Thursday, May 8, 2025

ရေနံအရာရှိကြီး မှ လေးဘီးကားသမား ဘဝ


 

❝ ရေနံအရာရှိကြီး မှ လေးဘီးကားသမား ဘဝ ❞

“ ကျွန်တော် က ဇာတိမြို့ ပျောက်သွားပြီ ၊ ပုဂံ မှာ မွေးတာ ၊ ပုဂံမြို့ဟောင်း မှာ မွေးတာ ၊ ကျွန်တော့် အိမ် နေရာ က အခု ဟိုတယ်ကြီး ဖြစ်သွားပြီ ” လို့ ဦးကျော်ဟန် က လူချင်း တွေ့လျှင် တွေ့ချင်း ကျွန်တော့် ကို ပြောပြီး ရယ်မောတယ် ။ သူ ရယ်တာ က သဘောကျလို့ မဟုတ်ဘဲ လောက ကို သောချင်တဲ့ပုံ ပေါက် နေပါတယ် ။

ဦးကျော်ဟန် ကို မမြင်ဖူးခင် ကာလ အကြာကြီး ကတည်း က သူ့ အကြောင်း ကို ကျွန်တော် ကြားဖူးတာ ။ ဗြိတိန်နိုင်ငံ မှာ ရေနံတူးဖော်မှု ဘူမိဗေဒ ပညာ သင်ယူလာတဲ့ ဆရာ ဦးဇေမောင်သိန်း က သူ့ အကြောင်းတွေ ပြောပြဖူးတယ် ။

ဦးကျော်ဟန် က ဘီအိုစီ အရာရှိ ။ တော်လှန်ရေး အစိုးရ လက်ထက် မှာ ရေနံ အရာရှိ အဖြစ် က ထွက်ပြီး ရန်ကုန် မှာ လေးဘီးကား သွား မောင်းတဲ့သူ ။

တီထွင်ဆန်းသစ်တဲ့ စိတ်ကူးကောင်းတွေ ရှိသူ အင်ဂျင်နီယာ မို့ ဆီးဖလိပ် ၊ မန်ကျည်းဖလိပ် စားစရာ သရေစာတွေ ဖန်တီး ထုတ်လုပ် ရောင်းချပြီး ကြွယ်ဝ လာခဲ့သူ ။ အသက် ၇၅ နှစ် ရှိပြီ ဖြစ်ပေမယ့် ဦးကျော်ဟန် က ခရီးတွေ သွားနေဆဲ ။ မန္တလေးမြို့ ကို သူရောက်လာတဲ့ တစ်နေ့ မှာ ကျွန်တော် က ဦးကျော်ဟန် ကို အမိအရ သွားပြီး တွေ့တယ် ။

မဟာမြိုင် က သူ့ အလုပ်ရုံ ထဲ ကို ဝင်သွားချိန် မှာ ဦးကျော်ဟန် က နုတ်စ်ဘုတ် ကွန်ပျူတာ တစ်လုံး နဲ့ အလုပ် လုပ်နေတယ် ။

ဦးကျော်ဟန် က ရှပ်အင်္ကျီ အဖြူလက်ရှည် ကို လက် ခေါက်ပြီး ဝတ်ထားတယ် ၊ ထူးခြားတာ ကတော့ အင်္ကျီ မှာ ရွှေကြယ်သီးတွေ တပ်ထားတာ ၊ ရွှေကြယ်သီးတွေ က ရွှေကြိုး နဲ့ တွဲထားတာ ။ နာရီ ကလည်း ရွှေရောင် ။ အဲဒီ ဝတ်စားဆင်ယင်မှု ဒီဇိုင်း ကို ယခုခေတ် မှာ မြင်တွေ့ဖို့ ရှားသွားပြီ ။ လွန်ခဲ့တဲ့ နှစ် ၅၀ လောက် က ခေတ်စား ခဲ့တဲ့ ဒီဇိုင်း ။

သူ ဝတ်စား ပြင်ဆင်ပုံ က ခေတ်နောက် ကျပြီ ထင်စရာ ရှိပေမယ့် သူ့ ဦးနှောက် က လတ်ဆတ် နေတာ စကား ပြောမိတဲ့ အချိန် မှာ သိသာတယ် ။

“ ကျွန်တော် က ဂျပန်ခေတ် မှာ ဘုန်းကြီးကျောင်းသား ဖြစ်ပြီ ၊ ဘုန်းကြီးကျောင်း ကနေ ဧရာဝတီမြစ် ကို သွားပြီး ရေခပ်ရတယ် ၊ မြစ် ထဲမှာ ရေခပ် နေတုန်း ဂျပန် သင်္ဘောတွေ ဆန်လာတယ် ၊ အလံဖြူလေး အလယ်မှာ အနီဝိုင်းလေး နဲ့ ၊ ကျွန်တော် တို့ ကလည်း ဘုန်းကြီးကျောင်းသား ဘာသိမှာလဲ ၊ သင်္ကန်းတွေ နဲ့ ယမ်း ပြတော့ သင်္ဘောတွေ က ကမ်း ကပ် လာတာပေါ့ ”

ဦးကျော်ဟန် က ပြောရင်း ရယ်တယ် ။ မဟုတ်တာတော့ ဖြစ်တော့မှာပဲ လို့ ကျွန်တော် တွေးမိတယ် ။

“ ကပ်လာတော့ ကျွန်တော်တို့ လည်း ကပျာကယာ ရေပုံးတွေ ထမ်းပြေး တာပေါ့ ။ နောက်က လည်း ဒီကောင်တွေ အကုန်လုံး ကျောင်း ပါလာတာ ”

သူ က တဟဲဟဲ ရယ်ပြန်တယ် ။

“ ကျောင်း ကျတော့ ရှိသမျှ ကြက်တွေ အကုန် လိုက်ဖမ်းတော့တာပဲ ။ ကျွန်တော် တို့ကတော့ ပုန်း နေရတယ် ၊ ကျွန်တော် ဂျပန်ခေတ် မှတ်မိတာတော့ ဒါပဲ ”

“ ပညာ သင်တာ .. ”

“ အဲဒီ အချိန်က ပညာ မသင်ရသေးဘူး ၊ ပုဂံ ကို ဗုံးကျတော့ အိမ် က ကျောင်း မလွှတ်တော့ဘူး ။ ကျွန်တော်တို့ အိမ် ပြန်နေတယ် ၊ နောက် တစ်ကြိမ် ဗုံး ကျတော့ အိမ်မှာ မနေရဲတော့ဘူး ၊ ဓမ္မရံကြီးဘုရား ကို ဗုံးခို ဖို့ ပြေးကြတယ် ၊ အဲဒီ အချိန်က ဓမ္မရံကြီးဘုရား မှာ လူတွေ တော်တော် ပြည့်နေပြီ ၊ ညောင်ဦး က လူတွေ ရော ၊ ပုဂံ က လူတွေ ရော ၊ ဒါနဲ့ ဓမ္မရံကြီးဘုရား အရှေ့ဘက် က ဦးသော်က ယာခင်း မှာ ခိုကြ တယ် ၊ အဲဒီမှာ မန်ကျည်းပင် အုပ်အုပ်ကြီး က လေးပင်လောက် ရှိတယ် ၊ အဲဒီ အောက် တွေ မှာ တဲ ထိုးပြီး နေရတာ ”

