Sunday, May 11, 2025

မမဏီ


 

❝ မမဏီ ❞

မမဏီ ( သီလရှင်ဆရာကြီး ဒေါ်နိမလဉာဏီ ၊ ယခု သက်တော် ၅၉ နှစ် ) နဲ့ စတင် ခင်မင်မိတာ က မန္တလေးတောင်ပေါ် မှာပါ ။ သီလရှင်ဆရာကြီး သီတင်းသုံး တဲ့ ဇိနောဒယ သီလရှင်စာသင်တိုက် က မန္တလေး တောင်ခြေ မှာ ရှိတယ် ။ သီလရှင်ဆရာကြီး မနက်စောစောပိုင်း မှာ စာသင်သား သီလရှင်ငယ် အဖော် နဲ့ မန္တလေးတောင် ပေါ် ကို လမ်းလျှောက်လေ့ ရှိတယ် ။

ကျွန်တော် တို့ ကလည်း လမ်းလျှောက်နေကျ မို့ တောင်ပေါ် မှာ တွေ့ပြီး ခင်မင် ရင်းနှီး သွားတာပါ ။ သူ့ ကို ရင်းရင်းနှီးနှီး မမဏီ လို့ ကျွန်တော်တို့ က ခေါ်ပါတယ် ။

ကျွန်တော်တို့ ကို မမဏီ က သူ့ သီလရှင်စာသင်တိုက် ကို ဖိတ်ခေါ်ပြီး မုန့်ကျွေး လေ့ရှိတယ် ။ သူတို့ စာသင်တိုက် မှာ စာသင်သား သီလရှင်ငယ် အပါး တစ်ရာ ခန့် ရှိပြီး ဒေါ်ဥတ္တရဝတီ နဲ့ မမဏီ က စာပေသင်ပြ ပေးရင်း အုပ်ချုပ်တယ် ။

မမဏီ က သူ ဟာ တစ်ကောင်ကြွက် ဖြစ်လို့ အဖော် မင်တယ် ၊ ခင်တတ်တယ် လို့ ပြောတယ် ။ သူ့ ဘဝ ကို စိတ်လိုလက်ရ ပြောပြပါတယ် ။

“ ကိုယ် ငယ်ငယ်လေး ၊ ခြောက်နှစ် သမီး မှာ အဖေက ဆုံးတာ ။ အဖေ့ ရွာ က ငါန်းဇွန်မြို့နယ် မြေတိုင်း ၊ အမေ့ ရွာ က ရေဆင်း ၊ အဖေ ဆုံးတော့ အမေ က အရွယ် တော်တော် ငယ်သေးတယ် ။ အသက် သုံးဆယ်ကျော် ပဲ ရှိသေးတာ ။ အဖေ့ ရွာ မြေတိုင်း မှာ အမေ တို့ က နေတာ ။ အဖေကြီး ( အမေ့အဖေ ) က စိတ်မချလို့ ဆိုပြီး သူ့ ရွာ မှာ ပြန်သိမ်း လိုက်လို့ ရေဆင်း ကို ပြောင်းလာခဲ့ကြတယ် ”

သီလရှင်ဆရာကြီး က အတိတ် ကို ပြန် ပြောရာမှာ ဝမ်းနည်းစရာတွေ မို့ မျက်နှာ မရွှင်ဘူး ။

“ အဖေ ဆုံးတော့ ကျုပ် က ခြောက်နှစ် သမီး ။ ညီမလေး က နှစ်နှစ် ။ ညီအစ်မ နှစ်ယောက် ကျန်ခဲ့တာ ၊ အသက်မွေးဝမ်းကျောင်း ဖို့ အမေ က ကျုဖျာတွေ ရွာတကာ လှည့် ရောင်းရတယ် ။ နောက်တော့ ရွာ မှာပဲ အိမ်ဆိုင်လေး ဖွင့်ပြီး ဖွဲ ၊ ဆန်ကွဲ ၊ ဆန် ၊ ရေနံဆီ ရောင်းတယ် ”

“ သီလရှင်တွေ နဲ့ ဘယ်လို ပတ်သက် လာရတာလဲ ”

