❝ ရွှံ့ရုပ်နွားလေး နှစ်ကောင် ❞
( ဗေဒါခင် )
၊ တစ် ၊
မလွှပင်ရွာ ဆိုတာ နာမည် နဲ့ လိုက်အောင်ကို မလွှပင် များတော့ လွှတ်ပေါဗျာ ။ မိုးရာသီများ ဆို ရွာ့ပြင် တောင်မြောက်လေးပါး ပတ်ချာလည် မလွှပွင့်တွေများ တုန်းကြမ်း နေကရော ။ ဒါ့ကြောင့်များ ရှေးလူကြီးသူမများ ' မလွှပင်ရွာ ' ရယ်လို့ သမုတ်ခဲ့လေသလား မသိ ။
အဲ .. အဲသည့် အပြင် ရွာပြင် တောင်မြောက် လေးပါး မှာ မလွှပင်တွေ လက်ညှိုးထိုး မလွဲ ပေါက်နေကြတဲ့ ထဲ ကမှ ရွာအနောက်မြောက်ဘက် က မလွှပင်တွေ ကြားမှာ တစ်ပင်ထီးတည်း ဖလံပင်ကြီး ကလည်း ကြီးလိုက်သမှ ဟီးထလို့ ။ ပြော .... ရော့ဗျာ ။ အဟုတ် ။ မိုးကြိုးပစ် ကျိန်ရမတတ် ။ အားကောင်းမောင်းသန် ယောက်ျားသား နှစ်ယောက်ဖက် စာလောက် ကို ကြီးတာ ။
အဲသည့် ဖလံပင်ကြီး က ဘုရားကြီးဈေး နဲ့ မရွှေပင်ရွာ ကြားမှာ ရှိတာ ။ ခရီးသွားဟန်လွှဲ အရိပ်ခို ကောင်းလှရဲ့ အပင်မျိုးကြီးပဲ ။ အဲ ... နောက်တစ်ခု က အဲသည့် ဖလံပင်ကြီး မှာ အရှင်ကြီး နေတယ်ဆိုတာပဲ ။
အရှင်ကြီး နေတယ် ဆိုမှ တော့လည်း ဖြတ်သွား ဖြတ်လာ နဲ့ ဈေးသွား ဈေးလာ မှန်သမျှ က ပါသမျှ လက်ဖက် ၊ ထညက် ( ထန်းလျက် ) ၊ ဆေးပြင်းလိပ် အပြင် မုန့်ပဲသားရေစာ အစ ထရေ ( ထန်းရည် ) ၊ အရက် အဆုံး မပ,သဘဲ ဖြတ်သွားတယ် ဆိုတာ ခပ်ရှားရှားရယ် ။ အရှင်ကြီး နတ်ကွန်းများ ဘယ်အခါ ကြည့်မတုန်း ၊ စားစရာ ၊ သောက်စရာတွေ က အမြဲ အလျှံပယ် ။
“ နတ် နဲ့ နဂါး မလှည့်စားနဲ့ ” စကားပုံ အတိုင်း ဘယ်သူ က မှလည်း အရှင်ကြီး ကို တင်တယ် ၊ မြှောက်တယ် ပြုထားတဲ့ ပွဲတော်တွေ ကို ထိဟယ် ၊ တို့ဟယ် လို့ မကိုင်ဝံ့ကြပါဘူး ။ ဒီနေ့ တင်မလား ။ အရင်နေ့ က ပွဲတော်တွေ တရိုတသေ စွန့် ။ အသစ် ထပ်တင် ။ ဒီလို သံသရာ လည်လာခဲ့တာ ကြာ ကြာလှကရော့ ။
ပြောချင်တာ က အရှင်ကြီး နေတဲ့ ဖလံပင်ကြီး အကြောင်းတင် မဟုတ်သေးဘူး ။ မလွှပင်ရွာ က အရက်သမား စံပွား အကြောင်း လည်း ပါမှ ရမှာ ။ ဟုတ်တယ် ။
၊ နှစ် ၊
ဟုတ်တယ် ။ မလွှပင်ရွာ က စံပွား ဟေ့ ဆို မသိသူ မရှိဘူး ။ စံပွား ဆိုမှဖြင့် နာမည် ကလည်း အထွားသား ၊ ရွာနီးချုပ်စပ် မသိသူ မရှိဘူး ။ လမ်း မှာ မူးမူးနဲ့ မှောက်နေသတဲ့ဟေ့ ဆို စံပွား ။ ဘယ်ရွာ ထိ သူ့ အိမ် က လူတွေ လိုက် ခေါ်ရပြန်ပဟေ့ .. ဆို စံပွား ပဲ ။ ကဲ .. အဲသည်လောက် ကို စံပွား က ထရေ ၊ အရက် တော့ မက်မက်စက်စက် ရှိတာ ။
