❝ စားလို့ မကုန် မှားလို့ ကုန် ❞
ရှာဖွေစုဆောင်း ထားတဲ့ ရွှေ ၊ ငွေတွေ က တစ်သက် စားလို့ မကုန်ဘူး ဆိုပေမယ့် စားလို့ မကုန် လုပ်မှား ကိုင်မှား ဖြစ်လို့ ကုန်ရတဲ့ သူတွေ ဒုနဲ့ဒေးပါ ။
နုယဉ်ဓာတ်ပုံတိုက် က ကိုအောင်ကျော်ဆန်း ဟာ ဓာတ်ပုံပညာ နဲ့ ရှာဖွေ စုဆောင်းခဲ့တယ် ။ စုဆောင်းမိတဲ့ ရွှေ လေးဆယ်ကျပ်သား လောက် ဟာ လုပ်မှား ကိုင်မှား ကြောင့် ဆုံးရှုံးခဲ့ဖူးတယ် ။
အောင်သမာဓိရွှေဆိုင် နဲ့ ရွှေသန့်စင်လုပ်ငန်းရှင် ကိုအောင် ကို သူ က ရင်ဖွင့်တယ် ။
တစ်နေ့ မှာ တော့ မန္တလေးမြို့ ၊ ၁၄ - လမ်း မှာ ရှိတဲ့ အောင်သမာဓိ ရွှေသန့်စင် လုပ်ငန်း အလုပ်ရုံ ဝင်း ထဲ က ဧည့်ခန်းဆောင် မှာ ကိုအောင်ကျော်ဆန်း နဲ့ ဆုံမိကြတယ် ။ စားလို့ မကုန်နိုင်တဲ့ ပစ္စည်းတွေ မှားလို့ ကုန်ခဲ့ရတာ သူ က ပြန်ပြောပြတယ် ။
ကိုအောင်ကျော်ဆန်း ရဲ့ ဖခင် က မန္တလေးမြို့ မှာ နာမည်ကြီး ခဲ့တဲ့ တာဇံဓာတ်ပုံတိုက် မှာ အလုပ်သမား ။ ပါတီကောင်စီ ခေတ် မှာ တိုင်းတရားသူကြီး အဖွဲ့ဝင် ဖြစ်လာတယ် ။ နောက်တော့ “ နုယဉ်ဓာတ်ပုံတိုက် ” ကို ကိုယ်ပိုင် ခွဲပြီး တည်ထောင် ပါတယ် ။ အဲဒီ အချိန် မှာ ကိုအောင်ကျော်ဆန်း က ကျောင်း နေဆဲ ။
“ ကျွန်တော်တို့ နေတာက ဥယျာဉ်တန်း ရပ်ကွက် ၊ ပထမဆုံး ကျောင်း နေတာ က ရပ်ကွက် ဘုန်းကြီးကျောင်းဝင်း ထဲ က မူလတန်းကျောင်း မှာ ၊ မူလတန်း အောင်တော့ အမှတ် ( ၂၁ ) အထက ”
“ လှသိပ္ပံလား ”
“ ဟုတ်တယ် ၊ လှသိပ္ပံ ကို ပြည်သူပိုင် သိမ်းတဲ့ ကျောင်း ၊ အဲဒီ ကျောင်း မှာ ရှစ်တန်း အထိ ပဲ နေပြီး ကျောင်း ထွက်တယ် ၊ ကျွန်တော် က ကျောင်း ဆက် မနေချင်ဘူး ၊ စာ လည်း မကျက်ချင် တော့ဘူး ၊ ကျောင်း ထွက်ပြီး ဓာတ်ပုံပညာ ပဲ သင်ယူတယ် ”
“ ဘယ်အချိန်လောက်ကလဲ ”
“ ကျွန်တော် ၁၄ နှစ်သား ၊ ၁၉၈၄ ခုနှစ် လောက် က ၊ ဓာတ်ပုံတိုက် က အင်ဒိုး ရိုက်တာ များတယ် ၊ ကင်မရာနောက် မှာ အလင်းရောင် မဝင်အောင် အဝတ် မည်းကြီး ခြုံ ရိုက်ရတာမျိုး ”
