Friday, July 3, 2026

ပေစုတ်စုတ်နဲ့ ရွှေထုပ်တဲ့မြပဝါ


❝ ပေစုတ်စုတ်နဲ့ ရွှေထုပ်တဲ့မြပဝါ ❞

[ မန္တလေးမြို့ ၊ မြို့သစ်က အိမ်တစ်အိမ်ပေါ်မှ ကောင်မလေး တစ်ယောက်နဲ့ ကောင်လေး တစ်ယောက် အချေအတင် စကားများနေတဲ့ အသံ ကြားနေရတယ် ။

ကက်ဆက်တစ်လုံး ပျောက်သွားလို့ ကောင်မလေးက ကောင်လေးကို ရန်တွေ့ နေတာပါ ။ ကောင်လေးက မိသားစုပိုင် ကက်ဆက်ကို ရောင်းပြီး လောင်းကစား လုပ်တာတဲ့ ။ ကောင်မလေးရဲ့ ခပ်စွာစွာ အသံမှာ ဒေါသတွေ ထွက်လာပုံရတယ် ။ ကောင်လေးက သည်းမခံနိုင်တော့ဘဲ ကောင်မလေးကို အိမ်ပေါ်က ဆင်းသွားဖို့ နှင်ချလိုက်တယ် ။

ကောင်လေးနဲ့ ကောင်မလေး အချေအတင် စကားပြောနေကြတဲ့ ရှေ့မှာ ဆံပင်စုတ်ဖွား ၊ အဝတ်အစား ပေစုတ်စုတ်နဲ့ လူတစ်ယောက်က ထိုင်ပြီး စေ့စေ့စပ်စပ် ကြည့်နေတယ် ။ သူတို့ကို ဝိုင်းအုံ ကြည့်နေသူတွေလည်း အများကြီးပဲ ။

ဒါကတော့ ပြဇာတ် ဇာတ်ဝင်ခန်း တစ်ခု အတွက် ဇာတ်တိုက် နေကြတာပါ ။ ပေစုတ်စုတ် ဆရာကတော့ ပြဇာတ်ဒါရိုက်တာ အနုပညာ မောင်ဌေးကြည် ( စလင်း ) ဖြစ်ပါတယ် ။

ကိုဌေးကြည်ဟာ ကဗျာဆရာ တစ်ယောက်လည်း ဖြစ်တယ် ။ သူ့ကဗျာတွေကို လစဉ်ထုတ် မဂ္ဂဇင်းတွေမှာ ဖတ်ရတယ် ။ သူက ဇာတ်သဘင်အဖွဲ့တွေ အတွက် ပြဇာတ်တွေလည်း ရေးတယ် ။ မန္တလေး ၊ မော်လမြိုင် ၊ ချောက် ၊ ပခုက္ကူ ၊ ငသိုင်းချောင်းမြို့တွေကို လှည့်ပြီး သူက ပြဇာတ်တိုက်ပေးတယ် ။

မန္တလေးမြို့ကို ကိုဌေးကြည် ရောက်လာခိုက် သူ ပြဇာတ်တိုက်နေတဲ့ အလုပ်ခွင်ကို သွားပြီး သူ့ဘဝကို ကျွန်တော်က မေးပါတယ် ။ ]

••••• ••••• •••••

ကျွန်တော့်ကို စလင်းမြို့မှာ မွေးတာ ။ မိဘတွေက ပွင့်ဖြူ အနောက်ဘက် မုန်းဒေသက ။ အဖေ့ရွာက လေးအိမ်စု ၊ အမေ့ရွာက ကနီရွာသစ် ။ ကျွန်တော့် အဖေနဲ့ အမေက ဖူးစာဆုံပြီး စလင်း ပြောင်းနေကြတာ ။ သူတို့က ၁၂ ပွဲလည်ပြီး ပွဲတော်တွေမှာ ထင်းရှူးသေတ္တာကြီးတွေ လည်ရောင်းတာ ။ ပျဉ်းမနားတို့ ၊ လယ်ဝေးတို့ ၊ ရှမ်း ပြည်နယ်တို့က ထင်းရှူးသားတွေ ဝယ်ပြီး ပွဲတကာ လိုက်ရောင်းတာ ။ ကျွန်တော် ကလေးဘဝ ကတည်းက ဇာတ်တွေနဲ့ ရင်းနှီးခွင့်ရခဲ့တယ် ၊ ဇာတ်တွေ ကြည့်ရတယ် ။ အောက်ဆိုရင် အောင်လံ ၊ သရက် ။ အထက်ဆိုရင် ပခုက္ကူ ၊ ဧရာဝတီမြစ်တစ်ကြော အနှံ့ ရောက်ရတယ် ။

ငယ်တုန်းကတော့ စလင်းမှာ ကျောင်းထားပေးတယ် ။ ကျောင်းပိတ်ရက်မှ ကျွန်တော်က မိဘတွေနောက် တကောက်ကောက်လိုက်သွားတာ ။ ကျွန်တော့်အရီးနဲ့ စလင်းမှာ ထားပစ်ခဲ့တာ ။ ကျောင်းနေတာ ဆယ်တန်းတော့ ကျွန်တော် မအောင်ဘူး ။ ရှစ်တန်း ဒုတိယနှစ်နဲ့ ကျောင်းထွက်ပြီး မိဘတွေ ၁၂ ပွဲ သွားတဲ့နောက် လျှောက်လိုက်တယ် ။ ကျွန်တော်က တစ်ဦးတည်းသော သား ။ ကျွန်တော့်နာမည် မောင်ဌေးကြည် ကို ယူပြီး ‘ ဌေးမေတ္တာ ’ သေတ္တာဆိုင်လို့ နာမည်ပေးတယ် ။

ကျွန်တော်က မိဘနဲ့အတူ ပွဲတော်တွေ လိုက်သွားတဲ့အခါ နေ့ခင်းမှာ သေတ္တာ ရိုက် ၊ သေတ္တာရောင်း ၊ ညကျ ပွဲဝင်ကြည့် ။

မှတ်မိနေတဲ့ သူကတော့ ဘီအီးဒီအောင်သိုက် ပေါ့ ။ မှတ်မှတ်ရရ မလွန်မှာ သူက ‘ မငြိမ်းနွဲ့ ချွတ်ခန်း ’ ကတယ် ။ ဇာတ်ထဲမှာ ပါတဲ့ စက်ဆရာက ကိုသန်းမြင့်တဲ့ ။ ကျွန်တော်က ဇာတ်ရုံထဲဝင်ရအောင် သူ့ကို ဆေးလိပ်တစ်လိပ် ပေးပြီး ဇာတ်ထဲဝင်တယ် ။ သူက အသံချဲ့စက်ဆရာ ၊ သူ့ကို ပေါင်းရတာပေါ့ ။ သူ့နေရာက ထိုင်ကြည့်တာ ။ အဲသည်မှာ ကျွန်တော် လေ့လာပြီး ဦးအောင်သိုက်ရဲ့ ပြဇာတ်ဖိုင်ကို သူတို့ဆီက တောင်းဖတ်တယ် ။

ရွှေမန်းကျော်အောင်ဇာတ်နဲ့လည်း သွားလေရာတွေ့တာ ။ ပြဇာတ်ဒါရိုက်တာက တေးလုလင်မြတ်စိုး ။ ကျွန်တော်က ကိုမြတ်စိုးနဲ့ စကားသိပ်ပြောချင်တာ ။ အဲသည်တုန်းက အသက် ၁၅ နှစ်လောက်ပဲ ၊ မလောက်လေး မလောက်စားပေါ့ ။ ကြာတော့ မျက်မှန်းတန်းမိလာတယ် ၊ ပြုံးပြတာမျိုး ရှိလာတယ် ။

ဇာတ်တွေနဲ့က အမြဲ တွေ့ နေတာ ။ ကျွန်တော်က ပြဇာတ်ဒါရိုက်တာတွေနဲ့ ရင်းနှီးချင်တယ် ။ ဆင်ပေါင်ဝဲမှာ ဦးစိန်အောင်မင်းဇာတ်က စန္ဒရားလူမော်နဲ့ ရင်းနှီးတယ် ။ ပွဲက ၁၂ ပွဲ ဆိုတော့ တစ်ဇာတ်မဟုတ် တစ်ဇာတ် ဆုံတွေ့ နေရတာပဲ ။ ကျွန်တော် အတွေ့ချင်ဆုံးကတော့ မြို့တော် မောင်ယဉ်အောင် ။ မှတ်မှတ်ရရ ကျွန်တော် ခုနစ်တန်းမှာ မြို့တော်သိန်းအောင်ကို မှန်းပြီး ပြဇာတ်ရေးဖူးတယ် ။ ကိုယဉ်အောင် ( အကယ်ဒမီ မောင်ယဉ်အောင် ) ကို သိပ်တွေ့ ချင်တာ ။ ရေနံချောင်း သောင်ပြင်ပွဲမှာ ကိုယဉ်အောင်ကို ချဉ်းကပ်ပြီး ကျွန်တော် ရေးသားတဲ့ ပြဇာတ်ကို ပြကြည့်တယ် ။ ကိုယဉ်အောင်က လေးလေးစားစားပဲ ဖတ်ပြီး ဒါက ကလို့ မရဘူးတဲ့ ။ ကိုယဉ်အောင် ကို ဘယ်လောက် သဘောကျခဲ့လဲဆိုရင် သူက လက်ဖက်ရည်ဆိုင်မှာ စာရေးပြီး သူ မကြိုက်ရင် ဆုတ်ဖြဲပြီး ချပစ်ခဲ့တာ ။ ကျွန်တော်က စာရွက်စုတ်ကလေးတွေ လိုက်ကောက် ၊ ပြန်ဆက် ၊ ဖတ်ပြီး သိမ်းထားတာ ။

ကျွန်တော့်ဘာသာ ကျွန်တော် ပြဇာတ်တွေတော့ ရေးနေတာပဲ ။ ကျွန်တော့် ပြဇာတ်ကို ပထမဆုံး ကပေးတာက ဂျိုးဖြူ ၊ ပြဇာတ်က တိုတိုလေး ။ ပြဇာတ် နာမည်က ‘ ညမွှေးပန်း၏ လျှောက်လဲချက် ’ တဲ့ ။ မနက်ဖြန်ည ကျွန်တော့် ပြဇာတ် ကမယ်ဆိုတော့ ဒီနေ့ညမှာ ဂျိုးဖြူက ဇာတ်ခုံပေါ်က ကြေညာတယ် ။ မနက်ဖြန် စလင်းမောင်ဌေး ကြည်ရဲ့ ပြဇာတ်အသစ်ကို ကမှာတဲ့ ။ ပရိသတ်ရှေ့မှာ ကြေညာလိုက်တာ ၊ ပီတိ အဖြစ်ဆုံးပါပဲ ။ ကတာကလည်း ကျွန်တော့်ဇာတိ စလင်းမြို့မှာ ။ ကိုယ့်မြို့သားရဲ့ ပြဇာတ် ဆိုတော့ အဲဒီညက ကြည့်တဲ့ ပရိသတ်ကလည်း ရုံပြည့်ရုံလျှံပဲ ။ ကျွန်တော့် ပါရမီတစ်မျိုးကတော့ စလင်းမှာ ကျွန်တော့် ပြဇာတ် ကရင် ခုနစ်ထုပ်လောက် ကတယ် ။ မြို့ကလည်း အားပေးတယ် ။

နောက်နှစ်ကျတော့ ဦးစိန်အောင်မင်းဇာတ်က ပြဇာတ်တင်တယ် ။ ‘ စလင်းမြို့သူ မသည်းဖြူ ’ တဲ့ ။ ရောက်တဲ့မြို့မှာ နာမည်ကို ပြောင်းကသွားတယ် ။ မန္တလေးရောက်ရင် ‘ ရွှေမန်းမြို့သူ မသည်းဖြူ ’ ပေါ့ ။

တစ်နိုင်ငံလုံးမှာ ကတဲ့အရသာနဲ့ စလင်းမှာ တစ်ညကတဲ့ အရသာ မတူဘူး ၊ ပျော်ကို ပျော်တာ ။ ဇာတ်ခုံပေါ် တိုင်ဖုံးကြားက ကိုယ်က ချောင်းကြည့်ပြီး ဘယ်သူတွေ ဘယ်သူတွေ လာကြည့်ကြပါလားပေါ့ ။ အပျော်ဆုံးပဲဗျာ ။ မိဘတွေကလည်း စလင်းမြို့မှာ အနေအထိုင်တော်တော့ ကျွန်တော့်ကိုလည်း ချစ်ကြတယ် ။ သူတို့က ဂုဏ်လည်း ယူတယ် ။ ဇာတ်မင်းသားတွေ မင်းတို့ဟာ မင်းတို့ နာမည်ကြီးချင်သလောက် ကြီးစမ်း ။ ငါတို့ မြို့သား ခိုင်းတာ ကရတာပဲလို့ သူတို့က ပြောတာ ။ တကယ်တော့ ကိုယ့်မြို့က လက်ခံဖို့ဆိုတာ မလွယ်ဘူး ။ ရွာနားကမြက် ရွာနွားမစားဆိုတာကိုး ။ ဒါရိုက်တာဖြစ် ဖို့ အချိန်တန်လာတော့ မလွန်မှာ မန္တလေးသိန်းဇော် ဇာတ်ကနေတယ် ။ ကျွန်တော်က ၁၉၇၆ ကတည်းက ကဗျာတွေ ရေးနေပြီ ။ ကျွန်တော်ရေးတဲ့ ကဗျာလေးတွေနဲ့ ပတ်သက်ပြီး ကိုသိန်းဇော်နဲ့လည်း ခင်မင်နေကြပြီ ။ ကျွန်တော် ရေးထားတဲ့ ‘ လ တစ်ခြမ်းရဲ့ လွမ်းအလင်္ကာ ’ အော်ပရာကို ကိုသိန်းဇော်က စင်တင်တယ် ။ အဲသည် အော်ပရာက မမျှော်လင့်ဘဲနဲ့ ပေါက်ထွက်သွားတယ်ဗျာ ။ အဲဒါ ၁၉၈၆ လောက်ဖြစ်မယ် ။ အဲသည်က စလို့ ဇာတ်ထဲ ပါတော့တာပဲ ။

ကျွန်တော်တို့ရဲ့ ပြဇာတ်ဒါရိုက်တာ အလုပ်က အိပ်ရေး သိပ်ပျက်တာ ။ တစ်ရက် မှာ ၂၅ နာရီ ရှာရတဲ့အလုပ် ။ မင်းသားက ညမှာ ပက်လက်လန်အောင် က ၊ ပြီးရင် အိပ် ။ ဆိုင်းဆရာက လက်ကြီးပေါက်အောင် တီး ၊ ပြီးရင် နား ။ မင်းသမီးကလည်း အချိန်တန် က ၊ ပြီးရင် နား ။ ကျွန်တော်တို့ ပညာက မနားရဘူးဗျ ။ စာဖတ်ရတယ် ၊ ပြီးရင် တွေး .. တွေး ၊ မအိပ်ရဘူး ။ ကြာတော့ ကြောက်ကြောက်လာတယ် ။ တစ်ခါတလေ အလုပ်တွေ မပြီးမှာ စိုးလို့ အိပ်ချင်လျက်နဲ့ စာတွေရေး ၊ စာလုံးတွေက တွန့်ပိန်ပြီး ပုရွက်ဆိတ် လမ်းကြောင်းလို ကောက်ကောက်တွေ ဖြစ်ကုန်ရော ။

ပခုက္ကူမှာ တွံတေးသိန်းတန်နဲ့ ဇာတ်တိုက်နေတုန်း အဖေ ဆုံးတယ် ။ ပြဇာတ် နာမည်က ‘ အချစ်ပင်လယ်ပြင်မှာ လှိုင်းအနည်းငယ်ရှိသည် ’ တဲ့ ။ အဖေ ဆုံးတယ် အကြောင်းကြားလိုက်တော့ ကျွန်တော် ဘယ်နေရမှန်း မသိဘူး ။ ဘဝမှာ နေစရာ မရှိတဲ့ ညပါပဲ ။ နောက်မနက်မှာ တန်းပြန်တာပဲ ။ မှတ်မှတ်ရရ ကိုသိန်းတန်က ငွေ ၁ဝဝဝ ပေးလိုက်တယ် ။

အဖေဆုံးသွားတော့ သေတ္တာရောင်းတဲ့ အလုပ်ကို အမေနဲ့တွဲပြီး ၁၂ ပွဲ လည် ရောင်းတယ် ။ တစ်ဖက်မှာ ပြဇာတ်လေးတွေ ရေး ၊ ဒါရိုက်တာလုပ်ပြီး ဇာတ်တိုက်ပေး အဲသည်လို နေတာ ။ အမေက ချော်လဲပြီး အိပ်ရာက မထနိုင်အောင် ဖြစ်သွားရော ။ အိပ်ရာထဲ ပက်လက်နေရတယ် ။ ကိုးနှစ်လောက် ပြဇာတ်တွေ ရေးပြီး အမေ့ကို လုပ်ကျွေးတယ် ။ ကိုးနှစ်လောက်နေတော့ အမေ ဆုံးသွားတယ် ။ အမေ ဆုံးတဲ့အချိန်မှာ ကျွန်တော် ဘေးမှာရှိတယ် ။ ကျွန်တော့်မှာ နေစရာ မရှိဘူး ၊ နေစရာ မရှိတဲ့ သောက ပေါ့ ။

ကျွန်တော်က ဇာတ်တကာလှည့်ပြီး အလုပ်လုပ်ပေးတယ် ။ အလုပ်ပြီးလို့ ပြန်လာတဲ့အခါ တစ်သိန်းရရ ၊ ငါးကျပ်ရရ လင်ပန်းထဲ ရသမျှငွေ အကုန်ထည့်ပြီး အမေ့ကို ကန်တော့တာ ။ အမေက ပြန်ပေးတာကိုပဲ ကျွန်တော် သုံးတာ ။ အမေဆုံးပြီးတဲ့ နောက် မန္တလေးမှာ ဦးဆန်နီတို့ဇာတ် အလုပ်လုပ်ပြီး စလင်းပြန်တယ် ။ ရလာတဲ့ ပိုက်ဆံတွေ ကန်တော့စရာ အမေ မရှိတော့ဘူး ။ ကျွန်တော် လင်ပန်းကြီးထဲ ငွေတွေ ထည့် အမေ့ကိုယ်စား ဘုရားတင် ကန်တော့ပြီး အမေ့ကို အမျှဝေတယ် ။ အမေ မရှိတော့တဲ့ အိမ်ကလေးမှာ ကျွန်တော်တစ်ယောက်တည်းရယ် ။

ကျွန်တော် အရေးချင်ဆုံးက ကဗျာ ဗျ ။ ပြဇာတ်က ထမင်းစားဖို့ ရေးနေရတာ ။ အနုပညာသည် ဘဝက ကြမ်းတယ် ၊ သိပ်ကြမ်းတယ် ၊ ကြောက်လောက်အောင်ကို ကြမ်းတာ ။ လူဖြစ်ရှုံးလှချည့်လားကွာလို့ တစ်ခါတလေ တွေးမိတယ် ။ ခေါင်းက ခံနိုင်ပါ့မလားဗျာ ။ မချိမဆံ့ တွေးပြီး ဖန်တီးရတာ ။

ကျွန်တော်နဲ့ မန္တလေးသဘင်လောကနဲ့ ဆက်မိတာက ဆရာ ပျော်ဘွယ်စိုးမြင့် အောင်ရဲ့ ကျေးဇူး ။ သူ့ ရုပ်ရှင်အောင်လံမဂ္ဂဇင်း မှာ ကျွန်တော်က ကဗျာရေးတယ် ။ မန္တလေးမှာ ကိုဆန်နီရှိတယ် ။ ပြဇာတ် ရေးစမ်းပါကွာတဲ့ ။ ကျွန်တော်က မရေးဘူး ။ သူက အထပ်ထပ် တိုက်တွန်းတာနဲ့ အော်ပရာနှစ်ပုဒ် ရေးလိုက်တယ် ၊ လှမ်းပို့လိုက်တယ် ။ သူက ပိုက်ဆံ လွှဲပေးတယ် ။ မန္တလေး လာခဲ့ပါ ခေါ်တယ် ။ အဲဒါ ၁၉၈၁ - ၈၂ ။ အဲဒါကစပြီး မန္တလေးမှာ ပြဇာတ်တွေ ရေးဖြစ်တာပဲ ။ ခုတော့ ဇာတ်တွေ အများကြီး အတွက် ရေးပေးနေရတယ် ။

ကျွန်တော်က နေတာထိုင်တာ ဟိတ်ဟန် မထုတ်တတ်ဘူး ။ ကျွန်တော့်ကို အရက်သမားလို့ အချို့က ထင်တာ ။ ပေစုတ်စုတ် နေတာကိုး ။ ဒါပေမဲ့ ကျွန်တော် အရက် မသောက် ၊ ဆေးလိပ်လည်း မသောက် ၊ ကွမ်းလည်း မစားဘူး ။ မိန်းကလေးလည်း မရှုပ်ဘူး ။ ( ရယ်လျက် ) ။

တစ်ခါတုန်းက ရေနံချောင်းမှာ ကျွန်တော့် ကဗျာစာအုပ်လေးတွေ ပွဲခင်းမှာ တင်ရောင်းတယ် ။ ရေနံချောင်းတက္ကသိုလ်ကျောင်းသူလေးတွေ ဝယ်ဖတ်ပြီး ကြိုက်ကြတယ် ဆိုကိုး ။ ကောင်မလေးတစ်ယောက်ရဲ့ အဖေက ကျွန်တော့်ကို သိတယ် ။ သမီးတို့ ဝယ်ဖတ်တဲ့ ကဗျာဆရာက သူပဲလို့ ကျွန်တော့်ကို ပြတော့ သမီး လူမြင်ရင် ဝယ်မိမှာ မဟုတ်ဘူးတဲ့ ( ရယ်လျက် ) ။

ကျွန်တော့်ကို ဖိုသီဖတ်သီ မောင်ဌေးကြည်လို့ ခင်မင်သူတွေက ခေါ်ကြတယ် ။

အနုပညာကတော့ ကိုယ့်ဘက်က အားကောင်းကောင်းနဲ့ ဖန်တီးနိုင်အောင် ကြိုးစားထားရတာပေါ့ ။ တစ်နှစ် တစ်နှစ်ကို ရေးရတဲ့ ပြဇာတ်တွေက မနည်းဘူး ။

⎕ ကျော်ရင်မြင့်
📖ဘဝဇာတ်ခုံ ၁၀၁

ဆန္ဒ၏ ဇာတ်ကြောင်း

❝ ဆန္ဒ၏ ဇာတ်ကြောင်း ❞
( ဆင်ဖြူကျွန်းအောင်သိန်း )

မိမိ ကိုယ်ပေါ်သို့ တစ်စုံတစ်ခုဖြင့် လွှမ်းအုပ်လိုက်သလို ဖြစ်သွားကာ ကြီးမားသော အကောင် တစ်ကောင် ဖြတ်သန်းသွားသည်ဟု ထင်လိုက်သောကြောင့် ကိုဆေးရိုးက မိုးပေါ်သို့ မော့ကြည့်လိုက်သည် ။ ဘာကိုမျှ မတွေ့ရချေ ။ ကောင်းကင်ပြင်သည် ပြာစင်ကြည်လဲ့နေပေ၏ ။

သို့ရာတွင် ကိုဆေးရိုး သူ၏ လက်ဝဲဘက်သို့ ငဲ့ကြည့်လိုက်သောအခါမှာကား တိမ်ဖြူဖြူ တစ်အုပ်သည် မြောက်အရပ်သို့ လျင်မြန်စွာ ပြေးလွင့်သွားသည်ကို တွေ့ရသည် ။ အမှန်မှာ တိမ်ဖြူဖုတ်စုကလေး လူပေါ်မှ အပြေးအလွှား ဖြတ်သန်းသွားစဉ်တွင် နေက ကွက်ခနဲ ဖြတ်သွားသည့်အတွက် ကြီးမားသော ငှက် တစ်ကောင် ခေါင်းပေါ်က ဖြတ်သန်းသွားသည်ဟု ထင်ရခြင်းဖြစ်ပေသည် ။

အဝေးသို့ လှမ်းမျှော်ကြည့်လိုက်သော အခါတွင် မြနှစ်ရောင်ဖြင့် စိမ်းမှောင်နေသော ကောက်ပင် ပင်လယ်ပြန့်ကြီး ထက်တွင်အရိပ်ကြီး တစ်ခုက ဖြတ်သန်းသွားနေ၏ ။ ကောက်ပင်များမှာ ညှို့ခနဲ ညှို့ခနဲ ညိုမှောင်သွားပြီးနောက် ချက်ချင်းပင် ပြန်လည် စိမ်းတောက်သွားလေသည် ။ လေမြူးတစ်ချက် သွေးလိုက်လျှင် မြစိမ်းပင်လယ်မှာ အိခနဲအိခနဲ လှိုင်းတွန့်ထင်ကာ အဝေးသို့ ပြေးပျောက်သွားကြလေ၏ ။

အချိန်ကား ကိုဆေးရိုးတို့ တစ်တွေ အနားရစ အချိန် ဖြစ်ပေသည် ။ နွားတင်းကုပ်ထဲက နွားများသည် လယ်ပိတ်စတုန်းကလို တအိပ်တည်း အိပ်ကာ တစားတည်း စားမနေကြတော့ပြီ ။ အားသစ်ဝင်ကာ အမွေးအရောင်များ ပြောင်လက်ဖိတ်အိလျက် မြူးတူးနေကြပေပြီ ။ တွန်သံကလေးပေးကာ ၊ မြေကြီးကို ခွာရှပ်ကာ ဖြင့် ကြွပျံနေချေသည် ။ ကိုဆေးရိုးတို့ လူများမှာလည်း ငုတ်ထိုးမိသောအနာများ အနာဖေးကွာလေပြီ ။ လယ်ထွန်ရင်း ဝတ်ခဲ့သည့် ပုဆိုး ၊ အင်္ကျီများမှာလည်း ရွှံ့နှစ် နွံရည်များ စင်ကြယ်ခဲ့လေပြီ ။ သူ၏ ပါး ၊ ပခုံးနှင့် ညို့သကျည်းမှ သမန်းဆီများပင် လွင့်ပြယ်ခဲ့ပြီ ဖြစ်၏ ။