အဲ ... တစ်ခုတော့ ရှိတယ် ။ စံပွား က အရက်သမား စစ်စစ် ရေမရော ပေမယ့် သူများ ပစ္စည်း မခိုးဘူး ။ မတရား မယူဘူး ။ ရွာသမီးပျိုတွေ ကို လည်း မူးသာ မူးရော စောင့်ရှောက်ရှာတယ် ။ ဒါ့ကြောင့်လည်း ရွာ ထဲက စံပွား ဆို ခေါင်း မထောင်တမ်း သာ သောက်ကရော ။ ချစ်ကြတယ် ။
အဲသည့်အပြင် စံပွား မှာ က အားသာချက် တစ်ခု ရှိသေးတယ် ။ စကားပြောများ လွှတ်ကောင်း ဆိုတဲ့ အစားထဲ က လူမျိုး ။ အဲဒါ .. မလွှပင် သား ရယ် ။
ခု .. ပြောမယ့်အကြောင်း က လည်း စံပွား စကားပြော ညက်လွန်းလို့ ဖလံပင်ကြီး မှာ နေတဲ့ အရှင်ကြီး နဲ့ မိတ်ဖြစ်သွားတဲ့ အကြောင်း ။ မဖြစ်လည်း ခံနိုင်ရိုးလား ။ အကြောင်းကလည်း ကြည့်အုံး ။
၊ သုံး ၊
အဲသည့်နေ့ က စံပွား အရက် သောက်ချင်တာများ ပြာလို့ ။ အရက်ဖိုး မရှိတာ ။ ပြောရအုံးမယ် ။ အရက်သမား စံပွား က အရက်တော့ ဘယ်တော့မှ အကြွေး မှတ် မသောက်ဘူးရယ် ။ ဒါနဲ့ ကြံရာ မရတဲ့အဆုံး အရှင်ကြီး နေတဲ့ ဖလံပင်ကြီး အောက် အေးအေးလူလူ သွားအိပ် ကောင်းရဲ့ ဖြစ်ကရော ။ တကယ်လည်း သွားဖြစ်အောင် သွားတာပါပဲ ။
စံပွား ဖလံပင်ကြီး အောက် ရောက်တော့ နေ့ခင်း နာရီပြန် နှစ်ချက် တီး လောက်ကြီး ။ မောမော နဲ့ နတ်ကွန်း မော့ကြည့်တယ် ဆိုရင်ပဲ ထရေ တွေ အရက်တွေ က ပေါသမှ ဗျာ ဖြစ်ကရော ။ လာရင်း ကတော့ ဖလံပင်ကြီး အောက် အေးအေးလူလူ အိပ်လိုက်မယ့် စိတ်ကူးပါပဲ ။ ခုကျတော့ .. လည်ချောင်း ထဲ က လျှံထွက်ချင်လာတဲ့ တံတွေးတွေ သာ ဂလုံ ... ဂလု အသံထွက်အောင် ပြန် မျိုချ နေလေရဲ့ ။ ယင်းထ သွားပြီကိုး ။
“ အရှင်ကြီး ... ကျုပ် စံပွား ရယ် ၊ မလွှပင်ရွာသား ဗျာ ”
ဖင်ဗျစ်ဆွဲ ထိုင်နေရင်း ကနေ အရှင်ကြီး စံရာ နတ်ကွန်း လှည့်မော့ ကြည့်ပြီး ပြောတယ် ။ သူ့ များ အရှင်ကြီး က မေးနေ သယောင် ။
“ ဘယ်လိုလဲ .. အရှင်ကြီး ရ ၊ ဒီအချိန်ကြီး ဆိုတော့ ပျင်းလှရော့ မှုတ်လား ၊ ဒီတော့ အရှင်ကြီး အပျင်းပြေ သွားအောင် ကျုပ် နဲ့ နွားချင်း ပြိုင်ခတ်မယ် ဘယ့်နှယ့်လဲ ”
စံပွား အသံ ပဲ ကြားရတယ် ။ အရှင်ကြီး က ပြန် ပြောလေသလား ။ မပြောလေသလားတော့ မသိ ။ စံပွား ကတော့ ခေါင်း တငြိမ့်ငြိမ့် လည် တငြိမ့်ငြိမ့် နဲ့ ။ တစ်အောင့် နေတော့ မှ ...
