Saturday, May 3, 2025

လန်းဖိုင်စာသိုက် ( ၁၅ )


 

❝ လက်ချည်း ပြန်ခဲ့သူ ❞

ကော့ကောင်း မှာ ကျွန်တော် ရှေ့ဆက်မည့် ခရီးစဉ် ကို စဉ်းစားနေ ဖြစ်သည် ။ ရန်ကုန် မှ ပိုက်ဆံ လှမ်း မှာပြီး ဘန်ကောက် သို့ ဝင်ရမည် ။ ဘတ်ငွေနှစ်သောင်း ကိစ္စ ကို ဖြေရှင်းရမည် ။ ယခုဆိုလျှင် ကျွန်တော်ပိုင် ပစ္စည်းများ ကို အီစွတ် တို့ သိမ်းပြီးလောက်ပြီ ။ ထို ပြဿနာကို ကျွန်တော် အရှုံး မပေးချင် ။ အမေတို့ က ကျွန်တော့် ကို မဖြစ် ဖြစ်အောင် အိမ်ပြန် လာဖို့ ခေါ်သည် ။ ပတ်စ်ပို့ဒ် လာ လုပ်ဖို့ ၊ ပြီးမှ ပြန် ထွက်ချင် ထွက်ပါ ဟု ဖုန်းဆက်ချိန် မှာ ပြော လာကြသည် ။ ကျွန်တော် ဆုံးဖြတ်ချက် ချလို့ မရသေး ။ အမေတို့ ပို့လိုက်သော ငွေ ဖြင့် ပြန်ရမှာ ကို ရှက်နေသည် ။ ၃ နှစ် ဆိုသော ကာလ တွင် ကျွန်တော် ဘာမှ မဖြစ်လာခဲ့ ၊ ဖိုင် က ကျွန်တော့် ကို အတ္တ ကြီးမားသူ အဖြစ် ချစ်ရှာသည် ။ မိဘများ က ပေတေတေလွင့်နေသူ အဖြစ် ချစ်ကြသည် ။ ကျွန်တော့် ကို ကျွန်တော် တော့ ထိပ်ဆုံးထိ အောင်မြင် ကျော်ကြားရမည့် လူ အဖြစ် ရည်မှန်းချက် ထားပြီး ချစ်သည် ။

စိတ်ဓာတ် ကျစရာများ ကြောင့် စိတ်ဓာတ်ကျသည် ကို ကျွန်တော် ဝန်ခံပါသည် ။ ဒါပေမဲ့ ကျွန်တော့် ရည်မှန်းချက် အတွက်တော့ ကျွန်တော် ဘယ်တော့မှ စိတ်မပျက် ။ ပန်းရန်သမား ဘဝ ကပင် တိုက်အမြင့်ဆုံး ထပ်သို့ တက်၍ “ ငါ မြင့်မြတ်ရမယ် ၊ ငါ ထက်မြက်ရမယ်ဟေ့ ” ဟု ကျုံးကျုံး အော်မိတာ ခဏခဏ ပင် ။ ရိုတီ ရောင်းနေချိန် မှာ လည်း ထိုစကား ကို အမြဲ ရွတ်သည် ။ ကျွန်တော် အကြီးအကျယ် ရှုံးနိမ့်သော ယခုလို အချိန်မျိုး မှာ ပင် ထို စကား ကို စွဲစွဲမြဲမြဲ ရွတ်နေမိသည် ။

ဖိုင် သည် ကျွန်တော် အား ကျွန်တော် ၏ ရည်မှန်းချက် ကြီးမားမှုကို ကြည့်၍ တသိမ့်သိမ့် ချစ်မြတ်နိုးနိုင်သော အမျိုးသမီးဖြစ်သည် ။ ကျွန်တော့် ရှေ့မျှော်မှန်းချက် လုပ်ရမည့် အလုပ် ၊ ရွေးချယ်သည့် လမ်းတို့ ၌ ဖိုင် ၏ ကဏ္ဍ အနည်းငယ် မျှပင် မပါဝင် ။ သူ နှင့် ချစ်တင်းနှော နေရင်းကပင် ကျွန်တော့်ပန်းတိုင်အကြောင်း ပါလာလျှင် သူ က မျက်လုံးလေး စွင့်ကာ ကျေကျေနပ်နပ် နားထောင် ပေးတတ်သည် ။ သူ့ ကို မှ ကျွန်တော် ဘဝ တွင် မနှစ်မြုပ်သည် မဟုတ်ပါ ။ ဘယ်သူ့ ဘဝ ထဲကိုမှ ကျွန်တော် ဝင် နစ်မြုပ်မည် မဟုတ်မှန်း ဖိုင် ယုံကြည် ထားသဖြင့် ကျွန်တော့် ကို နားလည်ခြင်း ဖြစ်ပါမည် ။

“ ဖိုင် ကျွန်တော် အရမ်း ကြီးကျယ်ခမ်းနားသူ ဖြစ်ချင်တယ်ဗျာ ။ ဒီ ဘဝ အခြေအနေ ကို ကျွန်တော် အရမ်း မုန်းတယ် ၊ ကျွန်တော် ဟာ တစ်နေ့ မှာ ကြီးကျယ်ခမ်းနားသူ ဖြစ်ကိုဖြစ်ရမယ် ” 

“ သိပ် မတွေးပါနဲလားရှင် ၊ ရှင်ပဲ ပင်ပန်းနေမှာ ပေါ့ ” 

“ ရတယ် ကိစ္စ မရှိဘူး ၊ ကျွန်တော် ဘာ့ကြောင့် အသောက်အစား ၊ အပျော်အပါးတွေ မေ့ထားသလဲ ဆိုတာ ဖိုင် သိသလား ။ ဘာမဆို လုပ်နိုင် အောင် ပြည့်စုံတဲ့ နေ့ ရောက်တဲ့ အထိ ကြိုးစားဦးမှာ ဖိုင် ။ ကျွန်တော့် ဖိုင့် ဆီ ပြန်လာမှာပါ ။ ကျွန်တော့် ကို ယုံရဲ့လား ” 

