❝ ORCHID MRT , ASCANDA SCHOOL ❞
ORCHID ဘူတာရုံ မှာ မြေအောက်ဘူတာရုံ ဖြစ်သည် ။ ဝင်ထွက် သွားလာကြသည့် ခရီးသည် အများစု မှာ ကုန်တိုက်ကြီးများ မှ ဝန်ထမ်းများ ၊ ကုမ္ပဏီဝန်ထမ်းများ ၊ ရှော့ပင် ထွက်လာကြသူများ ၊ ကျောင်းသူ ကျောင်းသားများ ဖြင့် အတော်ပင် စည်ကား ဖွံ့ဖြိုးသော ဘူတာရုံ ဖြစ်သည် ။
ကျွန်တော်တို့ သင်တန်း လွှတ် လျှင် ဘူတာရုံ ရှိရာ အထပ်သို့ ဆင်းလာပြီး မက်ဘာဂါ ဆိုင် တွင် အာလူးကြော် စားကြသည် ။ ကော်ဖီ သောက်ကြသည် ။ တစ်ယောက် သုံးဒေါ်လာ ရှိလျှင် စားနိုင်ပြီကိုး ။ ထွန်းလင်းအောင် က ထမင်းချိုင့် ယူလာတတ် သေးသည် ။ အောင်ကိုကို ကတော့ မိဘ ချမ်းသာသည် မို့ သုံးနိုင် ဖြုန်းနိုင်သည် ။ တရုတ်မ က အမြဲတမ်း ကပ်တီးနေကျ ။ သူ ဘယ်တော့မှ ပိုက်ဆံ မထုတ် ၊ ထုတ်စရာလည်း မလို ။ ကျွန်တော် တစ်လှည့် ထွန်းလင်းအောင် တစ်လှည့် အောင်ကိုကို တစ်လှည့် ကျွေးကြသည် ။ မိန်းကလေး က သူ တစ်ယောက် တည်း မို့ အတော်တော့ အနိုင်ကျင့် တတ်၏ ။ ကိစ္စမရှိ ။ သူ က ဟန်ပန်မူရာ ကောင်းသည် ။ မြှူဆွယ် ရယ်မောတတ်သည် ။ သူ နှင့် တွေ့လျှင် ကျွန်တော်တို့ ပျော်ပြီး သူ အနိုင်ကျင့်တာ ကို ခံယူကြသည် ။ ရပ်ဝေးပြည်ခြား မှာ ဆိုတော့ တစ်ခဏတာ တွေ့ကြစဉ် အတွင်း ချစ်ချစ်ခင်ခင် နေကြဖို့ ဆရာမ က ဆုံးမပါ၏ ။
ကျွန်တော် လက်ကိုင်ဖုန်း စ ကိုင်သောနေ့က ဆရာမ က ခေါ်၍ ဆုံးမသည် ။ ကျောင်းသား တစ်ယောက် အနေဖြင့် ဖုန်း ကိုင်လျှင် ငွေကုန်ကြေးကျ များကြောင်း ၊ တာဝန်ကြီးကြောင်း ၊ မလိုအပ်လျှင် မကိုင်စေလိုကြောင်း ရှင်းပြ၏ ။ ဆရာမ ပြောတာ မှန်သည် ။ ကျွန်တော့် ကို အစ်ကို က လက်ကိုင်ဖုန်း ဝယ်ပေးခြင်း မှာ ကျွန်တော် လျှောက်သွား နေ လျှင် ဆက်သွယ်ရန် ဖြစ်သည် ။ ပြီးတော့ ဖုန်း မှာ လည်း မြန်မာများ ဝယ် ကိုင်ခွင့် မရှိသေး ။ မလေးရှားလူမျိုး တစ်ယောက် က တစ်ဆင့် ရောင်းလာ ၍ ဝယ်လိုက်ခြင်းပင် ။ ဖုန်းခ ကို တော့ သူ့ နာမည်ဖြင့် ပင် လာသည် ။ လစဉ် ဖုန်းခ ဆောင်ပေးလျှင် ဘာ ပြဿနာ မှ မရှိ ။ ကျွန်တော် က လည်း ဖုန်း ကိုင်ရမည် ဆိုတော့ အတော်ပင် ဘဝင် မြင့်မိသည် ။ ထိုစဉ်က စင်ကာပူ တွင် လက်ကိုင်ဖုန်း