❝ ကျွန်တော့် အတွက် ဒုတိယ စိန်ခေါ်ပွဲ သို့မဟုတ် ဇနီးအေး ❞
အဖြူရောင် သီးသန့် ဆေးခြယ်ထားသည့် နံရံတစ်ချပ် ကို မည်းညစ်
သော လက်ဝါး ဖြင့် ကျွန်တော် ထိခတ်လိုက် မိလေသည် ။ ထိုအခါ ထို နံရံ အဖြူ ၌ အမည်းကွက် စွန်းညစ်ရတော့၏ ။ နံရံ အဖြူပေါ် မည်သူ မှ အပြစ် မမြင် ။ မည်းညစ်သော လက်ဖဝါးရှင် ကို သာ အပြစ် တင်ကြမည် ။ အထူးသဖြင့် ထို လက်ဖဝါးရှင် ကိုယ်၌ ပင် ကိုယ့် ကိုယ် ကိုယ် ယူကျုံးမရ ဖြစ်နေတော့မည် ။
“ အေး ”
အေး ဆိုသော မိန်းမသား သည် ကျေးလက် တောရွာလေး မှ လယ်ပိုင်ရှင်ကြီး ၏ သမီးကညာ ဖြစ်၏ ။ သူ့ ဖြူစင်မှု ၊ သူ့ ရိုးသားမှု ၊ သူ့ ဂုဏ်သတင်း မွှေးပျံ့မှု ကို လွန်ခဲ့သော တစ်နှစ် ကျော်ကျော် ကပင် ကျွန်တော် ကြားခဲ့ဖူးပြီး ဖြစ်ပါသည် ။ ကျွန်တော့် ညီအစ်ကို ဝမ်းကွဲ ဖြစ်သူ အောင်နိုင်အေး တစ်ယောက် ဘန်ကောက် ရောက်လာစဉ် ကပင် အေး နှင့် ပတ်သက်သော သတင်းစကားများ ကျွန်တော့် အတွက် ပါလာခဲ့သည် ။ ထိုစဉ်က ဘန်ကောက် သို့ ကျွန်တော် ပြန်ရောက်ခဲ့သည့် ၁၉၉၇ ၌ ဖြစ်သည် ။
ကျွန်တော် နှင့် မတွေ့ခင် မှာ ပင် အမေ သည် ညီမ ဖြစ်သူ ရှိရာ ခရမ်း မြို့ ၌ ရိပ်သာ ဝင်စဉ် “ အေး ” ကို တွေ့ခဲ့ ပြီး ဖြစ်၏ ။ အမေ့ ညီမ နှင့် အမေ့ တူမများ က ထိုစဉ်ကပင် “ အေး ” ကို ကျွန်တော့် အတွက် လျာထား ခဲ့ကြသည် ။ ကျွန်တော် က လက်မခံ ။ ကျွန်တော့် မှာ ဖိုင့် အတွက် ကတိကဝတ်တွေ ရှိနေပြီး ဖြစ်သည် ။ အိမ်ထောင်ရေး ကို လည်း မစဉ်းစားချင်သေး ။ “ အေး ” ၏ စိတ်သဘော ဖြူစင်သန့်ရှင်းမှုများ ၊ လူကြီးမိဘ အပေါ် သိ တတ်မှုများ က ပတ်ဝန်းကျင် တွင် ဂုဏ်သတင်း မွှေးပျံ့ နေသည် မို့ “ အေး ” ကို ချဉ်းကပ်သူတွေ များလှပါသည် ။ ထိုအထဲ တွင် ကျွန်တော် က ငွေဓန အင်အားများ ၊ အသိုင်းအဝိုင်း အင်အားများ ၊ ခင်မင်ရင်းနှီးမှု ရှိရင်းစွဲဖြစ် သည့် “ အေး ” နှင့် ကျွန်တော့် ညီအစ်မ ဝမ်းကွဲများ နှင့် အေး သည် ကျွန်တော့် အပေါ် ကျောင်းဆရာမ ၏ တပည့် ဖြစ်ခဲ့ဖူးသည့် အခြေအနေ ခြင်းရာတို့ ကြောင့် ကျွန်တော် နှင့် ပို၍ နီးစပ် လာခဲ့သည် ။
