❝ အဆင်းရထား ❞
( ဆွန်း - စက်မှုတက္ကသိုလ် )
ဒီနှစ် ဆရာကန်တော့ပွဲ သည် ယမန်နှစ် က ထက်ပင် ပိုမို စည်ကား သိုက်မြိုက်သည် ။ လာနေကျ အချို့ ရောက်မလာ သော်လည်း ကျွန်တော် တို့ မသိမမီလိုက်သည့် ကျွန်တော်တို့ နောက်မျိုးဆက် များစွာတို့ ဖြင့် ဆရာကန်တော့ပွဲ သည် သစ်လွင် လန်းဆန်းစွာ အားကောင်းမောင်းသန် ဆက်လက် ရှင်သန် နေသည် ။ တကယ်တော့ ဆရာကန်တော့ပွဲ ဆိုတာ လောကမှော်ရုံတော အတွင်း မှာ ကံကောင်း ထောက်မစွာ တည်ဆောက်ခဲ့မိသည့် “ အတိတ်ကမ္ဘာ ” ။
ထို အတိတ်ကမ္ဘာ မှာ ဝေးကွာ နေသည့် ကျောင်းနေဖော်များ ပြန် ဆုံစည်းနိုင်သည် ။ ခွဲခွာခဲ့ရသည့် ဆရာများ နှင့် လည်း ပြန် ဆုံတွေ့ နိုင်သည် ။ ဆရာ အချင်းချင်း ပြန် ဆုံနိုင်သည် ။ ကျောင်းသား အချင်းချင်း ပြန် ဆုံနိုင်သည် ။ ထို့ပြင် ဆရာ နှင့် ကျောင်းသားများ လည်း ဟိုး လွန်ခဲ့သည့် နှစ်ပေါင်း များစွာက ကဲ့သို့ ပင် ဖက်လဲတကင်း နှင့် နွေးထွေးစွာ တစ်ဖန် ပြန်လည် ဆုံစည်းနိုင်ကြပါသည် ။ ထိုအခါ ကျွန်တော်တို့ အားလုံး ပျော်ကြ ၊ ရွှင်ကြ ၊ ဝမ်းသာကြ ၊ ကြည်နူးကြရသည် ။
အင်း ... နှစ် တစ်နှစ် ကိုတော့ ဖြတ်သန်းနိုင်ခဲ့ကြ ပြန်ပြီ ။
အင်အားများ မသိမသာ ယုတ်လျော့သွားခဲ့ သော်လည်း ၊ ရုပ်ခန္ဓာ အနည်းငယ် ပိုမို အိုစာ သွားခဲ့ သော်လည်း နှစ် တစ်နှစ် ကို ကျွန်တော်တို့ အောင်မြင် စွာ ဖြတ်သန်း နိုင်ခဲ့ကြပြန်ပြီ ။
သို့ရာတွင် ကျွန်တော်တို့ ကဲ့သို့ နှစ် တစ်နှစ် ကို အောင်မြင်စွာ မဖြတ်သန်းနိုင်ခဲ့သူ အချို့လည်း ရှိပါသည် ။ သူတို့ အတွက် စိတ်မကောင်း ဖြစ်ရသည် ။ သူတို့သည် တစ်ချိန်တစ်ခါ က ကျွန်တော်တို့ နှင့် ဘဝချင်း နီးကပ် ထိစပ်ခဲ့ကြဖူး သူများ ဖြစ်နေ၍လည်း ရင်ထဲ မှာ နာကျင်ထိရှ ခံစားရသည် ။
မှန်ပါသည် ။ ခါတိုင်းနှစ်များ လိုပဲ သည်နှစ် မှာလည်း ကျွန်တော်တို့ ရဲ့ ကျောင်းနေဖော် ငယ်သူငယ်ချင်း အချို့ ကွယ်လွန်တိမ်းပါး ခဲ့ပါသည် ။ သူတို့သည် နှစ်စဉ် ကျင်းပနေကျ ဤ ဆရာ ကန်တော့ပွဲများ ထံသို့ နောင် ဘယ်သော အခါမှ လာနိုင်ကြတော့မည် မဟုတ်ပါ ။ အတိတ်ကမ္ဘာ ကို ထာဝရ ကျောခိုင်း ထွက်ခွာ သွားသူများ ဖြစ်ပါသည် ။
ကိုယ့် ထက် အလျင် ကွယ်လွန်ခဲ့ သည့် ကျောင်းနေဖက် ငယ်သူငယ်ချင်း များ အကြောင်း ကို တွေးမိသည့် အခါတိုင်း မှာ ဟိုး လွန်ခဲ့သည့် နှစ်ပေါင်းများ စွာ က ငယ်ဘဝ ကို သတိရသည် ။ သူတို့ နှင့် အတူ ကျောင်း တက်ခဲ့ရသည့်နေ့ရက် များကို တမ်းတသည် ။ ထိုစဉ်က အတူတူ စီးခဲ့ကြသည့် “ အဆင်းရထား ” ကို လည်း အမှတ်ရသည် ။
ဪ .. ကျွန်တော်တို့ သည် ကိုယ့် ကိုယ် ကို သတိ မထားမိ သော်လည်း နှစ် စဉ်နှစ်တိုင်း ပင် “ အဆင်းရထား ” ကို အမှတ်မဲ့ စီးမိနေကြသည်ပဲ ။
••••• ••••• •••••
“ ကလောစက်မှုသိပ္ပံ ” မှာ ကျောင်းတက်ကြတော့ ကျောင်းသွား ကျောင်းပြန် ခရီး အတွက် ရထား ကို သာ ကျွန်တော်တို့ အားထားခဲ့ကြသည် ။
ကျောင်းဖွင့်ချိန် ကျောင်း တက်ရန် သွားသည့် အခါ “ အတက်ရထား ” ကို ပျော်ပျော်ကြီး စီးခဲ့ကြသည် ။ ကျောင်း ပိတ်၍ အိမ် ပြန်လျှင် “ အဆင်းရထား ” ကို ပျော်ပျော်ကြီး စီးခဲ့ကြသည် ။
“ အတက်ရထား ” ၊ “ အဆင်းရထား ” ဆိုသည် မှာ ကျွန်တော်တို့ ဘာသာ ပေး ထားသည့် အမည်များ ဖြစ်ပါသည် ။ မြေပြန့် မှ တောင်ပေါ်သို့ တက်ရသည့် ရထား ကို “ အတက်ရထား ” ၊ တောင်ပေါ် မှ မြေပြန့်သို့ ဆင်းသည့် ရထား ကို “ အဆင်း ရထား ” ။
“ ကလော ” ဆိုသည် ကလည်း အများ သိသည့် အတိုင်း တောင်ပိုင်း ရှမ်းပြည်နယ် ၏ အဝင်တံခါးဝ မြို့လေး ။ ပင်လယ်ရေမျက်နှာပြင် အထက် ပေ လေးထောင်ကျော် မြင့်သည့် ကုန်းမြင့် တောင်တန်းများ ဆီ မှ အလွန် အေးချမ်းသာယာ လှပသော အိပ်မက်မြို့လေး ။ စာကဗျာ ရေးဖွဲ့လို့ မဆုံးအောင် ၊ တေးပန်းချီ ရေးသီလို့ မကုန်အောင် ထင်ရှား ကျော်ကြားလှသော ဂန္ထဝင်မြို့လေး ။
ထို မြို့လေး မှာ “ ကလောစက်မှု သိပ္ပံ ” ဆိုသည့် ကျောင်း တစ်ကျောင်း တစ်ရံရော အခါက ရှိဖူးခဲ့လေသည် ။ ထို ကျောင်း ဆီ သို့ အင်ဂျင်နီယာပညာရပ် များ သင်ကြားဆည်းပူးရန် အလို့ငှာ မြန်မာပြည် တစ်နံတစ်လျား က ကျောင်း သူကျောင်းသား မြောက်မြားစွာ တို့ ကျောင်း လာ တက်ခဲ့ကြပါသည် ။
