ။ သူတို့ က လည်း သိပ် ခက်ခက်ခဲခဲ မမေးရသဖြင့် ဆေးလိပ် တစ်လိပ် သောက်ခွင့်ပြုသည် ။
အဖေ သည် ဆေးလိပ် သောက်ပြီး နောက် သိပ်မကြာလိုက်ဘဲ ခုံ တစ်ခုံ ပေါ်တွင် မှေးခနဲ အိပ်ပျော်သွား၏ ။ အိပ်မက် က လန့် မနိုးခင် အထိ သူ ရေးတဲ့ ကဗျာ အပေါ် မှာ ရော ၊ သူ လုပ်ခဲ့တဲ့ လုပ်ရပ်တွေ အပေါ်မှာ ရော ကျေနပ် အားရ နေခဲ့သည် ။ အိပ်မက် က လန့် နိုးတော့ နောင်တတရား ၊ သတိရခြင်း ၊ စိတ်ပူပန်ခြင်း ၊ တွေဝေခြင်း စသည် ဖြင့် ဆတူ ရောစပ်ထားသော ခံစားချက်များ က အလျင် စလို ဝင်ရောက် လာတော့၏ ။ အိပ်မက် ထဲ တွင် ကျွန်မ က ဖေကြီး ဟု ခေါ်ပြီး ပြေးဖက်သတဲ့ ။ တချို့ အိပ်မက်တွေ က အိပ်မက် ထဲ မှာ ပင် အိပ်မက် ဖြစ်ကြောင်း သိနေပြီး ၊ အချို့ အိပ်မက်တွေ ကျတော့ အပြင် မှာ ဖြစ်နေသည့် တကယ့် အဖြစ်အပျက်လို ခံစားရတတ်သည် ။ အဖေ့ အိပ်မက် က တကယ့် အပြင် မှာ လို ကျွန်မ ကို ပွေ့ဖက်လိုက် ရ သလို ခံစားရပြီး လန့် နိုးလာသည် ။ အဖေ့ ဘေး တွင် ကျွန်မ မရှိပေ ။
အဖေ သည် အဘယ့်ကြောင့် ခပ်မြန်မြန် ဝန်ခံလိုက် ရသလဲ ဟု ဆိုလျှင် အဖေ့ကဗျာ ကို ထုတ်ဝေသူ ဦးမျိုးမြင့်ညိမ်း နှင့် ဖြန့်ချိသူ ဦးစိန်လှိုင် တို့ က ထောင်ထဲ ရောက်နှင့်ပြီး ဖြစ်ပြီး ကဗျာရေးသူ က သူ မှန်း သေချာသဖြင့် သာ ဒီနေရာ ကို ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာခြင်း ဖြစ်သည် ။ ထောက်လှမ်းရေး က “ ခင်ဗျားတို့ တွေ မြင် လည်း မြင်ရခဲပါတယ် ။ ဘော်လီဘော ပုတ်နေတဲ့ ခေတ် ထဲမှာ ဟိုလူ က လည်း ဒီ ကဗျာ သူ ရေးတာ ၊ ဒီ လူ ကလည်း ဒီ ကဗျာ သူ ရေးတာ နဲ့ ကဗျာရေးသူ သုံးယောက် တောင် ဖြစ်နေပြီ ” ဟု ဆိုသည် ။
နောက် ထောက်လှမ်းရေး တစ်ယောက် ကျတော့ လည်း “ ဒီကဗျာ ကို ကိုမျိုးမြင့်ညိမ်း က ခင်ဗျား ကို ရေးခိုင်း လို့ ခင်ဗျား က ရေးပေးရတာပါဆို ” ဟု မေးတော့ အဖေ က “ ကျုပ် က စာရေးဆရာ ဗျ ။ ကိုယ် ရေးချင်လို့ ကိုယ် ရေးတာ ။ ဘယ်သူ ခိုင်းလို့မှ မဟုတ်ဘူး ” ဟု ဖြေသည် တဲ့ ။ ဦးမျိုးမြင့်ညိမ်း တို့ က အချင်းချင်း အပြစ် လျော့လို လျော့ငြား ကာဗာ လုပ်ပေးကြခြင်း ဖြစ်သော်လည်း တရားသူ ကြီး က တော့ မျှမျှတတပင် တစ်ယောက် ကို ထောင် နှစ်စီ ချလိုက်လေ၏ ။