ကိုင်သော မြန်မာလူမျိုး များများ မရှိ ။ ကျွန်တော်တို့ အထဲ တွင် ကျွန်တော် ပထမဆုံး ဖြစ်သည် ။ ပေဂျာ ကို တော့ ဆောင်ကြပါသည် ။ ပေဂျာ ဖြင့်လည်း အဆက် အသွယ် များကြ၏ ။ ဖုန်းခ မှာ တစ် မိနစ် လျှင် ဆင့် ၂၀ ကျသည် ။ လစဉ်ကြေး ရှိသည် ။ တစ်လ လျှင် ဒေါ်လာ ၁၀၀ အနည်းဆုံး စရိတ်ကုန်ကျသည် ။ ထို့ကြောင့် မည်သူမှ မကိုင် ။
ORCHID လို ဒေသမျိုး မှာ ကျောင်း တက်ရင်း ဟန်းဖုန်း ကိုင်ထားရသည် ကို ကျွန်တော် ဘဝင် ခိုက်နေသည် မို့ ကျောင်း တက်လျှင် ဖုန်းကို ပိတ် ၍ ကျောပိုးအိတ် ထဲ အသာ ဝှက် ထားရသည် ။ ဒါကိုပင် တရုတ်မ က နှိုက် ပြီး ဆရာမ ကို သွား တိုင်တတ်ပြန်၏ ။ နောက်တော့ ဆရာမ လည်း ဘာမှ မပြောတော့ ။ ကျောင်း တက်ရသော ကိုးလတာ ကာလ အတွင်း ကျောင်း မှာ မွေးနေ့ပွဲ လုပ်ဖြစ်ကြသည် ။ တွေ့ဆုံပွဲ လုပ်ဖြစ်ကြသည် ။ စကားပြောပွဲ လုပ် ဖြစ်ကြသည် ။ နှုတ်ဆက်ပွဲ လုပ်ဖြစ်ကြသည် ။ ထို့နောက်တွင် ကျွန်တော် ထွက် သွားပြီး ငါးလ အကြာ တွင် ကျောင်း လည်း ပိတ်သွားခဲ့သည် ။ အစိုးရ မှ လိုင်စင် ချ မပေးတော့ ဟု သိရ၏ ။ ကျောင်းတော်တော် များများ ပိတ်ကြရသည် ။
ကျွန်တော် တို့ တက်သော ကျောင်းလေးများ မှာ များသောအားဖြင့် အာမခံငွေ ဒေါ်လာထောင့်ငါးရာ တင်သွင်းပြီး ကျောင်းခေါ်ချိန် အပြည့် ယူကာ ကျောင်းသားဗီဇာ ဖြင့် နေပြီး အလုပ် လုပ်ကြသူများ များများ လာ၍ ဖြစ်သည် ။ ကျောင်း တကယ် တက်လို၍ မဟုတ် ဗီဇာ ဖြင့် နေပြီး အလုပ် လုပ်လို၍ ဖြစ်သည် ။ နောက်ပိုင်းတွင် အာမခံငွေ ဒေါ်လာငါးထောင် ဖြစ်သွားသည့် အပြင် ကျောင်းများ ကို လည်း လ.၀.က မှ စနစ်တကျ စစ် လာသဖြင့် ကျောင်းလိုင်စင်များ မလွယ်ကူတော့ပေ ။
ကျောင်း ထွက်ခဲ့ပြီး သော်လည်း အားလပ်ရက် တွင် ကျွန်တော် မကြာခဏ ကျောင်းသို့ ရောက်ပါသေးသည် ။ ဆရာမ ကလည်း သင်တန်းပြီး ချိန်တွင် ကျွန်တော်တို့ နှင့် ဆုံပြီး စကား ပြောကြသည် ။ အလုပ်အကိုင် ကိစ္စ များ ပြောကြသည် ။ အဖမ်းအဆီး ထူပြော လာသဖြင့် သတိဝီရိယရှိ ဖို့ သတိပေးသည် ။ တရုတ်မတို့ ကို တခြား အဆင့်မြင့် ကျောင်းများကို ပြောင်းတက်ဖို့ စီစဉ်ပေးသည် ။ သို့ရာတွင် အာမခံငွေ က ဒေါ်လာငါးထောင် ဆိုတော့ တော်တော် စဉ်းစား နေကြရပြီ ။