“ ဓာတ်ပုံပညာ ဘယ်က စသင် ”
“ ပန်းချီဆွဲတဲ့ စာရွက် ပေါ် မှာ အဖေ က စက်ဝိုင်းလေး ဝိုင်း ပေးတယ် ၊ ခဲတံ ချွန်ပြီး စက်ဝိုင်း ထဲ မှာ အစက်အပြောက်လေးတွေ ထိုင် ချရတာ ၊ နှုတ်ခမ်းသား မှာ ဆေးရောင် ရင့်ပြီး အလယ် မှာ တဖြည်းဖြည်း နုနုလာတဲ့ အရောင် ဖြစ်အောင် နောက်ဆုံး ဗဟို မှာ အဖြူပြောက်လေး မသိမသာ ကျန်တဲ့ အထိ ဖြစ်အောင် ရှိတ် ( shade ) သဘော မျိုး အနက်စက်လေးတွေ ချခိုင်းတာ ၊ ခဲ မခြစ်ရဘူး ၊ အစက်ပဲ ချပြီး အနုအရင့် လုပ်ရတာ ”
“ ရည်ရွယ်ချက် က ”
“ ခဲထိုးတာ ရဲ့အခြေခံ ကျင့်ရတာ ၊ အဲဒါ မကျွမ်းကျင် မချင်း အဖေ က ကင်မရာ ပေး မကိုင်ဘူး ၊ ဒါပဲ လုပ်နေရတာ ”
“ မပျင်းဘူးလား ”
“ ကျွန်တော် က စိတ်ဝင်စားတယ် ၊ အဲဒါ ကျွမ်း မှ ဖလင် ကို ခဲထိုး ရတာ ၊ မျက်နှာ က အရေးအကြောင်းလေးတွေကို ဖလင် မှာ ဆေးဖြည့် တာမျိုး လုပ်ရတယ် ၊ ပါးချောင်ကျ နေတဲ့ လူမျိုးကို ခဲထိုး ပြီး ပြည့်ပြည့်ဖောင်းဖောင်း လုပ် ပေးရတယ် ၊ အချို့ မျက်ခုံးမွေး မလှတဲ့သူ ကို ပြန် ဖြည့်ပေးရတယ် ”
ကိုအောင် က အဖြူအမည်း ဓာတ်ပုံခေတ် ကလည်း ဓာတ်ပုံ ဆို တိုင်း သူ့ အော်ရီဂျင်နယ် မဟုတ်ဘူးပေါ့ လို့ မေးခွန်း ထုတ်ပါတယ် ။
“ ဖီနစ်ရှင် ( finishing အပြီးသတ် အချောကိုင် ) ဆိုတာ ပါမှ ပုံ ကောင်းတာ ၊ နဂ္ဂတစ် မှာ ခဲထိုးတာ ၊ ဓာတ်ပုံ မှာ ဖီနစ်ရှင် လိုက်တာ လုပ်ပေးရတယ် ”
“ ကင်မရာ ကို ဘယ်လောက် ကြာမှ ကိုင်ရသလဲ ”
“ တစ်နှစ် လောက် နေ မှ အဖေ က ကင်မရာပညာ သင်ပေးတယ် ၊ စပိ ( speed ) က ဘယ်လောက် ၊ အပါချာ ( aperture အလင်းဝင်ပေါက် ) က ဘယ်လောက် သင်ပြ ပေးတယ် ၊ ဓာတ်ပုံ ရိုက်တတ်ပြီ ဆိုတော့ ပင်တက်ကင်မရာလေး တစ်လုံး ဝယ် ပေးတာ ၊ ကျပ် ၃ဝဝဝ ပေးရတယ် ”
“ ကိုယ်ပိုင်ပေါ့ ”
