❝ စာပေရေးသားခြင်း အနုပညာ ❞
( ရဲမြလွင် )
ဟိုက္ကူကဗျာ ဆိုတာ ဂျပန်နိုင်ငံ မှာ စတင် ပေါက်ဖွားခဲ့တဲ့ ကဗျာ ဖြစ်ပါတယ် ။
ဟိုက္ကူ ကဗျာ ဆိုတာ ကမ္ဘာ ပေါ်မှာ အလွန်တိုဆုံး ကဗျာ ဖြစ်ပါတယ် ။
ပထမပိုဒ် က ၅ - လုံး ၊ ဒုတိယပိုဒ် က ၇ - လုံး ၊ တတိယပိုဒ် က ၅ - လုံး နဲ့ ငါးခွန်ငါး ( ၅ , ၇ , ၅ ) စပ်ရပါတယ် ။ နောက်ပြီးတော့ ဟိုက္ကူကဗျာ ထဲ မှာ ရာသီဥတု ရဲ့ အနံ့လေးတွေ ဆမ်း ပေးရပါတယ် ။ နွေဦးရာသီ ရဲ့ အနံ့လေး တွေ ၊ မိုး ဆိုရင် မိုး ရဲ့ အနံ့လေး တွေ ၊ ဆောင်း ဆိုရင် ဆောင်း ရဲ့ အနံ့လေး တွေ ၊ ရာသီဥတု နဲ့ စပ်တဲ့ ခံစားချက်လေး တွေ ထည့်ပေးရပါတယ် ။ ဒါဆိုရင် ဟိုက္ကု ကဗျာ ဖြစ်တယ် ။
ဆရာ အောင်ဇင်မင်း ပြောတဲ့ ကမ္ဘာကျော် ကဗျာ ဟိုက္ကူ ကဗျာ မှာ
ရေကန်အိုကြီး
ဖားတစ်ကောင်ခုန်ချ
ပလုံ မည်သံထ ... ။
ဆိုတာကို ကျွန်တော် ဂျပန် လို ရွတ်ပြပါ့မယ် ။
ဖု ရု အိ ကဲ ယာ
ဟ ဝါ ဇု တော ဘိ ခေါ မု
မိ ဇူ နော အော် တော့ ။
ဒါပါပဲ ။
အဲဒါကို အင်္ဂလိပ် က ပြန်ပါတယ် ။
The Old Pool .
Flows Just in to.
The Sound of Water.
အဲဒါကို ဆရာ မင်းသုဝဏ် က လှလှလေး ဘာသာ ပြန်ပါတယ် ။ ဘယ်လို ပြန်သလဲ ဆိုတော့ ...
ကန်အိုကြီးပါလား
အလို .. ရွှေဖား ခုန်ဆင်းသွား
ပလုံ မြည်သံကြား .. ။
အဲဒီအချိန်မှာ ကန့်လန့်ကန့်လန့် လုပ်တဲ့ သူ ကလည်း ရှိပါတယ် ။
ဟိုက္ကူ ထဲမှာ ကန်အိုကြီးပါလား ဆိုတာ မပါ ဘူး ၊ ရွှေဖား လို့ လည်း မပါဘူး ။ နောက် တစ်ခါ ' ပလုံ ' ဆိုတဲ့ စကား လည်း မပါဘူး ။ ဒါမှားတယ် ။ အဲဒီ အချိန်မှာ ကျွန်တော် က ဆရာကြီး မင်းသုဝဏ် ဘက် မှာ ရပ်တည် ခဲ့ပါတယ် ။
ဖု ရု အိ ကဲ ယာ
ဟ ဝါ ဇု တော ဘိ ခေါ မု
မိ ဇူ နော အော် တော့ ။
ဆိုတာကို အင်္ဂလိပ် က လူ တစ်ရာ့ငါးဆယ် ဘာသာပြန် လို့ ရှိရင် တစ်ရာ့ငါးဆယ် ထွက်တယ် ။
တချို့က တိုတိုလေး
Flows Old Pool.
Flows Just in to.