မှန်တာ ပြောရလျှင် “ အေး” ကို မတွေ့ခင် က ကျွန်တော် စိတ်ဝင်စားမှု မရှိ ။ အထူးသဖြင့် ကျွန်တော် ၏ ဂျင်ချေလည် နေသော ဘဝ လမ်းကြောင်း ထဲသို့ “ အေး ” လို မိန်းကလေး တစ်ယောက် ကို ဆွဲမခေါ်ချင် ။ ကျွန်တော့် ဘာသာ ပြန် တွေး လန့်နေမိမှာ မျိုး မလိုချင် ။ ကျွန်တော့် သမိုင်းကြောင်း အတွက် ဖြေရှင်းချက်တွေ ပေး မနေချင် ။ ဤ စိတ်ဖြင့် ပင် ကျွန်တော် သူ့ ကို သွား ကြည့်ခဲ့သည် ။
ကျွန်တော် အချုပ်ကျစဉ် က ဘန်ကောက် မှ ဘိန်းစား အချုပ်သမား ကြီး က ကျွန်တော့် ကို မိန်းမဋီကာ ဖွင့်ပြဖူးပါ၏ ။
“ ထင်ရှားသည့် မိန်းမ တစ်ယောက် ကို နောက်ဘက် ကို ကြည့်ချင် ကြည့်ပါ ။ တင် ၊ ရင် ၊ ခါး ၊ လည်ဆံ တို့ ကို ငေးချင် ငေးပါ ။ မျက်လုံး ကို မကြည့်မိစေနဲ့ ။ ထို မျက်လုံး ကို ကြည့်မိလျှင် ချစ်မိတတ်သည် ” ဟု ပြောပြခဲ့ ဖူးသည် ။ သူ ပြောသည် ကို စေ့စေ့ပတ်ပတ် ကျွန်တော် နားမလည်သော် ငြား ထို သဘောဖြစ်သည် ကို တော့ ကျွန်တော် ရိပ်မိပါ၏ ။ ယခု “ အေး ” မျက်လုံး ကို ကျွန်တော် ကြည့်လိုက် မိသည် ။ ကျွန်တော့် လောဘ ကို ကျွန်တော် သိမ်း ၍ မရတော့ပြီ ။
ထို လောဘ ၏ နောက်၌ ယောက်ျား ပဲ ဟူသော မာန က လည်း ဝင်မိ ချေပြန်သည် ။ ငွေကြေးဂုဏ်ဓန နှင့် အသိုင်းအဝိုင်း အင်အား ကြောင့် လည်း ကိုယ့် အတိတ် ကို ချက်ချင်း မေ့ပစ်မိ၏ ။
ကျွန်တော် သည် မည်းညစ်သော လက်ဖြင့် ဖြူစင်သန့်ရှင်းသော “ အေး ” ၏ နှလုံးသား ကို အမိအရ ချုပ်ကိုင် လိုက်တော့သည် ။ တကယ်ပင် ကျွန်တော် ညစ်ပတ်လိုက်တော့သည် ။ ဤသည် ကို အချစ် ဟု ကင်ပွန်းတပ် ကာ “ အေး ” ကို စာ မြောက်မြားစွာ ရေး၍ သိမ်းသွင်းပါတော့သည် ။ “ အေး ” လည်း ကျွန်တော်တို့ အင်အား ကို မလွန် ဆန်နိုင် ။
တကယ်ဆိုလျှင် “ အေး ” ၏ ဘဝ သည် ရိုးရိုးကုပ်ကုပ် ကျောင်းဆရာကတော် ဘဝမျိုး ၊ ဈေးရောင်းဈေးဝယ် ကျွမ်းကျင်သည့် တောသူဌေး ပေါက်စ ၏ ဇနီးမျိုး ၊ ဆန်စပါးကုန်သည် တစ်ဦး ၏ ဇနီးမယားမျိုး သာ ဖြစ်ထိုက်သည် ။ ကျွန်တော် နှင့် မတန် ။
“ အေး ” ကိုယ်စောင့်နတ် ကလည်း “ အေး ” ဘက် ကို တာဝန်ကျေရှာပါသည် ။ ကျွန်တော် နှင့် တွေ့စက ပင် သူ လက်မထပ် ဖြစ်ပါစေ နှင့် ဟု ဘုရား မှာ ဆုတောင်းမိကြောင်း “ အေး ” က ဖွင့်ပြောပါ၏ ။ ကျွန်တော် သည် လောက ပရိယာယ် ကြွယ်ခဲ့ပြီကိုး ။ “ အေး ” ဆီမှ အချစ် ကို စာ အတန်တန် ရေး၍ တစ်မျိုး ။ “ အေး ” မိဘဆွေမျိုးများ ထံသို့ ကျွန်တော့် အဒေါ် နှင့် ညီမ ဝမ်းကွဲများ လွှတ်၍ တစ်မျိုး “ အေး ” ကို ပိုင်ဆိုင်နိုင်ရေး အတွက် ကြိုးစား ပါတော့သည် ။ ကျွန်တော် “ အေး ” ကို ချစ်သော အချစ်သည် “ အေး ” ၏ ဘဝ အပြင် “ အေး ” မိဘ အသိုင်းအဝိုင်း နှင့် အေးချမ်း သော လူမှုဘဝလေး ကို ပါ ချစ်မြတ်နိုးခြင်း ဖြစ်သည် ။ ကျွန်တော့် ဘဝ ၏ ပူလောင်ပြင်းထန်မှုတို့ သည် “ အေး ” ၏ အရှိန်အဝါ ဖြင့် အတန်ငယ် အေးချမ်းနိုင်မည် ကို တွက်ဆ၍ မရမက လက်ထပ်ယူခဲ့ခြင်း ဖြစ်သည် ။
“ အေး ” ကို လက်ထပ်နိုင်ခဲ့ ချိန်တွင် ကျွန်တော် အတော့် ကို ပျော်ရွှင်မိသည် ။ ဘဝင် လည်း မြင့်မိသည် ။ လောက တွင် လုပ်ချင်တာတွေ လုပ်နိုင်ခဲ့သည် ။ ဇနီးကောင်း ကိုလည်း ရအောင် ရှာနိုင်ခဲ့သည် ။ ဤလောကဓံ ကို မမှုတော့ဟု ဘဝင် ကြွခဲ့မိပါသည် ။
ဖိုင့် ကို ကျွန်တော် မေ့ထားလိုက်သည် မှာ “ အေး ” ၌ ကျွန်တော့် ရင်သွေးလေး စ လွယ်ခဲ့သည့် အချိန်ထိ ဖြစ်သည် ။ “ အေး ” ကိုယ်ဝန် လွယ်စ မှာ ပင် ကျွန်တော် စင်ကာပူ သို့ ပြန် ထွက်ဖို့ အရေးကြုံ လာခဲ့တော့သည် ။ ထိုအခါ ကျွန်တော် “ အေး ” ကို မခွဲချင် ။ အထူးသဖြင့် ကျွန်တော့် ရင်သွေးလေး ကို မခွဲချင် ။ ဘာမှ အနှောင့်အယှက် မရှိနိုင် သည့် ကံကြမ္မာ ကို တွေးတောစိုးရိမ်မှု လွန်ကဲနေသည် ။ မမြင်ရသော ရင်သွေးလေး ကို ကျွန်တော် ချစ်နေမိတော့၏ ။ ထိုအခါ မှ ပင် သိုက်မြုံ ဟူသော အသိတရား နှင့် တကွ ဖိုင့် ကို ကိုယ်ချင်းစာ မိရတော့သည် ။
ကျွန်တော် ‘ ဖိုင့် ’ ကို ပြန် သတိရချိန်၌ ‘ ဖိုင့် ’ အပေါ် ထားသော အချစ်စိတ် သည် အသွင်းပြောင်းလဲ သွားလေသည် ။ ‘ ဖိုင့် ’ ရှေ့၌ ဒူးထောက် ၍ ကျွန်တော် အတ္တ ကြီးခဲ့သည် များကို တောင်းပန်ချင်မိတော့သည် ။ ‘ ဖိုင့် ’ နှင့် စူဒါနမ် ကို ခွဲကာ ကျွန်တော် အတ္တကို ရှေ့တန်း တင်၍ ‘ ဖိုင့် ’ သိုက်မြုံ အား ဂရုမစိုက်ခဲ့သည်များ ကို ‘ ဖိုင် ’ ကြောက် လန့်ခဲ့သည် ။ လုပ်ချင်ရာ ကို ဇွတ် လုပ်တတ်သည့် ကျွန်တော့် ဉာဉ်ကို ကြောက်၍ ‘ ဖိုင့် ’ တစ်ယောက် ပြောင်းရွှေ့ ပုန်းရှောင်သွားခဲ့ရသည် ။ စူဒါနမ် ကို ကျွန်တော် လာ တောင်းသွားမည်ကို တွေးတောကြောက်လန့်ကာ ‘ ဖိုင့် ’ တစ်ယောက် မည်မျှ စိတ်ဆင်းရဲခဲ့မည် ကို ကျွန်တော် တွေးမိခဲ့ပါပြီ ။ ကျွန်တော် ယခု ‘ အေး ’ တို့ နှင့် ခေတ္တ ခွဲခွာရမည့် ဒုက္ခ ကိုပင် ကိုယ့် သိုက်မြုံ ၊ ကိုယ့် ဘဝ အဖြစ်အပျက် ကို တွေးတော ထိတ်လန့်နေမိ၏ ။ ‘ ဖိုင် ’ တုန်းက ကိုယ်ချင်း မစာမိခဲ့ ။
