❝ မွှေး သည် ခင်နှင်းယု လား ၊ ခင်နှင်းယု သည် မွှေး လား ❞
မကျွမ်းမီ က လွမ်းနှင့်သည် လို့ ဆိုရလောက်အောင်ပဲ ‘ မွှေး ’ ကို မရင်းနှီးခင် ကတည်းက မွှေး ဘဝ ကို သနားခဲ့ မိပါတယ် ။ မွှေးအကြောင်း အမေ တို့ အခန်းဆက် ဝတ္ထုရှည် ဖတ်နေကြတုန်းက ကျွန်တော် က ဝတ္ထု နဲ့ မရင်းနှီးသေးတဲ့ အရွယ် ဆိုတော့ အမေတို့ အပြော နဲ့ ပဲ မွှေး ကို သနားနေ မိတယ် ။ အတွတ် နဲ့ အမွှေး က ငယ် သူငယ်ချင်းတွေ ။ အတွတ် က မွှေး ကို “ မကျည်းတန် ” လို့ ခေါ်သတဲ့ ။ ကျောင်းနေဖက် ငယ်သူငယ်ချင်း တွေ ဖြစ်ပေမယ့် အထက်တန်းကျောင်း တက်ရမယ် ဆိုတော့ မွှေး က ဝါးခယ်မ မှာပဲ ကျန်ရစ်ခဲ့ပြီး အတွတ် က ရန်ကုန်မှာ ကျောင်းသွား တက်တယ် ။ ကျောင်းပိတ်ရက် အပြန် မှာ “ ဖရက်ဒီ ” ဆိုတဲ့ သူငယ်ချင်း တစ်ယောက် အတွတ် နဲ့ ပါလာရာက အစ မွှေး နဲ့ အဆက်အသွယ် ဖြစ်ပြီး ချစ်သူတွေ ဖြစ်သွားကြတယ် ။ မွှေး ကို ချစ်ရကောင်းမှန်း မသိ တဲ့ အတွတ် တစ်ယောက် ကျန်ရစ် ဖြစ်သွားတာပေါ့ ။
အတွတ် နဲ့ ဖရက်ဒီ တို့ တက္ကသိုလ် ရောက်သွားချိန် မှာ မွှေး ကလည်း အဒေါ် တစ်ယောက် အိမ် မှာ လာ နေပြီး သက်ကြီး တက္ကသိုလ် တက်ဖို့ ရန်ကုန် ရောက်လာတယ် ။ ရန်ကုန်တက္ကသိုလ် ဝင်းထဲ မှာ မွှေး တစ်ယောက် သူ့ ချစ်သူ ဖရက်ဒီ ကို အခြား မိန်းကလေး တစ်ယောက် နဲ့ တွေ့လိုက်ရတော့ တက္ကသိုလ်ဝင်ခွင့် လျှောက်လွှာ ကို ဆုတ်ဖြဲ ပစ် လိုက်ပြီး အိမ်ပြန် သွားခဲ့ရှာတယ် ။ ဒါကို မြင်လိုက်တာ က ဗိုလ်ကြီးကိုကိုနိုင် ။
ဖရက်ဒီ နဲ့ ကင်းကွာသွား လို့ အတွတ် က မွှေး ကို ချစ်စကား ပြောဖို့ စဉ်းစားနေဆဲ မှာပဲ မွှေး ဘဝထဲ ကို ကိုကိုနိုင် က ဝင်လာတယ် ။ ကိုကိုနိုင် နဲ့ လက်ထပ်ဖို့ အတွတ် ကပဲ တိုက်တွန်း ပေးရတယ် ။ လက်ထပ်ဖြစ် သွားချိန်မှာ အတွတ် က နိုင်ငံခြား ကို ဆေးပညာ သင်ဖို့ ထွက်သွားရတယ် ။ မွှေး ဘဝ က ခက်ထန်တယ် ။ ကြမ်းတမ်း တယ် ။ ကိုကိုနိုင် ရင်ခွင် မှာ အေးအေးသက်သာ မနေနိုင်ခဲ့ဘူး ။ မိသားစု အတွက် လှုပ်ရှားရတယ် ။ အမေ သေသွားတယ် ၊ တီဘီရောဂါ နဲ့ ။ အစ်မ ဆုံးသွားပြန်တယ် ။ တီဘီရောဂါ နဲ့ပဲ ။ ဒီတစ်ခါ မွှေး အလှည့် ။ မွှေး တီဘီ ဖြစ်လာတယ် ။ ကိုကိုနိုင့် မိခင် က အိန္ဒိယနိုင်ငံ က “ အာရောဂျံ ” ဆိုတဲ့ အဆုတ်ရောဂါကု ဌာန ကို ပို့ပေးလိုက်တယ် ။ ဒီမှာ အတွတ် ကို ဆရာဝန် ဘဝ နဲ့ ပြန် တွေ့ရတော့တယ် ။
အဆုတ်ရောဂါ ပျောက်လို့ မြန်မာပြည် ကို အတွတ် နဲ့ အတူတူ ပြန်လာကြတော့ ကိုကိုနိုင် က နောက် မိန်းမ တစ်ယောက် ရထားနှင့်ပြီ ၊ မွှေး ပြန်ရောက်တဲ့ နေ့မှာပဲ သားကလေး မျက်နှာ မြင်တဲ့ အကြောင်း ဆေးရုံ က အကြောင်း ကြားတာနဲ့ တန်း တိုးတယ် ။ ကိုကိုနိုင် ကို မွှေး စွန့်လွှတ်ရ ပြန်တယ် ။ ဒီတစ်ခါ နောက်ကျ မခံနိုင် တော့တဲ့ အတွတ် က ချစ်ရေး ဆိုတယ် ။ ဒါပေမဲ့ မွှေး က လက်မခံတော့ဘူး ။
မွှေး ၊ အတွတ် ၊ ကိုကိုနိုင် တို့ရဲ့ သုံးပွင့်ဆိုင် ဇာတ်လမ်း ကို အခန်းဆက် ဝတ္ထုရှည် ဖတ်ရစဉ် ကတည်း က ခင်နှင်းယု ဆိုတဲ့ စာရေးဆရာမ ရဲ့ အမည် ဟာ စာမွေ့သူများ ကြား မှာ ရေပန်းစား သွားတယ် ။ ပြီးတော့ တွေး ယူကြတာတွေ ရှိသေးတယ် ။
ခင်နှင်းယု က ဝါးခယ်မသူ ၊ မွှေး က လည်း ဝါးခယ်မသူ ။
ခင်နှင်းယု ယောက်ျား က ဗိုလ်ကြီး ၊ ကိုကိုနိုင် ကလည်း ဗိုလ်ကြီး ။
ခင်နှင်းယု တီဘီ ဖြစ်လို့ အိန္ဒိယ မှာ ဆေးသွား ကုရတယ် ၊ မွှေး လည်း တီဘီ ဖြစ်လို့ ဆေးသွား ကုရတာပဲ ။
ဒါကြောင့် စာချစ်သူတွေ က ‘ မွှေး ’ ဆိုတာ ခင်နှင်းယု ပဲ ။ ခင်နှင်းယု က သူ့ အကြောင်း ရေးတာပဲ ... စသဖြင့် ဂယက်ထ ခဲ့ကြပါတယ် ။ ကျွန်တော် လည်း ခင်နှင်းယု ဝတ္ထုတွေ နဲ့ ရင်းနှီးကျွမ်းဝင်လာချိန် မှာ မွှေး နဲ့ ပတ်သက်ပြီး မေးနေမိတယ် ။
မွှေး သည် ခင်နှင်းယု လား ...
ခင်နှင်းယု သည် မွှေး လား ...