တချို့က “ ဟိုး ... ရှေးရှေးတုန်းက ကန်အိုကြီး တစ်ခု ရှိသတဲ့ကွယ် ။
လူသား လည်း မရောက်ဖူးဘူး ။ အဲဒီမှာ စပ်စုတဲ့ ဖားတစ်ကောင် ရှိတယ် ”
အရှည်ကြီး ပြန်တယ် ။
အဓိက က တော့ ‘ ကဗျာ ဆရာ ရဲ့ နှလုံးသား ကို ဘာသာပြန်တာပါ ’
ကျွန်တော် နဲ့ စ တွေ့တဲ့ ဟိုက္ကူကဗျာလေး တစ်ခု ကို ကျွန်တော် စ, စချင်း ကဗျာလေး ကို ကျွန်တော် ရွတ်ပြမယ် ။
မရွတ်ခင် မှာ ကျွန်တော် နဲ့ ကျွန်တော့် ဇနီး ညရထား စီးပြီး မန္တလေး ကို သွားပါ တယ် ။ မန္တလေး သွားတဲ့ အခါ ကျတော့ ၊ လမ်း မှာ ရထားကြီး က ရပ်တယ် ။ မီး တွေ ကလည်း ပြတ်တယ် ။ ၁၅ - မိနစ် လောက် ကြာတယ် ။ ကျွန်တော် က
မိန်းမ ကို “ မိန်းမရေ ... အဲပြတင်းပေါက် ကို ဖွင့်ကြည့်လိုက် အဲဒီမှာ မြို့လှမြို့ ဘူတာ ဆိုတာ ဆိုင်းဘုတ်ဖြူဖြူလေး ကို တွေ့မယ် ” မယုံသင်္ကာ နဲ့ ပြတင်းပေါက် ကို ဖွင့်ကြည့်တော့ -
“ ဟင် ... ရှင် တစ်ညလုံး အိပ်နေပြီး ဘယ်လို လုပ်ပြီး မြို့လှမြို့ ဆိုတာသိလဲ ”
“ မိန်းမရေ ... ကိုယ့် မွေးရပ် ဆိုတာ မျက်စိ နဲ့ တင် မဟုတ်ဘူး နှာခေါင်း နဲ့ လည်း သိတယ် ”
ကျွန်တော် အဲဒီမှာ ဟိုက္ကူလေး တစ်ပုဒ် စပ်လိုက်တယ် ။
သစ်ဆွေးကြံဖတ်နံ့
ရထားတန့်တဲ့ ဒီနေရာ
မြို့လှမြို့ဘူတာ ။
အဲဒီမှာ ဘာလဲ ဆိုရင် ကျွန်တော် က ရုတ်တရက် ပေါ်လာတဲ့ အတွေး လှလှလေးတွေ ကို ဓာတ်ပုံ ရိုက်ပြီး နှလုံးသား ထဲမှာ သိမ်း ထားလိုက်တယ် ။ အဲဒါ .. ဟိုက္ကူ ပါ ။
နောက် ကျွန်တော် ဦးပဉ္စင်း ဝတ်တော့ ညနေခင်း ကျတော့ ဘုန်းကြီးကျောင်း ကို အမျိုးသမီး နဲ့ ကျွန်တော့ အမေ လာ ကန်တော့တယ် ။
“ ဦးပဉ္စင်း နေရထိုင်ရတာ ကောင်းရဲ့လား ”
ဘိလပ်ရည်လေး ကပ်ပြီး ကန်တော့တယ် ပြီး ပြန်သွားတယ် ။
“ ဪ ... ငါတို့ လူမျိုးတွေ ဟာ အင်မတန် ဗုဒ္ဓဘာသာ ကို ယုံကြည်တာပါပဲ ။ ဘုန်းကြီး ဝတ်သွားတော့ ကိုယ့် သား ကို တောင် ပြန် ကန်တော့တယ် ”
ကြည်နူး ပြီးတော့ လမ်း လျှောက်လာတယ် ။ စင်္ကြံလျှောက် တဲ့ လမ်း ပေါ်မှာ ထိကရုန်းပင်လေး တစ်ခက် ကို သွား နင်း လိုက်မိတယ် ။ ထိကရုံးပင်လေး က သူ့ ကို လည်း ထိ ရော ကွေးပြီး အောက် ကိုကျ သွားတယ် ။ အဲဒီမှာ ဟိုက္ကူကဗျာ တစ်ပိုဒ် ပေါ်လာတယ် ။
ထိကရုံးခက်ငယ်
ကိုင်းညွတ်ကွေးကာ ဦးခိုက်တယ်
တကာမလေးနှယ် ။
စောစောက လာ ကန်တော့ သွားတဲ့ တကာမလေး နဲ့ တူ လိုက်တာ ။
အခု ကျွန်တော် အားလုံး အတွက် စပ် ထားတဲ့ ကဗျာလေး တစ်ပိုဒ် ရှိပါတယ် ။
နွေဦး ကို ကြိုတဲ့ ကဗျာလေး ပေါ့ .. ။
