Monday, May 19, 2025

မေလလယ်


 

❝ မေလလယ် ❞
     ( ဝင်းဖေ )

မေလလယ် … ။

မန္တလေး မှာ ပူသလားလို့ မမေးနှင့် ။ ကတ္တရာစေးလမ်းတွေ အရည် ပျော်နေပြီ ။ နေ့လယ် နှစ်နာရီခန့် ဆိုတော့ အဆိုးဆုံး ။

ဗောဓိကုန်း အေ - လမ်းမကြီး ပေါ် မှာ အသွားအလာ မရှိ သလောက် ဖြစ်နေတယ် ။ ပူလွန်းတော့ အပြင် မထွက်ချင်ကြဘူးပေါ့ ။ မထွက်ရဲကြဘူးပေါ့ ။ သူသူငါငါ အိမ် ထဲ မှာပဲ ယပ်တောင်ကလေးတွေ နှင့် ၊ ပန်ကာ တတ်နိုင်သူတွေ ကလည်း ပန်ကာ နဲ့ ပေါ့ ။ သင့်သလို အပူ သက်သာအောင် လုပ်ပြီး နေကြမှာပေါ့ ။ လေအေးစက် တတ်နိုင်သူတွေ ကတော့ ရှားပါတယ် ။

အဲဒီ အချိန်မှာ ပန်းအိုးတွေ တင်လာတဲ့ ပက်လက် ကုန်တင်ကားကြီး တစ်စီး အနောက် က အရှေ့ ကို မောင်းလာတယ် ။ လမ်း က သိပ်ရှင်း နေတော့ အရှိန် လည်း အတော် များတယ် ။ တစ်နေရာ ရောက်တော့ ကား အစွန် မှာ တင်လာတဲ့ ပန်းအိုး တစ်လုံး ရုတ်တရက် ကျကျန်ရစ်တယ် ။

မြေပန်းအိုး ဟာ ကားလမ်း ပေါ်မှာ အစိတ်စိတ် အမြွှာမြွှာ ကွဲသွား တယ် ။ အထဲ က မြေကြီးတွေ ကလည်း ဖွာလန်ကြဲ သွားတယ် ။

ရွက်လှပင်ပေါက်ကလေး လည်း အမြစ် မှာ ရှိတဲ့ မြေစိုင် မြေခဲတွေပါ ခါထုတ် ခံလိုက်ရသလို ဖြစ်သွားတယ် ။

ပန်းအိုး ကျကွဲတဲ့ အသံကြောင့် ကားဒရိုင်ဘာ က ဘရိတ် ကို ရုတ်တရက် ဖမ်းအုပ်လိုက်တယ် ။ ဘရိတ် အုပ်တဲ့ အသံ ဟာ ပူပြင်း တိတ်ဆိတ် နေတဲ့ ရပ်ကွက် မှာ အာခေါင် ကို ခြစ်ပြီး အော်ဟစ် လိုက် သလို ဖြစ်သွားတယ် ။

လမ်းဘေး ဝဲယာမှာ ရှိတဲ့ အိမ်တွေ က လူတချို့ အပြေးအလွှား ထွက် ကြည့်ကြတာပေါ့ ။

ကားစပယ်ယာ ရှေ့ခန်းက ခုန်ဆင်းပြီး ပန်းအိုကွဲ ကို လှမ်းကြည့်တယ် ။ ကား ကို ချက်ချင်း ဘရိတ် အုပ်တယ် ဆိုပေမယ့် အရှိန် က များတော့ ပန်းအိုးကွဲကလေး ဟာ ပေ ငါးဆယ် ၊ ခြောက်ဆယ် လောက်မှာ ကျန်ခဲ့ပြီး ၊ ဆိုခဲ့တဲ့ အတိုင်း လမ်းပေါ် မှာ တစ်စစီ ။ စပယ်ယာ က အတော် စိတ်ပျက် သွားတယ် ။

သွား မကောက်တော့ဘဲ ဒရိုင်ဘာ ကို လှမ်း ကြည့်တယ် ။

“ တစ်စစီ ဖြစ်သွားပြီ အာစရိ ”

“ ဘာပင်လဲကွ ၊ အိုးအကြီးလား အသေးလား ”

“ အသေးပါ ၊ ရွက်လှပင် အငယ်လေးပါ ”

“ ဒါဆို နေပါစေတော့ကွာ ၊ ကောက်မနေပါနဲ့တော့ ၊ လာ တက် ၊ သွားစို့ ”