ဓမ္မရံကြီးဘုရား နီညို့ညို့ ၊ မန်ကျည်းပင်အုပ် စိမ်းစိမ်းကြီးတွေ ကို စိတ် ထဲမှာ မြင်ယောင် လာပါတယ် ။

“ အမေ က ကျွန်တော့်ကို ယော ထဲက ဆင်နီတောင် ဘုန်းကြီးကျောင်း က အမျိုး ဘုန်းကြီး ဆီ ပို့လိုက်တယ် ၊ ဘုန်းကြီး က ကျွန်တော့် ကို သင်္ချာ ပဲ သင်တယ် ၊ ဦးပန်းရည် ရဲ့ ရောင်းရေးဝယ်တာ တွက်ပုံစာ ဆိုတဲ့ သင်္ချာစာအုပ်ကြီး တစ်အုပ်လုံး ကုန်အောင် သင်တာ ၊ သစ်တန် ဖွဲ့နည်းတွေ သင်ရင် ရိုက်လို့ သာ တွက်နေရတယ် ၊ ဘာမျှ မသိဘူး ၊ ယော ထဲ မှာ နေတုန်း ဗိုလ်ချုပ်အောင်ဆန်း တို့ ကျဆုံးတာ ကြားရတယ် ၊ အမေ က ပုဂံ ပြန်ခေါ်ပြီး မူလတန်းကျောင်း ၊ ဘုတ်စကူး ( Board School )  ၊ ဘုတ်ကျောင်း လို့ ခေါ်တယ် ၊ ဘုတ်အဖွဲ့ တစ်ခု က ထူထောင် ထားတာ ၊ အဲဒီမှာ ကျောင်း ထားတယ် ၊ ကျောင်းလေး က တော်တော် ကောင်းပါတယ် ”

“ ဘယ်နှတန်း စ နေရလဲ ”

“ ဆရာကြီး က သုံးတန်း မှာ ထားတယ် ၊ သင်္ချာ က တွက်ထားလို့ ရနေတယ် ၊ ဖတ်စာတွေ ကိုလည်း ဘုန်းကြီးကျောင်းသား မို့ ရတယ် ၊ တစ်ခါနှစ်ခါ ဖတ်လိုက်ရင် ပြန် ပြောနိုင်တယ် ၊ သုံးလ နဲ့ ကျွန်တော့် ကို လေးတန်း တင်တယ် ၊ အဲဒီတုန်းက ငါးတန်း မှာ အစိုးရစစ် ၊ ဆရာ က အစိုးရစစ် ငါးတန်းဖြေမယ့် ကလေးတွေ အိမ်ခေါ် သင်ရင်း ကျွန်တော်တို့ ပါ အတွေ့အကြုံ ရှိအောင် ဝင် တက်ကြလို့ ခေါ်တယ် ၊ စာမေးပွဲ ကျ ဝင် ဖြေခိုင်း လို့ ဖြေတာ ၊ သင်္ချာ က ရာပြည့် ရပြီး ငါးတန်း အောင်သွားရော ”

“ လေးတန်း တက်ရင်း ငါးတန်း အောင်တာပေါ့ ”

ကျွန်တော်တို့ နှစ်ယောက် ရယ်မိကြတယ် ။

“ ဘုတ်ကျောင်း က ငါးတန်း ပဲ ရှိတာ ဆိုတော့ အလယ်တန်း တက်ဖို့ ညောင်ဦးကျောင်း ပြောင်းရတယ် ၊ ကျွန်တော်တို့ အိမ် က ဆင်းရဲတော့ ပုဂံ က ညောင်ဦး ကို ခြေကျင် ကျောင်း တက်တယ် ၊ အစမ်း စာမေးပွဲ စစ်တိုင်း ကျွန်တော် က First ( ပထမ ) ရတယ် ၊ သင်္ချာတစ် ရော နှစ်ရော အမှတ် ၁ဝဝ ပြည့် ရတော့ အမှတ် အများဆုံး ဖြစ်တာပေါ့ ၊ ငယ်ငယ် ကတည်း က အဲဒီလို ဖြစ်တော့ ကျွန်တော် က ကိုယ့် ကိုယ် ကိုယ် ယုံကြည်ချက်တွေ သိပ် များတယ် ”

ဦးကျော်ဟန် က ပြောရင်း ရယ်တယ် ။

“ သိပ်ပြီး ကြွားဝါတယ် ၊ ဘယ်လောက် ကြွားဝါလဲ ဆိုရင် အဖေ ရှိတုန်းက ဝယ်ခဲ့တဲ့ ဗန်ကောက် လုံချည်တွေ က ဗီရို ထဲ မှာ ရှိတယ် ၊ ကျွန်တော် က တစ်နေ့ တစ်ထည် ဝတ်ပြီး ကျောင်း တက်ဖူးတယ် ”

သူ ရယ်မောပြန်တယ် ။

“ ကျွန်တော် ဆယ်တန်း ရောက်တော့ ကျရော ၊ ကျွန်တော် က ဆယ်တန်း သာ ရောက်တယ် ၊ အင်္ဂလိပ်စာ ကောင်းကောင်း မတတ်ဘူး ၊ ကျောင်း မှာ အင်္ဂလိပ်စာ သင် တာက ကျွန်တော့် အဒေါ် ၊ စာမေးပွဲ မှာ မော်ဒရေးရှင်း ထိုင် လိုက်ရင် ဒီကောင် က အင်္ဂလိပ်စာလေး တစ်ခု ပါ ဆိုပြီး အတန်း တင်ပေး လာတာ ၊ ခြောက်တန်း လည်း အောင် ၊ ခုနစ်တန်း လည်း အောင် ၊ ရှစ်တန်း လည်း အောင် ၊ ကိုးတန်း လည်း အောင်တာ ၊ ဆယ်တန်း ကျ တစ် နေရော ၊ ကျွန်တော် က ဆယ်တန်း တက်ရင်း အိမ်ထောင် ကျတယ် ”

ဗန်ကောက်လုံချည် ထည်လဲ ဝတ် ၊ ရှိုးများ ခဲ့တဲ့ သူ့ ပုံကို စိတ် က မှန်း ကြည့်တယ် ။ အိမ်ထောင် ကျသင့် ပါတယ် ။

