Thursday, May 8, 2025

ဆင်းရဲခြင်း ပုံပြင်


 

❝ ဆင်းရဲခြင်း ပုံပြင် ❞
      ( ကြည်အေး )
     
သေဆုံးသူ အဘိုးကြီး ၏ နာမည် ကို ယခုတိုင် မသိရသေးပါ ။ သို့သော် သူ နှင့် ကျွန်မ သည် ပင် အိမ်ချင်း ကပ်၍ နေထိုင်ခဲ့သည် မှာ ကြာပြီ ။ သူ့ နာမည် ကို ကျွန်မ လို ပင် မသိသူ လည်း များလှမည် ။ သူ သည် ကျော်ကြားသူ မဟုတ် ။ သည်လိုပင် မသိလိုက် မသိ ဘာသာ နေပြီး မသိလိုက် မသိဘာသာ ပင် သေဆုံး ရှာပြီး မသေခင် သူ့ အကြောင်း ကို အရေးတယူ ပြောဆို သူ လည်း မရှိ ။ သေပြန် တော့ လည်း သေပြီ ဆိုသည့် အကြောင်း ၊ သေခြင်းတရား က သာ လူ အနည်းငယ် ကို ချောက်ချား စေပြီး ကာယကံရှင် သေသူ က တိမ်မြုပ် နေသည် ။

လွန်ခဲ့သော သုံးရက် က အိမ်သား တစ်ယောက် က သတင်း ရလာသည် ။

“ ဟိုဘက် အိမ် က အဘိုးကြီး လေဖြတ် လို့ တဲ့”

ဘယ်သူမှ ထိတ်ခနဲ ဝမ်းမနည်း ဘဲ ရှိကာ “ အသက် ကြီး လာရင် ဒီ ရောဂါနဲ့ ပဲ သေတတ်တာပဲ ” ဟု တစ်ယောက် က မှတ်ချက် ချပြီး ပြီးစီး သွားသည် ။

တစ်ဖန် အနည်းငယ် သေချာသော သတင်း ကို ရ ပြန်၏ ။

“ ဦးနှောက် ထဲ က သွေးကြော ပြတ်သွားတာ တဲ့ ၊ အလွန်ဆုံး သုံးရက် ပဲ ခံမယ်လို့ ဒေါက်တာသာလှ က ပြောတယ် ၊ ကု လို့ ရတာမျိုး လည်း မဟုတ်ဘူး ဆိုပဲ ”

ကျွန်မ လည်း ခုမှ စိတ်ဝင်စား ကာ ဘယ်သူဘယ်ဝါ ရယ် လို့ မေးမြန်း ရသည် ။

“ ဘယ် အဘိုးကြီး လဲ ၊ ဟိုဘက် က ဂေါ်ရင်ဂျီ တွေ နေတာ ၊ မြန်မာ အဘိုးကြီး ရှိသလား ”

“ အောက် က ဘုံဘိုင် မှာ ရေ လာ လာ ချိုးနေတာ ကော ၊ ပိန်ပိန် နှုတ်ခမ်းမွေး နဲ့ ခေါင်းတုံး နဲ့ ”

“ သံပုံး နဲ့ ရေဆွဲ သွား တတ်တဲ့ အဘိုးကြီးလား ”

“ အသက် ၅၀ လောက် လေ ”

“ ၆၀ ရှိပြီ ” ဟု အမေ က ဝင်၍ ထောက်သည် ။

ကျွန်မ သည် ပြန်လည် မှန်းဆ သော် ပိန်ပိန်ခေါင်းတုံး နှင့် ဘုံဘိုင် အောက် မှာ ရေလာ လာ ချိုးပြီး သံပုံး နဲ့ ရေ ဆွဲ သွားတတ်သည့် အဘိုးကြီး ကို မြင်မိ၏ ။ သို့သော် နှုတ်ခမ်းမွေး ရှိ မရှိ ခုထိ စဉ်းစား ၍ မရ ။

အဘိုးကြီး ကို နီးနီးကပ်ကပ် တစ်ခါ မြင်ဖူး လိုက်သည် ။ တစ်နံနက်ခင်း မှာ ကလေး ရေချိုး ပေးဖို့ နေပူစာ ရှိသော အောက်ဘုံဘိုင်ကြီး သို့ ကျွန်မ ဆင်းသည် ။ ထိုအဘိုးကြီး က ရေချိုးစ ပဲ ရှိဦးမည် ။