••••• ••••• •••••
“ မွှေး ဟာ မစု ရဲ့ ဘဝ တစ်စိတ်တစ်ဒေသ ပါလား လို့ မေးလိုက်တဲ့ ကိုဝင်းငြိမ်း ရဲ့ မေးခွန်း ကို ဖြေရရင် ဟုတ်ပါ တယ်လို့ပဲ ဖြေရပါလိမ့်မယ် ။ ဟုတ်ပါတယ် ဆိုပေမယ့် လုံးဝ ဥဿုံတော့ မဟုတ်ဘူးပေါ့ ။ မွှေး သည် ခင်နှင်းယု လား ၊ ခင်နှင်းယု သည် မွှေး လား ဆိုတဲ့ မေးခွန်း ကို ဝိုင်အမ်စီအေ မှာ လုပ်ခဲ့တဲ့ ဆွေးနွေးပွဲ မှာလည်း မစု ဖြေခဲ့ဖူးပါတယ် ။ အဲဒီတုန်းက ဖြေခဲ့ သလိုပဲ ရှင်နာဂသိန် နဲ့ မိလိန္ဒပြဿနာ ထဲက ဥပမာ ယူပြီး ဖြေရလိမ့်မယ် ။
မိလိန္ဒမင်းကြီး က ရှင်နာဂသိန် ကို ဘဝ ပြဿနာ မေးတဲ့ နေရာမှာ အခု ဘဝ ဟာ နောက် ဘဝ လား ။ အခု သေ ပြီးတော့ နောက် ဘဝ ပြန် ဖြစ်တယ် ဆိုတာ ဟုတ်ပါသလား ဆိုတာ မေးတော့ ရှင်နာဂသိန် က ဘာပြန် ဖြေ သလဲ ဆိုတော့ “ မင်းကြီး ၊ သရက်ပင် တစ်ပင် က သရက်သီး ကို ယူပါ ။ သရက်စေ့ နဲ့ သစ်ပင် တစ်ပင် ထပ်စိုက် လိုက်ပါ ။ နောက်ထပ် သရက်ပင် တစ်ပင် ပေါက်မလာဘူးလား ” တဲ့ ။ မိလိန္ဒမင်းကြီး က “ ပေါက်လာပါ တယ် အရှင်ဘုရား ” ပေါ့ ။ “ သရက်စေ့ ကို စိုက်လိုက်လို့ ပေါက်လာတဲ့ အပင် ဟာ ဟို အပင်လား ” တဲ့ ။ “ မဟုတ် ပါဘူး ” တဲ့ ။ “ ဒါပေမဲ့ နောက် ပေါက်တဲ့ သရက်ပင် ဟာ ပထမ အပင် ကို မှီ၍ ၊ တည်၍ ဖြစ်လာရပါတယ် ” တဲ့ ။
အဲဒီလိုပါပဲ ။ မွှေး ဟာ လည်း ခင်နှင်းယု ကို မှီ၍ တည်၍ ဖြစ်လာရတာပါပဲ ။ မွှေး နဲ့ ပတ်သက်ပြီး မစု ခဏခဏ ဖြေရှင်းခဲ့ ရတာကတော့ မွှေး ထဲမှာ ကိုကိုနိုင် က နောက် မိန်းမ ယူပြီး ကလေး ရတယ် မဟုတ်လား ။ မစု သမီး က အသား သိပ် ဖြူတော့ မစု ယောက်ျား နောက် အိမ်ထောင် နဲ့ ရတဲ့ ကလေးလား လို့ လာကြည့်ပြီး မေးတဲ့ လူတွေ တောင် ရှိပါတယ် ။ မွှေး က စာဖတ် ပရိသတ် အပေါ် တော်တော် လွှမ်းမိုး ခဲ့ပါတယ် ။
ပြီးတော့ မစု ခင်ပွန်း ဆုံးသွားချိန် မှာ စာဖတ်ပရိသတ် ဆီက ဘယ်လို အကြံပေးစာတွေ ရောက်လာ သလဲ ဆို တော့ အတွတ် ကိုပဲ လက်ထပ် ပါ ပေါ့ ။ မစု တော်တော် အံ့အားသင့် သွားတယ် ။ ပိုပြီး အံ့အားသင့် သွားရတာ ကတော့ မစု တရား သွားပြီး အားထုတ်တဲ့ အချိန်မှာ မစု တို့ ထက် အသက်ကြီး တဲ့ ယောဂီ ဥပုသ်သည်ကြီး တစ်ယောက် က မစု ကို အတင်း လက်ဆွဲပြီး ၊ လက်ထပ်မယ် ဆိုရင် အတွတ် ကို ပဲ လက်ထပ် ဖို့ ၊ အတွတ် က သိပ် သနားစရာကောင်းတဲ့ အကြောင်း ပြောတယ် ။ မစု တော်တော် ကို လန့်သွားတာပဲ ”
“ ဟုတ်ပါတယ် ။ ဆရာမ ရေးခဲ့တဲ့ ‘ မွှေး ’ ကတော့ စာဖတ်ပရိသတ် အပေါ် တော်တော်ကို လွှမ်းမိုးခဲ့တာပါပဲ ။ ဆရာမ စာပေလောက ထဲ ရောက် လာအောင် ၊ ဝါသနာ ပါ လာအောင် ပတ်ဝန်းကျင် က ဖန်တီး ပေးခဲ့တာလား ။ ဒါမှမဟုတ် မျိုးရိုးဗီဇ အရကို ဝါသနာပါ လာတာလား ”
“ နှစ်မျိုးစလုံး အရလို့ ဆိုရလိမ့်မယ် ။ မစု ရဲ့ ပထမဆုံး ပတ်ဝန်းကျင် က မစုတို့ မိသားစု ပဲ ။ ဖေဖေ က ကျောင်းဆရာ တစ်ယောက် ဆိုတော့ စာ သိပ် ဖတ်ပါတယ် ။ ဒါပေမဲ့ မစု ငါးနှစ် သမီး အရွယ်မှာ ဖေဖေ နားမကြား တဲ့ ရောဂါ ရ လာတော့ သားသမီးတွေ နဲ့ စာပေရေးရာ ဆွေးနွေးဖို့ အခြေအနေ မပေးတော့ဘူး ။
မစု တို့ စာ ဝါသနာ ပါအောင် ဦးဆောင် ပေးခဲ့တာ က မစု တို့ အမေ ပဲ ။ အမေ က သူ ကိုယ်တိုင် စာဖတ်တဲ့ အပြင် သားသမီးတွေ ကျောင်းစာ ကျက် ပြီးချိန် မှာ အိမ် အလယ်ခန်း မှာ စုဝေးပြီး ကိုယ် ကြိက် တဲ့ အစာအုပ် ကို ဖတ်ခိုင်းတယ် ။ ဝတ္ထုမျိုးစုံ ၊ ဆောင်းပါး ၊ မဂ္ဂဇင်း ၊ ဘာသာရေး စာအုပ် မျိုးစုံပါပဲ ။ လစဉ် ဒီးဒုတ်မဂ္ဂဇင်း နဲ့ ဂန္ထလောက မဂ္ဂဇင်း ၊ နဂါးနီတိုက် ထုတ် စာအုပ်တွေ ကို မစုတို့ ကိုကိုကြီး ဦးနု က ရန်ကုန် က နေ ပို့ပေးတော့ မစု တို့ စာ ပိုပြီး ဖတ်ဖြစ်ပါတယ် ။
မစု တို့ အမေ ကိုယ်တိုင် ကလည်း နဂါးနီတိုက် က ထုတ်တဲ့ ပန်းသာမစာဥ တို့ လို ဘာသာပြန် တွေ သိပ် ကြိုက်တယ် ။ ဒါမျိုးတွေ ဖတ် ပြီးတော့ မေမေ က ဆွေးနွေးတယ် ။ နိုင်ငံရေး လည်း ဝါသနာ ပါတော့ အိုင်ယာလန်ပြည် အရေးတော်ပုံ တို့ ဘာ တို့ ဖတ်ပြီး မေမေ နဲ့ ဆွေးနွေးရတာ သိပ် ပျော်စရာ ကောင်းတာပဲ ။ ဒါ မစု အတွက် စာပေ ဝါသနာ ပါလာအောင် ဖန်တီးလာတဲ့ ပထမဦးဆုံး ပတ်ဝန်းကျင်ပါပဲ ။