အဖေ သည် ဦးသန့် အရေးအခင်းတုန်း က ထောင် နှင့် တစ်ခါ မိတ်ဆက်ဖူး သဖြင့် အစိမ်းသက်သက် တော့ မဖြစ်ပေ ။ ထောင် ဆိုသည် ကလည်း တစ်ဆောင် နှင့် တစ်ဆောင် ကွဲပြားသည် မဟုတ် ။ သံတိုင် ၊ သမံတလင်း ၊ ဂန်ဖလား ၊ ဆေးပေါ့လိပ် စသည့် အရာ တော်တော်များ များက အတူတူပင် မဟုတ်ပါလား ။ အဖေ အထဲ ကို ရောက်လာတော့ ခင်ဗျား ရောက်လာပြီလား ဟု ဦးမျိုးမြင့်ညိမ်း က အကြည့် ဖြင့် မေးပြီး အဖေ က လည်း သေချာတာ ပေါ့ ဟု မျက်နှာ အမူအရာ ဖြင့် ဖြေပေလိမ့်မည် ။
အပေါင်းအဖော် တွေ ရဲဘော်ရဲဘက် တွေ တွေ့ပြန် တော့လည်း နောင်တ နှင့် မိသားစု ခဏ ပျောက်ပြီး မိမိ လုပ်ရပ် အပေါ် ကျေနပ်အားရခြင်း နှင့် နိုင်ငံရေးစိတ်ဓာတ် တွေ တဖွားဖွား ပေါ်လာတော့သည် ဟု အဖေ က ပြော၏ ။ ထို ခံစားချက်က သိပ် မကြာလိုက်ပေ ။ ည အိပ်ရာ ဝင်တော့ တော်တော်နှင့် မအိပ်ဘဲ ဆော့ကစား နေတတ်သည့် ကျွန်မ နှင့် ခပ်စောစော အိပ်ရာဝင်သော အစ်မ ၊ အဖေ ချစ် သော လေးမေ တို့ ကို သတိရခြင်းတွေ အတားအဆီး မရှိ ဝင်ရောက်လာတော့သည် ။ ထိုအခါကျတော့လည်း နောင်တ ရချင် သလိုလို နောက်နောင် ဆင်ခြင် မှ ဟု တွေးမိ သလိုလို ဖြစ်လာပြန်သည် ဟု စိတ်သည် တစ်သမတ်တည်း မရှိကြောင်း ပြောပြ၏ ။ ထောင်အကြောင်း ပြော နေတုန်း က အဖေ့ မျက်နှာ ပေါ်မှာ နာကြည်းခြင်း ကို မတွေ့ ရတာတော့ သေချာပါသည် ။
အဖေ တို့ ကို ပထမဆုံး ရုံးထုတ်တော့ မိသားစုဝင် တွေ မသိလိုက် ။ ထောင်ကားပြာပြာကြီး နှင့် ခေါ်ထုတ် လာတုန်း မီးပွိုင့် မိနေစဉ် အသိ တစ်ယောက် က တွေ့ပြီး မိသားစု ကို သတင်းပေး သဖြင့် ကျောက်တံတားရဲစခန်း တွင် ရုံးထုတ်ကြောင်း သိကြရပြီး အဖေ့ အစ်ကိုတွေ နှင့် အမေတို့ အပြေးအလွှား လိုက်ကြရသည် ။ သတင်း က အတော် ပြန့်သွားပုံရ၏ ။ အမေတို့ ရောက်သည့် အချိန် တွင် စာပေ ၊ ရုပ်ရှင် ၊ ပန်းချီ ၊ ကာတွန်း စသည့် အနုပညာ အသိုင်းအဝိုင်း တော်တော်များများ ရောက်နေကြပြီ ဖြစ်သဖြင့် မစည်ကားအပ်သော ရဲစခန်း ကား အလွန်စည် ကား သွားခဲ့သည် ။