သူတို့ လည်း နေ က ပူလွန်းတော့ စိတ် သိပ်ရှည်ကြဟန် မတူ ။ ကား ကို ခပ်ကြမ်းကြမ်းပဲ မောင်းပြီး ထွက်သွား ကြတယ် ။

လမ်းဘေး အိမ်ကလူတွေ အသာ ငြိမ်ပြီး ကြည့် နေကြတယ် ။

လမ်းပေါ်မှာ ပွစာကြဲ နေတဲ့ ပန်းအိုးကွဲ နဲ့ ရွက်လှပင်ငယ် ။

စက်သံပြင်းပြင်း နဲ့ မောင်းထွက် သွားတဲ့ ပက်လက် ကုန်တင်ကားကြီး လည်း လမ်းထိပ် ရောက်လို့ ဘယ်ဘက် ကို ကွေ့ပြီး ပျောက်သွားပြီ ။

လမ်းဘေး အိမ်က လူတွေ အိမ် ထဲ ပြန် မဝင်ကြသေး ။ နေပူပူ ကျောက်လမ်း အလယ်က ရွက်လှပင် အိုးကွဲ ကို လှမ်းမျှော် ကြည့် နေကြတယ် ။ စက္ကန့် အတော် ကြာ လာလို့ မိနစ်ပိုင်း သို့ ရောက်လာတယ် ။ ဘယ်သူမှ လည်း ထွက် ကောက်မယ့်သူ မရှိ ဖြစ်နေတယ် ။

ပန်းအိုး ကျကွဲတဲ့ နေရာ နဲ့ ကိုညိုမှိုင်း အိမ် နဲ့ က အတော် ဝေးတယ် ။ မရှိဘူးဆို အနည်းဆုံး ပေရှစ်ဆယ် တစ်ရာ လောက် ဝေးမယ် ။

ကိုညိုမှိုင်း လည်း အများနည်းတူ ရွက်လှပင်ကလေး ကို လှမ်းကြည့် တယ် ။ ပူပြင်းလှတဲ့ နေရောင် အောက် မှာ ရွက်လှပင်ကလေး ဟာ သနားစရာ မြင်ရတယ် ။ ထွက်ကောက်မယ့် သူလည်း တစ်ယောက်မျှ မရှိပါလား ။

ကိုညိုမှိုင်း ခြေလှမ်း မှန်မှန် လှမ်းပြီး နေပူ ထဲကို ထွက်ခဲ့တယ် ။ မှန်မှန် ပါပဲ ။ ပြေး ကောက်တဲ့ သဘော လုံးဝ မဟုတ်ပါဘူး ၊ လမ်းဘေး က လူတွေ လည်း လှမ်းကြည့် နေကြမှာပေါ့ ။

ရွက်လှပင်ကလေး ကို ကောက်ယူလိုက်ပြီး မိမိ အိမ်ဘက် အပြန် ခြေလှမ်း လေးငါးလှမ်း လောက်ပဲ ရှိဦးမယ် ။ ကိုညိုမှိုင်း အတွက် ပြဿနာ စပါတယ် ။

“ မောင်ညိုမှိုင်း အဲဒီ ရွက်လှပင်လေး အန်တီ ပေးပါလားကွယ်နော် ”

ဒီ မိန်းမကြီး ကို ကိုညိုမှိုင်း  ကြည့် မရတာ ကြာပြီ ၊ ဘာလို့ ပေးရမှာလဲ ။

“ ပေးနိုင်ပါဘူးဗျာ ၊ ကျုပ် လိုချင်လို့ ကောက်ခဲ့တာကို ”

အန်တီကြီး နှုတ်ခမ်းစူပြီး ကျန်ခဲ့တယ် ။ ဒါပေမဲ့ နောက်ထပ် ဆယ်လှမ်း လောက်ပဲ လှမ်းရ သေးတယ် ။ ဘိလစ်စာရေးကြီး ကိုဝမ်း က ကိုညိုမှိုင်း ကို လှမ်းခေါ်တယ် ။ ညနေကျရင် အရက် သောက်ဖို့ ပြောမလို့နဲ့ တူတယ် ။ ကိုညိုမှိုင်း စာရေးကြီး အိမ် ထဲ ကို ဝင်ခဲ့တယ် ။

“ ညိုမှိုင်း မင်း ဒီ ရွက်လှပင်ကို ဘာလုပ် မလို့လဲ ”