ကျောင်းသူကျောင်းသားများ ဆိုတော့လည်း ကျောင်းသူကျောင်းသားများ ၏ သဘာဝ အတိုင်းပဲပေါ့ ။ ကျောင်း တက်ရန် လာလျှင် “ သူငယ်ချင်းများ နှင့် ပြန်ဆုံရမှာမို့ ” ပျော်သည် ။ ကျောင်းပိတ်၍ အိမ် ပြန်ရတော့လည်း “ မိဘ မောင်နှမ ဆွေမျိုးသားချင်းများ နှင့် ပြန်တွေ့ရမှာမို့ ” ပျော်သည် ။
ဤနည်းဖြင့် ကျွန်တော်တို့ သည် “ အတက်ရထား ” များ ကို လည်းကောင်း “ အဆင်းရထား ” များ ကို လည်းကောင်း ကြိမ်ဖန် များစွာ ပျော်ပျော်ရွှင်ရွှင် စီးခဲ့ကြပါသည် ။
မှတ်မှတ်ရရ ၊ နောက်ဆုံး တစ်ကြိမ် မှ အပ ဖြစ်ပါသည် ။
••••• ••••• •••••
“ အတက်ရထား ” ကို ပထမဆုံး အကြိမ် စီးရစဉ် က မူ မပျော် တစ်ဝက် ပျော် တစ်ဝက် ။
မောင်သစ်လွင် ဘဝ ဖြင့် ပထမနှစ် သင်တန်း တက်ရန် ကျောင်းသို့ မဝံ့မရဲ လာခဲ့ရစဉ် က ဖြစ်သည် ။
ဝေးမြေရပ်ခြား မှာ တစ်ယောက် တည်း မို့ အားငယ်သည် ။ မိဘသားချင်း များ နှင့် ခွဲခွာရသည့် အတွက် ဝမ်းနည်းသည် ။ နယ်မြေသစ် မှာ အဆင် မှ ပြေ မလား ဆိုသည့် အတွေးဖြင့် ပူပင်သည် ။ မပျော် တစ်ဝက် ။
ကလော လို မြို့မျိုး မှာ ကျောင်းအိပ် ကျောင်းစား နေရမည်မို့ ရွှင်မြူးသည် ။ ထင်းရှူး ၊ ချယ်ရီ ၊ စိန်ပန်းပြာ တို့ ကို ယစ်မူးသည် ။ အသံဝဲဝဲ ၊ ပါးအို့ရဲရဲ နှင့် ချစ်စရာ ကောင်းသည့် မောပျိုဖြူများ ၏ အလှ တွင် မိန်းမူးသည် ။ နောက် သုံးနှစ် ကြာ လျှင် အင်ဂျင်နီယာ ဖြစ်မည့် အတွက် ကြည်နူးသည် ။ အပျော် တစ်ဝက် ။
ကျောင်း သို့ ရောက်ပြီး ရက်အနည်းငယ် အတွင်း မှာ ပင် အားငယ်ခြင်း ၊ ဝမ်းနည်းခြင်း ၊ ပူပင်ခြင်း စသည့်စိတ်သောက သည် လွယ်လင့်တကူ “ ကြက်ပျောက်ငှက်ပျောက် ” ပျောက်ရှ ကုန်သည် ။ ထို သောကများ နေရာ တွင် ရွှင်မြူးခြင်း ၊ ယစ်မူးခြင်း ၊ မိန်းမူးခြင်း ၊ ကြည်နူးခြင်း စသည့် စိတ်ခံစားမှုများ အစားထိုး ဝင်ရောက် နေရာ ယူသည် ။ ကျောင်းသားလူငယ် တစ်ယောက် ၏ “ အပူပင်မဲ့သော ပျော်ရွှင်ခြင်းများ ” ဖြင့် အရာရာ ကို မတောင့်တ ၊ မကြောင့်ကြရဘဲ အထိုက်အလျောက် လုံလောက် ပြည့်စုံသည့် ပညာရပ်ဝန်း မှာ အေးချမ်းသက်သာစွာ ပညာ ဆည်းပူးခွင့် ရခဲ့သည် ။