မစု က ဗမာကျော င်းမှာ နေခဲ့ရတယ် ။ မစုတို့ မောင်နှမ တစ်တွေ အားလုံး ‘ အင်ဂလို ဗယ်နစ်ကူလာ ’ မှာ နေခဲ့ ကြပေမယ့် မစု ကျတော့ ဘာကြောင့်မှန်း မသိဘူး ။ ဗမာကျောင်း မှာပဲ နေဖြစ်တယ် ။ ဒါက မစု စာရေးဖြစ်ဖို့ရာ အများဆုံး အထောက်အကူ ဖြစ်သွားတဲ့ အကြောင်းပဲ ။ ခုနစ်တန်း ရောက်တော့ ဦးသြဘာသ ရေးတဲ့ ‘ ဝေဿန္တရာ ’ သင်ရတယ် ။ စာပေပညာရှင် တော်တော်များများ က ဗမာစာ တော်ချင်ရင် ဦးဩဘာသ ရဲ့ ဝေဿန္တရာ ကို ဖတ်လို့ ပြောစမှတ် ရှိခဲ့ကြတယ် မဟုတ်လား ။ မြန်မာစာ သင်တဲ့ ဦးဘစိန် ကလည်း သိပ် တော်တယ် ။ ဒါကြောင့် ဝေဿန္တရာ မှာ ပါတဲ့ ဦးဩဘာသ ရဲ့ အဖွဲ့အနွဲ့ ကလေးတွေ က မစု ရင်ထဲ ဝင် လာတယ် ။
နောက် ရှစ်တန်း ၊ ကိုးတန်း ၊ ဆယ်တန်း ရောက်လာတော့ ရှင်မဟာရဋ္ဌသာရ နဲ့ ရှင်တေဇောသာရ ကဗျာ တွေက မစု ကို အလွှမ်းမိုးဆုံးပဲ ။ ဒါတွေက ပတ်ဝန်းကျင် အခြေအနေ အရ မစု စာရေးဖို့ စိတ်ဝင်စား လာစေ တဲ့ အကြောင်းတွေပဲ ။
မျိုးရိုးဗီဇ က လည်း ပါတယ်လို့ ပြောရမယ် ။ မစု မှာက အဘိုး နှစ်ယောက် ရှိတယ် ။ တစ်ယောက် က ဘဘ ဦးရွှေအုံး ။ သူ က အနုပညာ တို့ ၊ ဂီတ တို့ ဝါသနာ ပါတယ် ။ နောက် တစ်ယောက် က ဘဘဦးကန် ။ သူ ကတော့ ဝါးခယ်မ မှာ ကဗျာဆရာကြီး ပဲ ။ သူတို့ မှာ စာပေအနုပညာ အခံတွေ ရှိတော့ မစု မှာ လည်း အဲဒီ ဗီဇ တွေ ပါလာတယ် ထင်တယ် ။ ဘာဖြစ်လို့လဲ ဆိုတော့ မစု တို့ ဘွားဘွား ရဲ့ သူငယ်ချင်း ဂျပ်ဆင်ဦးထွန်းဖေ နဲ့ ကလော မှာ တွေ့ကြတော့ ဦးထွန်းဖေ က ဘာပြောသလဲ ဆိုရင် နင်တို့ အမျိုး ထဲ မှာ မစု နဲ့ မောင်နု နှစ်ယောက်ပဲ မြန်မာစာ မှာ ဘဘဦးကန် ရဲ့ ခြေရာ ကို နင်းနိုင်တယ် လို့ ပြောတယ် ။ ဒါကြောင့် မစု တို့ အဘိုးတွေ ရဲ့ ဗီဇ က မစု တို့ မှာ ပါလာတယ် လို့ ပြောနိုင်ပါတယ် ။ မိသားစု အားလုံးကတော့ စာပေဝါသနာ ပါပါတယ် ။ ဒါပေမဲ့ စာပေ ဝါသနာ ပါတိုင်း စာရေးဆရာ ဖြစ်ဖို့ လွယ်တာ မှ မဟုတ်ဘဲ ။ မစုကံကြမ္မာ က လည်း ပါလာတယ် ဆိုရမှာပေါ့ ”
“ ဆရာမ စာပေလောက ထဲ စ ဝင်လာတာ ပြောပြပါဦး ”
“ မစု စာပေလောက ထဲ ရောက်လာတာ ပြောရရင် အသက် ၂၂ နှစ် လောက် ဖ.ဆ.ပ.လ ဌာနချုပ် ရဲ့ သတင်းနဲ့ ဝါဒဖြန့်ချိရေး ဌာန မှာ တွဲဖက် အတွင်းရေးမှူး လုပ်ရင်း သတင်းစဉ် မှာ ဆောင်းပါး ၊ သတင်း နဲ့ ခေါင်းကြီးတွေ ရေးရာက စာ စ ရေးဖြစ်တာပဲ ။ ဒါပေမဲ့ အဲဒီတုန်းကတော့ ခင်နှင်းယု ဆိုတဲ့ ကလောင်နာမည် မယူသေး ပါဘူး ။ မခင်စု နာမည် နဲ့ ပဲ ရေးခဲ့တာ ။ နောက်တော့ ပဒေသာ မဂ္ဂဇင်း မှာ ‘ အရိုင်း ’ ဆိုတဲ့ ဝတ္ထုတို တစ်ပုဒ် ကို ‘ ခင်နှင်းယု ’ အမည် နဲ့ စ ရေးခဲ့ပါတယ် ။
အသက် ၂၄ နှစ် လောက် မှာ ဆက်တိုက် ရေးဖြစ်ပြီး အောင်မြင်မှု ရခဲ့ပါတယ် ။ ပထမဆုံး ဝတ္ထုရှည် ကတော့ ရှုမဝ မဂ္ဂဇင်း မှာ ပါတဲ့ ‘ နွေနှောင်းရွက်ကျန် ’ ပေါ့ ”
“ နွေနှောင်းရွက်ကျန် မတိုင်မီ ကကော အတိုလေးတွေ မရေးဖြစ်ဘူးလား ”
“ သိပ်တော့ မရေးဖြစ်ဘူး ။ ရေးဖြစ်လို့ ပို့ ထားတာလေးတွေ ကျတော့လည်း ရှုမဝ က ထည့် မပေးသေးဘဲ သိမ်းထားတယ် ။ ‘ နွေနှောင်းရွက်ကျန် ’ ပါပြီး တော့ မှ အတိုလေးတွေ ဆက်တိုက် ပါလာပါတယ် ။ ‘ နွေနှောင်း ရွက်ကျန် ’ ရှုမဝ မှာ ပါလာတော့ မြဝတီ မှာ အစ်ကိုကြီး ( မစု ခင်ပွန်း ) က အုပ်ချုပ်ရေးမှူး လုပ် နေတယ် ။ အစ်ကိုကြီး ကို ဆရာဘသောင်း ( ဦးသုတ ) က ပြောတယ် ။ မင်း တစ်ယောက်လုံး ရှိလျက်သား နဲ့ ခင်နှင်းယု ကို တို့ တိုက် က မရဘဲ ရှုမဝ က ရသွားတယ်လို့ ပြောတယ် ။ အဲဒီ ခေတ် က စာရေးဆရာ ကို ( က ) ၊ ( ခ ) အဆင့် ခွဲထားတဲ့ ခေတ်ပေါ့ ။ အဲဒီတော့ အစ်ကိုကြီး က ကျွန်တော့် မိန်းမ က ( က ) လား မသိ ၊ ( ခ ) လား မသိ ၊ ဘယ် အဆင့်မှန်း မသိတော့ ကျွန်တော် လည်း မတောင်းရဲဘူး လို့ ပြောလိုက်တယ် ။
အဲဒါ ဆရာ က ဘာပဲ ဖြစ်ဖြစ် ဝတ္ထုရှည် တစ်ပုဒ် တောင်းပေးရမယ် ဆိုတာနဲ့ မြဝတီ မှာ ‘ ကျွန်းဧကရီ ’ ဆိုတဲ့ ဝတ္ထုရှည် ရေးဖြစ် သွားတယ် ။ အဲဒီတုန်းက မြဝတီ က တပ်မတော် က ဦးစီးထုတ်တဲ့ မဂ္ဂဇင်း လည်း ဖြစ်နေပြန် ၊ အစ်ကိုကြီး အလုပ် လုပ်နေတဲ့ တိုက်လည်း ဖြစ်နေတော့ အင်းစိန် တိုက်ပွဲ ကို အခြေခံပြီး ‘ ကျွန်းဧကရီ ’ ကို ရေးခဲ့တာပဲ ။ အဲဒီတုန်း က မစု တို့ ကိုယ်တိုင် အင်းစိန် တိုက်ပွဲ ကို ရောက်တာကိုး ”
