Tuesday, May 6, 2025

လန်းဖိုင်စာသိုက် ( ၂၀ )


 

❝ ဖေဖေ သုဂတိလားပါစေ ❞

ကျွန်တော်တို့ ညီအစ်ကို နှစ်ယောက် စင်ကာပူ တွင် စီးပွားရေး ဘုန်းမီး နေလ တောက်ပ စ ကာလ တွင် အဖေ သည် လောက ကို အရှုံး ဖြင့် ထွက်ခွာ သွားလေပြီ ။

ကျွန်တော့် တစ်သက်တွင် အလိုက်သိသူ နှုတ်ဩဇာ ၊ ထိရောက်သူ ၊ အပေါင်းအသင်းများသူ ၊ ဘဝ အတွေ့အကြုံ စုံသူ ၊ လူကြီးသူမ မြောက်မြားစွာ ကို တွေ့ဖူးသော်ငြား အဖေ့ လို စကားပြော ကောင်းသူ ကို ယနေ့အထိ မတွေ့ဖူးသေးပါ ။ အဖေ က ထားဝယ် ၊ ကဲ့ဘောက်သား ၊ အတန်းပညာ မကြွယ်ဝခဲ့သည့် တိုင် ဘဝ အခြေအနေ မျိုးစုံ ကို ကြုံဖူးသည် ။ ကျွန်တော် ငယ်ငယ် က အိမ် မှာ မိသားစု ဗေဒင် တွက်ကြတော့ ကျွန်တော့် ဇာတာ သည် အဖေ နှင့် တူ သဖြင့် ဆင်းရဲမည် ဟု တွက်ကြ၏ ။ ဆင်းရဲခဲ့သည် မှာ တော့ မှန်လေပြီ ။ သို့သော် ကျွန်တော် စကားပြော ကောင်း ပါသလား ၊ ဒါက သိပ် မသေချာ ။ သူငယ်ချင်းများ ကတော့ အပြော ကောင်းသည် ဟု သတ်မှတ်ဖူးသည် ။ ဖိုင် ကလည်း ကျွန်တော့် ကို စကားပြော ကောင်းသူ ဟု ပြောဖူးသည် ။ ကျွန်တော် စကားပြော လျှင် ထိုင်းဘာသာစကား မပီသဖြင့် ဘယ်မှာ အပြောကောင်းပါ့မလဲ ဆိုတော့ ဖိုင် ရယ်ဖူးသည် ။ စကားပြော ကောင်း မကောင်း မသေချာသည့် တိုင် စာရေး ကောင်းသည် ကိုတော့ ကျွန်တော် ယုံသည် ။ ကျွန်တော် အိမ်သို့ စာရေး လျှင် တစ်ခါတစ်ရံ ကိုယ့် စာ ကိုယ် ကြိုက်လွန်း နေသဖြင့် တော်တော်နှင့် မထည့်ဖြစ် ။

အဖေ သည် စကားပြော အလွန် တော်သည် ။ ပြီးတော့ မြန်မြန်နှင့် ရှင်းရှင်း ပြောတတ်သူ ဖြစ်သည် ။ အမေ့ ကို စကားနာ ထိုးလျှင်ပင် အမေ့ ဘက်က လိုက် နာကြည်းမိနေရင်း တစ်ခါတစ်ရံ ရယ်မိပြန်သည် ။ အဖေ သည် မဟုတ်သည် ဟုတ်သည် အသာထား ၊ သူ ပြောသမျှ ယုတ္တိ ရှိအောင် ပြောတတ်၏ ။ ဥပမာ ပေးတတ်၏ ။ အဖေ့ ပါးစပ် ထဲတွင် ဘယ်အချိန် က ထို အသုံးအနှုန်း ရောက်နေသည် ကိုပင် ကျွန်တော်တို့ မသိ၍ အံ့ဩရတတ်သည် ။ ဘာမှ အပြစ် မရှိသည့် အမေ့ ကို အဖေ အပြစ်ရှာ ပြောဆိုသည့် အခါ နားထောင်ရင်း နားထောင်ရင်း အဖေ မှန် သလိုလိုပင် ထင်လာမိ၏ ။ အဖေ လုပ်ကြံ ပြောနေမှန်း သိသိကြီး နှင့် အဖေ ပြောသည် ကို ကျကျနန နားထောင် မိသည် ချည်းပင် ။

