Friday, May 30, 2025

ဝတ္ထုတို ရေးနည်း အခြေခံ လမ်းညွှန်


 

❝ ဝတ္ထုတို ရေးနည်း အခြေခံ လမ်းညွှန် ❞
        ( ကြူကြူသင်း )
     
◾ဝတ္ထုတို ဆိုတာ

ဝတ္ထုတို ရေးမယ် ကြံရင် ဝတ္ထုတို ဆိုတာ ဘယ်လို အရေးအဖွဲ့မျိုးလဲ ဆိုတာ ကို သိထားနှင့်ဖို့ လိုပါတယ် ။ ဝတ္ထုတို ဆိုတာ ရသစာပေ အဖွဲ့ ထဲမှာ ပါဝင်ပြီး တိုတို နဲ့ လိုရင်း ကို ရောက်အောင် ရေးရတဲ့ စာပေပုံစံ တစ်မျိုး ဖြစ်ပါတယ် ။

ဝတ္ထုတို အရေးအဖွဲ့ ကျွမ်းကျင်ပြီး ထင်ရှားကျော်ကြားတဲ့ စာရေးဆရာကြီး အချို့ ရဲ့ အဆိုအမိန့်များ ကို ကောက်နုတ် တင်ပြပေးချင်ပါတယ် ။ ဆရာကြီး များ က ဝတ္ထုတို ရေးတာ နဲ့ ပတ်သက်ပြီး ဒီလို ဆိုပါတယ် ။

၁ ။ ဝတ္ထုတို ရေးဖွဲ့ရင် တိုတို နဲ့ လိုရင်း ကို ရေးရမယ် ။
( ရှည်ရှည်လျားလျား ဖွဲ့နွဲ့ ရေးနေရင် ဝေ့ ထွက်သွားတတ်လို့ ဖြစ်ပါတယ် ။ )

၂ ။ အရေးအသား သွက်ရမယ် ။
( အရေးအသား မသွက်ရင် ဖတ်တဲ့ လူ ငြီးငွေ့ သွားတတ်ပါတယ် ။ )

၃ ။ ပါဝင်တဲ့ ဇာတ်ဆောင်တွေ ရဲ့ ပြောဆိုလှုပ်ရှားပုံတွေ ကို ပြက်ပြက်ထင်ထင်
မြင် လာအောင် သရုပ်ဖော် ရေးနိုင်ရမယ် ။

၄ ။ မလိုအပ်တဲ့ အကြောင်း နဲ့ မဆိုင်တဲ့ အချက်တွေ ကို ထည့် ရေးဖို့ မလိုပါ ။ စာဖတ်သူ အာရုံ ကျက်စား စေလိုတဲ့ သဘော တစ်ရပ် ၊ အချက် တစ်ချက် ကို သာ မူတည်ပြီး ရေးသားသင့်တယ် ။ ( မလိုအပ်တာ ၊ မဆိုင်တာတွေ ကို ထည့် ရေးရင် စာ ဖောင်းပွပြီး စာဖတ်သူ အာရုံထွေပြား သွားမှာ ဖြစ်ပါတယ် ။ )

၅ ။ သုံးနှုန်းတဲ့ စကားလုံးတွေ က ကျစ်ကျစ်လျစ်လျစ် ထိထိမိမိ ရှိရမယ် ။ သုံးသမျှ စကားလုံးတွေ ဟာ ဇာတ်ဆောင် ဒါမှမဟုတ် ဇာတ်လမ်း ကို အထောက်အကူ ဖြစ် စေရမယ် ။
( စကားလုံးတွေ များပြီး ဖွာ နေရင် ဝတ္ထု ဟာ ပေါ့ပျက်ပျက် ဖြစ် သွားတတ်ပါတယ် ။ )

၆ ။ ဝတ္ထုတို ရေး ရာမှာ ဇာတ်လမ်း က အဓိက မဟုတ်ဘဲ လူ့သဘော လူ့သဘာဝ နဲ့ လူ့စရိုက် အဖွဲ့တွေ ကို ပေါ်လွင်အောင် ရေး နိုင်ဖို့က အဓိက ဖြစ်တယ် ။

၇ ။ ဝတ္ထုတိုကောင်း တစ်ပုဒ် ဖြစ် လာဖို့ အတွက် စာရေးသူ ရဲ့ ဘဝ အကြား အမြင် ၊ ဘဝ အသိ နဲ့ စေတနာ ရှိ ဖို့က အရေးကြီးပါတယ် ။
( လောက အတွေ့အကြုံတွေ ထဲ က အကြောင်းအကျိုး ၊ အကောင်းအဆိုးတွေ ကို ခွဲခြား စံစား သိတတ်ပြီး စေတနာ ကောင်း နဲ့ ရေးသားခဲ့ရင် ရသ စာပေကောင်း ဒါမှမဟုတ်  စာ ကောင်းပေမွန် စာရင်းဝင် ဝတ္ထုတိုကောင်း တစ်ပုဒ် ဖြစ်လာမှာ မလွဲပါ ။ )