ကျွန်မ က စောင့်ဖို့ ရာ ဝန်မလေးသည် ကို သူ ယုံကြည်ဟန် မတူ ။ အောက်ကျို့ ချိုပြုံးသော မျက်နှာ ဖြင့် ရေ ကမန်းကတန်း ချိုးကာ သံပုံး ဖြင့် ရေဆွဲ ၍ သွားသည် မှာ ခါးညွတ် လျက် ရှိလေသည် ။ ကျွန်မ သည် ဘာမှ လည်း စကား တစ်လုံး မထွက်ဖြစ်ဘဲ အားနာစွာ ကျန်ရစ်ခဲ့ ပါသည် ။

သေဆုံးသူ အဘိုးကြီး အတွက် ကျွန်မ ၏ မှတ်စု မှာ ဒါမျှ သာ တည်း ။ သို့သော် ယောက်မ ဖြစ်သူ က ပြောစရာ အနည်းငယ် ရှိသေး၏ ။

“ အစ တုန်း က သူတို့ အဖေ မှန်း တောင် မသိပါဘူး ”

“ ဟို တရုတ် မိန်းမ နဲ့ သူ့ အစ်မ တွေ က သူတို့ အဖေ လား ”

“ အင်း ဒါပေမဲ့ တရုတ်မိန်းမ ရဲ့ အဖေ ဖြစ်ပေမဲ့ သူ့ အစ်မတွေ ရဲ့ ပထွေး လေ ၊ အဘွားကြီး ရဲ့ နောက် လင် ကိုး ”

“ အစ က တော့ အဘွားကြီး က သေမလို ဖြစ်တာ ဆို ”

“ အဘွားကြီး ကို တော့ ဂရုစိုက်ကြသား ပဲ ၊ အဘိုးကြီး ကို တော့ ဆက်ဆံပုံ က အဖေ လို့ တောင် မထင်ရဘူး ၊ ဟိုတလော က နှစ်ယောက်အိပ် ခြင်ထောင်ကြီး တစ်လုံး လျှော် ခိုင်းပြီး မတတ်သာလို့ ခိုင်းရတယ် ၊ စိတ်တိုင်း နည်းနည်းမှ မကျဘူး ဘာဘူး နဲ့ မာန်မဲ နေပါကော လား ၊ သူ့ သမီးရင်း က တောင် ”

ကျွန်မ သည် သေဆုံးသူ အတွက် ဘာ ကူရမည် စဉ်းစားဆဲ အစ်ကို ဖြစ်သူ က မသာ အိမ် မမှောင်မည်း ရန် အိမ် မှ မီး သွယ် ပေး နေသည် ။ လ ကုန်ခါနီး မို့ စိတ် ရှိသလောက် ငွေ မပါ နိုင်သည် ကို ညည်းညူသည် ။ အမေ က ငွေ သွား ကူသည် ။

ဝရန်တာ မှ ကျွန်မ ထွက် ကြည့်သော် ဂေါ်ရင်ဂျီအိမ် တစ်ဖက်ခန်း ရှေ့ ၌ မြေကြီး ပေါ် တွင် ပေါ်လစ် ကွာ သော ခုတင် ကို ပြင် ပြီးပြီ ။ အဝါရောင် ခေါင်း လည်း တင်သည် ။ အစ်ကို ဖြစ်သူ က သူ သိသမျှ သော အဘိုးကြီး ၏ တစ်ကဏ္ဍ ကို ပြောပြ ပြန်သေး၏ ။

“ အဘိုးကြီး က တော့ သေတာ သိပ် ဝမ်းနည်းမယ် မဟုတ်ပါဘူး ၊ အရင် ကတည်း က “ ငါ သေ သွားရင်ကောင်းမယ် ” လို့ ပြော ပြောနေတာ ၊ သူ့ ကို ဘယ် သားသမီး က မှ သဒ္ဓါ ကြည်ဖြူ တာ ဟုတ်ဘူး ၊ ထမင်း ထည့် ပေးရင် “ ဒီ ငါး တစ်တုံး နဲ့ လောက်အောင် နော် ”  အဲဒီလို ကျွေး တာ ၊ ဪ ကိုယ့် ဝမ်း က မဝတော့ ခွဲဝေ ပေးရတာ မိဘ ပေမဲ့လည်း မသဒ္ဓါဘူး ပေါ့  ၊ အဘိုးကြီး က ပြောတယ် တဲ့ ငါ့ အပေါ် မယား လည်း မကောင်းဘူး ၊ သမီး လည်း မကောင်းဘူး ၊ အဲ တစ်ယောက် ပဲ ကောင်းတယ် ၊ လူမျိုးခြား သမက်ကွ ” တဲ့ ၊ “ ငါ အလုပ် လုပ်နိုင်တုန်း က တော့ ရသမျှ ပိုက်ဆံ မယား အပ်ပြီး မယားပါ သမီး ရော ၊ ငါ့ သမီး ရော စားကြသောက်ကြပေါ့ ကွယ် ” အဘိုးကြီး က အရင်က ကျောင်းဆရာ ဆို ပဲ ”