“ အမေ့ ညီမ အငယ်ဆုံး က သီလရှင် ။ သူ က ခေါ်လို့ ညီမလေး က သူ ရှိရာ မြင်းမူခံတောကျောင်း ကို လိုက်သွားရင်း သီလရှင် ဝတ်သွားရော ။ နောက်တော့ အမေ ပါ သီလရှင် ဝတ် သွားပြန်ရော ။ ရွာ မှာ ကျုပ် ပဲ ကျန်ရစ်တာ ။ ကျုပ် က အမွေ သုံးမွေ ရထားတာ အဖေ့ အမွေ ၊ အမေ့ ဘက် က အမွေ ၊ မိသားစု အမွေ ၊ အမွေတွေ ခွဲ လိုက်တော့ နွား တွေ ၊ မြေယာ တွေ ၊ အိမ် တွေ ရှိတယ် ။ ဦးလေး က ထိန်းသိမ်း ပေးထားတယ် ”

စာသင်သား သီလရှင်ငယ် တစ်ပါး က ကော်ဖီ ၊ ရေနွေးကြမ်း ၊ ပန်းသီး ၊ မာလကာသီး ၊ ငှက်ပျောသီး ၊ ဆီကြော်မုန့် ၊ လက်ဖက်သုပ် တွေ လာ ချတယ် ။

“ ကျုပ် က သိပ် ကျွေးချင်တာ ၊ စားစမ်းပါ ” လို့ မမဏီက ပြောနေကျ စကား ကို ပြောတယ် ။

“ ဦးလေး က ကျုပ် သီလရှင် ဝတ် သွားမှာ သိပ်ကြောက်တာ ။ ကျုပ် သီလရှင် ဝတ်သွားရင် ကျုပ် ပစ္စည်းတွေ ခွဲပေးရတော့မှာလေ ။ အဲဒါလည်း တစ်ပိုင်း ပေါ့ ။ အိမ် မှာ တိုးတိုးတောက်တောက် ခိုင်းစရာ က ကျုပ် ပဲ ရှိတာ ။ ဒါလည်း တစ်ပိုင်းပေါ့ ”

စကားပြော နေစဉ်မှာ သီလရှင်ဆရာကြီး ဒေါ်ဥတ္တရဝတီ ရောက် လာပြီး ခုံတန်းလျား မှာ ဝင် ထိုင်တယ် ။

“ ဒီဒေါ်ဥတ္တရဝတီ က ကျုပ်တို့ အိမ် ကို နှစ်စဉ် အလှူခံလာတယ် ၊ ကျုပ်တို့ နယ် က မြေပဲ ၊ ပဲမျိုးစုံ အသီးအနှံ တအား ပေါတာ ။ ကျုပ် နာမည် က မတင်မြင့် ။ မမြင့် သီလရှင် ဝတ်ပါလား တဲ့ ။ တစ်နှစ် လာ လည်း ဒီ စကား ၊ နောက် တစ်နှစ် လည်း ဒီစကား ပဲ ။ အိမ် က ဦးလေး က သင်ပေးထားတာ က ဆရာလေးတွေ က သီလရှင်ဝတ်ပါလား ပြောလို့ ရှိရင် ကျုပ်တို့ က ခွက် တစ်လုံး နဲ့ တောင်းမစားဘူး ပြောလွှတ်လိုက် တဲ့ ။ ကျုပ် ကလည်း ဒေါ်အုတ် ( ဒေါ်ဥတ္တရဝတီ ) ကို အဲဒီလို ပြောတာ ၊ ပြောလည်း မနာဘူးဗျ နှူးတာ ”

သီလရှင်ဆရာကြီး က စကား ဖြတ်ပြီး မုန့်တွေ စားစမ်းပါလို့ ပြောပြန်တယ် ။

“ သီလရှင် ဝတ်တဲ့ ညီမလေးက အသက် ( ၁၅ နှစ် ၊ ၁၆ နှစ် ) ကျတော့ အမျိုးသမီးဝေဒနာ နဲ့ ဆုံးသွားရော ။ အမေ သီလရှင် က ယူကျုံးမရ ဖြစ် ကျန်ခဲ့တာပေါ့ ဒကာကြီး ရယ် ။ အမေ က ကျုပ် ကို သီလရှင် မဝတ်စေချင်ဘူး ။ မိသားစု အညွန့်အတက် ထွက်အောင် ဆိုပြီး အိမ်ထောင်ချ ပေးချင်တယ် ။ အမေ သဘောတူ တဲ့ လူ တစ်ယောက် ရှိတယ် ။ ဒီလူ တော်တယ် ၊ ရိုးသားတယ် ဆိုပြီး လက်ခံထားတာ ။ အမေ က သူ့ ဆီ က လက်စွပ်တို့ ၊ ဘာတို့ ယူထားတာ ။ လူ့ ကံ က တော်တော် ကြောက်စရာ ကောင်းတယ် ”