“ ဆရာမ ရေးခဲ့တဲ့ ဝတ္ထုတွေ အများကြီး ထဲက ကျွန်တော် ဆွေးနွေးချင်တာလေး တချို့ကို မေးချင်ပါတယ် ။ ပထမ ရွေးထားတာက ‘ မျှော်လင့်လို့ဖြင့် မဆုံးနိုင်တယ် ’ ပါ ။ အဲဒီ ဝတ္ထု က ပုဂံ က ဘုရားကျွန်တွေ နောက်ခံ ထားပြီး ရေးထားတာပါ ။ ဒီ ဝတ္ထု ရေးဖြစ်တဲ့ နောက်ခံ အကြောင်း ရှိရင် သိပါရစေ ”
“ အဲဒီတုန်း က မစု က ဝန်ကြီးချုပ်ဦးနု ရဲ့ အတွင်းရေး အတွင်းဝန် အဖြစ်နဲ့ နယ်စုံ ရောက်ပါတယ် ။ တစ်နေ့ ပုဂံ ရောက်တော့ အာနန္ဒာ ရောက်တော့ ဘုရားလူကြီးတွေ နဲ့ ဝန်ကြီးချုပ်အဖွဲ့ တွေ့ကြပါတယ် ။ အဲဒီ အချိန် မှာ ဘုရားတွေ ကို ပြုပြင်စောင့်ရှောက်ဖို့ ဆွေးနွေးကြပါတယ် ။ အဲဒါမှာ ဘုရားစောင့် ဦးကြာယုံ ဆိုတာ ရှိတယ် ။ ဟိုတုန်းကတော့ ဌာန အလိုက် အလုပ် ခန့်တာတွေ ဘာတွေ မဟုတ်သေးဘူး ။ ဂေါပက လူကြီးတွေ ကပဲ သူတို့ ကို ခန့်ထားတာပါ ။
ဝန်ကြီးချုပ် လာမယ် ဆိုတော့ သူတို့ က ကော်ဇောလေးတွေ ခင်း ပေးရတယ် ။ ဒီအချိန် အထိ တော့ ဦးကြာယုံ ကို မစု စိတ်မဝင်စားသေးဘူး ။ နောက်တော့ မစုတို့ သောက်ဖို့ ရေ ပေးရတယ် ။ ရေ လာပေးတော့ သူ့ ခြေထောက် ထော့နဲ့ ထော့နဲ့ နဲ့ပဲ ။ မစု ဘေး က အတွင်းဝန် တစ်ယောက် က ဘာ ပြောလဲ ဆိုတော့ “ ဟေ့ ... ဒီမှာ ကယ်ပါ တွေ သိပ် ပေါတယ် ။ ရေ သတိထား သောက် ” လို့ ပြောတယ် ။ မစု ဒီအ ထိတော့ စိတ် မထိခိုက် သေးဘူး ။
ဗောဓိပင် ညောင်ရေ သွန်းမယ် ဆိုတော့ အနားယူ ကြတယ် ။ နားတဲ့ နေရာ မှာ ဘုရားလူကြီးတွေ နဲ့ ဝန်ကြီးချုပ် ၊ ဗုဒ္ဓသာသနနုဂ္ဂဟအဖွဲ့ချုပ် က ဥက္ကဋ္ဌ ၊ သူ က တရားဝန်ကြီးချုပ် ။ သူ လည်း ပါတယ် ။ နားရင်း ဝိုင်း ဆွေးနွေးကြ တယ် ။ ဘုရားဝင်း သန့်ရှင်းရေးတွေ ဘာတွေ ဘယ်သူ လုပ်သလဲလို့ မေးတော့ မြို့ခံ တစ်ယောက် က ဒီမှာ ဘုရားကျွန်တွေ ကို တစ်လ လေးကျပ် နဲ့ ခိုင်းထားပါတယ်လို့ ပြောတယ် ။ မစု တော်တော် စိတ် ထိခိုက်သွားတယ် ။
ပိုပြီး စိတ် ထိခိုက်ရတာ က အဲဒီ တရားဝန်ကြီးချုပ် က ဘုရားကျွန်တွေ ကို ဒီမှာ မခန့်ရဘူး လို့ ပြောလိုက်တာပဲ ။ လခကလေး လေးကျပ် ရတဲ့ အလုပ် ကို တောင် ဒီ လူတွေ မခန့်ရဘူး ဆိုတော့ မစု ချက်ချင်း ဘာသွား သတိရသလဲ ဆိုတော့ တိုင်းပြုပြည်ပြု ပါလီမန် လွှတ်တော် မှာ ယာယီ သမ္မတ စဝ်ရွှေသိုက် ရှိသေးတယ် ။ စဝ်ရွှေသိုက် ရဲ့ လွတ်လပ်ရေး ကြေညာစာတမ်း မှာ ဘာ ပါသလဲ ဆိုတော့ ဘုရားကျွန်သင်းချိ စတဲ့ လူတန်းစား အားလုံး ဟာ တစ်တန်းတစ်စားတည်း ရှိပြီးတော့ ရှေးမင်း တို့ အာဏာစက် ကြောင့် ဖြစ်နေတာ တွေကို ပယ်ဖျက် လိုက်တယ် ။ လူတန်းစား မရွေး လွတ်လပ်ရေး အကျိုး ခံစားခွင့် ရှိစေ ဆိုတာကို မစု သွား သတိရ လိုက်တယ် ။
ဘာကြောင့် ဘုရားကျွန် ကို မခန့်ရမှာလဲ ဆိုပြီး မစု စိတ် ထဲမှာ ထိခိုက် နေတုန်းမှာပဲ ဝန်ကြီးချုပ် က လခလေးကျပ် ဆိုတာ နည်းလွန်းပါတယ် ။ သူတို့ ကို ရှစ်ဆယ့်နှစ်ကျပ် ပေးပါ ။ လိုအပ်တဲ့ ကိစ္စတွေ ကျွန်တော် လုပ်ပေး ပါ့မယ်လို့ နှုတ်မိန့် ပေးခဲ့တယ် ။ အဲဒီအဖြစ် အပျက်ကလေး ကို နောက်ခံ ထားပြီး ဇာတ်လမ်း ကို တည်ဆောက် ခဲ့တာပါပဲ ။
ဖြစ်စေချင် တာက လွတ်လပ်ရေး ကြေညာစာတမ်း ကတော့ လူတန်းစား အားလုံး အတွက် အခွင့်အရေး ပြည့်စုံပါတယ် ။ ဒါပေမဲ့ ဒီ စာတမ်းပါ အခွင့်အရေးတွေ ကို ပြည်ထောင်စုသား အားလုံး အပေါ် သက်ရောက်အောင် လုပ်ရတာ မလွယ်ပါဘူး ။ ခု ကျွန်မ ပြောတဲ့ ကိုကြာယုံ တို့ ကိစ္စ တစ်ခုတည်း ကိုပဲ ကြည့် ၊ ကျွန်မ ကြိုးစားခဲ့ရတာ ဘယ်လောက် ကြာသလဲ ဆိုရင် ၁၉၅၅ ခုနှစ် ကတည်းက ဌာနဆိုင်ရာတွေ နဲ့ ကြိုးစား ခဲ့ရတာ ၁၉၆ဝ ပြည့်နှစ် ဗိုလ်ချုပ်ကြီး အိမ်စောင့် အစိုးရ လက်ထက် ရောက်တော့မှပဲ ဒီ ကိစ္စတွေ ပြီးပြတ် တော့တယ် ။
တစ်ခါ ... ကယ်ပါတွေ ဆီ က စာတွေ လာပြန်ရော ။ ဒေါ်ခင်နှင်းယု လုပ်ပေးတာ ကျေးဇူးတင်ပါတယ် ။ ဝတ္ထု လည်း ဖတ်ရပါတယ်ပေါ့ ။ ဒါပေမဲ့ သူတို့ မှာ ခုထက်ထိ လခ မရကြသေးဘူး ဆိုတော့ တစ်ခါ လိုက်ရပြန် ရော ။ ဆိုင်ရာ ဆိုင်ရာတွေ ကို အဆင့်ဆင့် လိုက်တော့မှ တစ်လ ရှစ်ဆယ့်နှစ်ကျပ် နဲ့ ခုနစ်လ အတွက် Back Pay ရသွားကြတယ် ။ တစ်လ မှ လေးကျပ် ရတဲ့ လူတွေ အတွက် လုံးလုံးခဲခဲ ရအောင် လုပ်ပေးနိုင်ခဲ့တဲ့ အတွက် ကျွန်မ လည်း သိပ်ဝမ်းသာသွားတယ် ။ ကုသိုလ် လည်း ရတာပေါ့လေ ။