ဒီအချက် ( ၇ ) ချက် က ဝတ္ထုတို ရေးဖွဲ့တဲ့ စာရေးဆရာကြီးများ ရဲ့ လမ်းညွန်ချက်များ ဖြစ်ပါတယ် ။ 

ဒါပြီးရင် ဝတ္ထုတို စ ရေးမယ့် ဝါသနာရှင်များ အတွက် သိထားသင့်တဲ့ အခြေခံ အချက်များ ကို ဆက်လက် ဖော်ပြ သွားပါမယ် ။

◾ဝတ္ထုတို ရေးရင် အခြေခံ သိထားရမယ့် အချက်များ

၁ ။ ရေးမယ့် စာရွက် ရဲ့ ဘယ်ဘက်ဘေး မှာ တစ်လက်မခွဲ လောက် ချန်ပါ ။
( ဒါမှ နောင် ဖြည့်စရာ ပြင်စရာ ရှိရင် ဖြည့်နိုင် ပြင်နိုင်မယ် ။ )

၂ ။ စာမျက်နှာ နံပါတ် ကို စာရွက် ရဲ့ ညာဘက် ထိပ် မှာ တပ်ပါ ။
( ဒါမှ အယ်ဒီတာ က အလွယ်တကူ တွေ့ရှိနိုင်မယ် ။ )

၃ ။ စာမျက်နှာ တစ်ဖက်တည်း မှာ သာ ရေးရမယ် ။
( ဒါမှ စာ စီ တဲ့ အခါ ကြည့်ရတာ လွယ်ကူပါတယ် ။ )

၄ ။ လက်ရေး ပီပီသသ ရေးပါ ။
( မပီမသ ဖြစ်နေရင် စာသား လွဲချော်ပြီး အဓိပ္ပာယ် မှားနိုင်ပါတယ် ။ )

၅ ။ စကားပြော နဲ့ ရေး ရင် လည်း ရတယ် ၊ စကားပြေ နဲ့ ရေး ရင် လည်း ရပါတယ် ။ ဒါပေမဲ့ စာ နဲ့ စကား ရောထွေး မရေးရပါ ။
( “ တယ် ” နဲ့ ရေးလိုက် ၊ “ သည် ” နဲ့ ရေးလိုက် လုပ်ရင် စာ ပုံစံ ပျက်ပါတယ် ။ )

၆ ။ စကားပြော နဲ့ ရေးတဲ့ အခါ စကားပြော ပါလာရင် အဲဒီ စကားပြော ( dialogue )
ကို မျက်တောင် အဖွင့် အပိတ် (  “ .............. ” ) နဲ့ ရေးရပါတယ် ။
( ပုံစံမှာ - “ ဆရာကြီး ကျန်းမာပါရဲ့လား ရှင် ” )

၇ ။ စာ ရေးတဲ့ အခါ စာပိုဒ် အသစ် စ တိုင်း စာလုံး နှစ်လုံးစာ လောက် အတွင်းဘက် သို့ တိုးပြီး ရေးပါ ။
( ပုံစံ မှာ ) -
          ( လောက တွင် သစ္စာတရား ထက် ချိုမြိန် သော အရသာ မရှိပေ ။ သစ္စာတရား ၏ ထက်မြက်သော စွမ်းအား ကို ဖော်ကျူးသည့် ဇာတ်တော်ကြီး များနှင့် ပုံပြင်ဝတ္ထုပေါင်း များစွာ ရှိပေသည် ။ )

၈ ။ စာ ရေးတဲ့အခါ စာသားများ ကို ပိုဒ်စု အလိုက် ခြားပြီး ( space ခြားပြီး ) ရေးနိုင်ရင် ပို ကောင်းပါတယ် ။ မခြားဘဲ ရေးရင် အဓိပ္ပာယ် ကောက် လွဲတတ်ပါတယ် ။
( ပုံစံ မှာ - ဆရာ မပြ နည်းမကျ ။ ဆရာမ ပြ နည်းမကျ ။ )

၉ ။ ဝတ္ထုခေါင်းစဉ် ကို စာမျက်နှာ နံပါတ်တစ် ရဲ့ အပေါ်ဆုံး အလယ် တည့်တည့် မှာ တပ်ပါ ။

အဲဒီ အချက် ကိုးချက် ကတော့ ဝတ္ထုတို စ ရေးမယ့် ဝါသနာရှင်များ အတွက် သိထားသင့်စရာ အချက်များပဲ ဖြစ်ပါတယ် ။ အခု ဆက်လက်ပြီး ဝတ္ထုတိုကလေး တွေ ကို ကျွန်မ ဘယ်လို ရေးဖွဲ့ခဲ့သလဲ ဆိုတာကို လမ်းညွှန်ချက် တစ်ခု အနေနဲ့ မျှဝေ အသိပေး လိုပါတယ် ။