ကိုညိုမှိုင်း က စာရေးကြီး မျက်နှာ ကို ဖျတ်ခနဲ ကြည့်လိုက်တယ် ။

“ ပြုတ်ပြီး သုပ်စား မလို့လေ ”

“ ဟာ …. မင်းကလဲ ၊ ငါက အကောင်း မေးနေတာပါကွ ၊ မင်း မလိုချင်ရင် ငါ့ ပေးပါလားလို့ ပြောမလို့ဟာကို ”

“ ဟုတ်တယ် ကျွန်တော် မလိုချင်ပါဘူး ၊ ကျွန်တော် မလိုချင်လို့ အပင်ပန်း ခံပြီး နေပူထဲ ထွက်ကောက် လာတာပေါ့ဗျာ ”

“ ကိုဝမ်း အဲဒီ လူ့ခွစာ နဲ့ အဖက်လုပ် ပြောမနေနဲ့ ၊ ရွက်လှပင်များ လိုချင်ရင် ကိုယ့် ဟာ ကိုယ် သွား ဝယ်လိုက်ပေါ့ ၊ ပြည့်လို့ ”

ကိုဝမ်း မိန်းမကြီး က ထ ‘ ကော ’ ပါတယ် ။ ကိုညိုမှိုင်း လည်း လှည့် ထွက်ခဲ့ပါတယ် ။

ဘီလစ်စာရေးကြီး အိမ် က ထွက်ပြီး စက်ဘီးပြင်ဆိုင် ရှေ့လည်း ရောက်ရော ခေါက်ဆွဲစက် တရုတ်ကြီး ကိုလောစံ ကပျာကယာ လမ်းဖြတ် ကူးလာပါတယ် ။

“ ညိုမှိုင်း အဲဒီ ရွက်လှပင်ကလေး ငါ့ ပေးကွာ ”

ရော ... ခက်နေပါပြီ ။ စောစောကတော့ ဘယ်သူမှ ထွက် မကောက်ကြဘူး ၊ ဒီတိုင်း ကြည့်နေကြတယ် ။ သူများ ထွက်ကောက်တော့မှ ဝိုင်း လိုချင်နေကြပြန်ပြီ ။ ဘယ်လိုလဲ ၊ ဘာဖြစ်တာလဲ ။ ကိုညိုမှိုင်း က ကိုလောစံ ကို ဘာမှ ပြန်မပြောဘဲ ကြည့်ရင်း နှုတ်ခမ်းကို လျှာနဲ့ သပ်တင်လိုက် တယ် ။

“ ငါ့ မှာ ရွက်လှပင်တွေ စုထားတာ အတော် စုံပြီကွ ၊ ဒီအမျိုး ထဲက မရှိသေးဘူး ၊ လုပ်ပါကွာ မင်း အတွက် ဘာထူးမှာလဲ ၊ မင်း မှာ ဘာပင်မှ လည်း စိုက်ဖူးတာ မဟုတ်ဘူးဆိုတော့ ”

“ အဲဒါပေါ့ဗျ ၊ ဘာပင်မှ မစိုက်ဖူးလို့ ခု စိုက်မလို့ ထွက်ကောက် လာတာလေ ”

“ လုပ်မနေပါနဲ့ ညိုမှိုင်း ရာ ၊ နှမ်းတစ်လုံး နဲ့ ဆီ မဖြစ်ပါဘူး ”

ကိုလောစံကြီး ဟာ မြန်မာစကား အတော် တတ်တယ် ၊ မလွယ်ဘူး ။

“ နေစမ်းပါဦး ၊ ခင်ဗျား လိုချင်ရင် စောစောက ဘာလို့ ထွက် မကောက်တာလဲ ”

“ ကောက်မလို့ပဲကွ ၊ ထွက်ကောက်ရမှာ နည်းနည်း ကြောင်သလား လို့ စဉ်းစားနေတုန်း မင်း က ”

“ ဟုတ်ပါ့ဗျာ ၊ ထွက် ကောက်ရတာ အတော် ကြောင်တဲ့ အလုပ်ပါ ၊ ဒီလို ခပ်ကြောင်ကြောင် နဲ့ ထွက်ကောက် ပြီးမှတော့ လွယ်လွယ်နဲ့ မပေးနိုင် ဘူးဗျာ ၊ အို … မပေးဘူးဗျာ ၊ ကျုပ်ဟာ ကျုပ် ပဲ စိုက်တော့မယ် ”

