❝ မန်ကျည်းပင်ဦးညို ❞
( ပုံပြင် )
တစ်ခါတုန်းက ရွာ တစ်ရွာ ၏ တောင်ဘက် တွင် ကြီးမားသော မန်ကျည်းပင်ကြီး တစ်ပင် ရှိခဲ့လေသည် ။ ထို မန်ကျည်းပင်ကြီး အောက် တွင် တဲငယ် တစ်လုံး တွင် အဘိုးကြီး ဦးညို သည် တစ်ယောက်တည်း နေထိုင် ခဲ့လေသည် ။
တဲ အနီး၌ ရှိသော မန်ကျည်းပင်ကြီး မှာ အလွန်တရာ ကြီးမားလှလေရကား ထို မန်ကျည်းပင်ကြီး ကို အစွဲပြု၍ အဘိုးကြီးဦးညို ကို ရွာသူရွာသား အားလုံး က “ မန်ကျည်းပင် ဦးညို ” ဟု ခေါ်ဝေါ်ကြ လေသည် ။
မန်ကျည်းပင် ဦးညို သည် ငယ်စဉ် က ပင် ဉာဏ်ပညာ ထက်မြက်သူ ဖြစ်ခဲ့ပြီး အသက်အရွယ် ကြီးရင့်သည့် တိုင်အောင် ပညာ ကိုသာ ဂရုစိုက်၍ ဗဟုသုတ ဖြစ်ဖွယ်ရာများ ကို ဖတ်ရှု လေ့လာနေလေ့ ရှိပေ၏ ။ မည်သည့် အခါ၌ မဆို ဦးညို သည် စာအုပ်စာတမ်းများ ကို ဖတ်ရှုနေ လေ့ရှိသည် ကို မြင်တွေ့ကြရပေသည် ။
ထို့ကြောင့် ဦးညို ထံ၌ ပညာ သင်ယူရန် လူရွယ် သုံးယောက် သည် တညီတညွတ် တိုင်ပင်ကြကာ ဦးညို ၏ တဲ အနီး ၌ တဲ တစ်လုံး ထိုးပြီး လာရောက် နေထိုင်ကြလေ၏ ။
တစ်ဦး က ဦးညို အတွက် ထမင်းဟင်း ချက်ပြုတ်ခြင်းအမှု ကို ပြု၍ ပညာသင်ယူ လေသည် ။ တစ်ဦး က ဦးညို အတွက် ချိုးရေ ၊ သောက်ရေ ခပ်ပေးခြင်းအမှု ကို ပြု၍ ပညာသင်ယူလေသည် ။ ကျန် တစ်ဦး ကား ဦးညို အတွက် သစ်သီးဝလံ ရှာဖွေပေးခြင်း ဖြင့် ပညာ သင်ယူလေသည် ။
ထို့ကြောင့် ဦးညို က ၎င်းတို့ အား မောင်ထမင်း ၊ မောင်ရေခပ် ၊ မောင်သစ်သီး ဟု ခွဲခြား ကာ နာမည် ပေးထား လေသည် ။ လူရွယ် သုံးယောက် ကလည်း သူတို့ ဆရာကြီး ပေးထားသော နာမည်များ ကို နှစ်သက်မဆုံး ဖြစ်နေကြလေသည် ။
တစ်နေ့သော် ဦးညို သည် နံနက်စောစွာ ထ၍ အာရုဏ်တက် အချိန်၌ မိမိ တပည့်များ ကို တစ်ဦး မှ မခေါ်ဘဲ အရပ်တစ်ပါး သို့ ခရီး ထွက်သွားလေ၏ ။ မောင်ထမင်း ၊ မောင်ရေခပ် ၊ မောင်သစ်သီး တို့မှာ ဆရာကြီး ခရီးထွက်သွား သဖြင့် အလုပ် မှ အားလပ်ခွင့် ရကြလေ၏ ။
၎င်းတို့ သုံးယောက် သည် ဝိုင်းဖွဲ့၍ စကားပြော နေကြလေ၏ ။ အစ၌ အေးအေးဆေးဆေး စကား ပြော နေကြ သော်လည်း တဖြည်းဖြည်း နှင့် သူတို့၏ အသံများ သည် ပို၍ ပို၍ ကျယ်လောင် လာလေ၏ ။ မောင်ထမင်း က စကား ပြောရင်း ပြောရင်း နှင့် ဆရာကြီးဦးညို အား မိမိ က ထမင်းဟင်းလျာများ ချက်ပြုတ်ကျွေးရသဖြင့် မိမိ အလုပ် က မြတ်ကြောင်း ပြောလာ လေ၏ ။
