❝ ယောင် ❞
( ဦးဆွေ - ဒဿနိက )
“ ဟဲ့ပလုတ်တုတ် ၊ နင့်အဖေ တစ်ကျိပ် နဲ့ ငါ နဲ့ ညား ”
“ ဩော် သံချောင်း ၊ ကာလနာ ကိုယ့်ဘာသာ ကိုယ် သောက်တာ အေးအေးဆေးဆေး မသောက်ဘူး ။ ငါ့ ပဲ လာလာ စ နေ ”
“ ဟဲ .. ဟဲ အန်တီဝင်း ကလည်း ချစ်လို့ ၊ပျော်လို့ စတာပါဗျ ”
“ အန်တီဝင်း ဒါမျိုးကို ငြိမ်ခံ မနေနဲ့ ဟောသည်လို ၊ ဟောသည်လို ပြန် ရိုက်လိုက် ”
အမြည်းပွဲ လာချပေးနေတဲ့ အသားဖြူဖြူ ထောင်ထောင်မောင်းမောင်း နဲ့ ဥပဓိရုပ်ကောင်းကောင်း အမျိုးသမီးကြီး ကို အရက်ဝိုင်း က ကောင်လေး တစ်ယောက် က ခါး ကို တို့ လိုက်တော့ ယောင်ပြီး ပြောချင် တာပြော နေတာရယ်ကို နောက် ကောင်လေး တစ်ယောက် က ခါး ကို ထပ် တို့ပြီး စောစောက စ လိုက်တဲ့ ကောင်လေး ကို ရိုက်ပြလိုက်တယ် ။ အမျိုးသမီး က ..
“ ရိုက် .. ရိုက် .. ရိုက် .. ရိုက် ”
လို့ ပါးစပ် က တတွတ်တွတ် ရွတ်ပြီး ကောင်လေး ကျောပြင် ကို လက်ဖဝါး နဲ့ ရိုက်နေလေရဲ့ ။ ဆိုင် ထဲက လူ အားလုံးကတော့ သည် မြင်ကွင်းကို ကြည့်ပြီး တဝါးဝါး တဟားဟား နဲ့ ပါ ။ အမျိုးသမီး က ဆိုင် ထဲ ကို မျက်စောင်း လှမ်း ထိုးလိုက်တယ် ။
“ အဲဒါတွေကြောင့် ငါ့ မှာ အလုပ်ပျက် နေတာနော် ။ ငါ့ ကို မစကြပါနဲ့ဆို ။ လူ က ကျနေတာဟဲ့ ”
“ အဘွား အဘွား ၊ ဟိုဘက် ဝိုင်း က မြင်းခွာရွက်သုပ် တစ်ပွဲတဲ့ ”
“ အေး အေး ... သား လာပြီ ... လာပြီ ”
အန်တီဝင်း ဆိုတဲ့ အမျိုးသမီး က ထ ထွက်သွား မလို့ လုပ်တယ် ။ ဒါကို စောစောက သံချောင်း ဆိုတဲ့ ကောင်လေး က ပဲ
“ ဒီလို ထွက်သွားလို့ ဘယ်ရမလဲ ၊ အကလေး နဲ့ သွားမှပေါ့ ”
ဆိုပြီး ခါးကို တို့ပြီး ကတဲ့ ဟန် လုပ်ပြလိုက်တယ် ။ အန်တီဝင်း ကလည်း ...
“ က ... က ... က ... က ”
ဆိုပြီး တကယ့်ကို အကလေး နဲ့ ထွက်သွား တော့တာပဲ ။ အားလုံးက တဝါးဝါး ပွဲကျ နေကြလေရဲ့ ။
ကိုအေးကို တို့ ၃ ယောက် စလုံး လည်း ဒီ မြင်ကွင်း ကို ကြည့်ပြီး သဘောကျ နေကြတယ် ။ အပြင်မှာ အတော် ဣန္ဒြေကြီး နေတတ်တဲ့ သူငယ်ချင်း ကိုစိုးနိုင် ကတောင် ပြုံးစစ နဲ့ ။
“ ကဲ ဘယ်နှယ့်လဲ ”
လို့ ၊ သည် ဆိုင်လေးကို ခေါ်လာတဲ့ ကိုသန်းတင် က သူတို့ နှစ်ယောက် စလုံး ကို မေးငေါ့ပြီး မေးလိုက်တယ် ။ ကိုအေးကို က လက်ကျန်လေး ကို မော့ လိုက်ကာ ပုစွန်ခြောက်သုပ် တစ်ဇွန်း ကို စားလိုက်ပြီ ...