“ ဘယ့်နှယ့်လဲ အရှင်ကြီး ၊ နွားချင်း ယှဉ်ခတ်မယ် မှုတ်လား ”
စံပွား က လည်မော့ ခေါင်မော့ နဲ့ အရင်ကြီး နတ်ကွန်း မေးတစ် ထိုးထိုးနဲ့မေးလားမေးရဲ့ ။ အရှင်ကြီး က တော့ ငြိမ်ချက်သား ကောင်းလှပါဘိ ။
“ ဒါမှပေါ့ .. အရှင်ကြီး ရာ ၊ ခဏစောင့် ကျုပ် နွားရုပ် လုပ်လိုက်အုံးမယ် ရယ် ”
အရှင်ကြီး ဆီ က ဘာသံမှ ထွက် မလာပေမယ့် စံပွား ကတော့ ပြောပြောဆိုဆို ပါပဲ ။ သူ ထိုင်နေတဲ့ နား က ရွှံ့ လက်တစ်ဆုပ် နှိုက်ကော်ပြီး ချက်ချင်း ဆိုသလို နွားရုပ် ကောက် လုပ်တော့တာ ။
တစ်အောင့် ကြာ ရဲ့ ။ စံပွား လက်ဖြစ် နွားနှစ်ကောင်များ အရှင်ကြီး ငုံ့ ကြည့်ချိန် မရဘူး ။ တောသား လက်များ တယ် သွက်သကို .. ကိုး ။ လက်မ နဲ့ တံတွေးတွေ တစ်ဖူးဖူး မှုတ်ထည့်ပြီး အချောကိုင် ထားတဲ့ နွားရုပ်တွေ မို့ နွားနှစ်ကောင်လုံး က ပြောင်လို့ ။ တင်းလို့ ။
တစ်ခုပဲ ။ စံပွား လက်ဖြစ် နွားနှစ်ကောင် က ခပ်ကွဲကွဲရယ် ။ တစ်ကောင် က ချိုကားကား သေးရှည်ရှည် နဲ့ ခပ်ကော့ကော့ ။ အလုံးအဖန် ကလည်း နွားမြင့်မျိုးမို့ သွယ်သယောင် ။ ဒါပေမယ့် စံပွား လက်ရာ မြောက်လွန်းလှတော့ ခပ်မြင့်မြင့် နဲ့ နပွဲစား ( နွားပွဲစား ) အသက် သွင်းချင်လိုက်မယ့် နွားမျိုး ။ မျက်လုံးမျက်ဖန် က အစ အနီးနား က မြက်ပင်အစေ့ ထုပ် ယူပြီး သွင်းထားတာမို့ လင်းလို့ လက်လို့ ။ ခပ်စိမ်းစိမ်း အရောင်ပြေးလေးနဲ့ ။
အဲ ... နောက် တစ်ကောင်ကျ ဆန့်ကျင်ဘက် ။ အရပ် က လည်း ခပ်ထိုက်ထိုက် နဲ့ ။ ပြီး .. အရပ် နဲ့ လိုက်တဲ့ ကိုယ်ထည်မျိုး မို့ လည်း ခပ်သန်သန် ။ ချို ကျတော့ရောတဲ့ တုတ်တိုတို နဲ့ ။ ယှဉ် ကြည့်တော့ တကယ့် နွားနှစ်ကောင် ရယ် ။ လက်ရာ ကြွလွန်းတော့ သူ့ ဟာ နဲ့ သူ တော့ အလှသား ကောင်တွေ ။ ရွှံ့ ကလည်း ခပ်စွေ့စွေ့ မို့ မာတာတာလေးတွေကိုးဗျ ။
“ ကဲ ... အရှင်ကြီး ရော့ ၊ ဒါ ... အရှင်ကြီးနွား ”
စံပွား က သူ့ လက် ထဲက နွား နှစ်ကောင် ကို လှည့်ပတ်ကြည့်ပြီး အရပ်မြင့်မြင့် နဲ့ ချိုသေးကားကား နွား ကို အရှင်ကြီး ပေးတယ် ။ ပါးစပ် က လည်း ..