ဒါကြောင့် ကိုဝင်းငြိမ်း မေးခွန်း ကို ကျွန်မ ခြုံဖြေရရင် ‘ မျှော်လင့်လို့ဖြင့် မဆုံးနိုင်တယ် ’ ကို ရေးခဲ့တာဟာ လွတ်လပ်ရေး ကြေညာစာတမ်း ပါ အခွင့်အရေးတွေ ကို ဒီ လူတန်းစား အပေါ် သက်ရောက်နိုင်ဖို့ နဲ့ စိတ်ဓာတ် ကျ နေတဲ့ သူတို့ ဘဝကို အားပေးတဲ့ သဘောပါပဲ ”
“ ဆရာမ ဝတ္ထုတွေ အားလုံးနဲ့ ပတ်သက်ပြီး ခြုံ မေးချင်ပါတယ် ။ ဇာတ်ကောင်စရိုက် ဖန်တီးမှု နဲ့ ဇာတ်အိမ် တည်ဆောက်မှု ပါ ။ အခု ဇာတ်လမ်း က ဦးကြာယုံ ဆိုရင် ဆရာမ က ခဏကလေး တွေ့ခဲ့ရတာပါ ။ ဦးကြာယုံ ရဲ့ အပေါင်းပါ လူတန်းစားတွေ ရဲ့ စရိုက်ကို ဆရာမ ဘယ်လို ဖန်တီးယူပါသလဲ ”
“ ဇာတ်ကောင် စရိုက် ဘယ်လို ဖန်တီးယူတယ် ဆိုတာ သက်သက်တော့ မစု မပြောတတ်ဘူး ။ ဒါပေမဲ့ စာရေးဆရာ မှာ ခံစားချက် က ပထမ လာတယ် ထင်ပါတယ် ။ ခေတ်စကား နဲ့ ပြောရရင် “ ဖီလင် ” မရှိရင် ဘာမှ လုပ်လို့ မရပါဘူး ။ ခံစားချက် ရလာတော့ မှ ဖြစ်မှ ဖြစ်ရလေခြင်း ၊ ဒါကို သက်ဆိုင်ရာ အာဏာပိုင် တွေ လည်း သိရမယ် ။ ကာယကံရှင် တွေ လည်း သိရမယ် ။ ဒီလို သိအောင် ဘယ်လို တင်ပြမလဲ ။ မစု က ဝတ္ထုသမား ကိုး ။ ဒီတော့မှ ဇာတ်ကောင်တွေ ကို စဉ်းစားရတယ် ။
ကိုကြာယုံ ကို အဓိက ထားတယ် ။ သူ က အသက် အားဖြင့်လည်း ကြီးတယ် ။ လောကကြီး မှာ အတွေ့အကြုံ နည်းနည်း ရှိတော့ ဆင်ခြင်တုံတရား နည်းနည်း ရှိတယ် ။ အဲဒီလို လူမျိုး တစ်ဖက်က သူတောင်းစား ထဲ မှာ လည်း လူငယ် ရှိမယ် ။ သူ က သူ့ ဘဝ က လွတ်မြောက်ပါတယ် ဆိုတဲ့ အကြောင်း လွတ်လပ်ရေး ကြေညာစာတမ်း ဖတ်ထားလို့ သိလျက်သား နဲ့ သူ့ ဘဝ မှာ ကယ်ပါ ဘဝ နဲ့ အရိုးထုတ်ရတော့မယ် ဆိုတာ မခံမရပ်နိုင်တဲ့ လူငယ်တွေ ရှိမှာပဲ ။ သူ့ အတွက် သတ်သတ် စရိုက် ဖော်ပေးတယ် ။
သူတောင်းစား ပင် ဖြစ်ပေမယ့် သူ့ မှာ ပုထုဇဉ်စိတ် ရှိ သလို မြင့်မြတ်တဲ့ စိတ် လည်း ရှိကြောင်း ကျွန်မ ထည့် ပေးထားတယ် ။ ဂေါပကလူကြီး ရဲ့ သမီး ကို သူ ချစ်မိသွားတယ် ။ ဖအေကြီး က နှိမ်လွန်းပြီး ကောင်မလေး ကို ပညာတတ် တစ်ယောက် နဲ့ ပေးစားတော့မယ် ဆိုတော့ ဒီ ကောင်မလေး ဟာ သူတောင်းစား မျိုးရိုး ဖြစ်ကြောင်း ပစ်စာတွေ ဘာတွေ ရေးတယ် ။ ဒါကတော့ ပုထုဇဉ်စိတ်ပေါ့ ။ နောက်တော့ ဗုဒ္ဓရုပ်ပွားတော် ရှေ့ ရောက်သွား ပြီး ဗုဒ္ဓ ရဲ့ အဆုံးအမတွေ လွှမ်းမိုး လာတော့မှ သူ လုပ်ခဲ့တာ မှားတယ် ဆိုပြီး ဦးကြာယုံ ကို ကောင်မလေး အကြောင်းနဲ့ ပတ်သက်ပြီး တစ်ယောက်ယောက် စုံစမ်းလာရင် မပြောဖို့ သွား ပိတ်တယ် ။ ဒီနေရာ မှာ ကောင်လေး ( ကိုလှမောင် ) ရဲ့ စရိုက် ကို ဖော်ရာမှာ သူ သည် သူတောင်းစား ပင် ဖြစ်သော်လည်း မြတ်စွာဘုရား ရဲ့ အဆုံးအမ ကို လေးစား လိုက်နာသူ ဖြစ်ကြောင်း ၊ စိတ်ဓာတ် မြင့်မြတ်သူ ဖြစ်ကြောင်း ဖော် ပေးလိုက်တယ် ။ ဒီလို ဖော်ပေးလိုက်ရတဲ့အတွက် ကျွန်မ ရဲ့ သူတောင်းစားလေး ဟာ အဆင့်အတန်း မြင့်သွားတယ် ထင်ပါတယ် ။
ဇာတ်ကောင်စရိုက် နဲ့ ပတ်သက်လို့ မစု ဒါလောက်ပဲ ပြောချင်ပါတယ် ”
“ ဆရာမ က တခြား နိုင်ငံတွေ ရဲ့ အတွေ့အကြုံ လည်း ရှိနေတော့ သူတောင်းစား ပြဿနာ နဲ့ ပတ်သက်ပြီး ဘယ်လို မြင်သလဲလို့ သိချင်ပါတယ် ”
“ ဖွံ့ဖြိုးဆဲနိုင်ငံ မှာပဲ ဖြစ်ဖြစ် ၊ ဘယ်မှာပဲ ဖြစ်ဖြစ် သူတောင်းစား ကတော့ မရှိတာ အကောင်းဆုံးပါပဲ ။ မစု အမြင် ပြောရရင် မြန်မာပြည် မှာ သူတောင်းစား ပေါတာ တိုင်းပြည် ဆင်းရဲလို့ မဟုတ်ပါဘူး ။ လူတွေ က ရက်ရော လွန်းလို့ပါ ။ လွယ်လွယ် ရလို့ တောင်းစားနေကြတာပဲ ။ ရေသာခိုကြလွန်းတာပဲ ။
မစု အတွေ့အကြုံ တစ်ခု ပြောချင်ပါတယ် ။ အိန္ဒိယ မှာ ဆေးသွားကုတုန်းက တွေ့ရတာ က အိန္ဒိယ သူဌေး လူနာ တွေ ဆီမှာ သူတို့ အိန္ဒိယသားတွေ အလုပ် မလုပ်ချင်ကြဘူး ။ ဘာဖြစ်လို့လဲ ဆိုတော့ ကပ်စေးနှဲ တာကိုး ။ တစ်လ ကို ထမင်းချက်ခ နှစ်ဆယ် ပေးရတယ် ။ တန်အောင် ခိုင်းတာပဲ ။ သူတို့ က ဗမာလူနာ ဆီ မှာ အလုပ် လုပ်ချင်ကြတယ် ။ မစု ဆီမှာ အလုပ် လုပ်တယ် ဆိုပါတော့ ။ စားမယ့်သူ က မစု နဲ့ သူ နှစ်ယောက်တည်း ရှိတာပဲ ။ သူ က နို့ဆီဘူး ၊ နှစ်လုံး ထမင်းချက်ပါရစေ ဆိုရင်လည်း မစု က တော့ ချက် ပေါ့ပဲ ။ ဒါက ဗမာစိတ်ဓာတ် လေ ၊ လူမမာ ဆိုတာက နည်းနည်းပဲ စားနိုင်တာပဲ ။ ကျန်တာ သူ့ အိမ် ယူသွား တာပဲ ။ သူတို့ ဆီမှာ က ဆန် မစားနိုင်ကြဘူး ။ ဆန်အစား ပြောင်းစေ့ လို ဟာမျိုး ကို ကျိုပြီး စားကြရတယ် ။ အဲဒီတော့ ထမင်း အလကား ရတာ သိပ်ဝမ်းသာတယ် ”
