Sunday, May 4, 2025

ကလူ၏ သို့ မြှူ၏ သို့


 

❝ ကလူ၏ သို့ မြှူ၏ သို့ ❞
       ( မောင်သာရ )
      
[ ၁ ]

လူ ၌ ဆန္ဒ ဟူသည်တို့ အနည်း နှင့် အများ ရှိနေတတ်သည် ။ ရှိ လည်း ရှိအပ်သည် ။ လူ တွင် ထို ဆန္ဒတို့ ပြည့် သည်လည်း ရှိသည် ၊ မပြည့် သည်လည်း ရှိသည် ။ အကြင် သူ သည် အကြင် ဝတ္ထုပစ္စည်း တစုံတရာ ကို လို၏ ဟု တောင်းတ၏ ။ မရသည် လည်း ရှိသည် ၊ ရသည် လည်း ရှိသည် ။ ရသော် လူ သည် ရယ်လတ္တံ့ ၊ မရသော် လူ သည် ငိုလတ္တံ့ ။

စင်စစ် အငို အရယ် ဆိုသည်မှာ အလိုအလျောက် တတ်အပ်သော ပညာ နှစ်ရပ်တည်း ။

သည် ပညာ နှစ်ရပ် ကို လူတို့ သည် ပုခက်တွင်း ကတည်း က တတ်လှာကြ၏ ။ ဘဝ တသက်ပန် လမ်းတလျှောက် မှာလည်း ၊ သည် ငိုမှ ရယ်မှု နှင့် ပင် လူးလာစုန်ဆန်ကြရသည် ။ ကျွန်တော် တို့သည် လူ့ လောက သို့ ငိုဘို့ ရယ်ဘို့ ချည်း သက်သက် ရောက်လာကြရသည်လော မပြောတတ်ပါပြီ ။

ယခုသော် ကျွန်တော်  နားလည်ပြီ ။ လူ မှန် လျှင် ငိုခဲ့ရ ၊ ရယ်ခဲ့ရမည် ။ ဖြစ်ခဲ့ရ ၊ ပျက်ခဲ့ရမည် ။ နိမ့်ခဲ့ရမည် ၊ မြင့်ခဲ့ရမည် ။

လူ သည် အနိမ့် တွင် မပျော်၍ အမြင့် မှာ သာ ပျော်မွေ့တတ်သည် ။

••••• ••••• •••••

ကိုယ်တွေ့ နှင့် ယှဉ်သော် ...

ကျွန်တော်  ငယ်စဉ် က တပျော်တပါး ကစားရင်း နှင့် တယောက် သော ကစား ဘက် ကို ရုတ်တရက် ထ ရိုက်ဖူးသည် ။ ကျွန်တော် နှင့် တယောက် သော ကစားဘက် တို့ “ မြွေ နှင့် လှေကား ” ကစားကြသည် ။ တာ စ၍ ထွက်ခဲ့ ကတည်း က ကျွန်တော့် ဒိုး သည် တဟုန်ထိုး တက်ခဲ့၏ ။ လမ်း တွင် လှေကား တက်ခွင့် နှင့် နှစ်ခါ ကြုံရ၏ ။ တခါမျှ မြွေမျို မခံရချေ ။ ကစားဘက် ၏ ဒိုး မှာ မူ မြွေမျို တခါ ခံရ၏ ။ လှေကား နှင့် တခါမျှ တက်ခွင့် မကြုံချေ ။ ထို့ကြောင့် ကစားဘက် သည် ကျွန်တာ့် ထက် နှစ်ဆယ့်တကွက် နောက်ကျ နေ၏ ။ ကျွန်တော့် ဒိုး ကား ပန်း ဝင်ရန် လေးကွက် သာ ကျန်တော့၏ ။

သည် အခြေ တွင် ကျွန်တော့် အလှည့် ကျလှာ၏ ။ ကျွန်တော် သည် သစ်သား ကျည်တောက်ကလေး ထဲ သို့ အံဇာ ကို ထည့်ကာ အတန်ကြာမျှ မမှောက်သေးမူ၍ ခလောက် နေမိ၏ ။ လေး ကျ လျှင်တော့ အောင်မောင်းပ ။ တခါတည်း နှင့် ကိစ္စ ပြီးမည် ။ သို့တည်းမဟုတ် သုံး ကျစေ ၊ တစ် ကျစေ ၊ အကြောင်း မဟုတ် ။ တဖန် ငါး ကျပြန်လျှင် လည်း မရွေ့သာ၍ မရွှေ့ ရရုံသာ ရှိမည် ။ အရေးစိုက်စရာ မရှိ ။ ကစားဘက် သည် နောက် တလှည့်တည်း နှင့် လည်း ကျွန်တော့် ကို မည်သည့် နည်းနှင့် မျှ မမှီနိုင် ။ ခြောက် ကျသော်ကား ပြန်၍ တကြိမ် ပစ်နိုင် သည်မို့ အခွင့်သာ၏ ။

နှစ် မှ အပ ကျလိုရာ ကျစေ ၊ ကျွန်တော် မမှု ။ နှစ် ကျမှာ သာ ကျွန်တော် ပူသည် ။ နှစ် ကျလျှင် ကျွန်တော် မြွေမျို ခံရမည် မဟုတ်လော ။

ကစားချပ် တွင် သည် ၉၈ အကွက် ၌ ခေါင်းဆိုက် ထားသော မြွေ သည် အရှည် တကာ့ အရှည်ဆုံး ဖြစ်၏ ။ အကွက် ၁၃ တိုင် အောင် ပြန် ဆင်းရပေမည် ။ သည် မြွေ မျိုခံရ လျှင် မည်သူ ဖြစ်စေ ၊ ပြန်၍ နာလှန် ထူနိုင်စရာ အကြောင်း မရှိတော့ ။ တဖက် လူ က အသာ ကလေး နှင့် အနိုင် ယူပေမည် ။

ကျွန်တော် သည် ကြောက်ရွံ့ရွံ့နှင့် ပင် ကျည်တောက်ကလေး ကို မှောက်ချလိုက်၏ ။ အခါတိုင်းတော့ သည်သို့ ကျွန်တော် မမှောက် ။ ကျည်တောက် ကို ကြမ်းပြင် နှင့် မထိစေခဲ့ ။ အံဇာ ကို လေထဲ မှ ပစ်၍ သွန်ခဲ့သည် ။

ယခုသော် အံဇာ ကို မြင်ရဘို့ အရေး မှာပင် ရင်လေး နေမိသည် ။ သို့သော် “ ကြာတယ်ဟေ့ ၊ သတ္တိ မရှိရင် အစ ကတဲက မကစားဘဲနေပါ့လား ၊ ဖွင့်ဖွင့် ” ဟု ကစားဘက် က ဆို၍ မယုံမရဲ နှင့်ပင် ကျည်တောက်ကလေး ကို ကျွန်တော် ဖွင့်ရသည် ။

“ ဟေး နှစ်ကွ နှစ်ကွ ၊ ဆင်းလိုက်စမ်း ကိုယ့်လူ ၊ ဆင်းလိုက်စမ်း ”

ကစားဘက် က ပြိုင်ဘက် ကျွန်တော်  အရေး နိမ့် ပြီမို့ အားရဝမ်းသာ ခုန်ပေါက် ကာ အော်သည် ။ ကျွန်တော့် စိတ်မူကား သည် တလှည့်တော့ အနိုင်ယူဦးပေါ့ ။ မှန်ကင်း တလှည့် ၊ ထင်း တလှည့် ပါ ” ဟု သာ ပုဆိုးခြုံ ထဲ က လက်စွမ်း ပြနေရသည် ။

အရပ်ကတို့ ၊ ကျွန်တော် မြွေ နှင့် ကြုံရပြီ ။ စန်း မှာ စနေ စီးပြီ ။ ကျွန်တော် မည်သို့ ကြံရပါမည်နည်း ။

ကစားဘက် က သူ့ ပါးစပ်ဆိုင်း နှင့် သူ ကခုန် ဝမ်းမြောက်လျက် ပင် သူ့ အလှည့် ကိုပင် မေ့ထားကာ ၊ သူတပါး နစ်နာမှု အတွက် အားရလျက်ပင် “ ကျွန်တော် ၏ ပင်ပန်းနွမ်း နယ်မှု ကို မှ မရှုမြှော် ၊ အပျော်ကြီး ပျော်လျက်ပင် ” လွန်ပြီ ထင်သည် ။

ကစားဘက် ၏ အပြုအမူ တို့သည် ကျူးကျော်လှပြီ ။ ထိုအခါ ကျွန်တော့် စိတ်သည် ယမ်းပုံမီးကျ ထိန်းမရ သိမ်းမနိုင် ဖြစ်လှာသည် ။ ဝန်တို ၊ ရန်လို လာသည် ။ သည်နောက် ၌ကား ကျွန်တော် ၏ လက်တို့ သည် ကစားဘက် အား ပြင်းစွာ ရိုက်ကြကုန် သတည်း ။

ဪ ... အရေးနိမ့်ပြီ ဆိုတော့လည်း ငိုချင်စိတ် က လျှံဖိတ် လာသည် ။ သည် ငိုချင် စိတ် ကို လည်း ဘဇာ နှင့် မျှ အစား ထိုး၍ မရနိုင်သည့် လက် က ရိုက်ခဲ့ရပေမည့် စိတ် က မကျေချမ်း ။ ပွဲ ပျက်၍ အနိုင်အရှုံး မရှိပေမည့် စိတ် က မသန့် ။ ကိုယ် ရှုံးကြောင်း ကို အလိုလို သိ နေသည် ။