◾ဝတ္ထုတို ရေးရန် လမ်းညွှန်

တကယ်တော့ ဝတ္ထုတို ရေးသားနည်း ဆိုတာ ပုံသေကားကျ မရှိပါဘူး ။ သင်ကြားပေးလို့ အလွယ်တကူ ရနိုင်တဲ့ ပညာမျိုး မဟုတ်ပါဘူး ၊ ဝါသနာ ကလည်း ထက်သန်ပါ မှ ၊ ဇွဲလည်း ရှိပါ မှ ဝတ္ထုတိုကောင်း တစ်ပုဒ် ကို အောင် အောင်မြင်မြင် ဖန်တီးနိုင် မှာ ဖြစ်ပါတယ် လို့ ဆရာကြီးများ က ယူဆပါတယ် ။

စာရေးနည်း သင်တန်း ဆိုတာ ဂဏန်းသင်္ချာ တွက် သလို နှစ် နဲ့ နှစ် ပေါင်း လေး ရတယ် လို့ တိတိကျကျ သင်ကြား ပို့ချပေးလို့ မရပေမဲ့ ဘယ် စာ ကို ဘယ်လို တွေး လို့ ဘယ် စာ ကို ဘယ်လို ရေးဖွဲ့ပြီး ဘယ်လို အသိတရားမျိုး ပေး နိုင်မယ် ဆိုတာမျိုး ကို တော့ လမ်းညွှန်လို့ ပေး နိုင်ပါတယ် ။ အသိတရား ကြွယ်ဝ လာအောင် ၊ အတွေးအခေါ် မြင့်မားလာအောင် ရေးဖွဲ့ နိုင်ရင် ဖတ်ရတဲ့ လူ အတွက် လည်း အကျိုး ရှိမယ် ။ ရေးသားတဲ့ လူ ရဲ့ ရင် ထဲ က စေတနာ နဲ့ ပေးချင် တဲ့ အသိတရားတွေ ကလည်း ပျံ့နှံ့ သွားပြီး လောက ကောင်းကျိုး ကိုလည်း ဆောင်နိုင်ပါတယ် ။ 

ဒီနေရာ မှာ ကျွန်မ ကြူကြူသင်း ရဲ့ ကိုယ်တွေ့ ဝတ္ထု ရေးနည်းကလေး နဲ့ ယှဉ်ပြီး တင်ပြချင်ပါတယ် ။ ကျွန်မ ဝတ္ထုတွေ စ မရေးခင် ကတည်း က ဝတ္ထုတွေ ကို စွဲစွဲမြဲမြဲ မက်မက်မောမော ဖတ်ရှုခဲ့တဲ့ အလေ့အကျင့် ရှိပါတယ် ။ အဲဒီ အလေ့ အကျင့် ကပဲ စာ ရေးချင်အောင် လှုံ့ဆော်ခဲ့တာ လို့ ထင်ပါတယ် ။ ဇာတ်ကြီး ဆယ်ဘွဲ့ နဲ့ ငါးရာငါးဆယ် နိပါတ်တော်တွေ ကို ငယ်စဉ် ကလေးဘဝ ကတည်း က နား ယဉ်ခဲ့တဲ့ အတွက် အမှား နဲ့ အမှန် ၊ အပြစ် နဲ့ အကျိုး ၊ ပရ နဲ့ အတ္တ စ တာတွေ ကို ခပ်ရေးရေး ခွဲခြား သိထားနှင့် သလိုပါပဲ ။ အသက် လေး - ငါး - ခြောက်နှစ် အထိ ဝတ္ထုဇာတ်ကြောင်း တွေ ကို နား ယဉ်ခဲ့တယ် ။ နောက်ပိုင်း ကိုယ်တိုင် ဖတ်ရှု လာနိုင်တဲ့ အခါ အဲဒီ ဇာတ်ကြောင်းတွေ ထဲ ဝင်ပြီး ခံစားတတ် လာပါတယ် ။

လူ့ဘဝ အတွေ့အကြုံ ဆိုတာ စာ ရေးသူ တစ်ယောက် အတွက် ကုန်ကြမ်း တွေပါပဲ ။ အဲဒီ လူ့ဘဝ အတွေ့အကြုံ ဆိုတဲ့ အထဲ မှာ ပတ်ဝန်းကျင် လောက လည်း ပါဝင်ပါတယ် ။ အားလုံး သိကြပြီးသား ပုံပြင်လေး တစ်ပုဒ် ကို ဥပမာ တင်ပြချင်ပါတယ် ။ လေပြင်းမုန်တိုင်း တိုက်လို့ တစ်နေရာ စီ ရောက်ရှိ သွားကြ တဲ့ ကျေးညီနောင် ပုံပြင်ပါ ။ ရသေ့ရဟန်း သူတော်စင်တွေ သီတင်းသုံးတဲ့
ကျောင်းသင်္ခမ်း ကို ရောက်သွားတဲ့ ကျေးသားလေး ဟာ ယဉ်ကျေးသိမ်မွေ့တဲ့ ကျေးသားကလေး ဖြစ်သွားတယ် ။ သူခိုးဓားပြတွေ ဆီ ရောက် သွားတဲ့ ကျေးသားကလေး ကတော့ မိုက်ရိုင်းကြမ်းတမ်း တဲ့ စကားတွေ ကိုသာ ဆိုတတ်တဲ့ ကျေးသားကလေး ဖြစ်သွားတယ် ။ ကျွန်မ ပြောချင်တဲ့ အကြောင်း က ပတ်ဝန်းကျင် က လူ ကို ပြောင်းလဲစေတယ် ဆိုတာပါပဲ ။ တစ်နည်းအားဖြင့် ပြောရမယ် ဆိုရင် ပတ်ဝန်းကျင် ဟာ စာ ရေးမယ့် သူ ရဲ့ စိတ် ခံစားမှု ကို ပြောင်းလဲ စေပါ တယ် ။