“ ကျေးဇူးတင်ပါတယ် ဆရာမ ။ ‘ အောင်မြင်သောနေ့ ’ ကို ဆက်လိုက်ကြရအောင်ပါ ။ ‘ အောင်မြင်သောနေ့ ’ ရဲ့ အမှာစာ မှာ ဆရာမ က ဒီဝတ္ထု ကို ကျွန်မ နှလုံးသား နဲ့ မရေးဘဲ ဦးနှောက် နဲ့ ရေးပါတယ်လို့ ပြောထားပါတယ် ။ နှလုံးသား နဲ့ ရေးတာ နဲ့ ဦးနှောက် နဲ့ ရေးတာ ရဲ့ ခြားနားချက် ကို ကျွန်တော် သိပါရစေ ”
“ ဦးနှောက် နဲ့ ရေးတာနဲ့ ၊ နှလုံးသား နဲ့ ရေးတာ ဒီ နှစ်ခု ကို မစု အရင် ပြောမယ်နော် ။ ဝတ္ထု တစ်ပုဒ် ရေးတော့မယ် ဆိုရင် ခံစားချက် နှလုံးသား က လာရပါတယ် ။ ကိုယ်ပိုင် ခံစားချက် နဲ့ ကိုယ်ပိုင် တည်ဆောက်ပြီး ရေး တာက နှလုံးသား နဲ့ ရေးတာပါ ။ မစု ရေးခဲ့တာတွေ အများစု က နှလုံးသား နဲ့ ရေးခဲ့တာပါ ။ ဦးနှောက် နဲ့ ရေးတာ ဆိုရင် ‘ အောင်မြင်သောနေ့ ’ က ပထမဆုံး ရေးတာပဲ ။ ဒီ ဇာတ်လမ်းမှာ မစု အစ်ကိုကြီး ဦးနု ရဲ့ ရေးစေချင်တဲ့ အကြောင်းအချက် ကို မစု က ဇာတ်လမ်းဇာတ်အိမ် ဖွဲ့ပြီး ရေးတာမို့ ဒီ ဇာတ်လမ်း ဟာ နှလုံးသား နဲ့ ရေးရတာ မဟုတ်တော့ဘူး ။ ဦးနှောက် နဲ့ ရေးရတာ ဖြစ်သွားတယ် ။ ‘ မွှေး ’ တို့ ၊ ‘ ပန်းပန်လျက်ပါ ’ တို့ ၊ ‘ မျှော်လင့်လို့ဖြင့် မဆုံးနိုင်တယ် ’ တို့ က မစု နှလုံးသား ခံစားချက်တွေပဲ ။
တခြား ဝတ္ထုတွေ မှာ ရေးရတာ ရှောရှောရှူရှူ ရှိသလောက် ‘ အောင်မြင်သောနေ့ ’ ရေးရတာ ရှောရှောရှူရှူ မရှိဘူး ။ ပရိသတ် က လက်ခံလို့ ကျေးဇူး တင်ရပါသေးတယ် ။
ဝတ္ထုတစ်ပုဒ် ရေးတယ် ဆိုတာ နှလုံးသား က အရင် ခံစားပြီး တော့မှ ဦးနှောက် က ဇာတ်ကွက် ၊ ဇာတ်အိမ် တည် ဆောက်ရတာပဲ ”
“ စာရေးတာ နဲ့ ပတ်သက်ပြီး တစ်ဆက်တည်း ကျွန်တော် မေးချင်တာကတော့ ဝတ္ထုတို နဲ့ ဝတ္ထုရှည် ရဲ့ ခြားနားချက်ပါပဲ ။ အတို အရှည်လုံးချင်းတွေ ရေးခဲ့တဲ့ ဆရာမ အနေနဲ့ ဘယ်လို ခွဲခြားပါသလဲ ”
“ မစု အနေနဲ့တော့ ခြားနားချက် မရှိပါဘူး ။ ခြင်္သေ့ တစ်ကောင် ဟာ ယုန် တစ်ကောင် ကို ခုန်အုပ်ဖို့ စိုက်ထုတ် ရတဲ့ အား နဲ့ သမင် တစ်ကောင် ကို ခုန်အုပ်ဖို့ စိုက်ထုတ်ရတဲ့ အား ၊ အားချင်း အတူတူပါပဲ ။ တစ်ခု ရှိတာကတော့ ဝတ္ထုရှည် ရေးပြီ ဆိုရင် ဇာတ်အိမ် က ကြီး လာတယ် ။ ဇာတ်ကောင်တွေ က များလာတယ် ။ များလာလေ ဇာတ်ကောင် တစ်ကောင်ချင်း ရဲ့ စရိုက် ကို ဖော်ရတာကတော့ လက်ဝင် လာတာပေါ့ ။ ဝတ္ထုတို ကတော့ တစ်ခါတလေ တစ်ယောက် တည်း ၊ တစ်ခါတလေ အလွန်ဆုံး နှစ်ယောက် ၊ သုံးယောက် ။ အဲဒီလို ဖြစ်တတ်တာပေါ့ ။ နည်းနည်း တော့ မပင်ပန်းဘူးပေါ့ ။ ဥပမာ - ထိပ်စုမဖုရား မဗျိုင်း ကို ကြည့် ၊ မိသားစု အကုန်လုံး စရိုက်ပေါ်အောင် ရေးရတယ် ။ မစု က ဒေါ်ခင်မေဆက် စရိုက် ကို လည်း သိပ် ဖော်ချင်တော့ ငယ်ငယ် ကတည်း က စ ရေးရတယ် ။ စိတ္တဇရောဂါသည် ရဲ့ စရိုက် ကိုလည်း သေသေချာချာ ဖော်နိုင်အောင် ဒေါက်တာ အုန်းမောင် တို့ ဆီမှာ သေသေချာချာ မေးမြန်း လေ့လာရပါတယ် ။ ဝတ္ထုရှည် က ဒါတွေတော့ ပင်ပန်းတာပေါ့ ။
ဖန်တီး ယူတတ်ရင် ရှည်ရှည် ရေးလို့ ရပါတယ် ။ မစု ကို မစု ဆရာ ဦးတင့်တယ် က စာရေးခါစ တုန်း က ဘာ ဝေဖန်ခဲ့သလဲ ဆိုတော့ မစု က စာရေးတာ သိပ် စိတ်တိုတာကိုး တဲ့ ။ ဆရာ တို့ ကတော့ စာရေးခြင်း အတတ်ပညာ ကို သိလို့ ရေးတဲ့ လူတွေကိုး ။ ( ဒါ ကျွန်မ ချီးကျူးတဲ့ အနေနဲ့ ပြောတာပါ ) အမှန်အတိုင်း ပြောရရင် စာရေးတဲ့ အတတ်ပညာ ကို မစု ခုထက်ထိ မသိသေးပါဘူး ။ မစု ရင်ထဲ ခံစားချက် ရှိတာ ကို သာ ချ ရေးတတ်တာပဲ ။ ဒါကြောင့် မစု ဝတ္ထုတွေ က မရှည်ဘူး ။ တိုတို သွားတယ် ”
“ ဆရာမ ရေးတဲ့ ‘ ပန်းပန်လျက်ပါ ’ ဝတ္ထု မှာ ဆရာဇော်ဂျီ ရဲ့ ‘ ဗေဒါလမ်း ’ ကဗျာ တွေ သုံးထားတာ တွေ့ရ ပါတယ် ။ ဒီ ဝတ္ထု က ကဗျာ ကို မှီပြီး ဖြစ်ခဲ့တာလား ၊ ဒါမှမဟုတ် ဝတ္ထုဇာတ်ကြောင်း အရ ကဗျာ က အံဝင်ခွင်ကျ ဖြစ်သွားတာလား သိပါရစေ ”
