❝ ပတ်စ်ပို့ ဝယ်ရင်း အိမ်ပြန်ခဲ့ရခြင်း ❞
( ဒုတိယပိုင်း )
“ ကျွန်တော် ကိုထွေး ကို တွေ့တာနဲ့ တော်တော် ရင်းနှီး နေသလိုပဲ ၊ ဒီမှာ ရောက် နေတာ ရက်နှစ်ဆယ် ပြည့်တော့မယ် ။ ဘယ်သူနဲ့ မှ ဒီလောက် စကား မပြောဖူးဘူး ”
“ ကိုတင်အေး က အေးအေးဆေးဆေးသမား မို့လို့ ပါ ”
“ အေးဗျာ အဲဒါတော့ သူများ တွေ လည်း ပြောပါတယ် ။ ကျွန်တော် အိမ်ထောင်ကျတုန်းက အသက် နှစ်ဆယ်ကျော်ပဲ ရှိသေးတယ် ။ အမျိုးသမီး ဘက်က တောင်သူမျိုးရိုးဗျ ၊ မိဘတွေ သဘောတူလို့ ယူဖြစ်ကြတာပါ ၊ သူ နဲ့ ယူတုန်းက ကျွန်တော် ပိုက်စီး နိုင်နေပြီဗျ ။ ဝင်ငွေ ကောင်းတာတော့ မပြောပါနဲ့ တော့ ။ ကျွန်တော်တို့ ဘက်မှာ က ပိုက်စီး တစ်ယောက် ဟာ ရွာလူကြီး လောက် နီးနီး မျက်နှာ ရှိတယ်ဗျ ။ ပိုက်စီး ဆိုတာလည်း အသက် က အနည်းဆုံး ငါးဆယ်လောက် မှ လုပ်နိုင်တာကိုး ၊ လူငှားတွေ က လည်း လေးစားတယ် ။ ကျွန်တော့ အသက်အရွယ် နဲ့ ဆို တော့ သိပ်မလေးစားချင်ဘူး ။ သမီးကြီး ဌေးဌေး ကို မွေးတော့ ပိုပြီး စီးပွားတက်လာတယ် ။ ခက်တာက ကျွန်တော့် မိန်းမ ဗျ ။ ကျွန်တော် အရက် သောက်တာ ၊ တံငါ လုပ်တာ ကြိုက်ကို မကြိုက်ဘူး ။ ဒါပေမဲ့ ရတဲ့ ငွေ ကိုတော့ တွက်ရ စစ်ရတာ အမောပဲ ။ ကျွန်တော် မေးပါတယ် ၊ ဒါဖြင့် ငါ ဘာလုပ်စားမလဲ ။ မင်းတို့ လူမွှေး မပြောင်ရင် ငါ့ အပြစ် မတင်နဲ့ လို့ ။ ငါ လုပ်တတ်တာ တံငါ အလုပ်ပဲ ရှိတယ် ဆိုတော့ သူက ပြောတယ် ၊ ကိုယ်တိုင် မလုပ်ဘဲ လူ ငှား ထားပါလားတဲ့ ။ ကျွန်တော် ထ မရိုက်မိတာကံကောင်း ”
သူ က စကား ပြောတာ ရပ်ရင်း ရေအနည်းငယ် သောက်သည် ။ ပြီးတော့မှ
“ ကျွန်တော် ပြောတာက ဒီလို ကိုထွေး ရဲ့ လူငှား ထားရင် ကိုယ် သက်သာတာ မှန်တယ် ။ ဒါပေမဲ့ ကိုယ်တိုင် ကိုယ်ကျ ပိုက်စီး အလုပ် ကို သေသေချာချာ နားလည်ထားမှ ။ ကျွန်တော် ငယ်ငယ် ထဲက ငါးဖမ်း လာပေမယ့် တစ်ခါမှ သူတစ်ပါး ပိုက် မှာ ဝင် မလုပ်ဖူးဘူး ။ ကိုယ်တိုင် ပိုက်စီး ဖြစ်လာ တော့ မလိုအပ်ဘဲ ငွေကုန်ကြေးကျတဲ့ သဘော ကို နားလည်လာတယ် ။ အဲဒါတွေ နားလည်လာတော့ မှ လူငှား ထားလို့ ရတာ ။ ထား လည်း ထား ပါတယ် ။ အဲဒီကနေ စပြီး ကျွန်တော့် မိန်းမ ဘဝင် မြင့်တော့တာပဲ ။ အရင် က ကျွန်တော်ဟာ တံငါသမား ရိုးရိုး ၊ အခု လူငှား ထားနိုင်တဲ့ ပိုက်စီး ဖြစ် လာတော့ ၊ သူ က ပိုက်စီးကတော် ဖြစ်ပြီလေ ”
ကျွန်တော် ရော သူ ပါ ရယ်မောဖြစ်ကြသည် ။ သူ က ပွတ်ချွန်းဆေးလိပ် ကို မီးညှိပြီး ရေဘူး ဖွင့်ကာ ရေ သောက်ပြန်သည် ။ ကု,လားလေး ဝင် လာသဖြင့် ကိုတင်အေး က ပြန် မောင်းထုတ်၏ ။
“ ကျွန်တော် လည်း ပျင်းတယ် အိပ်မပျော်လို့ ပါဗျာ ”
ကု,လားလေး က မသွားဘဲ အတင်း ဝင်ထိုင်၏ ။ ကိုတင်အေး က ဆေးထုပ် ကို ချပေးလိုက်သည် ။ အချုပ်သား တော်တော်များများ အိပ်မောကျ နေပြီ ၊ ရှေ့မီးရောင် အောက် တွင် ကျားကွက်ဝိုင်း နှစ်ဝိုင်း သာ မအိပ်သေး ဘဲ ကျားကစားနေကြသည် ။ ကု,လားလေး က ရေဘူး ကို ကိုင်ကြည့်ပြီး ရေထပ် ဖြည့်ရန် ထသွားသည် ။
“ ဆက်ပြောပါဦး ကိုတင်အေး ဘာလို့ အောက်ခြေ လွတ်တာလဲ ”