ကျွန်တော် နှင့် တော့ မတည့် ။

ငရဲများ လည်း ကျွန်တော့် မှာ မနည်း ။

မှတ်မှတ်ရရ ငရဲ သည် ကား အဖေ့ ကို အရက် က နိုင်နင်း လာပြီး စိတ်လွတ်ကိုယ်လွတ် သောင်းကျန်းလာ ချိန် ၊ ပတ်ဝန်းကျင် နှင့် ကြီးမားစွာ ပဋိပက္ခ ဖြစ်နေချိန်၌ သတိ ကင်းလွတ် နေသော အဖေ့ ကို စိတ်ကျန်းမာရေး ဆေးရုံ သို့ တင်ရန် ကျွန်တော် ကြိုးစားခဲ့သည် ။ အမေ ကလည်း ပတ်ဝန်းကျင် ကို ငဲ့ညှာသော အားဖြင့် အဖေ့ ကို အရက် ဖြတ်စေချင် လွန်း သဖြင့် သဘောတူ ခဲ့သည် ။ သို့ရာတွင် ကျွန်တော် သွား မတင်ဖြစ်ခဲ့ ။ ကား ငှားပြီးခါမှ အဖေ ဟိုမှာ ဒုက္ခ တွေ့ နေမည် ကို ပြန် တွေးရင်း မပို့ဖြစ်တော့ ။ ပို့ခဲ့လျှင်တော့ ကျွန်တော် သည် အဖေ ကို စိတ်ဆေးရုံ ပို့သူ အဖြစ် ငရဲကြီးမည် လား မသိ ။ မပို့ ဖြစ်ပြန်တော့ လည်း အဖေ့ အခြေအနေ က ပိုပို ၍ ဆိုးဝါးလာခဲ့သည် ။

အဖေ့ ဘဝ သည် စုံလင်လှ၏ ။

ဖ.ဆ.ပ.လ ခေတ် က ဝန်ကြီးချုပ် ဦးဘဆွေ အပါး တွင် နေခဲ့ဖူးသည် ။ ထားဝယ် မှ သူ့ ဘထွေး ဦးစံမြိုင် ထံ တွင် နေခဲ့ဖူးသည် ။ စက်လှေ စာရေး ဖြစ်ခဲ့သည် ။ မှောင်ခို အကြီးအကျယ် ကူးခဲ့သည် ။ နောက်တော့ ပ.ပ.ရ.က ( ပြည်သူ့ပုလဲနှင့် ရေလုပ်ငန်း ) မှ ပုစွန် စခန်း တာဝန်ခံ အဖြစ် ထားဝယ်နယ် မှ ဘဝါရွာ တွင် နေခဲ့သည် ။ ဤသည် မှာ အဖေ နောက်ဆုံး ရွှေထီး ဆောင်းခဲ့သော ဘဝ ဖြစ်၏ ။ နယ်ခံ စီးပွားရေးသမားများ နှင့် ပြိုင်ကြ ရင်း အဖေ ထောင်ချောက် ထဲ ကျသည် ။ မော်တာလေး တစ်လုံး ကို တဲ တွင် တွေ့ရှိပြီး အစိုးရပုဒ်မ ဟု အကွက် ဆင်ကြသည် ။ ထို့ နောက် အမှု ဖြစ်သည် ။ ရန်ကုန် ပြန်ရောက်တော့ အဖေ့ မှာ ဖိနပ် ပင် မပါ ။ ထားဝယ်သားများ ရက်စက်ယုတ်မာသည် ကို အဖေ ကိုယ်တွေ့ ခံရခက်ရင်း အရက်သမား ဘဝဖြင့် အဖေ ဇာတ်သိမ်းခဲ့ရသည် ။