ဤကား ကစားဘက် တယောက် နှင့် ငယ်စဉ် က ကစားခိုက် ၊ အရေး နိမ့်သဖြင့် မိုက်ခဲ့သည့် ရိုက်ပွဲ ပေတည်း ။

[ ၂ ]

မထွန်းဖြူ ကို ချစ်ခင်စွဲလမ်း ၍ နေရခြင်း မှာလည်း “ မြွေ နှင့် လှေကား ” ကစား နေဘိသည့် နှယ်ပင် ။

လှေကားများ နှင့် တော်တော် တရားလွန် ပျော်ရကာ မြွေများ နှင့် တွေ့သော် “ ဪ ... ဆင်းရဲပင်ပန်းစွတကား ” ဟု ကျွန်တော် ညည်းရသည် ။

ချမ်းသာ သို့ ကျွန်တော်  ရောက်သည် ။ သို့သော် မတန်သဖြင့် ဆင်းရဲဘုံ သို့ ပြန်၍ ခုန်ဆင်းခဲ့ရသည် ။ ရယ်ခဲ့ရသည် ။ ငိုခဲ့ရသည် ။ အေး တလှည့်လည် ၊ ပူ တလှည့်ချည် နှင့် ၊ ဪ ... သည်မှာ ဘက်ကမ်း ဝိပ္ပလ္လာလမ်း ။

••••• ••••• •••••

အဖွဲ့သမား အဆိုသမား ထင်လတ် က ကျွန်တော် နှင့် မထွန်းဖြူ တို့၏ ဇာတ်လမ်း ကို စသည် ဟု ဆိုရချေမည် ။

တညနေ မှာ ကျွန်တော့် ထံသို့ ထင်လတ် ရောက်လာသည် ။ သူ့ အမ နှင့် နှမများ ၏ ကိစ္စ ဟု ဆိုကာ ကျွန်တော့် ကို ဆွဲသည် ။ ထင်လတ် ၏ ညာဉ် ကို ကျွန်တော်  သိသည် ။ သူ့ ပြောစကား အရ သာ ဆိုလျှင် သူ့ ၌ နှမသားချင်း နှစ်ရာကျော်ခန့် ရှိပေလိမ့်မည် ။ သူနှင့် သိသည် ဆိုလျှင် မည်သည့် မိန်းမငယ် ဖြစ်စေ သူ ၏ အမ သော်၄င်း ၊ နှမ သော်၄င်း ဖြစ်နေတတ် ချေသည် ။ ထို့ကြောင့် သူ့ စကား ကို ကျွန်တော်  မယုံ ။ မည်သို့ လိုက်၍ ၊ မည်သူ့ ထံ တွင် ၊ မည်သည့် အကြောင်းကြောင့် ဖျော်ဖြေရမည် မှန်းလည်း မသိ ။ ကျွန်တော် တော့ မလိုက်လိုချေ ။

သို့သော် သူ့ နောက်က ပါလာသော မထွန်းဖြူ ကို မြင် ကတည်းက ရင် ထဲမှ ချစ်မိ သည် က တကြောင်း ၊ ချစ်မိ၍ မထွန်းဖြူ ကို အားနာမိသည် က တကြောင်း ၊ ချစ်မိ၍ မထွန်းဖြူ ကို မငြင်းလိုသည် က တကြောင်း ၊ ချစ်မိ၍ မထွန်းဖြူ ကို မျက်ရိပ် အောက် မှ အပျောက် မခံလို သည် က တကြောင်း ၊ စသည် စသည်ဖြင့် အကြောင်းကြောင်းကြောင့် ကျွန်တော် လိုက်ဖြစ် ရတော့သည် ။ ဪ ... မထွန်းဖြူ မျက်နှာ က ကျွန်တော့် ကို အပါ ဆောင်ပြီ ထင့် ။

မထွန်းဖြူ တို့ ခြံသို့ ရောက်တော့ မှပင် မထွန်းဖြူ တို့ မေမေ ၏ လေးဆယ်ပြည့် မွေးနေ့ အခမ်းအနား မှန်း သိရသည် ။ သည်တော့ အရေးတကြီး နှင့် လိုက်ခဲ့ရ၍ အဝတ် လတ်လတ် မဝတ်ခဲ့မိသည့် အတွက် မထွန်းဖြူ တို့ မိသားစု ကို ကျွန်တော့် မှာ အားနာမိရ ပြန်သည် ။

စင်စစ် အားနာမိမှု သာ ရှိသည် ။ လဲစရာ သည့်ထက် လတ်သည့် အဝတ် ဟူ၍ ကျွန်တော့် မှာ မရှိချေ ။ မရှိသော်လည်း အခါတိုင်းတော့ လိုအပ်သည် ထင်လျှင် ငယ်သူငယ်ချင်း ကျော်ညွန့် ထံ မှ ငှား ဝတ်လေ့ အစဉ်အလာ ရှိပါ၏ ။

မည်သို့ပင် ဖြစ်စေ ၊ မထွန်းဖြူ တို့ မိသားစု တသိုက် က ကျွန်တော့် ကို လိုသည် ထက် ပင် ပို၍ ဂရုစိုက်ကြသည် ။ ပြုစု ဖော်ရွေကြသည် ။

ကျွန်တော် လည်း မနေတတ်၍ ကိုယ့် ရှေ့က စန္ဒယား မှာ လက်ကစား လိုက်ရသည် ။ လက် က အေး၍ တုန်နေပေမည့် ထွက်ပေါ်လာသည့် အသံက ထွေးထွေးကြည်ကြည် မူမှန်သည် ။ ဪ ... ဘုရင့်ပုဆိုး ပိုးချည့် ဆိုသည့်နှယ် မထွန်းဖြူ တို့ လက်သင် စန္ဒယား မှာ ကျွန်တော့် ထမင်းအိုး စန္ဒယား ထက်ပင် အဆ တရာ မက အသံ သာလှဘိ တကား ။

••••• ••••• •••••

သည်ခြားနားချက် မျှနှင့် ပင် ချစ်သော စိတ် ကို ကျွန်တော် သိပါသည် ။ မထွန်းဖြူ ကို ရယူ လိုပေမည့် ကျွန်တော် ဖြေပါသည် ။ မထွန်းဖြူ တို့ ဖြူ နီ ဝါ ပြာ တစု နှင့် ခရုထွေလာဆန်း ၊ ကမ်းကွေ့ ပတ်လည် မှာ ကျွန်တော် ဝင်ကစွပ် မလုပ်လိုပါပြီ ။

သို့သော် မထွန်းဖြူ ၏ အိပ်မက် ထဲ မှာ လည်းကောင်း ၊ ကျွန်တော် ၏ အိပ်မက် ထဲ မှာ လည်းကောင်း ၊ မထွန်းဖြူ နှင့် ကျွန်တော် တို့ အခါခါ တွေ့ခဲ့ကြသည် ။ အကြောင်းကြောင်း တိုင်ပင်ခဲ့ကြသည် ။ ထိုအခါ စိတ်ချင်း နှလုံးသားချင်း က တရားလွန် ရင်းကြလေကုန်၏ ။

သည်တော့ မထွန်းဖြူ က ကျွန်တော့် ကို သနားသည် ။ ကျွန်တော် က မထွန်းဖြူ ကို မြတ်နိုးသည် ။

သို့တစေလည်း ၊ အနေချင်း က ကွာလှသည် ။ မထွန်းဖြူ က မထွန်းဖြူ တို့ ဝန်းကျင် မှ “ မထွန်းဖြူ ၊ မထွန်းဖြူ ၊ မထွန်းဖြူ ” ဘဝ နှင့် နေရသည် ။ အယုအယ ခံ ဟု ဆိုရချေမည် ။

ကျွန်တော့် အနေ ကား နုံလှသည် ။ ငယ်စဉ် ကတည်း က အဖေ ဆုံးသည် ။ အနားက ကျောင်း တွင် အမေ က မုံ့ရောင်း ရသည် ။ အမေ ဆုံးသည့် နှစ် မှာ ၈ တန်း ကထွက်၍ မန္တလေး က ဦးလေး ထံ သို့ ပြောင်းရသည် ။ ဦးလေး က အငြိမ့် ထောင်၍ လူပြက် လုပ်သည် ။ ကျွန်တော် လူပြက်သင်တန်း တက်ခဲ့ရသည် ။

သို့သော် ကျွန်တော် သည် တသက် နှင့် တကိုယ် မည်သည့် အခါမျှ လူပြက် ဖြစ်နိုင် တော့မည် မဟုတ် ဟု ဦးလေး က နိမိတ်ဖတ် သဖြင့် သူ့ ဆရာ ဆရာထာ့ ထံ သို့ ရောက်ခဲ့ရပြန် သည် တမုံ့ ။

သည်တော့မှ အနာ နှင့် ဆေး တည့်လှာသည် ။ ဆရာထာ့ ပတ္တလျား မှာ ထိုင်စေသည် ။ ကျွန်တော်  ပတ္တလျားဆရာ တည်း ။

