Friday, May 9, 2025

ကလောင်သစ်များ သို့


 

❝ ကလောင်သစ်များ သို့ ❞
         ပီတိ (ပေကြီး )

( အမှာ - ကျွန်တော် ၂ဝဝ၆ ခုနှစ် က စာတွေ စ ရေးခဲ့ပြီး အဲဒီ နှစ် စက်တင်ဘာလ မှာ ပဲ ပထမဆုံး မဂ္ဂဇင်း စာမျက်နှာ ပေါ် မှာ ဖော်ပြခံခဲ့ရပါတယ် ။ အခုဆို ကျွန်တော့် စာရေးသက် ဟာ ၁၁ နှစ် အတွင်း ရောက်ရှိနေပါပြီ ။ သို့သော် လေ့လာဆည်းပူး နေရ ဆဲ ဖြစ်ပါတယ် ။ အခု စာ စ ရေးမဲ့ ကလောင်သစ်များ အတွက် ကျွန်တော် စာ စရေးမယ် စိုင်းပြင်းစဉ် ၂၀၀၅ - ၂၀၀၆ နှစ်များ တုန်းက တတ်သိတဲ့ ဆရာ ဆရာမများ ။ အယ်ဒီတာများ ထံ မှာ စာ စရေးသူ တစ်ယောက် အတွက် သိသင့်သည် များ ကို လေ့လာ ဆည်းပူးပြီး မေ့ပျောက် မသွားအောင် ဆောင်းပါးလေး တစ်ပုဒ် အဖြစ် ဖန်တီး ခဲ့တာကို ပြန်လည် မွန်းမံပြီး ဗဟုသုတ အဖြစ် ဖော်ပြပေး လိုက်ပါတယ် ။ ၂၀၀၆ ခုနှစ် က ရေးခဲ့တဲ့ ဆောင်းပါး ဖြစ်တဲ့ အတွက် ဆယ်နှစ် တာ ခြားနားမှု အတွင်း မှာ အချို့ အကြောင်းအရာများ အနည်းငယ် ကွဲလွဲချင် ကွဲလွဲနေမှာ ပါ )

ယနေ့ခေတ် လူငယ် တော်တော်များများ စာပေ ကို တကယ် ဖတ်လာကြ သလို စာ ရေးတာလည်း ဝါသနာ ပါ လာ ကြပါတယ် ။ လူငယ်လေးတွေ စာပေဘက် ကို ပြန် လှည့်လာကြတာ သိပ် ဝမ်းသာစရာ ကောင်းပါတယ် ။

စာပေ ဆိုတာ ဘဝ အမြင့် ကို ရောက် စေတဲ့ လှေကားထစ်တွေပါ ။ မှောင်နေသော လောကကြီး ကို ဝင်းဖြာသွားစေဖို့ ထွန်းညှိပေးတာ ဟာလည်း စာပေပါပဲ ။ စာပေ မှာ အသိပညာ အတွေ့အကြုံ ဗဟု သုတ လမ်းညွှန်ကောင်း ဆိုး စ တာတွေကို ကိုယ်ပိုင် ဆုံးဖြတ်ဝေဖန် လုပ်ကိုင်လာနိုင်မဲ့ လမ်းကြောင်း များ စွာ ရှိပါတယ် ။

ဒီလို လမ်းကြောင်းတွေ သိပြီး အလုပ် လုပ်ခြင်း နဲ့ မသိဘဲ အလုပ် လုပ်ခြင်း ဟာ အရမ်း ကွာခြားပါတယ် ။ အမှား နည်းခြင်း ၊ အောင်မြင်လွယ်ခြင်းများ လက်တွေ့ ခံစားကြရမှာပါ ။ ဒါကြောင့် ယနေ့ လူငယ်တွေ စာပေဘက် ကို ပြန်လည် ဦးလှည့် လာခြင်းဟာ ရွှေလှောင်တံခါးကြီးတွေ ဖွင့်လိုက်တာ ပါပဲ ။ လူတိုင်း စာပေ ကို လိုက်စားဖို့ လိုပါတယ် ။ မြတ်နိုးဖို့ လည်း အရေးကြီးပါတယ် ။ ယနေ့ စာပေလောကကြီး ပိုမို ဖွံ့ဖြိုးလာဖို့ အရေးမှာ စာဖတ်သူတွေ ရှိနေသလို စာရေးသူတွေ ပါ များများ ရှိဖို့ လိုအပ်ပါတယ် ။