အဘိုးကြီး ၏ သမက် တရုတ်ကလေး က အတော် ယဉ်သည် ။ သူ့ ကို တစ်ခါက ခေါက်ဆွဲတွေ ဆန်ခါ နှင့် ကိုင် သွားတာ သတိထား လိုက်ဖူးသည် ။

တရုတ်ကလေး က တစ်လ တစ်ရာ ကျော် ရ လခစား ဆိုသည် ။ လခ ထုတ် လာ လျှင် အဘိုးကြီး ဖို့ ကောင်းနိုးရာရာကလေး ဝယ်ခြမ်း လို့ ကျွေးသည် ။

အနွေးထည်ကလေးများ လမ်းမဈေး က ရွေးချယ် လာသည် ။ ယခု အဘိုးကြီး သေ တော့ သူ က မယား နှင့် မရီးများ ကို ဆိုပြောသေးသည် မှာ

“ ဟင် ငါ က ဘာကလေး ညာကလေး ဝယ် လာတော့ တရုတ် လူပါးဝတယ် ပြော တယ် ၊ တရုတ် ဖြုန်းတယ် ပြောတယ် ၊ အဘိုးကြီး ကို တရုတ် မြှောက်ပေးတယ် ပြောတယ် ၊ ခု အဘိုးကြီး သေပြီ ၊ နင်တို့ ဘာ ကျွေးချင်လည်း ကျွေးကြ ၊ သူ ထ စားမလား ကျွေးကြလေ ”

မနက် က တော့ ဘယ်သူ့ ကောင်းမှုလဲ မသိပါ ။ သေသူ့ ခေါင်း ပေါ်၌ နွမ်းရိသော ပုဆိုးအနီကွက် ၊ ရှပ်အင်္ကျီနှင့် ချည်ခေါင်းစွပ်ကလေးများ ဖြန့် ထားသည့် အပေါ် မှာ လက်ဖက်ရည် တစ်ခွက် နှင့် ပေါင်မုန့် ထောပတ်သုတ် တစ်ချပ် တင် ထားသည် ကို စိတ်ညစ်စရာ တွေ့ ရပေသည် ။

ကျွန်မ လည်း အဘိုးကြီး ၏ သမက် ၌ စိတ်ဝင်စား လာပြန်ပါသည် ။ သူ့ ရဲ့ အရိပ်အခြည် ကို စောင့်၍ ကြည့်ရ ပြန်သည် ။

သူ သည် အလုပ် မသွားခင်ကလေး မှာ အဘိုးကြီး ၏ ခေါင်း ကို ပန်းစက္ကူအဝါနု ဖြင့် ဖြန့် ကပ်သည် ။ ရွှေစက္ကူ ၊ ငွေစက္ကူ ဖြင့် ပန်းပွင့် ညှပ်သည် ကို ထို ပန်းစက္ကူ ပေါ်၌ အစီအရီ တပ်ဆင်သည် ။

ခဏချင်း မှာ မသာခုတင် သည် အနည်းငယ် ခမ်းနား လာပါသည် ။

နဂိုက ခြင်ထောင် ဖြစ်ဟန် ရှိသော ပိတ်ကျဲအနားဖွာဖွာ ကို ခုတင် ခြေရင်း ၊ ခေါင်း ရင်း ၌ အလယ်ခွဲ ကန့်လန့်ကာ ဆင်သည် ။

ခုတင်ဘေး နှစ်ဖက် နှစ်ချက် မှာ တော့ ပခုက္ကူစောင်ဟောင်းများ ဖြင့် ဖြန့် ကာလျက် ထားရှိ လေ၏ ။