ကိုလောစံကြီး စကား မရှည်နိုင်အောင် ပြောပြောထွက်ထွက် ထွက် ခဲ့သည် ။

ကိုခန့် က သူ့ တိုက်ရှေ့မှာ ရပ်ပြီး ညိုမှိုင်း ကို စောင့်နေတယ် ။ လာပြန်ပြီ တစ်ယောက် ။ ဒီတစ်ခါတော့ ကိုညိုမှိုင်း ကပဲ ဦးအောင် စ ပြောလိုက်တယ် ။

“ ဘာမှန်း မသိဘူးဗျာ ၊ စောစောကတော့ ဘယ်သူမှ ထွက် မကောက် ကြဘဲ ကျွန်တော် ထွက်ကောက်တော့မှ သူ့ ပေးပါ ငါ့ ပေးပါ နဲ့ ဝိုင်းတောင်း နေကြတယ် ။ တကယ်ဆို ကျွန်တော် နဲ့ က အဝေးဆုံး ၊ အစ ကတည်း က သူတို့ ဟာ သူတို့ တော့ ထွက် မကောက်ကြဘဲနဲ့ ”

“ ဟုတ်တယ် ၊ သူများ ကောက်လာမှ အလကား တောင်းနေကြတာ ဘယ်ကောင်းမလဲ ၊ ကဲ ပြော ၊ ငါ ဝယ်မယ် ၊ ငါ့ ရောင်းကွာ ”

“ ဟင် ၊ ခင်ဗျား ကလည်း တစ်မျိုးပါလား ၊ ဒီမယ် အလကား လည်း မပေးဘူး ၊ ရောင်း လည်း မရောင်းဘူး ၊ ဇွတ်လုမယ် မကြံနဲ့ ၊ အသက်နဲ့ လဲပြီး ကာကွယ်မယ် ၊ ဒီ ရွက်လှပင် ကို ကျုပ် ဟာ ကျုပ်ပဲ စိုက်မယ် ၊ စိုက် ကို စိုက် မယ် ၊ မပေးဘူး ၊ မရောင်းဘူး ၊ ဘယ့်နှယ်လဲ ဗျာ ”

နေပူပူ နဲ့ ညိုမှိုင်း ဘယ်လို ဖြစ်သွားပြီလဲ ။ ကိုခန့် လန့် သွားတယ် ။ အရာရာ ကို ပိုက်ဆံ နဲ့ ဝယ်ခဲ့ပေါင်း များပါပြီ ။ ဒီတစ်ခါ မလွယ်ပါလား ။ ကိုခန့် တိုက် ထဲ ကို ခပ်သွက်သွက်ပင် ဝင်ရောက် ပျောက်ကွယ် သွားတယ် ။

ကိုညိုမှိုင်း ဟာ သူ့ အိမ် ကို ဝင်တော့မယ် ဆိုတော့ လမ်း ဟိုဘက် ကနေ မတင်ကြည်တို့ သားအမိ လှမ်းကြည့် နေတာကို သတိပြုမိသေးတယ် ။ မတင်ကြည် ဆိုတာက အတော် စိတ်ကြီးတဲ့ မိန်းမ ။ သူ့ သားလေး ကလည်း မအေတူပဲ ။ စိတ်ကြီးတာ ကို ပြောတာပါ ။ ဘာရှိဦးမှာလဲ ။ ရှိလှ ငါးနှစ် ခြောက်နှစ် ပေါ့ ။

ကိုညိုမှိုင်း သူ့ အိမ် ထဲကို မြန်မြန် ဝင်ခဲ့တယ် ။ အလုပ်ကို အကြွေး မထားဘူး ။ အိမ် နောက်ဖေး ကို တောက်လျှောက် ဝင်ခဲ့ပြီး သံပုံးဟောင်းကလေး တစ်ခုထဲ မှာ မြေကြီး ထည့်ပြီး ရွက်လှပင်ကလေး ကို ပြန်စိုက် ၊ ရေလောင်း စသည်ဖြင့် ပေါ့လေ ။ စိတ်ဝင်တစား လုပ်ပစ်လိုက်တယ် ။

အဲဒီလို လုပ် နေတုန်း မတင်ကြည်တို့ အိမ်နောက်ဖေး ဘက် ဆီက မတင်ကြည် ရဲ့သားလေး ဖိုးစံ ငိုသံ သဲ့သဲ့ ကိုတော့ နည်းနည်း ကြားမိသား ။