“ အင်း မဆိုးပါဘူးဗျ ။ အမြည်းလေးတွေ က လည်း တိုတိုထွာထွာလေးတွေ ၊ ဈေး လည်း ချိုတယ် ။ စား လို့ လည်း ကောင်းပါတယ် ။ နောက်ပြီး ဟို အန်တီဝင်း ကြောင့် လည်း စိတ်လက် အတော် ပေါ့ပါးသွား တယ်ဗျ ။ ကျွန်တော် ဖြင့် ဟက်ဟက်ပက်ပက် မရယ်မိတာ ၊ အင်း အခုလို မရယ်မိတာ အတော် တောင် ကြာပြီ ထင်တယ် ။ အတော့်ကို ယောင်တတ်တဲ့ အမျိုးသမီး ပဲ ... နော ”
“ အေးဗျာ ကျွန်တော် လည်း ခပ်ရွံ့ရွံ့ နဲ့သာ လိုက်လာရတာ ။ သည်လို ဆိုင်မျိုး က ပြဿနာ ရှိတတ်တယ်လေ ။ နောက်ပြီး ဆူဆူညံညံ နဲ့ ။ အခုတော့ ရယ်ရယ်မောမော ၊ ပျော်ပျော်ရွှင်ရွှင် နဲ့ စ နေ ၊ နောက် နေ ကြတာပဲ တွေ့ရတယ် ။ မူးပြီး ဆူညံ ၊ ရမ်းသံ ၊ ဂျီကျသံတွေ မကြားရတော့ သဘော တောင် ခပ်ကျကျ ဖြစ် လာတယ် ”
ကိုစိုးနိုင် က လေအေးလေး နဲ့ ပြန် ပြောလိုက်တယ် ။ ကိုသန်းတင် က သူတို့ နှစ်ယောက် နား ခေါင်း ချင်း နည်းနည်း ကပ် လိုက်တယ် ။
“ အမျိုးသမီး နာမည် က ဒေါ်ခင်ဝင်း တဲ့ဗျ ။ ဒီမှာတော့ ကြီးကြီးငယ်ငယ် သူ့ ကို အန်တီဝင်း လို့ ပဲ ခေါ်ကြပါတယ် ။ အသက် ကတော့ ကျွန်တော်တို့ ၊ ခင်ဗျားတို့ နဲ့ မတိမ်းမယိမ်း ပဲ ရှိမယ် ။ သူ့ ယောက်ျား ဆုံးသွားတာ ၁၅ နှစ် ကျော်ကျော်လောက်တော့ ရှိမယ်ဗျ ။ သည် အရက်ဆိုင် က သူ့ တူလေး ဆိုင် ၊ သူ က ဟိုဘက်က စားပွဲ တစ်လုံး နဲ့ အမြည်း ရောင်းတာပေါ့ဗျာ ။ နေတာကတော့ ဟိုဘ က်ရပ်ကွက် မှာ သူ့ သမီးအငယ် နဲ့ နေတယ် ။ သမီးအကြီး တစ်ယောက် တော့ ရှိသေးတယ်ဗျ ။ သည် မြို့မှာ မနေဘူး ။ သမီးအငယ် ယောကျ်ား က လည်း ငပေ ပါဗျာ ။ လက်သမားလေး ယောင်ယောင် ၊ ပန်းရန်သမားလေး ယောင်ယောင် နဲ့ အရက်ပဲ တစ်နေကုန် မူးနေတဲ့ ကောင်ပါ ။ မွေးထားတဲ့ ကလေးတွေ က ဗုံ စီထား သလိုပဲ ။ အခု အန်တီဝင်း နဲ့ ပါလာတဲ့ ကောင်လေး က လည်း အဲဒီ ကောင့် သားလေး ပဲလေ ”
ကိုသန်းတင် က ရှည်ရှည်ဝေးဝေး ရှင်းပြပါတယ် ။ ကိုအေးကို တို့ ဘေးစားပွဲ က အဲသည် အချိန်မှာ ပဲ အမြည်း တစ်ပွဲ ထ မှာတယ် ။
“ အန်တီဝင်း ရေ ၊ အဘိုးကြီးသုပ် တစ်ပွဲ ဗျို့ ”
“ ရမယ် သားရေ ။ လာမယ် ၊ လာမယ် ”
“ ဘာလဲဗျ အဘိုးကြီးသုပ် ဆိုတာ ”
ခရိုင်အဆင့် ဥပဒေအရာရှိ လုပ်နေတဲ့ ကိုစိုးနိုင် က ဝင် မေးတယ် ။ သူ မမေးလည်း ကိုအေးကို က မေးတော့ မလို့ပါပဲ ။ ကိုသန်းတင် က ပြုံးလိုက်တယ် ။
“ လာတော့ ကြည့်ပေါ့ဗျာ ”
သိပ်မကြာပါဘူး ။ အန်တီဝင်း ကိုယ်တိုင် လာချတော့မှ ၊ ဘာလဲလို့ ။ လက်ဖက် ကို အစုံသုပ် ထား တာကိုး ။ ဒီ ဝိုင်း ကလည်း အန်တီဝင်း နဲ့ ရင်းနှီးပြီးသား ထင်တယ် ။ အမြည်းပွဲ ချပေးပြီး ပြန်ထွက်မယ် အလုပ် ၊ တစ်ယောက် က ...
“ အန်တီဝင်း ရေ ၊ ရက်ပ်ကလေး လုပ်စမ်းပါဦး ။ ရို့ .... အာဟာ .. အာဟာ ”
ဆိုပြီး ခါး ကို တို့လိုက်တော့ အန်တီဝင်း ခမျာ တရို့ရို့ နဲ့ ပါးစပ် က အော်ပြီး ကလိုက်တာ ကောက်ကွေး နေတာပဲ ၊ အတော်လေး ကြာမှ ...