ကျွန်တော့် အဖို့ တော့ ကျောင်း မတက်ရတော့ သဖြင့် အလုပ်ချိန် ပို ဆင်းခွင့် ရသည် ။ ငွေ ကို တော့ ဟုတ်တိ ပတ်တိ မစုဆောင်းမိ ။ အစ်ကို ကတော့ ပုစွန် တောင်အိမ် မှ လူငှားများ ကို စပေါ် ပြန်အမ်းပြီး အဖေ တို့ ကို ပြောင်း ရွေ့လာစေသည် ။ ကားတစ်စီး လှမ်း ဝယ်ထားသည် ။ စင်ကာပူ မှာ အိမ်ခန်းတွေ စုပေါင်း ငှားရမ်းကာ ဖွင့်ထားသည် ။ လူတစ်ဦး ဒေါ်လာ တစ်ရာ့ငါးဆယ် ဖြင့် ပြန် အငှားချထား၏ ။ ထို ဝင်ငွေ က မဆိုး ။ အိမ်တစ်လုံး မှ နှစ်လုံး ။ ထိုမှ သုံးလုံး ။ ပြီးတော့ လေးလုံး ငါးလုံး အထိ ကျယ်ပြန့်လာခဲ့၏ ။
တစ်လ ထောင့်ငါးရာ ပေးရသော အိမ်ခန်း တွင် လူနှစ်ဆယ် နီးပါး တင်ထားနိုင်သည် မို့ အိမ်ခန်း ဖွင့်စား သည့် စီပွားရေး သည် ဟန်ကျခဲ့ပါသည် ။ ပထမ ကျွန်တော် ရီရှင်း တွင် နေသည် ။ နောက်တော့ ‘ မက်ပါဆစ် ’ သို့ ရွှေ့ပြီး အစ်ကို သူငယ်ချင်း နှင့် စပ်တူ အိမ်ခန်း ဖွင့်သည် ။ နောက်ပိုင်းတွင် အောင်စိုးနိုင် တို့ ညီအစ်ကို ပါ အိမ်ခန်း ငှားဖွင့်ရင်း ပြန် လက်တွဲမိလာကြသည် ။
အားလပ်ရက် တွင် ဝင်ငွေ ကောင်းသူများ အိမ် မှာ ဖဲဝိုင်း ထောင်ကြ ပြန်သည် ။ ထို ဝိုင်းများ ၏ ငွေအင်အား ကလည်း မသေး ။ တစ်ဝိုင်းလုံး သိမ်းမိလျှင် ဒေါ်လာ တစ်ထောင် နီးပါး နိုင်ကြသည် ။ ရှုံးသူများ မှာ တော့ အလုပ် ခွင်သို့ မျောက်မှိုင်ကျကာ သွားရသည် ။ တစ်အိမ်တည်း နှင့် အားမရသော အခါ ဟိုအိမ် ၊ သည် အိမ် ဖုန်း ဆက်၍ ချိန်းဝိုင်း လုပ်ကြ၏ ။ တစ်ခါတစ်ရံ ဒေါ်လာ သုံးထောင်ကျော် ဝိုင်းကြီး ဖြစ်သွားတတ်သည် ။ ဖဲဝိုင်း အတွက် ဆို လျှင် ငွေ ကို မရ ရအောင် ရှာနိုင်ကြသည့် ဓမ္မတာ မို့ သူ ရှုံးတစ်ခါ သူ နိုင်တစ်လှည့် ဖြင့် အပတ်စဉ် ဖဲဝိုင်းသံသရာ လည်ကြပြန်သည် ။
တစ်ချီမှာ တော့ ငွေရှစ်ရာ နီးပါး ကျွန်တော် ရှုံးသွားသည် ။ အစ်ကို က လာ ပြန် ရိုက်ပေးတော့ မှ ပြန်ရသည် ။ ထို့နောက်ပိုင်း ကျွန်တော် ဖဲဝိုင်း နား မကပ်တော့ ။ လူ လို၍ အိမ်ဖြည့် ခေါ် မှ ငွေငါးဆယ် လောက် နှင့် ဝင် ပွတ်သည် ။ ရှုံး လျှင် ထိုး အိပ်ပြီး နိုင်လျှင် ပျော် ပစ်လိုက်သည် ။ နောက်တော့ ကျွန်တော့်လို ဘိုင်ပွတ်ပွတ်သူ ကို မခေါ်ကြတော့ ။ ကျွန်တော် လည်း ဖဲ ဆက် ဖြတ်တော့သည် ။