ဤသို့နှင့် အငြိမ့် သံသရာ မှာ တလည်လည် နေလာခဲ့ရသည် ။ ဤသို့နှင့် တခါတခါ စန္ဒယားခုံ မှာ ထိုင်စ ပြုလာခဲ့ရသည် ။ ဤသို့နှင့် နိုင်ငံကျော် ဇာတ်အဖွဲ့ တဖွဲ့ မှာ သီချင်းရေး ဆရာ ဖြစ်လာခဲ့ရသည် ။ ဪ ကိုယ့် သီချင်းများ နာမည် ရ၍ ကိုယ့် လက်ရာ လူကြိုက် များလာပြီ ဆိုတော့လည်း ဇာတ်ဆရာ က ပင် ကိုယ် နှင့် ဆွေမျိုး စပ်၍ တော်လှာပြန်သည် တကား ။

••••• ••••• •••••

မည်သို့ပင် ဖြစ်စေ ၊ တနွေညဦး တွင် မထွန်းဖြူ နှင့် ကျွန်တော် တွေ့ရ ပြန်သည် ။

နယ် မှ အပြန် အခန်းသို့ ဖွင့် ဝင်မည် ပြုခိုက် ခေါင်းရင်းခန်း မှ အိမ့်ရှင် က စာတစောင် လာ၍ ပေးသည် ။ ကျွန်တော့် ထံ သို့ မည်သူကများ စာတတန် ပေတတန် နှင့် ဆက်ဆံပါပြီနည်း ။

အဆန်း ဖြစ်နေ၍ ခပ်လန့်လန့်ပင် ။ အိမ် ထဲ သို့ ခြေမလှမ်းမီ ကျွန်တော် ဖောက်ရ သည် ။ ဪ ချောက်ကမ်းပါး မှာ ကျသည့်နှယ် မောပါဘိခြင်း ။

ထင်လတ် က ကျွန်တော့် နာမည် နှင့် အလွဲသုံးစား လုပ် ပြန်လေပြီ ။ ဗိုလ်ချုပ်ဈေး အထည်ဆိုင် တဆိုင် မှ အကြွေးစာရင်း ပါ တကား ။

သည်တွင် ကျွန်တော် လည်း မနေနိုင်တော့ပြီ ။ အမြန် ပြန်၍ ထွက်ခဲ့ရသည် ။

ထင်လတ် အိမ် သို့ ရောက်ပြန် တော့လည်း ထင်လတ် နှင့် လွဲရ ပြန်သည် ။ မည်သို့ ဖြစ်စေ ၊ စောင့်ရတော့မည် မို့ အပြင်သို့ ခေတ္တ ပြန်ထွက်ကာ ဆိုင် မှာ ထမင်း စားရသည် ။ ထို့နောက် ပြန်၍ စောင့်ရသည် ။ စိတ် ကလည်း တိုချေပြီ ။

အတန်ကြာသော် ကားကလေး တစီး နှင့် ထင်လတ်  ပြန် ရောက်လာ၏ ။ ကျွန်တော်  ပြေးဆင်း၍ ထင်လတ် ကို ရက်ရက်စက်စက် ပြောတော့မည် ပြုစဉ် ကား ထဲ မှ မမြှော်လင့်သော ဆည်းလည်းသံ သာသာယာယာ ကို ကြားရသည် ။

ကျွန်တော် မည်သို့ ပြောရမည် မသိ ။ အမျက်တို့ လည်း ပြေကုန်ပြီ ။ “ အင်း မင်း ကံကောင်းတယ် ထင်လတ် ” ဟုသာ စိတ် က ဆိုရတော့သည် ။ စိတ် က မည်သို့ ဆိုစေ ၊ နှုတ် ကတော့ မထွန်းဖြူ ကို ပြန်၍ နှုတ်ဆက် နေမိသည် ။ သည် တခါလည်း မထွန်းဖြူ က ကျွန်တော့် ကို အပါ ဆောင်ပြန်လေပြီတည်း ။

သည်တခါတော့ မထွန်းဖြူ က ကျွန်တော် ၏ ဖြေသောစိတ် ကို အမှည့်ကြွေ ချွေချွေပြီ ။

ကျွန်တော်  နယ် က ပြန်ရောက်မည် ကို မသိ သဖြင့် ကြို၍ မဖိတ်ကြားထားမိသည့် အတွက် “ စိတ်မရှိပါနဲ့နော် ၊ ထွန်းတို့ကို ခွင့်လွှတ်ပါ ” ဟု တောင်းပန်သည် ။ “ အပျော်သက်သက်ပါ ကိုသွင်မောင် ၊ ကျမတို့ စရိုက် ဆိုစို့ရဲ့ ” ဟု လည်း သည် ကနေ့ ကျွေးမွေးသည့် အခမ်းအနား ၏ အကြောင်းရင်း ကို ရှင်းလင်းသည် ။ “ ဝမ်းပြည့် နေ၍ နည်းသည် ကို အားမနာ ပါနဲ့လေ ၊ သည့်ထက် ရင်းချာတဲ့ လူတွေ ရှိဦးမှာမို့လား ” ဟုလည်း မြှူချိုစွာ ဆိုလှာသည် ။ ဪ ဖြေပါ သော်လည်း နှောင်ကြိုးစည်းသည် ပြေလည်း မပြေယောင် တကား ။

••••• ••••• •••••

သည်သို့နှင့် မထွန်းဖြူ တို့ ခြံ သို့ တလ တခေါက် မှန်မှန် ရောက်ရတော့သည် ။ လေးလခန့် ကြာသော် တပတ် တခေါက် ရောက်ရ ပြန်သည် ။ နောက် နှစ်လခန့် ကြာသော် တရက်ခြား နှစ်ရက်ခြား တခေါက် ရောက်ခဲ့ရသည် ။ သည်တော့မှ မထွန်းဖြူ တို့ အကြောင်း ကို ကျွန်တော်  ကောင်းစွာ သိသတည်း ။

မထွန်းဖြူ တို့ ဖေဖေ မှာ ရန်ကုန်တက္ကသိုလ် ၌ ကျော်ကြားသော ပါမောက္ခ တယောက် ဖြစ်သည် ။ မြန်မာစာပေ ကို မြတ်နိုးသည် ။ သမိုင်း သုတေသန ပြုရမှု၌ စိတ်ပါသည် ။ တေး အလင်္ကာ ကို ခုံမင်သည် ။

ထို့ကြောင့် ဥပစာတန်းသူ မထွန်းဖြူ သည် ညဉ့် ၌ ပန်တျာကျောင်းသူ တယောသမား ကလေး ဖြစ်ခဲ့ရသည် ။ ထို့ကြောင့် မထွန်းဖြူ ၏ အမငယ် မစန်းဖြူသည် နေ့၌ မဟာဝိဇ္ဇာ တန်း သူ မှန်ပေမည့် ၊ ညဉ့် ၌ စန္ဒယားသမားကလေး ဖြစ်ခဲ့ရသည် ။ ထို့ကြောင့် မထွန်းဖြူ နှင့် မစန်းဖြူ တို့၏ အမ မနှင်းဖြူ သည် နေ့၌ လက်ထောက် ကထိက မှန်ပေမည့် ၊ ညဉ့် ၌ ပုလွေ သမား ဖြစ်ခဲ့ရသည် ။

စင်စစ်သော် မထွန်းဖြူ က တယော မှာ ကျွမ်းကျင်ပေမည့် ၊ မစန်းဖြူ က စန္ဒယား မှာ မနိုင် ။ မနှင်းဖြူ ကလည်း ပုလွေ နှင့် နေလိုသူ မဟုတ်ချေ ။

မကြာမီပင် နိုင်ငံခြား မှ ပြန်ရောက်လာမည့် ကထိက ကိုခင်မောင်တင့် နှင့် မနှင်းဖြူ တို့ လက်ဆက် တော့မည် ။ မကြာမီပင် မစန်းဖြူ သည် လည်း စစ်တက္ကသိုလ် မှ ဗိုလ်မှူးညွန့်ဦး နှင့် ကြောင်းလမ်းတော့မည် ။ မထွန်းဖြူ ကား အသို့နည်း ။

မထွန်းဖြူ တို့ မေမေ မူကား တနေကုန် တနေခန်း ပန်း နှင့် ဥယျာဉ် ၊ ဥယျာဉ် နှင့် ပန်း ၊ မနားတမ်း ပြုစု နေကာ တဘာသာ ပျော်သူတည်း ။

ကျွန်တော်  တွေးမိသည် ။ အရေးတည့် အကြောင်းတည့် ဆိုလျှင် ပြေး၍ ရေကြည် ပါ မှ မထွန်းဖြူ တို့ဖေဖေ ကို သာ မားမားမတ်မတ် မြင်ရမည် ။ နောက် လာမည့် မောင်ပုလဲ များ ကလည်း ၊ သူ့ အတွဲ နှင့်သူ တကွဲတပြား တသင်းတဖွဲ့ တအိုးတအိမ် တစည်းစိမ် တခြေရွေ နှင့် နေလိုကြပေလိမ့်မည် ။ သည် ခြံပေါက်ပင် မှန်လင့်ကစား အရွယ် မြောက်၍ အတောင် စုံပြီ ဆိုတော့လည်း ၊ နေရပ်ဟောင်း ကို စွန့်ကာ နေရာသစ် ကို စွန့်စားရှာဖွေ နေလိုကြပေ လိမ့်မည် ။