“ ဝတ္ထုဇာတ်အိမ် ကို အရင် ဖော်ခဲ့တာပါ ။ မစု က အဲဒီတုန်းက ဘီအေ နောက်ဆုံးနှစ် ကျောင်းတက် နေတုန်း ပေါ့ ။ တစ်ညနေ ကျောင်းဆင်း လာတော့ မန္တလေးဆောင် ရှေ့ကို ဖြတ်လာရတယ် ။ အဲဒီမှာ ညတုန်းက အငြိမ့်ခံ တယ်တဲ့ ။ မစု သူငယ်ချင်း တစ်ယောက် ပြောပြတယ် ။ ည က အငြိမ့်မင်းသမီး က ကောင်းလွန်းလို့တဲ့ ၊ ဘေးက ကာထားတာတွေ တောင် ကျောင်းသားတွေ တိုးလို့ ပြိုကျတယ်တဲ့ ။ ဆိုတော့ ... မစု ရင် ထဲမှာ ဖျတ်ခနဲ လျှပ်စီး လက်သလို ခံစားချက် ဝင်သွားတာက အငြိမ့်မင်းသမီး ကို ဒီ ကျောင်းသား တွေက တကယ်ပဲ ကြိုက်ကြတာလားလို့ ။ အငြိမ့်မင်းသမီး လှ တာ ၊ က တာ ကို သာယာလို့ ခဏလေး သဘောကျကြတာလား ၊ တကယ်လို့များ ဒီ မိန်းကလေး က ပြန် ကြိုက်ပြီး လက်ထပ်ပါ့မယ် ဆိုရင် ဒီ ကျောင်းသားတွေ က အငြိမ့်မင်းသမီး ကို ယူရဲ ပါ့မလား လို့ တွေးမိတယ် ။
အိမ် ရောက်တော့ ဒီ ခံစားချက်ကို ဝတ္ထု အဖြစ် ဖန်တီးချင်လာတော့ ဒီ လူတွေဟာ သတ္တိ မရှိနိုင်ဘူးလို့ မစု ဘာသာ အဖြေ ပေးမိတယ် ။ အငြိမ့်မင်းသမီး ဆိုတာလည်း လူပဲ ၊ တစ်ယောက် က ချစ်တယ်လို့ လာပြောရင် သူ လည်း ချစ်ချင် ချစ်မိမှာပဲ ။ တကယ်လို့များ ကျောင်းသား က အငြိမ့်မင်းသမီး ကို ပစ်သွားခဲ့သော် လို့ တွေးပြီး မစု က အငြိမ့်မင်းသမီး ဘက်က ဝင် လိုက်ရတာပဲ ။ အငြိမ့်မင်းသမီး က အလျှော့ ပေးလို့ မဖြစ်ဘူး ဆိုပြီး မစု က သတ္တိ မွေးပေးလိုက်တာ ။
သတ္တိ မွေးတဲ့ နေရာမှာ အံဝင်ခွင်ကျ ဖြစ်သွားတာ က ဆရာ့ ရဲ့ ကဗျာတွေ ပဲ ။ ဒီ ကဗျာတွေနဲ့ ကျွန်မ မင်းသမီး ကို အားပေးခဲ့ရတယ် ။ သုံးခဲ့ရတယ် ။ ဒါကြောင့် ဇာတ်အိမ် က ပထမ ရေးပြီး တန်ဆာဆင်တဲ့ နေရာ မှ ဆရာ့ ကဗျာကို သုံးခဲ့တာပါ ။
ဆရာဇော်ဂျီ ရဲ့ ကဗျာ ကို ကျွန်မ လေးတန်း လောက် ကတည်းက ဖတ်ခဲ့ရတယ် ။ ဆရာဇော်ဂျီ ၊ မောင်သန့်ဇင် ၊ မင်းသုဝဏ် ကဗျာတွေ နဲ့ ကျွန်မ သိပ်ရင်းနှီးခဲ့တယ် ။ အရင်းနှီးဆုံး ကတော့ ဆရာဇော်ဂျီ ကဗျာတွေ ပဲ ။ ဘာဖြစ်လို့ လဲ ဆိုတော့ ခုနေ မှာ မစု ဘဝ က သက်သောင့်သက်သာ နေနိုင်ပေမယ့် ငယ်ငယ်တုန်း ကတော့ ရုန်းခဲ့ ကန်ခဲ့ရတာပဲ ။ လောကဓံ ဆိုတာ ကလည်း အခက်သားပဲ ။ ကိုယ် ဗုန်းဗုန်းလဲ သွားပြီး ပြန် ထူနိုင်ဖို့ဆိုတာ မစု အား နှစ်ခု အမြဲ ယူတယ် ။ လောကီ အနေနဲ့ ဆရာ့ ကဗျာ ကို ဖတ်လိုက်ရင် အား အမြဲ ရှိတယ် ။ လောကုတ္တရာ အနေနဲ့ တော့ ရတနာသုံးပါး ပေါ့ ။
ဒါကြောင့် ကျွန်မ က ဆရာ့ ကဗျာ ထဲက ‘ မဗေဒါ ’ ကို အငြိမ့်မင်းသမီး နာမည် ယူခဲ့တယ် ။ ဒါကြောင့်လည်း အားလုံး အံဝင်ခွင်ကျ ဖြစ်သွားတာပဲ ”
“ ဆရာမ ဝတ္ထုတွေ ထဲက ရုပ်ရှင် ရိုက်ခဲ့တာ အားလုံး ဘယ်နှကား ရှိသွားပြီလဲ ”
“ ကိုးကား ရှိသွားပါပြီ ။ ‘ နဂါးငွေ့တန်း ’ ဝတ္ထု ကို ‘ ညပန်းချီ ’ လို့ ရိုက်ခဲ့တယ် ။ နောက် ‘ မွှေး ’ ၊ ‘ စိမ်းသင့်မှစိမ်း ’ ၊ ‘ သခွတ်ပန်း ’ ၊ ‘ ပန်းပန်လျက်ပါ ’ ၊ ‘ ယောက်ျားတို့အကြောင်း ’ ၊ ‘ ယဉ်မင်းပိုက် ’ ၊ ‘ မိုးကျော်သူ ’ နဲ့ ‘ သရဖူ ’ အားလုံး ကိုးပုဒ်ပေါ့ ။
“ ရိုက်ပြီးသမျှ ထဲမှာ ဘယ် ကားတွေကို အားရပါသလဲ ”
“ အားရတယ် ဆိုတဲ့ နေရာမှာ စာရေးဆရာ ရဲ့ ဘက်က ခံစားချက် နဲ့ ရုပ်ရှင်သမား ဘက် က ခံစားချက် နဲ့ မတူပါဘူး ။ ဥပမာ ဆိုပါတော့ ။ ခုနက ကိုဝင်းငြိမ်း ပြောတဲ့ ‘ ပန်းပန်လျက်ပါ ’ ဆိုရင် ပထမအကြိမ် ပြတုန်းက နှစ်ဆယ့်ငါးပတ်ကျော် ပြခဲ့ရတယ် ။ သိပ် အောင်မြင်ခဲ့တယ် ။ ဒါပေမဲ့ ကျွန်မ ဘက် က ကြည့်ရင် မကျေနပ်တာ တွေ ရှိတယ် ။ စာရေးဆရာ အမြင် မှာ အောင်မြင်တယ် ဆိုတာက သူ့ ဝတ္ထု ကို အပီပြင်ဆုံး ရိုက် နိုင်တယ် ။ ဆိုလိုရင်း ကို ပေါ်တယ်ဆိုတာကို အောင်မြင်တယ် လို့ မြင်တယ် ။ ‘ ပန်းပန်လျက်ပါ ’ ရုပ်ရှင်ဇာတ်လမ်း က မစု ဝတ္ထု နဲ့ မှ မတူဘဲ ။
မစု စိတ်ကူး က မဗေဒါ လည်း အငြိမ့် ဆက် က ၊ ကိုဝေထွန်း လည်း ခင်မမ နဲ့ ပဲ ဆက်ပေါင်း နေ မှ ‘ ပန်းပန်လျက်ပါ ’ ရဲ့ သဘောထား ပေါ်လွင်မယ် ။ ဒါပေမဲ့ ရုပ်ရှင် ကျတော့ မင်းသား ၊ မင်းသမီး ပေါင်းမှ ပရိသတ် က ကြိုက်တာ ဆိုတော့ ဒါရိုက်တာ ဦးချစ်ခင် ရဲ့ မေတ္တာရပ်ခံချက် ၊ ဆရာဇော်ဂျီ ရဲ့ တိုက်တွန်းချက် အရ မစု လိုက်လျောလိုက်ရတယ် ။ ဒါကြောင့် ရုပ်ရှင်သမား အမြင် မှာ အောင်မြင်ပေမယ့် မစု အမြင် မှာ မအောင်မြင်ဘူး ။ တစ်ယောက် နဲ့ တစ်ယောက် အမြင်ချင်း မတူကြဘူး ။
စာရေးဆရာ နဲ့ ရုပ်ရှင်ပညာရှင် တို့ ဟာ အတတ်ပညာ ချင်း မတူကြပါဘူး ။ ဒါကြောင့် မစု တို့ ဘက်က လိုက်လျောရတာတွေ ၊ ပြင်ပေးရတာတွေ အများကြီး ရှိပါတယ် ။ ဥပမာ ဆိုပါတော့ ... ‘ မွှေး ’ အစ မှာ မစု ရေးထားတယ် ။ ဒီအချိန် ဆိုလျှင် လယ်ကွင်းပြင် ထဲ မှာ စပါးပင်ကလေးများ အိပ်ပျော် နေကြရာမှ နိုးထကြပေ ရော့မည် လို့ မစု ကတော့ စာ သုံးကြောင်း လောက် ရေးထားတာပဲ ။ ဒါကို ရုပ်ရှင်သမား က ဘယ့်နှယ် ရိုက်မလဲ ။ မစု တို့ ဘက်က ပြင်ပေးရတာပဲ ။ တချို့ ရုပ်ရှင်သမားတွေ ကျတော့ စာရေးဆရာ ဘက်က လိုက်လျောတာ ကို ပဲ အခွင့်အရေး ယူတတ်ကြတာလည်း ရှိပါတယ် “