ကိုဆေးရိုးသည် ကန်သင်းပေါင်များကို တစ်ခုပြီး တစ်ခု စေ့စပ်စွာ လျှောက်ကြည့်နေသည် ။ ရေစိမ့်သည် ထင်ရသော ကန်သင်းများကို ခြေဖြင့် ဆောင့်နင်းတန် လျှင် နင်း၍ ၊ ရွှံ့မြေစာ စသည်တိုဖြင့် ပိတ်တန်လျှင် ပိတ်လျက် ကန်သင်း တစ်ခုပြီးတစ်ခု ကူးခဲ့၏ ။ ကန်သင်းပေါင် ထက်တွင် ပဲလွန်းပင်များ ဖုံးအုပ်လျက်ရှိသည် ။ ပဲလွန်းပင်များ၏ ကြား၌ ပုစွန်လုံးတွင်းများသည် စီရီနေ၏ ။ ပုစွန်လုံးများသည် အမြှုပ်တစီစီ ထွက်လျက် တွင်းနှုတ်ခမ်းမှာ ခေါင်းပြူနေကြရာက ကိုဆေးရိုးကို မြင်လျှင် ဝင်ပြေးကြသည် ။ အချို့ ကန်သင်းများတွင်မူ ကျီးကန်းများ တရုန်းရုန်းဖြင့် စည်ကားနေကာ ကိုဆေးရိုးကို မြင်မှ ထပျံပြေးကြ၏ ။ ကျီးကန်းများ စုခဲအုံနေသည့် နေရာသို့ ကိုဆေးရိုး ရောက်သွားလျှင် ပက်လက်လန်ပြီး ဗိုက်ပေါက်နေသော ပုစွန်လုံးများနှင့် ပုစွန်အခွံများကို တွေ့ရတတ်လေသည် ။

ကိုဆေးရိုးသည် အောက်ဆုံး လယ်ကွက်မှ အထက်လယ်ကွက်များသို့ တစ်ဆင့်ပြီး တစ်ဆင့် တက်ခဲ့၏ ။ ကန်သင်းများကို တစ်ခုပြီး တစ်ခု စစ်ဆေးကြည့်လေသည် ။ ဖာတန်သည်ကို ဖာ၍ ခြေဖြင့် ဆောင့်တန်သည်ကို ဆောင့်ခဲ့၏ ။ နို့ရည်ခဲနှင့် တူသော ကောက်သီးနုနုများ သန္ဓေတည်စ အချိန် ဖြစ်သောကြောင့် ရေ မှန်ဖို့ လိုသည် ။ လယ်ကွက်များထဲသို့ မှန်မှန် ဝင်ရောက်နေသော ရေသည် လူက ထွက်ခွင့်ပေးထားသော နေရာမှ ထွက်စေချင်သလောက်သာ ထွက်ဖို့လည်း လိုအပ်ပေ၏ ။ မြက်ရိတ်သူတို့၏ တေးသံသည် မြူးကြွ ထွက်ပေါ်လာ၏ ။ ခပ်လှမ်းလှမ်း မြောင်းပေါင်ပေါ်တွင် မြက်ရိတ်ကာလသား တစ်စုသည် တံစဉ်ကိုယ်စီ ပခုံး ချိတ်ပြီး ကခုန်နေကြလေသည် ။

“ မင်းသားကြီး တစ်ပင်တိုင်ဘဝမှာ ယှဉ်ပြိုင် ကစရာ နှမကညာ လိုသဗျို့ ”

“ လိုရင် ညောင်ပင်ဝိုင်းကို သွားခေါ်ချေဟေ့ ။ ငါ့လယ်နားမှာ လာမဆူနဲ့  ၊ မအေပေးတွေ ”

ကိုဆေးရိုးက မျက်စိနောက်နောက် ၊ နားစီစီ ရှိသည်မို့ လှမ်းအော်လိုက်သည် ။ ကာလသားများမှာ တစ်ရွာကျော် ညောင်ပင်ဝိုင်းရွာသားများ ဖြစ်ကြကာ ဆဲမနာ ဆိုမနာသူများ ပီပီ ဟားတိုက်ရယ်လိုက်ကြ၏ ။

“ ကျုပ်တို့ ညောင်ပင်ဝိုင်းများမှာ မရှိလို့ ရီးဆေးရိုးတို့ ရမ်းဘိုကုန်းကို လာခဲ့မယ်ဗျို့ ”

“ ဓားစာလေးတွေ ။ ဘာလဲ ၊ ငါပြန်သွားမှ ငါ့လယ်ထဲက မြက်ကို ခိုးကြမလို့ မဟုတ်လား ”

“ အာ ရီးဆေးရိုးကလည်း တောက်တီး တောက်တဲ့ဗျာ ။ တစ်ထုံးတည်းပါ ”

ငသန်း ဆိုသော လူပျိုပေါက်ကလေးက ရွှတ်နောက်နောက် ပြောလိုက်လျှင် ကျန်အကောင်များက ဝိုင်း၍ သောလိုက်သည် ။ ကိုဆေးရိုးမှာ ငန်းပြားကို ထမ်းလျက် ပြုံး၍သာ နေမိရာက “ အေးလေ ခိုးချင် ခိုးကြပေါ့ကွာ ။ ငါကတော့ မင်းတို့ ခိုးလိမ့်မယ် မထင်လို့ သွားပြီဟေ့ ” ဟုသာ လေအေးကလေးဖြင့် ပြောနိုင်တော့ကာ ခပ်သွက်သွက် လှမ်းထွက်ခဲ့လေ၏ ။

“ စိတ်ချပါ ရီးဆေးရိုးရာ ၊ မခိုးပါဘူး ၊ ရိတ်ရုံ ရိတ်မှာပါ ”

ငကြွက် ဆိုသော ကောင်ကလေး၏ ခပ်နောက်နောက်ပြောသံက ကိုဆေးရိုး၏ နောက်မှ ထွက်ပေါ် လာပြန်လေသည် ။ မိမိတို့ သည်အရွယ်တုန်းကလည်း သည်လိုပင် အရာရာကို ရယ်စရာမောစရာ အဖြစ်သာ မြင်ခဲ့ကာ ၊ ပျော်ဖို့ ရွှင်ဖို့ကိုသာ သိခဲ့သောကြောင့် ကိုဆေးရိုးမှာ စိတ်မဆိုးနိုင်ပေ ။ ဒီအရွယ်ဆိုတာကလည်း မိဘ၏ ဆန်အိုးထဲတွင် ဆန်မရှိတာကို သိသူများ မဟုတ် ။ လောကကြီး တစ်ခုလုံးကို အကောင်းဘက်ကသာ မြင်တတ်ကြကာ ၊ အရာရာကို မိုးနတ်သူဇာလို လှပသည်ဟု ထင်ကြ၍ ၊ မိုးကျသူဇာ၏ မီးယပ်ချည့် ချည့်တတ်သော သဘောကိုကား နားညည်းခံ၍ ကြားနာရသည့် အရွယ် မဟုတ်ပေ ။

မြောင်းရေမှာ ကိုဆေးရိုး ကြည့်ရင်းကြည့်ရင်းက နည်းလာလေသည် ။ မြောင်းရင်းဘက်သို့ ကိုဆေးရိုး နီးကပ်လာလေလေ မြောင်းရေသည် နည်းလာလေလေ ဖြစ်ကာ ဦးသာဒွန်းလယ်ထိပ် သခွတ်ပင် အောက်သို့ ရောက်သောအခါ မြောင်းရေ မရှိတော့ချေ ။

“ ရော ဖုံးတုန်းလုံးတုန်းကြီးမှာ ရေပြတ်ရင်တော့ ဒုက္ခရောက်ကုန်တော့မှာပဲဟေ့ ”

ကိုဆေးရိုးသည် နွံနှစ်နှင့် သဲဝါများသာ ရေစပ်စပ်နှင့် ရှိနေသော မြောင်းခွက်ကြီးကို ကြည့်လျက် လွှတ်ခနဲ အော်လိုက်မိတော့သည် ။ မြောင်းထဲမှာ ရေပြတ်သွားပြီ ဆိုလျှင် ကိုဆေးရိုး ပထမ လုပ်ရမည့် အလုပ်မှာ မိမိ၏ လယ်ပွဲထဲတွင် အရှင်လွှတ်ထားသော ရေများကို တန့်ရပ်ပစ်ပြီး ၊ ကန်သင်း အသီးသီးမှ ကျော်ချထားသော ရေပေါက်များကို လိုက်လံ ပိတ်ဆို့ပစ်ရန်ပဲရှိသည် ။

ဘယ်နေရာမှာ မြောင်းကျိုးသည် မသိ ။ မြောင်းကျိုးလျှင် ကျိုးချင်း ဆည်မြောင်းဌာနက သိသည် မဟုတ် ။ သိသည်ထားဦးတော့ မြောင်းကျိုးကို ပြင်နေမှာနှင့် ၊ ရေလွှတ်နေမှာနှင့် ။ အောက်ထစ် ခုနစ်ရက်တော့ ရေပြတ်ဦးမည် ။ အဲဒီ ခုနစ်ရက်စာအတွက် ဖုံးတုန်းလုံးတုန်း ကောက်ပင်များ ရေဖူလုံရန်မှာ ကန်သင်းများကို ချက်ချင်း ပြေးပိတ်ပစ်ရန်မှ တစ်ပါး အခြား အလုပ် မရှိချေ ။ ထို့ကြောင့် ကိုဆေးရိုးသည် လာလမ်းဘက်သို့ အဆောတလျင် မျက်နှာမူလိုက်သည် ။ သို့စဉ်တွင်

“ ဟိုချုံအောက်ကို ဝင်သွားတယ်ဟ ။ ငါးရံ့ကြီး ငါးရံ့ကြီး ၊ တောင်ဆုပ်လောက် ရှိတယ် ။ လိုက်ပါကွ ”

မိမိ၏ ကျောဘက်မှ ရေကို ခြေနှင့်နင်းသံ ၊ စကားပြောသံများ ထွက်ပေါ်လာသောကြောင့် ကိုဆေးရိုးက အသံ လာရာဘက်သို့ လှည့်ကြည့်လိုက်မိ၏ ။ ဘာမျှ မမြင်ရချေ ။ မြောင်းပေါ်၌ ခွေးလှေးယားပင်များ ၊ ပဲပြားပင်များ ကလိမ်ချုံနှင့် ဟင်းရန့်ရေခမိုးပင်များက ဖုံးအုပ်နေ၏ ။

“ တယ် ဒီပုစွန်လုံးဟာ ၊ ငါး လိုချင်ခါမှ ပုစွန်လုံးက ကန့်လန့်ကန့်လန့်နဲ့ ”

“ အာ ၊ တယ်မိုက်တဲ့ ကောင်ပဲ ။ ဒီအချိန်မှာ ပုစွန်လုံး အဆီ ပြည့်တဲ့ အချိန်ပေါ့ကွ ။ ကြော်စားရအောင် ကောက်ခဲ့ပါ လွှင့်မပစ်ပါနဲ့ ”

လူကို မမြင်ရသော်လည်း အသံကို ကြားနေရသဖြင့် ထိုအသံရှင်များ ချုံနှင့် လွတ်မည်နေရာသို့ ရောက်သည်အထိ ကိုဆေးရိုးက ရပ်စောင့်နေသည် ။ ကိုဆေးရိုး စောင့်ကြည့်နေစဉ်တွင် ချုံနွယ်များ လှုပ်ယမ်းလာ၏ ။ ချုံကို ထိုးခုတ်လိုက်သော ဓားဦးကိုလည်း တစ်ချက်တလေ မြင်ရကာ အင်္ကျီဗလာဖြင့် ခါးတောင်းကို မြှောင်အောင် ကျိုက်ထားလျက် ကြီးမားသော ခါးပိုက်ထောင်ကြီးတွေ ကိုယ်စီနှင့် ‘ ဓားရှည်လပ် ’ ကိုယ်စီကိုင် ထားသော သရဲရုပ် လူငယ်နှစ်ယောက်သည် ချုံထဲမှ ဘွားခနဲ ပေါ်လာ၏ ။

“ ဟေ့ကောင်တွေ ”

ကိုဆေးရိုး အော်သံကြောင့် လူငယ်နှစ်ယောက်က ပြိုင်တူ မော့ကြည့်ပြီး “ အာ ရီးဆေးရိုး ၊ လယ်ပြင်က လာသလား ” ဟု မေးလိုက်ကြသည် ။

“ ဘာလဲ ၊ မင်းတို့ မြောင်းကို ပိတ်ပစ်သလား ဟုတ်လား ”

“ ဟုတ်တယ်ဗျာ ။ ဟင်းစား သိပ်ပြတ်နေတာနဲ့ ”

“ မြောင်းရင်းမှာ ဘယ်သူတွေ ကျန်ခဲ့သလဲ ။ နေ့ခင်းကြောင်တောင်ကြီးမှာ မြောင်းဗိုလ်တွေ ဘာတွေနဲ့ မိသွားမှဖြင့်ကွာ ။ ငါးလေး တစ်နပ်ချက်နဲ့ ထောင်ကျနေပါဦးမယ် ”

ကိုဆေးရိုးက ညည်းညူမြည်တွန်လိုက်သည် ။ လူငယ်နှစ်ယောက်သည် ကိုဆေးရိုး နောက်က ကပ်၍ လိုက်ပါလာကြ၏ ။

“ ထွန်းခိုင်ရယ် ၊ လှမောင်နဲ့ အေးဖေရယ် ကျန်ခဲ့ပါတယ်ဗျ ။ ဘောင်းဘီနဲ့လူ မြင်ရင် ထောင်ပြီး ပိတ်ထားတဲ့ ပျဉ်ပြားကို ဆွဲမလိုက်မှာပေါ့ ”

“ အေး ၊ အဲဒါက အရေးမကြီးဘူး ဖိုးအောင် ။ ဒီအချိန်မှာ လယ်တွေ ရေငတ်ကုန်ရင် ဘာဖြစ်မယ်ဆိုတာ မင်းတို့ သိတယ် မဟုတ်လား ”

“ ဟုတ်ကဲ့ပါ ၊ ကျုပ်တို့ ဒီတစ်ခါတည်း လုပ်တာပါ ”

ဖိုးအောင်က ခါးပိုက်ထောင်ကို ပြင်၍ လိမ်ရင်း ပြောလိုက်ရာ ဖိုးအောင်၏ အဖော် ထွန်းအောင်က မျက်နှာတွင် ပေနေသော ရွှံ့များကို သပ်ချရင်း ပြောလိုက်ပြန်သည် ။

“ ရီးဆေးရိုးကလဲဗျာ ၊ ဒီအချိန်မှာ မြောင်းရေကို ယူတဲ့ လယ်က အင်မတန် နည်းပါတယ်ဗျာ ။ အထက် ရေနဲ့ အောက်ရေတောင် ကန်သင်း မကျိုးအောင် မနည်း ဖောက်ချနေရတဲ့ ဥစ္စာ ”

“ ဟုတ်တော့ ဟုတ်ပါတယ်ကွာ ”

မှန်ပေသည် ။ ယခုအချိန်၌ လယ်များမှာ မြောင်းရေကို သွင်းယူရသည့် လယ်ကွက်ဟူ၍ အနည်းကျဉ်းသာ ရှိ၏ ။ မိမိတို့ ရေလမ်းသင့်ရာ လယ်ပွဲများမှ ထုတ်လွှတ်သော ‘ ကျင်းရေ ’ ကိုသာ အောက်လယ်များက အဆင့်ဆင့် ခံယူသွားသဖြင့် မြောင်းရေကို လိုအပ်သည်ဟု ထင်စရာ မရှိပေ ။

ကိုဆေးရိုးက ထွန်းဆောင်ကို စောင်းငဲ့ကြည့်ကာ “ ဟုတ်တော့ဟုတ်ပါတယ်ကွာ ” ဟုပြောပြီး ရှေ့မှ ဆီးနေသော ဖြောင့်ဖြူးညီပြန့်လှသည့် မြောင်းပေါင်ကြီး၏ ဘေး ရေဝေပေါက် အဝတွင် အလုပ်များနေသည့် လူသုံးယောက်ကို လှမ်းကြည့်လိုက်၏ ။

“ ဒါပေမဲ့ အဲဒီ ကျင်းရေကို စလွှတ်တဲ့ ထိပ်ဆုံး လယ်က ရေတွေဟာ ဘယ်က ရေတွေလဲ ။ မင်းယောက္ခမ ရေအိုးနဲ့ ရွက်ပြီး လောင်းပေးတာ မဟုတ်ဘူးကွ ။ ဒီ မြောင်းထဲက ရေကိုပဲ ယူရတာ မဟုတ်လား ”

“ ဟုတ်ပါတယ် ၊ ရီးဆေးရိုး ပြောတာ ဟုတ်ပါတယ် ”

ဖိုးအောင်က ဝန်ခံလိုက်သည် ။

“ ပြီးတော့ အဲဒီ ထိပ်ဆုံးလယ်က လွှတ်လိုက်တဲ့ ကျင်းရေကို ယူမရတဲ့ လယ်တေ ၊ ကျင်းရေ ရပေမဲ့ မလုံလောက်တဲ့ လယ်တေကျတော့ မြောင်းရေပဲ အားကိုးရတာပေါ့ကွ ”

မြောင်းရေမှာ မိုးမကျမီကပင် ရှိသမျှ မြောင်းများတွင် မပြတ်လာနေသောကြောင့် ယခုလို အချိန်ဝယ် လယ်များ၌ “ စိမ့် ” ဓာတ်ရပြီး ရေဝနေလေသည် ။ မြောင်းထဲက ရေကို သွယ်ဖောက် မယူသော်လည်း လယ်ကွက်တိုင်းမှာ စိမ့်လာသည့် ရေဓာတ်ကြောင့် မပြတ်စွတ်စိုနေသည့်အတွက် ‘ ကျင်းရေ ’ နှင့် လုံလောက်နေရကား မြောင်းရေကို အပိုလိုလို ထင်မှတ် နေကြခြင်းဖြစ်၏ ။

“ ဟင်းလျာဖိုး မပြောနဲ့ ၊ ဆန်ဖိုးတောင် မနည်းရှာ နေရတာ ရီးဆေးရိုးရ ။ တစ်ခါတလေလည်း ငါးဟင်းလေး ဘာလေး စားချင်တယ်ဗျ ”

ဖိုးအောင်က ညည်းညူသံကလေးဖြင့် ရှင်းပြရာက မြောင်းထဲသို့ ဖဲဆင်းသွားသည် ။ သူ၏ ရှေ့၌ ထွန်း ခိုင် ၊ လှမောင်နှင့် အေးဖေတို့က ခွက်စုတ်ကိုယ်စီဖြင့် ရေပက်ထုတ်နေကြ၏ ။ မြောင်းမကြီးထဲမှ ရေသည် ကျဉ်းမြောင်းသော ရေဝေပေါက်ထဲမှ မြောင်းလက်ကြီး ထဲသို့ အရှိန်ဖြင့် ထိုးကျလာသဖြင့် ရေဝေပေါက် အဝတွင် ကျင်းကြီး ဖြစ်နေ၏ ။ ထွန်းခိုင်တို့က ထိုကျင်း ကြီးထဲမှ ရေများကို ပက်ထုတ်နေကြခြင်းဖြစ်သည် ။

“ ဟေ့ကောင်တွေ ၊ ဘယ်လောက်ရခဲ့ကြလဲဟေ့ ”

လှမောင်က ပက်ထုတ်လိုက်သော ရေနှင့် ပါသွားသော ငါးများကို လိုက်ကောက်နေရာက လှမ်းကြည့်ပြီး မေးလိုက်လေသည် ။

“ နှစ်ယောက်ပေါင်း သုံးဆယ်သားလောက် ရခဲ့တယ်ကွ ”

ထွန်းဆောင်က ပြန်ဖြေလိုက်ရာ

“ ဟုတ်ကဲ့လားကွာ ။ တစ်နေရာရာမှာ မင်းတို့ သဘောတူ ဖွက်များထားခဲ့ကြသလား ”

လှမောင်က ရယ်ဖြဲဖြဲဖြင့် ပြောလိုက်သည်တွင် ရေကိုသာ မဲ၍ ပက်ထုတ်နေသော ထွန်းခိုင်ကပါ “ ဟေ့ကောင်တွေ ၊ မင်းတို့ ယီးတီးယားတား မလုပ်နဲ့နော် ” ဟု ပြောပြောဆိုဆို ဆတ်ခနဲ မော့ကြည့်လိုက်ရာ ၊ ငုံ့ကြည့်နေသော ကိုဆေးရိုးနှင့် မျက်နှာချင်း ဆုံမိလေ၏ ။

“ ဟာ ရီးဆေးရိုး ”

ထွန်းခိုင်၏ အသံကို ကြားသောကြောင့် အေးဖေ ကပါ မော့ကြည့်သည် ။

“ ရီးဆေးရိုး ဘယ်ကလာလဲ ”

“ လယ်ပြင်က ပြန်လာတာ မြင်ရဲ့သားနဲ့ ဘယ်က ပြန်လာသလဲ မေးတော့ ငါ ဘာပြောရမလဲ ”

“ ဟဲ ဟဲ ”

ကိုဆေးရိုးက မျက်နှာထားကြီးဖြင့် ပြောလိုက်သောကြောင့် အေးဖေက ရယ်သွမ်းသွေးလိုက်၏ ။

“ ဟဲ ဟဲ လုပ်မနေနဲ့ ၊ ဆောင်းဝင်ခါစ ရာသီပြောင်း ရာသီလွဲမှာ အအေးမိပြီး သေကုန်ကြဦးမယ် ”

ကိုဆေးရိုးက ငန်းပြား ( တူးရွင်း ) ကို မြေပေါ်မှာ ထိုးစိုက်လိုက်ပြီး ခေါင်းတွင် ပတ်ထားသော လုံချည်ထဲမှ မီးခြစ်ကို ထုတ်ယူကာ ဆေးလိပ်ညှိသောက်ရင်း သတိပေးလိုက်သည် ။

“ ဒါလေးကုန်ရင် အိမ်ကို ပြန်မှာပါ ရီးဆေးရိုးရ ”

“ ရီးဆေးရိုးအိမ်ဖို့ ယူသွားပါဦးလား ”

“ တော်စမ်းပါ ထွန်းဆောင်ရာ ။ မင်းတို့ ငရဲခံရမယ့် အကောင်တွေပဲ ။ ဝအောင်စားကြပါ ”

ကိုဆေးရိုးက ထွန်းဆောင် ဘက်သို့ လှည့်ပြောနေစဉ် “ ကဲကွာ ကဲ ရှုပ်ဦးဟာ ” ဟူသော အသံများကို ကြားရသဖြင့် လက်ယာဘက်သို့ ငဲ့စောင်းကြည့်လိုက်၏ ။ ထွန်းခိုင်သည် မိမိရှေ့တွင် တရွေ့ရွေ့ သွားနေသော ပုစွန်လုံးများကို အုတ်ခဲပေါ်တွင် တစ်ကောင်ပြီး တစ်ကောင် ကိုင်ပေါက်နေခြင်းဖြစ်၏ ။ ပုစွန်လုံးများမှာ အုတ်ခဲပေါ်တွင် ကြေမွနေကာ အဆီတဝင်းဝင်းဖြင့် ရွှဲအိုင်နေပြီး အချို့သော ခြေလက်များမှာ တစ်ကိုယ်လုံး မွမွညက်နေပါလျက်နှင့် တရွရွ လှုပ်ရှားနေသေး၏ ။ ကိုဆေးရိုးသည် မျက်နှာလွှဲလိုက်သည် ။ ငန်းပြားကို ဆွဲနုတ်ပြီး ပခုံးပေါ် တင်လိုက်၏ ။

“ ရီးဆေးရိုး ၊ သွားတော့မလားဗျို့ ”

“ သွားတော့မယ်ကွာ ။ မင်းတို့ ကြည့်ရတာ ငါပါ ငရဲပွားတယ် ”

ကိုဆေးရိုးသည် မြောင်းမကြီး၏ ပေါင်ပေါ်သို့ ခပ်သွက်သွက် လှမ်းတက်ခဲ့လေသည် ။ မြောင်းထဲ၌ ရေများ ပြည့်လျှံနေပေ၏ ။ ဆူးပုံတောင်းပင်နှင့် ဆေးဂဠုန်ပင်များသည် မြောင်းနှုတ်ခမ်းမှနေ၍ ရေပြင်ကို တို့ကစား နေလေသည် ။ ကိုဆေးရိုး၏ နားထဲသို့ လိုဏ်ခေါင်းတစ်ခုထဲမှ လှုပ်ရှားထွက်ပေါ်လာသော အသံများ ဝင်ရောက်လာ၏ ။ ရှေ့သို့ တိုးလေလေ လိုဏ်သံ သည် ကျယ်လောင်လာလေ ။ ရေဝေပေါက်ကလေး တစ်ခုကို ကျော်လွန်ခဲ့၍ ဝေးလာလျှင် လိုဏ်သံသည် တိုးမြှင့်သွားရာက လုံးဝပျောက်ကွယ်သွားကာ ဟိုဘက်ထိပ် ဒီဘက်ထိပ်တွင် အုတ်လက်ရန်းသေးသေးကလေးတွေ တပ်ထားသော ရေပေါက်တစ်ခုနှင့် နီးလာပြန်လျှင် ရေကျရာမှ ထွက်ပေါ်လာသည့် လိုဏ်သံကို ကြားရပြန်လေ၏ ။