ရော ... သည်တခါ ၊ မထွန်းဖြူ ငယ်ငယ် ပသို့နှယ် နေပါ့မည် ။ သည် အထဲ မှာ မထွန်းဖြူ တို့ ဖေဖေ ကလည်း ရေမြေရပ်ခြား တိုင်းတပါး သို့ မကြာခဏ သွားရတတ်ပါဘိ သနှင့် ။

ဪ ... မပူသင့်သူ က အပူကျင့်လေခြင်း ဟူ၍ မထွန်းဖြူ ကလူသည့် သဘော ပြောလိုလည်း ပြောရော့ ။

••••• ••••• •••••

စင်စစ်မှာတော့ ပူပန်သောက နှင့် မောရသူမှာ ကျွန်တော်  မှန်ပေမည့် ၊ ပူပန်သမှု ပြုသင့်သူကား ကျွန်တော်  မဟုတ်ချေ ။ ယေဘုယျ သဘော ပြောရမည် ဆိုလျှင်တော့ မထွန်းဖြူ ကား ခြင်္သေ့ ၊ ကျွန်တော် ကား ယုန်သူငယ် ၊ ပသို့နှယ် ဆုံစည်းနိုင်အံ့နည်း ။

သို့အတွက် ခြင်္သေ့လိုဏ် မှာ ကျွန်တော် အောင်း၍ ၊ ခြင်္သေ့သံယောင် ခွေးသို့ မဟောင် လိုချေ ။ ဟောင်ပြန်ချေလည်း ဟောင်ရင်း သာ သေပေမည် ။ စိုးစဉ်းမျှ တူဘွယ်ရာ မရှိ ။

သို့အတွက် မချိသော်လည်း ကျွန်တော်  ဖြေသည် ။ အခြေခံချင်း က ကွာလှသည်မို့ ကျွန်တော်  ဆည်သည် ။ ပြေးမည့်သူ က ပြေးမည် မဟုတ်၍ ၊ ကျွန်တော် လိုက်သော် အလွယ်တကူ မိမည် ကို သိပင် သိငြား သော်လည်း ကျွန်တော် ရှောင်သည် ။ နောင် နောင် အခါဝယ် မျက်ရည်ပွင့်တို့ နှင့် ပဏာခြယ်မည့် နောင်တပင် ကို သိလျက်နှင့် ဖြင့် ကျွန်တော်  မပျိုးလို ပါပြီ ။

သို့သော် မဆွတ်ခင် ညွတ်ချင်ချင် ဖြစ်သည့် စိတ် က တိတ်တိတ်လည်း မနေ ၊ ဆိတ်ဆိတ်လည်း မအိပ် ၊ ကျိတ်၍ ငိုသော် လည်း ယိုသည့် အသည်း က မလုံ ။ ဪ ... သည်ပုံ ဆိုတော့ မငိုတတ်သူ ကို သတ်လေက သွေးမထွက်ချေဘု ဟူသော စကား မှာ မယုံရ တခက် ၊ ယုံရ တခက်ပါတကား ။

••••• ••••• •••••

ယခုတော့ ယုံရချေပြီ ။

ပူသင့်သူ မှာ ကျွန်တော် ပင် ဖြစ်အပ်သည် ဟူ၍ မထွန်းဖြူ က ဆိုလှာချေပြီ ။ ကျွန်တော် ငိုရသည် မှာ မထွန်းဖြူ သည် မည်သည့်ဉာဏ် ဖြင့် မြင်သည် မသိ ။ မထွန်းဖြူ အား ကျွန်တော်  မြတ်နိုး ခင်မင်လိုသည် ကိုလည်း မည်သို့ ဆင်ခြင်မိသည် မသိ ။ မထွန်းဖြူ ၏ အမူအရာ က ဖြူ ရာ မှ ပြာလာသည် ။ ကျွန်တော့် ကို ကြင်နာလာသည် ။ ကျွန်တော် မျက်နှာ မငယ်ရမှုအတွက် ကျွန်တော့် သိက္ခာ ကို ဆည်လာသည် ။ ကျွန်တော် မငိုသော်လည်း မထွန်းဖြူ က ခရုခွံ ပေး၍ ဆောင်သွေးချေပြီတည်း ။

မစွမ်းရင်း တွင် ကန်စွန်းခင်း ငြိ၍ လဲရတော့၏ ။ မဆန်မလှန်ရဲ သဖြင့်လည်း မထွန်းဖြူ စကား ကို ကျွန်တော်  အငြင်း မပွားနိုင် ။ ကျွန်တော် ကား မထွန်းဖြူ ၏ ခြေလှမ်းကို ကြည့်ကာ လှမ်းနေရသူ သာတည်း ။

မထွန်းဖြူ တို့ ဖေဖေ ၏ မွေးနေ့ မင်္ဂလာ ဟု ဆိုသည် ။ သည် တခါတော့ ဖိတ်စာ မှာ မထွန်းဖြူ တို့ ဖေဖေ ၏ အသက် အပိုင်းအခြား မပါလှာပါချေ ။ မေ့နေခဲ့သည် အထင် နှင့် မျက်နှာလို အားရ ကျွန်တော် က ဝေဖန်မိသည် ။ ထိုအခါ မထွန်းဖြူ က “ ဖေဖေ က မေမေ ထက် ၂ နှစ် ငယ်တယ် ၊ ထွန်းတို့ တတွေ ထဲမှာတော့ ဖေဖေ က သူ့ ကိုယ် သူ နတ်သျှင်နောင်လို့ ခဏခဏ အသားတယူ ပြောသပေါ့ ၊ သို့ပေမယ့် တကဲ့ အရေး ကျပြန်တော့လဲ ကိုယ့် မိန်းမ ထက် ကိုယ် က ငယ်တယ်လို့ ဝန်ခံရမှာ ရှက်သတဲ့လေ ” ဟူ၍ ဖြေလှာ၏ ။ ဪ ... ရှိစေတော့ ၊ ရှိစေတော့ ။

သို့သော် မထွန်းဖြူ က ဆက်လာပြန်သည် ။ ကျွန်တော့် အသက် ကို မေးပြန်သည် ။

စင်စစ် အမှန်ကိုပင် ကျွန်တော် ဖြေလိုသည် ။ သို့သော် အမှန် ကို ဖြေတိုင်း လည်း အပြုံး ခံခဲ့ရသည် ။ ကျွန်တော့် ကွယ်ရာတွင် လည်း ထို မေးခဲ့သသူများ က “ တော်တော် သက္ကရာဇ် ဖြိုချင်တဲ့ သူငယ် ” ဟူ၍ မှတ်ချက် ချတတ်ကြသည် ။

ကျွန်တော့် ဘဝ ကို သူတို့ နားမလည်ကြချေ ။ ကျွန်တော် သည် လူနှယ် သူနှယ် နေခဲ့ရသူ မဟုတ် ။ စာအုပ်တို့ ကို ရုတ်တရက် ပစ်ကာ ထမင်းအိုး တည်လာခဲ့ရသူ ဖြစ်သည် ။ နေပူ ၊ မိုးရွာ ၊ နှင်းဖြာဖြာ တို့ ၏ အောက် ၌ တဝမ်းတခါး အတွက် လူ့ လောက သမုဒ္ဒရာ မှာ ရှာဖွေလုပ်ကိုင် နေရသူ ဖြစ်သည် ။ အရွယ်နှင့် မျှ မတန် ဝန် ကို ထမ်းခဲ့ရသည် ။ အသက်နှင့် မျှ မလျော် ပျော်မှု ဆိုသည်မှာ မရှိ ။

နေ့ နှင့် အတိ ၊ ည နှင့် အမျှ ရှာဖွေလုပ်ကိုင် နေနိုင်ပါမှ မလှသော်လည်း ဝရုံ တမည် နေရသည် ။ သောက ဗျာပါ ဆိုသည် တို့ ကတော့ ရင်းချာသော အပေါင်းအသင်း သူငယ်ချင်း တို့လေး ။

သည်တော့ အမြင် မှာ ကျွန်တော့် ရုပ် က အိုချေသည် ။ အမှန် အသက် ထက် အနည်း ဆုံး ၄ နှစ်ခန့် ပို၍ ရင့်သည် ထင်ရသည် ။

အများ၏ အထင် ကို ဖြင့် ကျွန်တော်  မဆန့်ကျင်လိုပြီ ။ ထို့ပြင် အများ နှင့် တယောက် ဆိုတော့လည်း ကျွန်တော့် ညာဉ်ကလည်း လွယ်လွယ်နှင့် အလျှော့ ပေးတတ်သည် ။ အလျှော့ ပေးရဖန် များ၍ ထင်၏ ။ တခါတခါတော့ ကိုယ့် ဖာသာ မှန် မှာပြန် ကြည့်ကာ ကိုယ့်ကိုယ် ကို လည်း ၃ဝ ခိုက်ပြီ ထင်မိသည် ။

“ ကိုယ့် သက္ကရာဇ် ကိုယ် မေ့နေပြီ ထင်ပေါ့ ။ အမှန်တော့ ရှင် ၊ သည် မေ့တတ် တယ်ဆိုတဲ့ ရောဂါမျိုး ကလဲ သည် ကမ္ဘာ က လွင့်စဉ်သွားတန် ကောင်းပါပြီ ”