“ ယုံပါပြီကောရှင် ကျွန်မ တကယ့်ကို ယုံပါတယ် ၊ ကျွန်မ အတွက် စိတ်မပူနဲ့ နော် ”

ဖိုင် ဟာ ကျွန်တော့် ကို မေတ္တာအစစ် နဲ့ ချစ်တယ် ဆိုတာ ကျွန်တော် လက်မခံလို့ မရဘူး ။ ကျွန်တော့် မှာ သူ့ ကြောင့် ပူလောင်ရတာ ဘာမှ မရှိဘူး ။ ကျွန်တော့် ဘာသာ ကျွန်တော် သာ ဧရာမ မျှော်လင့်ချက်ကြီးတွေ နဲ့ ပူ လောင် နေပါတော့တယ် ။ ချစ်စ ခင်စ ကတော့ သူ့ ဘဝထဲ ကျွန်တော် ဝင်ရနိုးနိုး ကျွန်တော့် ဘဝထဲ သူ ဝင်ရနိုးနိုး နဲ့ လွန်ဆွဲ ခဲ့ကြသေးတယ် ။ နည်းနည်း ရင့်ကျက် လာကြတော့ ဘယ်သူမှ ဘယ်သူ့ ကို မပူလောင်စေ ဘဲ ၊ ရိုးရိုးလေး သံယောဇဉ် တွယ်တာ အကောင်းဆုံး လို့ နားလည်ခဲ့ကြပါတယ် ။ အဲဒီတော့မှ ကျွန်တော်တို့ နှစ်ယောက်လုံး ဘဝ တစ်သက်တာ အတွက် မေ့မရတော့မယ့် လူ အဖြစ် ကိုယ်စီ နားလည် သွားကြပါတော့တယ် ။ ခွဲကြဖို့ လည်း ဝန် မလေးကြ သလို ၊ ပြန်ဆုံတော့ လည်း ဆုံပေါ့လေ ။ တစ်ဦး နဲ့ တစ်ဦး အပြစ်မတင်ကြဘဲ နေသွားဖို့ အလိုလို သတ်မှတ်ပြီးသားပါ ။ သူ အိမ်ထောင်ပြု သွားရင် ဖြစ်ဖြစ် ၊ ကျွန်တော် အိမ်ထောင်ပြု သွားရင် ဖြစ်ဖြစ် ကျွန်တော်တို့ ဟာ လူ ဖြစ်ရတဲ့ အတွက် လူမှုဘဝ ကို တည်ဆောက်ကြတာလို့ နားလည်ကြမှာပါ ။

အံဩဖို့ တော့ ကောင်းပါတယ် တိုင်းပြည် မတူ ၊ လူမျိုး မတူ ၊ ဘာသာ စကား မတူ ၊ ဓလေ့စရိုက် မတူတဲ့ လူသား နှစ်ဦးဟာ ဘယ့်နှယ် လုပ်ပြီး မေတ္တာနွယ်ယှက် ရာ မှာ ငြိမ်းချမ်းစွာ တူညီ သွားရတာလဲ ။

ကျွန်တော့် ဘဝ ဟာ အင်မတန် ကြမ်းတမ်း ဆိုးဝါးပါတယ် ။ အဲဒီ ဘဝ ထဲ က ဟို အမြင့်ကြီး ကို တက်ရမယ့် ခရီး ဟာ တကယ့် တောင်စဉ် ခုနစ်ရာ မကပါပဲ ။ အခုလည်း ကော့သောင်း ကနေ ရန်ကုန် ပြန်ဖို့ အရေး တစ်လ လောက် သောင်တင် နေပြန်ပြီ ။

မှတ်ပုံတင် ပျောက် နေပါတယ် ။ တည်းတာက ၂ မိုင် ပန်းခြံ နား က ခင်မောင်လွင် တို့ အိမ်မှာ ပါ ။ ခင်မောင်လွင် က သူ့ အစ်ကို ရဲ့ ဝါးလပ် ( ငါးလှေ ) မှာ ဝင် လုပ်နေတယ် ။ သန့်စင် ပြောလိုက်တာ ကို ကျွန်တော် ပြန် စဉ်းစားရင်း အတော် အထင်ကြီး မိပါတယ် ။ သန့်စင် က ခန့်မှန်း ပြောတဲ့ နေရာမှာ ဒက်ဒက်ထိ မှန်တယ် ။ ခင်မောင်လွင် တို့ လှပူရီ ဝက်ရုံ မှာ တစ်နှစ် လောက် ပဲ ကြာတယ် ၊ ရရစားစား ဘဝ ကို စိတ်ပျက်ပြီး ကော့သောင်း ကို ပြန်လာကြတာပါ ။

ကျွန်တော့် ကို လည်း သန့်စင် က “ အလှမ်းကျယ်ပြီး အလယ်လပ်မယ် ”   ဟောကိန်း ထုတ်ထားတယ် ။ ဟုတ် နေတာမို့ ကျွန်တော် ပြန်တွေးရင်းပြုံးမိပါသေးတယ် ။