ဟိုး လွန်ခဲ့သည့် နှစ်ပေါင်းများစွာ က ဆွတ်ပျံ့လွမ်းမောဖွယ်ရာ ကျောင်းသား ဘဝ နေ့ရက်များ ။
••••• ••••• •••••
နောင် “ အတက်ရထား ” ကို စီးရတော့ မပျော် တစ်ဝက် ၊ ပျော် တစ်ဝက် မဟုတ်တော့ ။ အပျော်ချည်း သက်သက် ။
အတက်ရထား စီးရန် ရန်ကုန် ဘူတာကြီး သို့ ရောက်သည် နှင့် ကျောင်းနေဖော်များ ကို ပြန်တွေ့သည် ။ သူငယ်ချင်းများ နှင့် ပြန်ဆုံသည် ။ သူတို့ နှင့် အတူ အပျော်တပါး ၊ တဟီးဟီး တဟားဟား လုပ်ကာ ရထား တက် စီးခဲ့ကြပါသည် ။
ရထား ထွက်စ က ကျွန်တော်တို့ ရဲ့“ ကျောင်းသား သီးသန့်တွဲ ” မှာ ထိုင်ခုံ လွတ် များစွာဖြင့် တော်တော်လေး ချောင်ချိသည် ။
သို့ရာတွင် လမ်းခရီး တစ်လျှောက်ရှိ ဘူတာတိုင်း လိုလို မှ ကျောင်းသူ ကျောင်းသားများ ထပ် တက်လာကြသည် ။ တစ်ဘူတာ ဆိုက်၍ ရထား ပေါ် တက်ရန် စောင့်ဆိုင်း နေသည့် ကျောင်းသူကျောင်းသားများ ကို မြင် လျှင် တွဲပေါ် ရှိ သူငယ်ချင်းများ က ဝမ်းသာအားရ အော်ဟစ် နှုတ်ဆက်ကာ ရထား ပေါ် သို့ ဆွဲတင်ကြသည် ။ ထိုင်ခုံ ဆီ မရောက်မီ မှာ ပင် တစ်လ တာ ခွဲခွာရသည် ကို နှစ်ပေါင်းများစွာ ကွဲကွာခဲ့ကြသူများ ပမာ စကား များစွာ သူ့ ထက် ငါ အလုအယက် ရေပက် မဝင်အောင် ပြောနေကြသည် မှာ “ လက်ပံပင် ဆက်ရက်ကျ ” သည့် ပမာ ။
စကား ပြောရ လွန်း၍ မောလာသော အခါ အိမ် က ထည့်ပေးလိုက်သည့် အစားအစာများ ကို အပြိုင်အဆိုင် ထုတ် ကာ အနီးအနား မှာ ရှိသည့် တွေ့သမျှ ကျောင်းသူကျောင်းသားများ ကို စေတနာ ထက်သန်စွာ အပြန်အလှန် ဝေငှ ကျွေးမွေးကြသည် ။ စား ရင်း ပြော ၊ ပြော ရင်း ရယ် ၊ ရယ် ရင်း သော ။ မောလည်း မမောနိုင် ၊ ပန်း လည်း မပန်းနိုင် ။ ပျော်ပြီး ရင်း ပျော် နေကြသည် ။
ထုံးစံအတိုင်း ဂစ်တာသံ တလှိုင်လှိုင် ၊ သီချင်းသံ တမြိုင်မြိုင် ။