ကျွန်တော် ပြုံးမိသည် ။ မထွန်းဖြူ က သာလိကာ တသောင်း ၊ ပေါင်း၍ ဝင်စား ၊ တကောင် ဖွားပြီးမှ စကား တတွတ်တွတ် ၊ ရွတ်လေသည့် ပုံစံ ဆိုလှာ ပြန်သည် ။

“ ၉၃ ခုဘွား ”

အနားတွင် ထိုင်နေကြသူ အကုန် ကတော့ ကျွန်တော့် စကား ကို မယုံချေ ။ ပြော သာလျှင် ရှုတ်ချသည့် သဘော ပြောကြပေဦးမည် ။ သို့သော် မထွန်းဖြူ ကတော့ ယုံသည် ။ မထွန်းဖြူ ၏ မျက်နှာ သည် သံသယ ရှိတတ်သူ နှယ် အကြည့်မတန် ။ ဪ မှန်သူ အောင်စတမ်း ၊ အောင်သူ လှစတမ်း မဟုတ်လော ။

••••• ••••• •••••

အခန်းသို့ ပြန် ရောက်သော် သည်လှသော မျက်နှာ သည် နံရံဝယ် ထင်လှာ၏ ။ သည်နံရံနှယ် ကြမ်းသည့်သစ်သားကို မထွန်းဖြူ တို့ ထံမှာ မတွေ့နိုင်သည်မို့ ၊ မထွန်းဖြူ မျက်နှာ ကို ကျွန်တော်  အားနာမိသည် ။ တစ္ဆေ ကို ဆောင်ပါး ပေးသည် လို့ ကြားဘူးစ ၊ နွား ကို ကြေးမုံပြ သို့ ဆိုသည့်နှယ် မထွန်းဖြူ ၏ မျက်နှာ သည် ကျွန်တော့် နေရာ နှင့် မတန်ချေတကား ။

သည်နှယ် တွေးမိပြန် တော့လည်း ဖြေလက်စ ကို ဆက်ရ ပြန်သည် ။ ကျွန်တော့် ၌ ဝင်ငွေ အနေ နှင့်လည်း ဇာတ်ဆရာ က မစသည့် ၁၀၀ မှ တပါး အခြား မည်မည်ရရ ၊ မှန်မှန်ကန်ကန် မရှိ ။ မွဲသည့် ဘဝ ၊ အခန်းလခ မပေးနိုင်သည် မှာ ပင် ၂ လ ရှိပြီ ။

သည်တခါ နယ် က ပြန် ရောက်လျှင် ပေးပါမည် ဟူသော ကတိ သည် လည်း ပျက် ရပြီ ။ လက္ခဏာ ဆရာက ဟောတော့ သည်နှစ် အတွင်း လာဘ်ရွှင်ကိန်း ဆိုက်လိမ့်မည် ဟူသတဟ် ။

မှန်တော့ လည်း မှန်သည် ။ နောက်တနေ့ မထွန်းဖြူ တို့အိမ် သို့ ရောက်သော အခါ ကျွန်တော်  များစွာ အံ့သြရ၏ ။ မထွန်းဖြူ တို့ ဖေဖေက ကျွန်တော့် ကို မြင်သည်နှင့် တပြိုင်နက် “ ဟေး မောင်လွင်မောင့် ကို တော့ ဦး သိပ် ကျေးဇူး တင်တာဘဲကွာ ။ မောင်ခင်မောင်တင့် ရဲ့ ထားဝယ်လုံချည် ကို လဲ ဦး မမက်မောဘူး ။ မောင်ညွန့်ဦး ရဲ့ ချယ်ရီသား တုတ်ကောက် ကိုလဲ ဦး မမက်မောဘူး ။ အဲ မောင်ခင်မောင်တင့် ရဲ့ ညီ က ပေးတဲ့ တယော ဆိုတာ ကတော့ အဖိုးတန်လွန်းပါတယ် ၊ ချက် ( က် ) ပြည်ဖြစ် ဆိုတော့လဲ သိပ် ကောင်းသပေါ့ ၊ ဒါပေမယ့် မောင်လွင်မောင် ပေးတဲ့ ဆေးပြင်းလိပ် တရာ လောက်တော့ ဦး မမက်မောတာ အမှန်ဘဲကွယ့် ”

“ မောင်လွင်မောင် က တော်တယ် ။ ဦး ကြိုက်တာ ကို ရွေးတတ်တယ် ။ ဦး သောက် နေကျ ဆေးလိပ်တံဆိပ် ကို လဲ မရအရ ဝယ်နိုင်တယ် ။ သည် ဆေးလိပ်မျိုး က ရန်ကုန် မှာ သည် တဆိုင်ဘဲ ရှိတာ မဟုတ်လား ။ မောင်လွင်မောင် ဆေးလိပ် မသောက်တတ်ဖဲ နဲ့ ရှာတတ် တာ ၊ ရှာနိုင်တာ ဦး ဖြင့် အံ့ရော ။ တကယ် မောင်လွင်မောင် ၊ လက်ဆောင် ရဲ့ သဘော ၊ ဒို့ ဗမာ လို ဆိုတော့ ကန်တော့ တာ ရဲ့သဘောက ဒါဘဲကွယ့် ။ အပို ပစ္စည်းတွေ က အဖိုးတန် ပေမယ့် တကယ့် တကယ်တော့ အလကားပါ ။ အခုတောင် မင်း ပေးတဲ့သေတ္တာ ထဲ က ဈေးဦးပေါက် ထုတ် သောက်လာပြီ ။ အေး ဟန်ကျသဟေ့ ” ဟူသော စကား ဖြင့် နှုတ်ဆက်သည် ။

ကျွန်တော့် မှာ ဘုမသိ ဘမသိ နှင့် ငြိမ်နေရ၏ ။ မည်သူ့ လက်ချက်ပေနည်း ။

သို့သော် မထွန်းဖြူ ၏ မျက်နှာ ကို ရုတ်ခြည်းပင် မြင်လာ၏ ။ မထွန်းဖြူ က ကျွန်တော့် မျက်နှာ မငယ်ရမှု အတွက် ကြံဖန်၍ ဆည်ချေပြီ ။

လက္ခဏာဆရာ သည်တခါ တော့ မှန်သည် ။ မင်း ၏ ဘဏ္ဍာ ကိုယ့် ဥစ္စာ ဟု ယူမှတ် နိုင်ပြီ မဟုတ်လော ။

••••• ••••• •••••

သည်နှယ် ဆိုတော့လည်း ဘဝ ဆိုသည် မှာ ချမ်းသာမှုပါတကား ဟူ၍ အောက်မေ့ရပြန်ချေသည် ။ စိတ် ထဲ ၌လည်း ယနေ့ အဖို့မူ လူ့ ဘဝ သို့ ရောက်ရကျိုး နပ်ပေပြီ ဟု ကြွေးကြော် နေမိချေသည် ။

စင်စစ်သော် သည်နေ့မျိုး ကို မြှော်ကိုး၍ စိတ် သက်သာဖြင့် မထွန်းဖြူ ကို ကျွန်တော်  ချစ်နေရသည် မှာ ကြာပြီ ။ အစ ဆိုသည် ကို လည်းကောင်း ၊ အဆုံးဆိုသည် ကို လည်းကောင်း ၊ အမှတ် မထားတတ်သူ တယောက် အဖြစ် ဖြင့် မည်သည့် နေ့ ၊ မည်သည့် ရက် မှစ၍ မထွန်းဖြူ ကို ချစ်ကြိုက် စွဲလမ်းခဲ့မိသည် မမှတ်မိတော့ သော်လည်း ၊ မှတ်မိသည် မှာ ကျွန်တော် နှင့် ထင်လတ် တို့ ပါဝင်သည့် “ သင်္ဂဟ အပျော်တမ်း တူရိယာအဖွဲ့ ” ဖွဲ့စည်းခါစ ၊ အဖွဲ့ မှ အဆိုကျော် မခင်မိ လင် မရမီ က စခဲ့သည် ထင်သည် ။ ကြာချေပြီ ။

သို့သော် စိတ် က အားငယ် နေ၍ မထွန်းဖြူ ကို ကြင်ရေး မဆိုဖြစ် ၊ ချစ်ရေး မပန် သာ ၊ ကိုယ့် ဖာသာ တယောက်တည်း သည်းသည်းသိပ်သိပ် နေခဲ့ရသည် ။ ကိုယ့် စည်း နှင့် ကိုယ် မို့ ပြဿနာ ၏ အဖြေ မှာ မမေးလှာမီ ကတည်း က ပင် အထင်အလျား ရနေသည် ။

သို့သော် မထွန်းဖြူ က သည်သို့ သည်နှယ် လမ်းသွယ် ၍ ပေးလှာပြီ ဆိုတော့ လည်း ကျွန်တော့် မေတ္တာ ရေအလျဉ် သည် သည် လမ်းသွယ် တွင် တသွင်သွင် စီးရချေတော့မည် ။ သွယ် မှ စီး ၊ ရွယ် မှ နီး ဟု ဆိုသည် မဟုတ်လော ။