အမေ့ ကို တွေ့ တွေ့ချင်း အဖေ က သူ့ လက်ချောင်းတွေ ကို ထောင်ပြပြီး မျက်နှာ ကို လည်း ဟိုဘက် ဒီဘက် လှည့်ပြ၏ ။ သူ့ မှာ ဘာ ဒဏ်ရာ မှ မရှိ ၊ အားလုံး အဆင်ပြေပါသည် ဆိုသည့် သဘော ။ အဖေ့ အမေ ကျွန်မတို့ အဘွား ကတော့ သူ့ သား မျက်နှာ ကို မြင်ရဖို့ တရားရုံး သို့ မလိုက်နိုင်ရှာပေ ။ အဘွား သည် လေဖြတ် ထားသည့် လူနာ ဖြစ်သောကြောင့်ပင် ။ သို့သော် သူ့ သားလေး ဘေးကင်းဖို့ အရေး နေအိမ် ကုလားထိုင်လေး ပေါ်မှ မေတ္တာသုတ် ၊ ခန္ဓာသုတ် ၊ မောရသုတ် ( အချုပ်အနှောင် မှ လွတ်ကင်းအောင် ရွတ်သည့် ဘုရားစာ ) တွေ ရွတ်ဖတ် ပြီး ဆုတောင်းပေး နေမှာ သေချာပါသည် ။
ရဲစခန်း တစ်ခု မှ နောက် တစ်ခု သို့ ကူးသည့် အချိန် တွင် အဖေတို့ သုံးယောက် ကို လက်ထိပ်ခတ်ပြီး သုံးယောက်တွဲ လမ်းလျှောက် ခိုင်းသည် ။ အရှက်ရစေ ဆိုပြီး ရည်ရွယ်ချက် ရှိ မရှိ မပြောတတ် ။ လူတွေ တရုန်းရုန်း ကြား လျှောက်ခဲ့ရ သော်လည်း ထို လူတရုန်းရုန်း ကတော့ အဖေတို့ သုံးယောက် ကို ချစ်ခင်စွာ ကြင်နာစွာ ကရုဏာ သက်စွာ ကြည့်နေကြခြင်း ဖြစ်ကြောင်း ယုံမှားသံသယ ဖြစ်စရာ မရှိ ။ အဖေတို့ ကလည်း ရှက်စရာ ဟု ထင်ပုံ မရ ဘဲ ထိုသို့ လမ်းလျှောက်ကာ ခေါ်သွားခြင်းကြောင့် မိသားစုများ နှင့် လမ်းလျှောက်ရင်း ထို ခဏတာလေး စကား ပြောကြရသည် ကို ပင် ကျေနပ်နေခဲ့ပေလိမ့်မည် ။
လာ ဖမ်းတုန်းက ညကြီး အချိန်မတော် ကမန်းကတမ်း လိုက်သွားရ သဖြင့် အဖေ့ ခမျာ ပုဆိုးစုတ်ကလေး နှင့် ဂျာကင်အမည်းရောင် တစ်ထည် က လွဲလို့ သူ သိပ် ကြိုက်သည့် ဆေးလိပ်လေး တစ်လိပ် တောင် ပါမသွား ချေ ၊ သုံးလလောက် ထို ပုဆိုး ဖြင့် ထောင် ထဲမှာ နေလိုက် ရသည် ။ မိသားစု နှင့် သုံးလတိတိ အဆက်အသွယ်ပြတ် ၊ ဘယ်ရောက် လို့ ဘာဖြစ်မှန်း မသိ ၊ သုံးလ လောက် နေမှ ပထမဆုံး ရုံးထုတ်ခြင်း ဖြစ်သည် ။ အမှန်အတိုင်း ဝန်ခံ ရလျှင် ထိုအချိန်တုန်း က အဖေ့ ကို နိုင်ငံခြား သွားနေသည် ဟု သာ ထင် သဖြင့် ကျွန်မ မည်သို့မျှ မခံစားရပေ ။ အဖေ့ ဆီ မှ ချောကလက်လေးတွေ မျှော်ဖို့ လောက်သာ ကျွန်မ နားလည်ခဲ့သည် ။