“ မသာကောင်တွေ နော် ။ ငါ့ မှာ အမြည်း တစ်ပွဲ ရောင်းရတာနဲ့ မကာမိဘူး ။ မောကို နေပြီ ”
လို့ ပြောပြီး မျက်စောင်း ကို ခပ်ဆောင့်ဆောင့် ထိုးလို့ ထွက်သွားတယ် ။ ဆယ်ကျော်သက် ကောင်မလေးတွေ က သလို ရက်ပ် က နေတဲ့ အန်တီဝင်း ကို ကြည့်ပြီး ကိုအေးကို နဲ့ ကိုစိုးနိုင် တို့ နှစ်ယောက် ကတော့ ရယ်လိုက် ကြတာ မျက်ရည် ကို ထွက်လို့ ။ သောက်ထားတဲ့ ဘီအီး နဲ့ ဘီယာအရောကလေး ဘယ် ရောက် သွားမှန်း တောင် မသိတော့ပါဘူး ။
••••• ••••• •••••
( ၂ )
အမှန်တော့ သည် မြို့ နဲ့ သည် မြို့ ဆိုတာ ဧရာဝတီမြစ်ကြီး ပဲ ခြားတာပါ ။ တံတား ပဲ ခြားတယ် ပြောပါတော့ ။ ဆိုင်ကယ် နဲ့ သွား ၊ ဘယ်လောက် ကြာတာ မှတ်လို့ ၊ ဒါပေမဲ့ ကိုယ့် ဌာနဆိုင်ရာ အလုပ်တွေ ၊ မိသားစုကိစ္စတွေ နဲ့ ဆိုတော့ တစ်နှစ် နေလို့ကို တစ်ခေါက် မရောက်ဖြစ်ဘူး ။ ရန်ကုန် တို့ ၊ မန္တလေး တို့ ကမှ တစ်နှစ် ကို နှစ်ခေါက် ၊ သုံးခေါက် ရောက်သေးတယ် ။
အခုလည်း ငယ်ငယ် က ဒေသကောလိပ် တက်ဖက် သူငယ်ချင်း တစ်ယောက် ရဲ့ သမီး မင်္ဂလာဆောင် ဖိတ်လို့ လာရတာ ။ ကိုစိုးနိုင် ကတော့ ကိုအေးကို တို့ မြို့နဲ့ မိုင် ၁ဝဝ လောက် ဝေးတဲ့ မြို့ ကပါ ။ ဒါပေမဲ့ သတို့သမီး အဖေ ရော ၊ ကိုသန်းတင် ရော က ကိုအေးကို တို့ ၊ ကိုစိုးနိုင် တို့ နဲ့ ဒေသကောလိပ် တက်ဖက် ၊ တစ်ဆောင် တည်း အတူ နေလာကြတဲ့ သူတွေ ။ သူတို့ အထဲ မှာ ကိုသန်းတင် ကတော့ ငယ်ငယ် ကတည်း က ဝန်ထမ်း မလုပ်ဘူး ။ အခုလည်း အိမ် မှာ စာအုပ် နဲ့ ဗီစီဒီ အငှားဆိုင်လေး ဖွင့်ထားတယ် ။ သတို့သမီး အဖေ က တော့ အဝေးမြို့ က လာတဲ့ ကိုအေးကို တို့ နှစ်ယောက် အတွက် နေစရာ ၊ အိပ်စရာ အိမ် စီစဉ်ပြီးသားပါ ။ ဒါပေမဲ့ ငယ်သူငယ်ချင်းတွေ မဆုံဖြစ်ကြ တာ လည်း ကြာပြီ ။ မြို့ခံ ဖြစ်တဲ့ ကိုသန်းတင် က လည်း သူ့ အိမ် ပဲ လိုက် အိပ် ။ သူတို့ လည်း လင်ကိုယ်မယား ပဲ ။ အိမ် က ကျယ် လည်း ကျယ် ၊ လွတ် လည်း လွတ်လပ်တယ် ဆို လို့ သူတို့ နှစ်ယောက် ကိုသန်းတင် အိမ် မှာပဲ စတည်းချ လိုက်ကြတာပါ ။
ပြဿနာ စတာ က ညနေ ရေမိုး ချိုးပြီးတဲ့ အချိန် မှာပဲ ။ အရှေ့ဘက်ကမ်း ၊ အနောက်ဘက်ကမ်း ဆိုတော့ ကိုအေးကို က လည်း ဆိုင်ကယ် နဲ့ လာတာ ။ ကိုစိုးနိုင် က အဝေး က ဆိုတော့ မပါဘူး ။ ရေမိုးချိုး ၊ အဝတ်အစား လဲ ပြီးနေတဲ့ သူတို့ နှစ်ယောက် ကို အိမ်ရှင် ဖြစ်တဲ့ ကိုသန်းတင် က မျက်လုံး ဝေ့ပြီး ကြည့်တယ် ။
“ ပြော ကိုယ့်လူတို့ ။ ဘာ အစီအစဉ် ဆွဲ မလို့တုံး ”
“ ဒီလိုပေါ့ဗျာ ။ ရောက်တုန်း မြို့ထဲ လျှောက် ကြည့်မလားလို့ ”
ကိုအေးကို လေပျော့လေး နဲ့ ဖြေတယ် ။ ကိုသန်းတင် က မျက်ခုံး တစ်ဖက် ကို ပင့်ပြီး ပြုံးလိုက် တယ် ။
“ လုပ်မနေစမ်းပါနဲ့ဗျာ ။ ခင်ဗျားတို့ နှစ်ယောက် အချိုးတွေ ကျောင်းတုန်း ကတည်းက ကျုပ် သိတယ် ။ ဒါ သွား လုပ်မှာမို့လား ”
လက်မ ကို ကော့ပြီး ပါးစပ် ကို တေ့တဲ့ အမူအရာ လုပ်ပြရင်း ပြန်မေးတယ် ။