ဪ ... လှေကားကလေးများ က မြှူ ပြီ ဆိုပြန်တော့လည်း ကျွန်တော့် စိတ် က ကစား လိုလာ ပြန်သည် ။ ရယ်ရပြီ ဆိုပြန် တော့လည်း ပျော်ရပြန်သည် ။

ကျွန်တော် ပျော်သည် ။ ကောက်သင်း တတင်း ခန့် ရ၍ ပျော်လှသည် ဖြစ်သော ကြောင့် နွားကျောင်းသား သည် မြင်မြင်ကရာ ချုံနွယ်ပိတ်ပေါင်း တို့ ကို လက် မှ နှင်ပြာတံ ဖြင့် တအားကုန် လွှဲခတ် ရိုက်ဖြတ်လာဘိ သကဲ့သို့ ကျွန်တော် ၏ လက်များ ကို လည်း အပြန် လမ်း တွင် လေ ထဲ၌ တအားကုန် လွှဲခတ်၍ လာမိ၏ ။ လမ်း ၌ ဘဇာ ကို မျှ မမြင်တော့ချေ ။

သို့သော် ကျွန်တော် တို့ လမ်းထောင့် သို့ ရောက်သော အခါ ဓာတ်ပုံဆိုင် တဆိုင် ကို ကျွန်တော် သတိပြုမိ၏ ။ စိတ် မှာ သည်ကနေ့ သည်မျက်နှာ ကို ဓာတ်ပုံ ရိုက်ထားလိုက်ချင်မှု ဖြစ်လာ၏ ။ နောင်သော အခါ သားစဉ် မြေးဆက် အား အဖေ ၏ ၊ အဘ ၏ ၊ အဖိုး ၏ အပျော်ဆုံးနေ့က အပျော်ဆုံး မျက်နှာ ကို သည်မှာ ကြည့်ကြစမ်း ဟု ပြလိုသည့် သဘောပင် ။

ထို့ကြောင့် မိုက်သည် ဟု ဆိုလျှင် ဆိုစေ ၊ အင်္ကျီအိတ် ထဲသို့ ကယောင်ကတန်း စမ်း
မိသေး၏ ။ သို့သော် အခြေအနေ မလှ၍ ခါချဉ်ကောင် ၏ မာန် ကို လျှော့လိုက်ရသည် ။

စင်စစ် ပျော်ရသည် ဆိုသော်လည်း ကျွန်တော့် မှာ သည် ပျော်ရမှု နှင့် မမော်နိုင် ။ စိတ် မှာ ချမ်းသာ သော်လည်း ကိုယ် က ဆင်းရဲလှချေသည် ။

တခါတခါ တော့လည်း တောင်စဉ် ရေမရ မှန်းဆမိသည် ။ အခကြေးငွေ မရသည့် တိုင် မျက်နှာ မငယ်သော နည်းဖြင့် ဝမ်းရေးအတွက် စိတ်ချရမည် ဆိုလျှင် မထွန်းဖြူ တို့ ထံမှာ
စန္ဒယားဆရာ ယောင်ယောင် ဟန်ဆောင်၍ လာ နေချင်မိသည် ။

သည် စိတ် နှင့်ပင် အခန်း သို့ ပြန် ရောက်လာ၏ ။ ရောက်သော် မမြှော်လင့်သော အသိဟောင်း တယောက် အခန်းပေါက် ၌ စောင့်နေသည် ကို တွေ့ရ၏ ။ သူ ကား ကျွန်တော့် ဦးလေး ၏ အငြိမ့်အဖွဲ့မှ ၆ လုံးပတ်ဆရာ ကိုသာကျော် တည်း ။

သာစည် မှ က အပြန် မနှစ်က ယစ်မျိုးပုဒ်မ နှင့် သူ အဖမ်း ခံခဲ့ရသည် ။ ထိုအကြောင်း ကြောင့် ကျွန်တော့် ဦးလေး ကို စိတ် နာ၍ အကျဉ်းထောင် မှ လွတ် လျှင် လွတ်ချင်း ကျွန်တော့် ထံ သို့ လာခြင်း ဖြစ်သည် ။ သူ့ အယူအဆ မှာ ကျွန်တော့် ဦးလေး ကို စောစော ခွာသူသည် စောစော ကြီးပွားသည် ဟူ၏ ။

ယခု သူ က ကျွန်တော့် အခန်း မှာပင် နေ၍ အလုပ်ရှာလိုသည် ဟု ဆိုလှာချေပြီ ။ ရန်ကုန် မှာ ဆိုလျှင်တော့ တလ နှစ်လ နှင့် ရကောင်းအံ့ဟုလည်း ထင်နေသည် ။ ကျွန်တော့် ကို လည်း အသင့်အတင့် နေသာ ထိုင်သာ ရှိနေပြီ ဟု ယူဆ နေသည် ။

ဪ ... သူ က တကူးတကန့် အားကိုးတကြီး နှင့် လာပါသည် ဆိုတော့လည်း ကျွန်တော် က အကြောင်းစုံ ကို ရုတ်တရက် ဖွင့်မပြောချင် ။ ပြော လည်း မပြောရက် ။ ဖြစ်သမျှ အကြောင်း အကောင်းချည့် ဟူ၍ လူညံ့ဆံဆံ ပင် နိဂုံးချုပ် ကာ အလုပ်အကြောင်း စကားစကို ဖြတ်ရတော့သည် ။

ကိုသာကျော် သည် ယခင် က အသား မဖြူမညို ၊ အရပ် မနိမ့်မမြင့် ၊ ကိုယ်ထည် အဖန် မှာ ခပ်နွဲ့နွဲ့ ပင် ။ ယခူမူ အသား မှာ ညိုလှချေသည် ။ လူ မှာ လည်း အတော် ဝ၍ လာ၏ ။ သူ့ စကား အရ ဆိုလျှင် အကျဉ်းထောင် သည် လူ မနေအပ်သော ငရဲတထပ် ဖြစ်သော်လည်း ၊ ဝမ်းရေးအတွက် လုံခြုံ စိတ်ချရသည် ။ လောက ၌ ( ဆိုလိုသည် မှာ ကျွန်တော် တို့ လောက၌ ) ဝမ်းရေး အတွက် စိတ်ချရပြီ ဆိုလျှင် ချမ်းသာခြင်း မည်ပေသည် ။

ကိုသာကျော် ၌ စိတ် ဆင်းရဲလျက် ၊ ကိုယ် ချမ်းသာခဲ့၍ ဝဖြိုးစိုပြေ လာသည် ။ ကျွန်တော့် မှာမူကား စိတ် ချမ်းသာလျက် ၊ ကိုယ် ဆင်းရဲရသူ မို့ တနေ့တခြား ချုံးကျ၍ လာသည် ။

သည် လူ နှစ်ယောက် လာ၍ တွေ့ကြရပြီ ။

ဪ ... လူ နှစ်ယောက် ပေါင်း ၊ ခြေနှစ်ချောင်း ဟူသကဲ့သို့ ပါတကား ။

••••• ••••• •••••

မနေ့က နေ့လယ် တွင် သည်ကနေ့ နံနက်စာ အတွက် ပါ ရှိသည် ဟု တွက်ထားခဲ့၏ ။ သို့သော် ယနေ့ အိပ်ရာ မှအထ တွင် နှစ်ယောက်စာ လက်ဖက်ရည်ဘိုး ပင် မပြည့်တော့ကြောင်း သိရသည် ။ မည်သို့ပင် ဖြစ်စေ အိပ် နေသော ကိုသာကျော် အတွက် လက်ဖက်ရည် တခွက်ဖိုး ထားခဲ့ကာ ၊ ကျန်သမျှ နှင့် သူ မသိအောင် အခန်း မှ ထွက်ခဲ့ရသည် ။ ရစရာ လမ်း မရှိ သော်လည်း ငွေရှာ ထွက်သည် ဟု ပင် ဆိုရချေမည် ။

မတတ်သာတော့သည့် အဆုံး ဇာတ်ဆရာ ထံ သို့ ဝင်ရပြန်၏ ။ ဇာတ်ဆရာ  အိပ်နေသည် ဟု စောစော ထနှင့် ရသော မယားကြီး က ပြောသဖြင့် အိမ်ရှေ့ ဖိနပ်ချွတ် က ကွပ်ပျစ် တွင် တညှိုးနွမ်းနွမ်း ထိုင်စောင့် နေရသည် ။ ရမည် မထင်သော်လည်း ရလိုရငြား ကိုယ့် ဘက် မှ ဝတ္တရား ကို ကျေပွန်ရမည် မဟုတ်လော ။

မျက်ရိပ် အောက် တွင် ဆွမ်းခံကိုယ်တော်များ တပါး ပြီး တပါး ကြွလာကြ၏ ။ ည က ကဲ့သို့ လုယက်တိုက်ခိုက် လိုစိတ် မရှိတော့ဘဲ ရဟန်းခံ လိုစိတ် ပေါ်လာ ပြန်သည် ။