“ ကျွန်တော် စောစောက ပြောသလိုပေါ့ဗျာ ။ သူက ပိုက်စီးကတော် သိပ် ဖြစ်ချင်တယ် ။ ပိုက်စီးရှင်တွေ ဆို တော့ အချိန်တန်ရင် ရွှေရွှေလေးစု နိုင်တယ် ၊ ဝတ်နိုင် စားနိုင်တယ် ၊ ကျွန်တော်တို့ အရပ် မှာ တော့ လူတန်း စေ့ နေနိုင်တယ် ။ တစ်နှစ် လောက် လုပ်ပြီးတော့ ကျွန်တော် ယာခင်း တစ်ခင်း ဝယ်လိုက်တယ် ။ သူ စိတ်ချမ်းသာအောင် တောင်ယာ အလုပ်လည်း တွဲလုပ်ပြတာပါ ။ ကလေးတွေ ရဲ့ ရှေ့ရေး အတွက် ကွမ်းသီပင်တွေ စိုက် လိုက်တယ် ။ သူနဲ့ ကျွန်တော် သိပ် အဆင် မပြေဘူးဗျ ။ ကျွန်တော် က သောက်တတ်စားတတ်တော့ သူ က မကြိုက်ဘူး ။ ဒါပေမဲ့ သူ ဒီလောက် ယုတ်မာလိမ့်မယ်လို့ မထင်သေးဘူ ”
“ အင်း ”
“ ကျွန်တော့် စိတ်ထဲမှာ အဲဒီတုန်းက သိပ်ကြည်ကြည်လင်လင် မရှိ တာအမှန်ပဲ ။ သူ့ ကို ဘာလို့ မကျေနပ် ရတာလဲ ဆိုတာ ကိုယ့် ဟာ ကိုယ် လည်း မသိဘူး ။ ပြောရရင် စိတ်ပေါ့ဗျာ ၊ သူ နဲ့ ကျွန်တော့် အလုပ်သမား အရှုပ်အရှင်း ဖြစ်နေတာ ကျွန်တော် တော်တော်လေး ကြာမှ သိရတာ ။ ဒါတောင်မှ သမီးကြီး ဗွီဒီယို သွားကြည့်တဲ့ ည က သူတို့ နှစ်ယောက် တစ်ယောက် ခါး ကို တစ်ယောက် ဖက်ပြီး ကြည့်နေတာ ကို မြင်ခဲ့လို့ ။ ကျွန်တော် မေးတော့ ဘာပြောတယ် မှတ်လဲ ”
“ ဘာပြောလဲ ကိုတင်အေး ”
“ သိပြီးရင်လည်း ပြီးတာပဲ ၊ ကိုယ် ကြိုက်တာ ကိုယ်လုပ်ကြတာပေါ့တဲ့ ”
“ ဗျာ ”
“ အဟုတ် ကို ပြောတာ ကိုထွေး ၊ ကျွန်တော် ရိုက်ပစ်လိုက်တယ် ။ သူ မငိုဘူးဗျ ၊ နောက်နေ့ ကျတော့ ဘုတ်ပြင်း ကို ခိုးပြေး သွားကြတယ် ။ ကျွန်တော်လည်း ကလေး နှစ်ယောက် နဲ့ ဘာမှ လုပ်ချင်စိတ် မရှိတော့လို့ ၊ ပိုက်စီး အလုပ် ကို ဖြုတ် ၊ ကလေးတွေ ကို ကျွန်တော့် အစ်မ နဲ့ အပ် ၊ ရှိတဲ့ ငွေ နဲ့ ယာခင်းပါ ပေးပြီး ထွက်လာတာပဲ ”
“ တော်တော်ဆိုးတဲ့ မိန်းမပဲဗျာ ”
“ ခွေးဇာတ်ခင်းတာဗျ ကျွန်တော် အရက် မူးပြီး သူ နဲ့ စကားများ တိုင်း ၊ ကွဲချင်ရင် အချိန်မရွေး ပြော တံငါ မျိုးရိုး မဟုတ်ဘူး ၊ ဘာညာနဲ့ လုပ်တယ် ။ တစ်ခါတော့ ကျွန်တော် ဆော်ထည့် လိုက်တာ မျက်လုံး ကွဲသွားသေးတယ် ။ အဲဒါတွေ မကျေနပ်တာ လည်း ပါမှာ ပေါ့ ”
“ ကိုတင်အေး ထွက်လာတော့ သူတို့ ပြန်လာကြသလား ”
“ လာတယ် သူ့ အမေအိမ် တက်နေကြတယ် ၊ ကလေးတွေ ကိုလည်း ဂရုမစိုက်ဘူး ။ သူ ထွက်သွားပြီး ကတည်း က ပစ္စည်းတွေ လည်း သူ နဲ့ မဆိုင်ဘူး ဆိုတော့ ကလေးတွေ လည်း သူ့ တာဝန် မရှိဘူးလို့ ပြောတယ် ။ မယုံမရှိ နဲ့ ကိုထွေး တကယ့်ကို တိရစ္ဆာန်စိတ် ပေါက်သွားတာ ။ သမီးကြီး ကလည်း နားလည်တဲ့ အရွယ်မို့ သူ့ အမေ ဆီ မသွား ဘူး ။ အစ်မတို့ နဲ့ ပဲ နေတယ် ။ အစ်မတို့ မှာ ကလေး မရှိတော့ သူတို့ ကိုပဲ အလိုလိုက်ထားတယ် ။ ယောက်ဖကလည်း ကလေးတွေ ကို ချစ်ပါတယ် ။ ဘယ်သူ ကို မှ အပြစ် မပြောဘူး ၊ ကြာတော့ ဟိုလူတွေ မလာရဲကြတော့ဘူးပေါ့ဗျာ ”