ဆိုပါစို့ ၊ အနိဋ္ဌာရုံတွေ ကို သာ တွေ့ နေရတဲ့ စာ ရေးသူ တစ်ယောက် ဟာ ဒါမှမဟုတ် အနိဋ္ဌာရုံတွေ ပြည့်နေတဲ့ ပတ်ဝန်းကျင် မှာ ကျင်လည် နေရတဲ့ သူ ဟာ အဲဒါတွေ ကိုပဲ စာ ရေး ဖြစ်တော့မှာ သေချာပါတယ် ။ အကယ်၍ စာရေးသူ တစ်ယောက် ဟာ ဣဋ္ဌာရုံတွေ ဝန်းရံ နေတဲ့ ပတ်ဝန်းကျင် မှာ ကျင်လည် နေရတဲ့ သူ ဆိုရင် သူ ရေးဖွဲ့တဲ့ စာတွေ ဟာ ချမ်းမြေ့တဲ့ ၊ ပြည့်စုံတဲ့ ၊ မေတ္တာတရားတွေ နဲ့ ပြည့်စုံနေတဲ့ အဋ္ဌာရုံ အဖွဲ့တွေ ဆီ ဦးတည် ထားတဲ့ စာတွေပဲ ဖြစ်လာပါလိမ့်မယ် ။

ကျွန်မ စဉ်းစားမိတာ တစ်ခု က လောက မှာ နေ နေကြတဲ့ လူတွေ ဟာ အမြဲတမ်းပဲ အနိဋ္ဌာရုံတွေ နဲ့ သာ ကြုံနေရတဲ့ လူတွေ လား ၊ မဟုတ်ပါဘူး ။ အဲသလို ပဲ အမြဲတမ်း ဣဋ္ဌာရုံတွေ နဲ့ သာ ဆုံနေရတဲ့ လူတွေလား ၊ ဒါလည်း မဟုတ်ပါဘူး ၊ အဲသလိုသာ ဆိုရင် လောကဓံတရား ရှစ်ပါး ဆိုတာ ဘယ်မှာ ရှိနိုင် ပါတော့မလဲ ။ တကယ်တော့ လောကကြီး မှာ ချမ်းသာတာ ၊ ဆင်းရဲတာ ၊ ချစ်တာ ၊ မုန်းတာ ၊ ယဉ်ကျေးတာ ၊ ရိုင်းစိုင်းတာ စတဲ့ ဝိရောဓိတွေ ရှိနေ စမြဲပါ ။ အဲသလို ဆန့်ကျင်ဘက် အရာတွေ ပေါင်းစပ် ထားတဲ့ လောကကြီး မှာ စာရေးတဲ့ သူ ဟာ နှစ်ဖက် ကို မျှပြီး တည့်မတ်တဲ့ အမြင် နဲ့ ကြည့် တတ်ရပါမယ် ။ မြင် တတ်ရပါမယ် ။ စာရေးချင် တဲ့ သူ ဟာ အကောင်း အဆိုး ၊ အကြောင်း အကျိုး တွေ ကို ခံစားပြီး ရေးဖွဲ့တတ်သူ ဖြစ် ရပါမယ် ။ လောက ထဲ မှာ ကျင်လည် ဖြတ်သန်း လျှောက်လှမ်း လာရင်း ကြုံတွေ့ လာရတဲ့ အတွေ့အကြုံလေးတွေ က ရင် ကို ထိ သွားတဲ့ အခါ စာ ရေးချင်တဲ့ အာရုံ နိုးကြား သွားပါတယ် ။ အဲဒီလို ထိခိုက်တဲ့ ရိုက်ခတ်မှု ၊ အဲဒီ ရိုက်ခတ်မှု ကို ခံစား လိုက်ရတဲ့ ခံစားချက် ၊ တရားသဘော နဲ့ ပြောရရင် ဝေဒနာ ပေါ့ ။ ဝေဒနာ ဆိုတဲ့ အထဲ မှာ ပျော်တာ ၊ ဝမ်းနည်းတာ ၊ စိတ်အားတက်တာ ၊ စိတ်ဓာတ် ကျတာ ၊ မနာလိုတာ ၊ မုဒိတာပွားတာ စတဲ့ ခံစားမှု အမျိုးမျိုး အထွေထွေ ပါ ပါတယ် ။ ပျော်ရွှင်နေတဲ့ သူတေွ တွေ့ရင် သူတို့ ရဲ့ ပျော်ရွှင်မှု ဟာ ကိုယ့် ရင် ထဲ ကို ကူးစက် လာပြီး ခံစား လိုက်ရတယ် ။ ပြီးတော့ သူတို့ ဘာကြောင့် ပျော်သလဲ ၊ အကြောင်းရင်း ကို ကြည့်တယ် ။ ကြည့်တော့ မြင်တယ် ။ အဲဒီတော့ ဟာ ဒီ အကြောင်းလေး ဟာ သိပ်ကို ကောင်းတဲ့ အကြောင်းလေးပါလား လို့ ခံစား လိုက်ရတဲ့ အခါ မျှဝေ ပေး ချင်တဲ့ ဆန္ဒ နဲ့ ကျွန်မ ဝတ္ထု ရေး ဖြစ်ပါတယ် ။ အဲသလို ပါ ပဲ စိတ် ထိခိုက်စရာ အကြောင်း နဲ့ ကြုံ ခဲ့ရင်လည်း စာနာထောက်ထား ပေးစေ ချင်တဲ့ ဆန္ဒ နဲ့ တမင် ဖန်တီး မယူဘဲ ရတဲ့ ဝတ္ထုမျိုး ရေးဖြစ်ပါတယ် ။ 