ညနေ လေးနာရီ လောက်မှာ ကိုညိုမှိုင်း ရေချိုးပြီး ဆိုင်ကယ် နဲ့ ရုံတော်ကြီး ဘက် ထွက်ခဲ့တယ် ။ အိမ် က အထွက် မတင်ကြည်တို့ အိမ်ရှေ့ မှာ ဒေါက်တာတင်မောင် ရဲ့ လင့်ရိုဗာကား ရပ်ထားတာ ကိုလည်း မြင်မိသား ။

ည ရှစ်နာရီ လောက်မှာ ကိုညိုမှိုင်း အိမ် ကို မူးပြီး ပြန် ရောက်လာတယ် ။ ကိုတင်ထွန်း တို့ ၊ ကိုစိန်မြင့် တို့နဲ့ တွေ့ ရင် ဒီလိုပဲ နည်းနည်းတော့ လွန်လွန် သွားတတ်တယ် ။ အိမ် ပြန် ရောက်တော့ အိပ်ရာထဲ မြန်မြန် ရောက်ဖို့လောက်ပဲ ကြိုးစားရတော့တယ် ။ အတော် မူးနေပြီလေ ။ အိပ်ခါနီးမှာ မတင်ကြည် တို့ အိမ်ဘက် က ဖိုးစံ ရဲ့ ငိုသံ သဲ့သဲ့ တော့ ကြားမိသား ။

မနက် သုံးနာရီ လောက်မှာ ရင်ပူလွန်း လို့ ကိုညိုမှိုင်း  လန့်နိုး သွားတယ် ။ အိပ်ရာက ထပြီး ရေနှစ်ခွက် လောက် ဆင့် သောက်လိုက်ရတယ် ။ ဒီတုန်းက မတင်ကြည်တို့ အိမ် ဘက်မှာ မီးလင်း နေပြီး ဖိုးစံ ငိုသံ သဲ့သဲ့ လည်း ကြားမိ သေးတယ် ။ ဒါပေမဲ့ နောက်ဖေး ဘက် ပြေးပြီး အိမ်သာတက်ဖို့ က အရေးကြီး နေလို့ သိပ် စဉ်းစား မနေနိုင်ပါဘူး ။ အိမ်သာ ကိစ္စ ပြီး ပြန်တော့လည်း အိပ်ရာထဲ ပြန် ဝင်ပြီး နှပ်ရ ပြန်တာပဲပေါ့ ။

မနက် ခုနစ်နာရီကျော် မှ နိုးလာတယ် ။

ဖိုးစံ ငိုသံ ကို ကြားနေရ ပြန်တဲ့ အတွက် ကိုညိုမှိုင်း နားစိုက် ထောင်မိတယ် ။

“ ညိုမှိုင်း ... ဟေ့ကောင် ညိုမှိုင်း ”

စက်ဘီးပြင်ဆိုင် က ကိုပြား အသံပဲ ။

“ ဗျာ .. ကိုပြား လာပြီ လာပြီ ” 

အိပ်ရာ က ကပျာကယာ ထပြီး အိမ်ရှေ့တံခါး ကို ဖွင့်ပေးလိုက်တယ် ဆိုရင်ပဲ ...

“ ဟေ့ကောင် မင်း ကယ်မှ ဖြစ်တော့မှာပဲ ”

“ ဘာလဲဗျ ၊ ဘာဖြစ်လို့လဲ ”

“ မင်း ကလည်းကွာ ၊ တစ်ညလုံး ဖိုးစံ အငို မရပ်တာ မင်း မသိဘူးလား ”

“ ဟုတ်လား ၊ ကြားတော့ ကြားမိသား ၊ ဘာဖြစ်လို့လဲ ”

“ အငို မရပ်ရုံတင် မကဘူး မောင် ၊ အဖျား ပါ ဝင်လာပြီး ခုတော့ တော်တော့်ကို အခြေအနေ ဆိုးလာပြီး ”

“ နေစမ်းပါဦး ၊ မနေ့ည က ဒေါက်တာ တင်မောင်မောင် လာတာ လည်း မြင်ပါတယ် ”

“ ဟုတ်တယ်လေ ၊ သူ လည်း ကြိုးစားတာပဲ ၊ မရပါဘူးကွာ ”

“ အိုး အဲဒါ ကျုပ် က ဘယ့်နှယ် လုပ်ရမှာလဲ ”