“ မဟုတ်ပါဘူး ၊ ဆိုင် လည်း သုံးပေါ့ ၊ ဒါပေမဲ့ အဖြူအမည်း ဖလင် ထည့်ပေးပြီး လျှောက် ရိုက်ခိုင်းတယ် ၊ ကျုံးဘေး ရိုက်တယ် ၊ မန်းသီတာဥယျာဉ် ရိုက်တယ် ၊ မန္တလေး တောင် ရိုက်တယ် ၊ ရှုခင်းတွေ လိုက်ရိုက်တယ် ၊ ရိုက်ပြီး ပြန်လာတော့ အမှောင်ခန်း ထဲ ခေါ်သွားပြီး ဖလင် ဆေးနည်း ၊ ကူးနည်း သင်ပေးတယ် ”
“ အဖေ က လက်ဦး ဆရာပေါ့ ”
“ ဟုတ်တယ် ၊ အဖေ ကတော့ အစုံ သင် ပေးတာပဲ ၊ အဖေ ကတော့ ပြောတယ် ၊ ဓာတ်ပုံဆရာ ဆိုတာ သူများ ထက် ပို မြင်ရတယ် ၊ သတို့သမီး ရိုက်ရင် သူ့ ထဘီ အနား မညီတာမျိုး ၊ ပခုံး မတည့်တာမျိုး ပြင်ပေး ၊ သတို့သမီးပုံ က ပုံကြီးချဲ့တတ်တယ်တဲ့ ”
“ အမျိုးသမီးတွေ ကို ဓာတ်ပုံ ရိုက် ရာမှာ အဆင် မပြေတာ ဖြစ်ဖူးလား ”
“ တစ်ရက် မြို့တော်ခန်းမ - ၂ က မင်္ဂလာဆောင် ရိုက်တာ ၊ သတို့သမီး တော့ မဟုတ်ပါဘူး ၊ ဧည့်ခံ မိန်းကလေး တစ်ယောက် ၊ ကိုယ့် စိတ် ထဲက ရိုးရိုးသားသားပါ ၊ ကျွန်တော် က မျက်နှာလေး ကို ဟိုဘက် နည်းနည်း လှည့်ပါဦး လို့ ပါးစပ် က ပြောတာ ၊ အဆင် မပြေတော့ လက် နဲ့ ကိုင်ပြီး တည့် ပေးတာ ၊ သူ့ အမေ က ဓာတ်ပုံဆရာ လက် မပါနဲ့ ၊ ဓာတ်ပုံဆရာတွေ က တဏှာရူးတွေ လို့ ပြောချလိုက်တော့ ကျွန်တော် စိတ်တို သွားတယ် ၊ ဒါကြောင့် ပြန်ပြောမိတယ် ”
“ ငယ်ငယ်တုန်း က ငယ်စိတ်တွေပေါ့ ”
“ ကျွန်တော် ငယ်ငယ်က စိတ်အရမ်း တိုတတ်တာ ၊ ထစ်ခနဲ ဆို ရိုက်ပြီးသား ၊ တစ်ခါက ကျွန်တော့် သူငယ်ချင်းတွေ သူများ ရပ်ကွက် သွားပြီး လက်ဖက်ရည် သောက် တာ အစော်ကား ခံရတယ် ၊ သူတို့ က ရပ်ကွက် ပြန် လာပြီး လူ စုပြီး ပြန်သွားတယ် ၊ ဆော်ကြတာပေါ့ ၊ သူတို့ ဘက်က တစ်ယောက် က ကျွန်တော်တို့ ဘက်က လူ ကို ဆော်ပြီး ထွက်ပြေးတယ် ၊ ကျွန်တော် က နောက် က ပြေးလိုက်ပြီး လက် ထဲ ပါလာတဲ့ ခုံပု နဲ့ လှမ်း ပစ်တာ မှောက်ရက်လဲ သွားတယ် ”