မြောင်းပေါင်နှစ်ခု၏ ဘေးတွင် ကင်ပွန်းခါးပင်များဖြင့် ဝေစီနေသည် ။ အချို့မှာ ခက်ကျိုင်းဝေစည်နေ၏ ။ အချို့မှာ အပင်ပေါက် ၊ အချို့မှာ လူ့ခါးလောက် ၊ ကင်ပွန်းခါးပင်များ၏ ဟိုဘက်မှာကား စိမ်းမှောင်သော ကောက်ပင်များသည် မိုးကုပ်စက်ဝိုင်းတိုင် ဖြန့်လွှားနေ၏ ။ မြစိမ်းရောင်၏ ကြားဝယ် မြက်ရိတ်သူတို့၏ သေးမွှားသော ရုပ်သဏ္ဌာန်ကို မပီတပီ မြင်ရလေသည် ။ ဗျိုင်းအုပ်များ ထပျံသွားသော အခါ၌ အပြာမိုးသားနှင့် မြရောင်ကောက်ကောက် အလယ်ဝယ် ငွေစက်ကလေးများ ကြဲပေါက်လိုက်သလို လက်စင်သွား၏ ။

ကိုဆေးရိုး၏ နားထဲသို့ ရေဝေပေါက်မှ ရေများ ထိုးထွက်ကျဆင်းသံ ဝင်ရောက်လာပြန်သည် ။

“ မင်း ဘယ်လောက် မိုက်လို့လဲဟေ့ ”

“ မိုက်တယ် မိုက်တယ်ကွ ”

ကိုဆေးရိုး၏ မျက်လုံးများ ကျယ်ဝိုင်းသွားလေ၏ ။ ကိုဆေးရိုးသည် အသံထွက်ပေါ်လာရာဘက်သို လှမ်းကြည့်ကာ “ ဟေ့ ဟေ့ ဟေ့ကောင်တွေ ၊ လက်လွန်ကုန်မယ် ။ မလုပ်နဲ့ မလုပ်နဲ့ ” ဟု အော်ကာ ငန်းပြားကြီးကို ကိုးရိုးကားရား ကိုင်လျက် ပြေးသွားမိလေ၏ ။

လူရွယ်နှစ်ယောက်သည် ရေဝေပေါက်ကလေး တစ်ခု၏ ဘေးရှိ မြောင်းကမ်းပါးဝယ် ဓားမတိုကလေးတွေ ကိုယ်စီဖြင့် ရန်စောင်နေကြရာက လန့်ဖျပ်ပြီး ကိုဆေးရိုးကို လှည့်ကြည့်ကြသည် ။

“ ငထွန်း ၊ ဘာဖြစ်တာလဲ ”

ကိုဆေးရိုးက လူနှစ်ယောက်၏ ကြားမှ ဝင်ရပ်၍ ခေါင်းတုံးပြောင်ပြောင် မျက်စိတစ်ဖက်လပ်နှင့် အသက် သုံးဆယ်ခန့်ရှိ လူရွယ်ကို လှည့်မေးပြီး ကျန်လူဘက်သို့လည်း လှည့်မေးလိုက်ရပြန်၏ ။

“ ဟေ့ သာညွန့် ၊ ဘာဖြစ်ကြတာလဲဟေ ”

“ ဟင်း ငတ်လွန်းလို့ ဒီမှာ လာပြီး ခုံစင်ကလေး လုပ်ထားတာဗျာ ။ ငါးတွေ ဝင်ခိုးလို့ ”

ဘိုကေ စုတ်ဖွားနှင့် ခါးတောင်းကျိုက်ထားသော သာညွန့် အမည်ရှိ အသက်သုံးဆယ်ရွယ် လူရွယ်က ငထွန်းဘက်သို့ မျက်စောင်းခဲပြီး ပြောလိုက်ရာ

“ ဟေ့ကောင် ၊ ဒီ မင့်ခုံစင်ထဲက ငါးကို မယူဘူး ။ ငါ့ခါးပိုက်ထောင်ထဲမှာ ပါလာတဲ့ ငါးလေး နှစ်ကောင်က လယ်ထဲက မြက်ရိတ်ရင်း ကောက်လာတာလို့ ဘယ်နှခါ ပြောရမလဲကွ ”

ခုံစင် ဆိုသည်မှာ ငါးများ ခုန်ပျံစဉ်တွင် တင်ကျန်ရစ်ခဲ့အောင် လုပ်ထားသော စင်ဖြစ်၏ ။ မြောင်းမကြီး ထဲက ရေသည် မြောင်းသွယ်ကြီးထဲသို့ ထိုးပြီး အရှိန်ဖြင့် ကျလာရာ ထိုရေပေါ်မှာ တစ်တောင်ခန့် ခွာပြီး တုတ်ကလေး လေးငါးချောင်းနှင့် ဂုန်အိတ်စုတ်ကလေး တစ်ခု တင်ထားသည် ။ ဒီ ‘ ခုံစင် ’ မျိုးတွင် မိသော ငါးမှာ ဘယ်လိုမှ မက်မောစရာ မရှိ ။ ကြီးလှမှ လက် နှစ်လုံး ။ ရလှမှ လွန်ရောကျွံရော အစိတ်သားသာတည်း ။ သို့ရာတွင် ဆင်းရဲသားမှာ ငါးပြားသည် လည်းကောင်း ၊ လက်သည်းခွံလောက် ငါးစင်ရိုင်းကလေးသည် လည်းကောင်း တန်ဖိုးရှိ၏ ။ သို့ကြောင့်လည်း ဘာမျှ တန်ဖိုးမရှိသော ငါးကလေးနှစ်ကောင် အတွက် အငြင်းပွားရာက ဓားကိုင်သည်အထိ ဒေါသ ပွားလာရခြင်းဖြစ်သည် ။

“ ဟုတ်သားပဲ ငထွန်းရ ။ မင်းက ဘာပြုလို့ သူ့ ခုံစင်နားကို ကပ်ရသလဲကွ ။ မင်းမှာ ငါးပါရင် သူ့ခုံစင် နားမှာ လူမရှိတုန်း သာပြီး မကပ်ဘဲ နေရသေးတယ် ”

“ မဟုတ်ဘူးဗျ ”

“ ကဲ သာညွန့်ကလည်း အချင်းချင်းတွေပဲ ၊ ပြော မနေနဲ့ ။ ဟေ့ကောင် ပေးစမ်းကွာ ဆိုတောင် ပေးရမယ့် လူ ဥစ္စာ ၊ တော်တော့ ”

“ မဟုတ်ဘူးဗျ ”

“ ဘာ မဟုတ်ဘူးဗျလဲ ။ မင်းကြီးတော် မဟုတ်ဘူးဗျလား ။ ကမြင်းမသားတေ ၊ တော်တော့ ဆိုတာပဲ ရှည်နေ ။ ငထွန်း ၊ သွား ”

ကိုဆေးရိုးက လူမိုက်ကြီး လုပ်၍ ဆဲဆိုဖျန်ဖြေရာက ငထွန်းကို နှင်လွှတ်လိုက်သည် ။ ငထွန်းက မြက်ထုံးကို ထမ်းပြီး ထွက်သွားလျှင် ကိုဆေးရိုးက သာညွန့်၏ ခုံစင်ထက်ရှိ အုတ်လက်ရန်းကလေးပေါ် တွင် အေးအေးဆေးဆေး ထိုင်၍ ဆေးလိပ်သောက် နေပြန်လေသည် ။

သာညွန့်သည် ကိုဆေးရိုး၏ အောက်ရှိ ခုံစင်ဘေးတွင် ဆောင့်ကြောင့်ထိုင်ကာ ခုံစင်ကို ရိုက်ပုတ်ဖြာစင် လာသော ရေပေါက်ကလေးများကို ကြည့်နေ၏ ။ ရေကျသံသည် လိုဏ်သံဖြင့် ဟိန်းနေ၏ ။

“ ဟကောင်ရ ၊ မင်းလယ်မှာ ငချိပ်တွေ သိပ် ကောင်းတယ်ဆိုကွ၊ ဟုတ်လား ”

ကိုဆေးရိုးက အော်၍ မေးလိုက်သည်။ သာညွန့်က မော့ကြည့်ပြီး အပေါ်သို့ တက်လာ၏ ။

“ အင်း ကောင်းတော့ ကောင်းပါရဲ့ဗျာ ။ ခင်ဗျား ဘယ်တုန်းက ရောက်သလဲ ”

“ ငါ မရောက်ပါဘူး ။ မင်းလယ်နားက ဖိုးညံတို့ ၊ ငခွေးတို့ ပြောကြတာပဲ ”

“ ကောက်ညှင်းငချိပ်တွေ ကောင်းတာက အခု လကုန်မှ စားရမှာ ကိုဆေးရိုးရဲ့ ။ အခု စားစရာမရှိတာက ခက်တယ်ဗျာ ။ ငါးကလေးဘာလေး အစိတ်သားမျိုး နှစ်ဆယ်သားမျိုး ရရင် ဆန်ဖိုး ရလိုရငြား ဆိုပြီး မြောင်းဗိုလ်တို့ ၊ မြောင်းလျှောက်တို့ အကြောက်ကြောက် အရွံ့ရွံ့နဲ့ ဒီမှာ ခုံစင်ကလေး လာလုပ်ထားတာ ”

“ ရရဲ့လား ”

“ မရပါဘူးဗျာ ”

သာညွန့်က လေရှည်ကြီးဖြင့် ညည်းညူလိုက်သည် ။

“ တစ်ခါတလေများ တစ်ကောင်မှ မရဘူး ။ တမြန်နေ့တုန်းကတော့ နှစ်ဆယ်သားလောက် ရဖူးပါရဲ့ ”

“ ဟ ၊ အလကားနေ အလကားပေါ့ဟ သာညွန့် ရ ။ ခုံစင်စောင့်ရင်း ငါးမျှားတံတစ်ချောင်းနဲ့ မျှားပါလား ”

ကိုဆေးရိုးသည် စကားဆုံးသည်နှင့် တစ်ပြိုင်နက် ပါးစပ်ကို လက်ဝါးဖြင့် ပိတ်ထားလိုက်မိသည်။ သို့ကြောင့်လည်း “ နွားတေကို ဆွဲလာပြီး မြောင်းပေါင်ရင်းမှာ လွှတ်ထားရတယ်ဗျ ။ ငါးမျှားနေရင် သူများ ကောက်ပင်တွေ ဝင်စားလို့ စားမှန်း မသိနဲ့ ” ဟူသော သာညွန့်၏ ပြန်လည်ဖြေရှင်းချက်ကိုမှ ဆုံးအောင် နားမထောင်နိုင်တော့ဘဲ “ သွားမှပါကွာ ” ဟု ဆိုကာ ထလာခဲ့ရလေ၏ ။

အလိုလို နေရင်း ငရဲပွားခဲ့ရသော မိမိ အဖြစ်ကို မိမိသာ သိသည် ။ သူတစ်ပါး ငါးမျှားတာ ၊ ကြွက်တူးတာကို မည်သည့်အခါမျှ ရပ်မကြည့်ပေ ။ မိမိ မစားရဘဲနှင့် ကြားက အပြစ်ဖြစ်သည် ။ ယခုလည်း ငါး မျှားတာကို မကြည့်ဘဲနှင့် ငရဲကြီးခဲ့ရလေပြီဟု မိမိ ကိုယ်ကိုယ် အပြစ်တင်နေမိ၏ ။

သို့ရာတွင် ကိုဆေးရိုးတို့ ၊ သာညွန့်တို့ တစ်တွေမှာ တစ်ရွာစီနေထိုင်ကြပေမယ့် သူသေ ငါပို့ ဘဝတူများ ဖြစ်လေရကား ၊ တစ်ဦးမှာ ဒုက္ခတွေ့ နေသည် ကြားလျှင် တစ်ဖက်ရွာက နေပြီး စိတ်ဆင်းရဲကြရ၏ ။ ဒီတော့လည်း ဒီပတ်ဝန်းကျင်ကို မစွန့်ခွာနိုင်သေးသရွေ့တော့ ကိုဆေးရိုး တစ်ယောက်မှာ ငရဲကြီးနေရပေဦးမည် ။

“ ဟေ့ ဆေးရိုး ၊ လယ်ပြင်က လာသလားဟေ့ ”

ကားလမ်းကို ကျော်မိလျှင် ညောင်ပင်ဝိုင်းရွာ၏ အထိမ်းအမှတ်ဖြစ်သော ညောင်ပင်ကြီးက ထီးပမာ ဆီးမိုးပေး၏ ။ ဆွမ်းခံဝင်ချိန် ဖြစ်သော်လည်း အရိပ်အောက်၌ အေးစိမ့်နေသည် ။ ညောင်ပင်ကြီး အောက်မှ ထွက်လာ၍ ညောင်ပင်ဝိုင်းရွာတံခါးဝ အရောက်တွင် ကိုထွန်းညိုက လှမ်းမေးလိုက်ခြင်းဖြစ်သည် ။

“ အေးကွ ”

ကိုဆေးရိုးက ငန်းပြားကို ပခုံးပေါ်မှ ချရင်း လည်ပြန်ကြည့်ကာ “ မင်းလယ် ဘယ့်နှယ် နေလဲဟေ့ ။ ကောင်းရဲ့လား ” ဟု မေးလိုက်၏ ။

ကိုထွန်းညိုက ကိုဆေးရိုး ထံသို့ လျှောက်လာရင်း

“ မကောင်းပါဘူးကွာ။ အကောလယ်တေက ”

“ တယ် ၊ ဒီကောင်က စကားအကောင်း မပြောဘူး ။ မင့်အဘ ၊ အကောလယ်တွေကို နှမ်းကြဲတဲ့ နောက်တော့ အစိုက်နောက်ကျပေါ့ဟာ ။ ဘယ်က လာပြီး ကောင်းနိုင်ဦးမှာလဲ ”

“ မသိပါဘူးကွာ ။ ငါကတော့ စိုက်သမျှ လယ်ကွက်တိုင်း ကောင်းစေချင်တာကိုးကွ ”

ကိုဆေးရိုးက ပြုံး၍ ကိုထွန်းညို၏ လက်မှ ဆေးပေါ့လိပ်တိုကို ဆွဲယူလိုက်သည် ။

“ ဒါထက် အေးကျော်ကြီး နေကောင်းသွားပြီလားဟေ့ ”

“ ဘယ်နေကောင်းရမှာလဲ ။ အခုမှ ပိုဆိုးနေတာဟ ဆေးရိုးရ ။ စပါးလည်း မရှိ ၊ ပိုက်ဆံလည်း မရှိ ၊ လူက မမာနဲ့ ။ မနေ့တုန်းကပဲ နွားတစ်ဖက် ရောင်းပစ်လိုက်ရတယ် ”

“ အင်း ”

ကိုဆေးရိုးမှာ ခေါင်းငိုက်စိုက်ကျသွားလေ၏ ။ အတန်ကြာအောင်ပင် နှစ်ယောက်လုံး တိတ်ဆိတ်နေကြရာက ကိုဆေးရိုး၏ ခေါင်းက တဖြည်းဖြည်း မော့လာ၏ ။

“ ဒါဖြင့် ရောက်သခိုက် ဝင်မေးဦးမှပေါ့ကွာ ။ မင်း လိုက်ဦးမလား ”

“ ငါက နေ့တိုင်း ရောက်နေတာ ၊ မလိုက်တော့ဘူး ။ လူကလေးကို စက်ထဲ ဖွဲနု အဝယ်လွှတ်လိုက်တာ ခုထက်ထိ ပြန်မလာသေးလို့ ”

“ ဒါဖြင့် ငါ့ဘာသာငါပဲ သွားလိုက်မယ် ”

ရွာထဲသို့ ကိုဆေးရိုး ဝင်မိလျှင် ရှေ့ ခဲတစ်ပစ် မရှိတရှိမှ ဘုန်းကြီး နှစ်ပါး ၊ သာမဏေ တစ်ပါးနှင့် ကျောင်းသားလေးငါးယောက်ကို မြင်ရလေသည် ။ ဘုန်းတော်ကြီးများသည် အိမ်ပေါက်ဝများတွင် ရပ်လိုက် ဆက်ကြွသွားလိုက်ဖြင့် ခပ်ကြာကြာရပ်တန့် နေသည်ကို မမြင်ရပေ ။

“ ကန်တော့ဆွမ်းပါဘုရား ”

ကိုဆေးရိုးသည် ဘုန်းတော်ကြီးများနှင့် နီးကပ်လာစဉ် ထန်းရွက်မိုး တဲကလေးတစ်လုံး၏ ရှေ့၌ ဘုန်းကြီးများ ရပ်တန့်လိုက်သည်နှင့် တစ်ပြိုင်နက် ထွက်ပေါ်လာသော အသံကို ကြားလိုက်ရ၏ ။

“ ဘုန်းကြီးဘုရား ၊ တပည့်တော်တို့ အိမ်ကတော့ ကန်တော့ဆွမ်းပဲဘုရား ”

ကိုဆေးရိုးသည် နောက်ပါးက ကျောင်းသားအုပ်ကို မီလာသည် ။

“ ကန်တော့ဆွမ်းပါဘုရား ”

ဘုန်းတော်ကြီးများမှာ တစ်အိမ်ပြီး တစ်အိမ် လျှောက်ရပ်နေရ၏ ။ သို့သော် ပိုက်ထားသော သပိတ်၏ အဖုံးကိုကား မဖွင့်ရချေ ။ အချို့ အိမ်များမှာ ရပ်မိ၍ အတန်ကြာမှ မြင်ကာ ကန်တော့ဆွမ်း လောင်းကြ၏ ။ အချို့မှာမူ ရပ်သည်နှင့် တစ်ပြိုင်နက် ဆီး၍ ကန်တော့ဆွမ်း လောင်းသည် ။

ကိုဆေးရိုးမှာ ဘုန်းတော်ကြီးများ၏ ရှေ့သို့ ကျော် မသွားလိုသဖြင့် နောက်ပါးမှ ကျောင်းသားအုပ်နှင့် ရော၍ ကုပ်ကုပ်ကလေး လိုက်လာရာ “ ဟို ငန်းပြားကြီးနဲ့ ကျောင်းသား ဝင်ပါဦးလားကွ ” ဟူသောအသံကို ကြားရသဖြင့် လှည့်ကြည့်လိုက်ရာ ထန်းရွက်မိုး တဲအိုကလေးတစ်ခု အတွင်းမှ ခေါင်းပြူထွက်နေသော လူ တစ်ယောက်ကို မြင်ရသည် ။

“ ဘယ်သွားမလို့လဲကွ ”

“ အေးကျော်ကြီး တော်တော် ဖြစ်နေတယ်ဆိုလို့ ။ မင်းကော ရောက်ရဲ့လား ”

“ တစ်ခေါက်ပဲ ရောက်တယ် သူငယ်ချင်း ။ ကဲလကွာ ရောက်တုန်းပေါက်တုန်း ထမင်းစားပါဦးကွ ။ ပြီးတော့ ငါလည်း လိုက်ပါ့မယ် ”

ကိုဆေးရိုးက ငန်းပြားကို တဲနံရံတွင် မှီပစ်ခဲ့ပြီး တဲထဲသို့ ငုံ့ဝင်လိုက်သည် ။ တဲထဲ၌ မှောင်နေ၏ ။ မိတ်ဆွေ၏ ဇနီးသည် ကလေးများကို ကျွေးမွေးနေရာက ကိုဆေးရိုးကို ဆီး၍ နှုတ်ဆက်သည် ။

“ တော်ကတော့ ဒီရွာထဲ ရောက်တာတောင် ကိုဘလွန်း ခေါ်လို့ ဝင်လာတာ ။ နို့ဖြင့် လာမှာ မဟုတ်ဘူး ”

“ မဟုတ်ပါဘူး လှညိုရာ ။ အေးကျော်ကြီး ဆီ စိတ်စောနေလို့ပါ ”

ကိုဆေးရိုးက ကိုဘလွန်း၏ ဘေးတွင် ဝင်ထိုင်လိုက်လျှင် “ ငါဖို့ ဆန်ဆေးတောင်းနဲ့ ထည့်ပေး ။ ပန်းကန်ပြားနဲ့ ဟာကို ဒီကောင့်ပေး ။ သူက ဧည့်သည်ဟ ” ဟု ကိုဘလွန်းက ခပ်သောသော ပြောလေသည် ။

“ မအေပေးနှယ် ၊ ငါ့ကို ဧည့်သည်လေး ဘာလေးနဲ့ ။ ငါ နားရင်းထအုပ်လိုက်ရ ”

ကိုဆေးရိုးက ရေအင်တုံထဲမှာ လက်နှစ်လျက် ကြိမ်းမောင်းလိုက်ပြီး မလှညို ချပေးသော သံပန်းကန်ကို လက်ဝဲလက်ဝါးပေါ်တင်လျက် ယာဘက် လက်ဖြင့် ထမင်းကို နှိုက်လိုက်သည် ။

ကိုဆေးရိုး၏ လက်မှာ တန့်သွား၏ ။ တစ်ပြိုင်နက်တည်း မျက်လုံးကလည်း ပန်းကန်ပြားထဲသို့ ငုံ့ကြည့်မိလျက်သား ဖြစ်သွားသည် ။ ထမင်း မဟုတ် ။ စပါးကို ကြိတ်ခွဲပြီးနောက် ဖြစ်ပေါ်လာသော ဆန်ကို ချက်ထားသည့် ထမင်း မဟုတ် ။ ပြောင်းဖူးစေ့ပြုတ်တွေ ဖြစ်သည် ။

“ ကျုပ်တို့တော့ ဒါပဲ စားနေရတယ် ကိုဆေးရိုး ။ ကလေးတွေက များတော့ ဆန် မဝယ်နိုင်ဘူး ”

မလှညိုက ကိုဆေးရိုး ကို ကြည့်လျက် စားနေရာက လှမ်းပြောလိုက်သဖြင့် ကိုဘလွန်း ကလည်း စားနေရာက ပလုတ်ပလောင်း ပြောပြန်၏ ။

“ ဒါတောင်မှ စက်ထဲမှာ ညဘက် စပါးထမ်းတဲ့ အလုပ်ကလေး ကြိုးကြားကြိုးကြား ရလို့ ဒါလေး စားနေနိုင်တာ မောင်ရေ့ ”

“ အမြဲ စားရင်တော့ ဘယ်လို နေမယ်မသိဘူး ။ အခုလိုတော့ ကောင်းသားပဲကွ ”

ကိုဆေးရိုးက ပြောင်းဖူးစေ့ပြုတ်များကို ဆက်ကာ ဆက်ကာ လွေးရင်း ပြောလိုက်သည် ။

“ ထမင်းလောက်တော့ ဘယ်ကောင်းပါ့မလဲ သူငယ်ချင်းရာ ။ ထမင်းကို စားနေကျ ပါးစပ်က အာသာလည်း မပြေဘူး ။ ခဏခဏလည်း ဆာတယ် ”

“ ဟင်းချို သောက်ပါဦးတော်ရဲ့ ။ နွားလျှာကြီးရွက်တွေ ကောင်းကကောင်းနဲ့ ”

မလှညိုက သံဇွန်းအပဲ့ကို ကိုဆေးရိုး ဘက်သို့ တိုးပေးသည် ။

“ ထမင်းလောက် မကောင်းပေမယ့် ထင်းကတော့ အကုန်သားဟ ဆေးရိုးရ ။ ညနေစားဖို့ဟာကို အခု ကတည်းက ခွင်ပေါ် ( မီးဖိုပေါ် ) မှာ တည်ထားရပြီ ”

“ အေးပေါ့ကွာ ၊ ဆင်းရဲသား ဆိုတော့ ဒီလိုပဲ ဖြစ်သလို စားရမှာပဲဟေ့ ။ တို့တောင် နေ့ရောညရော အိုးလုပ်တဲ့ ကြားထဲက ငရုတ်သီးထောင်း စားရလွန်းလို့ ဖင်ပူနေပြီ ”

ကိုဆေးရိုးက ခပ်အုပ်အုပ် ရယ်လိုက်ပြီး ဆက်ပြောပြန်၏ ။

“ မင်းတို့ လုပ်တာကလည်း ငါးဆယ်စိုက် ဆိုတော့ မချောင်လည်တောင် ဝမ်းစာလောက်တော့ လုံလောက်လိမ့်မယ် ထင်နေတာကွ ”

“ ချန်တုန်းကတော့ မျိုးရော ဝမ်းစာရော ရှေ့နှစ် တလင်းတွင်း မီအောင် ဆိုပြီး ချန်ထားတာပဲတော့် ။ ကောက်စိုက်ခ လိုလို့ ဖဲ့ရောင်းလိုက် ၊ ဈေးသုံး မရှိလို့ ဖဲ့ရောင်းလိုက်နဲ့ ။ ဒီအထဲ နှမ်းက မရ ၊ ပျိုးက မလောက်နဲ့ ။ ဖြစ်ချင်ရာ ဖြစ် ဆိုပြီး ရှိတဲ့စပါး ချရောင်း ၊ ပျိုးထောင် ဝယ်လိုက်ရတာပဲ ”

“ အေးပါဟယ် ၊ ကလေးတွေ ကိုတော့ ဆန်ကွဲလေး ဘာလေး တတ်နိုင်ရင် ချက်ကျွေးလိုက်ကြပါ ”

“ ဖြစ်တယ် ဖြစ်တယ် ။ သူတို့က ဆန်ကိုတောင် မစားဘဲနေမှာ စိုးရသေးတယ် ”

ကိုဘလွန်းက ပုဆိုးစုတ်ဖြင့် လက်သုတ် အပြီးတွင် ကိုဆေးရိုး ဘက်သို့ ပစ်ပေးရင်း ပြောလိုက်သည် ။ ကိုဆေးရိုးက မလှညို ခပ်ပေးသော ရေကို အပြေးအလွှား သောက်ကာ ထရပ်လိုက်၏ ။