ORCHID ဘူတာရုံ ဝန်းကျင် တွင် ကျောင်း သွား တက်ခဲ့ဖူးသည့် အတွ က် ဝတ်စားဆင်ယင်မှု အပိုင်း နှင့် လူနေမှုစိတ်ဓာတ်များ ကျွန်တော် တိုး မြင့်ခဲ့သည် ကို တော့ ဝန်ခံပါသည် ။ လူ မရွံ့တော့ ။ ဝတ်တတ် ၊ စားတတ် လာသည် ။ ထို ဝန်းကျင် မှ လှုပ်ရှားသွားလာ နေသူများ ၏ ဝတ်စားဆင်ယင်ပုံ ကို လိုက် အတုခိုးရင်း သုံးထည် တစ်ဆယ် နှင့် ဝယ်တတ်သော အဝတ်အစားတန်း မှ သည် တစ်ထည် လျှင် ဒေါ်လာ နှစ်ဆယ်ကျော် ပေးရ သော U2 , G 2000 တို့လို ဆိုင်များ ကို ပို အသားကျ လာသည် ။ ဒေါက်တာ မာတင်ရှူးဖိနပ်မျိုး ကို မက်မော လာသည် ။ မက်ဘာဂါဆိုင် မျိုး ကို သဘောကျ လာသည် ။ ရုံတင်ကား ကို ဦးဦးဖျားဖျား ကြည့်ချင် လာသည် ။ နားကြပ်ဖြင့် သီချင်း နားထောင် ရင်း ကား ၊ ရထား စီး ကျင့် ရလာသည် ။ ထို အမူအကျင့်များ ကြားတွင် ဝင်ရောက် ကျင်လည်ရင်း ပျော်ရွှင်နေသလား ဟု သုံးသပ်မိလျှင်တော့ မပျော်ရွှင် ဟု သာ အဖြေ ရလာသည် ။
ကျွန်တော့် ဘဝ ကြမ်းတမ်း ခဲ့လေသည် ။
အသက် ဆယ့်ရှစ်နှစ် တွင် အထက်အညာ ၌ ထန်းရည် ဆိုင်းထမ်း ဖြင့် လိုက်လံ ရောင်းချခဲ့ဖူးသည် ။ ထိုစဉ် က သာစည်မြို့ သို့ ရထားတွဲ နှစ်တွဲ ကြား မှ ဆိုင်းထမ်း ကို ထိန်း ၊ လူ က ယိမ်းရင်း သက်စွန့်ဆံဖျား သွား၍ ငွေရှာ ခဲ့ဖူးသည် ။ နောက်တော့ တောင်ကြီးမြို့ ကို ထန်းရည်မှောင်ခို သွင်းသည် ။ ဒိုင် က ငွေ ပေးသည် မှာ ကြန့်ကြာ၍ တစ်ကြောင်း ၊ ဈေးနှိမ် ၍ တစ်ကြောင်း ၊ ဈေး ထဲ တွင် ကိုယ်တိုင် လိုက် ရောင်းသည် ။ ရေနံဆီတန်း မှ အသိမိတ်ဆွေများ က ဝိုင်းဝန်း ရောင်းချ ပေးကြသည် ။ ထို အလုပ်များ မှ တစ်ဆင့် ဆန်ရောင်းသမား ၊ ရာသီကုန် သီးနှံသမား ၊ ကြက်သွန်နီ လှောင်သည့် ကုန်သည် ၊ မန်းကျည်းသီး ကုန်သည် တို့ လုပ်ခဲ့သည် ။ နောက်တော့ ထိုင်းနိုင်ငံ သို့ ခိုးထွက်ခဲ့ သည် မို့ စင်ကပူ ရောက် ချိန်တွင် တမေ့တမော ဘဝ ကို ပြောင်းလဲ နေမိပါသည် ။