ထိုင်းနိုင်ငံ မှာ အနေကြာသူတွေ ရဲ့ ထုံးစံအတိုင်း “ ပျင်း ပျော် ပျက် ပြေး ” ဆိုတာ မှန်နေပြီ ၊ ရောက်ခါ စက ထိုင်းဘာသာ စကား နားမလည် သူမို့ ပျော်ပွဲရွင်ပွဲတွေ လည်း ကိုယ် နဲ့ စိတ်မငြိတာမို့ ပျင်းတယ် ။ အလုပ် ပြီး ရင် ထိုးအိပ် နေတော့တာပဲ ။ နောက်တော့ တီဗွီ က လွှင့်တဲ့ သီချင်း တွေ ၊ ဇာတ်လမ်းတွဲတွေ ၊ လက်ဝှေ့ပွဲတွေ ကြည့် ရင်း ဟိုလျှောက်လည် ဒီလျှောက်လည် နဲ့ ပျော်လာတယ် ။ ကျွန်တော် ထိုင်း ကို ရောက်ပြီး နှစ်နှစ် လောက်ကြာတော့ ကာတွန်း အတိုလေးတွေ စမ်းပြီး ဖတ်တတ် လာပြီ ။ ရုပ်ရှင်တွေ တီဗွီဇာတ်လမ်းတွေ ခံစားတတ်လာပြီ ။ သီချင်း တွေ ထဲမှာ “ ပိုင်နိုင် ၊ ပိုင်ဒွေး ၊ လောင်ကချွေဆောင်ဘတ် ” တို့ “ မိအလိုင်လုပေါင် ” တို့ ဆို တာလေးတွေ လိုက် လိုက် ဆိုတတ်နေပြီ ။ ရုပ်ရှင်တွေ မှာ ဆိုလည်း “ မယ်နာ ” သရဲကား ကို ကြည့်လို့ ကောင်းမှန်း သိလာပြီ ၊ စနေနေ့ နေ့လယ် ဆိုရင် တီဗွီ ( ၇ ) ရဲ့ Live ရှိုး ကို သွားကြည့်ရဲ လာပြီ ။ မော်ချစ်ဈေး ရဲ့ အဟောင်းတန်းတွေ ကို မွှေနှောက်ရဲ လာပြီ ။ ကျောက်တိုင် အဝိုင်းကြီး နား မှာ ရောင်းတဲ့ အမဲသားကွေ့တယို ကို တန်းစီပြီး စားတတ် လာပြီ ။ ဖပ်ထိုင်း လို့ ခေါ်တဲ့ ထိုင်းခေါက်ဆွဲကြော် ကို ကြိုက်တတ် လာပြီ ။ စဖန်ချိုင် မှာ ပြတဲ့ ညစ်ညမ်းရုပ်ရှင် နှစ်ကားတွဲတွေ ကို နေ့တစ်ဝက် လောက် သွား ကြည့်ရဲ လာပြီ ။

ဒါတွေဟာ ပျော်ရာ က နေ ပျက်သွားတာ မဟုတ်လား ။ အရက် လောင်းကစား နဲ့ မိန်းမ တော့ ကျွန်တော် ကင်းသည် ။ သောက်ဖြစ် တာ တောင် မှ ကြုံတောင့်ကြုံခဲပါ ။ ဒါပေမဲ့ ကျွန်တော့် စိတ်ဓာတ်များ ကြမ်းတမ်းလာ၏ ။ ကိုယ် ဖြစ်ချင်တာ မဖြစ်မချင်း ကျိတ်ပြီး ကြံနေတော့သည် ။ ကျွန်တော် အခုလို ကော့သောင်း မှာ သောင်တင် နေပေမယ့် ဘန်ကောက် ကို ပြန်ဝင်ဖို့ သွေးအေးအေး နဲ့ ဆုံးဖြတ်ပြီးသားပါ ။ ဒါ့ကြောင့် အဖေတို့ ဆီ ပြန်လာခဲ့ပါတယ် ။ ကျွန်တော့် ကို တွေ့ တော့ ဝမ်းသာကြတယ် ။ ဒါပေမဲ့ ကျွန်တော့် ရဲ့ စိတ် ကို ကြိုသိနေကြတာမို့ တစ်ပတ် လောက် နေပြီး လုပ်စရာ ရှိတာ လုပ်ပြီး ဘန်ကောက် ကို ပြန်ထွက်တော့ ဘာမှ မပြောကြဘူး ။

ကျွန်တော် ပြန်ထွက်တော့ ရန်ကုန် က သူငယ်ချင်း နှစ်ယောက် လိုက် လာကြပါတယ် ။ သူတို့ က နယ်စပ် မှာ လုပ်စားချင်တယ် ဆိုလို့ ခေါ်လာ တာပါ ။ တစ်ယောက် က ကျွန်တော့် ကို ငယ်ငယ်တုန်း က တော်တော်လေး ကူညီခဲ့ဖူးတယ် ။ ငယ်ငယ်တုန်း က သူတို့ မိဘတွေ တော်တော် ပြည့်စုံသည် ။ ရပ်ကွက် ထဲ မှာ တယ်လီဖုန်း ရှိတဲ့ အိမ်လေးငါးလုံး ထဲမှာ သူတို့ အိမ် လည်း ပါသည် ။ အခု ပြန်တွေ့ရတော့ အဆင်မပြေကြတာ မြင် ပြီး ကျွန်တော် သူ တို့ ကို ကော့သောင်း လိုက်ခဲ့ဖို့ လမ်းစရိတ် ခံလိုက်သည် ။ နောက် တစ်ယောက် ကတော့ ကျွန်တော့် အစ်ကို သူငယ်ချင်း ဖြစ်၏ ။

ကျွန်တော့် ဘတ်နှစ်သောင်း ကိစ္စသည် အဆင်ပြေပါသည် ။ ကျွန်တော့် ဆီ က ပိုက်ဆံ ယူသွားတဲ့ သူ က သူ့ ဆီမှာ ပြန်ယူပါလို့ ဆက်သွယ် လာသည် ။ ရန်ကုန် မှာ ကျွန်တော့် လိပ်စာ ကို သိလို့ လှမ်း ဆက်သွယ်တာပါ ။ အီစွတ် က လူတစ်ယောက် လွှတ် လိုက်၏ ။ သူ က အဲဒီ လူ ဆီက ငွေချေးပြီး သူ့ အိမ်ကို လွှဲထားသည် ။ အဲဒီလူ ပြန် တောင်းတော့ ကျွန်တော့် ဆီမှာ သွား တောင်းဖို့ လွှဲချတာမို့ အဲဒီလူ ရောက်လာတာပါ ။ သူ က ဘားအံ မှာ နေပါတယ် ။ ကျွန်တော် နဲ့ ထိုင်းမှာ ကတည်း က ရင်းနှီးပြီးသားပါ ။