“ ဒီမယ် ကလေး ဖျားတာ က ရိုးရိုး မဟုတ်ဘူးကွ ၊ မနေ့က မင်း လမ်းမှာ ထွက် ကောက်လာခဲ့တဲ့ ရွက်လှပင် ကို လိုချင်တာတဲ့ ”

“ ဗျာ ”

“ အဲဒါ မတင်ကြည် စိတ် လည်း မင်း သိသားပဲ ၊ ကလေး နဲ့ မဆိုင် တာကို ပူဆာရသလား ဆိုပြီး ရိုက်လို့တဲ့ကွာ ၊ ကလေးက ငိုပါလေရော ၊ ဖိုးစံ ဆိုတာ ကလည်း မတင်ကြည် သားလို့ မပြောရဘူး ၊ သိပ် စိတ်ကြီးတဲ့ ကောင် ၊ မင့် ဆီက ရွက်လှပင် မှ မရရင် အသေခံ ငိုမယ် ဆိုတဲ့ ကောင်ပဲ ”

“ အင်း မလွယ်ပါလားကွာ ”

“ အဲဒါကြောင့် ပြောတာပေါ့ ၊ မင်း ကယ်မှပါလို့ ၊ ကလေး က ငိုလွန်း အားကြီးပြီး အဖျား ကလည်း တက်လာတယ် ၊ ဒီကိစ္စက စိတ်ကွ စိတ် ၊ ဒီ ကလေး ရေတိမ်နစ် သွားနိုင်တယ်နော ”

ကိုညိုမှိုင်း ငိုင်ကျ သွားတယ် ။ စဉ်းစားနေချိန် သိပ် မရတော့ပါ ။ ဖိုးစံ ရဲ့ ငိုသံ က တဖြည်းဖြည်း အားနည်း ဖျော့တော့ လာတာကို ကြားနေ ရပြီ ။

ရွက်လှပင်ကလေး ကို ကပျာကယာ ယူပြီး မတင်ကြည် တို့ အိမ် ဘက် ကူးခဲ့ရတယ် ။ အိပ်ရာ ပေါ်မှာ ပက်လက်ကလေး ဖြစ်ပြီး မောနေပြီ ဖြစ်တဲ့ ဖိုးစံ ရှေ့မှာ ရွက်လှပင်ကလေး ကို ချပြလိုက်တယ် ။

“ ဖိုးစံ သား သားဖို့ ဦးဦး လက်ဆောင်လေကွာ ၊ သား လိုချင်တယ် ဆို မငိုနဲ့တော့ ဟုတ်လား ၊ သား .. ယူနော် ၊ အေး ဒီလိုမှပေါ့ သားရဲ့ ၊ ကဲ အမောပြေ သွားအောင် ရေလေး သောက်လိုက်ဦး ၊ အား ဟုတ်ပြီ ၊ ကဲ ကျေနပ်ပြီ မဟုတ်လား ”

ဖိုးစံ အသက် ကို ကယ်နိုင်ပါတယ် ။ အရေးထဲမှာ အလွန် စိတ်ကြီး တဲ့ မတင်ကြည် က ကိုညိုမှိုင်း ကို အားနာစရာ ကောင်းတဲ့ အကြောင်း ဘာညာ နဲ့ ပြောနေသေးတယ် ။ မလိုပါဘူး ။ ဖိုးစံ ရေတိမ် မနစ်ဖို့ အရေး ကြီးပါတယ် ။

ကိုညိုမှိုင်း မတင်ကြည် တို့ အိမ် က ပြန်လာပြီး ကိုယ့် အိမ် ကိုယ် ပြန် ရောက်တော့ ပက်လက်ကု,လားထိုင် ပေါ်မှာ ခြေပစ်လက်ပစ် ထိုင်ချ လိုက်ပါတယ် ။

ဒီ အတွေ့အကြုံမျိုးဟာ ကိုညိုမှိုင်း အတွက် ပထမ အကြိမ် မဟုတ်ပါဘူး ။

တစ်ချိန်ကလည်း ဒီလိုနဲ့ပဲ ချစ်သူ တစ်ယောက် ကို လက်လွှတ် ဆုံးရှုံးခဲ့ရဖူးတယ် ။

⎕ ဝင်းဖေ
📖 အဏ္ဏဝါ မဂ္ဂဇင်း
      ၁၉၈၈ ၊ မေ

No comments:

Post a Comment