အဖေ ကောင်းစားစဉ် က ဘဝါစခန်း သို့ ကျွန်တော် ရောက်ဖူးသည် ။

အဖေ က စကား ကြွားပြီဟေ့ ဆိုလျှင် လက်ကိုင် စကား တစ်ခွန်း ပြော လေ့ရှိသည် ။

“ ဟေ့ စံတင်တို့ က မွေး ကတည်း က ဖင် မှာ ပလ္လင် ပါလာတာကွ ချီး ရေ ” ဟု ။

အဖေ သည် ကြီးကြီးမားမား မဆင်းရဲခဲ့ ဖူး၍ ဤ စကားကို လက်ကိုင် ပြောခြင်း ဖြစ်ပါမည် ။ အဖေ့ ဘဝ သည် ဘယ်နေရာမှာ ဖြစ်ဖြစ် ဘာအလုပ် လုပ်လုပ် ၊ အမြဲ အသာရခဲ့သည် ။ အဖေ့ လက်ချောင်း ခြေချောင်းလေးများ က အမြဲပင် သွယ်လျ နူးညံ့နေသည် ။ အဖေ ရေမိုးချိုးပြီး ခေါင်း မှ ဆံပင် ကော့ကော့လေး ကို သပ်တင်ဖြီး ထားသည့် အခါ လွန်စွာ ကျက်သရေ ရှိလှ၏ ။ အဖေ မူး လာပြီ ဆိုလျှင်တော့ ကျွန်တော် ကြည့် မရ ။ ကျွန်တော် က အတူနေ ကြာသူမို့ ငရဲအများ ဆုံး ထုပ်ပိုး နိုင်ခဲ့သည် ။

မိတ္ထီလာ တွင် ကျွန်တော် ကျောင်း သွားနေသောအခါ အဖေ တစ်ယောက် ရင်ကွဲနာ ကျသည် ။ အညာဒေသ ၏ နေထိုင်စားသောက်မှု ကို အဖေ သိသည် ။ အဖေ လည်း သွားရောက် နေထိုင်ဖူးသည် မို့ ကျွန်တော့် ကို ငတ်လေပြီ ဟု တွေးကာ သူ့ အပူကို အမေ့ ပေါ် ပုံချရင်း သောက ရောက် နေတတ်သည် ။ ကျွန်တော် အား မထက်မြက်ရ ကောင်းလား ။ မစွမ်းဆောင်နိုင်ရ ကောင်းလား ဟု ပြစ်တင်ဆဲရေးသည် ။ ကျွန်တော် မာန ကို ဆွသည် ။ ကျွန်တော် တကယ် ပြည်ပ ကို သွားသောအခါ ကြုံတွေ့ရမည့် ဒုက္ခများ ကို ပြောရင်း ပြောရင်း အပူလုံး ကြွတော့သည် ။ ကျွန်တော့် အဖြစ်မှာ လည်း သူ ပူပင်သလို တစ်ဖက်နိုင်ငံ သို့ ခိုးဝင်သည့် နေ့မှာ ပင် ထောင် ထဲ ဝင်ခဲ့ရသည် ကိုး ။

အဖေ နှင့် ကျွန်တော် မတည့်ရသည့် အကြောင်းရင်းများ တွင် စရိုက် ဟူ၍ လည်း ဖြစ်နိုင်သည် ။ အဖေ က မာနကြီးသည် ။ မဟုတ်မမှန်တာမျိုး ကိုလည်း ပါးစပ် အငြိမ် မနေ ပြောတတ်သည် ။ အဖေ ပြောလာလျှင် ခံရသူ မှာ မချိအောင် နာရသည် ။ ပြုံးရသည် ။ အကွက်ကျပြီ ဆိုလျှင် ပိဿလေး ဘေးပစ်သလို ပြောထည့် တတ်သည် ။ သူ သာလျှင် သူ ပြော၍ ကျွန်တော် သာလျှင် ကျွန်တော် ပြောပစ်လိုက်သည် မို့ သူ နှင့် ကျွန်တော် မတည့်ကြခြင်းပင် ။

ကျွန်တော့် ကို အဖေ အနိုင်ဆုံး အကွက်မှာ ‘ အစ်ကို အား ဦးထုပ် ၊ ကျွန် တော့် အား ဖိနပ် ’ ဟု ခိုင်းနှိင်းခြင်း ပင် ။