ဒီနေရာမှာ အရေးကြီးသော ဇာတ်ဆောင် တစ်ယောက် ရှိပါသည် ။ အဖေတို့ ကို ရုံး ထုတ်တော့ ဒါရိုက်တာ ဦးကြည်စိုးထွန်း တို့ လည်း ရောက်လာ၏ ။ အဖေ့ ပုဆိုးစုတ် နံနံစော်စော်ကြီး ကို ဦးကြည်စိုးထွန်း က ကြည့် မကောင်း ဟု ဆိုပြီး သူ့ ပုဆိုးသစ် နှင့် လဲ ပေးသည် ။ တရားရုံး တွင် မည်သို့မည်ပုံ လဲလှယ်ကြမယ် ဆိုသည်ကိုတော့ မျက်စိ ထဲ ၌ သာ မြင်ယောင် ကြည့်ပါလေ ။ အရေးကြုံ လျှင် အနုပညာသမား အချင်းချင်း ကူညီဖေးမ ဖို့ ဝန်မလေးကြ ဟူသည့် အကြောင်းလေး ကို အဖေ ပြောပြချင်ပုံ ပေါ်ပါ၏ ။ ထို့ကြောင့်လည်း အဖေ ပြောသည့် ထောင် အကြောင်း နည်းနည်းတွင် ထို ဇာတ်ဝင်ခန်း ကို လည်း တိတိကျကျ ပုံဖော် ပြောခဲ့၏ ။
နောက်တစ်ခါ ရုံး ထုတ်တော့ ရဲ နှင့် ကြိုတင် ညှိနှိုင်းပြီး လုပ်ဆောင်ရတာတွေ လည်း ရှိသည် ။ ထောင်ကားကြီး လာစဉ် လမ်းတစ်ဝက် တွင် အမေ က ထောင် ကား ပေါ် သို့ တက် ၊ မိန်းမထောင်သား ဘက်ခြမ်းမှာ နေရာ ယူပြီး သံတိုင်လေးတွေ ကြား စကား ပြောကြရသည်တဲ့ ။ ရည်းစားဘဝ တုန်း က ချိန်းတွေ့ ရတာ တောင် ဒီလောက် ရင်ခုန်စရာ ကောင်းခဲ့မည် မဟုတ်ပေ ။ ပြောသင့်သလောက် ပြောပြီး ထောင်ဘူးဝ နား ရောက်တော့မှ အမေ က ဆင်း နေခဲ့သည် ။ အဖေ့ ရင် ထဲ ဟာတာတာကြီး ကျန်ရစ်ခဲ့မှာ အသေအချာပင် ။ ( အခု အချိန်မျိုး သာ ဆိုလျှင် အမေ တစ်ယောက် အဲကွန်း နှင့် ထောင်ကား စီးခွင့်ရပေ လိမ့်မည် ) ။
နောက်ဆုံး ရုံးချိန်ကား မိသားစု သုံးစု ၏ ဘဝ ကို အဆုံးအဖြတ် ပေးခဲ့သည် ။ ရုံး က အမိန့် ချပြီးတော့ အမေ သည် ငါးပိကြော် ကို လည်းကောင်း ၊ အသားခြောက် ကြော်များ ကို လည်းကောင်း ၊ ဂျက်ကမ္ဘာဆေးပေါ့လိပ်စည်းများ ကို လည်းကောင်း နှစ်ပတ် တစ်ခါ အင်းစိန် လာခွင့် ကို လည်းကောင်း ၊ လောကကြီး ကို တစ်ယောက် တည်း ရဲဝံ့စွာ ရင်ဆိုင်ရခြင်း ကို လည်းကောင်း ပိုင်ဆိုင် ခွင့် ရရှိသွား၏ ။