‘ ဖိုင့် ’ ကို ကျွန်တော် ကြည်ညိုမိတော့သည် ။ သူ့ ရင်သွေး ၊ သူ့ ဘဝ ၊ သူ့ သိုက်မြုံ ၊ သူ့ ဝပ်ကျင်း အတွက် ကျွန်တော့် ကို ရှောင်ခွာ ပြေးထွက်သွား ချိန်တွင် သူ ခံစားရမည့် သောက ကို ကျွန်တော် မတွေးပေးခဲ့ပါ ။ မြင့်မြတ်ရမည် ၊ ထက်မြက်ရမည် ဟူသော ကျွန်တော် ၏ ပင်ကို ကြွေးကြော်သံသည် ယုတ္တိ မတန်ခဲ့လေပြီ ။ ယခုလည်း ‘ အေး ’ ၏ ဖြူစင်သန့်ရှင်း သော နှလုံးသား ကို မည်းညစ်ရိပ် စွန်းထင်းစေခဲ့ပြန်ပြီ ။
‘ အေး ’ သည် ကျွန်တော် ၏ အတိတ် ဖြစ်ရပ်များကို သိရသောအခါ သူ့ မိဘ ရင်ခွင် ထဲ သို့ တိုးဝင်ကာ ချိုးပွဲချ ငိုကြွေးရှာသည် ။ သူ့ ဘဝ သူ ယူကျုံးမရ ဖြစ်ရရှာသည် ။ ကျွန်တော့် ကို မူ အပြစ်မတင် ၊ အတိတ်ဘဝ က သူ ပြုခဲ့ သည့် မကောင်းမှုများ ကြောင့် ယခုကဲ့သို့ လိမ်ညာလှည့်ဖျား ခံရသည် ဟု သာ တွေးဆပါကြောင်း မျက်ရည်ဖြင့် ဖြေသိမ့်ရှာ၏ ။
ထိုအခါ ကျွန်တော် အသည်းကွဲလေသည် ။
ပြုပြင်ရန် မရနိုင်သော အမှားကြီး ကို ကျူးလွန် ခဲ့လေပြီ ဟု ကိုယ့် ကိုယ်ကိုယ် နောင်တရရင်း ဖိုင် တို့ သား အမိ ပေါ်၌ လည်းကောင်း ၊ ‘ အေး ’ တို့ အပေါ်၌ လည်းကောင်း အပြစ် အရှိဆုံးလူ ဟု ပြစ်ဒဏ်ခတ်နေစိတ် ကြီးစိုးပါ တော့သည် ။
ကျွန်တော် ပြုခဲ့သော မကောင်းစိတ်များ အတွက် ကျွန်တော် ခံရတော့မည့် ပြစ်ဒဏ်သည် ကား သံသရာ နှင့် ချီပါလေတော့မည် ။
နေပူ ၊ လေပူ ၊ ပင်ပန်းဆင်းရဲ ၊ ဒုက္ခသုက္ခမျိုးစုံ ကို ဆယ်နှစ် နီးပါး ခါးစည်းရင်ဆိုင်ခဲ့စဉ် က ကျွန်တော် သည် နှလုံး မြင့်မြတ်စွာဖြင့် ရင်ဆိုင်ခဲ့ပါ၏ ။ ငွေကြေး ဥစ္စာ ပြည့်ဝချိန်တွင် ကား ကျွန်တော့် နှလုံးသား သည် ဂုဏ် မောက်ကာ မာန်ကြွခဲ့သော ဘဝ မေ့မှုများကြောင့် အရောင် စွန်းခဲ့လေပြီ ။ ထို စွန်းထင်းမှု ကို ဘာနှင့် ကျွန်တော် ဆေးကြော မည်နည်း ။
ဤကား ဘဝ ၏ အကြီးမားဆုံး စိန်ခေါ်မှုပါတကား ။
နှလုံးသား ၌ အမည်းစက် စွန်းထင်းခြင်း ကို ဆေးကြောရမည့် စိန်ခေါ်မှု ကို ကျွန်တော် ရင်ဆိုင်ရပါဦးတော့မည် ။
▣ မာန် ( တောင်လုံးပြန် )
📖 လန်းဖိုင်စာသိုက်
No comments:
Post a Comment