အဖေ နှင့် ကျွန်တော် အတူဆုံး အချက်သည် ကား ငွေရှင် ကြေးရှင် ကို ဂရုမစိုက်ခြင်း နှင့် ငွေကြေး ကို တန်ဖိုး မထားခြင်းပင် ဖြစ်သည် ။ ထို နှစ်ချက် မှာ လည်း မွဲစရာ အချက်များ ပင် ။ ငွေရှင်ကြေးရှင်များ ကို ဂရုမစိုက်ခြင်း က ပြဿနာ မရှိသော်ငြား ငွေ ကို တန်ဖိုး မထားခြင်းက မကြာခဏ ငွေကြေး အခက်အခဲ ကြုံရသည် ။

အဖေ့ မှာ ဘယ်တော့မှ ငွေ မမြဲ ၊ ငွေ က အမြဲ ဝင်နေပြီး အမြဲ ထွက်နေသည် ။ နောက်ဆုံး အချိန်မှာ တော့ ငွေပုံ ပေါ် ရောက်ခါစ မှာ ပင် အဖေ လူ့လောက ကို ကျောခိုင်း သွားခဲ့သည် ။ ကျွန်တော် အဖေ့ ကို စိတ် အမျိုးမျိုးဖြင့် လွမ်းမိသည် ။ မျက်ရည်တော့ မကျ ။ အဖေ သေပြီ ဟု ကြားစ မှာ ပင် ကျွန်တော့် နှလုံးသား ကို မာကျောကျစ်လစ် စေရန် နောက်နောင် မည် သည့် အကြောင်း နှင့် မှ မျက်ရည် မကျစေရ ဟု ဆုံးဖြတ်ချက် ချခဲ့သည် ။

အဖေ သေသည် ကို သိသည့် တိုင် ကျွန်တော် အလုပ် ပျက်၍ မရ ။ အစ်ကို က အဖေ ဆေးရုံ တင်စမှာ ပင် ပြန် သွားခဲ့၍ သူ့ ကိုယ်စား နှစ်ယောက်စာ လုပ်နေရသည် ။ မနက် ခြောက်နာရီ မှ ည ဆယ်နာရီ အထိ နားချိန် မရှိ ။ ထို အဖြစ် ကို နာကြည်းစက်ဆုပ်စွာ ဖြင့် ကျွန်တော့် နှလုံးသား ကို မာကျောကျစ်လစ်အောင် ထုဆစ်ပုံသွင်းလိုက်ဖြစ်သည် ။

အဖေ့ ကို ကျွန်တော် ကြွားပြချင်သေးသည် ။ အဖေ အထင်သေးစွာဖြင့် ကျွန်တော် မနာ နာအောင် ပုတ်ခတ်ပြောဆိုသည် များ ကို ပြုံးပြီး ကျွန်တော် ရင်ဆိုင်ချင်သည် ။ အဖေ သေရသည် မှာ အရက် ကြောင့် ဟု ဆိုရမည် ။ သို့ရာတွင် အရက် ကို ရုတ်တရက်ကြီး ဖြတ်လိုက်ရာမှ လဲ သွားခြင်း ဟု ကျွန်တော် ဝမ်းနည်းစွာ သိရ၏ ။ အဖေ့ ကို ကား ဝယ်စီးဖို့ ငွေ ပို့လိုက်ချိန် တွင် အဖေ က အစ်ကို ကို သူ အရက်ဖြတ်ပါမည် အကြောင်း ကတိ ပေး၏ ။ ပြီးတော့ ကောက်ကာငင်ခါ ဖြတ်သည် ။ တစ်လ အကြာ မှာ ဆုံးသည် ။

ကျွန်တော် အဖေ့ ကို နှမြောသည် ။ မည်သူ့ အတွက် မှ မဟုတ် ။ ကျွန်တော့် ရင်ထဲ ၌ ဖြစ်နေသော ပဋိပက္ခ များ ကို အဖေ နှင့် အတိုက်အခံ မဆွေးနွေးနိုင်တော့၍ နှမြောခြင်း ဖြစ်သည် ။ ကျွန်တော့် ဘဝ အတွေ့အကြုံများ ကို စာဖြင့် ကြွား ပြီးပြီ ။ နှုတ် ဖြင့် ကြွားလိုသေးသည် ။ အဖေ့ ထက်ပင် ဘဝ အတွေ့အကြုံ မျိုးစုံ စောစီးစွာ စုံခဲ့ကြောင်း အဖေ နှင့် ဆွေးနွေးချင် သေးသည် ။ အဖေ သေပြီ ဆိုတော့ ကျွန်တော် ရင် ဟာ၍ ကျန်ခဲ့ပြီ ။