“ အမေ ကတော့ မင်း အိမ်ထောင် ကျနေပြီ အလုပ်ကလေး တစ်ခု ရဖို့ ဆယ်တန်း တော့ အောင်အောင် ဖြေပါ ငါ့ သားရယ် တဲ့ ၊ ကျောင်း ပြန်တက် ဆိုတော့ တက်တယ် ၊ အင်္ဂလိပ်စာ လုပ်ရတယ် ၊ အင်္ဂလိပ်စာ ကို ဖိလုပ်တယ် ၊ နောက်နှစ် ကျ အောင်ရော ”

“ ဘယ်နှခုနှစ်လဲ ”

“ ၁၉၅၆ ၊ ဆယ်တန်း အောင်တော့ ကျောင်းဆရာ ဝင် လုပ်တယ် ၊ မူလတန်းပြ ပဲ ရတော့တယ် ၊ ရွာသာ မှာ ၊ ချောက် နဲ့ ညောင်ဦး လမ်းဘေး ၊ နောက်နှစ် ကျ ပုဂံ ပြောင်းတယ် ၊ အဲဒီတုန်း က ပုဂံ မှာ ကယ်ပါရွာ ရှိသေးတယ် ။ ခုတော့ ဟိုတယ်ကြီး ဖြစ် သွားပြီ ၊ သူ့ ကို ကယ်ပါရွာ လို့ မခေါ်ဘူး ၊ ရွာလေး လို့ ခေါ်တယ် ”

“ ရွာလေး မှာ ဘယ်လောက် ကြာသလဲ ”

“ နှစ်နှစ် ကြာတယ် ၊ ကျွန်တော် နဲ့ အတူတူ အလုပ် ဝင်တဲ့ လူတွေက အလယ်တန်း ဆရာ ဖြစ် ပါပါသွားတယ် ၊ ကျွန်တော် က ကျန်ကျန် နေတယ် ၊ ဘက်ဂရောင်း ရှိတဲ့ သူတွေ က ကျွန်တော့် ကို ဖြတ်တက် သွားကြတာ ၊ ကျွန်တော် ဒီအတိုင်း နေလို့ မဖြစ်တော့ဘူး ၊ အဲဒီ အချိန်မှာ ဘီအိုစီ ( Burma Oil Company ) က ပညာသင် ခေါ်နေတယ် ။ ဘာ လုပ်ရမှာလဲ ၊ သင်တန်း တက်ရမယ် ၊ စာမေးပွဲအောင်ရင် အင်္ဂလန် ကို ပညာသင် သွားရမယ် ၊ ဟာ good! ဒီ ဥစ္စာ က စာမေးပွဲဖြေရမှာ ၊ ဘယ်သူ့ သားပါ ၊ ဘာပါ နဲ့ မရဘူးတဲ့ ၊ ကြိုက်ပြီ ၊ စာမေးပွဲ ဖြေလိုက်တော့ အရွေး ခံရတယ် ၊ ချောက်မြို့ က ဘီအိုစီ မှာ သင်တန်းတက်ရမယ် ”

“ ဘယ်နှခုနှစ်လဲ”

“ ၁၉၆၀ ၊ လူ ၃ဝ ရွေးတယ် ၊ သုံးရက် သီအိုရီ သင်ပြီး သုံးရက် တွင်ခုံဝပ်ရှော့ ဆင်းရတယ် ၊ ဒီ ထဲက ဆယ်ယောက် ပဲ ရွေးပြီး ကျန်တဲ့ ၂ဝ ကို အလုပ် ထဲ ပို့တယ် ၊ Second Year က စပြီး ကျွန်တော်တို့ ဆယ်ယောက် ကို ဂျီစီအီး ဖြေခိုင်းတယ် ၊ နောက် တော်လှန်ရေးအစိုးရ အာဏာ သိမ်းပြီး ဘီအိုစီ ကို ပြည်သူပိုင် သိမ်းလိုက် တယ် ၊ အဲဒီမှာ ကျွန်တော်တို့ စိတ်ဓာတ် ကျသွားတယ် ”

“ အင်္ဂလန် ကို ပညာတော်သင် သွားဖို့ လမ်းစကော ”

“ ကျွန်တော်တို့ အနာဂတ် က မကောင်းတော့ဘူး ၊ ကျွန်တော်တို့ ရှေ့နှစ် က အင်္ဂလန် သွားမယ့် အဖွဲ့ လေယာဉ်ပျံ ပေါ် က ဆွဲချတာ ၊ နိုင်ငံခြားငွေ မဖြုန်းပါနဲ့ ဖြစ်လာ ရော ၊ ကျွန်တော် တို့ လည်း အလုပ် ထဲ ဝင်လိုက်ရတယ် ၊ လခ လည်း ကောင်းတယ် ၊ နေရတဲ့ အဆင့်အတန်း လည်း ကောင်းတယ် ၊ ပေးတဲ့ အိမ်ကလည်း ရေချိုးခန်း ၊ ဘိုထိုင်အိမ်သာ ၊ တယ်လီဖုန်း ၊ ပန်ကာတွေ နဲ့ စတိုင် ကျတာပေါ့ ၊ မီးတွေ ကလည်း ထိန်နေအောင် ထွန်းလို့ ရတယ် ”

မျက်စိ ထဲ မှာ ရေနံအရာရှိတွေ ရဲ့ အိမ်မြင့်မြင့် အိမ်ကြီးကြီး အိမ်ညိုညိုကြီး ကို တွေးမြင်တယ် ။

“ အဲဒီ အချိန်မှာ ဆန် ရှားတဲ့ ခေတ် ဖြစ်လာတယ် ၊ ဘီအိုစီ က လက်လုပ်လက် စား အလုပ်သမားတွေ ဆန်ပြုတ်သောက် ကြရတယ် ။ ဒါတွေ တွေ့လာရ သလို ပစ္စည်း အလွဲသုံးစား လုပ်တာ လည်း ရှိလာတယ် ၊ ဝပ်ရှော့ မှာ ဂဟေဆော် တဲ့ ဂဟေချောင်း က အပြင်ဘက် မှာ ၁၄ ကျပ် ၊ ၁၅ ကျပ် ရတယ် ၊ အပြင် က ဂဟေဆော် တဲ့ ဆိုင်တွေ ကလည်း ဘယ်မှာ မှ ဝယ်မရတော့ ဒီကပဲ ဝယ်တယ် ၊ အဲဒီလိုတွေ ဖြစ်လာတယ် ၊ ကျွန်တော် စိတ်ပျက် လာတယ် ”

ဦးကျော်ဟန် က ခပ်တွေတွေ တွေးတယ် ။ ပြီးမှ ဆက် ပြောတယ် ။

“ ကျွန်တော် ခွင့် မယူဘဲ ထားတာ သုံးလ ရှိတယ် ၊ ကျွန်တော့် အထက် က အင်ဂျင်နီယာ ကို ကျွန်တော် ရန်ကုန် သွားမယ် ၊ ဘာလုပ်မှာလဲ ၊ သုံးဘီး မောင်းမယ်ဗျာ ၊ ဟာ ... ဒီမှာ အင်ဂျင်နီယာကြီး လုပ် နေတာ ကောင်းရက်သား နဲ့ ၊ မကောင်းဘူးဗျာ ၊ ရှေ့လျှောက် ပို မကောင်းတော့ မှာ ရန်ကုန် ဆင်းတယ် ”