ဆင်းရဲသည် ဆိုသည့် သံရိပ်သံဖမ်း စကားသည် ကျွန်တော် နောက် မှာ တွင် ကျန်ရစ်ခဲ့သည် မှာ မကြာ သေး ။ ဘဝ ကို ရုန်းကန် ခဲ့ရသည့် ကာလများ အတွင်း ထောင် ၊ အချုပ် ၊ ရဲစခန်း ဆိုသည် များ ကို ခေတ္တ အပန်းဖြေရာ သတ်မှတ်ခဲ့ရသည် ။ ယခုကော ဘာများ ပြည့်စုံပါသေး သနည်း ။ နေ့စဉ် ဆယ့်နှစ်နာရီ အလုပ်ခွင် ဝင်ရသည် ။ မီးအပူ ကြား တွင် အင်္ကျီဖြူကြီး ဝတ် ၊ ခေါင်း မှာ စက္ကူ ဦးထုပ်ကြီး ဆောင်းပြီး မီးဖိုချောင် လုပ်ငန်းများ နှင့် လုံးပန်း နေရသည် ။ ရသည့် ငွေကြေး မှာ စွန့်ရက်စရာ မရှိသည် မို့ အခြေအနေ ဟန်လာသည် ဆိုသော်ငြား အခြေခံ အလုပ်သမား ဘဝ သာ ရှိသေး၏ ။ ထို အထဲ မှ ပင် ကွန်တော် က ကျွန်တော့် မူဝါဒ ကို တိုး၍ နှစ်မြုပ် အားခဲ လိုက်မိသည် ။
ဆင်းရဲတာ ကုန်လျှင် ချမ်းသာမည် ။
ဤ အယူဝါဒ အရ အလုပ် ကို လောဘတကြီး ကျွန်တော် လုပ်ပစ်သည် ။ ဝဋ်ကြွေး ရှိသမျှ မကုန်မချင်း လုပ်ပစ်မည် ဟု တွေးကာ နေ့ ည မအား လုပ်ပစ်သည် ။ ကျွန်တော့် တွင် စည်းစိမ်သည် ကား အဝတ်အစား ကောင်း ကောင်း ဝယ်ခြင်း ၊ ရုပ်ရှင်ကြည့်ခြင်း ၊ စာဖတ်ခြင်း သာ ရှိ၏ ။ ဤ နှီးနှောဖလှယ်ပွဲကို လည်း ရာသီစာ အဖြစ်သာ ကျွန်တော် တွက်ဆ ထားပြီး ဖြစ်သည် ။
သူ ကတော့ မိန်းမသား တို့ ၏ သိက္ခာ ကို ဆယ်ယူရန် အချစ် ဆိုသော ဝေါဟာရ ကို အားကိုးတကြီး သုံးစွဲပါသည် ။ ကျွန်တော် ကလည်း အလိုက်အထိုက် မိန်းမော နေလိုက်၏ ။ သူ နှင့် ကျွန်တော် ကြားတွင် ငွေကြေး မရှိ ။ တာဝန် မရှိ ။ မာန မရှိ ။ အနာဂတ် မရှိ ။ ရင် ထဲ မှာ ပင် သိပ် မရှိကြ ။ ကျွန်တော့် ပင်ကို ဝါဒ တစ်ခု ကလည်း ရုံတန်း သို့ သွား၍ ကြေးစားများ နှင့် ပျော်ပါးရသည် ကို ဘယ်တော့မှ လုပ်ရိုးလုပ်စဉ် ဟု မယူဆ ။ ကျွန်တော် ဖြတ်သန်း လာ ရာ ဘဝ တစ်လျှောက် တွင် မည်သည့် မိန်းကလေး ကို မှ ငွေကြေး နှင့် ပျော်ပါးခဲ့ခြင်း မရှိ ။ အချစ်နှော၍ ပျော်ခဲ့ခြင်း သာ ရှိသည် ။ တစ်နေ့နေ့ တစ်ချိန်ချိန် တွင် ကျွန်တော့် မှာ သားသမီး ရှိလာသည့် အခါ ထို သားသမီး ကို ရဲရဲတင်းတင်းကြီး ကျွန်တော် ပေးနိုင်သည့် ကတိ သည် ကျွန်တော် မည်သည့် အခါမှ ကြေးစားများ နှင့် မပျော်ပါးဖူးသည့် ကတိ ဖြစ်သည် ။ ထို ကတိ ကို ကျွန်တော် ပေးချင်သည် ။ ထို အယူဝါဒ နှင့် ကြေးစား ကို ကျွန်တော် ရှောင်ခြင်းပင် ။