ဒါကြောင့် စာရေးဖို့ ဝါသနာပါသူ လူငယ်လေးတွေ အားလုံး ရေးနိုင်သလောက် ရေးပေးကြပါ လို့ တောင်းဆိုပါရစေ ။ ယနေ့ စာရေးသူ များလာခြင်း ဟာလည်း စာဖတ်သူ များ စေတဲ့ နည်းလမ်း တစ်ခုပါပဲ ။ ဘာကြောင့်ဆိုရင် အချို့ ကျေးရွာများ နှင့် မြို့နေ လူများ ထိ စာပေ ကို မဖတ်ကြပါဘူး ။ ဘယ် စာရေးဆရာတွေ ဘယ်လောက် နာမည်ကြီးကြီး သူတို့ မသိဘူး ။ စိတ်မဝင် စားဘူး ။ ဆိုကြပါစို့ ။ အဲလို ကျေးရွာ မျိုး ၊ ရပ်ကွက် မျိုး ထဲမှာ စာရေးသူ တစ်ယောက် ပေါ်ထွန်းလာတယ် ။ စာအုပ် တွေ ထုတ်တယ် မဂ္ဂဇင်းတွေထဲ ပါလာ တယ် ဆိုရင် ဒီ ကျေးရွာ ဒီ ရပ်ကွက် က လူတွေက “ ဒါကတော့ တို့ ရပ်ကွက် တို့ ကျေးရွာက စာရေးဆရာတဲ့ ဟ ဖတ်ကြည့်ရအောင် အားပေး ရအောင် ဘာတွေ ရေးထားလဲ ” ရယ်လို့ ပုဂ္ဂိုလ် ရေးရာ ကိုစွဲပြီး စာ ကို ဖတ် လာကြ မယ် ။

သူ့ ဆောင်းပါး ပါတဲ့ မဂ္ဂဇင်း ကို ဖတ် ပြီး ဟိုလှန်ဒီလှန် နဲ့ အခြားသူများ ရေး တဲ့ စာလေးများ ကို တစ်ပုဒ်စ နှစ်ပုဒ်စ ဖတ်ဖြစ်လာရာ က စာပေ ရဲ့ အရသာ ကို သိပြီး စာဖတ်ချင်တဲ့ စိတ်တွေ ဖြစ်လာ လိမ့်မယ် ။ စာပေ က ပေးတဲ့ နည်းလမ်း တွေ သိလာလိမ့်မယ် ။ လူ တစ်ယောက် စာ ရေးလိုက်လို့ စာဖတ်သူ အင်အား မတိုးဘူး ဆိုရင်တောင် စာရေးသူ နဲ့ အရင်းနှီးဆုံး မိတ်ဆွေ သုံးလေးယောက် တော့ တိုးလာမှာ အသေချာပါပဲ ။

ဒါကြောင့် ယနေ့ စာရေး ဝါသနာ ထုံ သော ။ စာရေးဆရာ ဖြစ်လိုသော လူငယ်များ အတွက် စာ ရေးရင် ဘာတွေ လိုအပ်မယ် ဘယ်လို ရေးရမယ် ဘာတွေ လုပ်သင့်တယ် ဆိုတာ စာလမ်းညွှန်ပေးချင်ပါတယ် ။ ကိုယ် က စာရေးဆရာ တစ်ယောက် ဖြစ်ချင်တယ် ဆိုရင် ဦးစွာ ပြောလိုတာ ကတော့ များများ ရေးရမယ် ။ စာရေး မပျင်းရဘူး ။ ရေးတယ် ဆိုတဲ့ နေရာ မှာ ဘာကိုပဲ ဦးတည် ရေးရေး တတ်နိုင် သလောက် ဖွဲ့နွဲ့ပြီး စကားလုံး များများ ရအောင် ရေး နိုင်ဖို့ လိုပါတယ် ။ ကိုယ့် သူငယ်ချင်း ဆီ စာ ရေးတဲ့ အခါ မှာ လည်း အနည်းဆုံး သုံးမျက်နှာ လောက် ထားပြီး သတိရကြောင်း နဲ့ အတူနေခဲ့တုန်းက အချိန် တွေ တမ်းတမိကြောင်း ကို မျက်စိ ထဲ မြင်လာအောင် ရေးပို့ပေးပါ ။ စာ မှာ အထားအသို ရှေ့နောက် မညီခြင်း ညီ ခြင်းကို ၊ အဓိက မထားသေးပါနဲ့ စာလုံး များများ ထွက်ပေါ်လာအောင် ရေးနိုင်ဖို့ က အဓိကပါ ။