“ ဘယ်နှခုနှစ် လောက်ကလဲ ”

“ အဲဒါတော့ မမှတ်မိတော့ဘူး ၊ ရန်ကုန် ဆင်းသွားပြီး ကိုယ့် ရှေ့က လေယာဉ်ပျံ ပေါ် က ဆွဲချ ခံရတဲ့ ကိုသန်းဌေး က ဓနိတောမှာ အင်ဂျင်နီယာ ၊ သူ က ကားတွေ ပြင်ပေးရတဲ့ တာဝန် ၊ ဝပ်ရှော့ကြီး တစ်ခုလုံး မှာ သူ က အကြီးဆုံး ၊ သူငယ်ချင်း ဘာ လာ လုပ်တာလဲ မေးတော့ သုံးဘီး မောင်းမှာလို့ ၊ မင်းကွာ ဘောင်းဘီရှည် နဲ့ ရှူးဖိနပ် နဲ့ နေလာတဲ့ ကောင် က သုံးဘီးကား မောင်းရမယ် လို့ စိတ်ပျက် မှာပေါ့ ၊ သုံးဘီး မမောင်းနဲ့ ၊ လေးဘီး လောက်တော့ မောင်းပါတဲ့ ”

ကျွန်တော်တို့ ပြိုင်တူ ရယ်ကြတယ် ။

“ ကျွန်တော့် ပါတဲ့ ပိုက်ဆံ က ကျပ် ၅၀၀၀၀ တည်းရယ် ။ သူ က မပူနဲ့ ပြောပြီး လေလံ ဆွဲထားတဲ့ မီးခြစ်ပုံလေးဘီး တစ်စီး ဝယ်ပြီး ပစ်ကပ်ပုံ ဖြတ် ၊ လိုင်စင် ဝင်ပေး တယ် ၊ အဲဒါနဲ့ ကျွန်တော် လေးဘီး မောင်းတယ် ”

“ ရေနံအရာရှိကြီး ကနေ လေးဘီးမောင်းတဲ့ ဘဝ ကို ပြောင်း သွားတော့ နေရ ထိုင်ရ မခက်ဘူးလား ”

“ မခက်ဘူး ၊ သိပ် ပျော်တာပဲ ၊ လူမျိုးစုံ နဲ့ တွေ့ရတာ ၊ ပျော်စရာ ကောင်းတယ် ၊ အင်မတန် ရိုးတဲ့ လူ နဲ့ လည်း တွေ့တယ် ၊ အင်မတန် လည်တဲ့ လူ နဲ့ လည်း တွေ့တယ် ၊ ကျွန်တော့် ကားက ဗဟန်း မှာ ဂိတ်ထိုး ၊ ဗဟန်း မှာ အိပ်တယ် ၊ စားတာတော့ တွေ့တဲ့ နေရာ စားတာပေါ့ ၊ အဲဒီမှာ မနက်ကြီး စောစောစီးစီး ရွှေတိဂုံ ကနေ တိရစ္ဆာန်ဥယျာဉ် သွားချင်လို့တဲ့ဗျာ ၊ ဟာ ... နီးနီးလေး ဒီလို သွားပါ ပြောတာ လိုက်ပို့ပါတဲ့ ၊ မိသားစု က ကလေးတွေ ရော ၊ ငါးယောက် လောက် ရှိတယ် ၊ ဘယ်လောက် ပေးရမှာလဲ ၊ ငါးကျပ် ပဲ ပေး ၊ သုံးကျပ်တန်တဲ့ ခရီး ၊ ငါးကျပ် တောင်းတာ လွန်လှပြီ ”

ဦးကျော်ဟန် ရယ်တယ် ။

“ ကျွန်တော် က ငါးပြတိုက် ရှိတဲ့ အပေါက် မှာ ရပ်တယ် ၊ သူတို့ က သဘောကျ သွားပြီး တစ်နေကုန် ငှားချင်တယ် ၊ ဘုရားဖူး လည်မယ်ဖြစ်ရော ၊ ဘယ်လောက် ပေး ရမှာလဲ ၊ ကျပ် ၁၀ဝ ပဲ ပေး ၊ ရော့ ၁ဝဝ ၊ ဒီဘက် ပေါက် က ဝင် ၊ ဒီဘက်ပဲ ပြန် ထွက်ခဲ့ ၊ ဟိုဘက် ပေါက် မထွက်နဲ့ ပြောလိုက်တာ ၊ အဲဒါ ညနေ စောင်းရော သူတို့ ထွက် မလာဘူး ၊ ဟိုဘက် ပေါက် က ထွက်သွားပုံ ရတယ် ၊ အင်မတန် ရိုးတဲ့ လူတွေနဲ့ လည်း တွေ့ဖူးတယ် ”

“ ဆန်းတဲ့ လူတွေကော ”

သူ ရယ်ပါတယ် ။

“ ဘုရားစောင်းတန်း ကနေ ကြေးပစ္စည်းတွေ ဝယ်ချလာတာ ၊ ဂလုံးဂလွမ် ဂလုံးဂလွမ် နဲ့ ကားပေါ် တင်တယ် ၊ တောင်ဥက္ကလာ နန္ဒဝန်ဈေး သွားမယ် ။ ဘယ်လောက် ပေးရမှာလဲ ၊ တက် ၊ ဘယ်လောက် ပေး ၊ မောင်း ၊ ဈေးပေါက်ဝ ရောက်တော့ ခဏစောင့် ၊ ဒါ အရင် သွားပို့မယ် ၊ ဒီမှာ အိတ်တစ်လုံး ကျန်သေးတယ် ၊ မပျောက်စေနဲ့ ကြည့်ထား ။ ကိုယ့် မှာ ကြည့်ထားရတာပေါ့ဗျာ ၊ မလာ မလာ နဲ့ သူ့ အိတ်ဖြေကြည့် တော့ စက္ကူစုတ်တွေ ထုပ်ထားတာ ၊ ဒီတစ်ခါ တော့ ခံလိုက်ရပြီ ”

ဦးကျော်ဟန် ဟက်ဟက်ပက်ပက် ရယ်ပါတယ် ။

“ ဒါမျိုးလည်း ကြုံရတယ် ”

“ အလုပ်ကျ ဘယ်လို ပြန်ဖြတ်သလဲ ”