“ အရှင်ကြီး နွား ကတော့ ကောင်းပါ့ဗျာ ၊ အေးလေ ... ကောင်းဆို ကျုပ် က လည်း အရှင်ကြီး မို့ နွားကောင်း ပေးထားတာကိုး ။ ဘယ့်နှယ့်လည်း အရှင်ကြီး သဘောကျရဲ့ မှုတ်လား ”
လို့ ခပ်ပြုံးပြုံး ပြောလိုက်သေး ။
စံပွား သာ ပြောနေပေမယ့် အရှင်ကြီး ကတော့ တိတ်မြဲ ။ ဆိတ်မြဲ ။ ငြိမ်သက်မြဲ ။ ပြီးတော့ စံပွား က သူ့ လက် ထဲ ကျန်နေတဲ့ အရပ် ခပ်ထိုက်ထိုက် နွား ကို လှည့်ပတ် ကြည့်တယ် ။ ပြီးတာနဲ့ ခေါင်း ကို လေးလေးပင်ပင်ကြီး ယမ်းလိုက်တယ် ။
“ ဟူး ... ကျုပ် နွား ကတော့ အရှင်ကြီး ရာ ၊ ကြည့်ကရော့ ”
သူ့ လက် ထဲ က နွားရုပ် ကို နတ်ကွန်း ထဲ က အရှင်ကြီး မြင်အောင် မြှောက်ပြတယ် ။ နတ်ကွန်းထိပ် က အရှင်ကြီး နွား ကတော့ စံပွားနွား ကို မြင်မှာ သေချာတယ် ။
“ ကဲ ကဲ အရှင်ကြီး နွား ပေး ၊ အချိန် ရှိတုန်းလေး နွားချင်း ခတ်လိုက်ကြစို့ရဲ့ ”
ပြောပြောဆိုဆို ပဲ အရှင်ကြီး နတ်ကွန်း ရှေ့ တင် ထားတဲ့ နွားရုပ် ကို လှမ်းယူတယ် ။
၊ လေး ၊
“ ခွပ် ... ခွပ် ”
စံပွား နွားခမျာ အရှင်ကြီး နွား အခွေ့ ကြောင့် ရှေ့ကို ဟပ်ထိုးလဲ ကျတယ် ။ ချက်ချင်း ပြန် မထနိုင်ဘူး ။ ဒူးတုတ် ခံနေတယ် ။ စံပွား လက်တစ်ဖက် ထဲ က အရှင်ကြီး နွား ကတော့ မော့လို့ ၊ ကော့လို့ ၊ ကြော့လို့ ။ ချို တသွေးသွေး လည် တစ်ခါခါ ။ စံပွား လက် တစ်ဖက် ထဲ က သူ နွားကလေး ကတော့ ခုထိ အားယူတုန်း ။
“ ဟား .. အရှင်ကြီးနွား ကောင်းချက်ကတော့ဗျာ ကျုပ် နွား ဆိုတာ ဗိုင်းကနဲ ဗိုင်းကနဲ ပဲ ”
တစ်အောင့်လောက် ကြာတော့ စံပွား နွား က ခပ်လွန့်လွန့် နဲ့ ကုန်းထ လာတယ် ။ ဒါပေမယ့် အဲသည့်လို စံပွား နွားက အရှိန် နဲ့ ပြန် အထ မှာပဲ အရှင်ကြီး နွား က ချို နဲ့ ထပ် ပြေးဆောင့်တယ် ။ စံပွား နွား ဖင်ထောင် လဲကျ သွားတာများ ကားကနဲ ။
“ အရှင်ကြီး နွားများ ကောင်းဆိုဗျာ ”
ခဏနေတော့ အရှင်ကြီးနွား က ခေါင်းမော့ လည်ခါ ပြီး စံပွား နွား ဆီ တစ်အား ကျုံး ပြေးလာကရော ။ အဲသည့်မှာပဲ စံပွား က သူ့ လက် ထဲ က သူ့ နွားကလေး ကို မဆိုစလောက်လေး ဘေးတိမ်းပေး လိုက်တယ် ။ အရှင်ကြီး နွား ရှေ့ ကို အားလွန် သွားတာများ .. ။ စံပွား နွား ကလည်း အရှင်ကြီး နွား နောက်က ထပ်ချပ် ပြန်လိုက်တယ် ။ အရှင်ကြီး နွား ကလည်း အားလွန်ရာ က နောက်ပြန် အလှည့် နောက်က လိုက်လာတဲ့ စံပွား နွား ကလည်း ချို နဲ့ ဆောင့် အခတ် ။