အမေ့ တွင် လူမမည် သမီး နှစ်ယောက် နှင့် ကုန်ဈေးနှုန်း က လွဲလို့ ဘယ်သူ မှ မရှိ ။ ထိုအချိန် ကာလတွင် ကျွန်မတို့ မိသားစု ကို ကူညီဖို့ အသင့် ဆိုသူများ ရှိသလို ရှောင်ဖယ်ဖို့ ဆုံးဖြတ်ချက် ချထားသူများ လည်း ရှိပါလိမ့်မည် ။ သို့သော် အဖေ သည် ကူညီခဲ့သူများ ကို မမေ့ရန် မှာခဲ့ပြီး အခြားသူများ ကို ကား ကိုယ် အဆင်ပြေသည့် အချိန်တွင် လက်မနှေးရန် ဆုံးမခဲ့၏ ။
အဖေ သည် ထောင်ထဲ ရောက်ပြီး သိပ်မကြာခင် မှာပင် နောက်ထပ် အမိန့် တစ်ခုကို ချခံလိုက်ရသည် ။ အခြား မဟုတ် ။ အဖမဲ့သား ဖြစ်စေ ဟု သေမင်း က အမိန့် ချလိုက်ခြင်းပင် ။ ဖခင် ၏ အသုဘ ကို လက်မလေး နှစ်ခု ပူးကာ အကျဉ်းချ ခံပြီး ခဏတစ်ဖြုတ် မျက်ရည်ကျခွင့် ပြုသည် ။ ( လက်မ နှစ်ခု ကို ပူးချည် ထား သဖြင့် မြင်မကောင်း သောကြောင့်လား မသိ ၊ လက်ကိုင်ပဝါ ဖြင့် တစ်စုံတစ်ယောက် က လာ အုပ်ပေးသွားပုံရသည် ) ။ သို့သော် ခဏလေး မှ တကယ့် ခဏတာလေးပင် ။ ကျွန်မ ကား အဘိုး အသုဘ ကို လိုက်ပို့ခွင့် မရသဖြင့် ဝမ်းနည်းနေသော ၊ ကြေကွဲ နေသော အဖေ့ မျက်နှာကို မမြင်လိုက်ရပေ ။ အစောင့်အကြပ် တို့ နှင့် အသုဘ မှ ပြန်လည် ထွက်ခွာသွား ၏ ။ ကံကောင်းသည် က ကျွန်မတို့ မိသားစု အားလုံး အဖေ့ ကို ထောင်သို့ ပြန် လိုက်ပို့ခွင့် ရခြင်းပင် ။ သို့သော် ကျွန်မ ထင်သည် က လေဆိပ် သို့ ပြန်လိုက်ပို့ခြင်း ဖြစ်ပြီး အင်းစိန်ထောင်ဘူးဝ ၏ အုတ်တိုက်နီနီကြီးတွေ နောက်တွင် လေယာဉ်ပျံတွေ အပြေးအလွှား ရှာခဲ့သည် ။ လူကြီးတွေ ကတော့ ထောင်ဘူးဝ က လွဲလို့ ဘာမှ မမြင်နိုင်သလို ကျွန်မ စိတ်ကူး ထဲက လေယာဉ်ပျံတွေ ကို လည်း ဘယ်သူ မှ မြင်နိုင်လိမ့်မည် မဟုတ် ။ အဖေ သည် လေယာဉ်ပျံ ပေါ် တက်ခါနီး ကျွန်မ ကို လက်ပြ နှုတ်ဆက်ဦးမည် ဟု ထင်ခဲ့သည် ။ သို့သော် အဖေ ကား လက်ပြ မနှုတ်ဆက်ခဲ့ပေ ။ အဖေ့ လက်တွေ ကို လက်ထိပ် ခတ်ထားသည် ကိုး ။
အဘိုး ၏ နာရေးကြော်ငြာ တွင် အဖေ သည် သား အဖြစ် ပါဝင်ခြင်း မရှိ ။ လူ ကို ထောင်ချထားသည့် အပြင် နာမည် ကိုပါ ထောင်သွင်း အကျဉ်းချခဲ့သည် ။ အဖေ့ ခမျာ သူ့ အသုဘဖိတ်စာ တွင် မှ အဘိုး ၏ သား အဖြစ် နာမည် ထည့်ခွင့် ရခဲ့၏ ။