“ ကျွန်တော့် ဆရာ ကိုအောင်မြင့်လေး က ရုံးချုပ် မှာ ဂျီအမ် ( အထွေထွေ မန်နေဂျာ ၊ ဦးဆောင်ညွှန်ကြားရေးမှူး ) ဖြစ်သွားတယ် ၊ ကျွန်တော့် သူငယ်ချင်း တစ်ယောက် က သူ နဲ့ သွား တွေ့ချင်တာ ၊ ကျွန်တော် ကလည်း သတိလစ်ပြီး လိုက် ပို့ မိတယ် ။ အမှတ်တမဲ့ နဲ့ မေ့ပြီး သူ့ စားပွဲ ရောက်သွားတာ ၊ ကျော်ဟန် မင်း ဘာနဲ့ နေတာလဲတဲ့ ၊ ကျွန်တော် ခွင့်သုံးလ တင်တယ် ၊ ခုတော့ ခွင့်သုံးလ ကုန်ပြီ ၊ ပြုတ် လောက်ပြီပေါ့လို့ ၊ ဆရာ က စားပွဲ ကို လက် နဲ့ တောက်တောက် ခေါက်တယ် ။ သူ ဒေါသ ဖြစ်နေပြီ ”

ဦးကျော်ဟန် က သူ့ဆရာ လို စားပွဲ ကို လက်ချောင်းလေးတွေ နဲ့ ခေါက်ပြတယ် ။

“ ကျွန်ုတော် လေးဘီး မောင်းနေတုန်း လမ်းဆုံ မှာ သူ က တီအီးအလဲဗင်း နဲ့ ဆုံတာ ၊ အချိန် မရတော့ ဟေ့ကောင် ရုံးလာခဲ့ဦး အော်သွားတာ ၊ ကျွန်တော် မသွားပါဘူး ။ သူငယ်ချင်း လာလို့ မေ့ပြီး သူ့ ဆီ ရောက်တော့ ချောက်ခဏ ပြန်သွား ခိုင်းပြီး ပင်စင် ချပေးလိုက်တယ် ”

ဦးကျော်ဟန် ဟက်ဟက်ပက်ပက် ရယ်မောပါတယ် ။

“ ဆရာ ရန်ကုန် ဆင်း လာတော့ ချောက် မှာ ကျန်ရစ်တဲ့ မိသားစု က ဘယ်လို နေကြသလဲ ”

“ အစိုးရအိမ် မှာ နေလို့ရသေးတယ် ၊ သူတို့ ကို ချောက် မှာ အိမ် တစ်လုံး ဝယ် ပြီး ထားတယ် ၊ ကျွန်တော့်မှာ ကလေး သုံးယောက် ရှိတာ ၊ တစ်ယောက် ဆုံးပါး သွားပြီး သမီး နှစ်ယောက် ကျန်တယ် ”

သူ့ ဘဝ အလှည့်အပြောင်း တွေ ကို ကျွန်တော် က အသံတိတ် ပြီး နားထောင် နေ တယ် ။ သူ က ရေနံအရာရှိ ဘဝ ကို နောက်ကြောင်းပြန် ပြောပြတယ် ။

“ ကျွန်တော့် အစ်ကို က ဖိနပ်ဆိုင် လုပ်တယ် ၊ ရန်ကုန် မှာ ရှိတဲ့ factory ( စက်ရုံ ) တစ်ခုကို ဖုန်းဆက် ချင် ရင် ကျွန်တော့် ဖုန်း ကို အသုံးပြုရတယ် ၊ နောက်ကျ သူတို့ က ကိုယ်တိုင် မပြောတော့ဘူး ၊ ကျော်ဟန် ရေ ဟောဒါတွေ မှာပေးစမ်းပါ ပေါ့ ၊ ဟိုက ပို့တာတွေ ရရင်လည်း ဘယ်နေ့ က ငွေ ပို့လိုက်ပြီ ၊ ကျွန်တော် က ဖုန်း ပြောပေး ရတာ ၊ စက်ရုံ က တရုတ်မ ရဲ့ညီမ အပျို က ဖုန်း ကိုင်တာ ၊ သူ နဲ့ စကားတွေ ပြောဖြစ်နေတာ ၊ သူ က ပုဂံဘုရားဖူး လာချင်တယ် တဲ့ ၊ လာခဲ့ပေါ့ ၊ အဲဒီတုန်း က ကျွန်တော် က အရာရှိလေး ဖြစ်နေတယ် ၊ ကိုယ့် ဆရာ မန်နေဂျာ ကို လင့်ရိုဗာ တစ်စီး တောင်းပြီး ဘုရားဖူး လိုက် ပို့တော့ သိပ် အထင်ကြီး သွားတာ ”

ဦးကျော်ဟန် က မြိန့်မြိန့်ကြီး ပြုံးတယ် ။

“ သူ ရန်ကုန် ပြန်သွားတော့ ဖုန်း က ပြောနေရတာ ၊ ကျွန်တော် ရန်ကုန် ရောက် သွားတော့ ရှင် ဘာလာ လုပ်တာလဲတဲ့ ၊ ကျွန်တော် လေးဘီး မောင်းနေတယ် ဆိုတော့ သူ့ အိမ် ခေါ်ပြီး ထမင်း ကျွေးတယ် ၊ သူ့ အမေကြီး ဆုံးပါး သွားတော့ သူ တစ်ယောက် တည်း ကျန်တယ် ၊ ကား မောင်းရင်း ဝင်ရင်း ထွက်ရင်း နဲ့ ကိုယ် ကလည်း သူ့ သနား ၊ သူ ကလည်း ကိုယ့် သနားတယ် ၊ ဒါလောက် အရှိန်အဝါကြီး နဲ့ ရန်ကုန် လာပြီး လေးဘီးမောင်း နေရသလားပေါ့ ၊ ဇာတ်လမ်း ကတော့ သူ နဲ့ ကျွန်တော် နဲ့ ညားကြလေ သတည်းပေါ့ ”

သူ က ပြောရင်း အားရပါးရ ရယ်မော ပါတယ် ။

“ အဲဒီမှာ ညားပြီး သား တစ်ယောက် ရတယ် ၊ သူ နဲ့ ရတော့ လေးဘီး မမောင်း ရတော့ဘူး ၊ သူ့ ဆိုင် မှာ ဆိုင် ထိုင်ဖြစ် သွားတယ် ၊ သူ့ ဆိုင် က ကျောက်ကျော ရောင်းတာ ”

“ ဆူးလေ ကျောက်ကျောဆိုင် လေ ”

လို့ ကျွန်တော်တို့ စကားဝိုင်း မှာ အတူ ထိုင် နေတဲ့ ဦးဇေမောင်သိန်း က ပြောပြတယ် ။ ရန်ကုန်မြို့ မှာ တစ်ချိန်က သိပ်ကို ရောင်းရတဲ့ အအေးဆိုင် တစ်ဆိုင် အဖြစ် ကျွန်တော် သတိ ပြန်ရတယ် ။