အစ်ကို က တော့ ပူပင် နေပြန်သည် ။

“ မသာ ဘယ့်နှယ်လုပ် ချမလဲ ၊ ခုထိ ဧည့်သည် လာ လို့ ကော်ဖီ တစ်ခွက် တိုက်စရာ မရှိဘူး ”

ည က လည်း တစ်ချက် ထိုး မှ အိမ် ပြန်လာသည် ။ သူ့ ပါးစပ် မှ ဗျစ်တောက် ဗျစ် တောက် နှင့် ဆိုသည် ။

“ မျက်နှာကြီး မသာများတွေ ကွာ မသာ လိုက်ပို့ပါတယ် ဆိုတောင် ပို့ရုံ နဲ့ မပြီးသေး
ဘူး ၊ သိအောင် မျက်နှာ စောင့် ပြရသေးသဗျ ”

မနက် က လည်း မျက်နှာ မသစ်ခင် ဖိနပ် မှား စီးပြီး မသာအိမ် သို့ သွားသည် ။ တစ်ခေါက် ပြန်လာ လျှင် တစ်ခေါက် ပြောစရာ ရှိပြန်သည် ။

“ မသေ ခံနိုင်ရိုးလား ကွ ၊ အိမ်ပြင် ထွက် အိပ်တာ လေးည ရှိပြီတဲ့ ”

“ ဟို စာကြည့်တိုက်ကလေး ထဲ ဝင် အိပ်ရောပေါ့ ”

“ အဲဒီ ထဲ လဲ ကော်ရင်ဂျီတွေ ခဲနေတာ ”

“ ခုတလော ဘယ်လောက် အေးသလဲ ၊ ရာသီ က သိပ် ကြမ်းနေတာ ”

“ အဏုမြူခေတ်လေ ”

“ အိမ်ရှေ့ အိမ် က လာ အိပ်ပါလို့ ခေါ်သားနဲ့ အဘိုးကြီး က အားနာတယ် တဲ့ ”

“ မရဲဘူးပေါ့ ကွယ် ၊ ညစဉ် ရက်ဆက် ဆိုတော့ လည်း ”

“ ဟာ သေတာ ကောင်းပါတယ် ၊ ဘာလုပ်ဖို့ ဆက် နေမလဲ ”

“ ကျန်ခဲ့တဲ့ လူတွေ က လည်း ဒီလိုပဲ သဘော ထားဟန် တူတယ် ၊ သေသာ သေတယ်
တိတ်တိတ်ဆိတ်ဆိတ် ”

“ ဟ သေတာ က ဝမ်းသာစရာ ဟ ၊ မွေးလာ မှ ငိုချင်း ချရမှာ ”

သည်လိုပင် ကျွန်မတို့ အိမ်သား တစ်စု က တစ်ယောက် တစ်ပေါက် ပြောကြ ပြန်သည် ။

ကျွန်မ လည်း တွက်ချက် နေမိသည် ။

အိမ်ကလေး ၌ ပြွတ်သိပ် ၍ နေသည် ။ ရန် လည်း ဖြစ်ကြသည် ။ သေ လည်း ခဏ ခဏ သေသည် ။ ပျမ်းမျှကြေး သုံးပတ် တစ်ယောက် တော့ သေသည် ထင်သည် ။ ဂေါ်ရင်ဂျီကု,လားများ သေ လျှင် ကု,လားမ ငိုသံ ကျွက်ကျွက်ညံလေ့ ရှိပြီး ကု,လားမ သေ လျှင် ခပ်ဆိတ်ဆိတ်ပင်တည်း ။

ဂေါ်ရင်ဂျီကလေးငယ်များ က ပို၍ သေသည် ။ တစ်ခါ မြင်ဖူးသည် မှာ ကလေး တစ်လသားခန့် မနက် ၃ နာရီ ခန့် ထ၍ နာရီဝက် မျှ စိမ်၍ နေ့စဉ်ရက်ဆက် ရေချိုးပေးလေရာ ‘ သေဖြစ်ပါတော့မယ် ’ ဟု ပူပင်ဆဲ ၄ - ၅ ရက် မျှ ကြာလျှင် ကလေးငယ် သည် မသာ အလောင်း ဖြစ်လေသည် ။ အဲသည်တော့ မှ မအေ က ထွန့်ထွန့်လူး ကာ နှမြောနှမိ ငို ချေသည် ။