“ ကျွန်တော့် ကို တစ်မျိုး မထင်ပါနဲ့ ကိုထွေး ၊ အီစွတ် ပြောတာကို မယုံ လို့ ကို ကျွန်တော် တမင် လာခဲ့တာ ပါ ။ အစ်ကို့ ကို ကျွန်တော့် ပိုက်ဆံလွှဲ ပေးတယ် ဆိုတာ ကျွန်တော် လုံးဝ မယုံဘူး ” 

“ ခင်ဗျား ဆီက သူ ဘယ်လောက် ချေးထားလဲ ” 

“ ကျပ်သုံးသောင်းဖိုး မကဘူး ” 

“ ကောင်းပြီ ခင်ဗျားငွေ လိုနေရင် ဘန်ကောက် က ကျွန်တော် မှာ ပေးမယ် ။ မနက်ဖြန် စောင့်ယူသွားဗျာ ။ ဒီ ငွေတွေဟာ ခင်ဗျား ငွေလည်း မဟုတ်ဘူး ၊ ကျွန်တော့် ငွေလည်း မဟုတ်လူး ၊ အီစွတ် ငွေ လည်း မဟုတ်လူး ။ ဒါပေမဲ့ အီစွတ် အခုလို အလွဲသုံးစား လုပ်တာ ခင်ဗျား ကို သက်သေ ထားပြီး ကျွန်တော် ပေးလိုက်မယ် ”

“ ဟာ ဒါဆို ကျွန်တော် မယူဘူး ကိုထွေး ”  

“ ခင်ဗျား ငွေ လို နေတယ်ဆို ” 

“ မဟုတ်ပါဘူး ကျွန်တော့် ကို ချေးပဲ ချေးလိုက် ။ တစ်သောင်း ဆို ရပြီ ။ ကျွန်တော် ကိုထွေး ကို ပြန်ပေးမယ် ” 

“ ပြီးရော မနက်ဖြန်ညနေ လာယူဗျာ ” 

“ ကျေးဇူးပဲ ကိုထွေး အီစွတ်တို့ အိမ် က နွားတွေ ကျွန်တော် သွား ဆွဲခိုင်းတော့မယ် ။ ဒီကောင် ကျွန်တော့် အကြောင်း သိရက်သားနဲ့ ဗျာ ” 

သူ ပြန်သွားတော့ ကျွန်တော် ဘန်ကောက် ကို ပြန်တက်ဖို့ မြန်မြန် ဆုံးဖြတ်လိုက်သည် ။ ဘတ်နှစ်သောင်း ယူထားတဲ့ သူ ဆီ က လမ်းစရိတ် နှင့် လိုငွေ လှမ်း မှာ သည့် အခါ ချက်ချင်း ရောက်လာပါတယ် ။ ဖိုင့် ဆီ ကိုတောင် “ တန်ဆောင်းမုန်းလပြည့်နေ့ ” ရောက်အောင် လာခဲ့မယ်လို့ စာ ထည့်ထား ပြီးပြီ ။ ကော့သောင်း ရောက်တော့ ပါ လာတဲ့ သူငယ်ချင်း နှစ်ယောက် ကို နေရာချပေးသည် ။ လက်ဖက်ရည်ဆိုင် မှာ အလုပ် ရပါတယ် ၊ ကျွန်တော် လည်း ရနောင်း ဘက် ကို ကူး ၊ ချုံဘော် က သန့်စင် တို့ အစ်ကို ဆီ ဆက်သွယ် ၊ ပြီးတော့မှ ကယ်ရီသမားတွေ နဲ့ ဘန်ကောက် ကို ပြန်ဝင် ပါတယ် ။ စုစုပေါင်း ကျွန်တော် ခရီး ထွက်တာ နှစ်လ နဲ့ ဆယ်ရက် အကြာ မှာ ဘန်ကောက် ကို ပြန်ရောက် ခဲ့ပါပြီ ။

ရောက်ရောက်ချင်း ကျွန်တော် နဲ့ ဝမ်းခမရဲစခန်း မှာ အချုပ် အတူတူ ကျခဲ့ကြတဲ့ “ အာမက် ” ဆီ မှာ သွား တည်းသည် ။ ကျွန်တော် က သူ့ ကို ပတ်စ်ပို့ဒ် တစ်အုပ် ပေးမည် ဟု ကတိ ပေးထားသည် ။ ရောက်ရောက်ချင်း ကျွန် တော် ရှာပေးခဲ့သည် ။ သူ က သူ့ ဆီမှာ ပင် တည်းရန် ပြောပါသည် ။ ကျွန်တော် မတည်းချင်တာကြောင့် တစ်ည ပဲ အိပ်ပြီး နောက် တစ်နေ့ တွင် အလုပ်ရှာ ထွက်ခဲ့တော့သည် ။

နေ့ တစ်ဝက်ပင် မရှာရပါ ။ LATPHRAO Soi ( 42 - 44 ) လမ်းထိပ် မှ သစ် သားတံခါးဘောင်ဆိုင် တွင် အလုပ် ရခဲ့ပြီ ။ အီစွတ် တို့ လူစု လည်း ( လ.ဝ. က ) ဝင် မွှေ၍ ပြေးကြပြီ ။ အဘိုင်ကြီး ၏ ကုမ္ပဏီ မှာ စာရွက်စာတမ်း အတု များ ဖြင့် ဘင်္ဂလားဒေရှ် သို့ အပွိုင့်မင့် ပို့သည် ဟု ဆိုကာ ဝင်ရောက် ရှာဖွေရာ ချိတ်ပိတ်ခံရသည် ။ အီစွတ် တော့ မြန်မာပြည် ပြန် ပြေးသွားသည် ဟု ကြားရသည် ။ ကျွန်တော် လည်း ရိုတီ သွား မရောင်းချင်တော့ ။ ( လ ဝ.က ) ဝင် ပြီးလျှင် ဆက် လုပ်၍ မဖြစ်တော့ပါ ။