တဖြည်းဖြည်း နှင့် ကျွန်တော်တို့ ကျောင်းသား သီးသန့်တွဲ မှာ“ ချောင် ” ရာ မှ “ ပြည့် ” ၊ “ ပြည့် ” ရာ မှ “ ကျပ် ” ၊ “ ကျပ် ” ရာ မှ “ ညှပ် ” ၊ “ ညှပ် ” ရာ မှ “ ထပ် ” လာသည် ။ သို့သော် ကျွန်တော်တို့ စိတ် မပျက်ကြပါ ။ စိတ်ပျက်ရ ကောင်းမှန်း လည်း သတိ မရကြပါ ။ ကျွန်တော်တို့ အားလုံး စိတ် ထဲမှာ ပျော်ရွှင်နေတာပဲ သိသည် ။ စကားသံများ ၊ ရယ်သံများ ၊ ဇွန်းသံခွက်သံများ ၊ ဂစ်တာသံများ ၊ သီချင်းသံများ ၊ လက်ခုပ်သံများ ဖြင့် “ ပွက်လောရိုက် ” နေသည် ။
“ သာစည် ” ဘူတာ ၌ ရထား ဆိုက်သော အခါ တွဲပေါ်သို့ ကျောင်းသူကျောင်း သား အများအပြား အုံနှင့် ကျင်းနှင့် တက်လာသည် ။ ပို ကျပ် လာသည် ။ ပို ဆူ လာသည် ။ ပို ပျော် လာသည် ။ ခရီး က လည်း ခရီးရှည် ။ တစ်ညလုံး နှင့် တစ်နေကုန် ခုတ်မောင်း ရသည့် ခရီးရှည် ။ ကျွန်တော်တို့ က လည်း တစ်ည လုံး နှင့် တစ်နေကုန် ပျော်နေလိုက်ကြသည် ။ နောက်တ စ်နေ့ ကလော သို့ ရောက်သောအခါ အသံ ပြာ သူ က ပြာ ၊ လည်ချောင်း နာ သူ က နာ ။
“ အတက်ရထား ” ဟူသည် ဆုံစည်းခြင်း ၊ ပေါင်းစည်းခြင်း နှင့် ပျော်ရွှင်ခြင်း ။
••••• ••••• •••••
“ အဆင်းရထား ” က မူ “ အတက်ရထား ” နှင့် မတူ ။
တစ်ကျောင်းလုံး ကို ရထားတွဲ ပေါ်သို့ ထိုးသိပ် တင်ပေးလိုက် သလို ဖြစ်နေ၍ ရထား မထွက်မီ မှာ ပင် ကျောင်းသား သီးသန့်တွဲ မှာ လူများ ၊ ပစ္စည်းများ ဖြင့် ကျပ်ညှပ် နေပါသည် ။
ရထား ကျပ်ခြင်းကြောင့် တော့ ကျွန်တော်တို့ စိုးစဉ်းမျှ စိတ် အနှောင့် အယှက် မဖြစ်ကြ ။
ကျွန်တော်တို့ အားလုံး သည် စာမေးပွဲ ပြီးပြီ မို့ ပျော်နေသည် ။ ကျောင်းပိတ်ပြီ မို့ ပျော်နေသည် ။ အိမ် ပြန်ရမည်မို့ ပျော်နေ သည် ။ ရထား ကျပ်သည် မို့ပျော်နေသည် ။ နေရင်းထိုင်ရင်း အလိုလို ပျော်နေသည် ။
စကားသံများ ၊ ရယ်သံများ ၊ သီချင်းသံများ ၊ ဂစ်တာသံများ စီစီညံ ။