ကိုယ် က မြို့ ကို ရောက်နေတယ် ဆိုပါ တော့ ။ ရွာ ကို စာ လှမ်းရေးတဲ့ အခါမှာ “ အမေ့ ကို သတိရတယ် ၊ အားလုံးကို လည်း သတိရကြောင်း ပြောပေးပါ ။ အားလုံး အဆင်ပြေပါစေလို့ ဆုတောင်း ပေးလိုက်ပါတယ် ” လို့ ရိုးရိုးကြီး မရေးပါနဲ့ ။ “ ကျွန်တော်တို့ မြို့မှာ ကားတွေ က အရမ်း ရှုပ်လှတယ် ။ လူတွေ က သူစိမ်းတွေ လိုပဲ ဘယ်လောက် လူတွေ များများ တစ်ယောက် မှ မခေါ် မပြောနဲ့ နေရတာ မွန်းကျပ်လှတယ် ။ ဒီလို အခါ မျိုးမှာ ဖော်ရွေစွာ ဆက်ဆံတတ်တဲ့ ရွာ က လူတွေ နဲ့ အမေ့ ကို အရမ်း သတိရတာပဲ ။ ဒီမှာ က ရွာ လို လေကောင်း လေသန့်တောင် ရှူခွင့် မရဘူး အမေ ။ ခုလို အခါမျိုး မှ လေပြေလေညင်းလေး တွေနဲ့ အေးချမ်းသာယာ လှတဲ့ ရွာ ရှုခင်းလေးတွေ ကို တမ်းတမိတယ် ။ ဖုန်လုံးကြီးတွေ နဲ့ ထန်းပင် ၊ ထန်းတော ၊ အုန်း ၊ ငှက်ပျော ၊ သစ်သီးဝလံ ၊ ယာမြေ စိုက်ခင်းတွေ ပေါတဲ့ အမေ့ ရွာ ကို သား ပြန်လာချင်မိတယ် ”

စတဲ့ စတဲ့ ရွာ မှာ ရှိတဲ့ အထင်ကရ နဲ့ မြို့ မှာ ကြုံနေရတဲ့ အတွေ့ တို့ ကို ရောနှောပြီး ဖွဲ့ဆိုနိုင်ရမယ် ။ ရွှေဝါ ရောင် စပါးခင်းတို့ ၊ ရွာဦးကျောင်းကြီး သာယာပုံတို့ ရွာအဝင် ရွာဓလေ့များစွာ ဖွဲ့နွဲ့စရာတွေ ရှိပါတယ် ။ အစွမ်း ရှိသလောက် ရေးပို့ပါ ။ ဒါဆို ရွာ က စာ ဖတ်ရသူတွေ လည်း လွမ်းတသသ ဖြစ်ရသလို ကိုယ်တိုင် လည်း ရေးပါ များ လာတဲ့ အခါ စာလုံးတွေ ကို ပိုင်နိုင်စွာ ဖွဲ့တတ်လာလိမ့်မယ် ။ဒါဟာ စာရေးဆရာ ဖြစ်ဖို့ အလေ့အကျင့် လုပ် ခြင်းပါပဲ ။ ရေးပါ များ လာရင်တော့ တိုတို နဲ့ ကျစ်လစ် ထိမိလှတဲ့ ဝါကျမျိုးတွေ များများ ရေးပေးဖို့ လိုပါတယ် ။

နံပါတ်နှစ် အချက် အနေနဲ့ ပြောချင် တာ ကတော့ စာများများ ဖတ် ပေးဖို့ လို ပါတယ် ။ စာဖတ်တယ် ဆိုတဲ့ နေရာမှာ စာ ကို ရွေးဖတ်စရာ မလိုပါဘူး ။ ဘယ် စာမျိုး မဆို တွေ့သမျှ အကုန် ဖတ် ဖို့. လိုပါတယ် ။ ကာတွန်းစာအုပ် ပဲ ဖြစ်ဖြစ် နောက်ဆုံး ကလေးငယ်တွေ သင် နေတဲ့ သူငယ်တန်း ဖတ်စာအုပ် လေးပဲ ဖြစ်ဖြစ် တွေ့သမျှ အလွတ် မပေး ဘဲ ဖတ်ဖို့ လိုပါတယ် ။ စာဖတ် များ လာ တဲ့ အခါမှာ သူများ တွေ ရေးသားသုံးနှုန်းထားတဲ့ အသွားအလာ စကားလုံး အနေအထားတွေ နားလည် လာပါလိမ့်မယ် ။ နောက်ပြီး စာဖတ်များ မှ ဗဟုသုတ ကြွယ်ဝမှာ ဖြစ်ပါတယ် ။ အရူးလွယ်အိတ် လို ပေါ့ ။ တွေ့သမျှ စာဖတ် မှတ်ပြီး ကိုယ် ပြန်ရေး တဲ့ အခါ လိုအပ်သလို  ပြန်လည် အသုံးချ ပေးရမှာ ဖြစ်ပါတယ် ။ ပညာရှင် တွေ အလိုအရ စာရေးတယ် ဆိုတာ ကော်ပီ တူ ကော်ပီ လုပ်တာပါပဲ တဲ့ ။ ကိုယ့် အရင် ရေးသားသွားတဲ့ စာရေးဆရာတွေ ရဲ့ စာတွေ ၊ စကားလုံး တွေ ကို ဖတ်မှတ်ပြီး ကိုယ့် ရဲ့ အတွေးအခေါ်တွေ နဲ့ ပြန်လည် မွှေ နှောက် ရေးတာမျိုး ပြောတာပါ ။