ကျွန်တော့် အတွေး ထဲ မှာ လူငယ်တွေ ဝရုန်းသုန်းကား ရန်ဖြစ်ပုံ ကို မြင်ယောင်မိတယ် ။
“ အဲဒီကောင် လဲသွားတော့ ကျွန်တော် ပြေးလိုက်ပြီး ထိုးတာ ၊ ကျွန်တော် လိုက် ထိုးတဲ့ ကောင် က ကျွန်တော့် ယောက်ဖလောင်း ဖြစ် နေတယ် ၊ သူ့ မောင် ကို လုပ်ရ ပါ့မလား ဆိုပြီး ရည်းစား က စိတ်ဆိုးပြီး ပြတ်သွားရော ”
ကိုအောင်ကျော်ဆန်း က ပြောရင်း ရယ်တယ် ။
“ ရန်ဖြစ်တဲ့ ည မှာပဲ အဲဒီ ရပ်ကွက် က လူတွေ ရောက်လာပြီး ကလေး ပုခက်တင် ဓာတ်ပုံ ရိုက်ဖို့တဲ့ လာ ခေါ်တယ် ၊ ကျွန်တော် မလိုက်ရဲဘူး ၊ ကျွန်တော့် ကို ဓာတ်ပုံ ရိုက်ဖို့ ဆို ညာခေါ်ပြီး ဝိုင်း ဆော်မှာ ၊ သူတို့ က မဟုတ်ပါဘူး ၊ မဖြစ်စေရပါဘူး လို့ တာဝန်ခံ နဲ့ ခေါ်တယ် ၊ ကျွန်တော် ကြောက်ရွံ့ကြောက်ရွံ့ နဲ့ လိုက်သွားတာ ၊ ကိုယ့် အလုပ် နဲ့ ရန်ဖြစ်တာနဲ့ မသင့်တော်ဘူး လို့ တွေးမိတယ် ၊ အဲဒီက စပြီး လူပုစိတ်တို မလုပ်တော့ပါဘူး ”
“ ဓာတ်ပုံလုပ်ငန်း ကကော ”
“ ဓာတ်ပုံလုပ်ငန်း က ကောင်း နေပြီ ၊ ပတ်စပို့ပုံ လက်မလည်အောင် ရိုက် နေရပြီ ၊ အဲဒီ အချိန်က ဘုန်းကြီးသင်္ကန်း ရုံပြီး ဓာတ်ပုံ ရိုက်တာက ၊ ကိုယ်ရည်သွေး ပြောတာ မဟုတ်ဘူး ၊ ကျွန်တော်တို့ ဆိုင် ကို အကြိုက် အများဆုံးပဲ ၊ သာသနာဝင် မှတ်တမ်းတို့ ၊ စာမေးပွဲ ဖြေဖို့ တို့ ရိုက်ကြတယ် ၊ ဘုန်းတော်ကြီးတွေ နဲ့ ဆက်စပ်မိတော့ သူတို့ နဲ့ ပတ်သက်တဲ့ ကျောင်းအမ တို့ ၊ အလှူပွဲ တို့ လက်မလည် အောင် အလုပ်တွေ ရလာပြီ ၊ နေ့ပွဲ ၊ ညပွဲ မအားရဘူး ”
“ အလုပ် ဖြစ်တယ်ပေါ့ ”
“ လမ်းမတန်း က ကျွန်တော်တို့ အိမ် က ကျဉ်းတယ် ၊ အဖေ က ဒါကို ရောင်းပြီး အတွင်း ထဲက ဝင်းကျယ် ၊ အိမ်ကျယ် နေရာ ကို ပြောင်းဝယ်တယ် ၊ ဗီဒီယိုရုံ ခေတ်စား တဲ့ အချိန်မို့ ဗီဒီယို ပြတယ် ၊ ဘောလုံးပွဲ လည်း ပြတယ် ၊ ဓာတ်ပုံဆိုင် ကလည်း အလုပ် ဖြစ်တယ် ၊ အဖေ က ဓာတ်ပုံလုပ်ငန်း ကျွန်တော့် ကို လွှဲတယ် ၊ ကျွန်တော်တို့ မောင်နှမ သုံးယောက် ရှိတာ ၊ အစ်ကို ရယ် ၊ အစ်မ ရယ် ၊ ကျွန်တော် က အငယ်ဆုံး ၊ အစ်မ က အိမ်ထောင် ပြုသွားတယ် ၊ အစ်ကို က ဗီဒီယိုရုံ ကို ဦးစီးတယ် ”