အိမ်ထောင်ရေး ကို လည်း ဟုတ်တိပတ်တိ ကျွန်တော် မတွေးထား ။ အသက် လေးဆယ် အထိ ပျော်သလို နေပြီး သာသနာ့ဘောင် သို့ ကူးပြောင်းရန်တော့ တစ်ခါတစ်ရံ တွေးမိသေးသည် ။
ဘာပဲဖြစ်ဖြစ် ကျွန်တော် ကြုံတွေ့ ဖြတ်သန်းခဲ့သည် များ ကိုတော့ ကျွန်တော် မှတ်တမ်း တင်ခဲ့ချင်သည် ။ ဒါမှသာ လျှင် နောက်ပိုင်း၌ ကျွန်တော် ဘာကြောင့် ပြောင်းလဲ သွားသည် ကို ဖြေရှင်းနိုင်မည် ဖြစ်သည် ။
မနွယ်နီ တစ်ယောက် ဝပ်ပါမစ် ပြည့်သော အခါ မြန်မာပြည် မပြန်ဘဲ ကျွန်တော့် ဆီ ဆင်းချ လာသည် ။ သူ့ ကို ခေါ်ပြီး ကျွန်တော့် မှာ ရှောင်တိမ်းရပါတော့၏ ။ အစ်ကို က သဘောမကျ ။ သူ့ ကို မြန်မြန် အလုပ် ရှာ ပေးပြီး ခပ်မြန်မြန် ဇာတ်သိမ်းစေချင်သည် ။ ထို့ကြောင့် ‘ ပါရာလေဘာ ’ အိမ်သို့ ပို့ပြီး သီးသန့် အလုပ် ရှာပေးသည် ။ နောက်တော့ ထို အိမ်ခန်းမှ ချာတိတ် နှင့် နေလိုက်ကြသည် ။ သူတို့ အတူ မနေခင် ကျွန်တော့် သဘောထား ကို လာ မေးပါသည် ။ ကျွန်တော့် မှာ ထိုကိစ္စ လောက် အတွက် မတုန်လှုပ်တော့ပြီ ။ ပြီးတော့ ကျွန်တော် လည်း တရုတ်မ နှင့် ပို၍ အကျွမ်း ဝင် နေပြီမို့ သူတို့ ကို သဘောတူ ပေးခဲ့သည် ။ မနွယ်နီ က သူ့ ကို အကူအညီ ပေးဖို့ ၊ အခင်အမင် မပျက်ဖို့ တစာစာ တောင်းဆိုပါ၏ ။ ကျွန်တော့် ဘက် ကလည်း ကူညီပါမည့် အကြောင်း ကို ကတိ ပေးခဲ့သည် ။
ကျွန်တော့် ဘဝ တွင် လက်တွဲ လာသူများ ၊ မိတ်ဆွေများ နှင့် ကွေကွင်းခြင်းသည် ဖန်တစ်ရာ တေခဲ့ပြီးလေပြီ ။ အချစ် ဆိုတာတွေ ၊ အမုန်း ဆိုတာတွေ ၊ ကျေးဇူးတရား ဆိုတာတွေ ကျွန်တော် နားခါးလှသည် ၊ ယုံအကြည် လည်း မရှိ ။ ဖိုင့် ကိုတော့ သီးသန့် ဖြစ်သည် ။
ဖိုင် သည် ကျွန်တော် နှင့် ပတ်သက်လာ၍ ဝမ်းသာလွန်းခြင်း မရှိ ၊ ဝမ်း နည်းလွန်းခြင်း မရှိ ၊ မက်မောလွန်းခြင်း မရှိ ၊ နှောင်ဖွဲ့လွန်းခြင်း မရှိ ။ သူ မည်သို့မည်ပုံ ကျွန်တော့် ကို ချစ်မှန်း မသိပေမယ့် သူ့ ရင် ထဲမှာ ကျွန်တော် အမြဲ ရှိနေမည် ။ အတ္တ လွန်ကဲ နေသော ခြေသလုံးအိမ်တိုင်သမား တစ်ဦး မျှသာ ဖြစ်သည့် တိုင် သူ ချစ်နိုင်သမျှ တစ်သက်စာ အတွက် မပျက်မကွက် ချစ်နေပေးခဲ့သည် ။ ထို့ကြောင့် ပင် ကျွန်တော့် ကို သူ မကျေမနပ် မရှိ ။ မပေါက်ကွဲ ၊ မမျှော်လင့် ။ ကျွန်တော် ချစ်ပေး သမျှပင် အမြတ် ဟု ယူဆ ထားရှာသည် ။ သူ့ ဝန်းကျင် ကျဉ်းကျဉ်လေး တွင် ဝပ် ရင်း ကျွန်တော့် ကို မျှော်ခဲ့၏ ။