စိတ်ကူး သံသရာ တွင် ချာချာလည် ရ ပြန်ချေပြီ ။ နဂို ကမှ ဘဝ က နုံချာချာ ၊ လူ တော မှာ ပြစရာ ဆို၍ သန့်စင်ရိုးသားသော စာရိတ္တကလေး တခု သာ ရှိသည် ။ သည်တခု ကို အညစ်အနွမ်း ခံ၍ ၊ လုယက်တိုက်ခိုက်မည် ဆိုက ဘဝ ၌ ရစရာ ရှိတော့မည် မထင် ။ မထွန်းဖြူ နှင့်လည်း ဝေးသည် ထက် သာ ဝေးရပေတော့မည် ။ ရဟန်း ပြုပြန် လျှင်လည်း ကိုယ့် ဝါသနာ နှင့် မကြုံဆုံ ၊ စိပ်ပုတီး ကို အနှယ်နှယ် စိပ် သော်လည်း စိတ် က ပတ္တလျားသံ ကို သာ ကြားယောင် နေလိမ့်မည် ထင်သည် ။

ထို့ပြင် ယုံယုံကြည်ကြည် လိုလိုမက်မက် ဝတ်ရသည် မဟုတ်၍ ၊ သင်္ကန်း ကို သံယောဇဉ် ရှိမည်လည်း မဟုတ် ။ နှုတ် က တေးပဉ္ဇင် ကို ရွတ်ဖတ် သရဇ္ဈာယ် ကာ စိတ် က မထွန်းဖြူ ကို သာ ကမ္မဋ္ဌာန်း ရှုနေမိ ပေလိမ့်မည် ။

ထိုအခိုက် ခွက်သံပန်းကန်သံများ ကြားရ၏ ။ သို့သော် ဇာတ်ဆရာ ၏ အသံ ကို မူကား မကြားရချေ ။

အတန်ကြာသော် တိုက် ၏ တဖက်ရှိ ပန်းခြံ ထဲ၌ ပန်းပင်ရေလောင်း နေသူ အား ညွှန်ကြား ခိုင်းစေ နေသော ဇာတ်ဆရာ ကို အမှတ်မဲ့ တွေ့ရသည် ။ ဩော် ငါ့ ကို အရေး လုပ်၍ မတွေ့လိုပြီလော ၊ သို့တည်း မဟုတ် မတွေ့စေ လို၍ စောစော ကတည်း က ကိစ္စ ပြီး ပြောခြင်း ပေလော ၊ စသည် စသည်ဖြင့် တွေးမိသည် ။ ငလွင်မောင် တို့ မျက်နှာငယ်သည့် အဖြစ် ကို မထွန်းဖြူ မြင်စေချင်စမ်းပါဘိ ။

••••• ••••• •••••

ငွေ နှင့် တူသည့် ဥစ္စာ ကို မူး၍ မျှ ရှူစရာ မရှိသော အဖြစ်ဖြင့် ပင် လျှောက်၍ ပြန်လာခဲ့ရသော် လည်း စိတ် ကတော့ မလျှော့လှချေ ။ သည် တပတ် ထီ ဖွင့်လျှင် ပေါက်ပြီ ထင် ကာ အညံ့မခံ မာန်တခွဲသား နှင့် လမ်း၌ဘတွေ့ရသည့် တိုက်လှလှကလေးများ ကို ခပ်ကြွားကြွား ဝယ် ကြည့်မိသည် ။ ထိုထိုသော ဖွဲ့ထားသည့်အခန်းတို့ ကို မမြင်ရပေမည့် အပြင် မှ မြင်ရသည့် အခွံ နှင့်ပင် ကိုယ့် ဖာသာ အခန်းဖွဲ့ကာ အိပ်ရာ ၊ နေရာ ရာထား မိသည် ။ သည် အထဲ မှာ ယခု ကျွန်တော် နေသည့် အခန်း တမျှ ကျယ်သောအခန်း တခန်း ကိုမူ မထွန်းဖြူ အတွက် အလှပြင်ခန်းအဖြစ် သပ်သပ် ထားရမည် ။ ဧည့်ခန်း ၊ အိပ်ခန်း ၊ သည်နှစ်ခန်း နှင့် တဆက်တည်း နေသည့် အဆွယ်ခန်း မှာ မူ မထွန်းဖြူ ၏ စန္ဒယား က စိုးမိုးအုပ်ချုပ် မင်း လုပ်ပါစေ ။

သို့နှင့် အတန် ကြာသောအခါ ဆင်းရဲသား ရပ်ကွက် ကို ဖြတ်၍ လျှောက်ရ ပြန်သည် ။ လူ က သည် ဆင်းရဲသား ရပ်ကွက် မှ တဲ တတဲမျိုး ကိုပင် မပိုင်နိုင်လင့်ကစား ၊ စိတ်ထား က ဝတိံသာ ဆံလှချေသည် ။ သည် တဲမျိုး ကိုဖြင့် မပိုင်ရလျှင် နေပစေ ၊ မပိုင်လိုပြီ ဟု ဆုံးဖြတ် နေမိသည် ။

ကျွန်တော် သည် မည်သူ့ထံ သို့ သွားနေသနည်း ၊ ကျွန်တော် ကိုယ်တိုင် မသိ ။ အခန်း သို့ ပြန်သည် လည်း မဟုတ်တန်ရာ ။

အဆုံး၌ ကျွန်တော် ၏ လေးလံလှသော ခြေများ သည် အဆာ မရှိသော ဝမ်း ကို သယ်ကာ မထွန်းဖြူ တို့ ခြံ ဘက်သို့ သာ ဦးလှည့်၍ လာတော့သည် ။ ကျွန်တော့် ဘဝ၌ ကျွန်တော့် ကို ကြည်ဖြူမည့် သူ ဟူ၍ မထွန်းဖြူ သာလျှင် ရှိအံ့ထင်သည် ။ ဖန်ပြာခွက်ကယ် နှင့် ကျောက်စက်ကျ စမ်းရေ ကို အမောပြေ တိုက်ပါ မရယ် လို့ အသနား မခံသော်လည်း မထွန်းဖြူ က မူကား ကျွန်တော့် ကို အစဉ် သနား နေပေ လိမ့်မည် ။

စင်စစ် လက်တွေ့ ၌ လည်း ကျွန်တော့် အတွေးများ သည် မဆိုးလှချေ ။ များသော အားဖြင့် မှန်ချေသည် ။ ခြံမှာ မထွန်းဖြူ ကို မတွေ့ရ သော်လည်း မထွန်းဖြူ တို့ မေမေ က ဧည့်ဝတ် ကျေပွန်သည် ။ လက်ဖက်ရည် တခွက် ၊ မုံ့တချပ် မူ စားရပေသည် ။

မထွန်းဖြူ တို့ မေမေ သည် အလုပ် မအားလှ သော်လည်း ကျွန်တော့် အနား တွင် လာ ထိုင်ကာ အာလာပသလ္လာပ ပြောရှာ၏ ။ တခါတခါ တွင် မီးဖိုဘက် သို့ ဝင်၍ ဝင်၍ သွားကာ မကြာမီ ပြန်၍ ပြန်၍ ထွက်လာသည် ။ သူ မအားပြီ ကို သိပင်သိငြား သော်လည်း ကိုယ့် အရေး နှင့် ကိုယ် မို့ ပေ၍ ထိုင်နေရသည် ။ သည်တခါ ပြန် လာလျှင် ပြောတော့မည် ၊ သည်တခါ ပြန် လာလျှင် ပြောတော့မည် နှင့် ချိန်၍ ချိန်၍ ထား သော်လည်း နှုတ် က လွယ်လွယ်ကူကူ မထွက် ဖြစ် ။ သည်သို့နှင့် အတန်ကြာသော် မထွန်းဖြူ တို့ မေမေ ကလည်း ကျွန်တော့် မျက်နှာကဲ ကို သဘောမိလာတော့သည် ။ တခုခု ကို လို၍ သည်မျှ ကြာကြာ ထိုင်နေခြင်း ဖြစ်ပေလိမ့်မည် ဟုလည်း တွေးမိပေလိမ့်မည် ။ ထို့ကြောင့် မထွန်းဖြူ တို့ မေမေ ကပင် စကား စ၍ ဆိုလှာသည် ။

သည်အကြောင်း ကို ဆိုက်လာသည့် တိုင် ကျွန်တော့် စိတ် ၌ကား သံသယပွားလျက် ပင် ။ ပြော လိုက်လျှင် မထွန်းဖြူ တို့ ဝန်းကျင်မှာ မျက်နှာ ငယ်ရချည့် ၊ မတော်တဆ အကြောင်း မလှ လျှင် အခင်မင် ပျက်ရချည့် ၊ စသည် စသည် ဖြင့်လည်း တွေးမိသည် ။ သို့သော် ကိုယ့် ဝမ်းနာ ကိုယ်သာ သိသည်မို့ လသာ ခိုက်မှာ ဗိုင်းငင့် ရချေမည် ။

“ ည က မန္တလေး က မိတ်ဆွေ တယောက် ရောက်လာတယ် ၊ သူ နဲ့ အညာ က အကြောင်း တွေ ပြန်ပြောကြရင်း အချိန်ကုန် သွားလိုက်တာ ည က နှစ်ချက် ထိုးမှ အိပ်ရတယ် ၊ အခု မနက် လမ်းလျှောက် ထွက်တော့ ည က အိပ်ရေးပျက် လို့ ထင်ပါရဲ့ ၊ ရင် ထဲ မှာ တလှိုက်လှိုက် နဲ့ မော လာပြီး မျက်စိတွေ လဲ ပြာပြာလသွားတယ် ၊ သည် မရောက်ခင်ကလေး မှာတောင် မူးပြီး လဲတော့ မလို့ ၊ ဒါနဲ့ အခု ခဏ ဝင်ပြီး အမော ဖြေတာပါ ၊ လုပ်စရာ ရှိရင် လုပ်ပါ ၊ ကျွန်တော့် အတွက်နဲ့တော့ အားမနာပါနဲ့ ”