“ ဟုတ်တယ် ၊ ကိုသန်းတ င်ရ ။ ကျွန်တော် က ကိုအေးကို ကို စည်ဘီယာဆိုင် ကောင်းကောင်းလေး လိုက် ပို့ခိုင်း မလားလို့ ”
“ ကျွန်တော် ကတော့ စည်ဘီယာ မကြိုက်ဘူးဗျ ။ အလကား ဗိုက် ပြည့်တယ် ။ H.C လေး ၃ ၊ ၄ ပက် လောက် သွားချမလားလို့ ”
ကိုသန်းတင် က ပြူး ကြည့်တယ် ။ ဟုတ်တယ်လေ ၊ နှစ်ယောက်စလုံး က အကြိုက် တူကြတာ မဟုတ်ဘူး ။ တစ်ယောက် က သောက်ချင်တာ အပျော့ ၊ စည်ဘီယာ ။ နောက် တစ်ယောက် က အပြင်း ၊ ဟိုက် ကော်မရှင်နာ ဝီစကီ ။
“ ဒီလိုလုပ်ဗျာ ။ ကျွန်တော် သွားနေကျ ဆိုင် တစ်ဆိုင် ရှိတယ် ။ အဲသည်ကို ခင်ဗျားတို့ နှစ်ယောက် ကို ခေါ်သွားမယ် ”
“ ဘာလဲဗျ ။ စင်တင်တေးဂီတတွေ ၊ ဘာတွေ ရှိတဲ့ ဆိုင်လား ”
ကိုစိုးနိုင် က ဖြတ် မေးလိုက်တယ် ။
“ အံမယ် သူ က ပန်းကုံးတွေ ၊ ဘာတွေ စွပ်ချင်တယ်နဲ့ တူတယ် ”
ကိုအေးကို က ဖြတ်ပြီး ရိ လိုက်တယ် ။ ကိုသန်းတင် က သူတို့ ကို လက်ကာ ပြပြီး ...
“ ကျွန်တော် ခေါ်သွားမယ့် ဆိုင် က အရက် တစ်မျိုး ပဲ ရတယ် ။ ဒါပေမဲ့ အမြည်းတွေ က တော့ တိုတိုထွာထွာလေးတွေ ၊ အမျိုးလည်း စုံတယ် ။ စားလို့ လည်း အရသာ ရှိတယ် ။ ဈေး လည်း မကြီးဘူး ။ သေချာတာက တော့ ခင်ဗျားတို့ အဲသည် ဆိုင် ရောက်ရင် စိတ်လက် ပေါ့ပါးပြီး ပျော်သွားမှာ အမှန်ပဲဗျ ”
“ အရက် က ဘာလဲ ။ ဘာ အရက်လဲ ”
“ ဘီအီး ”
ကိုစိုးနိုင် မျက်နှာ ရှုံ့သွား သလို ကိုအေးကို လည်း မျက်လုံး ပြူးသွားတယ် ။
“ ဘာလဲ ခင်ဗျားတို့ က အရာရှိတွေ ဖြစ်နေကြပြီ ဆိုပြီး သည်လို ဆိုင်မျိုးကို ထိုင်ဖို့ ဝန်လေး နေကြတာလား ။ ကျောင်းတုန်းက တစ်ခါတလေ ကျွန်တော်တို့ သွားသွား ထိုင်ကြတာတွေ မေ့သွားကြပြီလား ”
“ အင်း အဲဒီလိုလည်း မဟုတ်ပါဘူးဗျာ ။ဒါပေမဲ့ ဘီအီးဆိုင် ဆိုတော့ အင်း .. ”
“ အေးလေ ... ခင်ဗျား ကလည်း သည် မြို့ မှာ အရက်ဆိုင်တွေ ပေါပါတယ်ဗျာ ”
“ လိုက်ခဲ့ကြစမ်းပါ ။ ဆိုင်လေး က မြစ်ကမ်း နံဘေးမှာဗျ ၊ ဆိုင် ထဲ ကနေ ကြည့်ရင် မြစ်ပြင် တစ်ခုလုံး ကို မြင်ရတယ် ။ ပြီးတော့ လေလေး က လည်း တဖြူးဖြူး နဲ့ လာပါ ။ မအုန်း ရေ ၊ ငါ အပြင် သွားမလို့ဟေ့ ”
ပြောပြောဆိုဆိုပဲ ကိုသန်းတင် က အိမ် ပေါ် က ဆင်းတယ် ။ ကိုသန်းတင် က ဆိုင်ကယ် တစ်စီး ၊ ကိုအေးကို နဲ့ ကိုစိုးနိုင် က ဆိုင်ကယ် တစ်စီး စီ နဲ့ ချီတက်ခဲ့ကြ တယ် ။ လိုက်သာ လိုက်ခဲ့ရတယ် ။ နှစ်ယောက်စလုံး မျက်နှာ အိုအို ၊ စိတ် မသက်မသာ နဲ့ပါ ။ ကိုစိုးနိုင် က ဆိုင် ထဲ မှာ သူ့ အမှုသည် တချို့နဲ့ တွေ့ မှာ စိုးရိမ်နေသလို ၊ ကိုအေးကို ကလည်း သည်လို ဆိုင်မျိုးမှာ သူ့ တပည့် ကျောင်းဆရာ တချို့ နဲ့ သွား ဆုံမှာ ကို စိုးတထိတ်ထိတ် နဲ့ ပါ ။ နောက်ပြီး သည်လို ဆိုင်မျိုး က ပြောရတာ မဟုတ်ဘူး ။ တော်ကြာ ရန်ပွဲ ၊ သ,တ်ပွဲပုတ်ပွဲ ထ ဖြစ်ချင် ဖြစ်တတ်တာမျိုး မို့လား ။ အဲသည်လို နဲ့ သည် ဘီအီးဆိုင်လေး ကို သူတို့ ရောက်ပြီး အန်တီဝင်း နဲ့ တွေ့ ခဲ့ကြရတာပါပဲ ။
••••• ••••• •••••
( ၃ )