အဖေ ပြောပြသည့် ထောင်ဇာတ်လမ်း ထဲ တွင် ဒီ ဇာတ်ဝင်ခန်း ကလည်း မပါမဖြစ်ပင် ။ အဖေ့တို့ ကို ရုံး ထုတ်တော့ ထောင်ကား ထဲတွင် တခြား ထောင်သားများ လည်း ပါသည် ။ ထို ကားပေါ် ရောက်ပြီ ဆိုလျှင် လူတွေ က ကားပြတင်းပေါက် ကို လုကြရ၏ ။ ထို ပြတင်းပေါက် ကို ကား စ ထွက် ကတည်းက ဦးထားသူ တစ်ယောက် ရှိသဖြင့် အဖေ ကား စိတ်ဆတ်သူ ပီပီ “ ဟေ့လူ ... နည်းနည်း ဖယ်ပေး ” ဆိုပြီး နေရာ တောင်းသည် ။ ထို လူ က အဖေ့ ကို ဘုကြည့် တစ်ချက် ကြည့်ပြီး နေရာ ဖယ်ပေးခဲ့သည် ။ သံတိုင်လေးတွေ နှင့် ပြတင်းပေါက် နား သွားရင်း အဖေ သည် လောကကြီး ကို ခဏ ထိတွေ့ခွင့် ရခဲ့၏ ။ ထောင် ထဲ ပြန် ရောက်တော့မှ ထောင်ဝါဒါ က ရင်တမမ ဖြင့် ပြောသည် ။ ထို နေရာ ဖယ်ပေးသူကား အခြား မဟုတ် ။ နာမည်ကြီး လူဆိုး စိုးမြတ် ဖြစ်၏ ။ နိုင်ငံရေးသမား ၅ ( ည ) များ ကို ထောင်တွင်း လူဆိုးကြီးများ က အစ လေးစားသည် ။ နေရာ ပေးသည် ။ ရန်မူခြင်း ၊ အနိုင်ကျင့်ခြင်း မလုပ် ဟု အဖေ က ပြော၏ ။ လောက တွင် လူကောင်း နှင့် လူဆိုး မည်သို့ ခွဲခြားကြသနည်း မပြောတတ် ။
နောက်ထပ် အဖေ ပြောပြသည့် ထောင်အကြောင်းတွေ အားလုံး က ပျော်စရာ သို့မဟုတ် ရယ်စရာ ကောင်း တာတွေချည်းပင် ။ တကယ်ပဲ ရယ်စရာ ကောင်းခဲ့တာ ဒါမှမဟုတ် တမင်သက်သက် ကလိထိုး ရယ်ပြတာလား ဆိုတာတော့ အဖေ ကိုယ်တိုင် မှသာ သိတော့မည် ။ အဖေ ကား ဟာသဝတ္ထုရေးဆရာ မဟုတ်ပါလား ။
အဖေ ထောင်ကျရသည့် အကြောင်းရင်း နှင့် ပတ်သက်၍ အမေ့ ထံ မှ ညည်းညူသံ တစ်ခါမျှ မကြားဖူးပေ ။ တစ်ခါမျှ လည်း ဂုဏ်ယူဝင့်ကြွားစွာ ထုတ်ဖော်ပြောကြား နေသည် ကို လည်း မမြင်ရ ။ တိတ်တဆိတ် ထောက်ခံနေခြင်း မျိုးများလား ။ အဖေ့ အနုပညာ အပေါ် မည်သည့် အောင်မြင်မှု ကျရှုံးမှု ဖြစ်ပါစေ ၊ ရဲရဲကြီး ကျေနပ်စွာ လက်ခံမည် ဟု ခံယူထားသည်လား မပြောတတ် ။ သေချာသည် ကား အမေ သည် ထောင်ကား ပြာပြာကြီး စီးဖူးပြီး ထောင်ဝင်စာ လည်း ဝင်တွေ့ ဖူးလေ၏ ။
ကျွန်မ ဘကြီးများ ၏ ကူညီဖေးမမှု ဖြင့် အဖေ့ မှာ ထောင်သက် မရှည်ကြာခဲ့ပေ ။ ထို ၂ နှစ်တာ ကာလလေး ကို တောင် ကျွန်မတို့ ခဲရာခဲဆစ် ဖြတ်သန်းခဲ့သည် ဆိုလျှင် အခြား နှစ်ရှည်လများ ထောင်နန်းစံခဲ့ရသည့် နိုင်ငံရေး အကျဉ်းသားတို့ ၏ မိသားစု ဘဝ ကား ပြောရက်စရာ မရှိတော့ချေ ။