ကျွန်တော် အလုပ် ဝင်လုပ်သော သစ်သားတံခါး နှင့် တံခါးဘောင်ဆိုင် ၏ ပိုင်ရှင်မှာ ထိုင်းတရုတ် လူမျိုးများ ၏ ဆိုင် ဖြစ်သည် ။ ကိုးကန့် ဘက် မှ မြန်မာစကား အနည်းငယ် တတ်သော လူငယ် လက်သမားဆရာ နှစ်ဦး ရှိသည် ။ “ အကိုင် ” နှင့် “ အချိုင် ” ဟု သိရ၏ ။ ကျွန်တော် ကတော့ အလုပ်ကြမ်းသမား သက်သက် ။ ( ၄၄ ) လမ်း ထဲမှ ဂိုထောင် တွင် သစ်များ သွား သယ်ပြီး ဆိုင် သို့ ကားဖြင့် ယူလာ ၊ ဆိုင်ရှေ့ ရောက်လာ ၊ ဆိုင်ရှေ့ ရောက်လျှင် ချပေး ၊ ခွေပြီးသား တံခါးဘောင်များ ကို ဆောက်လုပ်ဆဲ တိုက် များ သို့ လိုက်ပို့ ၊ လွှစာများ ပြည့် လာလျှင် ကားပေါ် ကျုံး တင်၍ သွား ပစ် ။ မနက် ရှစ်နာရီ မှ ညနေ ငါးနာရီ ထိ ငါးနာရီ ကျော်လျှင် အချိန်ပိုကြေး ပေး၏ ။ မနက် ၊ နေ့လယ် ၊ ညစာ သုံးနပ် ကျွေး၍ နေစရာ ပေးသည် ။ အလုပ်သမား အားလုံး ထဲတွင် လစာ ဟူ၍ ကျွန်တော် သာ ရှိသည် ။ ကျန် လူများမှာ ပုတ်ပြတ်သမားများ ဖြစ်ပြီး နေ့လယ် ထမင်း တစ်နပ် ကိုသာ သူဌေး က တာဝန် ယူရသည် ။ ပြီးလျှင် ကိုယ့် အိမ် ကို ပြန်သူများ ဖြစ်ကြသည် ။ စနေနေ့ နေ့ဝက် လုပ်၍ တနင်္ဂနွေနေ့ နှင့် အခါကြီးရက်ကြီးများ တွင် ပိတ်သည် ။ ထိုနေ့မျိုး သည် ကျွန်တော့် အတွက် အောက်ဆိုက် ရသော နေ့မျိုး ဖြစ်သည် ။ ဆိုက်များ မှ သစ်သားတံခါး ဘောင် ဖြစ်စေ ၊ တံခါးချပ် ဖြစ်စေ အရေးတကြီး မှာ ပါက တင်ခ ၊ ချခ ၊ သွားပို့ခ အဖြစ် သူဌေး က တော်တော် ရက်ရက်ရောရော ပေးသည် ။ လွှစာများ သွားသွန်ရသည့် ည ဆိုလည်း ဘတ်နှစ်ရာ အောက်ထစ် ရပြီးသား ။ ကျွန်တော် သည် အလုပ် ကို မညည်း ၊ ဆင်းရဲတာ ကုန်လျှင် ချမ်းသာမည် ဟု အံခဲ ထားသဖြ င့် ဘယ်လောက် ပင်ပန်းပင်ပန်း ဝဋ်ကြွေး ကုန်ဖို့ နီးပြီ ဟု တွေးတတ်သူ ဖြစ်သည် ။

သူတစ်ပါး အလုပ်သမား ဖြစ်သည့် တိုင် တားမြစ်ရသည့် အထိ ကျွန်တော်လုပ်တတ်သည် ။ သူဌေး ၏ အစ်မ ဖြစ်သူ တရုတ်မကြီး ( ဟောင်ကောင်နိုင်ငံသား ) ဆိုလျှင် ကျွန်တော် ကို ဟောင်ကောင် လိုက်မလား ဟု မကြာခဏ ချစ်စနိုး ခေါ်ဝေါ် မေးမြန်းတတ်သည် ။ သူ ကိုယ်တိုင် လည်း အလုပ် ကို လက်နှင့် မပြတ်အောင် လုပ်တတ် သဖြင့် အလုပ် ကို သူတို့ တားရသည် အထိ လုပ်သော ကျွန်တော့် အား ချစ်ခင်ကြသည် မှာ မဆန်းပါ ။ ကျွန်တော့် တာဝန် မှာ အလွန် များသည် ။ မနက် အိပ်ရာ အထ တွင် ဆိုင်တံခါးများ ဖွင့် တံမြက်စည်းလှည်း ၊ အမှိုက်ကျုံး ၊ ထမင်းအိုး တည်ရသည် ။ အော်ဒါ ရှိလျှင် သွား ပို့ရသည် ။ တစ်ခါတစ်ရံ နေ့လယ် ထမင်းစားချိန် မှ ပြန်ရောက်သည် ။ ထိုနေ့မျိုး တွင် သူဌေး ၏ သား အသိ က ကျွန်တော့် ကို မုန့်ဖိုး သီးသန့်ပေးသလို ၊ ဟင်းဖိုး ပေးထားသော ဝေစု ကို လည်း ကျွန်တော် ရ၏ ။ ဟင်း ကို တော့ ဆိုင်ရှေ့ နား မှာ သင်္ဘောသီးထောင်းဆိုင် မှာ ဖြစ်စေ ၊ ဟိုဘက်လမ်း ထဲမှ ပါဆယ်ထုပ်ဟင်း ဖြစ်စေ နေ့လယ်စာ တစ်နပ် ကို တစ်ဦး လျှင် တစ်ထုပ် ကျ ဝယ်ကျွေးသည် ။ မနက် အစောစာ အတွက်မူ သူဌေးမ က ထမင်းကြော် ဖြစ်စေ ၊ ခေါက်ဆွဲကြော် ဖြစ်စေ အဆာပြေ ကျွေးသည် ။ ကျွန်တော် မှ လွဲ၍ မည်သူ မှ မစား ၊ ညနေစာ ကို တော့ နေ့လယ် မှ ဟင်းကျန်လျှင် ကျန် မကျန်လျှင် သူဌေးမ က ကျွန်တော့် အတွက် သူတို့ စားသော ဟင်း ကို လာ ပေးတတ်သည် ။ ဟင်းဖိုး လည်း သီးသန့် ပေးသည် ။ ဘတ်နှစ်ဆယ် ဆိုလျှင် ဟင်း ဝယ်လို့ ရပြီ ။ ကျွန်တော် က ဝယ် စားလေ့စားထ မရှိ ။ ဟင်းကျန် နှင့် စားပြီး ပိတ်ကားထော င်ရုပ်ရှင် သွား ကြည့်သည် က များ သည် ။