သည်နေ့ မင်္ဂလာဆောင် အခမ်းအနား ပြီးတယ် ။ ကိုအေးကို က တန်း ပြန်ချင်ပေမယ့် ကိုစိုးနိုင် ပြန်ရမယ့် ကား က နောက်နေ့ မနက်စောစော မှ ထွက်မှာ မို့ သူ လည်း အဖော်ရအောင် ဆိုပြီး တစ်ည ဆက် နေလိုက်တယ် ။ သတို့သမီး အဖေ က အဲသည် နေ့ည အတွက် သူ တာဝန်ယူ ဧည့်ခံမယ် လို့ စီစဉ်ထားတာတောင် ဧည့်ခံပွဲ မှာ မကောင်းတတ် လို့ တစ်ခွက် ၊ နှစ်ခွက် လောက် သောက်ပြီး သူတို့ သုံးယောက် လစ်ထွက်ခဲ့တယ် ။ အန်တီဝင်း ဆိုင် ကိုပေါ့ ။
ဂျော်နီလမ်းလျှောက် အနက် ကို စွန့်ပြီး ဘီအီး သောက်ဖို့ ထွက်လာတဲ့ သူတို့ သုံးယောက် အကြောင်း ကိုများ သတို့သမီး အဖေ သာ သိရင် ဆိုတဲ့ အတွေး ကို တွေးပြီး တစ်ယောက် နဲ့ တစ်ယောက် မျက်နှာ ကြည့်ပြီး ပြိုင်တူ ပြုံးမိကြသေးတယ် ။ သူတို့ ရောက်တော့ ဆိုင် တောင် သိမ်းခါနီးပြီ ထင်ပါရဲ့ ။ စားပွဲ ၃ လုံး လောက် မှာ ထိုင် သောက်နေတဲ့ သူတွေ လောက်ပဲ ရှိတော့တယ် ။ မြေကြီးပေါ် ဖျာ ချပြီး ထိုင် သောက်နေတဲ့ သူတွေ မရှိတော့ဘူး ။
“ ဦးသန်းတင်တို့ ပါလား ... ဘာမှာကြမလဲ ”
သူတို့ ခုံ မှာ ထိုင်လိုက်တာနဲ့ အန်တီဝင်း ရောက်လာတယ် ။ ကိုသန်းတင် က ဆိုင်ကယ်ခြင်း ထဲထည့် ယူ လာခဲ့တဲ့ ဘီယာနှစ်လုံး ကို စားပွဲပေါ် တင်ပြီး
“ ဘီအီး တစ်လုံးဗျာ ။ နောက်ပြီး အမြည်း က ဝက်ခေါင်းသုပ် ရယ် ၊ စာကလေးကြော် ရယ် ၊ ရှောက်သီးသုပ် ရယ် ၊ မြင်းခွာရွက်သုပ် ရယ် ... ”
“ ရမယ် ရမယ် ဟဲ့ .. မောင်စိုး သည်စားပွဲ က ဘီအီး တစ်လုံး တဲ့ သွား ယူပြီးချပေးလိုက် ”
အန်တီဝင်း က အနား က ပါလာတဲ့ သူ့ မြေး ကို အရက် သွား ယူခိုင်းပြီး အိပဲ့အိပဲ့ နဲ့ ထွက်သွားတယ် ။ ကိုအေးကို က မင်္ဂလာဆောင် အိမ် က သောက်လာတဲ့ နှစ်ခွက် အရှိန်ကြောင့်လား တော့ မသိဘူး ။ အဲဒီအန်တီဝင်း နဲ့ မရင်းနှီး လို့ ၊ ရင်းနှီး ရင် ခါးကလေး တစ်ချက် လောက် တို့ပြီး ယောင်ချင် ရာ ယောင် သွားအောင် စလိုက်ချင်သေးတာ ။ ထွက်သွားတဲ့ အန်တီဝင်း ကို ကြည့်ပြီး ပြုံးစစ လုပ်နေတဲ့ ကိုအေးကို ကို ကိုစိုးနိုင် က တံတောင် နဲ့ တွတ်တယ် ။
“ ဘာလဲ ၊ ခင်ဗျား မကြီးမငယ် နဲ့ ခါး တို့ ချင်နေတာ မို့လား ”
လို့ မေးလိုက်တယ် ။ သူ လည်း စပ်ဖြီးဖြီး နဲ့ ပါ ။ ဖြစ်နိုင်ရင် သူ လည်း တို့ချင်နေပုံပါ ။ မကြာပါဘူး ။ အမြည်းပွဲ သူတို့ စားပွဲ ကို ချဖို့ လာနေတဲ့ အန်တီဝင်း ကို ရှေ့ စားပွဲ က ကောင်လေး တစ်ယောက် က ခါး သွားတို့ လိုက်တယ် ။
“ ဟဲ့ ဖားပြုတ်ကိုက် နေတိုး နဲ့ ငါ နဲ့ ကြိုက် ”
ဆိုပြီး ယောင်တော့တာပဲ ။
“ အန်တီဝင်း ယောင်တာ က လည်း နာ နေပါဦးမယ် ”
လို့ ကောင်လေး က ထပ် စ နေသေးတယ် ။ ထူး တော့ ထူးခြားတယ် ။ ယောင်ပြီး တွန့်သွားတာ တောင် လက် ထဲ က အမြည်းပန်းကန် သုံးချပ်ပေါင်း ကိုင် လာတာ တစ်ချပ် မှ အောက် မကျဘူး ။ အန်တီဝင်း ပါးစပ် ထဲ က ခပ်ကြမ်းကြမ်းတွေ ထွက် သွားတယ် ။ အားလုံးက တော့ တဝါးဝါး နဲ့ ပါ ။ သူတို့ နား ရောက်တော့ ...