ထို့ကြောင့် ပင် စင်ကာပူ မှာ ကျွန်တော် ထင်ရာစိုင်း နေသည့် တိုင် ပုံရိပ် သေးသေးလေး ဖြင့် ကျွန်တော့် နှလုံးသား ဗဟိုကျကျ တွင် မိဖုရားဖိုင် အပိုင် နန်းတည် ထားခြင်းပင် ။ အဆောင်အယောင် လည်း မရှိ ၊ အခမ်းအနား လည်း မပြည့်ဝသည့် တိုင် ဖိုင် ၏ နန်းပလ္လင် သည် ကျွန်တော့် ရင်၌ မြဲမြဲ ခိုင်မာနေသည် ။ တစ်သက်စာ ပင် ဖြစ်တော့မည် ။
ထို နန်းပလ္လင် အတွက် မိဖုရားဖိုင် ပေးဆပ်ခဲ့ရသည် မှာ တော့ နည်းသည့် တန်ဖိုး မဟုတ် ။ အဆွေအမျိုး ၊ အမိအဖ ၊ မောင်နှမ ၊ မိတ်ဆွေ သူငယ်ချင်းများ နှင့် အတူ တိုင်းပြည်လူမျိုး ချီ၍ ကန့်ကွက်ခံရမည့် ကြား မှ ပင် သူ့ နန်းပလ္လင် ကို သူ တည်ခဲ့၏ ။ ကျွန်တော် မည်သို့ ဖျက်ဆီးဝံ့ပါ မည်နည်း ။ မည်သူကကော ဖျက်ဆီးဝံ့ပါမည်နည်း ။
လှသော ၊ ရွှင်သော ၊ တက်ကြွသော ၊ ပရိယာယ်ကြွယ်သော ၊ ရမ္မက် နှင့် ပြည့်စုံသော မိန်းမချော ၊ မိန်းမလှ များ နှင့် တွေ့လျှင် ကျွန်တော် ယိုင်ပါသည် ။ ပျော်မွေ့ပါသည် ။ သို့ရာတွင် ထို မချောများ ကျွန်တော့် နှလုံး ဗဟို သို့ တိုးဝင် မနေနိုင်ခြင်း မှာ ဆန်းလှ၏ ။ နှလုံးဗဟို ၏ ပြင်ပ ဝန်းကျင် မှာ တော့ ရက် ၊ လ ၊ နှစ် တိုင်အောင် နေနိုင်ကြ၏ ။ ဖိုင် လို ကျွန်တော့် နှလုံး ဗဟို ကျကျ သို့ မဝင်ရောက်နိုင်ကြ ။
သည် အဖြစ်ကို ၉၇ ခုနှစ် တွင် ကျွန်တော် သိလိုက်ရသည် ။
အချောအလှ အယဉ်အသိမ့် အနွဲ့အနှောင်း နှင့် ပြည့်စုံသော မိန်းကလေး တချို့ နှင့် ရယ်မော ပျော်ရွှင်စွာ ကျွန်တော် ဆုံတွေ့ပြီး ချိန်တွင် ကျွန်တော့် နှလုံးသား သည် ဖိုင် မှ တစ်ပါး မည်သူ့ကို မှ လက်မခံ ၊ ဖိုင့် ကို ကျွန်တော် လွမ်း ၊ လွမ်းတတ်လာသည် ။
စင်ကာပူ သည် ဝင်ငွေ မှ တစ်ပါး ဘာမှ ပျော်စရာ မရှိ ။