မှတ်သား ထားရဖူးတဲ့ စကား တစ်ခု ကို ပြန်လည် မျှဝေ ပေးချင်ပါတယ် ။ အဲဒီ စကား ကတော့ ဒီလိုပါ ။ ရသစာပေ ကို ရေး တဲ့ အခါ ပထမဆုံး အတွေ့ ကို အခြေခံပါမယ် ၊ နောက် အတွေး နယ်ပယ် ကို ရောက်ပါမယ် ။ အဲဒီ အတွေး ကမှ တစ်ဆင့် အရေးအဖွဲ့ ဆိုတာ ပေါ် လာမယ် ၊ ရေးဖွဲ့လိုက်တဲ့ အခါ ခံစားမှု ရသ ကို ပေးစွမ်းနိုင်တဲ့ စာ ဖြစ်သွားပါမယ် ။ အဲဒီကနေ တစ်ဆင့် မြင့် တက်သွားတာ ကတော့ စေတနာ အားပါတဲ့ စာ ပဲ ဖြစ်ပါတယ် ။ စေတနာ အားပါတဲ့ စာ ဆိုတာ ရည်ရွယ်ချက် ကောင်းတဲ့ စာ ဖြစ်ပါတယ် ။ အဲဒီ စေတနာ ဒါမှမဟုတ် ရည်ရွယ်ချက်ကောင်း ဆိုတာက စာရေးသူ က စာဖတ်သူ ကို အဓိက ပေးရမယ့် သဘော ဖြစ်ပါတယ် ။

◾ဝတ္ထုတို တစ်ပုဒ် ရေးဖြစ်ခဲ့ပုံ

လွန်ခဲ့တဲ့နှစ်ပေါင်း ( ၃၀ ) ကျော် ကာလ ၊ အညာဒေသ မှာ ကျွန်မတို့ မိသားစု နေခဲ့တုန်းက အဖြစ်ကလေး တစ်ခု ကနေ ဝတ္ထုတို တစ်ပုဒ် ဖြစ် လာပုံ ကို ပြောပြချင်ပါတယ် ။

အညာ မှာ ကျွန်မတို့ မိသားစု နေရတဲ့ အိမ် က အုတ်တိုက် နှစ်ထပ် ၊ ရှေးအိမ်ကြီးပါ ။ ခြံကြီး ကလည်း အကျယ်ကြီးပါ ။ လေး ဧက လောက် ရှိမယ် ထင်ပါရဲ့ ။ အိမ် က ခြံကြီး အလယ် မှာ ဆောက်ထားတာ ။ ခြံ ထဲ မှာ ထနောင်းပင်တွေ ၊ သီးပင်တွေ ၊ တမာပင်တွေ ကလည်း အုပ်ဆိုင်းလို့ ၊ ခြံပတ်ပတ်လည် မှာ လည်း ကန္တာရ ပင်တွေ ကလည်း ရှုပ်ထွေးလို့ ။ ခြံ ကျယ်လွန်း လို့ ခွေးတွေ မွေး ထားရတယ် ။