စာအုပ်တွေ မှာ ကြည့်လိုက်ပါ ။ ဘယ် စာအုပ် ထဲ မှာ ဘယ် စာရေး ဆရာ က ဘယ် ပုဂ္ဂိုလ် ကတော့ ဒီလို ရေးထား ပါတယ် ။ သိပ် မှတ်သားထိုက်တယ် ဆိုတာမျိုးပေါ့ တွေ့ဖူးပါလိမ့်မယ် ။ နောက်ပြီး အချို့ စာအုပ်ကြီးတွေ ပြီးတာ နဲ့ နောက်ကျော မှာ ကိုးကားသော စာအုပ်များ ဆိုပြီး သူ ကော်ပီ ယူထားသမျှ စာအုပ်တွေ ချပြထားတယ်လေ ။ ကိုယ် ရေးတာက နည်းနည်း သူများ ရေးတာတွေ စုပြီး စာအုပ် ထုတ်လိုက်ကြ တာဟာ ကော်ပီ တူ ကော်ပီ ပါပဲ ။ အဲလိုမျိုး ကော်ပီတွေ မို့ အထင်တော့ မသေးလိုက်နဲ့ နော် ။ သူ့ လိုမျိုး ကိုယ် က အဲဒီ စာအုပ်တွေ ကို လိုက် ဖတ် နိုင်တာ မဟုတ်ဘူး ။ သူ က ဖတ်ပြီး အပင်ပန်းခံ တစ်စု ထဲ ဖော်ပြသွားတာ ဘယ်လောက် သက်သာလဲ ။ အကျိုးရှိလဲ ။ ပြည့်စုံလဲ ။

ယနေ့ ဘာသာရေးစာပေ မှာ စာရေးဆရာ များစွာ ၊ ဇာတ်တော်တွေ ၊ နိပါတ်တော် တွေ ကို ကိုယ်ပိုင် အဖွဲ့အနွဲ့ တွေနဲ့ ရေးနေကြတာပဲ ။ သူတို့ ဘယ်လောက် ရေးရေး အဲဒီ စာတွေ အားလုံးဟာ ပိဋကသုံးပုံ နိကယ်ငါးရပ် ထဲ က ကော်ပီ လုပ်ထားတာ တွေ ကြီးပါ ပဲ ။ ရှိပြီးသား ကို ပို ပေါ်လွင်အောင် ဖွဲ့နွဲ့ နိုင်တာကို က စာရေးဆရာ တို့ ရဲ့ အရည်အသွေး စွမ်းအားပါ ။ ပိဋက တွေ ကို ဒီတိုင်း လူတွေ ဖတ်ခိုင်း ကြည့် သိပ် နားလည်မှာ မဟုတ်ဘူး လေ ။ အဲဒါကို နားလည်အောင် ပြန်လည် ဖွဲ့နွဲ့ နိုင်တာ စာရေးဆရာ ရဲ့ ဂုဏ်ပုဒ်ပါ ။ဒါကြောင့် စာရေးချင် တဲ့ ပုဂ္ဂိုလ် ဟာ ကော်ပီတူကော်ပီများများ လုပ်နိုင်ဖို့ စာအုပ်တွေ များများ ဖတ်ရလိမ့်မယ် ။ စာဖတ် နည်းရင် အသိ နည်းမယ် အသိ နည်းရင် အရေးပိုင်း မှာ လည်း အား ပျော့သွားမှာ ပဲ ။ ဒါကြောင့် စာဖတ် မပျင်းဖို့ လိုအပ်ပါတယ် ။ စာရေးဆရာ တွေ အတွက် အဓိက အကျဆုံး အချက် ဟာ ကုန်ကြမ်း ခေါ် ဝမ်းစာ ရှိဖို့ ပါပဲ ။