“ သာစည် ” ဘူတာ မှာ ရထားဆိုက် တော့ ကျောင်းသူကျောင်းသား အမြောက်အမြား ရထား ပေါ်မှ ဆင်းကြသည် ။ သူတို့ ထဲ မှာ တချို့တစ်ဝက် သည် မန္တလေး ရထား ကို ဆက် စီးကြမည် ။ တချို့တလေ မြင်းခြံရထား သို့ ပြောင်း စီးကြမည် ။ တချို့တော့ လည်း မိတ္ထီလာ ဘက် သို့ ကားဖြင့် ခရီးဆက်ကြမည် ။
အခုတော့ ကျွန်တော်တို့ ကျောင်းသားသီးသန့်တွဲမှာ ကျပ်ညှပ် မနေတော့ပါ ။ ကျောင်းသူကျောင်းသားများ ကတော့ ခွဲခွာချိန် မှာ လည်း တွေ့ဆုံချိန်တုန်း က ကဲ့သို့ပင် ကျယ်လောင် ဆူညံစွာ အော်ဟစ် နှုတ်ဆက် နေကြသည် ။
“ သွားပြီ ယောက်ဖရေ ။ ကျောင်းဖွင့်ရင် ပြန် တွေ့ကြမယ် ဟေ့ ”
“ သွားတော့ ယောက်ဖရေ ။ ကျောင်း ပြီးမှပဲ မိဘတွေ ခေါ်ပြီး မင့်နှမ ကို လာတောင်းမယ် ဟေ့ ”
ရထား က ဘူတာစဉ် တစ်လျှောက် ရပ်သည် ။ ရပ်သည့် အခါတိုင်း လည်း တွဲပေါ် မှ ကျောင်းသူကျောင်းသား တချို့ ဆင်း ကျန်ရစ်သည် ။
ဆင်းသွားသူ တို့ ကို ရထား ပေါ်တွင် ကျန်ရစ်သည့် သူငယ်ချင်းများ က အော်ဟစ် နောက်ပြောင် နှုတ်ဆက်ကြ ။ ရထား ပေါ် မှာ ကျန်ရစ်သူများ ကို ဆင်း သွားသည့် သူငယ်ချင်းများ က ပြန်လှန် ဟစ်အော် ပြောင်လှောင် နှုတ်ဆက်ကြ ။
ဤနည်းဖြင့် ရထားတွဲ သည် ခရီး ဆုံးခါနီးလေ ထိုင်ခုံ အလွတ်များ တိုးပွား လာပြီး ပိုမို ချောင်ချိလာလေ ။
နောက်ဆုံးကြိမ် မတိုင်မီ ထိ ကျွန်တော်တို့ သည် “ အဆင်းရထား ” ကို ပျော်ရွှင်စွာ စီးခဲ့ကြပါသည် ။
••••• ••••• •••••
နောက်ဆုံး နှစ် ၊ နောက်ဆုံး စာမေးပွဲ ဖြေဆို ပြီးနောက် ကျောင်း နှင့် အပြီး အပိုင် ခွဲကာ အိမ် ပြန်ရန် “ အဆင်းရထား ” ကို စီးရသော အခါ ကျွန်တော်တို့ မပျော်နိုင်တော့ပါ ။
စာမေးပွဲ ပြီး၍ လည်း မပျော် ။ ကျောင်း တက်ရန် မလိုတော့၍ လည်း မပျော် ။
ရွံ့ကြောက်ခဲ့သည့် ကျောင်းစာမေးပွဲများ ကို နောင် ဘယ်တော့မှ ဖြေဆိုရန် မလိုတော့ပြီ မို့ ဝမ်းနည်းသည် ။ ပျင်းရိငြီးငွေ့ မိခဲ့သော စာသင်ခန်းများ ဆီ သို့ နောင် ဘယ်တော့မှ ခြေဦး လှည့်ရန် မလိုတော့ပြီ မို့ ဝမ်းနည်းသည် ။