ကျွန်တော့် အလုပ်တာဝန် မှာ လက်သမားဆရာများ စက်ကြီးများ ဖြင့်သစ်ခွဲ နေလျှင် ဖြစ်စေ ၊ အပြားလိုက် လွှာလျှင်ပင် ဖြစ်စေ တစ်ဖက် မှ ထိန်းပေးရသည်  ။ သစ်ရွေး လျှင် ဂိုထောင် သို့ လိုက် သွားရသည် ။ အချောသတ်ပြီး သော တံခါးဘောင်များ တံခါးတစ်ချပ်များ ၏ ဆက်ကြောင်းများ ထဲသို့ ရာဘာစေးကော် ထည့်ရသည် ။ သံရိုက်စရာ ရှိလျှင် ရိုက်ရသည် ။ လက်သမားဆရာကြီးများ ညနေ ဝိုင်းဖွဲ့ရန် အတွက် လိုအပ် သော အရက် နှင့် အမြည်း ကို ဝယ်ပေးရသည် ။ သူတို့ က ကျွန်တော် ကို လက်သမားပညာ မသင်သည့် အတွက် ခဏခဏ ဆဲသည် ။ ကျွန်တော် ကလည်း သင်ချင်စိတ် ကို မရှိ ။ သူဌေးမ က ပင် ကျွန်တော့် ကို ခေါ်ခေါ် ပြောသည် ။

“ နင် ဘယ်လောက် အထိ အကူ လုပ်နိုင်မှာ လဲ ၊ သင်ပေးတုန်း သင်ပါလား ”

“ ကျွန်တော် မသင်ချင်ဘူး ခင်ဗျာ ၊ စင်ကာပူ သွားဖို့ ငွေစုနေတာပါ ”

“ ဟွန်း ”

သူဌေးမ က ဆက် မပြောဘဲ သက်ပြင်း ချသည် ။ ကျွန်တော် သူဌေးမကြီး ကို အင်မတန် လေးစားပါသည် ။ ရန်ကုန် မှ ဖုန်း လာလျှင် ကျွန်တော် ရှိနေပါက ချက်ချင်း လာ ခေါ်ခိုင်းသည် ။ နေ့လယ်နေ့ခင်း ကျွန်တော် အင်္ဂလိပ် စကားပြော ကျက်နေလျှင် ဘာမှ လာ မခိုင်းတော့ ။ ကျွန်တော့် ဘဝ တက်လမ်း ကို လွတ်လပ်စွာ ရှာခွင့် ပြုသည် ။ သူ့ မှာ သမီး သုံးယောက် ၊ သား တစ်ယောက် ရှိသည် မို့ ကျွန်တော့် အား စာနာသည် လည်း ဖြစ်ပါလိမ့်မည် ။ ဆူလျှင် ငေါက်လျှင် တောင် ကျွန်တော့် အား လာ ပြန် ချော့မော့မြဲ ဖြစ်သည် ။ တစ်ခါတော့ ကျွန်တော် မျက်ရည်ဖြိုင်ဖြိုင် ကျအောင် အဆူခံ ထိသည် ။ သူဌေး က ဆူခြင်း ဖြစ်သည် ။ ကျွန်တော် ကားမောင်ချင်လွန်း ၍ “ အသိ ” အား ခွင့်တောင်း ကာ ဂိုထောင် ထဲ တွင် တစ်ပတ် မောင်းစမ်းကြည့်သည် ။ မြေရှင် က သွား တိုင် သဖြင့် သူဌေး ရောက်လာကာ ကျွန်တော့် အား သူခိုးလုပ်တာလား ဟု ပင် ဆူပူ ကြိမ်းမောင်းသည် ။ ညနေ ကျတော့ ကျွန်တော် ထွက်သွားမည် စိုး၍ သူဌေးမ က ကျွန်တော့် အား လာချော့သည် ။ သူ ချော့မှ ကျွန်တော် မျက်ရည် ကျတော့၏ ။ ထိုလ တွင် လစာ တိုးပေးသည့် အပြင် ဘောက်ဆူး လဲ ပေးသည် ။ ကျွန်တော် ၏ လစာ မှာ ဘတ်လေးထောင် ဖြစ်၍ အချိန်ပိုကြေး မုန့်ဖိုးများ ပါ ထည့်တွက်လျှင် ဘတ်ခြောက်ထောင် နီးပါး ရှိသည် ။ ဆယ့်ငါးရက် တစ်ခါ လစာ ရှင်းခွင့် ပေးသည် ။ ကျန် လူများ မှာ ပုတ်ပြတ်သမားများ ဖြစ်၍ ချေးငွေ နုတ်ပြီး ရှင်းပေးမြဲပင် ။ ကျွန်တော့် ကို တော့ တစ်လပြည့် မှ ယူရမည် ။ လက်ထဲ ထား လျှင် ကုန်သွားမည် ဟု ဆိုကာ တစ်လ တစ်ခါသာ ရှင်းပေးသည် ။