မစာရေးဆရာ ပန်းဒကာ - ကိုတင်မြင့် က ပြောဖူးတယ် ။ သူ က အရင် ကိုရင်ကြီး ဘဝနဲ့ မဟာဂန္ဓာရုံ မှာ နေခဲ့တယ် ။ အဲဒီချိန် က မန္တလေး မှာ စာရေးဆရာကြီး လူထုဦးလှ တို့ က အရမ်း နာမည်ကြီး တဲ့ စာရေးဆရာ တွေ ။ ကိုတင်မြင့် ဖြစ်တဲ့ ကိုရင်ကြီး က စာရေး ဝါသနာ ထုံလေတော့ ဆွမ်းခံရင်း ဆရာ လူထုဦးလှ ဆီ ဝင်ပြီး ပြောသတဲ့ ။ “ ဒကာကြီး ကိုရင် လည်း ဒကာကြီး လို စာရေးကောင်းတဲ့ စာရေးဆရာကြီး ဖြစ်ချင်လိုက်တာ ” လို့ ပြောတော့ ဆရာ လူထုဦးလှ က “ ကိုရင် အဲလို ဖြစ်ချင်တယ် ဆို ဒီမှာ တပည့်တော်ရှေ့က ရေနွေးခရားအိုး စာ ဖြစ်အောင် ရေးစမ်းပါ ” တဲ့  ။

“ ဟာ ... ဒကာကြီး ကလဲ ရေနွေးအိုး က ရေနွေးအိုး ပေါ့ ။ ဘာ ရေးစရာ လို သေးလို့ လဲ ” လို့ ကိုရင်ကြီး က ပြန် ပြော လိုက်တယ် ။ ဒီတော့ ဦးလှ က “ ရတာပေါ့ ကိုရင် ။ ရေးပြမယ် ကြည့် ”

“ ကျွန်တော့် ရှေ့မှာ မြင်နေသော အရာ သည် ရေနွေးခရားအိုး ဖြစ်ပါသည် ။ အိုး သည် မြေ ဖြင့် ပြုလုပ် ထားသောမြေအိုး ဖြစ်ပါသည်  ။ ဤ အိုးထဲသို့ လက်ဖက်ခြောက်များ ခပ်၍ ရေနွေးဆူဆူ ကို ထည့်လိုက်သောအခါ မြေသင်း ရနံ့လေး ဖြင့် အလွန် သောက်၍ ကောင်း ပါသည် ။ ဤသို့သော ခရားအိုးလေး များ ကို မန္တလေးတိုင်း စဉ့်ကူးမြို့ အနီး ကျေးရွာများမှ ပြုလုပ်ကြပါသည် ။ ကဲ ... ကိုရင် စာဖြစ် မသွားဘူးလား အဲလိုပဲ စာရေးချင်တယ် ဆိုရင် ဘယ်အရာ မဆို သိအောင် လေ့လာထားရမယ် ဖတ် မှတ်ထားရမယ် ကြုံလာတာ နဲ့ တန်းရေးနိုင်ရမယ် ” တဲ့  ။

ဒါကြောင့် စာရေးချင်တယ် ဆိုရင် အပြင်မှာ တွေ့သမျှ ကို လည်း လေ့လာ စူးစမ်း မှတ်ထားရမယ် ။ စာအုပ်များစွာ ကို ဖတ် လည်း ဖတ် ၊ မှတ် လည်း မှတ်ရမယ် ။ ဒါမှ ဗဟုသုတ ကြွယ်တဲ့ စာရေးဆရာကောင်း တစ်ယောက် ဖြစ်လိမ့်မယ် ။

နံပါတ်သုံးအ နေနဲ့ ကတော့ ဝတ္ထုတို များ ဆောင်းပါးများ ကို စရေးပြီး မဂ္ဂဇင်းတွေ ကို ပို့ကြည့်ပါ ။ အဲလို ပို့တဲ့ နေရာ မှာ ရေးတဲ့ စာ နဲ့ ပို့တဲ့ မဂ္ဂဇင်း ကိုက်ညီအောင် ရွေး ပို့တတ်ရမယ် ။