“ ကိုဆေးရိုးတို့များ နောက်က လူလိုက်လာတဲ့ အတိုင်းပဲ ။ စားသောက်ပြီး တစ်ခါတည်း နေရာက ထတော့တာပဲ ”

“ အေးပေါ့ဟ ၊ စားသောက်ပြီးတဲ့နောက် ဘာလိုသေးလဲ ”

ကိုဆေးရိုးက ကိုဘလွန်း၏ နောက်မှ ကပ်လိုက်ရင်း ခပ်ရွှန်းရွှန်းပြောကာ တဲပြင်သို့ ထွက်ခဲ့လေသည် ။ ရှေ့ဆီသို့ မျှော်ကြည့်သော်လည်း ဆွမ်းခံကိုယ်တော်များကို မမြင်ရတော့ချေ ။

“ ဆေးရိုးရေ ၊ တို့ရွာကတော့ ဘုန်းကြီးတွေတောင် နေ့တိုင်း ကန်တော့ဆွမ်း လောင်းနေရလို့ အားနာစရာ ကောင်းနေပြီကွ ။ မင်းတို့ ရွာကတော့ တို့ရွာလောက် ဆိုးမှာ မဟုတ်ပါဘူး ”

ကိုဘလွန်းက ရှေ့က သွားရင်း ပြောလိုက်ရာ ကိုဆေးရိုးက

“ မထင်နဲ့ဟေ့ ၊ ပိန်မသာ လိမ်မသာဘဲ ။ အိုးမလုပ်နိုင်တဲ့လူဆိုရင် တချို့များ ပြောင်းဖူးတောင် နပ်မမှန်ကြဘူး ထင်တယ် ။ တချို့ကျတော့လည်း ပဲ ရောပြီး စားနေကြရတယ်ကွ ။ အင်း အရင်းစစ်တော့ တို့တစ်တွေ အသုံးအစား မလိမ္မာလို့ပေါ့ကွာ ”

ကိုဆေးရိုးက တရားသံကလေး ဖက်လျက် မှတ်ချက် ချလိုက်လေသည် ။ သူတို့ နှစ်ယောက် သွားသော လမ်းမှာ တဖြည်းတဖြည်း ကျဉ်းသွားကာ သုံးအိမ်ခန့် ကျော်မိလျှင် ကိုဘလွန်းသည် အိမ်ဝင်း တစ်ခုထဲသို့ ဝင်သွားလေသည် ။ ကိုအေးကျော်၏ အိမ်သို့ မရောက်သေးပေ ။ ထိုအိမ်၏ နောက်ဖေးဘက်သို့ လှည့်ဝင်သွား ပြီးလျှင် တဲပုတ်ကလေး သုံးလေးလုံး၏ ကြားမှ ဖြတ်ဝင်သွားမှ ကိုအေးကျော်၏ အိမ်သို့ ရောက်လာကြပေသည် ။

ကိုဘလွန်းသည် အိမ်ပေါ်သို့ လှမ်းကြည့်ပြီးလျှင် ကိုဆေးရိုးကို မျက်လုံးကြီး ပြူး၍ လှည့်ကြည့်သောကြောင့် ကိုဆေးရိုးပါ လှမ်းကြည့်လိုက်ရာ ရင်ထဲတွင် ထိတ်ခနဲ ဖြစ်သွားသည် ။ အိမ်ထဲ၌ သံဃာတော် သုံးပါးကို မြင်ရသောကြောင့်ဖြစ်၏ ။

“ ကိုဆေးရိုးပါကလား ၊ ဘယ်က လှည့်လာလဲ ၊ လာ .. လာ ”

ကိုအေးကျော်၏ ဇနီးက ဆီးကြို ခေါ်ငင်လေသည် ။ အသံလာရာဘက်သို့ လှမ်းကြည့်လိုက်သော် လူမမာ ကိုအေးကျော်ကို ခန်းဆီးထရံ မှီ၍ ထိုင်လျက်တွေ့ရ၏ ။ ကိုဆေးရိုးမှာ ကိုအေးကျော်ကို နှုတ်မဆက်နိုင်သေးဘဲ သံဃာတော်များကို ဝတ်ဖြည့်ပြီးမှ ဖင်ချထိုင်လိုက်နိုင်သည် ။

“ ဒီကောင် လယ်ပြင်က အပြန် ဝင်လာတာ ထင်တယ် ၊ ဟုတ်လား ”

သံဃာတော်များ၏ အနီးတွင် သတင်းစာ တစ်စောင်ကို မျက်လုံးပိတ်မတတ် အားစိုက်ဖတ်ရှုနေသည့် အဘိုးအို တစ်ဦးက လှမ်းမေးလိုက်ခြင်းဖြစ်၏ ။

“ ဟုတ်တယ် ဘကြီးကွန့် ၊ ရွာတံခါးနားမှာ ထွန်းညိုနဲ့ တွေ့တော့မှ ဒီကောင် မသက်သာဘူး ဆိုလို့ ဝင်လာတာ ”

“ အရင် လေးငါးရက် တုန်းကတော့ ဟန်မှ ဟန်ပါ့မလားနဲ့ပေါ့လေ ။ အခုတော့ စိတ်ချရပါပြီ ၊ ငါတောင် မရောက်တာ နှစ်ရက်လား ရှိပြီ ။ အခုမှ ဘုန်းကြီး ကြွလာတာ မြင်လို့ ကူးလာတာ ”

ဘကြီးကွန့်၏ ဘေးမှ ဖိုးချစ်မှန်း က အသံတုန်ကြီးဖြင့် ဝင်ပြောလိုက်သည်တွင်

“ ဘုန်းကြီးလည်း မနက်တုန်းကမှ သိတယ် ၊ ဒါတောင် ငထွန်းက လျှောက်သွားလို့သိတာ ။ ဒါနဲ့ ဝင်လာတာ ”

ဆရာတော်ကြီးကလည်း မိမိ အရောက် နောက်ကျခြင်းအကြောင်းကို ရှင်းပြရာက “ ဦးကွန့် ၊ ဘာတွေများ အကြောင်းထူးပါလဲ ၊ ပြောစမ်းပါဦး ။ ကျုပ်လည်း စက်ထဲက ကုန်သည်တစ်ယောက် လှူလိုက်လို့ ယူလာတာ ။ ဘာမှ မဖတ်ရသေးဘူး ။ ကြားရအောင် ပြောစမ်းပါဦး ” ဟု ဘကြီးကွန့်သို့ လှမ်းမေးလိုက်သည် ။

“ ဘ - ဓ - စ အမတ် တစ်ဦးက စပါးဈေး ငါးရာဈေး အထိ မြှင့်ပြီး လယ်သမားတေ ဆီက ဝယ်ဖို့ လွှတ်တော်မှာ ပြောသတဲ့ဘုရား ”

“ သာဓုဗျာ သာဓု ၊ အင်း အင်း ဆက်ပါဦး ”

ဆရာတော်ဘုရားက ကြားဖြတ်ပြီး ကောင်းချီး ပေးလိုက်ရာ

“ ကိုယ်တော့်မှာ သာဓုခေါ်နေ ။ ဒီမှာ အစိုးရက ပြန်ဖြေတာတော့ ဆုံးအောင် နားမထောင်သေးဘူး ။ စပါးဈေး ငါးရာ တိုးပေးရင်တဲ့ ၊ လယ်သမားတွေမှာ ငွေပို ရပေမဲ့တဲ့ ၊ လယ်သမား မဟုတ်တဲ့ လူတွေမှာ ဆန် ဈေးကြီး ပေးပြီး ဝယ်စား ရမှာမို့ ဆိုလား ၊ ဘာဆိုလား ။ အဲဒါကြောင့် အမတော်ကိုပဲ တိုးချေးမယ် ။ စပါးဈေး မမြှင့်နိုင်ဘူးတဲ့ဘုရာ့ ”

“ ဟာ မဟုတ်တာဘဲ ၊ မြန်မာပြည်မှာ တောင်သူလယ်သမားက လူများစုဟာပဲ ။ လူတစ်ရာမှာ ရှစ်ဆယ်ဟာ လယ်သမားဆို မဟုတ်လား ။ လူများစုရဲ့ မဲဆန္ဒနဲ့ တက်လာရတဲ့ အစိုးရ ။ လူများစုရဲ့ အကျိုးကို ရှေးရှုရမှာပေါ့ ဒကာကြီးရဲ့ ”

“ အစိုးရ ဆိုတာဟာလည်း တပည့်တော်တို့ ၊ အရှင်ဘုရားတို့ထက် တတ်သိနားလည်လို့ တိုင်းပြည်အုပ်ချုပ်နေတာပဲ ။ အစိုးရရဲ့အဖြေကို တပည့်တော်တို့ သဘော မပေါက်လို့ ဖြစ်ပါလိမ့်မယ် ”

ဖိုးချစ်မှန်းက ထင်မြင်ချက် ဝင်၍ ပေး၏ ။

“ ဒီလိုလေ ဒကာကြီးရဲ့ ၊ တောင်သူလယ်သမားတွေဆီက စပါးကို ငါးရာဈေး ပေးဝယ်ရင် တောင်သူလယ်သမားတွေမှာ အခုလို အလျဉ်မမီ မဖြစ်တော့ဘူး ။ ငွေတစ်ထောင် ကုန်မှ ဖြစ်မယ့် လယ်သမား တစ်ယောက်ဟာ စပါးသုံးရာဈေးနဲ့ ဆိုရင် စပါးသုံးရာ ကျော်ကျော် ရောင်းမှ ဖြစ်မယ် ။ တကယ်လို့ ငါးရာဈေး ဖြစ်လာရင် အဲဒီ လူဟာ စပါးနှစ်ရာတည်းပဲ ရောင်းရ တော့မယ် ။ ဒီတော့ သူ့လက်ထဲမှာ စပါးလက်ကျန် များလာပြီး ဝမ်းစာထဲက ဖဲ့မရောင်းရတော့ဘူးပေါ့ ”

“ မြို့ပေါ်က ကုန်သည် ၊ စာရေးစာချီတွေကျတော့ ဆန်ဈေးကြီးတာနဲ့ ဒုက္ခပေါ့ဘုရာ့ ”

“ ဟာ ... လူတစ်ရာမှာ လူနှစ်ဆယ် အစိတ် အတွက် အရှုံးခံရောင်းလို့ အစိုးရမှာ မနစ်နာပါဘူး ဒကာကြီးရာ ”

ဆရာတော်ဘုရားက ဘကြီးကွန့်၏ စောဒက တက်ချက်ကို ပြန်၍ ချေပလိုက်လျှင် ကိုဘလွန်းက ခါးကြီး ဆန့်၍ ပြောလိုက်သည် ။

“ ဟုတ်တယ် ဘုရာ့ ၊ တပည့်တော် လယ်က စပါး ငါးရာထွက်တယ် ။ ဝမ်းစာနဲ့ မျိုးဖို့ နှစ်ရာ ချန်ထားပြီး အကျန်ကလေး ရောင်းရတော့ ဈေးနည်းနည်းရယ် ဘုရာ့ ။ ကိုယ်က ပြန်ဝယ်ရတော့ ဈေးတွေ ခေါင်ခိုက်လို့ ၊ ဒါနဲ့ပဲ ဝမ်းစာကုန်တာပဲ ”

“ စပါးဈေး ငါးရာပေးရလို့ ဆန်ဈေး ကြီးဦးတော့ လယ်သမားက ဝယ်မစားရတော့လို့ အပန်းမကြီးဘူး ဘုရာ့ ”

“ ဒါမှန်တယ် ၊ စပါးဈေး ငါးရာသာပေး ။ တပည့်တော်တို့ လက်ထဲမှာ တစ်နှစ်လည်တောင် စပါးကုန်မှာ မဟုတ်ဘူး ။ စပါးဈေးကိုသာ ငါးရာပေး ”

ဘကြီးကွန့်က မျက်လုံးကြီး ပြူးကြည့်၏ ။ ဖိုးချစ်မှန်း ကလည်း မျက်စိအစုံကို မှုန်ကုပ်၍ အသံရှင်ကို ကြည့်၏ ။

“ စပါးဈေး နည်းလို့ သုံးရစွဲရတာ မလောက် ၊ သုံးစွဲရတာ မလောက်ငလို့ ဝမ်းစာစပါးပါ ချရောင်းရနဲ့ ။ ဟော မမာတော့ ဆေးဖိုးဝါးခ မရှိလို့ ခိုင်းနွားကြီး ချရောင်းလိုက်ရပြီ ။ စပါးဈေး ငါးရာသာ ဖြစ်ရင် တပည့်တော်လည်း နာတာရှည် မဖြစ်ဘူး ။ ခိုင်းနွားကြီး တစ်ဖက်လည်း မပဲ့ဘူး ။ အို စပါးဈေးကိုသာ ငါးရာဈေးပေးပါ ”

အသံရှင်ကား ခန်းဆီးထရံ မှီလျက် စောစောက ပါးစပ်ကလေး ဟပြီး ညောင်နာနာဖြင့် ထိုင်နေသော လူမမာ ကိုအေးကျော်ပင် ဖြစ်၏ ။

ကိုဆေးရိုးသည် ဆေးတောင်ဝှေးဖြင့် ထိုးလိုက်သလို သန်စွမ်းလာသော ကိုအေးကျော်ကို အံ့သြစွာ ငေးကြည့်နေသည် ။ ကိုအေးကျော် ကမူ မည်သူ့ကိုမျှ သတိမထား ။ လက်သီးကြီးဆုပ်ကာ အော်နေ၏ ။

“ ငါးရာဈေး ပေးစမ်းပါ ။ ငါးရာဈေး ”

တကယ်တော့ ကိုအေးကျော် တစ်ယောက်တည်း၏ အော်သံ မဟုတ် ။ ကိုဆေးရိုး ၊ ကိုဘလွန်း၏ အော်သံလည်း ဖြစ်၏ ။ ဒါတွင်မက တစ်ပြည်လုံးရှိ တောင်သူလယ်သမားတိုင်း၏ အော်သံလည်း ဖြစ်ပေသတည်း ။

▢  ဆင်ဖြူကျွန်းအောင်သိန်း
📖 ကိုဆေးရိုး ပေါင်းချုပ်

မကြင်ရဲလို့ ဝေးခဲ့ထင်


❝ မကြင်ရဲလို့ ဝေးခဲ့ထင် ❞
       ( သထုံငယ်ငယ် )

ကမ္ဘာဦးလူသားတွေ ဘယ်အချိန်က စပြီး အုပ်စုဖွဲ့ နေထိုင်ခဲ့ကြသည် ကျွန်တော် မသိ ။ လူတွေသာ တစ်ဦးနှင့် တစ်ဦး အမှီသဟဲပြု နေထိုင်တတ်သော ဓလေ့စရိုက် မရှိခဲ့လျှင် ဝေးကွာခြင်းဆိုတာ ရှိလာလိမ့်မည်ဟု ကျွန်တော် မထင် ။ ကျွန်တော့်အတွက် ဝေးကွာခြင်း ဆိုသည်က ခါးသီးလွန်းသည့် ပျားရည်စက် များသာဖြစ်သည် ။ အသေချာဆုံးက သူမနှင့် ပတ်သက်သည့် ဝေးကွာခြင်းများက ခါးခါးသီးသီး နိုင်လွန်းလှသည် ။ သို့သော် ခါးသီးလွန်းလှသည့် ဝေးကွာခြင်းများကပဲ ကျွန်တော့်ဘဝအတွက် အချိုမြိန်ဆုံး အမှတ်တရတွေ ဖြစ်နေပြန်သည် ။

••••• ••••• •••••

သူမက ကျောင်းမှာ အလှဆုံးဟု ကျော်ကြားသလို စာလည်း တော်သည် ။ သူမ၏ သာမန် လှုပ်ရှားဟန်ကလေးများကပင် စိတ်လှုပ်ရှားတတ်စ ကျောင်းသားများကို ညှို့ယူဖမ်းစား သွားလေ့ရှိသည် ။ ကျောင်းသားတိုင်း၏ စကားဝိုင်းတွင် သူမအကြောင်းပါသည် ။ ကျောင်းသားတိုင်း၏ ရင်ထဲတွင် သူမ ရှိနေတတ်သည် ။

ချောမော ပြေပြစ်သလောက် ဟန်ပန် မလုပ်တတ်သော သူမ၏ သာမန် လှုပ်ရှားမှုတိုင်းသည် ခပ်ကြောင်ကြောင် နိုင်သော ကျွန်တော့် မသိစိတ်ကို ဆွဲခေါ် သွားတတ်သည် ။ ကျွန်တော့်ကို သိမ်းသွင်းညှို့ငင်နေသလို ခံစားရသည် ။ ကိုယ့်ဘဝ ကိုယ် နားလည်သူပီပီ သူမကို အသိစိတ်ထဲက မောင်းထုတ်ပစ်ဖို့ အကြိမ်ကြိမ် ကြိုးစားခဲ့ပေမဲ့ မအောင်မြင်ခဲ့ ။ အမြဲတမ်းလိုလို သနပ်ခါးမရှိ ပကတိအတိုင်း ဝင်းဖန့်စိုပြည်နေတတ်သော သူမ ပါးပြင်က ကျွန်တော့်အတွက် ဦးညွှတ်ရာ ဖြစ်နေတတ်သည် ။ သွက်လက်ပေါ့ပါးသော သူမ လမ်းလျှောက်ဟန်က ကျွန် တော့် ရင်ခုန်သံနှင့် စည်းချက် ကိုက်နေတတ်သည် ။ သူမနှင့် ပတ်သက်လျှင် သူမ ပါးပြင်ပေါ်က အမာရွတ်သေးသေးလေးအထိ ကျွန်တော် အလွတ်ရနေတတ်သည် ။

သို့သော် သူမနှင့် ဆုံစည်းခွင့်ရဖို့ ကျွန်တော် မကြိုးစားခဲ့မိ ။

ပိုင်ဆိုင်မှုများနှင့် တန်ဖိုး ဖြတ်တတ်သော အသိုင်း အဝိုင်း နှစ်ခုကြားတွင် သူမ ရှေ့ရောက်တိုင်း ကျွန်တော် ဆွံ့အ , နေတတ်သည် ။ မိန်း ကလေးများနှင့် ရောရောနှောနှော မနေတတ်သော ကျွန်တော့်စရိုက်ကလည်း သူမနှင့် အကျွမ်းတဝင်ဖြစ်ဖို့ အား နည်းချက်တစ်ခု ဖြစ်ခဲ့သည် ။ သိမ်ငယ်စိတ်များနှင့် ပိတ် လှောင်ခံထားရသူ ကျွန်တော် သူမ ရှေ့မှောက်ရောက်ဖို့ မကြိုးစားဖြစ်ခဲ့ပေမဲ့ သူမ ရှိရာ အရပ်တိုင်းတွင် ကျွန်တော် ရှိနေတတ်သည် ။

ကျောင်းက , ပွဲမှာ သူမ က , တော့ သူမ၏ ပျော့ပျောင်းသိမ်မွေ့လွန်းသည့် ခေါင်း ၊ ခါး ၊ ခြေ ၊ လက် လှုပ်ရှားမှုမှန်သမျှကို ငေးမောကြည့်ရင်း အသက်ရှူဖို့ မေ့နေခဲ့သည်မှာ ကျွန်တော်ပင် ဖြစ်သည် ။ ရွာကထိန်တွင် သူမနှင့် ကျောင်းက ကျောင်း သူကျောင်းသားတွေ အငြိမ့် ထွက်တော့ လူရှေ့ထွက်ရမှာ ရှက်ကြောက်တတ်သည့် ကျွန်တော် အရဲစွန့်ပြီး ဝင်ပါခဲ့သည် ။ ကျွန်တော် ပါဝင် သည့် နေရာက ကားလိပ်ဆွဲ ။

ဇာတ်စင် ကန့်လန့်ကာနောက်တွင် ကားလိပ်ဆွဲရင်း သွက်လက်စွဲမက်ဖွယ် သူမ က , ဟန်ကို မက်မက်မောမော ငေးကြည့်နေမိသည် ။ တစ်ခါတလေ သူမ အကြည့်တစ်ချက်လောက် ကျွန်တော့်ဆီ လွင့်ပျံရောက်လာတိုင်း ကျွန်တော် ဆွဲနေသော ကားလိပ်ကြီးကိုလည်း မေ့သွားတတ်သည် ။ လှုပ်ရှားဆူညံနေသော ပွဲခင်းကြီးကိုလည်း မေ့သွားတတ်သည် ။ ကျွန်တော့်ကမ္ဘာမှာ သူမနှင့် ကျွန်တော် နှစ်ယောက်တည်း ။

“ ဟဲ့ ဟဲ့ ကားလိပ်ချတော့လေ ”

ကျောပြင်ပေါ် ကျလာသော လက်ဝါးရိုက်ချက်နှင့် အတူ ဆရာမ၏ အလောတကြီး အော်သံကြားမှ ယောင်နနဖြင့် ကျွန်တော် ကားလိပ် ချမိသည် ။ သူမက ကျွန်တော့် ကို နားမလည်စွာ လှမ်းကြည့်လို့ ။

••••• ••••• •••••

ကိုးတန်းအောင်ပြီး ဆယ်တန်းရောက်တော့ သူမ ရော ကျွန်တော်ပါ မြစ်ကြီးနားသို့ ပြောင်းခဲ့ကြသည် ။ ရွာမှာ အချမ်းသာဆုံး စာရင်းဝင်သည့် သူမ မိဘတွေက သူမ ပညာရေးအတွက် မြစ်ကြီးနားမြို့၏ အကောင်းဆုံး ဘော်ဒါဆောင်တွင် သူမကို အပ်နှံခဲ့သည် ။ ရွာမှာ အဆင်းရဲဆုံး စာရင်းဝင်သော ကျွန် တော့်မိဘတွေက ကျွန်တော့်ကို ကျောင်းဆက်မထားနိုင်တော့သဖြင့် မြစ်ကြီးနားရှိ ဦးလေး၏ လက်ဖက်ရည်ဆိုင်သို့ ပို့ခဲ့ကြသည် ။ ဦးလေး လက်ဖက်ရည်ဆိုင်တွင် မုန့် ဆရာ၏ အကူ လုပ်ရင်း ကျွန် တော် ကျောင်းတက်ခွင့် ရခဲ့ သည် ။

ကျွန်တော်က မြစ်ကြီးနား အ•ထ.က ( ၁ ) ၊ သူမက မြစ်ကြီးနား အ.ထ.က ( ၂ ) ။

တစ်ကျောင်းတည်း ဆုံစည်းခွင့်မရပေမဲ့ မတူညီသော ဘဝနှစ်ခု မြစ်ကြီးနား မြို့ကြီးတစ်မြို့ထဲတွင် အတူ တကွ ရှိဖြစ်နေသည့် ကံကြမ္မာကြောင့် ကျွန်တော် အားတက်လာမိသည် ။ ညနေ ကျောင်းဆင်းချိန်တိုင်း ဦးလေး၏ လက်ဖက်ရည်ဆိုင်သို့ ကျွန်တော် တန်းပြီး မပြန်ဖြစ်ခဲ့ ။ သူမ ရှိရာ ထ ( ၂ ) ဘက်သို့ ကျွန်တော် သွားခဲ့သည် ။ ကျွန်တော် ရောက်သွားချိန်တိုင်း ကျောင်းဆင်းသွားပြီဖြစ်သည့် သူမတို့ ကျောင်းကြီးသည် တိတ်ဆိတ်ငြိမ်သက်လျက်သာဖြစ်သည် ။ သို့သော် သူမ တက်နေသော ကျောင်း ဟူသော အသိကြောင့် တိတ်ဆိတ်ငြိမ်သက်နေသော ထ ( ၂ ) ကျောင်းကြီးသည်ပင် ကျွန် တော့်အတွက် ရင်ခုန်စရာ ၊ ကျေနပ်စရာဖြစ်နေပြန်သည် ။ ကျောင်းကြီးကို တဝကြီး ကြည့်ပြီးလျှင် ဘူတာနောက်က လမ်းလေးအတိုင်း သူမတို့ အဆောင်ရှေ့မှ ဖြတ်ပြီး လက်ဖက်ရည်ဆိုင်သို့ ပြန်တတ်မြဲဖြစ်သည် ။ ကျွန်တော့်ကို ရူးနေသူဟုပဲ ဆိုချင်ဆို သူမ မျက်နှာကို မြင်ခွင့်မရပေမဲ့ သူမ ရှိရာ အရပ် ၊ သူမ အငွေ့ အသက်များကြောင့် ကျွန်တော့် ညများကို ကြည်ကြည်နူးနူး ဖြတ်သန်းနိုင်ခဲ့သည် ။

စိတ်ကူးယဉ်ဆန်လွန်းစွာပင် သူမ၏ အငွေ့အသက်လေးများကို အဖော်ပြုရင်း ညပေါင်းများစွာ ကုန်လွန်လာပြီးသည့် တစ်နေ့ သူမကို ကျွန်တော် မျက်နှာချင်းဆိုင် တွေ့ခွင့်ရခဲ့သည် ။ ထိုသို့ တွေ့ ခွင့်ရခြင်းသည်ပင် ကျွန်တော့် ဘဝ တစ်ခုလုံးကို ပြောင်းလဲသွားစေခဲ့မည်မှန်း ထိုစဉ်က ကျွန်တော် မသိခဲ့ ။