ကျောင်း မပြီးသေး၍ ကျောင်း သို့ ပြန်လာရဦးမှာ မို့ ပျော်မြူး ဆူညံ နေသော ညီငယ် ၊ ညီမငယ်များ ကြားတွင် ကျောင်းပြီး သွားပြီ ဖြစ်၍ ကျောင်း သို့ ပြန် လာရန် မလိုတော့သည့် ကျွန်တော်တို့ အစ်ကိုကြီး ၊ အစ်မကြီးများ မှာ ကြေကွဲ ဝမ်းနည်းစွာ နှုတ်ဆိတ် ငြိမ်သက် နေသည် ။ မကြာခဏ လည်း ကျောင်း ဘက် ဆီ သို့ “ သမင်လည်ပြန် ” လှည့် ကာ ငေးကာ ကြည့် နေတတ်ကြသည် ။ ကြည့်မိတိုင်း လည်း ရင်မှာ နာကျင် ဆို့နင့်ကာ မျက်ရည်များ ရစ်ဝဲ လာသည် ။
ကျွန်တော်တို့ အကြည့် သည် ကျွန်တော်တို့ ၏ ကျောင်းသား ဘဝ ၊ လူငယ် ဘဝ ၊ တာဝန်ဖိစီးမှု မရှိသည့် ဘဝ ၊ အပူပင် ကင်းသည့် ဘဝ ၊ ဖြူစင်သည့် ဘဝ ၊ ပျော်ရွှင်သည့် ဘဝ စသည့် မက်မောခုံမင်ဖွယ်ရာ ဘဝ နေ့ရက်များ ကို နှမြောတသ စိတ် ဖြင့် ရီဝေ နေမည် ထင်သည် ။
ရထားဘီး စ , လိမ့်သည် နှင့် ထို ဘဝများ သည် ကျောင်း နှင့် အတူ ကျန်ရစ်ခဲ့ကြရတော့မည် ။
ရှေ့မှာ “ လောက မှော်ရုံတော ” ။
လှည့်စားတတ်သည့် ၊ ရက်စက်တတ်သည့် ၊ စဉ်းလဲတတ်သည့် ၊ ယုတ်မာတတ်သည့် ၊ အနိမ့်အမြင့် အတက်အကျ များစွာဖြင့် မာယာပရိယာယ် ကြွယ်ဝသည့် ၊ ဆူးပြွမ်းသော ချောက်ကမ်းပါး များစွာဖြင့် ခြေ တစ်လှမ်း မှား လျှင် ပင် ဘဝ ပျက်စေနိုင်သည့် လောက မှော်ရုံတော ။ ကျောင်းမြေ ကျောင်းရိပ် နှင့် မတူ ခြားနား ဆန့်ကျင် ကွဲပြားသည့် “ နယ်မြေသစ် ” ။
မကြာမီ ကျွန်တော်တို့ အကျွမ်း မဝင်သည့် ထို လောက မှော်ရုံတော တည်း ဟူသော နယ်မြေသစ် အတွင်း သို့ တိုးဝင် ဖြတ်သန်းကာ ရှင်သန်အောင် ရုန်းကန် နေထိုင်ကြရတော့မည် ။
ကျွန်တော်တို့ တွေဝေ တွန့်ဆုတ် နေကြ သော်လည်း အချိန် တန်သော အခါ “ အဆင်းရထား ” က ကျောင်း နှင့် ဝေးရာ “ လောက မှော်ရုံတော ” အတွင်းသို့ ကျွန်တော် တို့ ကို ခေါ်ဆောင်ခဲ့သည်သာ ။
••••• ••••• •••••
“ အဆင်းရထား ” က ထုံးစံ အတိုင်း ဘူတာစဉ် ဆိုက်ရပ်သည် ။
တစ်ဘူတာ ဆိုက် ၍ သူငယ်ချင်း တစ်ယောက် ဆင်း သွားတိုင်း ရင် ထဲ မှာ “ ဟာ ” ၍ ကျန်ရစ်သည် ။