မမဏီ က ပြောရင်း အဝေး ဆီ ကို ငေးတယ် ။ သူ ဘာဖြစ်ခဲ့ပါလိမ့်လို့ ကျွန်တော် က တွေးနေမိတယ် ။

“ လူရမ်းကား ဆိုပါတော့ ဒကာကြီး ရယ် ။ ခိုးစားတိုက်စားတဲ့ လူ ၊ သူ က လူပျို မဟုတ်ဘူး ။ သားမယား ရှိတယ် ။ သူ က ကိုယ့် ပစ္စည်း ကို မက်တာ ။ ဒီ ကောင်မလေး မှာ လှည်းနွား တို့ ၊ အိမ်ဝိုင်း တို့ မြေ တို့ ရှိတယ်ပေါ့ ။ ဒီကောင်မလေး ကို ချိုင်ရင် ပစ္စည်းတွေ ရမှာပဲ ဆိုတဲ့ အကြံအစည် နဲ့ပေါ့ ။ ကိုယ် က အသက် ၂ဝ လောက် ”

မမဏီ က ပြောလက်စ စကား ကို ရပ်ပြီး ရေနွေးကြမ်း သောက်တယ် ။

“ ကျုပ် က ဝမ်းကွဲ ညီမ တစ်ယောက် နဲ့ အတူ အိပ် နေတုန်း ၊ အဲဒီ လူ က ည မှာ ခြေထောက် ကို လာ ဆွဲခေါ်တာ ။ ကျုပ် က ကြောက်လို့ ညီမ ရဲ့ထဘီ ထဲ ဝင် ပစ်လိုက် ပြီး ထဘီ တစ်ကွင်းတည်း နှစ်ယောက် ဝင်ထားတာ ၊ ခြေထောက် ကို ဆွဲတော့ နှစ်ယောက် စလုံး ပါရော ။ အဲဒီလို ဖြစ်တော့ တအား ကြောက်ပြီး မြင်းမူ က အမေ သီလရှင် ဝတ်နေတဲ့ ကျောင်း ကို တန်းပြေးတော့တာပဲ ”

“ လိုအင်မရ မယ်သီလ လို့ သီလရှင်တွေ ကို စာ ချိုးတဲ့အတိုင်း မဟုတ်ဘူးပေါ့ နော် ။ မစွံလို့ သီလရှင် ဝတ်ရတာ မဟုတ်ဘဲ စွံလွန်းလို့ သီလရှင် ဖြစ်သွားတာပေါ့ ဟုတ်လား ”

မမဏီ က ရယ်ပါတယ် ။ ကျွန်တော် လည်း လေးလံ နေတဲ့ သူ့ စိတ်ကို ပေါ့ပါး သွားစေချင်တယ် ။

“ မြင်းမူ ခံတောရိပ်သာ ကိုရောက်တော့ ဆရာတော် ဦးဝိသုဒ္ဓ က မယုံလို့ တစ်လ နဲ့ သီလရှင် ဝတ် မပေးဘူး ။ အမေ ကလည်း မဝတ်စေချင်ဘူး ။ အမေ သဘောတူတဲ့ လူ ကလည်း လိုက်လာတယ် ။ ဒေါ်အုတ် က အဲဒီ လူ လက်ခံချင် လည်း လက်ခံလိုက်ပါ ပြောပေမယ့် ကိုယ် က ဝါသနာ မပါဘူး ။ သီလရှင် ပဲ ဝတ်ချင်တော့တယ် ”

သူ က ပြောလက်စ စကား ကို ရပ်ပြီး အသံတိတ် နေတယ် ။ ကျွန်တော် က လည်း ဘာ စကားမျှ မပြောဘဲ သူ ဆက် ပြောမှာ ကို ပဲ နားစွင့်နေတယ် ။