“ အဲသည်လိုပါပဲ ဆရာတို့ ရယ် ။ ကျွန်မ က ယောင်တတ်တော့ သူတို့ က အချိန်တိုင်း ကို စ နေကြ တာ ။ တစ်ခါတစ်ခါများ အရက် သောက်ချင်လို့ လာတာလား ။ ကျွန်မ ကို စချင်နောက်ချင်လို့ လာတာလား ခွဲမရဘူး ။ ဒါပေမဲ့ ကိုယ့် တူ ၊ ကိုယ့် သား တွေ ဆို တော့ ခွင့်လွှတ် နေရတာပဲ ”
“ ဟုတ်တာပေါ့ ၊ ဟုတ်တာပေါ့ ”
ကိုအေးကို က နှုတ် ခပ်သွက်သွက် နဲ့ ထောက်ခံတယ် ။
“ လိုတာ ပြောပါနော် ဆရာတို့ ”
ဆိုပြီး အန်တီဝင်း ထွက်သွားတယ် ။ သူ့ စားပွဲ ကို တော့ မဟုတ်ပါဘူး ။ တခြား ဝိုင်း တစ်ဝိုင်း ကိုပါ ။ ပြောသံဆိုသံ သဲသဲကွဲကွဲ မကြားရပေမယ့် အန်တီဝင်း အမူအရာ နဲ့ တဝါးဝါး ၊ တဟားဟား အသံတွေ ကြားရတာနဲ့ တင် ယောင်တတ်သူ ကို စ နေကြပြန်ပြီ ဆိုတာ သိနိုင်ပါတယ် ။ အဝေး က အမူအရာ ကို မြင်ရတာနဲ့ ပဲ သူတို့ အဖွဲ့ ရယ်နေကြရ ပြန်ပြီလေ ။
သူတို့ သုံးယောက် သောက်လို့ ပုလင်း တစ်ဝက် မကျမီ မှာပဲ ကလေး တစ်ယောက် က ကိုသန်းတင် ကို လာ ခေါ်တယ် ။ သူ့ အမျိုးသမီး က ကိစ္စ ရှိလို့ အမြန် လာပါဆိုပဲ ။ ကိုသန်းတင် က သူတို့ နှစ်ယောက် ကို တောင်းပန်ပြီး ပြန် သွားတယ် ။ ရတယ်လေ ။ မနေ့က ရောက်ခဲ့ဖူးလို့ လမ်း သိပြီးသားပဲ ။ ဘာမှ အားနာ မနေ နဲ့ ။ ကိုယ့် ဘာသာ ကိုယ် ပဲ ပြန်ခဲ့မယ် လို့ ပြောပြီး သူတို့ နှစ်ယောက် ပဲ ဆက် ချလိုက်တယ် ။
လမိုက်ရက် ဆိုပေမယ့် ကြယ်ရောင် နဲ့ လင်း နေသေးတယ် ။ ကြယ်ရောင် အောက် က မြစ်ပြင် ကို ကြည့် ၊ မြစ် ကို ဖြတ်တိုက်လာတဲ့ လေအေး ကို အားရ ပါးရ ရှူပြီး နှစ်ယောက်သား သောက်လိုက် ၊ လေပစ် လိုက် လုပ်နေလိုက်ကြတာ ဆိုင် သိမ်းမှပဲ ထဖြစ်ကြ တော့တယ် ။
ဆိုင်ကယ် ကို ကမ်းပါး ပေါ် တွန်းတင်ပြီး အပေါ်ကျ မှ စီးကြတယ် ။ ဝါး သုံးလေးရိုက် လောက်ပဲ ရှိဦးမယ် ။ နောက် ဘီး က ရမ်းတမ်းတမ်း ဖြစ်နေတယ် ထင်လို့ ရပ်ပြီး ကြည့်လိုက်တော့ နောက်ဘီး က ပြားနေပြီ ။
“ ဒုက္ခပဲဗျို့ ၊ အချိန် ကလည်း ၁ဝ နာရီ ကျော်နေ ပြီ ။ သည်အချိန် ဆို ဘီးဖာ တဲ့ ဆိုင်တွေ လည်း ရှိမှာ မဟုတ်တော့ဘူး ”
ကိုအေးကို က ညည်း လိုက်တယ် ။
“ ဘာဖြစ်လဲဗျာ ။ တစ်ယောက် တစ်လှည့် တွန်းပြီး ပြန်ကြတာပေါ့ ။ အတွေ့အကြုံ ရတာပေါ့ ”