ကျွန်တော် အချုပ်ထဲ ရောက်ပြီး ဆယ်ရှစ်ရက် မြောက် နေ့တွင် “ ခမင် ” များကို နယ်စပ် ပြန်ပို့ရန် ကားများ ရောက်လာကြသည် ။ တာဝန်ကျ ရဲ က နာမည်များ တစ်ဦးချင်း ခေါ်ပြီး တန်းစီ ထိုင်းခိုင်းထား၏ ။ လွှတ်ကြ တော့ မည် ဆိုတော့ မပျော်သူ မရှိ ။ အရင်က ကျွန်တော်တို့ နှင့် ဖြစ်ခဲ့သမျှ ပြဿနာများ ကို တောင်းပန်၍ လက်ဆွဲ နှုတ်ဆက်ကြသည် ။ ကျွန်တော် တို့ ဘက် ကလည်း ဝမ်းသာအားရ နှုတ်ဆက်ကြသည် ။ သူတို့ ကို ပဲ ဝမ်းသာကြပါသည် ။ အချုပ် ဆိုတာ ဘယ်သူပဲ လွတ်လွတ် ကျန်တဲ့ သူ ပါ ဝမ်းသာကြသည် ကိုး ။
“ ခမင် ” များကို ခေါ်သွားပြီး ကျွန်တော်တို့ အား လူဟောင်းလူသစ် ခွဲ ၊ ထို အခန်းသို့ လူဟောင်းများ ကို ပြောင်း နေခိုင်းသည် ။ သေချာပေါက် နယ်စပ် ပို့မည့် သူများ သာ ထို အခန်း၌ နေစေသည် ။ လူသစ်များ ကို တစ်ခန်း ထားသည် ။ ခမင်များ နေသွားသည့် အခန်း၌ ကြမ်းပြင် အောက်တွင် ရေဝပ်မနေ ၊ အလင်းရောင် လည်း ပိုရ၏ ။ တစ်ခု ခက်သည် က အရင် အခန်းထဲ မှ နေ၍ အပြင်သို့ ဈေးဝယ်ခိုင်း၌ လွယ်သည် ။ ဈေးဝယ် လိုလျှင် ရေချိုးခန်း ဘောင်ပေါ်မှ တစ်ဆင့် သစ်သား ပေါက် ကို လှမ်းတွယ်ပြီး သံဆန်ခါ ကြားမှ ဈေးဝယ်ပေးမည့် ကလေးများ ကို စောင့် နေရသည် ။ ထို ကလေးများ မှာ ရဲသားသမီးများ ဖြစ်သည့် အတွက် ဈေးဝယ်ပေးခြင်း ကို အသားကျ နေပြီ ။ သံ ဆန်ခါ အပေါက်မှာ လက်တစ်ဖက်စာ သာ ရှိ၍ မြန်ဖို့ တော့လိုသည် ။ အပြင် မှ ပစ်ပေးနေချိန် ရဲတစ်ယောက် ယောက် တွေ့သွားလျှင် မစားသာ ။ ကလေး ရော ဝယ်ခိုင်း သူ ပါ ခံရမည် တန်းစီး ကတော့ ကိုယ်ဖြစ် ကိုယ်ခံဟု ပြောထား ပြီးပြီး ။
ရဲ သိသွားလျှင် မုန့် က ပြဿနာ မရှိပေမယ့် ဆေးလိပ် ကျတော့ ပြင်းပြင်းထန်ထန် ဒဏ်ခတ် မှာ သေချာသည် ။ တစ်ခါတစ်ရံ ညကြီး နှစ် နာရီ လောက် ရှောင်တခင် ဝင် စစ်တတ်သည် ။ ဆေးလိပ် မိသွားသူ ဆိုလျှင် ကောင်း ကောင်းကြီး အရိုက်ခံရသည့် အပြင် လွှတ်ပေးမည့် ရက် ကို နောက်ဆုတ် ခံရသည် ။ ထိုအခါမျိုးတွင် တန်းစီး တော် လျှင် တော်သလို အချုပ်သားများ သက်သာမည် ။ တန်းစီး တော် မှ ဟု ကျွန်တော် ပြောရခြင်းမှာ တန်းစီး ဘာကြောင့် တော်ဖို့ လိုသလဲဟု မေးဖွယ် ရှိသည် ။
တန်းစီး ဖြစ်လျှင်
သူ သည် ထမင်းပို့ တာဝန် ယူရသည် ။ လွှတ်ရက်တွင် ကားခ မလို ၊ ထမင်းပန်းကန် အပို ရသည် ။ အပြင် မှ ရဲ က အလုပ်သမား လာ ခေါ်လျှင် သူ က ရွေးပေးပိုင်ခွင့် ရှိသည် ။ အပြင် မျက်နှာစာတွင် လွတ်လွတ်လပ်လပ် အိပ်ခွင့် ရသည် ။ အထူးခြားဆုံး အခွင့်အရေး မှာ တစ်ဖက်ခန်း မှ အမျိုးသမီးအချုပ်သားများ နှင့် စကားပြောခွင့် ရှိသည် ။
တန်းစီး ဖြစ်ဖို့ တော့ အရည်အချင်း က စကား ပြော၏ ။ လွယ်လွယ် တော့မရနိုင် ။ ထိုင်းဘာသာစကား ကို ကျွမ်းကျင်စွာ ပြောနိုင်ရမည် ။ ခန္ဓာကိုယ် သန်မာထွားကျိုင်းရမည် ။ မိုက်ရဲရမည် ။ တစ်ခါတစ်ရံ အချုပ် ထဲသို့ ရောက်လာသော ထိုင်းအချုပ်သား သောင်းကျန်း လျှင် ရဲ က ဆုံးမခိုင်းသည် နှင့် သွားရောက် ဆုံးမရဲရသည် ။ မလုပ်လို့ မဖြစ် ၊ ထို ကိစ္စမျိုး ဟာ မကြာမကြာ ဖြစ်တတ်သည် ။ ထို့ကြောင့် တန်းစီးသည် ဘာသာပြန်သူ ၊ မိုက်ရဲသူ ၊ ပါးနပ်သူ ၊ သဘောထား ကြီးသူ စသည့် အရည်အချင်းများ နှင့် အ တူ နောက်ခံအုပ်စု တောင့်တင်းဖို့ လိုသည် ။ တန်းစီး နှင့် အချုပ်သား ရန်ဖြစ်လျှင် ရဲ က ဘယ်တော့မှ မပါ ။ တန်းစီး ခံရလျှင် နိုင်သူ တန်းစီး လုပ် ။ တန်းစီး နိုင်လျှင် ဆက်လုပ် ။