မောင်ရေခပ် ကလည်း မိမိ ၏ ရေခပ်ခြင်း အလုပ် က သာ ပို၍ မြင့်မြတ်ကြောင်း ပြောဆို လာလေ၏ ။
မောင်သစ်သီး ကလည်း မိမိသာလျှင် ဆရာကြီး အား လတ်ဆတ် ပျံ့မွှေးသော သစ်သီးဝလံများ ရှာဖွေ ကျွေးမွေးရ သဖြင့် မိမိ အလုပ် က သာလျှင် မြင့်မြတ်ကြောင်း ပြောဆို လာလေ၏ ။
သို့နှင့် ၎င်းတို့ သည် ပြင်းထန်စွာ အငြင်းအခုံ ဖြစ်လာကြလေ၏ ။ ၎င်းတို့ ၏ အငြင်းအခုံ ပြဿနာ သည် ပို၍ပို၍ ရှုပ်ထွေးလာပြီး တစ်ယောက် နှင့် တစ်ယောက် မာန်စောင် လာကြသည့် အခြေ သို့ ပင် ရောက်ခဲ့လေ၏ ။
ထိုအခိုက် လယ်သမား တစ်ယောက် သည် ၎င်းတို့ ငြင်းခုံရာ အနီး သို့ ရောက်လာလေသည် ။
“ မင်းတို့ အလုပ် က အားလုံး မြတ်တာပဲကွ ။ ကိုယ့် ဆရာ ကို လုပ်ကျွေးတာချင်း အတူ တူမို့ ထမင်းချက် ကျွေးတာ ရော ၊ ရေခပ် ပေးတာ ရော ၊ သစ်သီးရှာ ပေးတာ ရော အတူတူ မြတ် တာပဲကွ ” ဟု ဖြေကြား ကာ ထွက်ခွာ သွားလေ၏ ။
မောင်သစ်သီးတို့ ကား လယ်သမား ၏ ဖြေကြားသော စကား ကို မကျေနပ်နိုင် ကြဘဲ ငြင်းခုံ မြဲ ငြင်းခုံ နေကြပြန်၏ ။
ထို့နောက် အတန် ကြာသော အခါ ဘုန်းတော်ကြီး တစ်ပါး သည် ၎င်းတို့ ငြင်းခုံရာ နေရာသို့ ရောက်လာ ပြန်လေ၏ ။ မောင်ထမင်းတို့ ကလည်း ရှေးနည်းတူ တစ်ခါထပ်၍ ၎င်းတို့ ပြဿနာ ကို ဘုန်းတော်ကြီး အား တင်ပြ လျှောက်ထားကြ ပြန်၏ ။ မည်သူ့ အလုပ် က ပို၍ မြတ်ပါ သနည်း ဟု မေးလျှောက်ကြပြန်၏ ။
ဘုန်းတော်ကြီး ကလည်း ၎င်းတို့ ၏ စကားများ ကို ခဏ နားထောင်ပြီး “ မင်းတို့ အလုပ် က အားလုံး မြတ်တာပဲကွ ၊ ကိုယ့် ဆရာ ကို လုပ်ကျွေးတာချင်း အတူတူမို့ ထမင်း ချက်ကျွေးတာ ရော ၊ ရေခပ် ပေးတာ ရော ၊ သစ်သီးရှာ ပေးတာ ရော အတူတူ မြတ်တာပဲကွ ” ဟု ဖြေကြားတော် မူကာ ပြန်၍ ကြွသွားပြန်လေ၏ ။
ဤသို့ ငြင်းခုံနေကြ သဖြင့် တဖြည်းဖြည်း နှင့် နေဝင်ချိန် သို့ ရောက်လာ၏ ။
မောင်ထမင်း လည်း ဆရာကြီး အတွက် ညနေစာ မချက်မိ ။
မောင်ရေခပ် လည်း ဆရာကြီး အတွက် သောက်ရေ ချိုးရေ မခပ်မိ ။
မောင်သစ်သီး လည်း ဆရာကြီး အတွက် သစ်သီး မရှာမိ ။
မိမိတို့ လုပ်ကိုင် ဆောင်ရွက် ရမည့် အလုပ်တို့ ကို အသီးသီး မေ့လျော့ နေကြကုန်၏ ။