••••• ••••• •••••

စနေ ၊ တနင်္ဂ နွေ ကျောင်းပိတ်ရက်ပေါင်း များ စွာ ဖြတ်ကျော်ခဲ့ပြီးခဲ့ပေမဲ့ ကျွန်တော် ရွာမပြန်ဖြစ်ခဲ့ ။ ကျောင်းတက်ရက်များ နှစ် ဝက် ကျိုးခဲ့သည့် တစ်ခုသော စနေ ၊ တနင်္ဂနွေ ရောက်တော့ ဦးလေးက ဘာစိတ်ကူးပေါက်သည် မသိ “ ဒီအပတ် ကျောင်းပိတ်ရက် မင်း ရွာပြန်ချင် ပြန်လေ ” ဟု ဆိုကာ ပိုက်ဆံအနည်းငယ် ထုတ်ပေးသည် ။ ဦးလေး ပေးသော ပိုက်ဆံလေးကို ကျစ်ကျစ်ပါအောင် ဆုပ်ပြီး ဘူတာရုံသို့ ခြေကုန်သုတ်ခဲ့သည် ။ ဈေးကြီးနား ရောက်တော့ အမေ့အတွက် လိမ္မော်သီးတွေ ဝယ်သွားဖို့ စိတ်ကူးပြီးမှ မဝယ်တော့ဘဲ ပြန်လှည့်ထွက်လာခဲ့သည် ။ အမေ့ သရေစာသာ ဖြစ်သော လိမ္မော်သီးတွေကို လိုအပ်မည် မဟုတ် ။ မိသားစု၏ မီးဖိုချောင်ကို ကျားကန်ဖို့ ပိုက်ဆံကိုသာ လိုအပ်မည်မှန်း ကျွန်တော် သိသည် ။ အမေ့အကြောင်း တွေးမိတော့ မဆီမဆိုင် သူမကို သတိရမိသည် ။ ပြီးတော့ အမေ့ဆီ မကြာခဏ အကြွေးလာ တောင်းတတ်သော ငွေတိုး ပေးသည့် သူမ အမေ၏ မျက်နှာကို မြင်ယောင်မိ သည် ။ အနိမ့်အမြင့် မညီမျှ သော ဘဝထဲမှာ ကျွန်တော့် နှလုံးသားသည် ထာဝရ မြှုပ် နှံထားရမည့် ကျောက်ဖြစ်ရုပ်ကြွင်း တစ်ခုသာ ဖြစ်သည် ။ ဘူတာရုံထဲရောက်တော့ သူမကို တွေ့လေမလား ဟူသော ရင်ခုန်စိတ်ဖြင့် မသိမသာ လိုက်ရှာမိသည် ။ သူမက စနေ ၊ တနင်္ဂနွေဆို ရွာပြန်တတ်မှန်း ကျွန်တော် သိသည် ။

ဘူတာရုံ၏ စင်္ကြံရှိ ခုံတန်းလေးပေါ်တွင် ထိုင်နေသော သူမကို တွေ့ရသည် ။ ကျွန်တော့်ကို မြင်တော့ သူမ ထိုင်နေရာမှ ထ , လာပြီး “ နင် ရွာပြန်မလို့လား ” ဟု မေးသည် ။ သူမ မျက်နှာက တစ်စုံတစ်ခု ကို ဖုံးကွယ်ထားဟန်မျိုး မဝံ့မရဲနိုင်လွန်းလှသည် ။ ကျွန်တော်ကိုယ်တိုင်လည်း “ အင်း ” ဆိုတာက လွဲပြီး ဘာမှ ပြန်မပြောဖြစ် ၊ ဘာပြောရမှန်းလည်း စဉ်းစား၍လည်း မရ ။ ရင်ဘတ်တစ်ခုလုံး ပေါက်ကွဲ တော့မတတ် တုန်ခါနေသည် ။ အနိုင်နိုင် ကြိုးစားပြီးထွက် လာသည့် “ အင်း ” ဆိုသည့် အသံတောင် ပေါက်ကွဲတော့ မည့် မီးတောင်တစ်လုံး၏ တော်လည်းသံမျိုး ဖြစ်သည် ။ ငယ်စဉ်ကတည်းက ရွာ ကျောင်းမှာ ကျောင်းနေဖက် ငယ်သူငယ်ချင်းတွေ ဆိုပေမဲ့ သူနှင့် ကျွန်တော် မျက်နှာချင်းဆိုင် စကားပြောဖူးသည်က သည်တစ်ကြိမ် ပထမဆုံးဖြစ်သည် ။ ကျွန်တော်က “ အင်း ” ဆိုတော့ သူမက “ ငါက အထက်တန်းမှာ ” ဟု ပြောပြီး လှည့်ထွက်သွားသည် ။

လှည့်ထွက်သွားသော သူမကို ကြည့်ရင်း ကျွန်တော့် ရင်တွေ တစစ်စစ် နာကျင်ရ သည် ။ ရထားစီးဖို့ ကျွန်တော် လက်မှတ် မဝယ်ခဲ့ ။ ရထား ထွက်သည်နှင့် နီးစပ်ရာတွဲ တစ်တွဲသို့ တက်လိုက်ပြီး အတက်အဆင်းအဝတွင် ထိုင် စီးလိုက်ရုံပင် ။ ကျောင်းစိမ်းပုဆိုးလေး ဝတ်ထားသော ကျွန်တော့်ကို ဘယ်လက်မှတ်စစ်ကမှလည်း လာစစ်လိမ့်မည်မဟုတ် ။ သည်လို အခြေအနေမှာ ရထားလက်မှတ် ဝယ်ဖို့ ကျွန်တော့်လွယ်အိတ်ထဲရှိ ပိုက်ဆံတချို့ကို အပွန်းအပဲ့ မခံနိုင် ။ သည်ပိုက်ဆံတွေက ကျပ်တည်းချို့တဲ့နေသော ကျွန်တော့် မိသားစုအတွက် ခဏတာ ဖြစ်ဖြစ် အသက်ရှူချောင်ခွင့် ပေးမည့် တန်ခိုးရှင်များ ဖြစ်သည် ။ ကျွန်တော်တို့ မိသားစုဘဝ ရှင်သန်ခြင်းကို သက်တမ်း တိုးပေးမည့် ရုပ်ဝတ္ထုတချို့ ဖြစ်သည် ။

ဘူတာမှာ သူမနှင့် ဆုံခဲ့ပြီးနောက်ပိုင်း သူမ တက်နေ သော ထ ( ၂ ) ကျောင်းကြီး ဘက် ကျွန်တော် မသွားတော့ ။ ဘူတာရုံအနောက် လမ်းကို ဖြတ်ပြီး သူမတို့ အဆောင်ရှေ့ကိုလည်း ကျွန်တော် ဖြတ်မလျှောက်တော့ ။ သူမနှင့် ပတ်သက်သမျှကို ကျွန်တော် မေ့နိုင်ဖို့ ကြိုးစား သည် ။ အမြဲလိုလို ပျော့ဖပ် ဖပ် ၊ တွန့်ဆုတ်တွေဝေတတ် သော ကျွန်တော့် စိတ်ကိုပါ ကျွန်တော် ပြောင်းလဲဖြစ်ခဲ့ သည် ။ ဘယ်လိုပဲ ကျွန်တော့် အကျင့်စရိုက်ကို ပြောင်းလဲခဲ့ ပြောင်းလဲခဲ့ ၊ ဘယ်လိုပဲ သူမ အကြောင်းကို မတွေးဖို့ ကြိုးစားခဲ့ ကြိုးစားခဲ့ သူမကို မမေ့နိုင်တာ ကျွန်တော် ဝန်ခံရမည် ဖြစ်သည် ။ ကျွန်တော့် နားထဲတွင် “ ငါက အထက်တန်းမှာ ” ဆိုသော သူမစကားသံများကို ထပ်ကာထပ်ကာ ကြားယောင်နေမိသည် ။

••••• ••••• •••••

သူမနှင့် ကျွန်တော် ဖုန်း အဆက်အသွယ် ပြန်ရချိန်တွင် ကျွန်တော်သည် အသက် လေးဆယ့်နှစ်နှစ်အရွယ် စီးပွားရေးလုပ်ငန်းရှင်တစ်ဦး ဖြစ်နေပေပြီ ။ ကျွန်တော့် ခေါင်းမှ ဆံပင်တချို့ပင် ငွေရောင်သန်းစ ပြုနေပေပြီ ။

အများစုက ကျွန်တော့်ကို လူပျိုကြီးဟု ခေါ်တတ်ကြပေမဲ့ အိမ်ထောင်မရှိသူဟု ခေါ် ခြင်းက ပိုမှန်ပေလိမ့်မည် ။ အချိုးအကွေ့များလှသော ဘဝနှင့် ထပ်တူ ကျွန်တော်သည် အပြောင်းလဲကြီး ပြောင်းလဲခဲ့ပြီဖြစ်သည် ။

ဆယ်တန်းစာမေးပွဲကြီး ဖြေဆိုပြီးသည့်နောက် ကျွန်တော် ရွာသို့ မပြန်တော့ဘဲ ပိုက်ဆံရမည့် အလုပ်မှန်သမျှ အကုန်လုပ်ခဲ့သည် ။ တရားသည် မတရားသည် မစဉ်းစားခဲ့ ၊ ငွေနောက်ကိုသာ ကျွန်တော် သဲကြီးမဲကြီး လိုက်ခဲ့သည် ။ ငွေနှင့် ပတ် သက်လာတိုင်း ကျွန်တော် ကြမ်းတမ်းခက်ထန်သည် ။ ငွေနှင့် ပတ်သက်လာတိုင်း ကျွန်တော် သိမ်မွေ့နူးညံ့ သည် ။ ငွေနှင့် ပတ်သက်လာ တိုင်း ကျွန်တော် ကောက် ကျစ်စဉ်းလဲသည် ။ ငွေနှင့် ပတ်သက်လာတိုင်း ကျွန်တော် ဖြောင့်မတ်မှန်ကန်သည် ။ ပိုက်ဆံတွေ ကျွန်တော့်ဆီ ဝင်လာမှ သူမ ပြောခဲ့သည့် “ ငါက အထက်တန်းမှာ ” ဆိုသည့်အသံများ တိုးတိတ်ပျောက်ကွယ်သွားမည်ဟု ကျွန်တော် ယုံကြည်သည် ။

ကျွန်တော်သည် ဟိုးအရင်ကလို အရှက်အကြောက် ကြီးသည့် ကျွန်တော် မဟုတ် တော့ ။ ကျွန်တော့် ရင်ခွင်ထဲ သို့ မိန်းကလေးများစွာကို လည်း ခိုဝင်ခွင့် ပေးခဲ့သည် ။ ကျွန်တော် ကိုယ်တိုင်လည်း မိန်းကလေးပေါင်း များစွာ၏ ရင်ခွင်ထဲသို့ ခိုဝင်ပျော်ပါးခဲ့သည် ။ သို့သော် ဘယ်အရာကိုမှ ကျွန်တော် တန်ဖိုးမထားခဲ့ ။ ဘယ်အရာကိုမှလည်း ကြာရှည်စွာ ဆုပ်ကိုင်မထားခဲ့ ။ ကျွန်တော် တန်ဖိုးထားပြီး မြတ်မြတ်နိုးနိုး ဆုပ်ကိုင်ထားသော အရာသည် ပိုက်ဆံသာ ဖြစ်သည် ။

“ ဆရာကန်တော့ပွဲ အလှူခံဖြတ်ပိုင်းမှာ နင့် ဖုန်းနံပါတ်တွေ့လို့လေ ” ဟု ဆိုပြီး သူမ ဖုန်းခေါ်လာချိန်သည် ကျွန်တော်၏ အထီးကျန်မှု များကို ကျွန်တော်ပိုင်ဆိုင် သော ပိုက်ဆံများနှင့် ဖုံးကွယ်ဖို့ ကြိုးစားနေချိန်လည်းဖြစ်သည် ။ သူမနှင့် ကျွန်တော် ဖုန်းပြောခဲ့ကြသည် ။ သူမက အသက်လေးဆယ်ကျော် အပျိုကြီး ။ သူမ၏ ခြောက်သွေ့ ငြီးငွေ့ဖွယ် အထီးကျန်မှုများကို ကျွန်တော် မျှဝေခံစားပေးခဲ့သည် ။ ပိုက်ဆံက လွဲပြီး ဘာမှ မပိုင်ဆိုင်သော ကျွန် တော့်၏ အထီးကျန်မှုများကို သူမက နားလည်စာနာပေးခဲ့ သည် ။

သူမနှင့် ကျွန်တော် ညပေါင်းများစွာ ဖုန်းပြောခဲ့ပြီး သည့်နောက် သူမက ကျွန် တော့်ကို “ ကိုကို ” ဟု ခေါ် သည် ။ ကျွန်တော်က သူမကို “ မိုး ” ဟု မြတ်မြတ်နိုးနိုး ခေါ် ခဲ့သည် ။ ငယ်ငယ်တုန်းက အကြောင်းတွေ ပြန်ပြောရင်း တစ်ယောက်၏ ဘဝအမောကို တစ်ယောက် ဖြေသိမ့်ပေးခဲ့ကြသည် ။ ရွာမှာ အငြိမ့်က , တုန်းက အကြောင်းတွေ ကျွန်တော် ပြန်ပြောတော့ သူမ ရယ်သံလွင်လွင်လေးကို ဖုန်းထဲမှ အသည်းယားစဖွယ် ကြားရသည် ။

“ နေဦး နေဦး ၊ ဆယ်တန်းကျောင်းသားဘဝ တုန်းက ကိုကို မိုးတို့ အဆောင်ရှေ့က ဖြတ်ဖြတ်လျှောက်တတ်တာ မိုး သိတယ် ” ဟု သူမ ပြောသောအခါ ကျွန်တော် အံ့သြကြည်နူးစွာ ရင်ခုန်ရသည် ။

“ ပြီးတော့ ဘူတာမှာ ဆုံတုန်းက ကိုကို့ကို မိုး အထက်တန်းတွဲမှာလို့ ပြောခဲ့တယ် မဟုတ်လား ၊ ကိုကို ဘာလို့ မိုး ရှိတဲ့ အထက်တန်းတွဲကို မလာခဲ့တာလဲဟင် ၊ ကိုကို လာခဲ့ရင် ကိုကိုနဲ့ ရထားအတူ စီးပြီး စကားတွေ အများကြီး ပြောပစ်လိုက်မယ်လို့ မိုးက စိတ်ကူးထားတာ ။ အဲဒီတုန်းက ကိုကိုသာ မိုး ရှိတဲ့ အထက်တန်းတွဲကို လာခဲ့ရင် မိုးနဲ့ ကိုကိုက ဟိုးလွန်ခဲ့တဲ့ နှစ်ဆယ့်ငါးနှစ်ကျော်က တည်းက ဆုံစည်းခဲ့ကြရမှာ ” ဟု သူမက ဆွေးဆွေးမြည့်မြည့် ဆက်ပြောသောအခါ ကျွန်တော့်လက်ထဲရှိ ဖုန်းကို ထိတ်လန့်တုန်လှုပ်စွာ ငေးကြည့်နေမိသည် ။

“ ငါက အထက်တန်း မှာ ” ဟူသော အသံများ ကျွန်တော့် နားထဲတွင် ပဲ့တင်ထပ်နေကြပြန်သည် ။ “ ငါက အထက်တန်းမှာ ” ဆိုသည့် သူမ၏ စကားက သူမနှင့်အတူ ရထားလာစီးဖို့ ဖိတ်ခေါ်လိုက်သည့် စကားတဲ့ ။ ကျွန်တော့် ရင်ထဲ သူမ ဝင်လာဖို့ ဖွင့်ဟ , လိုက်သည့်စကားတဲ့ ။ ကျွန်တော် ဘာလို့ နားမလည်ခဲ့ပါလိမ့် ။ ဘာလို့များ သိမ်ငယ်မှုတွေကို ရတနာတစ်ပါးလို ကိုးကွယ်မိနေခဲ့ပါလိမ့် ။ ကန့်သတ်ချုပ်ချယ်လို့ မရသည့် ချစ်ခြင်းတရားက ဘာကြောင့် “ အထက်တန်းမှာ ” ဆိုသည့် ဝေါဟာရအစုလေး တစ်ခု အပေါ် နာကြည်းမိခဲ့ပါလိမ့် ။ ကျွန်တော့် အတ္တတွေ ၊ မိုက်မဲမှုတွေ ၊ ကျွန်တော့် ပျော့ညံ့မှုတွေက သူမနှင့် ကျွန်တော့် ကို နှစ်ဆယ့်ငါးနှစ်ကျော် ဝေးကွာစေခဲ့သတဲ့လား ။

“ ကိုကို .. ကိုကို မိုး ပြောတာ ကြားရဲ့လား ၊ ဒီလ ကုန်ရင် မိုးဆီ ကိုကို လာခဲ့မယ် မဟုတ်လား ” ဟု သူမက ပြောသောအခါ “ လာခဲ့မယ် မိုး ၊ ကိုကို မရောက်ရောက် အောင် လာခဲ့မယ် ၊ အရင်လို အမှားမျိုး ကိုကို ထပ်ကျူး လွန်တော့မှာ မဟုတ်ဘူး ။ ကိုကိုနဲ့ မိုးတို့ရဲ့ ဝေးလွင့်ခြင်းတွေကို အဆုံးသတ်ဖို့ မိုးဆီကို ကိုကို လာခဲ့မယ် ”

••••• ••••• •••••

အမြဲတမ်း နွမ်းနယ်နေပြီး တစ်ခါတစ်ခါ ချိုင်းကြား ၊ ပေါင်ခြံကြားတွေမှာ အကျိတ်တွေ ထွက်လာတတ်သည်မှာ အတန်ငယ်ကြာခဲ့ပြီ ဖြစ်သည် ။ ပေါင်ခြံကြားမှာ အကျိတ်ထွက်တဲ့အခါ လမ်းလျှောက်ရသည်ပင် အဆင်မပြေချင် ။ အသက်အရွယ်၏ ဖောက်ပြန်မှုဟုပင် ထင်ခဲ့မိသည် ။

အခုတော့ HIV Positive တဲ့ ။

ဆေးစစ်ချက်ပေါ်က လက်ရေးကြမ်းကြမ်းဖြင့် ရေးထားသော အင်္ဂလိပ်စာ တွေကို မဖတ်တတ်ပေမဲ့ အကြိမ်ကြိမ် ဖတ်နေမိသည် ။ မျက်လုံးနှစ်ဖက်ကို စုံမှိတ် လိုက်ပြီး ပျို့တက်လာသည့် တံတွေးတချို့ကို မျိုချလိုက် သည် ။ ရုန်းကန်လှုပ်ရှားခဲ့ရ သည့် အတိတ်ဘဝ ပုံရိပ်တွေ ၊ ပိုက်ဆံက လွဲပြီး ဘာကိုမှ တန်ဖိုး မထားခဲ့သည့် ကျွန် တော့် မိုက်မဲမှုတွေ ။ ပိုက်ဆံ ကို တန်ခိုးရှင်တစ်ယောက်လို အသုံးချပြီး ကျွန်တော် ရယူ ပိုင်ဆိုင်ခဲ့သည့် သာယာမှုတွေက ကျွန်တော့်ကို လက်စားချေကြလေပြီ ။ ပြီးတော့ ကျွန်တော့်ကို စောင့်မျှော်နေမည့် သူမ မျက်ဝန်းတွေ ။

ဆရာဝန်၏ နှစ်သိမ့် ဆွေးနွေးသံတွေက ကျွန်တော့် နားထဲမှာ မကြားတစ်ချက် ၊ ကြားတစ်ချက် ။ ဆရာဝန် ပြောသလို ART ဆေးမှန်မှန် သောက်ပြီး လူ့သက်တမ်းစေ့ နေနိုင်တယ် ထားဦး ၊ သူမနှင့် ကျွန်တော့်ကြားက ဝေးလွင့်ခြင်းများကို အဆုံးသတ်ဖို့ ဆိုတာက ဘယ်လိုမှ မဖြစ်နိုင်တော့ ။ သူမကို ကျွန်တော် လက်ထပ်နိုင်တော့မည် မဟုတ် ။ ဆရာဝန်က ရောဂါ အတွက် သိမ်ငယ်ရှက်ရွံ့ခြင်းများ မထားဖို့ အားပေးစကား ပြောမှ ရုတ်တရက် သိမ်ငယ်လာသလို ကျွန်တော် ခံစားရသည် ။

တစ်ချိန်က သူမ ပြောခဲ့ဖူးသော “ ငါက အထက်တန်းမှာ ” ဟူသော စကားသံများကို ကျွန်တော့် နားထဲတွင် ပြန်ကြားယောင်လာမိပြန် သည် ။ လက်မှတ် မပါဘဲ ရထားခိုးစီးရသူ တစ်ယောက်၏ ခံစားချက်မျိုး ကျွန်တော့် ရင်ဘတ်ထဲသို့ ဝင်လာသည် ။ ကျွန်တော့်နားထဲတွင် ထပ်ကာ ထပ်ကာ ကြားနေရသော “ ငါက အထက်တန်းမှာ ” ဟူသော အသံတွေက သားရဲတစ် ကောင်၏ မာန်ဖီသံလိုမျိုး ။ ငယ်ငယ်တုန်းက ခံစားခဲ့ဖူး သည့် သိမ်ငယ်ကြောက်ရွံ့မှုတွေက ကျွန်တော့်နှလုံးအိမ် ကို ဆုပ်ကိုင်ခြေမွနေကြသည် ။ ဆရာဝန်၏ စားပွဲမှ ဖြည်းညင်းစွာ ထရပ်လိုက်ပြီး ဆေးခန်းကို ကျွန်တော် ကျောခိုင်း ထွက်လာခဲ့လိုက်သည် ။

အပြင်မှာ လူတွေ ၊ ကားတွေ ရှုပ်ထွေးစွာ ဥဒဟို သွားလာနေကြသည် ။ လူတွေ ကြားထဲသို့ တိုးဝင်ပြီး ကျွန်တော့်ကိုယ် ကျွန်တော် ပုန်းကွယ်ဖို့ ကြိုးစားကြည့်မိသည် ။ ကျွန်တော့် စိတ်နှင့် ခန္ဓာက ဘယ်လိုမှ သဟဇာတ မဖြစ် ။ ကျွန်တော့်ခြေထောက် အစုံက ကျွန်တော့်ကို လူတွေနှင့် ဝေးရာသို့ လေးပင်ချည့်နဲ့စွာ ခေါ်ဆောင်သွားနေကြသည် ။ နေရောင်က ရွှေတိဂုံစေတီတော်မြတ်ကြီးဆီ ဦးခိုက်ရင်း မှေးမှိန်စပြုလာပြီဖြစ်သည် ။ မကြာခင် သူမ ကျွန်တော့်ကို ဖုန်းခေါ် တော့မည် ။ ဆရာဝန်၏ စားပွဲပေါ်တွင် ကျွန်တော် တမင် ချန်ထားခဲ့သော ဖုန်းမြည်သံကို ဆရာဝန် ဒါမှမဟုတ် ဆေးခန်းမှ တစ်စုံတစ်ယောက် ကြားလိမ့်မည် ။ သူမနှင့် ဖုန်းကိုင်သူတို့ ဘာတွေ ပြောကြမည်ကို ကျွန်တော် သိဖို့ ဘယ် တော့မှ ကြိုးစားမည်မဟုတ် ။ သူမ ငိုကြွေးနေမလား ၊ သူမ နာကြည်းနေမလား ။ ကျွန်တော် မတွေးချင်တော့ ။

ရက်စက်လွန်းသော ကံကြမ္မာကို ကျွန်တော် ရင်မဆိုင်ချင်တော့ ။ သူမနှင့် ဝေးရာတွင် ကျွန်တော် မရှင်သန်ချင်တော့ ။

သို့သော် ကျွန်တော်သည် သူမနှင့် ဝေးရာသို့ ... ။

⎕ သထုံငယ်ငယ်
📖ရွှေအမြုတေ ရုပ်စုံမဂ္ဂဇင်း
      မတ် ၊ ၂၀၂၀

Thursday, July 2, 2026

ဖွတ်ထွက်ပါမှ


❝ ဖွတ်ထွက်ပါမှ ❞ 
     ( ဟန်သီဇင် )

သည်နေ့ ‘ လေအန်ကုန်းဒေး ’ ဖြစ်သည် ။ ထုံးစံအတိုင်း စာရေးဆရာ/မ ကြီး ၊ လတ် ၊ ငယ်များ စုံလင်လှသည် ။ နမော်နမဲ့ခင် ကတော့ မပေါ်လာသေး ။ ခင်မင်သူအချို့က ‘ ခင့် ’ အား မျှော်ကြသည် ။ တောင်ဘက်အရပ်မှ အကြော်ထုပ် ဆွဲလာမလား ၊ မြောက်အရပ်မှ ဘိန်းမုန့်ထုပ် ဆွဲလာမလား ဟူ၍ ... ။

သို့သော် အသက်ကြီးကြီး လူ တစ်ဦးကတော့ လာမေးလေ၏ ။

“ စာရေးဆရာမ နမော်နမဲ့ခင် ရောက်ပြီလား ”

“ မလာသေးဘူးခင်ဗျ ။ ကျွန်တော်လည်း မျှော်နေတာ ”

ဆရာကြီးဇင်ဒေါင်း စကားကြောင့် လူကြီးက ဘုကြည့်ကြည့်ကာ -

“ ခင်ဗျားက ဘာဖြစ်လို့ မျှော်ရတာတုံး ”

ဟု မေးလေရာ -

“ ဒီလိုပါ ။ သူက လေအန်ကုန်းရဲ့ အလှူဒါနရှင်မို့ပါ ။ ဆရာကရော ကိစ္စရှိလို့လား ခင်ဗျာ ”

“ ကျုပ်က သူ့အစ်ကိုကြီးပါ ။ အိမ်မှာ သော့ခတ်ထားခဲ့လို့ ဒီလိုက်လာတာ ”

“ ဒါဆို ထိုင်စောင့်ပါခင်ဗျာ ”

ဆရာဇင်ဒေါင်း ကတော့ ဧည့်ဝတ်ကျေပွန်စွာ ထိုင်ခုံ ရှာပေးကာ ထိုင်စေသည် ။

ခဏအကြာ ဂုရုကြီး ဆာကျယ်၏ အိတ်ကပ်ထဲမှ ဖုန်းမြည်လာလေသည် ။

“ တန် ... တန် .. တန် ”