“ တစ်နေ့ကို ကျောက်ကျောပုံး နှစ်ဆယ် လောက် လက်ပေါ် တင်ပြီး လှီးရ တာ ၊ အစတော့ ဘာမှ ဝင် မပြောဘူး ။ ဒီ ကျောက်ကျောများ ကွာ ပင်ပင်ပန်းပန်း လက် နဲ့ လှီးရသလား ။ စက်ကလေး နဲ့ လုပ် လိုက်ရင် လွယ်လွယ်လေး ၊ ကျောက်ကျော လာပို့တဲ့ ကိုလှမြင့် ကို မြန်မာတွေ မုန့်လက်ဆောင်းဖတ် လုပ်သလို ကျောက်ကျော ကို လုပ်ပေးပါ ပြောတော့ ဘယ်ရမှာလဲတဲ့ ၊ မိန်းမ မီးထွက်ပြီး ဆိုင် ပြန် ထိုင်တော့ ငါ ... ချောက် ခဏ ပြန်ဦးမယ်ကွာလို့ ၊ ဟို ရောက်တော့ ကျွန်တော် အုပ်ချုပ်ခဲ့တဲ့ ဝပ်ရှော့ ( ပ် ) ရုံ ထဲ ကို သွား ၊ ညွန့်မောင် ဆိုတဲ့ plater ရှိတယ် ၊ plater ဆိုတာ သံပြားတွေ ကို ချိုးဆက်ပြီး ဂဟေဆော် တာ ”

ပညာရှင် တစ်ယောက် ဘယ်လို တီထွင်မှာလဲ ။ စိတ်ဝင်စားစွာ နားစွင့် မိတယ် ။

“ ဆယ်ဝင်ပုံး နဲ့ လာတဲ့ ကျောက်ကျော ကို အောက် က ဓားကလေးတွေ ခံထား ပြီး အပေါ် က ဖိချ လိုက်ရင် ပေါင်မုန့်တွေ အချပ်လိုက် လှီး သလို လုပ်ချင်တာ ပြော တော့ ရတယ် ဆရာ တဲ့ ၊ ဒါနဲ့ လုပ်ပြီး ရန်ကုန် ပြန် ယူသွားတယ် ”

တီထွင် လာတဲ့ ပစ္စည်းသစ် လုပ်ငန်း မှာ ဘယ်လို အသုံးချသလဲ ။

“ တစ်နေ့ ကို အလုပ်သမား ၁၂ ယောက် လောက် က ကျောက်ကျော လှီးရတာ ၊ အဲဒီနေ့ ကျတော့ အလုပ်သမား လေးယောက် ပဲ နေ ၊ ကျန် အလုပ်သမားတွေက စားပွဲ တွေ ခင်းကြ ၊ ကျောက်ကျောပုံး ထုတ်လိုက်စမ်း ဒီပေါ် တင် ၊ ဖိချလိုက်စမ်း ၊ ဗြွတ်ဆို ကျလာတယ် ၊ တစ်ပုံး ကို ဆယ်မိနစ် ပဲ ကြာတာ ၊ အရင်က ဆို တစ်ပုံး ပြီးဖို့ အကြာကြီး လုပ်ရတာ ၊ မိန်းမ က ထမင်းချိုင့် နဲ့ ရောက်လာတော့တာ ။ ဘယ့်နှယ် ဖြစ်တာလဲ ၊ အလုပ်သမားတွေ လည်း အပြင်ထွက် ဆေးလိပ် သောက် လို့ ဆိုင် လည်း အစောကြီး ဖွင့်ထားပါလား ၊ ခါတိုင်း ဒီအချိန် မဖွင့်နိုင်ဘူးတဲ့ ၊ ဝင် ကြည့်တော့ ကျောက်ကျော က လှီးပြီးသား ဆယ်ပုံးတောင် ရှိနေပြီ ”

လုပ်ငန်းတိုင်း မှာ နည်းပညာ နဲ့ လုပ်ရင် တွင်ကျယ်တာ ကို ကျွန်တော် တွေးမိတယ် ။

“ အဲဒီမှာ ကူဘိုတာ ရေစုပ်စက်ပိုက်ပြာ ထဲကို ရေခဲ ထည့်ပြီး သစ်သား လက်ကိုင်ကြီး နဲ့ ထုခွဲရတာ ၊ ဒီ ဆိုင်မှာ ရေခဲ ထုရတာ မနားရတော့ အလုပ်သမား က ခဏနေ ထွက်သွား ၊ ခဏနေ ထွက်သွား ဖြစ်နေတာ ၊ အဲဒါကိုလည်း ကီလီငါးဈေး မှာ ငါးတွေ ရိုက်ဖို့ ရေခဲခွဲတာ သွား ကြည့်ပြီး မော်တာ နဲ့ ဆင်ပြီး လုပ်တယ် ၊ အဲဒါတွေ လုပ်ပေးတာပေါ့ဗျာ ”

ဦးကျော်ဟန် က ရယ်တယ် ။

“ ဆိုင်က သိပ် ရောင်း ရတော့ ချမ်းသာ လာတယ် ၊ အဲဒီမှာ ကျွန်တော် စဉ်းစားတယ် ၊ ငါ က သူဌေးမ ရဲ့ ယောက်ျား ၊ သူဌေး မဟုတ်ဘူး ၊ ကိုယ်တိုင် ချမ်းသာအောင် လုပ်ရမယ် ၊ စားသောက်ကုန် က ချမ်းသာနိုင်တယ် ဆိုတာ ကျွန်တော် မြင်သွားပြီ ၊ စိန်ဂျွန်းဈေး ကို ကျောက်ကျောဆိုင် အတွက် ပစ္စည်း သွား ဝယ်ရင်း တရုတ် က လာတဲ့ haw flakes ( ဆီးဖလိပ် ) ဆိုတဲ့ အဝိုင်းလေးတွေ သွား တွေ့တယ် ”

အင်္ဂလိပ်စာလုံးပေါင်း ပုံ ကို သူ က ပြောပြပါတယ် ။

“ စား ကြည့်တော့ အရသာ ရှိတယ် ၊ ဒါကို ရအောင် လုပ်မယ် ပြောတော့ ရန်ကုန်သားတွေ က ရယ်တာပေါ့ ၊ အန်ကယ်ကြီး ဒါက တရုတ်ပြည်က ၊ haw ဆိုတာ တရုတ်ဆီးသီး တဲ့ ။ ကျွန်တော် က မနက်ပိုင်း ဈေးဝယ် ၊ ကျောက်ကျော လှီး ပြီးတာနဲ့ လှည်းတန်း မှာ အခန်း တစ်ခန်း ငှားတယ် ”