ဘာသာရေး မဂ္ဂဇင်း မှာ အချစ်ဝတ္ထုတို ဖို့ မိတာမျိုး မဖြစ်ရဘူး ။ နောက် ပြောစရာ ရှိတာက စာရေးတဲ့ နေရာ မှာ ဗလာ စာရွက် နဲ့ မရေးရဘူး ။ ပုံနှိပ်စာရွက်ဖြစ်တဲ့ A4 လို Legal လို စာရွက် တွေနဲ့ ရေးရမယ် ။ စာမျက်နှာ ကို တစ်ဘက် ထဲ သာ ရေးပါ ။ နှစ်ဘက်လုံး ရေးရင် စာမူ တောင် ဖတ် မကြည့်ဘဲ အယ်ဒီတာ က ပါယ်ပစ်လိမ့်မယ် ။ ရေး တဲ့ နေရာ မှာ စာရွက် ရဲ့ ဘယ်ဘက်ခြမ်း မှာ နှစ်လက်မစာ အလွတ် ချန်ရမယ် ညာဘက်ခြမ်း မှာ တစ်လက်မ စာ ချန်ထားရမယ် ။

လက်ရေး ကို မလှတောင် မှ ရှင်းလင်း ပြတ်သားအောင် ရေးရမယ် ။ တတ်နိုင်ရင် ကွန်ပျူတာစာစီ ပို့တာ အကောင်းဆုံးပါပဲ ။ အယ်ဒီတာ က ပို့ လာတဲ့ စာမူများ စွာကို ထိုင် ဖတ်နေရ တော့ မျက်စိ ညောင်းတယ် ရှုပ်နေတဲ့ လက်ရေး ကို အော်တို အမှိုက်ပုံးထဲ ထည့်လိမ့်မယ် ။ လက်ရေး ရှင်း နေရင် တော့ စာမူ မကောင်း တောင်မှ အဆုံးထိ တော့ ဖတ်လိမ့်မယ် ။ အဲ စာမူမျိုး ကျ ရွေးမခံ ရလို့ မဂ္ဂဇင်း မှာ မပါတောင် မှ အယ်ဒီတာ တစ်ယောက် တော့ ဖတ်လိုက်သေးတယ် အကျိုးရှိတာပေါ့ ။ ပြောလိုတာ ကတော့ စကားလုံး လည်း ကျစ်လစ်ပြီး လိုရင်း ရောက်အောင် တိုတို ရေးနိုင်ရမယ် ။ မဂ္ဂဇင်း ပို့ တဲ့ အခါမှာ စာမျက်နှာ ငါးမျက်နှာ ထက် ပိုရင် သိပ်မကြိုက်ကြဘူး ။ အချို့ စာစောင်လေး တွေ ဆိုရင် သုံးမျက်နှာ သာ ကန့်သတ် ထားတယ် ။ စာမူများများ ဖော်ပြရတဲ့ အတွက် အရှည်ကြီးတွေ ဆို စာမျက်နှာ နေရာ ယူသွားမှာ စိုးကြတယ် ။

စာမူတွေ ကို တစ်ပုဒ် ထဲ တိုက်ပြိုင် မပို့ ဘူး ၊ ပြဿနာ ဖြစ်လာနိုင်တယ် ။ နောက် စာမူ ပို့ပြီ ဆိုရင် ဆက်သွယ် ပြန်ကြားရန် ဆိုပြီး မိမိ နာမည် အရင်း နဲ့ နေရပ်လိပ်စာ အပြည့်အစုံ ဖော်ပြရမယ် ။ အကောင်းဆုံး က တော့ “ ဤ စာမူ သည် ကိုယ်တိုင်ရေး စာမူ ဖြစ်ပြီး အခြား မည့်သည့် မဂ္ဂဇင်း ၊ ဂျာနယ် ၊ စာစောင် များ ကိုမှ ပေးပို့ထားခြင်း မရှိသေးပါ ” လို့ ရေးပြီး လက်မှတ်ထိုး ပေးရင် ပိုအဆင်ပြေပါတယ် ။ ကိုယ် ပို့လိုက်တဲ့ စာမူ ကိုယ့် ဆီ မှာ မိတ္တူ ယူထားသင့် ပါတယ် ။ ဘာကြောင့် ဆို ပို့ လိုက်တဲ့ မဂ္ဂဇင်း က ရွေးချယ် ဖော်မပြဘူး ဆိုရင် စာမူ ရဲ့ လိုအပ်ချက်များ ကို ပြန်လည် ဖြည့်စွက် ပြင်ဆင်ပြီး အခြား တစ်တိုက် ကို ပြောင်း ပို့လို့ ရအောင်ပါ ။ မဂ္ဂဇင်း တစ်ခု စာမူ ပို့ထားတယ် ဆိုရင် ခြောက်လ အတွင်း ဖော်ပြတာများတယ် ။ အချို့ မဂ္ဂဇင်းများ ကတော့ တစ်နှစ် ကျော် မှ ဖော်ပြကြပါတယ် ။ နေ့စဉ် သတင်းစာတွေ ကတော့ တစ်ပတ် အတွင်း တောင် ပါတတ်တယ် ။ ဂျာနယ်တွေ ကတော့ နှစ်ပတ် သုံးပတ် တစ်လ နှစ်လ အတွင်း မှာ ပါ ။ အဲဒီတော့ သေချာ အောင် တစ်နှစ်ကျော် ထိ စောင့်ရပါတယ် ။ စောင့်လို့ ပါ မလာရင် ပြင်ဆင် ပြီး အခြား တစ်တိုက် ကို ပို့ နိုင်ပါပြီ ။