ထို့ကြောင့် တန်းစီး ကောင်း တစ်ယောက် ဖြစ်ဖို့ အတွက် မလွယ်လှ ။ သို့ပေမဲ့ ယခု တန်းစီး မှာ တော်ပါသည် ။ မြှောက်ထိုးပင့်ကော် သိပ်မလုပ် ။ သူတို့ ရခိုင်သားအုပ်စု က ဆယ်ယောက် လောက် ရှိသည် ။ ကရင်အုပ်စု နှင့် ဗိုလ်လုပွဲ တော့ နွှဲတော့ မယောင်ဖြစ်နေသေးသည် ။ လူဟောင်းများ အား အခန်း ခွဲလိုက်သဖြင့် ဘာ ပြဿနာ မှ မဖြစ်တော့ ။ ရခိုင်အုပ်စု က ကျွန်တော်တို့ နှင့် လာကျသည် ။ အားလုံးပေါင်း အခန်း ထဲတွင် လူလေးဆယ်ခန့် ရှိသည် ။ အခန်း ထဲမှာ မအိပ်ချင်သူများ က အပြန်လမ်း တွင် ထွက် အိပ်၍ နောက်ကျမှ အခန်း ထဲ ပြန်ဝင်ကြသည် ။
ကျွန်တော်တို့ အခန်း ထဲ မှ ဆေးလိပ် ဝယ်ခိုင်းလိုလျှင် တစ်ဖက်ခန်း ကို ညှိရသည် ။ ကော်မရှင် ပေးပြီး ဝယ် ခိုင်းရသည် ။ မုန့်တစ်ထုပ် ဝယ် လျှင် တစ်ခု ၊ ဆေးလိပ် သုံးထုပ် လျှင် တစ်ထုပ် ပေးရသည် ။ အားလုံး သဘောတူ ကြသည် ။ တဖြည်းဖြည်း အချုပ်သားအသစ်များ ထပ်ရောက် လာသဖြင့် အလုပ် ထွက်လုပ်သည့် ပြဿနာ က ပြန် ပေါ်လာသည် ။ ခမင်များ မရှိတော့သဖြင့် ကိုယ့် အချင်းချင်း ရန်ဖြစ်ကြသည် ။ တန်းစီး က ထိုကိစ္စကို မကိုင်တွယ် တော့ ။ ဦးရာလူ လိုက်ဟု ခွင့်ပေးလိုက်သည် ။ အလုပ် ထွက် လုပ်လိုလျှင် မနက်စောစော ထ၍ တံခါးဝ နား မှာ သွားရောက် တန်းစီ ထိုင်နေရသည် ။ မလုပ်ချင်သူများ ကိုတော့ အခန်း ထဲ မှာ နေစေသည် ။ အပြင်မှာ ထွက် ထိုင် နေလျှင် အလုပ် ထွက်လုပ်ရမည့် သူများ နှင့် ရောထွေး နေလျှင် ရဲက မျက်စိနောက်မည် ။ အပြင် မှ ရဲ က ဘယ်နှယောက် ထွက်ခဲ့ ဟု ခေါ်လျှင် ( နာမည် မပါပါက ) အနီးဆုံး လူ ထွက်ခွင့်ရှိသည် ။ တချို့ ရဲတွေက လာခေါ်နေကျ လူ ကိုသာ နာမည် တပ်၍ ခေါ်ခိုင်း တတ်သည် ။ တစ်ခါတလေတော့ ရယ်ပြန်သည် ။ ရဲ က ထိုင်းဘာသာစကားဖြင့် တရားရုံး သွားရမည့် သူ ကို လှမ်းခေါ်သည် ။ နားမလည်သော သူ က အလုပ် ခေါ်သည် မှတ်၍ တိုးထွက်သွားသည် ။ ရဲ က နာမည် မေးတော့မှ ယောင်အအ ဖြစ်ကာ အဆဲအဆို ခံရတော့သည် ။ နားရင်းအုပ်ခံ လျှင် ခံရသည် ။ များသောအားဖြင့် ထိုင်းဘာသာစကား နားမလည်သူများ ကြုံရသည် ။ အလုပ် လာ ခေါ်သည့် ရဲ ကလည်း ထိုင်းစကား တတ်သလား ဟု မေး ပြီးမှ ခေါ်လေ့ရှိသည် ။ သုံးလေးဦး ထဲမှ တစ်ယောက် တတ်လျှင် ကိစ္စ မရှိပါ ။ တစ်ဦး တည်း ခေါ် လျှင်တော့ စကား မတတ်လျှင် ခိုင်းလို့ မရသဖြင့် ထားရစ်ခဲ့ တတ်သည် ။ ဘာပဲဖြစ်ဖြစ် မိုးလင်းလျှင် တံခါးဝ ၌ အလုပ် စောင့်နေသူများ တန်းစီ နေတတ်သည် ။ စနေ ၊ တနင်္ဂနွေ နေ့များ ဆိုရင် ကျွန်တော်တို့ ကို ပင် လာခေါ်ရသည် အထိ အလုပ်ပေါ တတ်သည် ။ လုပ်နေကျ အလုပ်သမားများ အပြင် ပါ သွားသဖြင့် လွတ်ရက်နီးသူများ ကို တန်းစီး က လာခေါ်သည် ။ မလိုက်ပေးချင်၍ မရတော့ ။ ထမင်းစားချိန် ကျော် မှ ပြန်လာလျှင် လည်း ကိစ္စ မရှိ ၊ တန်းစီး က ထမင်း ကို သိမ်းထားပေးသည် ။ အပြင်မှ စား လာ၍ မစားချင် လျှင် တခြား သူ ကို ကျွေးလိုက်ရုံသာ ။ တစ်ခါတစ်ရံ အပြင် မှ စားစရာများ ပင် ပါလာတတ်သည် ။ ပြန်လာကြသူချင်း ငါ့ အလုပ်ရှင် က ဘယ်လိုဘယ်ဝါ ကြွားဝါကြသည် ။ နောက်တစ်ခါ ခေါ်ရင် မင်းတို့ ကိုပါ ခေါ်သွားမယ် ဟု လူဇော် လုပ်ကြသည် ။