“ ဟလို ... ပြောပါ ”

“ ဆရာ .. ခင်ပါ ”

“ ဟေ ... ပြော ၊ ငါ့ညီမ ”

“ ခင့်အစ်ကို ဆိုတာ ရောက်နေလား ။ ခင် ဖုန်းဆက်တာ မသိပါစေနဲ့ ”

“ ငါ့ညီမ ဘာပြဿနာ လုပ်ပြန်ပြီလဲ ။ ဒီမှာ ရောက်နေတယ် ”

“ ဒါဆို ခင် နောက်မှ ရှင်းပြမယ်နော် ။ ဒီနေ့တော့ မလာဖြစ်တော့ဘူး တာ့တာ ”

‘ ခင် ’ တစ်ယောက် ဖုန်းချလိုက်ပြီမို့ ဂုရုကြီး ဆာကျယ် ပြုံးနေလိုက်သည် ။ နမော်နမဲ့ခင် စာမူတစ်ပုဒ်တော့ ရပေဦးမည်ဟု .. ။

‘ ခင့် ’ မှာက ဆွေမျိုးတွေရဲ့ ကယ်တင်ရှင်ကြီးလေ ။ တောမှာ နေသော အစ်ကိုကြီးရဲ့ သမီးအထွေးဆုံးလေး ဆယ်တန်းအောင်ချိန်က စပြီး မြို့မှာ ရှိသော ခင့်ထံ ရောက်ရှိလာပြီး -

“ ငါ့သမီးက ဆယ်တန်း အောင်ထားတော့ ဘွဲ့ရစေချင်တယ် ။ အလုပ်လေးဘာလေး လုပ်စေပြီး အဝေးသင် တက်ခိုင်းချင်လို့ ”

“ ဟို ... ဟို ... လေ ”

ခင့်ရဲ့ နှုတ်ထွက်စကားကို သဘောပေါက်ဟန်တူရဲ့ ။

“ ငါသိပါတယ် ။ နင်လည်း ဝင်ငွေရှိတာ မဟုတ်ဘူး ။ သူ့အတွက် ကျောင်းစရိတ် ၊ နေစရိတ် ၊ စားစရိတ် ငါထောက်ပံ့ပါ့မယ် ။ အဆောင်တွေ ဘာတွေ မထားချင်ဘူး ။ အဲဒါ နင်လည်း အဖော်ရ ၊ ငါ့သမီးကိုလည်း ကူညီစောင့်ရှောက်ပေး ၊ ဟုတ်ပြီလား ”

အစ်ကိုကြီး ဆိုတော့လည်း ချစ်ကြောက်ရိုသေရသဖြင့် ခေါင်းညိတ် လက်ခံခဲ့သည် ။ ခင့်အတွက်လည်း တိုးတိုးဖော် တူမလေး ရောက်လာပြီဟု ဝမ်းသာမိသည် ။ ရောက်ကတည်းက အလိုက်သိတတ်စွာ နေထိုင်ပြီး သူ့ဘဝအတွက် ကြိုးစားရှာပါသည် ။ အလုပ်အကိုင် ရရှိစေရန် ဒီပလိုမာသင်တန်းတွေ တက်ကာ ကြိုးစားရှာသည် ။ အလုပ်ရပြန်တော့ အဝေးသင်တက်ကာ ဘွဲ့ရအောင် ပညာကြိုးစားသင်ရပြန်သည် ။

ရန်ကုန်မြို့မှာ အနေကြာလာသဖြင့် တောသူအသွင် ပျောက်ပြီး ပြင်တတ်ဆင်တတ်သော ရန်ကုန်မြို့သူ ကိုရီးယားစတိုင်ရုပ်မျိုး ဖြစ်လာသည် ။ အလုပ်ကလည်း ရာထူးရ ၊ မကြာမီ ဘွဲ့ရတော့မည် ။ ဒီ အရွယ်မှာ အမြီးပေါက်ကြတာချည်းမို့ တူမလေးကို စိတ်ဝင်စားသူများ ရှိလာသည် ။

“ အန်တီခင် ၊ သမီး ဘယ်သူ့ကို ရွေးရမှာလဲဟင် ”

သည်လို အဒေါ်နှင့် တူမ ရင်းနှီး ပွင့်လင်းစွာ တိုင်ပင်ဖက်များ ။ တူမချောကို စိတ်ဝင်စားသူတို့အား နည်းလမ်းမျိုးစုံဖြင့် ယောက်ျားကောင်း အရည်အချင်း စစ်ဆေးကြပြီးသော အခါမှ -

“ အန်တီခင် .. အားလုံးထဲမှာ ကိုမင်းချစ်ဦးမောင်က အမှတ်အများဆုံးပဲနော် ”

“ အေး အန်တီလည်း အတူတူပဲ ”

သည်လိုနှင့် ပညာတတ်ဘွဲ့ရ ၊ တစ်လဝင်ငွေ ငါးသိန်းရ မန်နေဂျာကြီး ကိုမင်းချစ်ဦးမောင်အား တူမချောအတွက် ဘဝလက်တွဲဖော် အဖြစ် ရွေးချယ်ပေးခဲ့လေသည် ။ ကောင်လေးကလည်း ရိုသေကျိုးနွံ ရှာသည် ။ ဂါရဝတရားလည်း နားလည်သည် ။

အင်း .... ခင်လည်း တွေးရသည် ။ သည်ခေတ် ကလေးတွေက ချစ်လို့ အတူတွဲ သွားလာတာ ဆိုပေမယ့် မိန်းကလေးရှင် အနေနဲ့ စိတ်ပူပန်ရတာ အမှန် ။ တူမချောရဲ့ မိဘကိုယ်စား ခင်က အုပ်ထိန်းနေရတာ တာဝန်ကြီးလှသဖြင့် -

“ သမီးရဲ့အဖေကို သမီးတို့ကိစ္စ ဖွင့်ပြောပြီး လူချင်း တွေ့ပေးကြရအောင် ”

“ ဖြစ်ပါ့မလား အန်တီခင်ရဲ့ ။ သမီးကြောက်တယ် ”

“ မကြောက်ပါနဲ့အေ ။ အန်တီခင် တစ်ယောက်လုံး ရှိပါတယ် ”

အဒေါ်ဖြစ်သူက ဒီလို ရဲဝံ့စွာ ပြောလာတော့ တူမချောက သဘောတူ ခေါင်းညိတ်ကာ တောက အဖေ ဖြစ်သူကို လှမ်းခေါ်ကာ အကြောင်းစုံ ဖွင့်ပြောပြလိုက်ရာ -

“ ကောင်လေးက ပညာရော ၊ အလုပ်ရော ၊ မိဘမျိုးရိုးရော ပြော စရာမရှိဘူး ... ။ အစ်ကို့သမီး တစ်ယောက်တည်း ဦးနှောက်နဲ့ ဆုံးဖြတ်ထားတာ မဟုတ်ဘူး ။ ခင်ကိုယ်တိုင် လေ့လာပြီးမှ ဆုံးဖြတ်ရွေးချယ်ခဲ့ကြ တာပါ ၊ စိတ်ချ ”

ခင့်ရဲ့ ဤလို အာမခံစကားလုံးများကြောင့် အစ်ကိုကြီး သဘောကျကာ သမက်လောင်းနှင့် တွေ့ဆုံ စကားပြောခဲ့သည် ။ ရုံးပိတ်ရက်များတွင် အစ်ကိုကြီး သွားလိုသော ဘုရားများ ၊ လည်စရာ ပတ်စရာများသို့ တူမချောစုံတွဲက လိုက်ပို့ပေးကြသည် ။ ဓာတ်ပုံတွေ အတူရိုက်ကြ သည် ။ သမက်လောင်းရဲ့ ပုံကိုပြပြီး အစ်ကိုကြီး တစ်ယောက် သူ့ရွာမှာ ကြွားဦးမှာ မြင်ယောင်နေမိသည် ။

သည်လိုနှင့် တူမချော ဘွဲ့ယူပြီးလျှင် လက်ထပ်ကြရန် ခွင့်ပြုခဲ့လေတော့သည် ။ လူကြီးမိဘများက ခွင့်ပြုပြီမို့ တူမချောတို့ကလည်း မင်္ဂလာ ခန်းဝင်ပစ္စည်းများ စုဆောင်းကြလေပြီ ။

အစ်ကိုကြီး ရွာသို့ ပြန်သွားပြီးနောက် ရွာမှ လူကြုံများနှင့် ဆုံတွေ့လျှင် ...

“ ဟဲ့ … မခင် ၊ နင့်အစ်ကိုက သူတော်ရမယ့် သမက်ရဲ့ ဓာတ်ပုံကို တစ်ရွာလုံး လိုက်ပြကြွားနေတာဟ ” ဟူ၍ ကြားရသဖြင့် ခင် ပြုံးမိလေသည် ။

••••• ••••• •••••

“ တန် ... တန် ... တန် ... တန် ”

ဖုန်းမြည်သံကြောင့် ခင် ကြည့်လိုက်ရာ အစ်ကိုကြီးဆီမှ ဖြစ်နေသဖြင့် -

“ ပြော အစ်ကိုကြီး ”

“ ဟဲ့ ... မိခင် ၊ နင် ဝိုင်းကူရွေးပေးတဲ့ ရွှေသမက်လောင်းကြောင့် ငါ ရွာမှာ အရှက်ကောင်းကောင်း ကွဲပြီဟဲ့ သိရဲ့လား ”

ငိုသံပါကြီးနှင့် ဖုန်းဆက်လာသော အစ်ကိုဖြစ်သူရဲ့စကားကြောင့် ခင် နားရှုပ်သွားကာ -

“ အစ်ကို့ သမက်လောင်းက ... ရန်ကုန်မှာ ရှိနေတာ ရွာမှာ ဘယ်လို အရှက်ကွဲရတာတုံး ”

“ ဟင်း ... နင် ... နင်တို့ ရန်ကုန်နေပြီး ၊ စာရေးဆရာမ ဖြစ်ပြီး ဂျာနယ်တွေ ဘာတွေ မဖတ်ဘူးမို့လား ”

“ ဂျာနယ်နဲ့ အစ်ကို့သမက်နဲ့ ဘာဆိုင်လို့လဲ ”

“ ဆိုင်တယ်တဲ့ ... ဆိုင်တယ် ။ ဂျာနယ်ထဲမှာ သူ့ဓာတ်ပုံနဲ့ သူ့နာမည်နဲ့ ထင်ထင်ရှားရှားကြီး ပါလာတာများ ။ ရွာထဲကလူတွေ လာပြလို့ သိရတာလေ ။ ငါ့မှာတော့ ကြွားထားလိုက်တာ ။ ရွာထဲက လူတွေက ခင်ဗျားပြောတော့ သမက်လောင်းက လူတော် မန်နေဂျာကြီးဆို ။ ခုတော့ ခင်ဗျားသမက်က အရက်သမား စစ်စစ်ကြီးကိုး ဆိုပြီး ဝိုင်းလှောင်ခံ ရတယ်လေ ။ အရက်ပုလင်းအဖုံး ကံထူးရှင် မဲပေါက်လို့ ကြော်ငြာထားတာ ။ အဲဒါ ကျွန်တော် အရက်သမားပါဗျာလို့ တစ်တိုင်းပြည်လုံး သိအောင် ကြေညာလိုက်တာဟဲ့ သိပြီလား ၊ နင့်တူမကို အရက်သမား မယားတော့ အဖြစ်မခံနိုင်ဘူး ၊ ဒီလို ကောင်စားမျိုးနဲ့ သဘောမတူဘူး ။ ငါအခုချက်ချင်း လာခဲ့မယ် ၊ ဒါပဲ ”

အဲ ... အဲသလို အရက်ပုလင်းအဖုံး ကံထူးရှင်စာရင်းဝင်မို့ သူ့သမီးနဲ့ သမက်ကို မပေးစားဘူး ၊ ပြီးတော့ ဖူးစာရှင်ရွေးပေးတဲ့ ခင့်မှာလည်း အပြစ်ရှိတယ် ဆိုပြီး ဆုံးမမလို့တဲ့ ။ ဒါကြောင့် ခင်တို့ တူဝရီးနှစ်ယောက် စတေးရှောင်နေရပါတယ် ရှင် ။ ဒါပေမဲ့ သူတို့ လက်မှတ်ထိုးပြီးရင် ခင့်တာဝန် ပြီးပြီနော် ။

အရက်အဖုံး ကံထူးရှင် မော်တော်ကားကို ယောက္ခမဖြစ်သူကို ကန်တော့မယ်တဲ့ ။ အဲဒီအခါကျရင် အစ်ကိုကြီးရဲ့ မျက်နှာ ဘယ်လို ဖြစ်သွားမလဲဆိုတာ စာဖတ်ပရိသတ် သိချင်မှာပဲနော် ။

▢  ဟန်သီဇင်
📖 သောကြာ စာစောင်
      ဒီဇင်ဘာ  ၊ ၂၀၁၇

မီးသတိ

❝ မီးသတိ ❞
( ဆင်ဖြူကျွန်းအောင်သိန်း  )

မိုးရာသီ ကုန်ဆုံးသွားပြီ ဆိုလျှင် ကိုဆေးရိုးတို့ ပထမဦးစွာ ပြုလုပ်ရသော အရာမှာ မီးဖိုကျင်းပင် ဖြစ်တော့သည် ။ တစ်မိုးတွင်းလုံး မီးဖိုကို မှောက်ချင်မှောက် ၊ လှန်ချင်လှန် ၊ စောင်းချင်စောင်း လုပ်ချင်သလို လုပ်ခဲ့ပေမယ့် အသည်းအေးစဖွယ် မြောက်လေကလေး သွယ်နွယ်လာပြီ ဆိုမှဖြင့် မီးကို ရိုသေစိတ် ဝင်လာကြရသည် ။ မရိုမသေလျှင် ရပါမည်လား ။

မီးတဲ့ဟေ့ ဆိုလျှင် အပ်တိုအစ ကြမ်းကြား ခါးပန်းကြားက ကြမ်းပိုးကိုပင် မချန် အကုန်မျိုဝါးလေ့ ရှိသော အစားကြူးသည့် ဘီလူးကြီးမို့ ကြောက်ကြသည် ။ ရိုသေကြသည် ။ ကိုင်းရှိုင်းလေးစားကြ၏ ။

“ ကိုင်း ကိုင်း ”

သူကြီးအိမ်မှ အမိန့်တစ်ခုကို နာခံလာခဲ့ရပြီး မိမိပိုင် အိမ်စုများသို့ တစ်ဆင့် ကြေညာချင်ပြီဆိုလျှင် သူငယ် အိပ်ဆိတ်ချိန်တိုင်း အစချီ ထွက်ပေါ်လာလေ့ ရှိသော ကိုဆေးရိုးတို့ ဆယ်အိမ်ခေါင်း၏ အသံတည်း ။

“ အိမ်တိုင်းအိမ်တိုင်း အိမ်ရှေ့ အိမ်နောက်ဖေး သင့်လျော်ရာ နေရာမှာ တစ်တောင်ထက် မနည်း နက်တဲ့ မီးဖိုကျင်း တူးပြီး မနက်ရော ညပါ ထမင်းဟင်း ချက်ရမယ်တဲ့ဟေ့ ”

တကယ်တော့ ယင်းအမိန့်မျိုးမှာ လုံးဝ ထုတ်ပြန်ရန် မလိုပေ ။ သို့ရာတွင် မီးဘေးနှင့် တစ်ရွာလုံး၏ ဒုက္ခကို ကြိုတင် သိမြင်သူတိုင်းက မိုးကုန်သည်နှင့် တစ်ပြိုင်နက် မီးဖိုကျင်း အမြန်တူးကာ မနက်ပြန် ညပြန် မီးဖိုကျင်းထဲမှာသာ ချက်ပြုတ်နေကြပြီ ဖြစ်သော်လည်း လူကျင့်ဝတ်ကို မလေးစားသူများကမူ အမိုး နိမ့်နိမ့်ကလေး အောက်မှာပင် မီးတောက် တဟုန်းဟုန်း နှင့် ဆက်လက် ချက်ပြုတ်ဆဲရှိသေးသဖြင့် ဆင့်ဆိုရန် မလိုအပ်သော သူကြီးအမိန့်သည် ဆောင်းဦးပေါက် လေတိုင်း ‘ ရမ်းဘိုကုန်း ’ ရွာတွင်းသို့ ဝင်ရောက်လာရလေသည် ။ မီးဖိုကျင်း ပြီးလျှင် မီးချိတ်မီးကပ်နှင့် ရေအိုး ကိစ္စမှာ ခြောက်သွေ့သော ရာသီအတွက် တစ်ပါတည်း လိုအပ်လာသော အရာများပင်ဖြစ်၏ ။ မတော်တဆ ကြွက်သိုက်ထန်းရွက်တဲ တစ်ခုကို မီးစတင် လောင်ပါက မီးကို ငြိမ်းသတ်နိုင်သော အရာမှာ ရေပဲ ရှိသည် ။ မီးမရောက်မီက ထန်းရွက်မိုးတွေကို ခွာချဆွဲဖျက် ထားရန်နှင့် လောင်ဆဲ ကြွက်သိုက်ကို ရိုက်ဖိရန် ဆွဲဖျက်ပစ်ရန်ကလည်း ဆင်းရဲသော တိုင်းပြည်၏ မွဲနုံသော ကျေးရွာငယ် အတွက် အားထားစရာက ကြီးမားကောင်းမွန်သော မီးသတ်စက်ကြီးများ မဟုတ် ။ မီးကပ်နှင့် မီးချိတ်သာ ဖြစ်၏ ။

ဒါကိုလည်း ထုံးစံအတိုင်းပင် သူကြီးအမိန့်ဖြင့် ဆင့်ဆိုဟစ်ကြော်ရသည် ။ နွားထုံ နွားကတ်များလို ပေတေတေ လုပ်နေသူများကို သူကြီး ထံမှောက်သို့ ဆယ်အိမ်မှူးများက ပို့ဆောင်ကြရ၏ ။ မလိုသော အလုပ်များကို လုပ်ဆောင် မဖြစ်အောင် ဖန်တီးနေကြသူများအတွက် ဘညိန်းတို့ လူငယ်များမှာ ရင်မောနေကြရသည် ။

နှင်းရည်ဖြိုက်ဖြိုက် သောက်ချိုးလိုက်ရသော်လည်း ရမ်းဘိုကုန်း ရွာဝန်းကျင်ရှိ သစ်ပင်များမှာ လန်းစွင့် မလာကြပေ ။ အိုသော အရွက်များသည် မြူမှုန်များ လိမ်းလူးရော်လျက် မွဲမြမြအဆင်းကိုသာ ဆောင်နေကြသည် ။ ဆောင်းမင်းသမီး ဘယ်လို ချောပေမဲ့ မြရွက်အိုများမှာ မကြည်စွမ်းသည့် အသွင်ဖြင့် ပင်ယံမှခွာ ထွက်ရန် အားယူနေကြလေ၏ ။ ရွာ၏ တောင်ဘက် တလင်းများမှ စပါးနယ်သံများသည် တစ်ရက်ထက် တစ်ရက် ၊ တစ်နေ့ထက် တစ်နေ့ အားနည်းသွားသည် ။ ဆောင်းလယ်က မြိုင်ခဲ့သော အရုဏ်တေးသည်လည်း စပါးနယ်သူတို့၏ နှုတ်ဖျား၌ မညံတော့ပြီ ။ ကောက်လှိုင်းပုံများ ပြိုကျသည်နှင့် အမျှ ကောက်ရိုးပုံများသည် ဟီးလာ၏ ။ တစ်ပုံက နှစ်ပုံ ဖြစ်လာ၏ ။ နွေသစ်ဦး စပါးပုံများသည် ဟိန်းလာခဲ့၏ ။ ကောက်ပြန့်အောက်က စပါးပြင်ကြီးမှာ ထူထဲကျစ်လျစ် လာလေသည် ။

“ လူလေးရေ ၊ တစ်နေ့လောက်တော့ အလုပ်ဖျက်ပြီး လှည်းမီး သွားချထားမှ ကောင်းမယ်ဟေ့ ”

မိုးအစဲတွင် လယ်သမား လှည်းပိုင်ရှိသူတိုင်း ရှောင် မရသော ကိစ္စပင် ဖြစ်သည် ။ တစ်မိုးတွင်းလုံး လှည်းစီးကုံးကို မိုးလုံအောင်အုပ်လျက်လှည်းကို ခေါက်ထားခဲ့ကြရာက ကောက်လှိုင်းတိုက်ပြီးလျှင် နေက ပူလာကာ လှည်းဘီးပတ် သံခွေများမှာ ချောင်လာတော့သည် ။ သူကြီးအမိန့်နှယ် ပေကတ်ကတ် လုပ်နေလျှင် အရေးထဲမှာ သံခွေကျွတ်ပြီး လှည်းဘီးတစ်ဖက် အလဟဿ ပျက်စီးရပေမည် ။ သို့ကြောင့်လည်း ချောင်နေသော သံခွေကို ပြန်တင်းရန် လှည်းတိုင်း ဒေါက်ဖိုရှိရာ အဆက်အသွယ်ကောင်း ရှိရာသို့ သွားရောက် အပ်နှံရ၏ ။

“ အလုပ်ဖျက်ဖို့ မလိုပါဘူး အဖေရာ ”

ဘညိန်းက အမှော်ခြစ်ပြီးမှ စပါးပြင်ပေါ်တွင် ခုန်ခုန်၍ စပါးအရှိကို ခန့်မှန်းနေသည် ။

“ မဖျက်လို့ နေခင်းကြောင်တောင်ကြီး သွားမလို့လားကွ လူကလေးရေ ”

ကိုဆေးရိုးက နွားချေးပုံ အသစ်တစ်ခုကို ထန်းဖုံးဖတ် အခြမ်းနှစ်ခုဖြင့် ညှပ်ကော်ထားရင်း လှည့်မေး၏ ။

“ ဒါပေါ့ အဖေရ ။ သူတို့ မနက်စောစော ခဏလေးပဲ စပါးထနယ်ပြီး အိပ်နေကြတဲ့ဥစ္စာ ၊ ဘာလုပ်ရတာ မှတ်လို့ ”

ဘညိန်းက နွားကြီးနှစ်ကောင်ကို မေးငေါ့ပြနေစဉ် ကိုဆေးရိုး၏ လက်ထဲမှ နွားချေးများမှာ ပျဉ်ပြား နှစ်ခုကြားမှ ကိုဆေးရိုး၏ ခြေဖမိုးပေါ်သို့ ကျလာ၏ ။

“ ငါလခွေးမှပဲ ၊ မင့် ပြောရတာနဲ့ ပေကုန်ပြီ ”

ချောစိန်က ကိုဆေးရိုးကို ကြည့်လျက် တစ်ဖက်သို့ လှည့်ပြီး ပြုံးလိုက်ရာ မကျီးဒန်က

“ ကဲ ကိုရွှေဆေးရိုးရေ ၊ နောက်ချေးတွေများ နေရာတကျ ပစ်လိုက်ပါဦး ။ တကတည်း စားတော့မယ့် အတိုင်းပဲ ၊ ကိုင်ထားလိုက်တာက ”

“ ညည်းကို ကျွေးမလို့ ”

ကိုဆေးရိုးက မချိုမချဉ် မျက်နှာပေးနှင့် လှည့်ပြောလိုက်ပြီးနောက် “ အေးလေ လူလေး သဘောပဲ ” ဟု ဆိုကာ နွားချေးပုံရှိရာသို လှမ်းထွက်သွားသဖြင့် ဘညိန်းက အသံကို မြှင့်ပြောလိုက်၏ ။

“ အခု နေဆို သိပ်မပူသေးဘူး အဖေရ ။ အခု သွားလိုက်မယ်လေ ၊ အဖေတို့ ကောက်ပြန့်နှင့်ကြ ။ အစ်မလည်း အားနေသားပဲ ”

“ အမယ် ၊ ကျုပ်တို့ ပြန့်နိုင်ပေါင်တော် ”

ချောစိန်က ခေါင်းခါခါ လည်ခါခါဖြင့် အော်လိုက်၏ ။ ဘညိန်းက မကြားဟန်ဆောင်ကာ ကိုဆေးရိုး၏ လက်ထဲမှ နွားချေးများ လွတ်ကျရာ နေရာသို့ ခဏ သွားထိုင်ပြီး မကျီးဒန်နှင့် ချောစိန် ရှိရာသို့ ပြန်လာကာ ရှေ့တည့်တည့်တွင် ချောစိန်နှင့် လက်တစ်လှမ်းကွာတွင် သွားရောက်၍ ဆောင့်ကြောင့်ထိုင်လေသည် ။

“ ဘာပြောတယ် ။ မပြန့်နိုင်ဘူး ဟုတ်လား ”

“ ဟုတ်တယ် ”

“ ကဲ ဟုတ်ဦး ”

ဘညိန်းက ပြောပြောဆိုဆိုဖြင့် ချောစိန်၏ ပါးကို လက်ညှိုးဖြင့် တို့ပြီး နောက်သို့ ဆုတ်လျက် မတ်တတ်ရပ်လိုက်၏ ။ ချောစိန်၏ ပါးတစ်ဖက်တွင် နွားချေးများဖြင့် ညိုမည်းသွားကာ ပါးကို လက်ဖြင့် ပွတ်ကြည့်သည့် လက်မှာလည်း ထပ်မံ ပေကျံသွား၏ ။

“ အမေ ၊ အမေ့သားကို မပြောဘူးလား ။ ဒီမှာ နောက်ချေးတွေနဲ့ ပါးကို သုတ်သွားတယ် ”

မိခင်သို့ လှမ်းတိုင်လိုက်ပြီး ချောစိန်က လှမ်း၍ အော်လိုက်ပြန်သည် ။

“ ဟဲ့ ခွေး ”