ယခင် အခေါက်များ က လို အော်ဟစ် နှုတ်ဆက်ခြင်း မပြုနိုင် ။ “ ကျောင်း ဖွင့်ရင် ပြန်တွေ့ကြမယ် ...ဟေ့ ” လို့ မပြောနိုင် ။ လောက မှော်ရုံတော အတွင်း မှာ ဘယ်အချိန် ၊ ဘယ်နေရာ ကျ မှ ပြန် တွေ့ရမည် ဆိုတာ ဘယ်သူမှ အပ်ကျ မပ်ကျ မသိနိုင် ။ မျက်နှာငယ်လေးများ ဖြင့် သာ သူငယ်ခင်း ကို မချိတရိ လှမ်း ကြည့် နေမိသည် ။
ရထား ပေါ် မှ ဆင်း သွားသည့် သူငယ်ချင်း က လည်း သေတ္တာလေး ကို နံဘေး မှာ ချလျက် ကျောက်ရုပ် တစ်ရုပ် လို ငြိမ်သက်ကာ ကျွန်တော်တို့ ကို ငေးငေးရီရီ နှင့် ရပ်ကြည့် နေရှာသည် ။ ရထား မထွက်မချင်း သူ လည်း နေရာ မရွေ့ ။ ရထား ထွက်တော့ ဝမ်းနည်းကြေကွဲစွာ လက်ကလေး ပြကာ ပြကာ ကျန်ရစ်ရှာသည် ။ မျက်ရည် ကျ သူ ကျ ၊ သက်ပြင်း ချ သူ ချ ။
“ အဆင်းရထား ” ဟူသည် ခွဲခွာ ခြင်း ၊ ဝေးလွင့်ခြင်း ၊ ပြီးတော့ ကြေကွဲခြင်း ။
ဤသို့ဖြင့် ကျွန်တော်တို့ သည် တစ်ယောက် ပြီး တစ်ယောက် “ အဆင်း ရထား ” ပေါ် မှ ဆင်းခဲ့ကြပါသည် ။
••••• ••••• •••••
ကျောင်းသား ဘဝ က စီးခဲ့ရသည့် “ အဆင်း ရထား ” ပေါ် မှ ဘယ်အချိန် တွင် ဘယ်ဘူတာ မှာ ဘယ်သူ ဆင်းရမည် ဆိုတာ တင်ကြို သိကြပါသည် ။ ကံအလှည့် သင့်လျှင် လောက မှော်ရုံတော မှာ ပြန်လည် ဆုံစည်းနိုင်မည် ။
သို့သော် ယခု ကျွန်တော်တို့ စီးနေကြသည့် “ အဆင်းရထား ” ပေါ် မှ ဘယ်အချိန် တွင် ဘယ်ဘူတာ မှာ ဘယ်သူ ဆင်းရမည် ဆိုတာကို တင်ကြို မသိနိုင်ကြပါ ။ ဆင်းပြီး ပါ က အတိတ်ကမ္ဘာ ကို ထာဝရ ကျောခိုင်း ထွက်ခွာ သွားရမည် ။
ဆင်းကြရမှာ ကလည်း သေချာသည် ။
သည်နှစ် လား ၊ နောက်နှစ် လား ။ နောင်နှစ် အနည်းငယ် ကြာမှလား ... ။
သည် ဘူတာ လား ၊ နောက် ဘူတာ လား ၊ ဟို အတော် ဝေးဝေး က မှုန်မှုန် ရေးရေး ဘူတာလေး ရောက်မှလား ... ။
ပြီးတော့ သူ လား ၊ ကျွန်တော် လား ... ။ ဒါမှမဟုတ် တခြား တစ်ယောက် ယောက် လား ။
“ အဆင်းရထား ” က မူ တစ်ဘူတာ ပြီး တစ်ဘူတာ ဆိုက်ရပ် နေပါသည် ။
⎕ ဆွန်း ၊ စက်မှုတက္ကသိုလ် ၊
📖 ရွှေအမြုတေ ရုပ်စုံ မဂ္ဂဇင်း
ဇူလိုင်လ ၊ ၂၀၁၄
No comments:
Post a Comment