အလုပ် လိုက်သွားပြီး ဒေါသ နှင့် ပြန်လာသူ လည်း ရှိသည် ။ ကပ်စေးနှဲသော အလုပ်ရှင် နှင့် လည်းကောင်း ၊ အပေါက်ဆိုးသော အလုပ်ရှင် နှင့် လည်းကောင်း ကြုံရပါက လုပ်ရသည် နှင့် စားရသည် မှ မကာမိဘဲ ဆဲဆို ညည်း တွားရတော့သည် ။ နည်းနည်း လူရည်လည်သော သူ က လာခေါ်သော ရဲ ကို ကြည့်၍ အလုပ် မဖြစ်လောက်သည့် ရဲ ဖြစ်နေလျှင် အသာ လျှို နေလိုက်သည် ။ မြန်မာများ ပါးရည်နပ်ရည်ရှိ သည် မှာ ထိုကိစ္စမျိုး က လက်တွေ့ တစ်ခုပင် ၊ ဘာပဲဖြစ်ဖြစ် ရဲ က မြန်မာ အချုပ်သား ကို မမုန်း ၊ အချုပ်သား က လည်း ရဲ ကို မမုန်းပါ ။ အပြင် ရောက် လျှင်တော့ သူ့ အလုပ် ကို သူလုပ်ကြသည် ။ ရဲ က လည်း ဖမ်းစရာ ရှိလျှင် ဖမ်းနေကျ ၊ မြန်မာ က လည်း ရှောင်နေကျ ။ အခန့်မသင့် လျှင် အချုပ် ထဲ ပြန် ရောက်ရင်း သံသရာ ပြန်လည်သည် ။ မည်သည့် အခါမှ ထို ကိစ္စက ပျောက်သွားခြင်း မရှိပါ ။
ကိုတင်အေး ၏ ဘဝရေးရာ ကို ဆက် ဆွေးနွေး ဖြစ်ကြသည် ။
“ ကျွန်တော် တစ်ခါတလေ ပြန်ဖို့ စိတ်ကူးပါတယ် ။ ထွက်လာတာ ကြာပြီ ဆိုတော့ ငွေများများ မပါရင် မပြန်ချင်ဘူး ။ ရောက်ရင်လည်း ပြန် လာဖြစ်တော့မှာ မဟုတ်ဘူး ။ ကျွန်တော် မိုက်တာပါ ကော့သောင်း မှာ အရက်မူးပြီး ဒုတိယ အိမ်ထောင် ထပ်ကျတယ် ”
ကျွန်တော် က ခေါင်းညိတ် ပြရင်း ကိုတင်အေး စကား ကို ဆက် နားထောင် နေမိသည် ။
“ ခြောက်လလှေ လိုက်တော့ ပိုက်ဆံ တော်တော်လေး စုမိပါတယ် ။ ကျွန်တော် တည်းနေကျ ကော့သောင်း အိမ် မှာ ရွှေလေးကျပ်သား ငွေသုံး သောင်းကျော် အပ်ထားပြီးပြီ ။ နောက်တစ်ခေါက် ပြန်မယ် ပြန်မယ်နဲ့ တစ် ခေါက်ပြီး တစ်ခေါက် ကြာနေဖြစ်ပြီး သောင်တင် နေရော ။ လှေ နား တဲ့ ရက်တွေမှာ ကော့သောင်း မှာ ပဲ နေတာများတယ် ။ အိမ်ရှင် က ကျွန်တော့်ကို သားလိုပဲ ချစ်တာ ကျွန်တော် နဲ့ လည်း ခင်ပါတယ် ။ အိမ်ရှင် က အဲဒီ မိန်းမ နဲ့ ကျွန် တော့်ကို စပ်နေတာ ကြာပြီ ။ ကျွန်တော် က ငြင်းပါတယ် ။ ကလေးတွေ မျက်နှာ က ရှိသေးတယ်လေ ”
ကိုတင်အေး က စကား ဖြတ်ရင်း ရေဘူး ဖွင့်ကာ ရေသောက်သည် ။ ပြီးတော့မှ
“ တစ်နေ့ ကျွန်တော် အရက်မူးပြီး အိပ်ပျော် နေတုန်း ၊ အဲဒီ မိန်းမ က အခန်း ထဲ ရောက်လာတယ် ။ နောက်နေ့ မနက် မှာ ယူလိုက်ရတယ်ဗျာ ”
သူ က လှိုင်းတွန့်ဆံပင်လေးများ ကို သပ်တင်ရင်း ပြောပြ နေသည် ။ အသားဖြူဖြူ မေးရိုးသွယ်သွယ် ဖြင့် အေးအေးဆေးဆေး နေတတ်သူ အတွက် ၊ ဘာ့ကြောင့် အရက် ကို ကြိုက်ရင်း တံငါအလုပ် ကို လုပ်နေသည် ကို ကျွန်တော် စဉ်းစားမရပါ ။ မြာစွံလှချည်လား ဟု ပင် ကျွန်တော် မေး ဖြစ်သည် ။