ငွေ ချေးမည် ကြံ သော်လည်း ကျွန်တော့် နှုတ် မှ ထွက်သော စကားတို့ ၌ ငွေရေးကြေးရေး အကြောင်း ဟူ၍ တစွန်းတစမျှ မပါပါတကား ။

••••• ••••• •••••

သို့သော် ဆင်းရဲ တခါ ၊ ချမ်းသာ တလှည့် ဆို သကဲ့သို့ တနေ့သ၌ ထင်လတ် မှ တဆင့် အကြောင်း ဆက်၍ ဓာတ်ပြားကုမ္ပဏီ တခု နှင့် သီချင်း ၁၂ ပုဒ် အတွက် စာချုပ်ရသည် ။ ဈေး အနှိမ် ခံရ ကြောင်း ကို သိပင် သိသော်လည်း ကိုယ့် မှာ မရှိခိုက်မို့ တပုဒ် လျှင် ၃၀ ကျပ် ကျနှင့် လက်ခံ လိုက်ရသည် ။ ထင်လတ် နှင့် ကျွန်တော် သာ မဟုတ် ၊ ကိုသာကျော် အတွက်လည်း အလုပ် ရ သဖြင့် ကံကြမ္မာသည် တစခန်း ဖြင့် ထ ပြန်ပြီဟု ယူဆရတော့၏ ။

အခန်းလခများ လည်း ပြေ၍ အကြွေးများ လည်း ချေနိုင် သဖြင့် စိတ်၌ လန်းဆန်း၍ လာပြန်သည် ။ ထိုအခါ ပင်းမင်းဆိုင် မှ ရက်စေ့သည် မှာ ကြာပြီ ဖြစ်သော အင်္ကျီတို့ ကို ရွေး၍ သန့်သန့်စင်စင် ဘဝ ဖြင့် မထွန်းဖြူ တို့ အိမ်သို့ တခါတခေါက် ရောက်ရ ပြန်သည် ။

ထိုနေ့က တန်ဆောင်တိုင်ပွဲ နေ့ ဖြစ်သဖြင့် မထွန်းဖြူ တို့ အိမ် ၌ လူကုန် စုံစွာ ရှိသည် ။

နိုင်ငံခြား မှ ပြန်လာသည် ဆိုသော ကိုခင်မောင်တင့် နှင့် သူ့ ညီ ကိုခင်မောင်ဆင့် ကိုလည်း အပို တွေ့ရသည် ။ ကျွန်တော် ရောက်သော် မနှင်းဖြူ က မိတ်ဆက် ပေး၏ ။ မနှင်းဖြူ နှင့် ကိုခင်မောင်တင့် မှာ ကျွန်တော် နှင့် မထွန်းဖြူ တို့နှယ် မဟုတ် ။ ရွှေနှင့်မြ သဖွယ် တင့်တယ် လှချေ၏ တကား ။

မြို့တော်ခန်းမ ၌ ကိုခင်မောင်တင့် နှင့် မနှင်းဖြူ တို့၏ မင်္ဂလာသဘင် ဆင်ယင်သော အခါ ကျွန်တော် တို့ အဖွဲ့ အနေနှင့် စာရင်း မဝင် နိုင်သော်လည်း ကျွန်တော် နှင့် ထင်လတ် မှာမူ ဧည့်ခံဖျော်ဖြေရာ ၌ ခြေသည်းလက်သည်း ဖြစ်ခဲ့ရပေသည် ။ သည်တခါ၌ လည်း ကျွန်တော် ၏ စရိုက် ကို သိနှင့်သော မထွန်းဖြူ က မင်္ဂလာပွဲ မတိုင်မီ ၂ ရက် ခန့် ကတည်း က ပင် ကျွန်တော့် အတွက် ဝတ်စုံ တစုံ ဝယ်လာ၍ ပေးသည် ။ သည် ဝတ်စုံ ကို အဖိုးတန်လှ သဖြင့် လက်မခံလို သော်လည်း ကိုယ့် မှာ ရှိသည့် အဝတ် နှင့် မဖြစ် ။ ငှား လျှင် ရမည့် အဝတ်တို့ ကလည်း သာမန် ပွဲလမ်းသဘင် ဆိုလျှင် မထောင်းသာ ။ သည်နှယ် ကြီးကျယ် ခမ်းနားလှစွာသော ပွဲသဘင် ၌မူ ထို အဝတ်တို့ ကိုသာ ဝတ်ချေက အခမ်းအနား ကို စော်ကားရာ ရောက်ပေလိမ့်မည် ။

မရှိ၍ မသွားပြန် လျှင်လည်း မထွန်းဖြူ တို့ တသိုက် နှင့် လမ်းစ ပြတ်ကြရတော့မည် ။ မယူ မခက်လော ။

ထို မင်္ဂလာပွဲ ည ၌ လည်း ကျွန်တော် သည် မထွန်းဖြူ တို့ ခြံ ၌ ပင် ရှိနေရသည် ။ မနိုင် ရင်ကာ မိတ်ဆွေများ အတွက် ထပ်မံ ဝတ်ဖြည့်သော ဧည့်ခံပွဲ ဖြစ်သဖြင့် လည်း ပျော်ဘို့ ကောင်းလှ ချေသည် ။

ထို ည က မထွန်းဖြူ သည် ကြယ်ပွင့် တမျှ ပရွှန်းလှချေသည် ။ မထွန်းဖြူ ၏ ခါး မှ အဝတ်တန်ဆာ တို့ သည်လည်း ကျွန်တော် တို့ တိုင်းပြည် တွင် ရှိဘူးသည် မထင် ။ ကျွန်တော့် အမြင်၌ ကား မထွန်းဖြူ သည် ကျွန်တော့် ဇာတ်ဆရာ ၏ ဘဝ နှင့်ပင် မလဲနိုင်သော သူဇာရုပ် ကလေး ဖြစ်ချေသည် ။ သို့သော် မထွန်းဖြူ သည် တေးသံလှိုင်း နှယ် ဖမ်း မလွယ်သော နတ်နွယ်သူဇာ သာလျှင် ဖြစ်အံ့သည် ကို ကျွန်တော် ကား မရိပ်မိချေ ။

••••• ••••• •••••

ယခုသော် ရိပ်မိရုံတွင် မက ကိုယ် တွေ့ သိကြားရပေပြီ ။ မထွန်းဖြူ ကို ကိုခင်မောင်ဆင့် ဆိုသူ နှင့် ကြောင်းလမ်းပါသည် ဟု အခမ်းအနား မှာ ပင် နှစ်ဖက် မိဘ က ကြေညာခဲ့ပြီ မဟုတ် လော ။

နေ့ ရှိသရွေ့ ညဉ့် ရှိသမျှ အစဉ်မလပ် ၊ အထပ်ထပ် ရစ်ပတ်ခဲ့မိသော သံယောဇဉ် ကြိုး တို့ကို ကျွန်တော်  မည်သို့ ဖြေရပါမည်နည်း ။

ပန်သင့်သူ က ပန်သည်မို့ ငြူစူစိတ် ကင်းနိုင် သော်လည်း ကျွန်တော့် ကိုယ်ကို မည်သို့ လှည့်ဖြားရပါမည်နည်း ။

မထွန်းဖြူ ကို ရက်စက်သည် ဟု မဆိုရက်၍ မဆိုလို သော်လည်း ၊ ကျွန်တော့် အမှား ကို မည်သူ့ ထံ၌ ကျွန်တော်  မည်သို့ ဝန်ချ တောင်းပန်ရပါမည်နည်း ။

ရိုင်းသည် ဟု ဆိုရက်ကြ လျှင် လည်း ၊ ဆိုရစ်ကြစေတော့ ။ ထို ညက ပြန်လာခဲ့ရာတွင် မည်သူ့ကို မျှ ကျွန်တော်  မနှုတ်ဆက်နိုင်ခဲ့တော့ချေ ။

ကျွန်တော် မည်မျှ ကြွေကြေဝမ်းနည်းရသည် ကို စာချဲ့ကာ မပြောပြလိုတော့ သော် လည်း လောက ၌ ကျွန်တော်  မရှိတော့ပြီ ဟု မထွန်းဖြူ တို့ပတ်ဝန်းကျင် က အသိအမှတ်ပြု စေလိုသည် ။

ဪ ... ကလူချက် က ပြင်းလှချည့်တကား ။

••••• ••••• •••••

အရပ်ကတို့ ၊ သည် တခါလည်း တယောက် သော ကစားဘက် က ကျွန်တော့် ကို အလွယ်ကလေး နှင့် အနိုင်ယူ ပြန်ပြီ ။ ထင်း အလှည့် က မှန်ကင်း အလှည့် သို့လည်း မကြုံလာပြီ ။ ကျွန်တော် မည်သို့ ကြံရပါမည်နည်း ။

▢ မောင်သာရ
📖ရှုမဝ မဂ္ဂဇင်း
     ၁၉၅၈ ခု ၊ မတ်လ

No comments:

Post a Comment