ဇာတ်လမ်း အစ က နွေဦးပေါက် ကာလ တမာရွက် နုချိန် ဖြစ်ပါတယ် ။ အချိန် ကတော့ မနက် ( ၁၁ ) နာရီ ကျော်ကျော် လောက်ပါ ။ အိမ်ဦးနတ် လည်း ရုံး တက် နေချိန် ၊ သား နှစ်ယောက် လည်း ကျောင်းသွား နေချိန် ၊ ဥပုသ်နေ့ လည်း ဖြစ်တာမို့ သီလ ယူ ၊ မွန်း မတည့်ခင် နံနက်စာ စား ၊ အိမ်မှုကိစ္စတွေ ဘေးဖယ် ထားပြီး ခဏတစ်ဖြုတ် နား နေတဲ့ အချိန်ပါ ။ အဲဒီ ခဏမှာပဲ အိမ်နောက်ဘက် ဆီ က သဲကြီးမဲကြီး ထိုးထိုး ဟောင်နေတဲ့ ခွေးတွေ ရဲ့အသံ ကို ကြား လိုက်ရတာ ပါ ။ ပြတင်းပေါက် ကနေ လှမ်း ကြည့်လိုက်တော့ ကန္တာရ ချုံ တွေ နားမှာ ကောင်လေး တစ်ယောက် ၊ နောက် အဲဒီ ချုံတွေ နား က တမာပင် ပေါ် မှာ ကောင်မလေး တစ်ယောက် ။ ကောင်လေး က တုတ်ကြီးတစ်ချောင်း နဲ့ တဟဲ့ဟဲ့ နဲ့ ခြောက်နေ ပေမဲ့လည်း ခွေးတွေ က ဆွဲ တော့ မလို ကိုက် တော့ မလို မာန်ဖီ နေကြတာ ။ ဒါနဲ့ ကျွန်မ လည်း ခြံ ထဲ ဆင်း သွားလိုက်ရတယ် ။ မလှမ်းမကမ်း ရောက်တော့ “ ကျွန်တော်ပါ အန်တီ ” လို့ ကောင်လေး က အသံ ပြုတယ် ။ သေသေချာချာ ကြည့် လိုက်တော့ အိမ်ဦးနတ် ရဲ့ မိတ်ဆွေ လမ်းအရေးပိုင်ရုံး က ညစောင့် ကောင်လေး မောင်တိုး ဖြစ် နေတယ် ။

ကျွန်မ ခွေး တွေ ကို မောင်းထုတ် ပေး လိုက်တော့ တမာပင် ပေါ် က ကောင်မလေး အောက် ရောက်လာတယ် ။ အသားညိုညို ပိန်ကပ်ကပ်ကလေး ၊ အသက် ဆယ့်ခြောက် ဆယ့်ခွန်နှစ် လောက် ရှိမယ် ထင်ပါရဲ့ ။ ကျွန်မ က သူတို့ နှစ်ယောက် အတူတူ လာတာလားလို့ မေးတော့ မောင်တိုး က “ မဟုတ်ဘူး အန်တီ ၊ သူ က တမာရွက်တွေ လာ ခိုး ခူးနေတာ ” လို့  ဦးအောင် ဖြေတယ် ။ “ အောင်မယ် ၊ အောင်မယ် ၊ သူ ကလည်း ထင်း တွေ လာ ခိုး ခုတ်နေပြီးတော့ ” လို့ ကောင်မလေး က ခပ်စွာစွာ ဝင် ပြောတယ် ။ အဲဒီမှာ မောင်တိုး က “ ဒါ ငါ နဲ့ သိပြီးသား အန်တီခြံ မို့ ဝင် ခုတ်တာ ၊ နင့် လို ခိုး ဝင်တာ မဟုတ်ဘူး ” လို့ တုံ့ပြန်တယ် ။ ကောင်မလေး ကလည်း ဘယ် ငြိမ်နေလိမ့်မတုံး ၊ ချက်ချင်းပဲ “ ငါလည်း ငါတို့ အမေ နဲ့ ခင် တဲ့ အန်တီ ခြံ မို့ ဝင် ခူး တာ ဘာဖြစ်လဲ ” လို့ အားကျမခံ ပြောတယ်လေ ။

“ ဟဲ့ နေပါဦး ညည်း က ဘယ်သူ့ သမီး လဲ ” လို့ မေးမိတော့ ကောင်မလေး က မီးရထားသံလမ်း နဲ့ တစ်ခေါ် ကျော်ကျော် လောက် မှာ ရှိတဲ့ တဲအိမ်စုစုကလေး တွေ ဆီ လက်ညှိုး ထိုးပြရင်း သူ့ အဖေ ဘယ်သူ ဆိုတာ ပြောပြပါတယ် ။ လက်စသတ် တော့ သူ့ အမေ က ကျွန်မတို့ အိမ် မှာ သုံးလေးရက် တစ်ခါ လာပြီး ကြမ်းတိုက် ၊ အဝတ်လျှော် ၊ မီးပူထိုး နဲ့ ကူညီ လုပ်ပေးနေတဲ့ “ ဒေါ်ပုမ ” ဖြစ်နေတာကိုး ။ ကောင်မလေး နာမည် က “ ခင်မေ ” တဲ့ ဒေါ်ပုမ ရဲ့သမီး အကြီးဆုံး ၊ ဈေး ထဲ က ကုန်ခြောက်ဆိုင် တစ်ဆိုင် မှာ လက်တိုလက်တောင်း လုပ် ပေးနေတဲ့ ကောင်မ လေး ။ အဲဒီ နေ့ က ဥပုသ်နေ့ မို့ ဈေး ပိတ် လို့ ပေါ်ဦးပေါ်ဖျား မှာ ဈေး ကောင်းရတဲ့ တမာရွက်ချဉ် လုပ်ဖို့ တမာရွက်နု တွေ ဝင်ခူးတာ လို့ သိ လိုက်ရတယ် ။