“ ပိုက်ဆံလေဗျာ ကျွန်တော် ငွေ စုထားတာ သိနေတာကိုး ၊ ကျွန်တော် လည်း ဘာမှ မတတ်နိုင်တော့ ယူ လိုက်ရတယ် ။ သူ က ကျွန်တော် နဲ့ အသက် အတူတူလောက်ပဲ ။ ကြည့်ပျော်ရှုပျော် ရှိပါတယ် ၊ ကျွန်တော် က တော့ အရက် ပဲ အာရုံ ထားတယ် ။ သူ နဲ့ ယူတော့ လက်ထဲမှာ ရှိတာလေး တွေ ကလေးတွေ ကို ခွဲပို့ လိုက်သေးတယ် ။ သမီးကြီးက ကျွန်တော့် ဆီ လိုက်မယ့်ဆဲဆဲ ဒီ သတင်းကြားတော့ မလိုက်တော့ဘူး ။ အစ်မတို့ ကတော့ ဘာမှ အပြစ် မတင်ပါဘူး ။ အမေ မသေခင်က ကျွန်တော် ပဲ လုပ်ကျွေးခဲ့တာ ဆိုတော့ တော်ရုံတန်ရုံ ကျွန်တော် ကို ဘာမှ မပြော ကြဘူး ။ ကလေးတွေ အတွက် စိတ်မကောင်းကြလို့ အရင်ထက် ပိုပြီး ကရုဏာ ဖြစ်သွားကြတယ် ။ စာ တော့ လာ ပါတယ် ။ သူတို့ သားသမီး အရင်း လို မွေးစားပါ့မယ်တဲ့ ကျွန်တော် ဒုတိယအိမ်ထောင် ပြုတော့ ကျွန်တော် စိတ် က ကူးတာ ကိုပြောတာနော် ။ ဒီမှာ သူ က စက်ချုပ် ၊ ကျွန်တော် က လှေ လိုက်ရင်း ငွေ ထပ်စုမယ် ။ ပြီးရင် ကျွန်တော့် ရွာ ကို ပြန်ကြမယ် ။ ဒါကို ပြောပြတော့ သူက သဘောတူပါတယ် ။ ခြောက်လ လှေ တော့ မလိုက်တော့ဘူး ၊ တစ်ပတ်လှေ ပဲ လိုက်တော့တယ် ။ ဝင်ငွေ နည်း သွားပေမယ့် ကျွန်တော် က ပိုက်ချုပ်တတ်တော့ ၊ သူများ ထက် စာရ င် မဆိုးဘူး ။ ရေရှု က လည်း ကျွန်တော် နဲ့ ရင်းနှီးတယ် ။
“ ပိုက်ချုပ်တတ်တော့ ဘာတွေ လုပ်ရလဲ ”
“ အလုပ်တော့ လုပ်ရတာပေါ့ ။ ပိုက်ချုပ် တတ်တော့ လှေ မောင်းနေချိန် ပိုက်မချ ထားဘူး ဆိုရင် ပြဲတဲ့ နေရာ ပြန် ဖာ ၊ ဖြတ်ထုတ်သင့်ရင် ဆက် ၊ ပိုက်တစ်ဖုံ ဆိုရင် တော်တော်လေး လက်ဝင်အောင် လုပ်ရတယ် ။ မချုပ် တတ်ရင် ရေထဲ ချထားတဲ့ အခါ ပိုက်ပြဲ သွားတတ်တယ်ဗျ ။ ကိုထွေး စဉ်းစားကြည့်လေ ရေအရှိန် နဲ့ ငါး ရဲ့ ရုန်းအား ဟာ နည်းသလား ဗျာ ။ တချို့ ပိုက်အသစ်ကြီးတွေ တောင် ငါးကြီးအုပ် နဲ့ တိုးရင် လွှတ်ပစ်ရ ရော ”
“ ကျွန်တော် တစ်ပတ်လှေ လိုက်တော့ ရသမျှ ငွေ သူ့ ကို အပ်ပါတယ် ။ နေတာတော့ ကျွန်တော် တည်း တဲ့ အိမ်ရှင် အဘွားကြီး က ခေါ်ထားတာမို့ အဲဒီမှာပဲ ဆက်နေတယ် ။ အဘွားကြီး က တစ်ယောက်တည်း ဆိုတော့ သူ့ စားရေးသောက်ရေး ကို ကျွန်တော် ပဲ တာဝန် ယူထားတယ် ။ ကျွန်တော် ကို က ဇာတာ မကောင်းတာလား မသိပါ ဘူးဗျာ ။ အဲဒီ မိန်းမ က ပိုင်းလုံး ဖြစ်နေတယ် ”
“ ဘာဖြစ်လို့ လဲ ကိုတင်အေး ”
“ ကျွန်တော် နဲ့ ပေါင်းသင်းပြီး စုမိဆောင်းမိကာမှ အကုန် သိမ်းကျုံး ယူ ပြီး သူ့ ရွာ ကို ထွက်ပြေးသွားတယ် ”
“ ဟာ မလိုက်ဘူးလား ”
“ လိုက်တာပေါ့ဗျာ ဟိုမှာ အရင် ယောက်ျားက စောင့်နေတယ်လေ ”
“ ဟာ ”
“ ဟုတ်တယ် ကျွန်တော် လိုက်သွားပြီး လူကြီးတွေ နဲ့ ရှင်းတော့ သူတို့ က တစ်ဝက် ပြန်ပေးတယ် ။ သူတို့ က လုပ်နေကျဗျ တကယ့် ပိုင်းလုံးမ ”
သူတို့ အရပ် မှာ ခပ်လည်လည် မိန်းမ ဆိုလျှင် ပိုင်းလုံးမ ဟု ခေါ် ကြသည် ။
သူ မျိုသိပ်ထားခဲ့ရသည် များ ကို ဖွင့်ပြောလိုက်ရ၍ ကျေနပ်သွားပုံရသည် ။
“ လာဗျာ ကျားသွား ထိုးရအောင် ။ မအိပ်ချင်သေးဘူး မဟုတ်လား ”
ကျွန်တော် သဘောတူစွာ ခေါင်းညိတ်ပြလိုက်သည် ။
အချုပ် ထဲ တွင် ကျွန်တော် ထမင်းဝဝ ဟင်းဝဝ အမြဲ စားရသည် ။ ဆေးလိပ်နှင့် မုန့်ပဲသရေစာ လည်း ထို့ အတူပင် ။ ကျွန်တော့် တွင် ပါလာသော ငွေကြေး ထဲမှ လိုအပ်သော ဆေးလိပ် နှင့် မုန့်များကို ဝယ်ယူ ကျွေးမွေးခဲ့ သော အကျိုးကျေးဇူး နှင့် ကျွန်တော် အလုပ် ထွက်လုပ်ရာမှ ပြန်လာလျှင် ပါလာသော စားဖွယ်သောက်ဖွယ် မှန်သမျှ စွန့်ကြဲ ပေးကမ်းလေ့ ရှိသော စေတနာကြောင့် ပင် ။