“ တစ်လ လောက် နေလို့ တကယ် ဝတ်တော့မယ် ဆုံးဖြတ်ပြီးတော့ ကျောင်း တံခါးပေါက် ကို ကန့်လန့်ထိုး ချက်ချပြီး ပိတ် ။ ခေါင်းတုံးရိတ်တာ ၊ ဆံပင်တွေ က ခြေတံကောက်ကွေး အထိ ရှိတာ ၊ ကတုံးကြီး နဲ့ ပါတိတ်လုံချည် နဲ့ ရေချိုး ဆင်းလာတာ အမေ မြင်တော့ ငိုလိုက်တာ ။ ငါ့ သမီးလေး အညွန့် ကျိုးပါပြီပေါ့ ”

“ သီလရှင် ဝတ်ပြီးတော့ ပရိယတ္တိစာပေ လုပ်တယ်ပေါ့ ”

ဒေါ်ဥတ္တရဝတီ ကို ညွှန်ပြပြီး

“ ဒီ အစ်မ က အသက် ၂၈ နှစ် ကတည်း က ဆရာ ဖြစ်တာ ။ သူ နဲ့ ကျုပ် နဲ့ က အသက် ရှစ်နှစ် ကွာတယ် ။ သူ က စာ လုပ်ခိုင်းတယ် ။ ၁၃၄၂ ခုနှစ် မှာ ကျုပ် အငယ်တန်း အောင်တယ် ။ သုံးနှစ် ကြာပြီး ၁၃၄၅ ခုနှစ် မှ အလတ်တန်း အောင် ၊ အလယ်တန်း နဲ့ အကြီးတန်း ၁၂ နှစ် ကြာတယ် ။ ၁၃၅၇ ခုနှစ် မှ အကြီးတန်း အောင်တာ ၊ ၁၃၆၅ ခုနှစ် မှာ နိကာယ်စာမေးပွဲ အောင်တယ် ။ ကိုယ့် အတွက် လည်း သင်ရတယ် ၊ ကလေးတွေ လည်း သင်ပေးရတယ် ”

“ သီလရှင် ဘဝ မှာ အလှူခံ ထွက်သေးသလား ”

“ သီလရှင် ဝတ်ပြီး ဘုန်းကြီးဝေယျာဝစ္စ လုပ်ရတယ် ၊ ကိုယ့် ရှိတာ ကုန်လိုက် ၊ အလှူခံ ထွက်ပြီး သွားရှာလိုက် လုပ်ရတာ ။ အမေ က ရွာ က ပစ္စည်း ကို အထိ မခံဘူး ။ မပျော်ရင် လူဝတ်လဲဖို့ ဆိုပြီး ထားထားတာ ၊ ငယ်ငယ်တုန်း က ပုခက် တောင် ယခု အထိ ရှိတယ် ။ အလှူခံစားရတာ ”

“ အလှူခံ ရတာကော အဆင်ပြေရဲ့လား ”

“ တစ်ဇွန်းဆန် ကို ကျွမ်းပြန်အောင် ရှာရတယ် ဆိုတာမျိုးပေါ့ ။ အရေးထဲ ခွေး က ဆွဲသေး ”

မမဏီ က ပြောရင်း ရယ်တယ် ။

“ ရွှေဘိုနယ် ဘုရားပျံပြွန်ဦး ဘက် အလှူခံ သွားတုန်း ကပေါ့ ။ တုတ် က လည်း မယမ်းတတ် သေးဘူး ။ ခွေးက ခုနစ်ကောင် ဝိုင်းဆွဲတာ ။ ကိုယ်ရုံ တွေ ၊ ဗျပ်တွေ ပြုတ်ကျ ကုန်တယ် ဒကာကြီး ရယ် ။ ဆန်တော ကို အလှူခံသွား ရင် ဂုန်နီအိတ်တွေ ထပ်ခြုံရတာ ။ သီလရှင် တစ်ပါး ကို စောင် က တစ်ထည်စီ နဲ့ ဂုန်နီအိတ် နှစ်လုံး ပါတယ် ။ တည်းအိမ် ကို အရိပ်အခြည် ကြည့် ပြီး တည်းခွင့် တောင်းရတာ ။ သူတို့ ကလည်း ချို့တဲ့တော့ အိပ်စရာ စောင်တွေ ၊ ဘာတွေ မပေးနိုင်ဘူး ။ သီလရှင် သုံးပါး ပါရင် ဂုန်နီအိတ် ခြောက်လုံး ပါတယ် ။ မဲချပြီး မဲကျတဲ့ လူ ရဲ့ အိတ် ကို ဆန် ထည့် ၊ ကျန်တဲ့ လူ ရဲ့ အိတ် ကို ခြုံ အိပ်ရတာ ”