“ ဝုတ်ဝုတ် ”

“ ငါ့ချီးကို စားမလား ၊ ဟဲ့ ခွေး ”

“ နင်သာစား ”

“ နင်သာစားဟဲ့ ခွေးရဲ့ ”

မကျီးဒန်က ကြည့်ကောင်းကောင်းနှင့် ကြည့်နေသလား ၊ မပြောချင်၍လား မသိ ၊ ဆေးပေါ့လိပ်ကြီးကို ထောင်းခနဲ ထောင်းခနဲ တစ်ချက်ချင်း ဖွာငေးနေလေသည် ။

“ မှတ်ကရော ကောက်မပြန့်ချင်နဲ့ဦး ”

ဘညိန်းက ရေအိုးတွင် မျက်နှာသစ်နေသော ချောစိန် အနားမှ ဖြတ်သွားရင်း မခံချိမခံသာ ပြောလိုက်ကာ နွားနှစ်ကောင်ကို ချည်တိုင်မှ ဖြုတ်နေသည် ။ ထိုအချိန် ဘညိန်း ကျောအလှည့်၌ ချောစိန်က နွားချေးပုံ တစ်ခုကို ညောင်ရွက်ဖြင့် ကော်လျက် ဘညိန်း၏ ကျောပြင်ကြီးပေါ်သို့ ဘတ်ခနဲ ကပ်လိုက်ရာ

“ အမေရေ လုပ်ပါဦးဗျို့ ၊ ပေကုန်ပြီ ”

“ ဓားနဲ့ခုတ်ဟဲ့ ၊ ဓားနဲ့ခုတ် ”

မကျီးဒန်က ခပ်ချဉ်ချဉ်မို့ အရွဲ့တိုက် ပြောလိုက်စဉ် ကိုဆေးရိုးက နွားချေးကျုံးသော ထန်းဖုံးဖတ် နှစ်ခြမ်းကို ကိုင်လျက် ရောက်လာသည် ။

“ ကိုက်ကြပြန်ပြီလား ဟေ့ ”

“ ကျုပ်ကျောကို နောက်ချေးတွေနဲ့ လာပက်တယ် အဖေရ ။ ကြည့်စမ်းပါဦး ဒီမှာ ”

ဘညိန်းက ကျောကြီးကို ကုန်း၍ ပြ၏ ။

“ နင် ငါ့ပါးကို နောက်ချေးနဲ့ သုတ်သွားတာကိုတော့ မပြောတော့ဘူးလား ”

“ ငါတို့တာက နည်းနည်းလေးရယ် ”

“ ကဲ တော်ကြစမ်း တော်ကြစမ်း ။ နှစ်ယောက်စလုံး အရိုက်ခံရမယ် ။ ဟိုကောင်ကော အခုတလော တော်တော် ချိုထောင်နေတယ်နော် ။ ကြပ်ကြပ်သတိထား ။ လှည်းမီးသွားချတာ လှည်းအပ်ပြီးရင် ချက်ချင်း ပြန်ခဲ့ ။ ဘယ်နေ့ ရမလဲ ဆိုတာလည်း သေသေချာချာ မေးခဲ့ ”

ဖအေဖြစ်သူက ဖိကြိမ်းလိုက်သည်တွင် ဘညိန်းမှာ ဝပ်ဆင်းသွားလေသည် ။ တစ်ခွန်းမျှ ပြန်မပြောဘဲ နွားနှစ်ကောင်ကို လှည်းထမ်းပိုးအောက်သို့ ဆွဲပို့နေလေ၏ ။ လှည်းနှင့် ပတ်သက်သော လှမ်းကြမ်းအိမ် လုပ်ခြင်း ၊ လှည်းယာဉ်အိမ် လုပ်ခြင်း ၊ ပုံတောင်းလဲခြင်း ၊ ပြင်ခြင်း ၊ ဆိတ်မျက်လုံး ပြင်ဆင်ခြင်း ၊ လဲလှယ်ခြင်း ၊ လှည်းဘီးတကူ လဲလှယ်ခြင်း ၊ လှည်းဘီးဒေါက်ပြင် ခြင်းနှင့် လှည်းဘီး သံခွေ လဲလှယ်ခြင်း ၊ ပြင်ဆင်ခြင်း စသည်တို့ကို လုပ်ကိုင်ပေးရာဌာနကို ဒေါက်ဘီးဖို သို့မဟုတ် ‘ ဒေါက်ဖို ’ ဟုခေါ်ကြ၏ ။

ရမ်းဘိုကုန်းနှင့် အနီးဆုံး ဒေါက်ဖိုမှာ လေးဖာလုံခန့်သာ ကွာဝေး၍ မီးနှင့် လုပ်ရသော အလုပ်ဖြစ်သည့် အတွက် လယ်ကွင်းကြီး တစ်ခု၏ အစပ် ညောင်ပင် အောက်တွင် ကနဖျင်းကြီး တစ်ခုထိုးလျက် အလုပ်လုပ် နေလေသည် ။

ပေပေါ်တွင် လှည်းဘီးသံခွေပတ်ကို တင်၍ တအား ထုလိုက်သောအသံကို ဘညိန်းက ခပ်ဝေးဝေး မှပင် ကြားခဲ့ရ၏ ။ ထန်းရွက်မိုး ကနဖျင်း အနီးသို့ လှည်းရောက်လာ၍ မျှော်ကြည့်လိုက်လျှင် ဘညိန်းမှာ

မောဟိုက် သွားရလေ၏ ။ ကနားဖျင်းရှေ့တွင် ဘီးချွတ် ထားသော လှည်းများ ၊ မချွတ်ရသေးဘဲ ရပ်ထားသော လှည်းများက ၂၀ ခန့် ရှိနေပေသည် ။

“ ဗျို့ ဦးဖိုးသောင်း ၊ လှည်းမီး ချမလားဗျို့ ”

ဘညိန်းက တဲတွင်းသို့ အော်၍ ဝင်သွား၏ ။ ဦးဖိုးသောင်းက ဖားဖိုထက်မှ သံခွေများကို ညှပ်ကြီးတစ်ခုဖြင့် မီးညီအောင် ညှိပေးနေရာက မော့ကြည့်သည် ။

“ ထားခဲ့ကွာ သုံးလေးရက် ကြာမှ လာခဲ့ကွာ ”

“ ဘယ်လှည်းဆိုတာလည်း ထွက်ကြည့်ဦးမှပေါ့ဗျ ”

တရှူးရှူး အော်နေသော ဖားဖို၏ မြည်သံကို ဘညိန်း၏ အသံက မဖောက်ထွင်းနိုင်သောကြောင့် ဦးဖိုးသောင်းက သူ၏ သံတူများကိုသာ ငုံ့ကြည့်နေရာက သံခွေတစ်ခုကို ဆွဲမလိုက်ကာ ပေပေါ်သို့ တင်လိုက်သည်နှင့် အသင့်ရှိနေသော တပည့် တစ်ယောက်က မီးရဲရဲအညိဆုံးနှင့် မပြေပြစ်ဆုံးနေရာကို တူကြီးနှင့် ခပ်ဆဆကလေး ထုလိုက်သည် ။

မီးပွားများသည် ဖွားခနဲ ပြန့်လွင့်လာသဖြင့် ဘညိန်းမှာ နောက်ဆုတ်ပေးလိုက်ရ၏ ။

“ ထုထု ”

ဦးဖိုးသောင်းအမိန့် ပေးလိုက်သည်နှင့် တစ်ပြိုင်နက် တူသမားက တူကို မြှောက်၍ ထုချေလိုက်ရာ သံစတစ်စသည် ရဲခနဲ ထန်းရွက်ကြားသို့ ပြေးကပ်သွားလေသည် ။ မည်သူမျှ မမြင်လိုက်ကြပေ ။ သံခွေ ဆက်သည့်ဘက်ကိုသာ အာရုံစိုက်နေကြသဖြင့် ခေါင်းပေါ်မှ မီးတောက်တောက်သံ ကြားတော့မှ မော့ကြည့်မိ ကြတော့သည် ။

“ ဟ ငခွေး ၊ အပေါ်တက်ပါဟ ။ အဲ အိုးနဲ့ပေါက် ၊ ပေါက်ပါဟ ”

ဦးဖိုးသောင်းမှာ ပျာယာခတ်သွား၏ ။ ဘညိန်း လည်း အနီးရှိ အိုးထဲမှ ရေများကို ဆွဲခပ်ပက်ဖျန်းပါ၏ ။ သို့ရာတွင် လေအေးတစ်ချက် သုတ်လိုက်သည်နှင့်တစ်ပြိုင်နက် တဲတစ်ခြမ်းကို မီးဝါးပြီးသား ဖြစ်သွားကာ တဲပြင်ဘက်သို့ လက်လွတ် ထွက်ပြေးကြရလေ၏ ။

ဘညိန်း မှာလည်း မတော်တဆ သူ့ လှည်းပါ မီးထဲ အဆစ်ပါမည် စိုးသဖြင့် လှည်းပေါ် တက်ပြီး ရွာဆီသို့ ဒုန်းစိုင်းခဲ့ရ၏ ။ သူ၏ နောက်တွင် ဝါးပေါက်သံများသည် ကိုင်းတောကို မီးသင့်သည့်နှယ် အဆက်မပြတ် ထွက်ပေါ်နေ၏ ။ တဖြည်းဖြည်း ဝေး၍ ကျန်ခဲ့သည် ။ ဝါးပေါက်သံများသည် ဘညိန်း၏ နောက် ဘက်တွင် ဝေး၍ ပျောက်ကွယ်သွားခဲ့ရာက ဘညိန်း ရှေ့မှ ဆီးကြိုနေပြန်သော ကာလ၌ ဘညိန်းမှာ မျက်လုံးငယ်ထိပ်သို့ ကပ်သွားရလေတော့၏ ။

ရွာဘက်သို့ နီးလာလေလေ ဝါးပေါက်သံလိုလို အသံတွေက ပိုမိုကျယ်လောင်လာလေလေ ။ ရွာဆီ ကြည့်ပြန်တော့ မီးတောက် မမြင် ၊ မီးခိုး မတွေ့  ။ ဦးဖိုးသောင်း၏ ဒေါက်ဖိုကို မီးလောင်သလိုလည်း အဆက်မပြတ် ထွက်ပေါ်နေခြင်း မဟုတ် ။ ပြတ်တောင်းပြတ်တောင်းသာ တစ်ခါတစ်ရံ ကွမ်းတစ်ရာညက်ကျော်မှ အသံထွက်လာသည် ။ ရေတွေ အရွှဲသား ပြာမှုန်များ လူးကပ်သော ကိုယ်ဖြင့် တလင်းထဲသို့ လှည်းမောင်းကာ ဝင်လာသည့်တိုင်အောင် ဘညိန်းမှာ မီးလောင်ရာက ဝါးပေါက်သံလိုလို ထွက်ပေါ်နေသော အသံများ၏ ဇာစ်မြစ်အမှန်ကို စဉ်းစား မရနိုင်ရှိသဖြင့် ထမင်း စားရာမှာပင် လည်တိုင် တငင်ငင်ဖြစ်နေကာ အသံလာရာ ပုရပိုက်တန်းရွာဘက်သို့သာ မျှော်၍ ကြည့်နေမိသည် ။

ဒိုင်းခနဲ အသံထွက်သွားသည်နှင့် တစ်ပြိုင်နက် “ နံပါတ်ဝမ်းကွ ” ဟူသော အော်သံများသည် ရမ်းဘိုကုန်းရွာနှင့် ပုရပိုက်တန်းရွာကြားရှိ မန်ကျည်းအုပ် အောက်ဝယ် ဆူညံသွားလေ၏ ။ မန်ကျည်းအုပ် ဟု ဆိုသော်လည်း ရွက်ချင်း ယှက်၍ နေပြောက် မထိုးအောင် ပြည့်သိပ်နေသည် မဟုတ် ။ ပူပြင်းသော နေရောင်သည် မန်ကျည်းပင်များ ကြားသို့ ဟိုတစ်ကွက် သည်တစ်ကွက် လျှောဆင်းနေ၏ ။ နေမည်မျှ ပူသော်လည်း လူအုပ်ကြီးမှာ နေပူမှန်းပင် သိဟန် မတူကြ ။ နောက်တစ်ကြိမ် ဒိုင်းခနဲ အသံထွက်လာပြန်လျှင် “ ငနီကွ ငနီ ၊ ငနီဟေ့ ” ဟု ကုန်း၍ အော်လိုက်ကြပြန်သည် ။ မန်ကျည်းအုပ်၏ မြောက်ဘက်အစပ် မန်ကျည်းပင် နှင့် တောင်ဘက်အစပ် မန်ကျည်းပင်ကို အပ်ချည်ကြိုး တစ်ချောင်းနှင့် သွယ်ထား၏ ။ မြောက်ဘက်အစပ်၌ လူအုပ်ကြီး ခဲနေကာ အလယ်တွင် လူလေးယောက် ၊ တောင်ဘက်ဖျား ကြိုးအဆုံးတွင် လူငါးယောက် ရှိ၍ တစ်ယောက်က သစ်ပင်ပေါ် တက်နေပြီး ပဝါဖြင့် အချက်ပေးနေသည် ။

“ ဟော တို့ဘက်က လောင်းမယ့် လူတစ်ယောက် တိုးလာပြန်ပြီဟေ့ ”

မန်ကျည်းအုပ် တောင်ဖျားသို့ စိတ်ဝင်စားစွာ ငေးကြည့်နေသော လူအုပ်ကြီးမှာ နောက်သို့ လှည့်ကြည့်ကြ၏ ။ သူတို့၏ မျက်လုံး ကျရောက်ရာအရပ်၌ ဘညိန်း က ပြောင်းဖူးဖက်လိပ်ကလေးခဲလျက် သူတို့ထံ ဦးတည်လာနေ၏ ။

“ ဟေ့ကောင် ငဆယ် ။ ဒုံးနီကြီးနဲ့ အုံးမောင်ရဲ့ ဒုံးစိမ်းကြီး ပြိုင်နေတယ်ကွ ။ တို့ဘက်က လောင်းပါလား ”

ဒုံးစိမ်း သို့မဟုတ် နံပါတ်ဝမ်းဘက်မှ ထိုးသား လှမောင် ဆိုသူက ဆီး၍ ရွှေကြို လုပ်လိုက်သဖြင့်

“ ပိုက်ဆံ မပါပါဘူးကွာ ”

“ အမယ် ပိုက်ဆံပဲ ၊ ခဲယဉ်းတာ မှတ်လို့ကွာ ။ စပါး လေးတောင်းလောက် တလင်းထဲက ကျုံးယူလိုက်ရင် တစ်ဆယ်တော့ အေးလို့ ”

ပုရပိုက်တန်းရွာသား ငကွန့်က ဝင်၍ ငွေရှာနည်းကို ပြောပြလိုက်၏ ။ ဘညိန်းက လောင်းဖို့ထက် မည်သူနိုင်သည် ရှုံးသည်ကိုသာ သိချင်နေသဖြင့်

“ အခု ဘယ်သူ နိုင်နေလဲကွ ”

“ စောစောပိုင်းက ငါရောပေါ့ကွာ ။ သာဝ ၊ ညံထွန်း ၊ ဖိုးပိန်တို့ရဲ့ဒုံးတွေ ရှုံးပြီး အုံးမောင် ၊ ငဆယ် ၊ လှမောင် စံဝတို့ရဲ့ဒုံးတွေက နိုင်သွားလို့ အခု နိုင်တဲ့ အကောင်ချင်း ပြန်ချနေကြတာ ။ အုံးမောင် ဒီတစ်လားတော့ ရှုံးသွားပြီ ။ နှစ်လား ကျန်သေးတယ် ”

ဒုံး ဆိုသည်မှာ ဒေသစကားသာ ဖြစ်၏ ။ စင်စစ်အားဖြင့် ဝါးပင်မှ ဝါးသာတည်း ။ အခွံလည်း ပါး၍ ရင့်လည်း ရင့်သည့် လက်မ လက်ညှိုး သာသာ ဝါးလုံးငယ်ကို ပါးပါးကလေး ကျန်အောင် အပေါ်ကြောသပ်ပစ်လိုက်ပြီး ထိုဝါးငယ်ကို အပ်ချည်ကြိုးဖြင့် ညီညွတ်ချောပြေအောင် ရစ်ရသည် ။ အပ်ချည်ကြိုးနှင့် ဝါး၏ ကြားတွင် လက်မတစ်စိတ်ခန့် ရှည်သော စွန်၏ တောင်ပံ ၊ ဘဲတောင်ပံ ၊ ကျီးကန်းတောင်ပံ စသည့် ကြိုက်နှစ်သက်ရာ ငှက်တောင်၏ အရိုးကလေး နှစ်ချောင်းကို တစ်လက်မစီ ခွာ၍ ထည့်ထားသည် ။ အပ်ချည်ကြိုးပေါ်တွင် သဘောကျသောအရောင်ကို သုတ်လိမ်းပြီး အပေါ်မှ ထပ်မံ၍ ဖယောင်းဖြင့် တိုက်ထားသည့် ဝါးကို ဒုံးခေါ်၏ ။

အပ်ချည်ကြိုးတန်းကို ငှက်တောင်ရိုးကလေး နှစ်ချောင်း၏ အပေါက်တွင် သွင်း၍ ဝါးလုံးခေါင်းတွင် ဗြောက်အိုးထည့်ပြီး မီးရှို့လိုက်သည် အခါ၌ ယမ်း၏ တွန်းအားကြောင့် ဒုံး ( ဝါးလုံး ) မှာ ကြိုးတန်းတစ်လျှောက် ပြေးလွင့်သွားသည် ။ ဒုံးတစ်ခု တာရှည်ရှည် ပြေးရန် ဗြောက်အိုးသွေ့ခြောက်ရမည် ။ ဒုံး လုပ်သော ဝါးမှာလည်း ခြောက်သွေ့ ပါးလျားရမည် ။ ဒုံးသည် ဦးချွန်နိုင်သရွေ့ ချွန်ရမည် ။ ကြိုးသီရာ ငှက်တောင် အရိုးများ ချောမွတ်ရမည် ။ ဒုံး တကယ် ကောင်းလာလျှင် ကြိုးစွန်ရှိ မန်ကျည်းပင်ထဲသို့ပင် စိုက်ဝင်နေတတ်၏ ။ သို့ရာတွင် ဒုံးမှာ သုံးမရအောင် ကွဲအက် နာကြည်းတတ်သွားသည့်အတွက် ကြိုးစွန်၌ အဝတ် ထူထူ ခံထားရလေသည် ။

“ ဟေး စကားဝါကွ ၊ စကားဝါဟေ့ ”

ဒုံးစိမ်းနှင့် ဒုံးနီတွင် အစိမ်း ရှုံးသွားပြီးနောက် ၊ အနီနှင့် အနက် သုံးလားစီ ပြိုင်ကြရာ အနက်မှာ ကြိုးဆုံးအောင် မသွားသဖြင့် ရှုံးသွားပြန်၏ ။ အနက် ရှုံးလျှင် အနီနှင့် အဖြူ ပြိုင်ကြပြန်ရာ အဖြူ ရှုံးသွားပြီး နောက်ဆုံး အဝါနှင့် အနီ ပြိုင်ကြသည်တွင် သဲသဲမဲမဲ ဝိုင်းလောင်းကာ အသေအလဲ အော်ဟစ် အားပေးနေ ကြခြင်းဖြစ်၏ ။

‘ လယ်သမားတို့ လုပ်စာ မြေမှာ တစ်ဝက် ’ ဟူသော စကားတွင် ‘ လေမှာ လေးပုံတစ်ပုံ ’ ဟူ၍ပါ ထပ်ဖြည့်ရပေတော့မည် ။ ယခုပင်လျှင် အလုပ်တာဝန် ပါးသည့် အနက် ချွေးနှင့် ရင်းရသော လုပ်စာ စပါးများကို မတန်တဆ နိမ့်ကျသောနှုန်းဖြင့် လောင်းကစားနေကြလေသည် ။

“ ဟေး .. အနီကွ ၊ အနီ ၊ အနီ ”

အော်သံများသည် မန်ကျည်းအုပ်ကို သိမ့်သိမ့်တုန်သွားစေ၏ ။ ဒုံးပြေးသံသည် ခိုပျံသကဲ့သို့ မြည်ကာ တစ်ဖက်စွန်းသို့ ရောက်သွား၏ ။ တောင်ဘက် စွန်းတွင် ရပ်နေသော လူ ၅ ယောက်မှာ ဒုံးကို ငုံ့ကြည့်ပြီး ငြင်းကြသည်ကို မြင်ရသဖြင့် မြောက်ဘက်ဖျားမှ လူအုပ်ကြီးက တောင်ဘက်ဖျားသို့ ပြေးသွားပြီး ချက်ချင်းပင် တစ်ဖက်နှင့် တစ်ဖက် ရိုက်ကြထိုးကြတော့သည် ။ ရန်ပွဲတွင် မပါသူမှာ ဘညိန်း တစ်ယောက်သာ ရှိ၏ ။

သူ မပါသောကြောင့်လည်း ရွာထဲက လူကြီးများ သိကာ မောင်းထု၍ လူစုသည် ။ ရန်ပွဲကို ဖျန်ဖြေရန် ပြေးလာကြသော အခါ၌ မန်ကျည်းအုပ် အတွင်းဝယ် သွေးမှိုင်းလွင်လွင် ရဲနေလေပြီ ။

“ မိုက်တဲ့ ကလေးတွေပဲ ”

ရွာလူကြီး ဦးပန်းဦးက ဝမ်းနည်းသံဖြင့် ညည်းညူလိုက်၏ ။ တကယ်တော့ ရွာလူကြီး ဦးပန်းဦး နှင့် သားရှင် မိဘများသာလျှင် မိုက်သူများ ဖြစ်၏ ။ သူတို့သည် မိုးအကုန်တွင် လောင်တတ်သော မီးဖိုမှ မီးကို ကာကွယ်ရန်သာ သတိရပြီး မီးဖိုမှ မီးထက် ပြင်းထန်သော မီးကို သည်အချိန်တွင် ကာကွယ်ရမှန်း မသိမမြင်ခဲ့ကြသူများ မဟုတ်ပါလော ။

▢  ဆင်ဖြူကျွန်းအောင်သိန်း
📖 ကိုဆေးရိုး ပေါင်းချုပ်

အမေ မျှော်နေတဲ့ ဆပ်ပြာ တစ်ထုပ်


❝ အမေ မျှော်နေတဲ့ ဆပ်ပြာ တစ်ထုပ် ❞
( ရွှေနောင်ရိုး - မန္တလေး )

ဆေးရုံမှာ ဆုံးပါးခဲ့တဲ့ လူနာကို အိမ်ပြန် သယ်လာခဲ့ပြီး ဖြစ်တယ် ။ နာရေးအိမ်ရှေ့မှာ လူငယ်တွေက စုရုံး စုရုံးနဲ့ လုပ်ကိုင်နေကြပြီး အချို့က လူတစ်ယောက်ကို မျှော်နေကြတယ် ။ အဲ့ဒီလူက နာရေး ရှိတယ် ဆိုရင် ရောက်ရောက် လာတတ်တယ် ။

သူ ရောက်လာပြီ ဆိုရင် နာရေးရှင်တို့အတွက် အပူတစ်ဝက် ငြိမ်းပြီပေါ့ ။ သူက နာရေးပြင်တာ ဆင်တာကအစ သေစာရင်း လုပ်တာ ၊ သင်္ချိုင်းလက်မှတ် ယူတာ နာရေးကိစ္စ မြေကျသည်အထိ တာဝန်ယူ ဦးဆောင် တတ်သူလည်း ဖြစ်တယ် ။ စိတ်မြန်လက်မြန် ရှိသလို အပိုစကားလည်း သိပ်မပြောဘူး ။ ပြောရင်လည်း တုတ်ထိုးအိုးပေါက် ပြောတတ်လို့ အပေါက်ဆိုးတယ် ဆိုပြီး မကြည်တဲ့သူက မကြည်ကြဘူး ။ ဟိုတစ်ချိန်က ဆိုရင် စိတ်မြန်သလောက် လက်လည်း ပါတတ်သူမို့ တချို့ကလည်း သူ့ကို လန့်ကြတယ် ။ ဒါပေမဲ့ လက်တွေ့ကျကျ လုပ်တတ်ကိုင်တတ်ပြီး ကိစ္စတစ်ခုကို ပြီးစီးသည်အထိ တာဝန်ယူတတ်သူမို့ စိတ်လည်း ချကြတယ် ။ ဒါ့ကြောင့် မပေါင်းလည်း ခက် ၊ ပေါင်းလည်း ခက်တဲ့ ကိုဘခက်ရယ်လို့ အရပ်ထဲက နာမည် ပေးထားကြတယ် ။ ဒါကလည်း ကွယ်ရာမှာပဲ ပြောရဲကြတာ ။ ရှေ့မှာ ဆိုရင်တော့ ကိုဘခက်ကြီး ၊ ကိုဘခက်ကြီးနဲ့ သွား အဖြဲသားပေါ့ ။

နောက် ကြာလာတော့ လူမှုရေး လုပ်ရတဲ့ အတွေ့ အကြုံတွေ များလာတော့ ကိုဘခက်လည်း ဆင်ခြင်လာတတ်တယ် ။ အချိုးတွေ ပြင်လာတယ် ။ အရင်လို လက်တွေခြေတွေတော့ မပါတော့ဘူး ။ သူ့ရင်ထဲ အဆင်မပြေ မကျေနပ်တော့ဘူး ဆိုရင်တော့ အရက်ဆိုင်ဘက်ကို ထွက်သွားတတ်တယ် ။ ပြီး ရင် အမူးသောက်ပြီး ကြုံရာမှာ ထိုးအိပ်နေလိုက်တော့တဲ့ ကိုဘခက်ပါပဲ ။