ဘန်ကောက် မှာ နေခဲ့စဉ်ကလည်း ကျွန်တော် ရိုတီ ရောင်းရင်း ထောင်ကျများ လမ်းလုပ်အားပေး လာ လုပ်ကြသည် နှင့် တိုးခဲ့စဉ် ၊ ရှိသမျှ ရိုတီများကို ထောင်ကျများအား စောင့်ကြပ်ရသော ဝါဒါများကို အကျိုးအကြောင်း ပြောပြ၍ လှူဒါန်း ကျွေးမွေးခဲ့ဖူးသည် ။ တချို့ နှစ်ခု ၊ သုံးခု တစ်ပြိုင်တည်း စားကြသည် ။ ကျွန်တော် ကြည်နူးပီတိ ဖြစ်ခဲ့ရသည် ။ ထို ကိစ္စများကြောင့် နောင်တွင် အကျိုးကျေးဇူးများ ထပ်ခါထပ်ခါ ရနေပြန်သည် ။
ဤသို့ဖြင့် လွတ်ရက် က တဖြည်းဖြည်း နီးလာခဲ့ပြီ ။ လွတ်ရက် နီး လေ လွတ်ချင်လေ ဖြစ်သည့် အတိုင်း အပြင် ရာက်လျှင် ဘာလုပ်ကြမည် ကို ပြောကြဆိုကြပြန်သည် ။
“ ကိုထွေး ရန်ကုန် ပြန်မှာ လား ”
“ ဟုတ်တယ် ကျွန်တော် ရန်ကုန် ပြန်မှာ ပတ်စ်ပို့ဒ် လျှောက်မယ် ။ ကျွန်တော့် အစ်ကို က စင်ကာပူ ရောက်နေပြီ ။ အဆင်ပြေရင် ကျွန်တော် လိုက်သွားမယ် ”
“ အေးဗျာ တစ်နေ့နေ့တော့ ပြန် ဆုံချင်သေးတယ် ”
“ လာလည်ပါဗျာ ရန်ကုန်လိပ်စာ ပေးပါ့မယ် ”
“ ကျွန်တော် တကယ်လာမှာ ”
သူ ပြောတာကို ကျွန်တော် ယုံပါသည် ။ သူ့ ပုံစံမှာ လူတစ်ယောက် ကို တော်ရုံ ခင်မင်တတ်သူ မဟုတ် ၊ ခင်မင်မိလျှင် အမြဲတမ်း သတိရနေမည့် လူစားမျိုး ဖြစ်ပါလိမ့်မည် ။ သူ ခင်မင်မိသူ နှင့် ပတ်သက်လာလျှင် ဘာသိ ဘာသာ နေမည့် သူ မဟုတ်မှန်း ပြဿနာ တစ်ခု က လက်တွေ့ပြလေပြီ ။
ကျွန်တော်တို့ လွတ်ရက် စေ့သော နေ့တွင် ဖြစ်သည် ။ တာဝန်ကျ ရဲ က လွတ်မည့် သူများ ကို နာမည်စာရင်း ခေါ်နေစဉ် ၊ လူသစ်များ ထဲ မှ တစ်ယောက်သည် ရဲ ကို လာဘ်ထိုးသည် ။ ဘတ်ငွေ သုံးရာ ပေးပြီး ကျန် အဖော်တစ်ယောက် ပါ လိုက်ခွင့်ရအောင် ဝင်ပြောသည် ။ ရဲက လက်ခံ ပြီး နာမည် ခေါ်ပြီးသူများ ထဲ မှ နှစ်ယောက် အမည် ကို ပြန်ခေါ်ရာတွင် ကျွန်တော့် နာမည်ပါသွားသည် ။
ကိုတင်အေး ထ ဆဲပါတော့သည် ။
“ မင်းတို့ လိုက်ရဲရင် လိုက်ကြည့် မင်းတို့ မီးသွေးဂိုထောင် အကြောင်း ကြားဖူးတယ် မဟုတ်လား ။ ငါ့ နာမည် မေးကြည့် တင်အေး တဲ့ ၊ မဟုတ်တာ လုပ်လို့ ကတော့ ”
ရဲ က ကိုတင်အေး ကို ငေးကြည့် နေပြီး တန်းစီး အား ခေါ်စေသည် ။
တန်းစီး က ရှင်းပြသည် ။ ညှိနှိုင်း ပေးသည် ။ ရဲ က စဉ်းစားရင်း ခဏ ကြာတော့မှ သွားသွား ဟု ဆိုကာ ကျွန်တော့် အား နာမည် ခေါ်ထားသူ အုပ်စု သို့ ပြန် ပို့ပေးသည် ။ ဟိုလူတွေ ကိုလည်း စာရင်း ဖြည့်ကာ ထပ်ခေါ် သည် ။ ရဲ ပြန် ထွက်သွားတော့ သူတို့ က ကိုတင်အေး ကို တောင်းပန်၏ ။
“ တောင်းပန်ပါတယ်ဗျာ ကျွန်တော်တို့ ဒီရက် အတွင်း လှေ ကို ပြန် မရောက်ရင် လစာတွေ ဆုံးမှာ မို့လို့ ပါ ။ ကျွန်တော် တောင်းပန်ပါတယ် ”
ကိုတင်အေး က ဘာမှ မပြော ။ သူတို့ ထွက်သွားတော့ ကျွန်တော့် ဆီ လာသည် ။
“ ကျွန်တော် တကယ် ချမှာ ဒီကောင်တွေ ကျွန်တော့် အကြောင်း သိတယ် ၊ သူတို့ လိုက်တဲ့ လှေ လည်း ကျွန်တော့် မိတ်ဆွေ ။ ဒီကောင်တွေ ကျွန်တော်တို့ ဂိုထောင် အကြောင်း ကောင်းကောင်း သိတာပေါ့ ။ အစ တောင် ရှာလို့ မရဘဲ ဖြစ်ကုန်မယ် ”