အောင်သမာဓိ ဝန်ထမ်း တစ်ယောက် က ကျွန်တော်တို့ ကို ရေနွေးကြမ်း လက်ဖက်သုပ်တွေ နဲ့ လာပြီး ဧည့်ခံပါတယ် ။
“ ကျွန်တော်တို့ အိမ်ရှေ့ က သစ်ပင်ရိပ် မှာ ဆိုက်ကားဂိတ် ရှိတယ် ၊ တစ်နေ့ တော့ အိမ် ထဲ မှာ ပူတာ နဲ့ ဆိုက်ကားဂိတ် ကို သွား ၊ ဆိုက်ကား တစ်စီး ပေါ်ထိုင်ပြီး စာ ဖတ်နေတယ် ၊ အဲဒီ အချိန် မှာ အရပ် ထဲက ကောင်မလေး တစ်ယောက် ရှေ့ က ဖြတ်သွားတယ် ၊ ကောင်မလေး ရဲ့ ပထမ ယောက်ျား က ဇာတ်မင်းသား ချောချောလေး ၊ ပထမ ယောက်ျား နဲ့ကွာပြီး နောက် ယောက်ျား ထပ် ယူတယ် ၊ နောက် ယောက်ျား က လူပုံ က ညှဉ်းသိုးသိုး ၊ ခြေထောက် ကလည်း ဆတဆတ နဲ့ ၊ ကောင်မလေး ဘာကြောင့် အရင် ယောက်ျား နဲ့ မပေါင်းဘဲ ဒီ အရက်သမား နဲ့ ဘာကြောင့် ပေါင်းနေရတာလဲ ၊ စိတ် မှ မှန်သေးရဲ့လား တွေးနေတာ ၊ အဲဒီ အချိန် မှာ အိမ်ထဲ က အဖေ က လှမ်း ခေါ် တယ် ၊ သားရေ ပုံရွေး လာနေတယ်တဲ့ ၊ ဆိုက်ကား ပေါ်က ဆင်းပြီး အိမ်ပြန် သွားတာ ၊ လမ်းလျှောက် တော့ ကျွန်တော့် ခြေထောက် က ဆတဆတ နဲ့ ဟိုလူ လမ်းလျှောက်တဲ့ အတိုင်းပဲ ၊ ကျွန်တော် ဝဋ်လိုက်ပြီ ”
ကျွန်တော် စိတ်ဝင်တစား နားစွင့်မိတယ် ။
“ နှစ်ရက်လောက် ကြာတော့ ဦးပဉ္စင်း တစ်ပါး ကို ဝဋ်လည်တဲ့ အကြောင်း မေးလျှောက်တယ် ၊ တောင်းပန်လိုက်ပါ ဆိုလို့ မနက်စောစော ဘုရား ရှိခိုးပြီး သူ့ ကို မေတ္တာပို့ ၊ စိတ် ထဲ က တောင်းပန် လိုက်တယ် ၊ ဘုရား ကန်တော့ပြီး အိမ် ပေါ်က ဆင်းတော့ ခြေထောက် က ပျောက်သွားတယ် ၊ အဲဒီ ကတည်း က ဝဋ် လိုက်တာ ကျွန်တော် ကြောက် သွားတာ ”
ကိုအောင် က စားလို့ မကုန် မှားလို့ ကုန် တဲ့ အကြောင်း ပြောပါဦးလို့ မေးတယ် ။