ကိုစိုးနိုင် က အားပေးစကား ပြောပါတယ် ။ ဒီလိုနဲ့ပဲ တွန်းလိုက် ၊ ပေါက်ကရတွေ ပြောလိုက် ၊ ကျောင်းတုန်းက အကြောင်းတွေ လည်း ပါရဲ့ ။ စောစော အန်တီဝင်း အကြောင်း လည်း ပါရဲ့ ။ တွန်းခါစ က တော့ မမောဘူး ။ နည်းနည်း ကြာတော့ နှစ်ယောက် စလုံး ဟိုက် လာတယ် ။ ဒါနဲ့ တံတားတိုလေး တစ်နေရာ ရောက်တော့ ဆိုင်ကယ် ကို ဘေးနား ထိုးကပ်ပြီး တံတား အုတ်ခုံ တစ်ဖက်တစ်ချက်စီ ပေါ်မှာ နှစ်ယောက်သား ပက်လက် လှန် ပြီး နား လိုက်ကြရတယ် ။ အဲသည် အချိန် လောက်မှာပဲ သူတို့ လာတဲ့ လမ်း က ဖိနပ်သံ တစ်ဖျပ်ဖျပ် ကြားရတယ် ။ လူ က လည်း သည် နား က နည်းနည်း ပြတ်တော့ ခေါင်းထောင် ကြည့် လိုက်ကြတယ် ။ နီး လာတော့ အမျိုးသမီး တစ်ယောက် နဲ့ ကလေး တစ်ယောက် ။ သူတို့ ခေါင်းတွေ အုတ်ခုံ ပေါ် ပြန် ကျသွားတယ် ။ အမျိုးသမီး နဲ့ ကလေးလေး က သူတို့ နှစ်ယောက် ကို ဖြတ်ကျော် သွားတယ် ။ အမျိုးသမီး ခေါင်း ပေါ် မှာတော့ ဒန်အိုး လို ၊ ဇလုံ လို ဟာ ရွက် ထားတာ တွေ့တယ် ။ သူတို့ နည်းနည်း လွန် သွားမှ ကိုစိုးနိုင် က တိုးတိုး မေးတယ် ။
“ ဟေ့လူ ၊ ဒါ ဟို အန်တီဝင်း ဆိုတဲ့ အမျိုးသမီး မဟုတ်လားဗျ ”
“ အင်း ထင်တာပဲ ”
“ ကဲ ကဲ သိပ် အကြာကြီး နား မနေနဲ့ ။ ကျုပ်တို့ လည်း သွားရအောင် ၊ တော်ကြာ အရှိန်လေး နဲ့ ဆိုတော့ အိပ်ပျော် သွားဦးမယ် ”
ဆိုင်ကယ် ကို တွန်းပြီး ရှေ့ က နှစ်ယောက် နောက် လိုက်ကြတယ် ။ မလှမ်းမကမ်း ရောက်တဲ့ အခါ အမျိုးသမီး နဲ့ ကလေးလေး စကား ပြောသံ ကို ကြား လိုက်ရတယ် ။ မှောင် က လည်း မှောင် ဆိုတော့ သူတို့ ကို ဘယ်သူတွေ မှန်း လည်း မသိပုံ မရပါဘူး ။
“ အဘွား အဘွား ”
“ ဟဲ့ ဘာလဲဟဲ့ ၊ ခါး ကို တတို့တို့ နဲ့ ပြောမှာ ပြောသာ မဟုတ်ဘူး ။ ဒီမှာ အပေါ်က ရွက်ထားရတာ က တစ်ဖက် ၊ မှောင် လို့ လမ်း ကြည့်ရတာက တစ်မျိုး ”
“ အဘွား ကို ကျွန်တော် ခါး တို့နေတာ လေး ငါး ခါ ရှိပြီ ။ အဘွား က လည်း တစ်ခါ မှ လည်း မယောင်ဘူး ”
“ ဟဲ့ ... ယောင်စရာလား ၊ ဟဲ့ .. အကောင်ရဲ့ ”
“ ဟင် အဘွား က လည်း ဆိုင် မှာ တုန်းကတော့ တစ်ချိန်လုံး ယောင် နေပြီးတော့ ... ”
အန်တီဝင်း က သူ့ ဘေးက လျှောက်လာတဲ့ ကောင်လေး ခေါင်းကို ဒေါက်ခနဲ ခေါက် လိုက်တယ် ။
“ ပင်ပန်းရတဲ့ ကြားထဲ ၊ ကဲ ဟယ် ။ ဆိုင် မှာ တော့ ငါ ယောင် နေရတာပေါ့ဟဲ့ ။ ငါ အဲဒီလို ယောင်နေလို့ နင်တို့ ထမင်းစား နေရတာဟဲ့ ။ ယောင်ချင် တိုင်း ယောင် နေတာ မဟုတ်ဘူး ။ စကားများ မနေနဲ့ ။ ဓာတ်မီး ကို လမ်း ကြည့်ထိုး ”
စကားသံ ကို နောက်က သဲသဲကွဲကွဲ ကြား လိုက်ရတဲ့ ကိုအေးကို နဲ့ ကိုစိုးနိုင် တို့ နှစ်ယောက် တစ်ယောက် မျက်နှာ တစ်ယောက် ကြည့်ပြီး ကိုယ့် နဖူး ကို ကိုယ်ရိုက် လိုက်ကြတယ် ။ မောပြီး ချွေးတွေ လည်း ပြန်လာတယ် ။ ဆိုင်ကယ် တွန်းရတာချည်း ကြောင့် တော့ မဟုတ်ပါဘူး ။