မစု ဝတ္ထု ကိုးပုဒ် ထဲ က ‘ မိုးကျော်သူ ’ နဲ့ ‘ သရဖူ ’ က လွဲရင် ရုပ်ရှင် အရ အောင်မြင်ခဲ့ကြပါတယ် ။ အားရတယ် ၊ မရဘူး ဆိုတာကတော့ ခုနက ပြောသလိုပါပဲ ”
“ ရုပ်ရှင်ဘက် ဖြတ်လိုက်ပြီးတော့ ဆရာမ ဝတ္ထုတွေ အပေါ် ခြုံငုံသုံးသပ်မိတဲ့ အချက် တစ်ခု ကို မေးချင်ပါ တယ် ။ ဆရာမ ဝတ္ထု တော်တော်များများ မှာ ချစ်တတ်တဲ့ သူတွေ ဟာ အရှုံး ကို သာ ရင်ဆိုင်ကြရတာ တွေ့ရပါတယ် ။ ဒီ သဘောထားကို ၁၉၅၈ ခုနှစ်လောက် က မြဝတီမှာ ရေးခဲ့တဲ့ ‘ အရှုံး ’ ဆိုတဲ့ ဝတ္ထုတို မှာလည်း အတိအလင်း ရေးထားတာ တွေ့ရပါတယ် ။ အဲဒီတော့ ဆရာမ အတွေ့အကြုံ အရ ချစ်ခြင်းမေတ္တာ နဲ့ ပတ်သက်ပြီး ဘယ်လို သဘောထားပါသလဲ လို့ ကျွန်တော့် ကို စပ်စုခွင့်ပြုပါ ”
“ ဒါနဲ့ ပတ်သက်လို့တော့ မစု တိုတိုပဲ ဖြေပါရစေ ။ အချစ်တို့ ၊ မေတ္တာတို့ ဆိုတဲ့ သဘောတရားတွေ ကတော့ ပြောရမျာ တော်တော် ကျယ်ပြန့်ပါတယ် ။ ဒါတွေ ထားလိုက်ပါတော့ ။ အချစ် ဆိုတာကို မစု ကတော့ ပိုက်ဆံ ချေး သလိုပဲ သဘောထားတယ် ။ ဘာဖြစ်လို့လဲ ဆိုတော့ ကိုယ့် ဆီကို တစ်ယောက်ယောက် က ပိုက်ဆံ လာ ချေးရင် ကိုယ် ဘယ်လောက် တတ်နိုင်မယ် ဆိုတာ ကိုယ့် စိတ် ထဲက မှန်းဆပြီး သူ့ ကို ပေးလိုက်ပါ ။ ဒီ ပိုက်ဆံ ကို ဘယ်တော့မှ ပြန်ရလိမ့်မယ် လို့ မမျှော်လင့်တာဟာ အကောင်းဆုံးပါပဲ ။
ဘာဖြစ်လို့လဲ ဆိုတော့ သူ့ ဆီက ပြန်ရဖို့ မျှော်လင့်ရတဲ့ ဒုက္ခ က တစ်မျိုး ။ ကိုယ် ပေးအပ်သလို ပြန် မလာခဲ့သော် သိပ်ပီး စိတ်ဆင်းရဲရပါတယ် ။ အဲဒါ ကိုယ့် အတွက် ငရဲ လည်း ကြီးတယ် ။ ပူပန်လောင်မြိုက်ရသေးတယ် ။ ဒါကြောင့် ပိုက်ဆံ ချေး လာရင် ငါ တော့ ပြန်ရမှာ မဟုတ်ဘူး ဆိုပြီး ကိုယ် ပေးနိုင်သလောက် သူ့ ကို အပိုင်သာ ပေးလိုက် ။ ဒါ အကောင်းဆုံးပဲ ။ အချစ် မှာ လည်း အဲဒီလိုပဲ သဘောထား တာ သိပ်ပြီး စိတ်ချမ်းသာပါတယ် ။ ကုသိုလ် လည်း ရတယ် ။ မေတ္တာတရား က လွဲလို့ ကျန်တာတွေ ဟာ ဒီ လောကီသားတွေ အနေနဲ့ လက်ခံသိမ်းပိုက်ထားရသူ အဖို့ ပူလောင်ခြင်း မှန်သမျှဟာ ကိလေသာ ချည်းပါပဲ ။ ကိုယ့် မှာ ပူလောင် နေရတာ ဟာ ကိလေသာ ပါ ။ မေတ္တာရား ကတော့ အေးချမ်းပါတယ် ။ ခုနလို ထားလိုက်ခြင်း အားဖြင့် အချစ် ကလည်း မေတ္တာ ဘက် ပြောင်းသွားတယ် ။ ကိုယ် က ဆုံးရှုံးချင် ဆုံးရှုံးပေစေတော့ ။ အပြီးအပိုင်သာ ပေးလိုက်ပါ ။ ဒါ အကောင်းဆုံးပါပဲ ။ မစု နေလာတာ လည်း ဒီလိုပါပဲ ။ အဲဒီအခါ စိတ်ချမ်းသာမှု ရပါတယ် ။ ပုထုဇဉ် ဆိုတော့ ကိုယ် ပေး သလောက် ရလိုဇော နဲ့ မျှော်လင့်မိတာပဲ ။ မျှော်လင့်တာ နဲ့ တစ်ပြိုင်နက် ပူပန်ရတာပဲ ။ ကိုယ် လိုချင် သလောက် အတိုင်းအတာ အထိ ပြန် မလာခဲ့ရင် သူသူ ကိုယ်ကိုယ် စိတ်ဆင်းရဲ မှာပဲ ။ အဲဒီတော့ ဘယ်တော့မှ မမျှော်လင့်ပါနဲ့ လို့ ပဲ မစု ပြောချင်တယ် ”
“ ဆရာမ အခု နောက်ပိုင်း စာရေး ကျဲလာတာ ဘာဖြစ်လို့ပါလဲ ”
“ အဓိက ကတော့ မစု ကျန်းမာရေး ကြောင့် ပါ ။ စာ ရေးတယ် ဆိုတာ ကလည်း နှလုံးသား က ထုတ်လုပ် လိုက်လို့ ဦးနှောက် က တည်ဆောက်နိုင်ဖို့ ၊ လက် က ချရေးနိုင်ဖို့ လိုပါသေးတယ် ။ အရင်တုန်း က ဝတ္ထု တစ်ပုဒ် ရေးရတာ ဘာမှ မဖြစ်ပေမယ့် ခုဆို ညဉ့်နက်အောင် မစဉ်းစားနိုင်တော့ဘူး ။ စဉ်းစားတာ ညဉ့်နက် သွားရင် နောက်နေ့ နေလို့ မကောင်းတော့ဘူး ။ ဒါကြောင့် အခု နောက်ပိုင်း မစု စာ ရေးတာ ကျဲသွားတာပါ ”
“ ကျေးဇူးတင်ပါတယ် ဆရာမ ။ ဆရာမ ကျန်းမာရေး ကောင်းကောင်း နဲ့ နှလုံးသား ထဲက ဇာတ်လမ်းကောင်း တွေ ပေါ်ထွက်လာနိုင်ပါစေလို့ ဆန္ဒ ပြုပါတယ် ။ ပေဖူးလွှာ နှစ်ပတ်လည် အထူးထုတ် အတွက် အချိန်ပေး စကားပြောခဲ့တဲ့ ဆရာမ ကို ရော တွေ့ဆုံပေးခြင်း ကဏ္ဍ မှာ ပါဝင်ကူညီအောင် တိုက်တွန်းပေးခဲ့တဲ့ ဆရာမ ဒေါ်ခင်ဆွေဦး ကို ပါ ကျေးဇူးတင်ကြောင်း စာတည်းအဖွဲ့ ကိုယ်စား မှတ်တမ်း တင် ပါရစေ ”
▢ ဝင်းငြိမ်း
📖ပေဖူးလွှာ မဂ္ဂဇင်း
အမှတ် -၂၅
ဇွန်လ ၊ ၁၉၈၃ ခုနှစ်
No comments:
Post a Comment