မိတ္တူ ချန်ထားခဲ့ရတဲ့ အကျိုး တစ်ခု ရှိ ပါသေးတယ် ။ အဲဒါကတော့ ကိုယ့် စာမူ ကို မဂ္ဂဇင်း က ဖော်ပြ လိုက်ပါပြီ ။ အဲဒီအခါ ကိုယ့် ရဲ့ အားနည်းချက် မမှန်တာတွေ ကို အထားအသို အယ်ဒီတာ က ပြင်ပြီး ဖော်ပြပေးထား တာ ရှိလိမ့်မယ် ။ မိတ္တူ နဲ့ မဂ္ဂဇင်း ထဲ မှာ ပါတဲ့ စာမူ ကို သေချာ တိုက်ကြည့်ပါ ။ ဒီ အခါမှ ဪ ... ဒီနေရာ ကတော့ ဒီလို ရေးရတာပါလား ဆိုတာ ပညာ ယူထား ပါ ။ နောက် ရေးတဲ့ အခါ သတိထား ပြင်ဆင်ဖို့ ပါ ။

ကိုယ့် စာမူ ဖော်ပြခံရပြီ ဆိုရင် အဆက်မပြတ် ရေး နေဖို့ တော့ လိုပါ တယ် ။ ဒါမှ မဂ္ဂဇင်း ရဲ့ ဦးစားပေးမှု ကို ခံရမှာ ပါ ။ စာမူ ဖော်ပြခံရတိုင်း မေတ္တာ လက်ဆောင် တစ်အုပ် နဲ့ စာမူခ ကို မဂ္ဂဇင်း မှ စာတိုက် ကနေ ပေးပို့ပါလိမ့်မယ် ။ ကိုယ်ပိုင်လုံးချင်း စာအုပ် အဖြစ် တမ်း ထုတ်လို့ ရပေမယ့် မဂ္ဂဇင်း မှာ ပို့ လို့ ပါတဲ့ စာမူ က မှ တကယ့် အရည်သွေး ပို မှီပြီး လူသိများ စေလို့ မဂ္ဂဇင်း မှာ အရင် ပို့ကြည့်ကြဖို့ လိုပါတယ် ။ ကိုယ့် စာမူများ မဂ္ဂဇင်း မှာ လှိုင်လှိုင် ပါနေပြီ ဆိုရင် အရေးသား ကျစ်လစ် နေပါပြီ ။ လုံးချင်း ထုတ်ချင်ရင် ထုတ်လို့ အဆင်ပြေပါပြီ ။ 

နံပါတ်လေး ကိုယ် က မဂ္ဂဇင်း ၊ စာစောင် ၊ ဂျာနယ် ၊ သတင်းစာ တွေ မှာ စာမူ ပို့တော့မယ် ဆိုရင် အဲဒီ ကိုယ် ပို့မဲ့ တိုက်ရဲ့ မူ ကိုတော့ သိထားဖို့ လိုပါတယ် ။ ကိုယ် စာမူ ပို့ချင်တဲ့ မဂ္ဂဇင်း အနည်းဆုံး နှစ်စောင် လောက် ထိတော့ အစအဆုံး လေ့လာဖတ်ရှု ထားဖို့ လိုပါ တယ် ။ ဒါမှ ဘယ် မဂ္ဂဇင်းက ဘယ်လို စာမူမျိုးတွေ ကို သုံးတယ် ဆိုတာ သိမှာ ပါ ။ ဘာသာရေး မဂ္ဂဇင်း မှာ သိုင်းဝတ္ထု ပို့ မိတာမျိုး ၊ ပညာရေး မဂ္ဂဇင်းမှာ ဂမ္ဘီရ ဝတ္ထု ရေးမိတာမျိုး မဖြစ်ဖို့ အရေးကြီး ပါတယ် ။ သေချာ လေ့လာ ထားရင်တော့ ဒီလိုမျိုး မဖြစ်နိုင်တော့ပါဘူး ။