“ အစ်မ ယောက်ျား ၊ ယောက်ဖ ရဲ့ အဒေါ် က မိုးကောင်း မှာ အိမ်ထောင် ကျတယ် ၊ သူ့ အိမ်ထောင်ဖက် က ရွှေတော မှာ လုပ်ကွက် ရတယ် ၊ ဒါပေမဲ့ ငွေ အရင်းအနှီး က မရှိဘူး ၊ ကျွန်တော် တို့ ဆီ ရောက် လာတယ် ၊ ရှယ်ယာ ပါ မလားပေါ့ ၊ ယောက်ဖ က လိုက် သွားပြီး လေ့လာတော့ ရွှေတွေ အဖတ်လိုက် အခဲလိုက် ထွက်တာတဲ့ ၊ ကျွန်တော် လည်း ရှယ်ယာ ပါ လိုက်တယ် ၊ ရှိတဲ့ ရွှေ ၄၀ ကျပ်သား လောက် ရောင်းပြီး ရှယ်ယာ ဝင်တာ ၊ ဓားခုတ်ရာ လက်ဝင် လျှိုတာလေ ”
ကိုအောင်ကျော်ဆန်း က ပြောရင်း ရယ်တယ် ။
“ ကျွန်တော် က ဓာတ်ပုံလုပ်ငန်း ရှိတော့ လိုက် မသွားနိုင်ဘူး ၊ သူတို့ က ဒီဇယ်အင်ဂျင်တွေ ၊ ပိုက်တွေ ၊ စားစရာတွေ ၊ ဆန် ၊ ဆီ ၊ ဒီဇယ်တွေ ဝယ်ပြီး ကားတစ်စီး အပြတ် ငှား သွားကြတာ ”
“ သူဌေး ဖြစ်မယ့် အိပ်မက်တွေ နဲ့ ပေါ့ ”
“ မိုးကောင်း အတက် မှာ ကား က ပေ ၄၀ လောက် ရှိတဲ့ ချောက် ထဲ ကျသွား ရော ၊ လူ တစ်ယောက် သေတယ် ၊ ကျိုး တဲ့ သူ ကျိုး ၊ နာ တဲ့ သူ နာ ၊ အမှု ရှင်းရင်း နဲ့ ပိုက်ဆံတွေ ကုန် ၊ အချိန်တွေ ကုန် သွားတယ် ”
“ လက်လျှော့ လိုက်ကောလား ”
“ မလျှော့ဘူး ၊ ပစ္စည်း ထပ်ဖြည့်ပြီး နောက် တစ်ခေါက် ထပ် တက်တယ် ၊ အားလုံး အသစ် ပြန် ဝယ်ရလို့ နှစ်ရင်း လောက် ကျသွားတယ် ၊ ဒီ တစ်ခါတော့ ကျွန်တော် ကိုယ်တိုင် လိုက် သွားတယ် ၊ မိုးတွင်း ဆိုတော့ ခရီး က မတွင်ဘူး ၊ ကား က ဗွက်နစ် လိုက် ၊ တွန်းလိုက် ၊ သွားလိုက် နဲ့ စခန်း ကို ရောက်တယ် ၊ စခန်း ရောက်တော့ စက်လှေ နဲ့ ကူးရတယ် ၊ ပြီးပြန်တော့ မိုးရွာ အစို ၊ နေပူ အခြောက် လမ်း ဆက် လျှောက်ရတယ် ၊ ဖိနပ် စီးလို့ လည်း မရလို့ ခြေဗလာ နဲ့ တစ်နေကုန် လျှောက်တာ ၊ မှတ်မှတ်ရရ ချောင်းပေါင်း ၃၃ ချောင်း ဖြတ် ပြီး မှ ရွှေတော ကို ရောက်တယ် ၊ တနိုင်းနယ် မှာ ”
“ ရွှေကျင် တဲ့ က အတွေ့အကြုံ လည်း ပြောပါဦး ”