ထိုအခိုက် ၎င်းတို့ ၏ ဆရာကြီးဦးညို သည် တဲဝ သို့ ပြန်၍ ရောက်လာ လေ၏ ။ မိမိ တပည့်များ ၏ မျက်နှာနေ မျက်နှာထားများ ကို ရိပ်မိသူ ဖြစ်ရကား ၎င်းတို့အား “ ဘာဖြစ် နေကြသလဲ ” ဟု မေးမြန်းလေတော့၏ ။
မောင်ထမင်း တို့ လည်း မိမိတို့ ငြင်းခုံ နေကြသော ပြဿနာ ကို မကွယ်မဝှက် တင်ပြ ကြလေတော့၏ ။
ဆရာကြီး သည် ၎င်းတို့ စကားများ ကို ကြားရသော အခါ ကျယ်လောင်စွာ ရယ်မော၍
“ တပည့်တို့ ... မင်းတို့ ပြဿနာ ကား မကြီးထိုက်ဘဲ ကြီးလေစွ ၊ မင်းတို့ ကား မိုက်မဲ ကြလေစွ ။ ကဲ ... မင်းတို့ ပြဿနာအား ဆရာ အဖြေ ပေးအံ့ ။ ငါ့ အတွက် သောက်ရေ တစ်ခွက် ယူခဲ့လော့ ” ဟု ဆိုလေ၏ ။
မောင်ရေခပ် မှာလည်း မျက်လုံး ပြူးသွား လေတော့၏ ။ သောက်ရေအိုး ဖြည့်ရန် မေ့နေသဖြင့် ဆရာကြီး အား ရေခပ်၍ သောက်ရေ မဆက်နိုင် ဖြစ်နေလေ၏ ။
ထို့နောက် ဆရာကြီး က “ ရေ မရှိလျှင် သစ်သီး တစ်လုံးမျှ ပေးပါ ” ဟု တောင်းပြန်လေ၏ ။
မောင်သစ်သီး လည်း သစ်သီး ရှာဖွေ ထားရန် မေ့နေခဲ့ သဖြင့် သစ်သီး မပေးနိုင်ဘဲ ဖြစ် ရပြန်လေ၏ ။
တစ်ဖန် ဆရာကြီး က “ သစ်သီး မရှိလျှင် ထမင်း ပြင်ပေးပါ ” ဟု ဆိုပြန်လေ၏ ။
မောင်ထမင်း လည်း ထမင်း ချက်ထားရန် မေ့နေခဲ့ သဖြင့် ထမင်း ပြင် မပေးနိုင် ဖြစ်ရ ပြန်လေ၏ ။
ဤတွင် ဆရာကြီး သည် နောက်ထပ် တစ်ဖန် ကျယ်လောင်စွာ ရယ်မောပြန်ကာ ...
“ ကဲ .. တပည့်တို့ ၊ မင်းတို့ ပြဿနာ ကို မင်းတို့ ယခု ဖြေပြီး လေပြီ ။ မင်းတို့ သည် တစ်ယောက် နှင့် တစ်ယောက် ငြင်းခုံနေကြ သဖြင့် မင်းတို့ အလုပ်ဝတ္တရား ပျက်ကွက်လေပြီ ။ အကယ်၍ မောင်ရေခပ် က ဆရာ့ အတွက် ရေခပ် ထား က ဆရာ အဆာပြေမည် ဖြစ်၏ ။ မောင်သစ်သီး က ဆရာ့ အတွက် သစ်သီး ရှာထား က ဆရာ အာသာပြေမည် ဖြစ်၏ ။ မောင်ထမင်း က ဆရာ့ အတွက် ထမင်း ချက် ထား က ဆရာ အဆာ ပြေမည် ဖြစ်၏ ။ မင်းတို့ ၏ အလုပ်ဝတ္တရား ပျက်ကွက်ခြင်း သည် ကောင်းမွန်ပါသလော ... မိမိ လုပ်ရမည့် အလုပ်တာဝန် ကို ကျေပွန်စွာ ထမ်းရွက်ခြင်း သာလျှင် မြင့်မြတ်လှသည် တကား ၊ ကျေပွန်စွာ ထမ်းရွက်သော အလုပ် သာလျှင် မြင့် မြတ်သော အလုပ်ဖြစ်သည် တပည့်တို့ ” ဟု မောင်ထမင်းတို့ ၏ အငြင်းအခုံ ပြဿနာကို အဖြေ ပေးလိုက်လေတည်း ။
မောင်ထမင်းတို့ ၏ ပြဿနာ လည်း ထိုအခါ မှပင်ရှင်းလင်းပြေလည်သွားတော့သည် ။
▢ အင်းဝ - ညွန့်အေး
📖 ရှုမဝ မဂ္ဂဇင်း
၁၉၆၄ ၊ အောက်တိုဘာ
No comments:
Post a Comment