ဒါက ကျွန်မ ဝတ္ထုတို ရဲ့ ဇာတ် အစ “ မောင်တိုး ” နဲ့ “ ခင်မ ” တို့ တွေ့ဆုံပုံ ကလေးပါ ။ ကြား ထဲမှာ သူတို့ နှစ်ယောက် ဘယ်လို ချိတ်ဆက် ဖြစ်ပြီး ဘယ်ပုံ မေတ္တာ ရှိသွားကြတယ် ဆိုတာတော့ ကျွန်မ မသိလိုက်တော့ပါဘူး ။ ဒါပေမဲ့ သီတင်း လည်း ကျွတ်ရော လက်နှိပ်စက် နဲ့ ရိုက် ထားတဲ့ မင်္ဂလာဆောင် ဖိတ်စာလေး ကို “ ဒေါ်ပုမ ” က ကျွန်မ ကို ပေး လာပါတယ် ။ “ ခင်မေ ” နဲ့ “ မောင်တိုး ” တို့ ရဲ့ မင်္ဂလာဆောင် ဖိတ်စာပါပဲ ။ အတိုးချုံး ပြောရရင် အဲဒီ မင်္ဂလာပွဲ ကို လမ်းအရေးပိုင် ရဲ့ ဇနီး နဲ့ ကျွန်မ ခပ်စောစော ပဲ ရောက်အောင် သွားခဲ့ကြပါတယ် ။ ကျွန်မ တို့ နှစ်ယောက် စလုံး က သူတို့တွေ ကို သံယောဇဉ် စိတ် နဲ့ သွားကြတာပါ ။ သတို့သမီး “ ခင်မေ ” အတွက် မိတ်ကပ်ဘူးတွေ နဲ့ သစ်ခွပန်းတွေ လည်း ပါ သွားတယ်လေ ။ 

ကျွန်မတို့ ရောက်သွားတော့ သတို့သား “ မောင်တိုး ” က သူ့ အပေါင်း အသင်းတွေ နဲ့ အတူ တဲလေး ရှေ့ မှာ ဝါးလုံးတွေ တာလပတ်တွေ နဲ့ မဏ္ဍပ်ထိုး တုန်း ၊ သတို့သမီး “ ခင်မေ ” ကလည်း နေ့တစ်ဝက် လုပ်အား ရအောင် ဈေးထဲ မှာ အလုပ် ဆင်းနေတုန်း ၊ သတို့သမီး အမေ ဒေါ်ပုမ ကလည်း လက်ဖက်တွေ ကို အချဉ်သတ်တုန်း ။ ကျွန်မတို့ သူတို့ ကို ကြည့်ပြီး မော လိုက်တာ ၊ သူတို့ ကတော့ တက်တက်ကြွကြွ ပျော်ပျော်ရွှင်ရွှင် နဲ့ ။

သူတို့ မင်္ဂလာပွဲ က အပြန် ကျွန်မ ရင် ထဲ မှာ ဝေဒနာတွေ ကပ် ပါလာတယ် ။ သူတို့တွေ မပြည့်မစုံ ရှိတာတွေ ၊ ကသီကရီ ဖြစ်တာတွေ ၊ အဆင်မပြေ ဖြစ်တာတွေ ။ အဲဒီ ကြားထဲ က သူတို့ ပျော်ရွှင် နေကြတာတွေ ၊ ဒါတွေကို ကျွန်မ မြင်တွေ့ ခံစား ခဲ့ရပြီး ကရုဏာစိတ်တွေ ပေါ်ပေါက် နေလို့ပါပဲ ။ အဲဒီ ည မှာပဲ “ နေ နှင့် လ ” ဆိုတဲ့ ဝတ္ထုတိုကလေး ကို ကျွန်မ ရေးဖွဲ့ ဖြစ်ခဲ့တာပါပဲ ။