••••• ••••• •••••
( ၄ )
“ ဒါ မရိုးသားမှု ပဲ ဗျ ။ ကျုပ်တို့ ကတော့ တကယ် မှတ်လို့ သဘောတွေ ကျပြီး ၂ ရက် ဆက်တိုက် တောင် သွားလိုက်သေး ။ သက်သက် အရူးလုပ် ခံ လိုက်ရတာဗျ ”
ကိုသန်းတင် ရဲ့ ဧည့်ခန်း ကို ခေါက်တုံ့ခေါက် ပြန်လျှောက်ရင်း မကျေမချမ်း နဲ့ ပြောနေတဲ့ ကိုစိုးနိုင် ကို ကိုသန်းတင် က ကုလားထိုင် ပေါ်ကနေ ခပ်အေးအေးပဲ ကြည့် နေတယ် ။ မျက်နှာ နီမြန်း နေအောင် စိတ်တို နေတဲ့ ကိုအေးကို ကလည်း ကိုသန်းတင် ကို တစ်ချက် ဝင်ပြောတယ် ။
“ နေပါဦး ၊ ခင်ဗျား က မြို့ခံပဲ ။ အဲသည် မိန်းမကြီး အကြောင်း ခင်ဗျား မသိဘူးလား ”
ကိုသန်းတင် က ပြုံးလိုက်တယ် ။
“ မယောင်တတ်ဘဲ နဲ့ ယောင်တတ်ချင်ယောင် ဆောင်တဲ့ အကြောင်းတော့ ကျွန်တော် မသိဘူးဗျ ။ ခင်ဗျားတို့ အခု ပြောမှပဲ သိတာ ။ ဒါပေမဲ့ ကျွန်တော် က တော့ ပို ပြီးတော့တောင် သဘောကျ ကျေနပ် သွားသေး တယ် ။ စိတ်တို စိတ်ဆိုးစရာ မှ မဟုတ်တာပဲဗျာ ”
“ ဒါ စိတ်ဆိုးစရာ ၊ ဒေါသထွက်စရာ ပေါ့ ဗျ ။ သူ ဈေးရောင်း ရအောင်လို့ လိမ်တာပဲ ဥစ္စာ ”
နှစ်ယောက်စလုံး က လေသံထန်ထန် နဲ့ ပြန် ပြောလိုက်တယ် ။ ကိုသန်းတင် မျက်နှာ က ပြုံးနေရာ ကနေ တဖြည်းဖြည်း တည် သွားတယ် ။ ကိုအေးကို နဲ့ ကိုစိုးနိုင် တို့ နှစ်ယောက်စလုံး ရဲ့ မျက်နှာတွေ ကို တစ်လှည့်စီ စိမ်းစိမ်းစူးစူး ကြည့်လိုက်တယ် ။ ပြီးတော့ မှ ...
“ ဒီမယ် ကိုယ့်လူ တို့ ၊ သူ လုပ်တာ ဘယ်သူ့ မှ ဘာမှ ထိခိုက် မသွားပါဘူးဗျာ ။ သူ့ စားဝတ်နေရေး အတွက် ယောင် တာပဲ ။ နောက်ပြီး ကျွန်တော် ထင်တာ ကတော့ အဲသည်လို ယောင်တဲ့ သူတွေ ၊ အေးလေ ခင်ဗျားတို့ ပြောသလို မယောင်တတ် ဘဲ နဲ့ ယောင်တဲ့ သူတွေ ဒီ လောက မှာ အန်တီဝင်း တစ်ယောက်တည်း မဟုတ်ပါဘူးဗျာ ။ သူ ယောင်တာ က သူ့ အရက်ဆိုင်လေး ထဲ တင်မှာပါဗျ ။ တချို့ဆို ... ”
ကိုသန်းတင် က သူ့ စကား ကို ဖြတ်ပြီး သူတို့ နှစ်ယောက်စလုံး ရဲ့ မျက်နှာတွေ ကို ကြည့်ပြီး မျက်လုံးချင်း ဆိုင်ဖို့ ကြိုးစားလိုက်တယ် ။ ကိုအေးကို နဲ့ ကိုစိုးနိုင် ဘယ်သူ က စပြီး ခေါင်း အရင် ငုံ့မိသလဲ မသိပါဘူး ။ ညဉ့်နက်ပြီ ဖြစ်လို့ အသံတွေ အားလုံး တိတ်ဆိတ်လို့ ၊ တစ်ချက် တစ်ချက် ပေါ်လာတဲ့ ပုရစ်အော်သံလေးတွေ က လွဲရင်ပေါ့လေ ။
⎕ ဦးဆွေ ( ဒဿနိက )
📖 ရွှေအမြုတေ မဂ္ဂဇင်း
၂၀၁၁ ၊ ဇန်နဝါရီ
No comments:
Post a Comment