ကျွန်တော် ဘာမှ မပြောနိုင်ဘဲ သူ့ ကို သာ ကျေးဇူးတင်သည့် မျက်လုံးများ ဖြင့် ကြည့်နေမိသည် ။ ကျွန်တော် က ကြက်မ ဖြစ်နေသည် ကိုး ။
အချုပ် လွှတ်တော့ ကားများ ဖြင့် ရနောင်း လူဝင်မှုကြီးကြပ်ရေး သို့ ပို့သည် ။ ထိုအခန်း၌ ဘတ်သုံးရာ မှ စ၍ နောက်ဆုံး ဘတ်ငါးဆယ် အထိ ဈေးလျှော့ လျှော့လာရင်း ထွက်နိုင်သည် ။ တချို့က ငွေပေး၍ ထွက်ကြသည် ။ တချို့ကြတော့ ငါးဖမ်းလှေ မှ လာခေါ်၍ အကြောင်းကြားပြီး ထွက်ကြသည် ။ ကိုတင်အေး က မလိုက် ။ ကျွန်တော့် ကို ကော့သောင်း အထိ လိုက်ပို့ မည် ဟု ဆိုကာ နေရစ်ခဲ့သည် ။ ကျန်ရစ်သူများ အား ရနောင်း ( လ.ဝ.က ) မှ ရေလည် ( လ.ဝ.က ) စခန်းသို့ ပို့သည် ။ ထိုမှ တစ်ဆင့် စက်လှေများ ဖြင့် ကော့သောင်း ဘက် သို့ လွှဲပေးသည် ။
ရေလည် ( လ.ဝ.က ) မှ ကျွန်တော်တို့ တွင် ပါလာသော ကောင်းနိုးရာ ရာများကို သိမ်းယူလိုက် သဖြင့် ကျွန်တော့် တွင် ဖိနပ် ပင် ပါမလာတော့ ။ ကံကောင်းချင်တော့ ခင်မောင်လွင် တို့ လင်မယား ကော့သောင်း မှာ ပြန် ရောက် နေသဖြင့် ပိုက်ဆံ ဝင် ချေးကာ ဖိနပ် ဝယ်ရသည် ။ ဖိနပ် ဝယ်ပြီး မှ ကိုတင်အေး အတွက် လှေခ ပေးကာ ရနောင်း သို့ ပြန်ပို့ရသည် ။ ညဦး ပိုင်းတွင် ကိုတင်အေး ပြန် ရောက် လာပြီး ကင်မရာ ၊ အင်္ကျီ ၊ ကက်ဆက် များ ယူပြီး ကျွန်တော့် ထံ ပြန် ရောက်လာ၏ ။
ကိုတင်အေး နှင့် ကျွန်တော် ဓာတ်ပုံ တွဲရိုက်ကြသည် ။ အဝတ်အစား များ ကျွန်တော့် ကို ပေးသည် ။ ကက်ဆက်ကိုပင် လက်ဆောင်ပေးလာသည် ။ ကျွန်တော် လက်မခံဘဲ ပြန် ပေးတော့ သူ စိတ် မကောင်း ။ အတင်း ပြန်ပေး ရသည် ။ ထို့နောက် စားသောက်ဆိုင် သို့ ခေါ်ကာ ကျွေးမွေး ပြုစုသည် ။
“ ဒီမှာ သိပ် ကြာကြာ မနေပါနဲ့ ကိုတင်အေး ရာ အိမ် ကို ပြန်နိုင်အောင် လည်း လုပ်ဦး ။ ကလေးတွေ ရှိသေး တယ် ”
ကျွန်တော့် စကားကို သူ ထောက်ခံရင်း မကြာခင် ပြန်မည့် အကြောင်း ကတိပေးသည် ။ ထိုနေ့ ညတွင် ခင်မောင်လွင် တို့ အိမ် တွင် အိပ်ကြပြီး နောက်တစ်နေ့ မနက် မှာ သူ့ ကို လှေဆိပ် လိုက် ပို့ဖြစ်သည် ။ လှေ ထဲ မဆင်းခင် ကမ်းနား မှာ လမ်းလျှောက်၍ စကား ပြောကြသည် ။ ခွဲရမည် ကို စိတ်မကောင်း ၊ လူ က အေးသော်လည်း ကံတရား က မအေးသဖြင့် သားကွဲ မယားကွဲ ပင်လယ် ထဲ မှာ ကျင်လည်နေရသာ ကိုတင်အေး ကို နောက် တစ်ကြိမ် ပြန်ဆုံ လျှင် ကံကောင်းပါစေ ဟု ကျွန်တော် ဆုတောင်းမိသည် ။
သူ ပြန်သွားတော့ မှ ကိုယ့် ဘဝ ရှေ့ရေး ကို တွေးရပြီ ။
ကျွန်တော့် အတွက် အချုပ်ကျခြင်းသည် အနားယူခြင်း မျှသာ ဖြစ်ပြီး အပြင်ရောက်သည် နှင့် ရင်ဆိုင် ဖြေရှင်းစရာများ စီတန်း နေတော့သည် ။
ဦးစွာ သတိရမိသည် က “ ဖိုင် ” ။
“ ဖိုင် ” ဘာတွေ ခံစားနေရပါလိမ့် ။
သူ တားသည့် ကြား မှ မြို့ ထဲသို့ ကျွန်တော် သွားခဲ့သည် ။ ဘတ်စ်ကား မလာခင် အထိ သူ က မသွားရန် ပြောနေသေးသည် ။ ကျွန်တော် ထွက်ပြေးရင်း အဖမ်း ခံရခြင်း ကို သူ သိလျှင် စိတ်မကောင်း ဖြစ်တော့မည် ။
▣ မာန် ( တောင်လုံးပြန် )
📖 လန်းဖိုင်စာသိုက်
No comments:
Post a Comment