စီကာစဉ်ကာ ပူရသည့် အရပ်ဒေသ ဟု သင်္ဘောသားကြီး က ပြောလိုက်သည် မှာ ကြာလေ မှန်လေ ဖြစ်ပါသည် ။ အဝင်ဝ မှာ အဝင် မခံသည့် အပူ ဝင်လာပြန်တော့ အလုပ် မရမည့် အပူ ။ အလုပ် ရတော့ မြဲမြဲ လုပ်ခွင့် မရသည့် အပူ ၊ အလုပ် ရတော့ ရဲ မဖမ်းမိဖို့ အပူ ၊ အိမ် မှာ နေတော့လည်း ရဲ လာမှာ ပူရသည် ။ တကယ်ပင် စီကာစဉ်ကာ ပူရ သည့် စင်ကာပူ ၊ တရားမဝင် အလုပ်သမား ဘဝ ကို ကျင်လည်ရင်း စိတ် ဖြေသာသလို နေထိုင် ကျက်စားရင်း ဘန်ကောက် ကို ကျွန်တော် လွမ်းလွမ်းမိလာသည် ။
ဘန်ကောက် သည် ကား ကျွန်တော့် မြို့တော် လို ဖြစ်ခဲ့သည် ကိုး ။
ဘန်ကောက် မှာ နေစဉ် က ပိုက်ဆံ မရှိလည်း ပျော်သည် ၊ ပိုက်ဆံ ရှိလည်း ပျော်သည် ။ ဘဝ မျှော်မှန်းချက် တွေ ၊ ပန်းတိုင် တွေ ၊ စိတ်ကူးစိတ်သန်း တွေ နေ့စဉ် ဆန်းသစ်နေသည် ။ လူ က မွဲနေသည့် တိုင် မာနတရား နှင့် မြင့်မြတ်ရ မည် ။ ထက်မြက်ရမည် ဟု ကောင်းကင် ကို ခပ်ရဲရဲ ကြည့်ကာ ကြိမ်းဝါးခဲ့သည် ။ အဖမ်း ခံရလျှင်ပင် နားအေးပါးအေး စဉ်းစား တွေးခေါ်ချိန် ရ၍ စိတ်ဓာတ်အင်အား ပို၍ တောင့်တင်းခဲ့သည် ။ ကျွန်တော့် ကိုယ် ကျွန်တော် အင်မတန် ရိုသေ လေးစားစိတ် ဖြစ်ခဲ့ရသည် ။ စင်ကာပူ မှာ တော့ ဤသို့ မဟုတ် ။ ငွေ မှ ငွေ ၊ ပစ္စည်း အဆောင်အယောင် မှ ပစ္စည်း အဆောင်အယောင် ပကာသန မှ ပကာသန ၊ ဆင့်ကာ ဆင့်ကာ တိုးကာ တိုးကာ ဖြင့် အထိအတွေ့ စည်း ကမ်းကလနား လည်း ပျက်ခဲ့ပြီ ။ ကိုယ့် ကိုယ် ကိုယ် မရိုသေတော့ ။ ကိုယ့် မာန ဖြင့် လောက ကို ရဲရဲ မကြည့်ရဲ တော့ပေ ။ ဤကား အထိ အနာဆုံးပင် ။
ငယ်စဉ် ဘဝ မှ စ၍ စင်ကာပူ ရောက်သည် အထိ ရိုးသား ဖြောင့်မတ်ခြင်း ကို မာန နှင့် တရိပ်ရိပ် သွေးခဲ့ သော ကျွန်တော် တစ်ယောက် အရောင် ဆိုးခြင်း ခံရပါလေပြီ ။ မည်သူ မှ လာ ဆိုးသည် မဟုတ် ကိုယ့် ဘာသာ ဆိုးခြင်းပင် ။
ထို အဖြစ်ဆိုး မှ ရုန်းထွက် လိုသော အခါ ကျွန်တော့် ရင်ထဲ မှ ဖိုင် သည် ဝမ်းသာအားရ ထိုးဖောက် လာခဲ့သည် ။ ဖိုင် နှင့် ဆိုလျှင် ကျွန်တော် ရိုးသားနိုင်သည် ။ ဖိုင် သည် ပကာသန ကို မမက် ၊ အထက်လွှာ ကို လန့်သည် ။ ငွေ ကို အငမ်းမရ မဟုတ် ။ ကျွန်တော် သာ ဖိုင် နှင့် အတူ နေထိုင် လျှင် ဤအရောင် ဆိုးထားသော မောင်ထွေး ဘဝ မှ လွတ်မည် ထင်၏ ။
▣ မာန် ( တောင်လုံးပြန် )
📖 လန်းဖိုင်စာသိုက်
No comments:
Post a Comment