လေအဝှေ့မှာ လ
တူးပို တူးပို့ ကြားလာရ
ပိတောက်ပန်းတွေ က ။
လေကလေး တိုက်လာတဲ့ အထိအတွေ့ ၊ လေကလေး နဲ့ အတူ တူးပို့ တူးပို့ အသံ ကြားလာရတယ် ။ မိုးပေါ် မော့ ကြည့်လိုက်တော့ ပိတောက်ပန်း တွေ ကနေတယ် ။ အဲဒီတော့ ကျွန်တော် ဆိုလိုတာက ဟိုက္ကူကဗျာ ကို ဘာလို့ စပ်တာလဲ လို့ ဆိုလို့ ရှိရင် ကဗျာဆရာတွေ ဟာ ပျော်လို့ စပ်တာ ၊ ကြည်နူးလို့ စပ်တာ ။
ဥပမာ ကျွန်တော်တို့ အာရှတိုက် မှာ နာမည်ကြီး တဲ့ ဆရာကြီး ရာဘင်နတ်တဂိုး ... သူ ဟိုက္ကူ စပ်ဖူးတယ် ဆိုရင် ယုံချင် မှ ယုံကြလိမ့်မယ် ။ ဆရာကြီး က ပန်းတွေ ကို အင်မတန် ချစ်တယ် ။
ပန်းများကို ချွေရန် စိတ်မသန်ပါနဲ့ ဆွေ
လျှောက်မှာ သာ ဆက်လျှောက်ပါ
သင့်လမ်းတစ်လျှောက်မှာ ပန်းများ ဖူးပွင့်နေပါလိမ့်မယ် ။
အင်မတန် လှတယ် ။ ရင်ထဲ ခိုက်သွားတယ် အဲဒီ ကဗျာ က ။ နောက် ပန်း နဲ့ ပတ်သက်ပြီး ဆရာကြီး တဂိုး က ပြောသွားတဲ့ ကဗျာ တစ်ပိုဒ် ရှိသေးတယ် ။
နေခြည်ကိုလည်း ခင်ခဲ့ဖူးပြီ
ရွှေရည်ကိုလည်း မင်ခဲ့ဖူးပြီ
ပင်လယ်ကမ်းစပ် မှာ သူငယ်ချင်း နဲ့ ကစားရင်း
ခရုလေးတွေ လည်း ကောက်ခဲ့ဖူးပြီ
ဒါပေမယ့်. .. ငယ်ငယ်တုန်းက ခူးခဲ့ဖူးတဲ့
စပယ်ဖူးလေးတွေ ကိုတော့
အခုထိ သတိရနေဆဲပဲ .. ။
အဲတော့ ဆရာကြီး တဂိုး က ဟိုက္ကူ စပ်တယ် ဆိုတော့ ကျွန်တော် တို့ လည်း အံ့အားသင့် သွားတယ် ။ ဟိုက္ကူ ကို ကဗျာဆရာကြီး က အလေးဂရုပြု စပ်လိုက်တာ .. အင်္ဂလိပ် လို က တော့ ..
The Earth return .
Kiss Of The Sky.
Blossom.
အဲဒါကို ငါး, သုံး, ငါး နဲ့ ပြန်စပ်တယ် ။
မြေပြင်ကပြန်အမ်း
ကောင်းကင်ကြီးရဲ့ အနမ်း
ပန်းပွင့်လေးတွေလန်း .. ။
အဲတော့ ဟိုက္ကူကဗျာ ကို ဆရာကြီး တဂိုး က လည်း စပ်ခဲ့တယ် ။ အခု နိုင်ငံတကာ ဟိုက္ကူအသင်း ဆိုတာ ပေါ်ပါတယ် ။
အဲဒီလို ကျွန်တော့် ရည်ရွယ်ချက် တော့ ဒီ ဆရာတွေ နဲ့ ပေါင်း ပြီးတော့ ဟိုက္ကူကဗျာမဂ္ဂဇင်းလေး သုံးလ တစ်ကြိမ် လောက်ပဲ ဖြစ်ဖြစ် ၊
အခု ဒီမှာ ပြိုင်ပွဲဝင်တဲ့ သူတွေ က သူတို့ ကဗျာလေးတွေ စပ်ပြီးတော့ ဘယ်လို ခံစားလို့ ဖွဲ့ဆိုရပါတယ် လို့ ရှင်းလင်းချက်လေး နဲ့ ကျွန်တော် တို့ ဆီ ပို့ပေးမယ် ဆိုရင် ကျွန်တော် တို့ တည်းဖြတ် ပြီးတော့ ဟိုက္ကူကဗျာ မဂ္ဂဇင်း စာအုပ်လေးတွေ ဝါသနာ ပါတဲ့ သူတွေ ကြား မှာ လိုက် ဖြန့် ပေးမယ် ဆိုရင် ဟိုက္ကူ ကဗျာ ဟာ တိုးတက်လာမှာပဲ ဖြစ်ပါတယ် ။
▢ ရဲမြလွင်
📖 စာပေရေးသားခြင်း အနုပညာ
No comments:
Post a Comment