ဘာပဲဖြစ်ဖြစ် အိမ် မှာ နှစ်ယောက် က စရိုက် တစ်မျိုး ၊ သုံးယောက် က စရိုက် တစ်မျိုး ရှိကြသော မိသားစု ငါးဦး တွင် ကျွန်တော် နှင့် စရိုက် ညီသ ည့် အဖေ မရှိတော့ပြီ ။ နဂိုကပင် ကျွန်တော် နေပုံ ၊ ထိုင်ပုံ ဘဝ တွေးခေါ်ပုံ များ ကို မကြိုက်သော အမေ ၊ အစ်မ နှင့် အစ်ကို တို့ သုံးဦး ကျွန်တော် နှင့် ပို ၍ သဘောထား ကွဲကြတော့မည် ။ အဖေ က ကျွန်တော် နှင့် ရန်ဖြစ်သည့် တိုင် ကျွန်တော့် လို စရိုက်မျိုး မို့ မိသားစု အရေးကိစ္စများ တွင် ကျွန်တော် အားရှိသည် ။

ကျွန်တော် သည် အိမ် ကို ခင်တွယ်သူ မဟုတ် ။ အမေတို့ နှင့် စိတ်သဘောထား မတိုက်ဆိုင်သည် ကတော့ လူမှန်း သိတတ် ကတည်း က ပင် ဖြစ်သည် ။ အိမ် မှာ ကျွန်တော် မပျော်မွေ့ ။ ကျွန်တော့် စရိုက် ကိုလည်း အ မေတို့ က မကြိုက် ။ ရရစားစား သွားသွားလာလာ နှင့် ရည်ရွယ်ချက် မရှိ ဟု ထင်ကြ၏ ။ ကျွန်တော် မည်မျှ ကြီးကျယ် ခမ်းနားချင်သည် ကို ကျွန်တော် ကလည်း ဖွင့် မပြော ။ ကျွန်တော် မက်မောသည့် ဘဝ က ပျော်ပျော်ရွှင်ရွှင် စိတ်လက်ချမ်းမြေ့စွာ လုပ်ကိုင် စားသောက်ကြ ရင်း အသိ ဉာဏ်ပညာ တိုးပွားအောင် ရှာဖွေရင်း နေသွားကြမည့် မိသားစု ဘဝ ဖြစ်သည် ။

ကျွန်တော် ဘန်ကောက် မှာ ရှိနေစဉ် က အစ်ကို ရောက်လာတော့ စင်ကာပူ ကို လိုက်ခဲ့ဖို့ သူ ခေါ်သည် ။ ကျွန်တော် ငြင်းလိုက်၏ ။ နောက်တော့ အဖေ က ဖုန်းဆက်ပြီး ပြန်လာဖို့ ခေါ်သည် ။ ကျွန်တော် မပြန်ဖြစ် ။ နောက်တော့ အစ်ကို့ သူငယ်ချင်း ဇော်မင်းအေး ရောက်လာသည် ။ ဒါ လည်း ကျွန်တော် မပြန် ။ နောက်ထပ် ကိုသူရိန် ရောက်လာတော့ ကျွန်တော့် ထံ အစ်ကို က ဖုန်း ဆက်သည် ။ ကျွန်တော်တို့ အိမ် ပြန် ရွေးပြီး လျှင် တာဝန် ကျေမည် ဟု ဆို၏ ။ ထို စကားကို ယုံစား၍ စင်ကာပူ သို့ ကျွန်တော် လာခဲ့ခြင်းပင် ။

အိမ် ရွေးပြီးတော့ ကား ဝယ်ဦးမည် ဆို၏ ။ ထိုကြားထဲ တယ်လီဖုန်း တပ်သေးသည် ။ ယခုတော့ အဖေ ဆုံးပြီ ။ ကျွန်တော်လည်း စင်ကာပူ ကို မုန်းပြီ ။ နှစ်ထပ်တိုး ဖြင့် မုန်းမိခြင်းပင် ။ အဖေ ကတော့ ဒါတွေ မသိ ။ အဖေ ကောင်းရာသုဂတိ လားပါစေ ဟု တိုးတိုးလေး ပင် ဆုတောင်းမိသည် ။