သူ့ ရဲ့ ကြီးပွားလမ်း အစမို့ ကျွန်တော် က စိတ်ဝင်စားစွာ အာရုံ စိုက်ပါတယ် ။

“ ပထမဆုံး လုပ်ဖြစ်တာက ရှောက်ပေါင်းယို ၊ စက် နဲ့ကြိတ်ပြီး ထိုင်း က လာတဲ့ ပုံစံ အတိုင်း အတောင့်လေးတွေ လုပ်တာ ၊ ဈေးကွက် တင်တော့ စားကြည့်တယ် ၊
ကောင်းတယ် ၊ အန်ကယ်ကြီး ၊ ပက်ကင် မကောင်းလို့ မရောင်းရဘူး ၊ ဒါနဲ့ haw flakes လုပ်မယ် ၊ တရုတ် ကလာတာ ကို ဝယ်စား ကြည့်တော့ ခေါက်မုန့်လေး လို ကြွပ်ကြွပ်လေး ၊ ဂျုံ လည်း ပါမယ် ၊ အသီး လည်း ပါတယ် ၊ သကြား လည်း ပါတယ် ၊ ခေါက်မုန့် လုပ်တဲ့ အိုးကင်း ဝယ်တာပေါ့ဗျာ ၊ ဂျုံ ရယ် သကြား ရယ် ၊ ဆီးမှုန့် ရယ် ဖျော်တာပေါ့ ဗျာ ၊ အိုးကင်း ပေါ် တင်လိုက် ၊ ရှဲခနဲ မည်း သွားတာပေါ့ ”

ဦးကျော်ဟန် ဟားတိုက် ရယ်တယ် ။

“ အသာနေ အသာနေ ဘယ်သူမှ မသိစေနဲ့ မြောင်း ထဲ ချလိုက် မြောင်း ထဲ ချလိုက် ”

သူ ပြောရင်း ရယ်ပြန်တယ် ။

“ အမျိုးမျိုး စမ်း ရတာပေါ့ဗျာ ၊ တော်တော် ကြာတာပေါ့ ၊ အိမ် အလည် လာတဲ့ မိန်းမကြီး က မန်ကျည်း လုပ်စမ်းပါတဲ့ ၊ flakes လုပ်တဲ့အခါ အဝိုင်းပြားလေး ဖြစ်အောင် လုပ်ရတာ မလွယ်ဘူးဗျ ၊ ဒါနဲ့ ချောက်ကို တစ်ခါ ပြေးရတယ် ၊ တိုင်းရင်းဆေးဆရာတွေ ဆေးပြား လုပ်တဲ့ စက် က ရိုက်တံ ကို နမူနာ ကြည့်တယ် ၊ နောက်တော့ ရိုက်တံ အောင်မြင် သွားတယ် ”

“ တူးသွားတဲ့ ကိစ္စ ကကော ”

“ ပလာတာ လုပ်ဖို့ ဂျုံ ကို ပြား သလို ဂျုံ ၊ သကြား ၊ ဆီးမှုန့် နယ်ထားတာ ကို ပြားတယ် ၊ ရိုက်တံ နဲ့ ဒိုင်း ၊ ဒိုင်း ၊ ဒိုင်း ဆို ရိုက်ပြီး အဝိုင်းပြားလေးတွေ လုပ်တယ် ၊ ခြောက် သွားအောင် လေအပူ ပေးတဲ့ နည်းနဲ့ heat treatment ပေးတယ် ၊ စက္ကူအဖြူ နဲ့ ပတ်ပြီး Prume Flakes လို့ ချတယ် ၊ အကျိုး မပေးသေးလို့ လား မသိဘူး ၊ ထောင် တက် မလာဘူး ”

ဘယ်အချိန် မှာ အကျိုး ပေးသလဲ ကျွန်တော် စိတ်ဝင်စား ပါတယ် ။

“ အိမ် လာတဲ့ အမျိုးသမီးကြီး က မန်ကျည်း လုပ်ဖို့ပဲ ထပ် ပြောတယ် ၊ တို့ ရန်ကုန် က လူတွေ က မန်ကျည်း သိပ်စားတာတဲ့ ၊ ကျွန်တော် က မလုပ်တော့ သူ က ဒေါကန် လာပြီ ၊ ဒါနဲ့ ကြည့်မြင်တိုင် ညဈေး ကို မန်ကျည်းသီးမှည့် ငါးပိဿာ သွားဝယ်တယ် ၊ ဘာမှ မလုပ်တတ်တော့ ရေဆေး ရေစိမ် ဆန်ခါတိုက် တာပေါ့ ။ ဒီ အနှစ် ကို ဆီးမှုန့် လုပ်သလို သကြားမှုန့် နဲ့ နယ်တာပေါ့ ၊ နယ်လေ အရည်တွေ က ပျော်ထွက်လေ ၊ ဘယ်လိုမှ လုပ်မရဘူး ၊ လက်မှိုင်ချ နေရတယ် ”

ဦးကျော်ဟန် က ပြောလက်စ ခဏ ရပ်ပြီး သူ တည်ခင်းတဲ့ ပဲနို့ သောက်ဖို့ ပြောတယ် ။ မုန့် စားဖို့ ပြောတယ် ။ ကျွန်တော် က ပဲနို့သောက်ဖို့ ထက် အခက်အခဲတွေ ကို သူ ကျော်လွှားပုံ စိတ်ဝင်စား ပြီး နားစွင့် နေမိတယ် ။

“ နယ်လိုက် ၊ အရည် က ပျော်လိုက် ၊ ဟေ့ သကြား တစ်ပိဿာ မရရင် နှစ်ပိဿာ ထည့်နယ်ကွာ ၊ ထည့်ထည့် ထည့် ရသွားပြီ ၊ ရွံ့လောက် အနေအထား ရသွားပြီ ၊ စား ကြည့်တယ် ၊ ချဉ်တုန်း ပဲ ၊ မန်ကျည်းသီး က နည်းနည်း ထည့် ရုံနဲ့ သူ့ဓာတ် ရှိတုန်းပဲ ၊ ဒါလေးကိုပြားပြီး နေပူ လှန်းထား လိုက်စမ်း ”

ဦးကျော်ဟန် အောင်မြင်မှု လမ်းကြောင်း ပေါ် ရောက်သွားပြီ လို့ ကျွန်တော် ထင်ပါတယ် ။

“ ညနေကျ ရေခိုးရေငွေ့ ရိုက်ပြီး အရည် ပြန် ပျော် သွားရော ၊ မရဘူး ”

သူ က ခပ်သောသော ရယ်ပြန်တယ် ။

“ ထပ် လုပ်တယ် ၊ ပြားတယ် ၊ ရှောက်သီး အခြောက်လှန်း တဲ့ လေပူစက် ထဲမှာ အခြောက် လှန်းတယ် ၊ အိုကေ သွားတယ် ၊ ဗိုလ်ချုပ်ဈေး ထဲက စက္ကူသန့်သန့်ဖြူဖြူလေး သွား ဝယ်တယ် ၊ ဈေးကြီးတယ် ဆရာတဲ့ ၊ ဘာဖြစ်လို့ ဈေးကြီးတာလဲ ၊ စက္ကူ က စက္ကူဈေး ပဲ ၊ စက္ကူထုတ် ပြတယ် ၊ Acid free tissue paper စားသောက်ကုန် အတွက် ထုတ်ထားတာ ၊ ရသလောက် ပေး ၊ ပက်ကင် ရိုက်တယ် ”