“ လုပ်ကြတော့ ရတဲ့ ရွှေ နဲ့ ထမင်းစရိတ် ၊ အလုပ်သမားခ ကုန်ကျတဲ့ စရိတ် မကိုက်ဘူး ဆိုတာ ကျွန်တော် သတိထားမိလာပြီ ၊ ကျွန်တော့် မှာ ကျောင်းသား ကတည်း က အစာအိမ်ရောဂါ အခံ က ရှိတယ် ၊ မကုရသေးဘူး ၊ ရွှေတော က ဆန် က ဆန်စေး ၊ စားလိုက် ရင် အန်တာပဲ ၊ ခေါက်ဆွဲခြောက်ထုပ် ပြုတ် သောက်လိုက် ၊ ဘီစကွတ် စားလိုက် ၊ ရေ သောက်လိုက် နဲ့ နေရတာ ၊ အခြေအနေ က ပိုဆိုး လာတယ် ၊ အခြေအနေ က ရွှေ မရဘဲ အသက် သေမယ့် ပုံ မို့ ကျွန်တော် ၂ဝဝ၁ ခုနှစ် ထဲမှာ ပြန် လာခဲ့တယ် ”
“ ဘယ်သူ ကျန်ခဲ့လဲ ”
“ ရှယ်ယာဝင် သုံးယောက် လုပ်တာ ၊ ကျွန်တော် ပြန်လာတော့ ကျန်ရစ်တဲ့ သူတွေ က လုပ်တော့ လုပ်တယ် ၊ ထမင်း စားဖို့ပဲ ရတယ် ၊ ဒီကြားထဲ တွင်းခေါင်းဆောင် လုပ်တဲ့ သူ က သစ္စာ မရှိဘူး ၊ ရတဲ့ ရွှေတွေ ပါသွားရော ၊ ကျန်တဲ့ ရှယ်ယာဝင် နှစ်ယောက် ကလည်း ငှက်ဖျားမိလို့ ဆိုပြီး ပြန်လာတာ ၊ အလုပ်သမားတွေ ပဲ မျက်နှာ လွှဲ ထားခဲ့ရတာ ၊ တွင်းခေါင်း က ဘယ်လောက် အထိ သစ္စာ မရှိသလဲ ဆိုရင် ပစ္စည်း တွေပါ ရောင်းချပြီး ယူသွားတာ ”
“ စာရင်း ရှင်းလိုက်တော့ ”
“ စာရင်း ရှင်း လိုက်တော့ ထုတ်ထား သမျှ ပိုက်ဆံ ဘာမှ ပြန် မရဘဲ ကုန်ရော ၊ ရွှေလုပ် လိုက်တာ ရွှေ ၄ဝ သား ပြုတ် သွားရော ”
ကိုအောင်ကျော်ဆန်း က ပြောရင်း ဟက်ဟက်ပက်ပက် ရယ်မောတယ် ။
“ ရွှေတော က ပြန်လာပြီးတော့ ဘာဆက် လုပ်သလဲ ”
“ ဓာတ်ပုံလုပ်ငန်း ပဲ ပြန်လုပ်တာ ၊ ၂၀၀၃ ခုနှစ် မှာ အိမ်ထောင်ကျတယ် ၊ အိမ်ထောင်ကျ ပြီးတော့လည်း ဓာတ်ပုံလုပ်ငန်း ပဲ ဆက် လုပ်တယ် ၊ ရှာထားခဲ့တာတွေ ပုံမှန် ထိုင်စားရင် တစ်သက်လုံး စားလို့ မကုန်ဘူး ၊ မှားလိုက်တော့ တစ်ချက်တည်း နဲ့ ကုန်သွားတာ ”
“ မနှမြောဘူးလား ”
“ နှမြောတယ် ၊ ကိုယ့် မှာ တိုင်ပင်စရာ ဆရာကောင်း ၊ မိတ်ဆွေကောင်း မရှိလို့ ဆုံးရှုံးခဲ့တာ ”
⎕ ကျော်ရင်မြင့်
📖ဘဝကြေးမုံ အဖြစ်စုံ
No comments:
Post a Comment