“ ခွပ် ”
ဗိုင်းကနဲ ပဲ ။ အရှင်ကြီး နွား ဘေးတိုက်တုံးလုံး လဲကျ သွားတယ် ။ ပြန် ထတယ် ။ မရဘူး ၊ ထပ် ထတယ် ။ ဒိုင်းကနဲ ပြန် ပစ်ကျတယ် ။ ကုန်းရုန်း ထပ် ထ ကြည့်တယ် ။ မရတော့ဘူး ၊ စံပွား နွား က တစ်ခါဆို ဆို သလောက်ပဲ ။
“ ဟာ ... အရှင်ကြီး ရေ ၊ အရှင်ကြီး နွားတော့ ချိုကျိုးပါရောလား ။ ကဲ .. ဘယ့်နှယ့်မှ တတ်နိုင်တော့ဘူး ။ အရှင်ကြီး နွား တော့ ရှုံးပြီ ”
စံပွား က အရှင်ကြီး နွားကလေး ကို ကောက် ကွေ့တယ် ။ စံပွား လက် ထဲ ပါလာတဲ့ အရှင်ကြီး နွားခမျာ ချိုတစ်ဖက်လပ်ကလေး နဲ့ ။
“ ကဲ .. အရှင်ကြီး ရေ ၊ ကတိအတိုင်း အရှင်ကြီး နွားတော့ ရှုံးပြီ ဆိုတော့ ကျုပ် တော့ အရှင်ကြီး ကို ပ,သ ထားတဲ့ ထရေ နဲ့ အရက်တွေ သောက် သွားရတော့မှာပဲ ။ တတ်နိုင်ဘူးဗျနော ”
တတ်နိုင်ဘူး ။ တတ်နိုင်ဘူးနဲ့ ။ စံပွား ရယ် အရှင်ကြီး ကို ပ , သ ထားတဲ့ ထရေ နဲ့ အရက်တွေများ တတ်တတ်နိုင်နိုင် သောက်သွား လိုက်တာ တက်တက်စင် ပြောင်ပါရောလား ။
အဲ့သည့် နေ့ က စံပွား ဆိုတာ မိုးကြီးစုန်းစုန်းချုပ် နေမှ ကို ရွာ ပြန် ရောက်လာခဲ့တာ ။ စံပွား မရောက်မီ ကတည်း ကတော့ စံပွား သတင်း က ရောက်နှင့်ပြီးသားပါ ။ တစ်ချို့ က လည်း ရင် တထိတ်ထိတ် ။
၊ ငါး ၊
“ စံပွား ကို အရှင်ကြီး က အိပ်မက် လာ ပေးသတဲ့ ”
ဒါက စံပွား အရှင်ကြီး နတ်ကွန်း က ပြန် လာပြီး သုံးရက်မြောက် နေ့မှာ မလွှဲပင်ရွာ ထဲ ပြန့်လာတဲ့ သတင်း ။
“ အရှင်ကြီး က ပျင်းလွန်းလို့ စံပွား ကို သူ နဲ့ နွားချင်း လာ ခတ်ဖို့ ခေါ်တယ် ဆိုတာ ဖြစ်နိုင်ကရောကြီးလားဗျာ ”
ဖြစ်နိုင်လား ။ မဖြစ်နိုင်လားတော့ မသိ ။ စံပွား ကတော့ သူ့ ကို အရှင်ကြီး လာပြီး အိပ်မက် ပေးတယ် ဆို ကတည်း က နေ့တိုင်း လိုလို ကို အရှင်ကြီး နတ်ကွန်း ဆီ အရောက် သွားတော့တာ ။ နေပူ လည်း မမှု ။ မိုးရွာ လည်း မဟန့် ။ ဆောင်းချမ်း လည်း မဖြုံ ။ အဲ ... အရှင်ကြီး နတ်ကွန်း ဆီ သွားတိုင်း စံပွား လက် ထဲမှာ တစ်နေ့ နှစ်ရုပ် သွန်းလုပ်ထားတဲ့ နွား နှစ်ကောင် တော့ အမြဲ ပါလား .. ပါရဲ့ ။