“ လုပ်ငန်းနာမည် ဘာ ယူသလဲ ”

“ သမီးအငယ် ရဲ့ နာမည် က ခင်သိင်္ဂီ ၊ သိင်္ဂီကျော် လို့ နာမည် ပေးတယ် ”

“ မြန်မာဖြစ် ဆိုပြီး ဆိုင်တွေက တင် မရောင်းချင် တဲ့ ပြဿနာ ကို ရင်ဆိုင်ရသလား ”

“ ရင် မဆိုင်ရဘူး ၊ ဒါလောက် ကောင်းတဲ့ ပက်ကင် ၊ ဒါလောက် ကောင်းတဲ့ တစ်သျှူးပေပါ နဲ့ ၊ ဒါလောက် ကောင်းတဲ့ အရသာ နဲ့ သကြား အစစ် ၊ ကျွန်တော် က ကလေးတွေ စား နေတဲ့ ဆေးသကြား ကို တိုက်ဖျက်ချင်တာ ၊ သကြားအစစ် နဲ့ ဆိုတော့ ဈေးကွက် က ဝင် သွားတယ် ၊ နည်းနည်းပဲ ဝင်တာ ၊ များများ မဝင်သေးဘူး ”

“ ဘယ်အချိန် မှာ များများ ဝင်လဲ ”

“ တစ်နေ့သား ကျတော့ လှည်းတန်း က အလုပ် လုပ်နေတဲ့ အိမ်ရှေ့ကို သံရုံး က နံပါတ်ဖြူ နဲ့ ကားတစ်စီး လာ ရပ်တယ် ၊ သူ့ နိုင်ငံ ပြန်မယ့် သံအရာရှိ က ရသလောက် ယူမယ် ၊ နက်ဖြန်ခါလည်း လုပ်သမျှ ရသလောက် ယူမယ် ဆိုပြီး ကားသုံးစီး နဲ့ လာတယ် ။ ဗိုလ်ချုပ်ဈေး ကလည်း သံရုံး က ဝယ်တယ် ဆိုတော့ very safe လို့ လက်ခံပြီး တစ်ခါတည်း ပေါက်သွားတာ ”

“ သမီးတွေ ကကော ”

“ သမီးတွေ ကလည်း ဖေဖေ့ အလုပ်ပဲ လုပ်တော့မယ် ဆိုပြီး မန်ကျည်းဖလိပ် ဝိုင်း လုပ်ကြတယ် ၊ ပက်ကင်ဒီဇိုင်း ကို ပညာရှင် နဲ့ အပ်ပြီးလုပ် လိုက်တော့ ပိုပြီး ပေါက်ပြန်ရော ၊ မန်ကျည်းဖလိပ်အဝိုင်း ကနေ ခု လေးထောင့် ခေတ်စားတယ် ”

“ ဆရာ ဘာ ဆက် လုပ်မှာလဲ ”

“ တကယ်တော့ ဒါက အချဉ်ပေါင်း ပဲ ၊ အာဟာရ မဖြစ်ဘူး ၊ မြန်မာတွေ ကို အာဟာရ ဖြစ်တာလေး လုပ်ပေးခဲ့ ချင်တယ် ၊ စာတွေ ဖတ်တယ် ၊ ပဲပုပ် က ပရိုတင်း ကြွယ်ဝတယ် ၊ အခုအသစ် လုပ်တာက ပဲပုပ်ခေါက်ဆွဲ လုပ်တယ် ၊ ပဲယဉ်းခေါက်ဆွဲ လုပ်တယ် ၊ ကျွန်တော် တွေးတယ် ”

ဦးကျော်ဟန် က ပြောလက်စ စကား ကို ခဏ ရပ်ထားတယ် ။ သူ ဘာတွေးသလဲ ။

“ ဟောဒီ ရပ်ကွက် ထဲ ကို တရုတ်မ မိသားစု ပြောင်း လာတယ် ။ ဆင်းဆင်းရဲရဲ ပဲ ၊ သူ ဘာ လုပ်တတ်သလဲ ၊ ဘာ ပညာ တတ်သလဲ ၊ ချဉ်ဖတ် လုပ်တာ သူ့ အမေ က သင်ပေး လိုက်တယ် ၊ မုန်ညင်းချဉ် တည်ရောင်းတယ် ၊ စွန်တန်ခြောက် လှန်း ရောင်းတယ် ၊ ခု တိုက်ဆောက် ပြီးသွားပြီ ၊ ချဉ်ဖတ်ပဲ လုပ်တတ်ရင် ချဉ်ဖတ် လုပ်ပြီး တိုက်ဆောက် နိုင်တယ် ၊ ကျွန်တော်က ချဉ်ပေါင်း လုပ်ပြီး ချမ်းသာတာ ၊ ကုလသမဂ္ဂ က အရှေ့ တောင်အာရှ မှာ ချဉ်ပေါင်းချဉ်ဖတ် လုပ်ပုံတွေ လေ့လာပြီး စာအုပ် တစ်အုပ် ထုတ် ထားတာ ရှိတယ် ၊ လုပ်ပုံလုပ်နည်းရယ် ၊ ပစ္စည်း ရဲ့ အရသာ နဲ့ အာဟာရ တန်ဖိုးရယ် သုတေသန လုပ်ထားတာ ၊ လုပ်နည်းတွေ အစုံပါတယ် ၊ လုပ်မယ်ဆို လုပ်စရာတွေ အများကြီး ၊ ကျွန်တော် နည်းတွေ ပေးချင်တယ် ”

ကျွန်တော်တို့ စကားဝိုင်း ကို နားပြီး ပဲပုပ်ခေါက်ဆွဲ မည်းညိုညို ၊ ပဲယဉ်းခေါက်ဆွဲ ဝါဝါ နဲ့ ဧည့်ခံ ကျွေးမွေးတယ် ။

“ အာဟာရ တန်ဖိုးလည်း များတယ် ၊ ကိုရီးယားတွေ လည်း စားတော့ မြန်မာ တွေ ကြိုက်မယ် ထင်ပါရဲ့ ” လို့ ပြောရင်း ဦးကျော်ဟန် ရယ်တယ် ။ အများအကျိုး အတွက် တီထွင်လုပ်ကိုင် လို့ ပီတိ ဖြစ်တဲ့ပုံ နဲ့ ရယ်တာပါ ။

☐ ကျော်ရင်မြင့်
📖ဘဝကြေးမုံ အဖြစ်စုံ

No comments:

Post a Comment