မနက် ( ၅ ) နာရီ လောက် ကနေ ညနေ ( ၆ ) နာရီ အထိ သူများ ဆိုင် မှာ သွား လုပ်ရတဲ့ နေ့စား အလုပ်သမလေး “ ခင်မေ ” နဲ့ ညနေ ( ၆ ) နာရီ ကနေ မနက် ( ၆ ) နာရီ အထိ တစ်ညလုံး ရုံးစောင့် လုပ်ရတဲ့ အလုပ်သမားလေး “ မောင်တိုး ” တို့ ရဲ့ ဘဝ ဟာ နေ့ဘက် မှာ ထွက်တဲ့ နေမင်း နဲ့ ညဘက် မှာ ထွက်တဲ့ လမင်း လို ဖြစ်နေပါလား ဆိုတဲ့ အတွေး ကို ရ လို့ “ နေ နှင့် လ ” လို့ ဝတ္ထုခေါင်းစဉ် ပေး ခဲ့တာ ပါ ။ အခြေခံ လူတန်းစားတွေ ရဲ့ ဘဝ အမော နဲ့ သူတို့ ဘဝလေး မှာ မျှယူ ခံစားမိလို့ ရေးဖြစ်ခဲ့တဲ့ ဘဝ သရုပ်ဖော် ဝတ္ထုတိုကလေး ပဲ ဖြစ်ပါတယ် ။

ဒါဟာ ဝတ္ထုတို ကို ကျွန်မ ဘယ်လို ရေးသလဲ ဆိုတာ နမှုနာ ပြ လမ်းညွှန် ပေး တာလေး တစ်ချက်ပါ ။

နောက်တစ်ချက် လမ်းညွှန်ချင်တာ ကတော့ ဝတ္ထုတို ရေးချင် ရင် ဝတ္ထုတို များများ ဖတ်ရပါမယ် ။ စာရေးဆရာကြီးတွေ ရဲ့ ဝတ္ထုတို အမျိုးမျိုး ကို သေသေ ချာချာ လေ့လာ သုံးသပ်ရပါမယ် ။ ဘာဖြစ်လို့လဲ ဆိုတော့ စာရေးဆရာတွေ ဟာ တစ်ယောက် နဲ့ တစ်ယောက် ရေးနည်း ရေးဟန်တွေ မတူကြလို့ပါပဲ ။ တင်ပြ ပုံတင်ပြနည်းတွေ ကွဲပြားကြလို့ပါပဲ ။ အယူအဆ အာဘော်တွေ ကလည်း ခြား နား တတ်ကြလို့ပါပဲ ။ လွန်ခဲ့တဲ့ နှစ်ပေါင်း ( ၁၀၀ ) ကျော် က ရေးခဲ့တဲ့ ဝတ္ထု တွေ နဲ့ လွန်ခဲ့တဲ့ နှစ်ပေါင်း ( ၈၀ ) လောက် က ရေးခဲ့တဲ့ ဝတ္ထု တွေ တောင် မတူကြတော့ ပါဘူး ။ ဒီဘက် ခေတ် ကို ရောက်လာတော့ သိသိသာသာ ကို ကွာခြား သွားပါပြီ ။ စာ များများ ဖတ်တဲ့ လူ က ဒါတွေကို သိလာ နိုင်ပါတယ် ။ လေ့လာမှု များ မှ ဘယ် ဆရာ က ဘယ်လို တွေးတယ် ၊ ဘယ်ဆရာ က ဘယ်လို ဖွဲ့တယ် ၊ ဘယ် ဆရာ က ဘာကို ရည်ရွယ်တယ် ဆိုတာ တွေ ကို သိ ပါမယ် ။ အဲဒီ ဆရာကြီး ဆရာမကြီး တွေ ရေးတဲ့ စာတွေ ထဲ က သုတ နဲ့ ရသ သဘောတရားတွေ ကို မိအောင် ဖမ်းယူ တတ်ရပါမယ် ။

အချုပ် အနေနဲ့ လမ်းညွှန်ချင်တာ က ဝတ္ထုတို ရေး ချင်တဲ့ စိတ် ရှိလာရင် ရေး ဖြစ်အောင် ရေးချလိုက်ပါ ။ စာ များများ ဖတ်ထားတဲ့ သူ အတွက် ရှေ့က ပြောခဲ့တဲ့ အချက်တွေ ၊ သဘောတရားတွေ ၊ အသိတရားတွေ က အလိုလို ခေါင်း ထဲ စိမ့် ဝင် သိုမှီးထားပြီး ဖြစ်တဲ့ အတွက် ဝတ္ထုတိုကောင်း တစ်ပုဒ် ဖြစ် လာ ပါလိမ့်မယ် ။ လေ့ကျင့်မှု များလေလေ ဝတ္ထုတိုကောင်း တစ်ပုဒ် ဖြစ်ဖို့ အခွင့် အရေး များလေလေပါပဲ ။

ဒါဆိုရင် ဝတ္ထု ရေးဖို့ အတွက် အခြေခံ လမ်းညွှန်ချက်ကလေး တော့ ရလောက်ပြီ ထင်ပါတယ် ။

အောင်မြင်ကြပါစေ ...

◾ကြူကြူသင်း

📖 စာရေးနည်း လမ်းညွှန်

No comments:

Post a Comment