ဖိုင် နှင့် ကျွန်တော်တို့ နှစ်ပတ် မှ တစ်ကြိမ် သုံးပတ် မှ တစ်ကြိမ် သာ တွေ့ဖြစ်တော့သည် ။ သူ့ ကို တွေ့ဖို့ ကျွန်တော် ရှက်ရွံ့အားငယ် နေ၏ ။ ကျွန်တော်သည် ထိပ်ဆုံးနေရာ မှ အောက်သို့ မကြာခဏ ပြုတ်ပြုတ်ကျ သဖြင့် အထူး မခံစားရတော့ပါ ။ သူ့ ကိုတော့ တွေ့ရမှာ ရှက်သည် ။ ကျွန်တော့် အား လေကြီးမိုးကြီးသမား ဟု ထင်နေမည် ဟု ခံစားရမိသည် ။

တွေ့ကြသည့် အခါ လည်း အရင် လို မပျော်ကြတော့ ။ ကျွန်တော် စင်ကာပူ သွားဖို့ ဆုံးဖြတ်ခြင်းသည် သူ နှင့် ကျွန်တော် လွယ်လင့်တကူ ပြန်မဆုံနိုင်ကြတော့မည် ကို အလိုလို သိနေကြသည် ။

“ ရှင် အောင်မြင်မှာ ပါ ၊ ကျွန်မ အတွက် စိတ်မပူနဲ့ နော် ”  

“ ကျွန်တော့် ကို ခွင့်လွှတ်ပါ ဖိုင် ”

“ ရှင် ပြန်လာမှာ လား ”

“ ပြန်လာမယ် ၊ ဒါပေမဲ့ မအောင်မြင်ရင် ဘယ်တော့မှ မလာတော့ဘူး ”

သူ မှိုင်သွားသည် ။

ကျွန်တော့် အား သူဌေး ပေးထားသည့် အလုပ်ရုံ ၏ နောက်ခန်း အပိုလေးထဲ တွင် သူ နှင့် ကျွန်တော် စကား ပြောနေကြခြင်း ဖြစ်သည် ။ တနင်္ဂနွေ တစ်နေ့လုံး တွင် ထို အခန်းအား ကျွန်တော် တစ်ဦးပိုင် အဖြစ် လွတ်လပ်စွာ သုံးစွဲခွင့် ရှိသည် ။ ဖိုင် က ကျွန်တော့် ရင်ခွင် ထဲ တိုးဝင်ကာ သက်ပြင်းတွေ ချနေသည် ။ ကျွန်တော် ဖိုင့် ကို ဤကဲ့သို့ ပရိဒေဝ ခံစားရသူ လိုမျိုး တစ်ကြိမ်တစ်ခါ မှ မမြင်ခဲ့ဘူးပါ ။ “ ဝမ်းခမ ”   ရဲစခန်း တွင် ကျွန်တော် အဖမ်းခံနေစဉ် ကပင် သူ လာတွေ့ သော အခါ အထဲ မှာ နေလို့ အသားတွေ ဖြူလာတယ် ၊ ကောင်မလေးတွေ လိုက်ငေး မနေနဲ့ နော် ဟု ရယ်ရယ်မောမော စခဲ့ဖူးသည် ။

ဖိုင် အား ကျွန်တော် “ ဝမ်ခမ ”  ရဲစခန်း မှ လွတ်လာသော နေ့ တွင် သူ ၏ အပျိုစင်ဘဝ ကို သိမ်းပိုက်ခဲ့သည် ။ ကျွန်တော် က အချုပ် ထဲမှာ နေ၍ “ ကျွန်တော် ဆယ့်ငါးရက် အတွင်း ရအောင်လာခဲ့မယ် ”  ဟု တင်းတင်းမာမာ ပြောလိုက်သည် ။ ကျွန်တော် လွတ် လာပြီး သူ့ အလုပ်ရုံ ရှေ့၌ သွား စောင့်နေသဖြင့် သူ ကျွန်တော့် စကားကို ယုံကြည်၍ အပျိုစင်ဘဝ ကို ပေးအပ်ခြင်းဖြစ်သည် ။ ယခု ဘန်ကောက် သို့ ပြန်ဝင်လာမည့် ရက် ကို တိတိကျကျ ပြော၍ “ တန်ဆောင်းမုန်းလပြည့်နေ့ ” အရောက် လာခဲ့သောကြောင့် ကျွန်တော့် စကားများ ကို သူ ယုံကြည်နေသည် ။ ကျွန်တော် အလုပ် သွား လုပ်မည့် တိုင်းပြည် မှာ ထိုင်းနိုင်ငံ လို မဟုတ် ။ အဖမ်း ခံရလျှင် ကြိမ်ဒဏ် ပါ ထိမည် ။ အင်္ဂလိပ် လို မပြောတတ်လျှင် အလုပ် မရနိုင် ။ ဒါတွေ အားလုံးမှာ အသေးအဖွဲ ကိစ္စ မဟုတ် ။ ဒါကို ကျွန်တော် က ထမင်းစား ရေသောက် လို သဘောထား နေသဖြင့် ဖိုင် က စိုးရိမ်သည် ကျွန်တော် တော်တော် နှင့် ပြန် မလာတော့မည် ကို သူ သိနေသည် ။

“ သုံးနှစ်တည်းပါ ဖိုင် ၊ ကျွန်တော် ၉၇ ခုနှစ် ကုန်ခါနီး မှာ လာခဲ့မယ် ”

“ တကယ်လား ”

“ တကယ်ပါ ”

“ ကျွန်မကို ”

“ မပြောနဲ့ တော့ ဖိုင် ၊ ကျွန်တော် ဘယ်တော့ပဲ ဖြစ်ဖြစ် ဖိုင့် ကို မမေ့ပါ ဘူး ”