အစ်ကို ပြန်လာချိန်တွင် ကျွန်တော် လည်း အလုပ်အကိုင် ပြောင်းရွှေ့ ဖို့ ကြုံလာသည် ။ အသစ် ရောက်လာ သော ချိဖ် ဖြင့် ကျွန်တော် မတည့် ။ သူ က ကျွန်တော် ကို ပုံမှန် လုပ်နေသော လုပ်ငန်းများ ၌ သုံးစွဲမှုများ လျှော့ ချလာသည် ။ ကျွန်တော်တို့ ရှပ် က ကျွန်တော်တို့ ကို တိုးတိုးတိတ်တိတ် ပြော၏ ။ သူ မသိအောင် သုံးစွဲပါ ။ ဖြစ်လာလျှင် ဖြေရှင်းပေးမည် ဟု ဆို၏ ။ ကြာတော့ စိတ်ဖိစီးမှု များ နေသော ကျွန်တော် နှင့် ချိဖ် တို့ စကား များကြားသည် ။ ကျွန်တော် ထွက်ခဲ့သည် ။ ကျွန်တော် ထွက်ပြီး နှစ်လ အကြာတွင် S.S.C ရေကူးကလပ်၌ မြန်မာ အလုပ်သမားများ အားလုံး တာဝန် ရပ်စဲလိုက်သည် ။ စင်ကာပူ မှာ လည်း အဖမ်းအဆီး က ကြီးမားလာခဲ့ လေပြီ ။

အလုပ် ကို လွန်လွန်ကဲကဲ လုပ်ခြင်း၏ ရလဒ်ဆိုး ကို ကျွန်တော် ကောင်းကောင်း သဘောပေါက် လာမိပါသည် ။ နေ့နေ့ညည ကျွန်တော့် အာရုံ တွင် အလုပ် တာဝန်များ ၊ အလုပ် ထဲမှ အလုပ်များ ဖိစီး လွှမ်းမိုး နေသည် ။ မနက်ဖြန် ဘာလုပ်ရမည် ၊ ဘာတွေ ဖြည့်ရမည် ၊ ဘာတွေ အသစ် လဲရမည် ၊ ဘာကို စွန့်ပစ်ရမည် စသည့် အလုပ် ကိစ္စများ က အိပ်ရာ ထဲ အထိ ပါပါ လာတတ်၏ ။ ကြာတော့ ကျွန်တော် အလုပ်ချိန် ကို ပင် မမှတ်မိတော့ ။ နားချိန်မှာ ဝင် လုပ်မိသည် ။ အလုပ်ချိန် မှာ ငေးငိုင် နေဖြစ်သည် ။ ကျွန်တော့် ရှပ် က ကျွန်တော့် ကို သုံးရက် နားခွင့်ပေးသည် ကို ကျွန်တော် မယူမိခြင်း မှာ အမှားကြီး တစ်ရပ် ဖြစ်သည် ။ ကြာတော့ အလုပ်ကြောင်သည့် ဒဏ် ကို ကျွန်တော် ခံရပြီ ။

အလုပ် က ထွက်လာမိချိန် မှာ တော့ ကျွန်တော် ပြန်၍ ပေါ့ပါး လွတ်လပ် လာခဲ့သည် ။ စာအုပ်များ ပြန် ဖတ် ဖြစ်သည် ။ ကျွန်တော် က စာဖတ် အားကြီးသူ မို့ ခုနစ်ရက် နီးပါး စာအုပ်များ ဖတ်နေ ဖြစ်သည် ။ အနားယူ ပြီးချိန် မှာ ကျွန်တော် ဆုံးဖြတ်လိုက်သည် က ဘန်ကောက် ပြန်ဖို့ ပင် ။ ဘန်ကောက် ၌ ဖိုင် နှင့် တွေ့မည် ။ ပြီးလျှင် ကျွန်တော် ဖြစ်ချင်သော ဇာတ်ညွှန်းဒါရိုက်တာလိုင်း စာပေလိုင်းသို့ တိုးဝင် တော့မည် ။ အသိဉာဏ်ပညာ အလိမ္မာ နှင့် လူ့ ဘဝ ကို နေသွားတော့မည် ။