မလွှပင်ရွာ အနီးဝန်းကျင် က ရွာတွေ ကလည်း စံပွား အကြောင်း တိုးတိုး တစ်မျိုး ။ တိတ်တိတ် တစ်ဖုံ ။ စပ်လား ၊ စုလား ၊ မေးလား ၊ မြန်းလား လုပ်လား .. လုပ်ရဲ့ ။ စံပွားရယ် ဆိုတာ ။
၊ ခြောက် ၊
ကြာတော့ ကြာခဲ့ပါပြီ ။ သည် ဖြစ်ရပ်တွေ ဆိုတာ နှစ်ပေါင်း နှစ်ဆယ်ကျော် အစိတ်တင်းတင်း ကို ကောင်းကောင်းကြီး ပြည့်ကရော့မယ် ။ စံပွား လည်း မရှိတော့ပါဘူး ။ အရှင်ကြီး နတ်ကွန်း ခေါင်းထိုး ပြီး ရွှံ့ရုပ်နွား နှစ်ကောင် လုပ်လက်စ နဲ့ သေနေတဲ့ စံပွား ကို မလွှပင်ရွာသားတွေ ကပဲ တယုတယ မြေမြုပ် ပေးခဲ့ကြတာပါ ။
ဘာပဲဖြစ်ဖြစ် စံပွား ဆိုတာ အရှင်ကြီး နဲ့ ဆယ်စုနှစ် တစ်စု နီးပါး ကို နွားချင်းခတ်ဖော် ဖြစ်သွားခဲ့တာပါ ။ ရွာ က လည်း စံပွား သေသွားရတာ ကို နည်းနည်းမှ မချိဘူး ။ ကိုယ့် ရွာသား အရှင်ကြီး နဲ့ မိတ်ဖြစ်လို့ ရော ၊ အရှင်ကြီး ပျင်းနေရှာမှာ ရော တွေး ပူထင်ပါရဲ့ ၊ ငို လိုက်ကြတာများ ကျွက်ကျွက်ညံ ။
၊ ခုနစ် ၊
ခုတော့ .. အရှင်ကြီး နတ်ကွန်း မှာ ထရေ နဲ့ အရက် မပြတ်သလို ရွှံ့ရုပ် နဲ့ လုပ်ထားတဲ့ နွားနှစ်ကောင် လည်း အမြဲ ပါလေရဲ့။ ရွှံ့ စေး ကောင်းကောင်း တမင် ရှာပြီး တံတွေး နဲ့ မံ ၊ လက်မ လက်ညှိုး နဲ့ အသေအချာ အချောကိုင် ထားကြတဲ့ နွားနှစ်ကောင် မို့ ပြောင်မြဲ ၊ တင်းမြဲ ။ မျက်လုံးနှစ်စုံ ကလည်း လင်းမြဲ ။ လက်မြဲ ။
အဲ ... တစ်ခုပါပဲ ။ အရပ်မြင့်မြင့် ချိုသေးကားကား နဲ့ နွား တစ်ကောင် က အရှင်ကြီး နတ်ကွန်း ပေါ် မှာ ရှိတယ် ။
အရပ် ခပ်ထိုက်ထိုက် နဲ့ ချို တုတ်တိုတို ရွှံ့ရုပ်နွားလေး တစ်ကောင် က လည်း အရှင်ကြီး နတ်ကွန်း ဘေး မလှမ်းမကမ်း က စံပွား မြေပုံ ထက် မှာ အခန့်သားကလေး ။
လပြည့် ၊လကွယ် လို ရက်တွေများ ဆို နွား နှစ်ကောင် က တော့ တစ်ကောင့် တစ်ကောင် မျက်နှာချင်းဆိုင် လျက် ဖြစ်ဖြစ် သွားတယ် ဆိုကြတာပါပဲလေ ။
▢ ဗေဒါခင်
📖 တစ်ယောက် တစ်ဘဝ ( ၃ )
No comments:
Post a Comment