သည်လိုပင် ဂေါ်ရင်ဂျီအလောင်းများ သည် ထိုင်လိုက် တချို့ သချိုင်းမြေ သို့ ခြေတိုက် လျက် တချို့ မကြာခဏ အချ ပြတ်ဆဲ၍ အဘိုးကြီး က ဝင် ဖောက်၍ သေသည်တည်း ။

တစ်ည သိပ် ပြီးသော် ကား အဘိုးကြီး မသာသည် အနည်းငယ် အဆောင်အယောင် ပြည့်စုံ လာသည် ။ ခေါင်း ပေါ် ၌ ကျောက်ဖယောင်းတိုင် ထွန်းညှိသည် ။

မသာအိမ် ရှိ ပြာမှောင်ထိုင်းသိပ် သော မြေကြီး ပေါ်၌ ထောင့်ကျိုး ပြတ်သော အမှေးပွန်းသော သင်ဖြူး ခင်း လျက်ရှိသည် ။ အိမ်ခေါင်မိုး စ ပ်၌ သင်္ဘောဆေးနီ သုတ်သော အလျား တစ်ထွာ နှင့် တစ်မိုက် ခန့် ၊ အနံ တစ်မိုက် ခန့် ရှိ သံဖြူပြား ထိုးသည် ။ ထိုဆိုင်းဘုတ် ကို မသာ ချခါနီး မှာ ခေါင်း ၌ သံ နှင့် ရိုက် ကပ်မည် ထင်ပါသည် ။

ကျွန်မ သည် ဝရန်တာ မှ မျက်စိ မှုန်မှုန် ဖြင့် ဖတ်သော် ပြည့်ကျပ် ပြွတ်သိပ် သော မညီမညာ ကမ္ပည်းစာ ကို မြင်ရသည် မှာ

ဦးရှန် ၊ အသက် ၆ဝ နှစ်
၁၃ - ခုနှစ် ၊ နတ်တော်လဆုတ်
(  -  ) ရက် ၌ ကွယ်လွန်သည် ။

ကျွန်မ သည် ဘာကြောင့်လဲ မသိ ခေါင်း တွင်း ရှိ အဘိုးကြီး ၏ မျက်နှာထား နေ ပုံ ကို ပဲ မှန်းဆ နေမိသည် ။ ပြုံးဖြီးဖြီး ရှိမည် လို့ ထင်သည် ။ စိတ် ၌ လည်း မသက်မသာ ဖြစ်လှ ပါသည် ။

ဟော ယခု ပင် သူ့ သမက်ကလေး က ဆေးပေါ့လိပ် နှင့် မီးခြစ်ပန်းကန် ကို ခေါင်း ပေါ် ၌ လာ တင် ပြန်ပြီ ၊ သူ့ မျက်နှာ မှာ သွေးသားအရင်း တို့ ထက် ညှိုးငယ်သည် ။

သူ သည် မသာခုတင် အောက် ၌ ဝင် ၍ ဝပ်ကာ အမြီးနှန့် နေသော ခွေးနက်မ ကို ခြောက် ထုတ်၏ ။ ခွေးနက်မ က ထွက်သွား လည်း သူ့ သားကလေးများ က အချင်းချင်း ပူးသတ်လုံးထွေး ကာ ဆော့ နေကြသည် မှာ ဖျဉ် ၍ မရ ၊ တရုတ် က တုတ်ကလေး ဖြင့် ရွယ်ပြီး မရိုက်ဖြစ် ချေ ။ ခွေးကလေးများ က တော့ ဆော့ကစား မြဲ ရှိသည် ။

အစ က ၁၅ ကောင် လောက် ရှိတာ ၊ ယခု တစ်ဝက် ထက် ပိုမည် မထင် ။ သူတို့ က အအေးမိ ရုံ ၊ စားစရာမရှိ ရုံ မက လူ လောက် အသိဉာဏ် မရှိလေတော့ အန္တရာယ် မရှောင်တတ် သည့် အတွက် ပို၍ သေသည် ။ လမ်း ထဲ ၌ သွားလာ နေကြသောကားများ က ခဏခဏ ကြိတ် သ,တ်သည် ။

◾ ကြည်အေး
📖 မြဝတီ မဂ္ဂဇင်း
      မတ် ၊ ၁၉၅၆

No comments:

Post a Comment