အဖေ သည် အဘယ်ကြောင့် သူ ထောင်ကျရသည့် အကြောင်း ကို တခမ်းတနား မဖော်ပြရသနည်း ဟု ကျွန်မ အကြိမ်ကြိမ် စဉ်းစား အဖြေ ထုတ်ခဲ့ ဖူးသည် ။ ဖြစ်နိုင်သည် က သူ့ ကဗျာ စာရွက်ကလေးများ လိုက်ဝေသည့် ကျောင်းသားလေးများ သည် သူ့ ထက် အရင် ထောင်ကျပြီး သူ့ နောက်မှ ထောင် က ထွက်ရသဖြင့် လည်းကောင်း ၊ မည်သူမျှ သူတို့ ကို မသိလိုက်ဘဲ ထောင် ထဲ တွင် အဖိနှိပ်ခံ ၊ အနှိပ်စက်ခံဘဝ ဖြင့် အဖေ့ ကဗျာ အပေါ် နောက်ဆုံး အချိန်ထိ ယုံကြည် ပေးခဲ့ကြသောကြောင့် လည်းကောင်း ထောင် က ထွက်ပြီး အဖေ သည် ဟိုးအရင် က ထက် နာမည် ပို ရလာ သော်လည်း ထို ကျောင်းသားလေးများ က ထောင်ထွက် ဆိုသည့် နာမည် က လွဲလို့ မည်သည့် ဂုဏ် ရာထူး မျှ မပိုင်ဆိုင်ရသဖြင့် အားနာသောကြောင့် လည်းကောင်း တိတ်တဆိတ် နေခဲ့သည် ဟု ထင်ပါ၏ ။ အဖေ ကား သေခါနီး အထိ ထို ကျောင်းသားလေးများ ကို အားနာကြောင်း ကျွန်မ ကို တဖွဖွ မှာခဲ့သောကြောင့် ထို အဖြေ ကို ထုတ်ရခြင်း ဖြစ်ပါသည် ။ ( ထောင် ထဲ က သူ့ ဘဝ တချို့ ကို ၂၃ နှစ် လုံးလုံး တစ်ခါမှ မပြောဘဲ နိုင်ငံခြား သို့ သား အဖတွေ ရောက်နေခါ မှ အဘယ်ကြောင့် ပြောရသနည်း ဟု ဆိုလျှင် အဖေ သည် သေမင်း ၏ အမိန့် ကို လက်ခံ ရရှိပြီး ဖြစ်သောကြောင့်ပင် ။ တမလွန် ဆိုတာ ကို ကြို သိနေ သော လူ တစ်ယောက် အနေဖြင့် ပြောချင်တာလေးတွေ ပြောခွင့် ရသွားတာလည်း အမြတ် ပဲ ဟု တွေးမိသောကြောင့်လား မပြောတတ် ။ ငယ်ငယ်တုန်း က လိုပင် တမလွန် မဟုတ်ဘဲ အဖေ နိုင်ငံခြား သွားမှာ ဟု ထင်ယောင် ထင်မှား ဖြစ်ချင်သေးသည် ။ အစိုးရ က အဖေ နှင့် မိသားစု ကို ၂ နှစ်ကျော် ခွဲထား၏ ။ သေမင်း ကတော့ အဖေ့ ကို အပြီးတိုင် ခေါ်ယူ သွားခဲ့လေပြီ ) ။
ကျွန်မ သည် အဖေ မရှိတော့ သဖြင့် အဖေ့ ကဗျာလေး ကို ထောင် မှ ထုတ်ခဲ့ခြင်း ဖြစ်ပါသည် ။ တမလွန် က အဖေ စိတ်မဆိုးလောက်ဘူး ဟု ထင်ပါသည် ။ ။
▢ ယုယ
📖 စုံနံ့သာ မဂ္ဂဇင်း
မတ်လ ၊ ၂၀၁၅
No comments:
Post a Comment