ကျွန်တော့် ဆန္ဒများ တကယ် လက်တွေ့ ဖြစ် မလာခဲ့ ။

အစ်ကို က ဂေါက်ကလပ် မှ စားသောက်ဆိုင် တွင် လူလို နေသဖြင့် သွားလုပ်ဖို့ ပြောလာ၏ ။ ကျွန်တော် သွား လုပ်မိပြန်သည် ။ ထိုအခါ ကျွန်တော့် ရင် ထဲမှ အစိုင်အခဲ သည် ပို၍ပင် ကြီးမား လာပါတော့သည် ။ အလုပ်သမားဘဝ ကို ကျွန်တော် မုန်းနေပြီ ။ ငွေ ကိုလည်း ကျွန်တော် မုန်းနေပြီ ။ ကျွန်တော် တွေးဆနေသည့် ဝါသနာ နှင့် အသက်မွေး ဝမ်းကျောင်း ပြုရမည့် ဘဝ ကား ဝေးနေဆဲပင် ။

ငွေ ကို ကျွန်တော် မုန်းတီးသော်ငြား အလုပ်ခွင် မှာ တော့ ပို၍ ပျော် ရွှင်လာသည် ။ ကျွန်တော့် အလုပ်ဆိုက် ၌ ကျွန်တော် တစ်ဦးတည်း လုပ်ရ သဖြင့် ပို၍ စိတ်တိုင်းကျ လုပ်ခွင့်ရ၏ ။ အသားကင်များ ကို ကိုယ်တိုင် လှီးရသည် ။ ကင်ရသည် ။ ဆော့စ်ကို ကိုယ်တိုင် ချက်ရသည် ။ ချိဖ် က သဘောကောင်းပြီး အစ်ကို နှင့် သူငယ်ချင်းများ လို ရင်း နှီးခဲ့သူဖြစ်သည် ။ ဂေါက်ကလပ် မှာ က တစ်ပတ် လျှင် နှစ်ရက် လောက် ဘီယာ သောက် ဖြစ်၏ ။ ကျွန်တော် နှင့် အတူ ရေကူးကလပ် ၌ လုပ်ဖူးသော ငြိမ်းချမ်း တို့  ၊ ဥက္ကာ တို့ လည်း စားပွဲထိုး လာ လုပ်နေကြသည် ။ နောက်တော့ ဥက္ကာ နှင့် ခိုင်မင်းထွန်း တို့ မီးဖိုဆောင် သို့ ပြောင်းလာကြသည် ။

ကျွန်တော် တို့ မီးဖိုဆောင် မှ နားနေခန်း သို့ ထွက်ပြီး လှမ်းကြည့် လိုက်လျှင် ဆန်တိုဆာကျွန်း ကို တွေ့ရ သည် ။ နေ့လည်နေ့ခင်း ရေစပ် ဆင်း၍ ငါးမျှား ကြလျှင် ဆန်ဆိုဆာ မှ ကျွန်းပတ်ရထား ကို လှမ်း တွေ့နေရ၏ ။ တစ်ခါတစ်ရံ အပျော်စီးသင်္ဘောကြီးများ ကို တွေ့ရသည် ။

ကျွန်တော် အလုပ် ဝင်ပြီး ခြောက်လ ကျော် အကြာ တွင် မြန်မာ အလုပ်သမား အချို့နှင့် အိန္ဒိယ အလုပ်သမား အချို့ ပြဿနာ ဖြစ်ကြ၏ ။ ရိုက်ကြ နှက်ကြသည် အထိ ဖြစ်ကြ၏ ။ ကျွန်တော် လည်း အလုပ် မှ ထွက်လာခဲ့ တော့သည် ။

ကျွန်တော် ဘန်ကောက် ပြန်တော့မည် ။

သည် တစ်ချီ မှာ တော့ ကျွန်တော့် ဆုံးဖြတ်ချက်များ က အကောင်အထည်ပေါ်ခဲ့ပါလေပြီ ။

▣  မာန် ( တောင်လုံးပြန် )
📖 လန်းဖိုင်စာသိုက်

No comments:

Post a Comment