စာ ရေးတယ် ဆိုတာ ကိုယ့် စိတ်ကူး အတွေး ထဲ ပေါ်လာတဲ့ အကြောင်းအရာ ကို ချ ရေးရတာ ဖြစ်တဲ့ အတွက် ကိုယ် ရေးချင်တာ ရေးပြီး ပို့ချင်တဲ့ ဆီ ပို့လို့ မ ရပါဘူး ။ ကိုယ် ရေးထားတဲ့ စာမူ ကို သေချာ ပြန် ဖတ်ရင် ဒီ စာမူ ဟာ ဘယ် တိုက်နဲ့ အံဝင်ခွင်ကျ ဖြစ်သလဲ ဆိုတာ သိလာမှာ ပါ ။

နံပါတ်ငါး လုံးချင်းစာအုပ် ထုတ်မယ် ဆိုရင် အရင် ကတော့ ကိုယ်ရေးအကျဉ်း ၊ နာမည်ရင်း ၊ မှတ်ပုံတင်နံပါတ် ၊ ကလောင်အမည်နဲ့ လိုင်စင် ဓါတ်ပုံ လေးပုံ ထုတ်ဝေမယ့် စာမူများ ကို ပြည်ထဲရေး မှာ ခွင့်ပြုချက် တင်ရ ပါတယ် ။ ခုတော့ စတုတ္ထမဏ္ဍိုင် အဖြစ် ပြောင်းလိုက်တဲ့ အခါမှာ ထုတ် တင် စနစ် လုပ်ရပါတယ် ။ ထုတ်တင် စနစ် ဆိုတာ စာအုပ် ကို အရင် ထုတ်ပြီး မှ ထုတ်ထားတဲ့ စာအုပ် ( ၆ ) အုပ် မူပိုင်ခွင့် နှင့် မှတ်ပုံတင်ဌာန သို့ တင်ပြခြင်း ကို ပြောတာပါ ။

အဲဒီမှာ လိုအပ်ချက်တွေ ဘာတွေ ရှိဦးမလဲ ဆိုရင် ပုံနှိပ်ခွင့် အမှတ်ရှိသူ နဲ့ ချိတ်ဆက်မိဖို့ လိုပါတယ် ။ ပုံနှိပ်တိုက် နဲ့ ဖြန့်ချိရေး လည်း ရှာရပါမယ် ။ စီးတီးမတ်တွေ နဲ့ နိုင်ငံတကာ ကို ဖြန့်လိုသူတွေ က နိုင်ငံတကာ အသုံးပြုလို့ ရတဲ့ ဘားကုတ် ကို မြန်မာနိုင်ငံ ထုတ်ဝေဖြန့်ချိသူများ အသင်း ထံ မှာ သွား လုပ်ဖို့ လို ပါတယ် ။ ရလာတဲ့ ဘားကုတ် ကို စာအုပ် မျက်နှာဖုံး နောက်ကျော မှာ တပါတည်း ထည့် ပုံနှိပ်ရမှာပါ ။ စာအုပ်တိုက် ထုတ်ဝေသူတွေ က ထုတ်ပေးမယ် ဆိုရင်တော့ ကိုယ် က ဘာမှ လုပ်ဖို့ မလိုပါဘူး ။

အားလုံး ပြည့်စုံလို့ အဆင်သင့် ဖြစ်ပြီ ဆိုရင် ပုံနှိပ်ထုတ်ဝေ လို့ ရပါပြီ ။ ဒီလောက် အတိုချုပ် သိထားပြီ ဆိုရင် စာအုပ် ဘယ်လို ထုတ်ရလဲ ဆိုတာ သဘော ပေါက် မှာ လာပါ ။

ဒီတော့ စာရေးဆရာ ဖြစ်ချင်တဲ့ စာရေး ဝါသနာရှင်များ ခု ပြောခဲ့တဲ့ အတိုင်း လုပ်ကြည့်ရင် စာရေးဆရာ တစ်ယောက် ဖြစ်လာမှာ သေချာပါတယ်လို့ ပြောလိုပါတယ် ။

အားလုံး ဝါသနာ ကို ဦးတည်လုပ်ကိုင် အကောင်အထည် ဖော်နိုင် ပါစေ ။

▢ ပီတိ ( ပေကြီး )
     ၂၀၀၆
📖စာပေရေးသားခြင်း အနုပညာ

No comments:

Post a Comment