“ မဟုတ်ဘူး ရှင့် ... ရှင် အိမ်ထောင် ပြုတော့မယ် ဆိုရင် ကျွန်မ ကို ကြို ပြီး အသိပေးဖို့ပါ ”

“ ဖိုင် ကျတော့ရော ”

“ ကျွန်မ ရှင် အိမ်ထောင် မပြုသေးသ၍ လုံးဝပါ ၊ တကယ်ပါ ၊ ကျွန်မ ဘယ်တော့မှ မလိမ်ဘူး ”

“ ဖိုင် ”

“ ရှင် ”

“ ဖိုင် ကျွန်တော် နဲ့ ဘဝ တစ်သက်လုံး အတူ သွားရဲသလား ”

“ ဘာများ လဲရှင် ”

“ ဖိုင် သတ္တိ ရှိသလား ”

“ ရှင် ဖြစ်ချင်တာကို ပြောပါ ”

“ ကျွန်တော နဲ့ ဖိုင် ကလေး ယူမယ် ၊ ဖိုင် မွေးပေးရမယ် ။ ဒါဆိုရင် ကျွန် တော် ဘာပဲ လုပ်နေနေ ဖိုင် နဲ့ ပြန်ဆုံကြမှာပဲ ”

“ ကျွန်မ ရှင့် ကို ယုံပါတယ် ”

“ ဖိုင် သတ္တိ ရှိတယ်နော် ”

“ တကယ်ပါ ဒါပေမဲ့ ကလေး ကို ကျွန်မ ပဲ ယူထားမယ် ၊ ဘယ်လိုလဲ ”

“ အဲဒီလိုတော့ မဟုတ်ဘူး ကျွန်တော် ပြည့်စုံရင် ကျွန်တော့် နောက် ဖိုင်တို့ လိုက်ခဲ့ပေါ့ ”

“ လောလောဆယ်တော့ မဖြစ်သေးဘူးလေ ။ မိဘတွေ ရှိနေသ၍ ကျွန်မ မလိုက်ဘူးလို့ ကတိ ပေးထားတယ် ”

“ ကလေး ယူတာ သူတို့ ဘာပြောမလဲ ”

“ မသိဘူးလေ ကျွန်မ မှ အိမ်ထောင် မပြုတာ ဘာပြောမှာလဲ ”  

“ ဖိုင် ကျွန်တော့် ကို ခွင့်လွှတ်ပါ ”

“ ရပါတယ်ရှင် ကျွန်မ အတွက် သောက မဖြစ်ပါနဲ့ ”

ကျွန်တော်တို့ နှစ်ဦးစလုံး ၏ ဆန္ဒ သည် ဤ ကမ္ဘာမြေပြင် ပေါ်ဝယ် တစ်ဦး နှင့် တစ်ဦး တွေ့ ဆုံကြုံကွဲ ဓမ္မတာ သဘောကို ကျော်လွန်ကာ ကျွန်တော်တို့ နှစ်ဦးပိုင် ညီညွတ်မှု ဖြင့် အင်မတန် ခက်ခဲ ရှည်လျားမည့် သံသရာ ခရီးစဉ် တစ်ခု ကို ရေးဆွဲမိကြသည် ။

ဤသို့ မပြုမူလျှင် ကျွန်တော် နှင့် ဖိုင် ၏ ဘဝဇာတ်လမ်း သည် နောင် နှစ်ပေါင်း နှစ်ဆယ် ကြာသည့် အခါ ပြီးလွယ် မေ့လွယ် ဖြစ်သွားကြလိမ့်မည် ။ ကျွန်တော် ရည်မှန်းသည့် ဘဝခရီးလမ်း အတွက် ဖိုင် သည် ဘာမှ အထောက်အကူ မပေးနိုင်ပါ ။ ကျွန်တော် ကြိုးစားမည် ဆိုသည် ကို ဝမ်းမြောက်ဝမ်းသာ ဖိုင် က လက်သင့်ခံသည် ။ ခွင့်ပြုခြင်းဖြင့် အားပေးသည် ။ ကျွန်တော် အောင်မြင်ခဲ့လျှင် သူ နှင့် ကျွန်တော် ၏ ပန်းတိုင် ကို မည်သူမှ နှောင့်ယှက်နိုင်မည် မဟုတ် ။ ကျွန်တော်တို့ ၏ နှစ်ဦးပိုင် ဆန္ဒ ကို ရဲရဲရင့်ရင့် အကောင်အထည် ဖော်ခြင်းသာ ဖြစ်သည် ။

ကျွန်တော် ၏ တောင်စဉ် ခုနစ်ရာ ခရီးစဉ် သည် ဘာတွေ ဖြစ်မည်ကို မပြောနိုင်သော်ငြား ၊ ကျွန်တော် ဖြစ်ချင်သည့် ရည်မှန်းချက် ကို တော့ အသက်မသေ သမျှ ဖြစ်အောင် လုပ်မည် ကို ဆုံးဖြတ်ပြီးသူ ဖြစ်သည် ။

ကျွန်တော့် ဘဝ တွင် အဝတ် တစ်ထည် ၊ ကိုယ် တစ်ခု အဖြစ်မျိုး မကြာ မကြာ ကြုံတွေ့နေကျ ဖြစ် သဖြင့် ၊ အခက်အခဲသည် ကျွန်တော် အတွက် အရည်အသွေး မြှင့်ဆောင်ပေးသော သားကောင် မျှ သာ ဖြစ်သည် ။

ကျွန်တော် ဆုံးဖြတ် ထားသော ကျွန်တော့် ယုံကြည်ချက် သစ္စာ ကို မည်သူ လာ ဖျက်ဝံ့ သနည်း ။

▣ မာန် ( တောင်လုံးပြန် )
📖လန်းဖိုင်စာသိုက်

No comments:

Post a Comment