သီလရှင် ဘဝ အဲဒီလောက် ပင်ပန်းဆင်းရဲလိမ့်မယ်လို့ ကျွန်တော် တွေးမထား မိတော့ သီလရှင်ဆရာကြီး ရဲ့ စကား ကို ကရုဏာ သက်စွာ ဆက် နားထောင် နေမိပါ တယ် ။

“ တစ်ခါကလည်း ဘုန်းကြီးကိုးပါး ကို လေးလ ဆွမ်းကပ် လိုက်တာ ရှိသမျှ ပိုက်ဆံ ကုန်ရော ။ ပိုက်ဆံ က သုံးကျပ် နဲ့ အကြွေ ၁၅ ပြား ပဲ ကျန်တယ် ။ ဒါနဲ့ အလှူခံ ထွက်မယ်ပေါ့ ။ အဲဒီတုန်း က မြင်းမူ မှာ နေတာ ဆိုတော့ ညောင်ပင်ဝန်း က နေ မူးမန္တလေး ကို မော်တော် နဲ့ သွားဖို့ စီစဉ်တယ် ။ မော်တော် က ရွာ နဲ့ အဝေးကြီး မှာ ကပ် ထားတာ ။ မော်တော် ပေါ် ရောက်တော့ မော်တော်ခ က တစ်ယောက် နှစ်ကျပ် ။ ပါတာ က သုံးကျပ် တည်း ။ ကျောင်း က ထမင်းချိုင့် တော့ ထည့်ခဲ့ပါရဲ့ ။ မော်တော် ပေါ် ရောက်မှ သိတာ က မော်တော် က ပျက်နေတာ ၊ ပြင်ပြီးခါစ ။ ကိုယ် က ထမင်းချိုင့် ဖွင့် စားတယ် ။ မော်တော် ပေါ် က လူတွေ က မော်တော် ပျက် နေလို့ ဟိုဘက် ရက် ကတည်းက တစ်နေကုန် ထမင်း မစားရသေးဘူး ။ ကိုယ် က လျှော့စားပြီး ကျွေး လိုက်ရော ။ ကိုယ် ကလည်း ထမင်း မဝ ဆာ လိုက်တာ ။ အဲဒီ အချိန် မှာ ရေခဲချောင်းသည် က လာရော ”

မမဏီ က ပြောလက်စ စကား ကို ရပ်တယ် ။ သီလရှင်ဆရာကြီး နှစ်ပါး တစ်ပါး မျက်နှာ တစ်ပါး ကြည့်ကာ ရယ်ကြတယ် ။ ဘာကြောင့်ပါလိမ့် ။

“ ကျုပ် လက် ထဲမှာ ပိုက်ဆံ က ၁၅ ပြား ပဲ ကျန်တယ် ။ ရေခဲချောင်း တစ်ချောင်း ဝယ် လိုက်တယ် ။ ရေခဲချောင်း ဝယ် လိုက်ပြီး အစ်မ စားဦးမလား မေးတော့ သူ က တော်ပြီတဲ့ ။ နောက် တစ်ခွန်း ထပ် မေးရင် သူ စားတော့မှာ ။ သူ လည်း ထမင်း မဝဘူး ။ သူ့ ကို ကျော ပေးပြီး ရေခဲချောင်း ကို အကုန်စားပစ်လိုက်တာ ။ ကုန်တော့မှ သူ က မဏီ ကျန်သေးလားတဲ့ ။ မရှိတော့ဘူးလို့ ”

ဆရာကြီး နှစ်ပါး ပြိုင်တူ ရယ်ကြပြန်ပါတယ် ။

“ မော်တော် ပြင်ပြီးလို့ ထွက်လာတော့ မန္တလေး မရောက်ခင် တောင်မြို့ရွာ ရောက်တော့ မော်တော် က ပျက်ပြန်ရော ။ ကိုယ် သွားရမယ့် နေရာ လည်း မရောက် ၊ လမ်းစရိတ် က လည်း ပြတ်တော့ အဲဒီ ရွာ ပေါ် တက်တည်းတယ် ။ နောက် မနက် မှာ ရွာ ထဲ လှည့်ပြီး အလှူခံမယ်ပေါ့ ။ နောက် မနက် မှာ မိုးတွေ က စွေပြီး ရွာရော ၊ အလှူခံ ထွက်လို့ မဖြစ်တော့ဘူး ။ ဆွမ်းဖိတ် ကျွေးတဲ့ အိမ် က အသံချဲ့စက် ရှိတယ် ။ အလှူခံ လာတဲ့ သီလရှင်တွေ ရောက်နေပါတယ် လို့ ကြေညာပြီး တရားဟော ခိုင်းပါလေရော ။ အစ်မ က ဝိသာခါ အကြောင်း ဟော လိုက်တော့ နှမ်းတွေ လာ လှူတာ တစ်တင်းခွဲ လောက် ရတယ် ”

“ မန္တလေး ပြောင်းခဲ့ကြတာ ကကော ဘယ်နှခုနှစ် လောက်မှာလဲ ”

“ ရတနာပုံ စံကျောင်း ကို ရောက်တာ ၁၃၃၇ ခုနှစ် ၊ တစ်ရွာ မပြောင်း သူကောင်း မဖြစ်ဘူး ဆိုပြီး မန္တလေး ပြောင်းခဲ့ကြတာ ။ ရောက်စ က ထုံးတဲကြီး တစ်ခြမ်း မှာ နေရတာ ။ ထုံးတဲကြီး က ညပိုင်း မှာ ပြိုကျသေးတယ် ။ ရွာ က ကျုပ် ရဲ့ တောင်သူ ပစ္စည်းတွေ ရောင်းချပြီး သုံးပင်သုံးခန်း ကပ်မိုးကပ်ကာ ကျောင်းလေး ဆောက်တယ် ။ ကိုယ်တိုင် လည်း စာလိုက်သလို တပည့်လေးတွေ လည်း လက်ခံပြီး စာသင် ပေးတယ် ”

“ ဆရာကြီးတို့ ယခု တည်ထားတဲ့ စာသင်တိုက် ကို ဘာကြောင့် ပြောင်းခဲ့ တာလဲ ”

“ တပည့် က များများ လာတယ် ။ ၁၅ ပါး လောက် ဖြစ်လာတယ် ။ စံကျောင်း မှာ နှစ် ၂၀ ကြာ တော့ နေစရာ နေရာသစ် ရှာ မှ ဖြစ်မယ် ဆိုပြီး ဒီ နေရာကို ၁၃၅၈ ခု မှာ တစ်သိန်း လှူပြီး ယူ လိုက်တာ ၊ ပေ ၂ဝဝ ပတ်လည်ပေါ့ ။ ဒီနေရာ ပြောင်းတော့ ကိုယ့် မှာ ၂၇ ပါး ဖြစ်နေပြီ ”

“ ကျောင်းသစ် တည်ထောင်ရတာ ဆင်းရဲမှာပေါ့ ”

“ တော်တော် ဆင်းရဲတယ် ”

“ ဘာဖြစ်လို့ အဆင်းရဲ ခံရတာလဲ ၊ ကိုယ့် မှာ မြေတွေ ယာတွေ ရှိတာပဲ ။ ရောင်းပြီး ဇိမ် နဲ့ နှပ် နေရင် လည်း ရသားနဲ့ ”

“ တချို့ကလည်း အဲဒီလို ပြောကြတာပဲ ။ အစ်မ က ဇိမ် နဲ့ နေရမှာ ပျင်းတယ်တဲ့ ။ ဆင်းရဲသား သားသမီးတွေ ကို ကူညီချင်တယ်တဲ့ ။ ခုဆိုရင် ကျောင်း မှာ စာသင်သား အပါး တစ်ရာ လောက် ရှိတယ် ။ တချို့က ဓမ္မာစရိယ ၊ တချို့က နိကာယ် ၊ တချို့က ဗုဒ္ဓတက္ကသိုလ် ၊ တချို့က ပထမကြီး ၊ ပထမလတ် ၊ ပထမငယ် ။ ကြွားလိုက်ရဦးမယ် ။ အတူ နေတဲ့ သားသမီးတွေ ကလည်း ရောက်စ က ဖိနပ် မပါတဲ့ လူ မပါဘူး ။ ကျန်တာ မပြောနဲ့တော့ ။ အဲဒါ ကျုပ်တို့ ဘဝ ”

⎕ ကျော်ရင်မြင့်
📖ဘဝကြေးမုံ အဖြစ်စုံ

No comments:

Post a Comment