ကိုယ်ပိုင်စီးပွားရေး လုပ်ပြီး စာလေးပေလေးလည်း ရေးတတ်သူမို့ သူ့ကို လေးစားတဲ့သူလည်း များပါတယ် ။ ကိုယ့်ထမင်း ကိုယ်စားပြီး လုပ်တယ်ကိုင်တယ် ။ ဘယ်တော့မှ အခွင့်အရေး ဆိုတာမျိုးလည်း ယူတတ်တဲ့သူ မဟုတ်ဘူး ။ လူပေါ်လူဇော် မလုပ်တတ်လို့ ချစ်တဲ့ခင်တဲ့ သူတွေလည်း ပေါပါရဲ့ ။ ပေါင်းရခက်တဲ့ ကိုဘခက် ဆိုပြီး ဖယ်ချင်ကြဉ်ချင်တဲ့ သူတွေလည်း ရှိတယ် ။ ကိုဘခက် ကတော့ ဘယ်သူ့ကိုမှ မှုမနေတတ်ဘူး ။ သူ လုပ်စရာရှိရင် လုပ်တယ် ။ သူ့ရင်ထဲမှာ မကျေနပ်ရင်တော့ ပေါက်ကွဲ ဆူပူမနေတော့ဘဲ အမူး သောက်ပြီး ကြုံရာမှာ ထိုးအိပ်နေတတ်တာကတော့ ကိုဘခက်ရဲ့ အကျင့်လို ဖြစ်နေပြီ ။

အဲ့ဒီအချိန်ကာလတွေမှာက ဗြဟ္မစိုရ်တို့ ၊ ချမ်းမြသုခတို့ ၊ လောကပါလတို့လို လူမှုရေးအဖွဲ့အစည်းတွေ မရှိ ကြသေးဘူး ။ ကိုဘခက်တို့လို သုဘရာဇာ သာသာ အလုပ်ကို လုပ်မယ့်သူ ကလည်း ရှားပါးပစ္စည်းတွေ ဖြစ်နေတဲ့ အချိန်ကာလမျိုး ဖြစ်နေတယ် ။ စာလေးပေလေး ရေးတတ်တဲ့ ကိုဘခက်က စာတွေလည်း အတော် ဖတ်တဲ့သူ ဆိုတော့ သူ့မှာ ပြုပြင်ပြောင်းလဲချင်တဲ့ အတွေးအခေါ်လေးတွေ ရှိတတ်တယ် ။ ဒါပေမဲ့ အရိုးစွဲနေတဲ့ ခေတ်ဆွေး အယူသီးမှုတွေကို ဖက်တွယ်နေတဲ့ လူတွေက အများကြီးမို့ ကိုဘခက်က တိုးမပေါက်ပါဘူး ။

••••• ••••• •••••

တစ်ခါတုန်းက မိုးထဲ ရေထဲမှာ အမူးသောက်ပြီး မှောက်နေတဲ့ ကိုဘခက် တစ် ယောက် အအေးပတ်ပြီး ဆေးရုံ ရောက်ရတဲ့အဖြစ်လည်း ကြုံဖူးခဲ့တယ် ။ အဲဒီကိစ္စက အသင်းအဖွဲ့နဲ့လည်း မဆိုင်ဘူး ။ ဘဏ္ဍာရေး အခြေအနေ ငွေကြေးကိစ္စလည်း မဟုတ်ဘူး ။ ဘယ်လို ပြောရမလဲ ၊ ရပ်ဓလေ့ ရွာဓလေ့လို့ ပြောရမှာလား ။ အစွဲအလမ်း ပြဿနာလို့ ပြောရမှာလား ။ ရှင်းပြဖို့ တော်တော်ခက်တဲ့ ကိစ္စပဲ ။ ဒါပေမဲ့ ဒီကိစ္စမျိုး ဖြစ်လာရင် ဘယ်သူမှ ဖြေရှင်းလို့ မရဘူး ။ အဲဒီကိစ္စက “ ရွာနာတယ် ၊ ရပ်နာတယ် ” ဆိုတဲ့ ကိစ္စ ။

မန္တလေးက ရန်ကုန်နဲ့ မြို့ကြီးချင်း တူပေမဲ့ ဓလေ့ထုံးစံချင်း မတူဘူး ။ ယဉ်ကျေးမှုချင်း မတူဘူး ။ ရန်ကုန်မှာ နာရေးဖြစ်ရင် ရေခဲတိုက်ပို့ပြီး ထားကြတယ် ။ ရေဝေးက ရေခဲတိုက်မှာထား ၊ သက်ဆိုင်ရာ နာရေးရှင်တွေ အိမ်ကနေ ပူဆွေး ၊ အိမ်က ကနေပဲ ငိုကြွေး ၊ သင်္ဂြိုဟ်မယ့် အချိန်ကျမှ သတ်မှတ်တဲ့ စုရပ်ကနေ တန်းစီပြီး ကားတွေနဲ့ သွား ၊ ခန်းမမှာ ပြင်ဆင်ပြီး ဈာပနကိစ္စ လုပ်ကြတယ် ။ မန္တလေးမှာက ဆေးရုံကြီးမှာ ထားပြီး သင်္ဂြိုဟ်တာ ရှိတော့ ရှိတယ် ရှားတယ် ။ များသောအားဖြင့် ကိုယ့်အိမ်မှာ ထားပြီး သင်္ဂြိုဟ်ကြတယ် ။ တချို့များ ကိုယ့်အိမ်ကိုယ့်ရွာ ပြန်သယ်ချင်လို့ ဆေးရုံမှာ ဆုံးအောင်ထိ ဆေးမကုကြတော့ဘူး ။ မတော်လို့ ဆေးရုံမှာ သေရင် ကိုယ့်အိမ်ကို အပြန်ခက်မှာစိုးလို့ စောစော အိမ်ပြန် သေကြတယ် ။ ဆရာဝန်တွေကလည်း သဘောပေါက်နေကြပြီ ။ အခြေအနေ မကောင်းလို့ လက်လျှော့တော့မယ်ဆိုရင် အိမ်ပြန်ချင် ပြန်လို့ရတယ် ခွင့်ပြုတယ် ။ တော်ကြာ ရပ်ကွက်နာတယ် ဆိုပြီး အိမ်ကြီးရခိုင် ပိုင်ပါလျက် ရပ်ကွက်ထိပ်မှာ ဝင်းထိပ်မှာပဲ ထား ၊ ဝင်းထဲ သယ်မလာနဲ့ အရပ်နာတယ် ဆိုတာကို ဆရာဝန်တွေလည်း သဘောပေါက်နေတာကိုး ။

မြို့ကြီးပြကြီး ဖြစ်လို့ ၊ မိုးမျှော် တိုက်ကြီးတွေ ပေါ်လာလို့ နည်းနည်း ရန်ကုန်ဆန်လာပြီလို့ ပြောကြပေမဲ့ အစွဲအလမ်းကိစ္စ တော်တော် ကျန်ပါသေးတယ် ။

ကိုဘခက် စိတ်မကောင်း ဖြစ်သွားတာက ဒေါ်ယဉ်ယဉ် ကိစ္စ ။ ဒေါ်ယဉ်ယဉ်က ချို့ချို့တဲ့တဲ့ မဟုတ်ဘူး ။ စတိုးဆိုင်အကြီးကြီးလည်း ပိုင်တယ် ။ ငွေကြေး အဆင်ပြေသလို သားထောက် သမီးခံတွေကလည်း ရှိတယ် ။ သူသေရင် အိမ်မှာပဲ သူ သေချင်တာ ။ ဒါပေမဲ့ သားသမီးတွေက တတ်နိုင်တော့ အစွမ်းကုန် ဆေးကုချင်တယ် ။ ဆေးရုံမှာ နောက်ဆုံးအချိန်ထိ ကြိုးစားပမ်းစား ကုကြတယ် ။ မွေးကျေးဇူးကို ဝိုင်းဆပ်ကြတယ် ဆိုပါတော့ ။ ဒါပေမဲ့ မရရှာဘူး ။ ဒေါ်ယဉ်ယဉ် ဆေးရုံမှာပဲ ဆုံးရှာတယ် ။ သားသမီးတွေက သူတို့ အမေဆန္ဒ သိနေတော့ အိမ်ပြန် သယ်လာကြတယ် ။ အဲ့ဒီမှာ ပြဿနာ စ , တာပဲ ။

ဒေါ်ယဉ်ယဉ် အိမ်ပြန် သယ်လာတာကို လက်မခံကြဘူး ။ ဒေါ်ယဉ်ယဉ်တို့ အိမ်က ဝင်းထဲမှာ ဆိုတော့ ဝင်းနာမှာ စိုးလို့ လမ်းထိပ်မှာ ထားပါလို့ ဆိုကြတယ် ။ ဝင်းထဲ အသယ်မခံဘူး ။ ဒေါ်ယဉ်ယဉ် သားသမီးတွေက တောင်းပန်ကြတယ် ။ သူတို့ အမေရဲ့ နောက်ဆုံးဆန္ဒလေး ဖြည့် ဆည်းပါရစေဦး ။ တောင်းပန်တာမှ တော်တော် ခခယယ တောင်းပန်ရှာကြတာပါ ။ ဒါပေမဲ့ မရပါဘူး ။ သူတို့က ယဉ်ယဉ်ကျေးကျေးပါပဲ ။ ကိုယ်ချင်းတော့စာပါတယ် ၊ ဒါပေမဲ့ ရပ်ကွက်နာတဲ့ ကိစ္စမို့ ဆိုပြီး ပြတ်ပြတ်သားသား ငြင်းကြတယ် ။ သားသမီးတွေကလည်း နည်းမျိုးစုံ ကြိုးစားကြည့်တာပေါ့ ။ သိုင်းကြည့်တယ် ၊ ဝိုင်းကြည့်တယ် ။ ကိုဘခက် ကိုလည်း အကူအညီ တောင်းကြတယ် ။ ကိုဘခက်လည်း ရှောဘရားသား ဖြစ်သွားတာပါပဲ ။ အားလုံးက ဆောရီး ဆိုတော့ နောက်ဆုံး ဝင်းထိပ်မှာပဲ ယာယီမဏ္ဍပ် ထိုးပြီး ဒေါ်ယဉ်ယဉ်ကို ထားခဲ့ရတယ် ။

စာတွေထဲမှာ ဖတ်နေရတဲ့ ကံဆိုးမ သွားလေရာ မိုးလိုက်လို့ရွာ ဆိုတဲ့ စကား အကြောင်းတိုက်ဆိုင်ရင် ငြီးတွားကြတာပါပဲ ။ ဒါပေမဲ့ သေရှာပြီဖြစ်တဲ့ ဒေါ်ယဉ်ယဉ် က ဘာသံမှ ထွက်မလာဘူး ။ သူ ဘာမှလည်း သိပုံ မရဘူး ။ ခုတင်ပေါ်မှာ ငြိမ်ငြိမ်လေးပါပဲ ။ မငြိမ်ဘဲ ဗျာများ နေရသူတွေက နာရေးကိစ္စ စီစဉ်တဲ့သူတွေလေ ။

အနောက်တောင် အရပ်ဆီက မိုးတိမ်မည်းမည်းကြီးတွေ တလိပ်လိပ် တက်လာတယ် ။ လေပြင်းပါ တိုက်လာတော့ ဝေါခနဲ ၊ ဒိုင်းခနဲ ရောက်လာတဲ့ မိုးသားတွေက မြန်မှမြန်ပဲ ။ မိုးဦးလေဦးမို့ လေရောမိုးပါ ရွာချတယ် ။ ယာယီမဏ္ဍပ်လေး ဟိုတစ်စ ဒီတစ်စ ဖြစ်ရော ။ ခုတင်တိုင်တွေပေါ် မိုးကာ တင်ပြီး ထားပေမဲ့ မိုးများတဲ့အခါ ကျလာတဲ့ မိုးရေတွေက ဒေါ်ယဉ်ယဉ်ကို ရွှဲလို့ နစ်လို့ ။ ဒီအခါ ကိုဘခက် စိတ်ပျက်လက်ပျက် စိတ်မကောင်းကြီးစွာနဲ့ ကြေကွဲ၏ ။ ထုံးစံအတိုင်း သူ့ပေါက်ကွဲမှုက မိုးအောက်လေအောက်မှာ မူးပြီး မှောက်နေလိုက်တာ ဆေးရုံကို ရောက်ရော ။

••••• ••••• •••••

ကိုဘခက် အတွက် ခက်နေတဲ့ ကိစ္စတစ်ခုလည်း ရှိသေးတယ် ။ လကွယ်နေ့ လူသေရင် ကြုံရတဲ့ကိစ္စ ။ လကွယ်နေ့ သေရင် ရက်မကူးရဘဲ နေ့ချင်း သင်္ဂြိုဟ်ရတော့ ကာယကံရှင်တွေ မပြောနဲ့ ကူညီသိုင်းဝိုင်းရတဲ့ သူတွေတောင် အတော် ဒုက္ခရောက်တယ် ။ ကာယကံရှင် မိသားစုဝင်တွေ မစုံလို့လည်း စောင့်ခွင့် မရှိဘူး ။ ရက်လည်တာတောင် လမကူးရဘူး ဆိုပြီး သင်္ဂြိုဟ်တာရော ၊ ရက်လည်ဆွမ်းကျွေးကိစ္စရော နေ့ချင်းပြီး လုပ်ရတော့တာပါပဲ ။ မွန်းလွဲချိန် ဆုံးတာမျိုး ဆိုရင် ဆွမ်းထမင်း ၊ ဆွမ်းဟင်းတောင် မကပ်ရဘဲ အအေးလေးနဲ့ ကိုယ်တော်တွေ ကိစ္စပြီးကြရတယ် ။ ဒီနေရာမှာ အများနဲ့ ဆိုင်တဲ့ကိစ္စ ရိုးရာဓလေ့ကြီးလို ဖြစ်နေတာ ဘယ်သူ့ကို အပြစ်ပြောရမှာလဲ ။ တစ်ခါကများ ကိုဘခက် လေးစားကြည်ညိုရတဲ့ ဆရာကြီး တစ်ယောက် လကွယ်နေ့ ဆုံးပါးသွားတယ် ။ ဆရာကြီးက စာရေးဆရာ ဖြစ်သလို သမိုင်းပညာရှင်ကြီးလည်း ဖြစ်တဲ့ လူ့အဖိုးတန်ကြီးပါ ။ ဆရာ ကွယ်လွန်တော့ လကွယ်နေ့ ရက်မကူးရတဲ့ ဥပဒေသကြီးကြောင့် အကျဉ်းရုံးပြီး နေ့ ချင်း တက်သုတ်ရိုက် သင်္ဂြိုဟ် ရတဲ့ကိစ္စ ကိုဘခက် တော်တော် ခံစားခဲ့ရတယ် ။ အဲ့ဒီနေ့က တောင်သမန်အင်းက ဦးပိန်တံတားပေါ်မှာ ပိုးလိုးပက်လက် ဖြစ်နေတဲ့ ကိုဘခက်ကို ထမ်းပြီး အိမ်ပြန်ပို့ ကြရတာကလည်း ပြောစမှတ်ကို ဖြစ်လို့ ။

••••• ••••• •••••

ဒီနေ့ အရပ်ထဲက လူသိများတဲ့ နာရေးတစ်ခု ရှိတယ် ။ လိုက်ပို့တဲ့သူတွေ များလို့ နာရေးပို့မယ့် ယာဉ်တွေမှာ လူ တွေက အပြည့် ။ နာရေးမှာ ကမ်းတဲ့ လက်ဆောင်ယူဖို့ လိုက်တဲ့ ကလေးတွေက လည်း အခန့်သား နေရာယူ ပြီးနေကြပြီ ။ ဟိုတစ်ချိန်က နာရေးပို့တယ် ဆိုရင် အသုဘ ရှုပြီး ယပ်တောင်လေးတွေ ကမ်းတယ် ။ ယပ်တောင်လေးတွေမှာ ဆရာတော်ကြီးတွေရဲ့ သံဝေဂကဗျာလေးတွေ ကပ်လှူတယ် ။ အခုအချိန်မှာတော့ ယပ်တောင် ယဉ်ကျေးမှုက မရှိသလောက် ဖြစ်သွားပြီ ။ ယပ်တောင်အစားထိုး အချိုရည်ဘူး ၊ သောက်ရေသန့် ၊ ဆပ်ပြာမှုန့်ထုပ်တွေ အဓိကထား ကမ်းကြတော့တယ် ။ ဒီတော့ နာရေးပို့တဲ့ ကလေးဦးရေကလည်း များလာတာပေါ့ ။ ကလေး တော်တော်များများ ထိုင်နေကြတော့ ထိုင်စရာနေရာ မရှိ ဖြစ်နေတာကို ကားဆရာက သိပြီး ကလေးတွေကို ကားပေါ် က မောင်းချနေတယ် ။ အော်ငေါက်မောင်းထုတ်လိုက်တော့ ကလေး တော်တော်များများ ကားပေါ်က ဆင်းသွားကြတယ် ။ အဲ့ဒီထဲက ကလေး တစ်ယောက်ကတော့ မဆင်းဘဲ ဆက် ထိုင်နေတယ် ။ ကားဆရာက “ ဟဲ့ ကောင်လေး မင်း ဘာလို့ မဆင်းတာလဲ ၊ ဆင်းလေ ” လို့ ဆိုတော့ ကောင်လေးက မဆင်းဘဲ ပေကတ်နေတယ် ။ ဒါနဲ့ ကားဆရာက “ မင်း မဆင်းဘူးလား ၊ ဆင်းမှာလား ” ဆိုပြီး ထ , ငေါက်တော့ ကောင်လေးက “ ကျွန်တော် ဆင်းလို့ မဖြစ်ဘူး လိုက်ပို့ရမှာဗျ ” လို့ ပြန်ဖြေတယ် ။ ကိုဘခက်က အဲ့ဒီကလေးနဲ့ ကားဆရာတို့ ပြောစကားကို နားထောင်ပြီး ဒီကလေးက နာရေးရှင်ရဲ့ ဆွေမျိုးများလား ၊ ရင်းနှီးချစ်ခင်သူလားလို့ တွေးနေတာပေါ့ ။ အဲ့ဒီအချိန် ကားဆရာက ဒေါသတကြီးနဲ့ “ မင်းက ဘာကိစ္စ လိုက်ပို့မှ ဖြစ်ရမှာတုံး ။ မင်းကို ငါသိတယ် ။ အခုဆင်း ” လို့ ပြောတော့ ကလေးက ပြန်ဖြေတယ် ။

“ ကျွန်တော် လိုက်မပို့လို့ မဖြစ်ဘူး ။ အိမ်မှာ အမေက အဝတ်တွေ ရေစိမ်ပြီးပြီ ။ ကျွန်တော် ပြန်မှ အဝတ်တွေက လျှော်ရမှာ ” လို့ ပြန်ပြောလိုက်တယ် ။ ကလေးပြောတဲ့အသံ ကြားပြီးတော့ ကားပေါ်က နာရေးပို့သူတွေက ဝါးခနဲ ဝိုင်းရယ်ကြတယ် ။ ရယ်သံတွေ တအား ကျယ်သွားတော့ ကလေးလေးက ကြောင်တက်တက် ဖြစ်လာတယ် ။ ပြီးတော့ မျက်ရည်တွေ ဝိုင်းလာတယ် ။ ခုနက ဇွတ်ဆင်းခိုင်းတုန်းက မဆင်းတဲ့ ကလေးက ဗြုန်းခနဲ ကားပေါ် က ခုန်ဆင်းလိုက်တယ် ။ မျက်ရည်တွေ ပိုးပိုးပေါက် ပေါက်ကျလို့ကွယ် ။

အဲ့ဒီအချိန် ကိုဘခက် လည်း ဗြုန်းခနဲ ထိုင်ရာက ထ , လိုက်တယ် ။ ပြီးတော့ သူ့နံဘေးနားမှာ ထိုင်နေတဲ့ ရင်းနှီးတဲ့ မိတ်ဆွေတွေ ဆီက ဆပ်ပြာထုပ်တွေ လှမ်းယူလိုက်တယ် ။ သူ့ဆပ်ပြာနဲ့ ပေါင်းထုပ်လိုက်ပြီးတော့ ကားပေါ်က အပြေးလေး ဆင်းပြီး ကလေးလေး နောက်ကို လိုက်သွားတော့တယ် ။

ကိုဘခက် ကားပေါ်ပြန်တက်လာတော့ သူ့မျက်ဝန်းမှာ မျက်ရည်တွေ တွဲလွဲခိုနေတယ် ။ ကားပေါ်က ဧည့်သည်တွေ အားလုံး အကြည့်ကလည်း ကိုဘခက် မျက်နှာကိုပဲ ဦးတည်နေကြတယ် ။ အဲ့ဒီအချိန် နာရေးပို့မယ့် ကားပေါ်ကနေ ကိုဘခက်တစ်ယောက် ပြန်ဆင်းသွားတာ တွေ့ရတော့တယ် ။ ကိုဘခက်ရဲ့ ကျောပြင်ကို လှမ်းကြည့်တဲ့အခါ သူ ဦးတည်ရာသွားနေတဲ့ ကိုဘခက်ရဲ့ ခြေလှမ်းတွေကို သူတို့က သိနေကြသူတွေလေ ။

အဲ့ဒီအချိန် ကားပေါ်က မိန်းမကြီး တစ်ယောက်ရဲ့ သက်ပြင်းချသံနဲ့အတူ ပြော လိုက်တဲ့ စကားတစ်ခွန်းက မတိုးမကျယ် ဆိုပေမဲ့ အားလုံး အတိုင်းသား ကြားနေကြရတယ် ။

“ အင်း ... ကိုဘခက် တစ်ယောက် ဒီနေ့ ဘယ်နေရာမှာများ မူးမှောက် အိပ်နေဦးမှာလဲ မသိဘူးနော် ” ဆိုတဲ့ စကားသံပါပဲ ။

⎕ ရွှေနောင်ရိုး ၊ မန္တလေး ၊
📖ရွှေအမြုတေ ရုပ်စုံမဂ္ဂဇင်း
      ဧပြီ ၊ ၂ဝ၂ဝ

ကမ်းခြွေသည့် ရေ


❝ ကမ်းခြွေသည့် ရေ ❞
          ( ကိုတူး )

ရောင်နီ လာသည်မျှ ရှိလိမ့်ဦးမည်လား ၊ ရောင်နီ လာချေပြီလားဖြင့် မသိချေ ။ တစ်ညလုံး တဖြောက်ဖြောက် ကျလိုက် ၊ တဝေါဝေါ ရွာလိုက်ဖြစ်နေသော မိုးကဖြင့် တစိမ့်စိမ့် ရွာဆဲ ။ ဟိုအိမ်က ထွက်လာ ၊ သည်အိမ်က ထွက်လာကြသော တစ်ယောက် တစ်ယောက်သော သူများက တာထိပ်ဆီမှာ တစ်ဦးနှင့် တစ်ဦး စကား မဆိုမိကြ ။ တစ်ယောက်မျက်နှာ တစ်ယောက် မကြည့်မိကြသည့်တိုင် မြစ်ရေပြင်သို့မူ မမှိတ်မသုန် ကြည့်နေကြသည်က ဇာတ်တိုက်ထားသလို ။ ထိုသူတို့ကို သတိမမူမိသည်လား ၊ အမှုမထားလေသည်လား ၊ ဂရုမစိုက်လေသည်လား မသိပေသော ဧရာဝတီကဖြင့် ပကတိ ဣန္ဒြေရစွာ စီးဆင်းနေသည် ။ အသော့နှင်သည်လည်း မဟုတ် ၊ လေးကန်နှေးကွေးသည်လည်း မဟုတ်ပါဘဲ သူ့ခရီးကို သူ နှင်ကာ ဣန္ဒြေရ လှပါဘိတောင်း ။

••••• ••••• •••••

နံရံထက်က နာရီကို ဆရာကြီးဦးဟန်ညွန့် လှမ်းကြည့်မိချိန်မှာ လက်တံတို တစ်ခုက ပျောက်နေပြီလား တွေးမိသည် ။ အပေါ်တည့်တည့် ထောင်နေသည့် နာရီလက်တံရှည်က အုပ်မိုးထားသည်ကို တွေးမိမှ စိတ်ထဲမှာ ပြုံးလိုက်မိ၏ ။ ရုံးခန်းဆီသို့ လျှောက်သွားလိုက်ပြီး ဗီရိုပေါ် တင်ထားသည့် ခေါင်းလောင်းကို လေး , ငါးချက် လှုပ်ခတ်လိုက်သည် ။ ကလေးများ၏ အသံက ဝေါခနဲ ပေါ်ထွက်လာ၏ ။ တကယ်တော့ ဆရာကြီး ခေါင်းလောင်း မတီးမီကတည်းက ကလေးများက စာအုပ်တွေ ၊ ပေတံ ၊ ခဲတံတွေကို လွယ်အိတ်ထဲ တိတ်တိတ်ကလေး ထည့်ပြီးနေပြီ ။ တစ်ကျောင်းလုံးရှိ ကလေးများက နာရီကို တကြည့်ကြည့် လုပ်နေကြတာလည်း ကြာပြီ ။ ပွက်လောရိုက်အောင် ဆူညံသွားသော ကျောင်းသည် မိနစ်ပိုင်း အတွင်းမှာပင် တိတ်ဆိတ်သွားတော့သည် ။

ကျောင်းပေါ်တွင် ဆရာကြီး ဦးဟန်ညွန့် နှင့် ဆရာမ သုံးယောက်သာ ကျန်ခဲ့တော့၏ ။ ဆရာမများက သက်ဆိုင်ရာအတန်း အသီးသီးမှ ရုံးခန်းဆီသို့ ရောက်လာသည်နှင့် ဆွဲခြင်း အသီးသီးမှ ထမင်းချိုင့်များကို ထုတ်ယူရင်း စားပွဲပေါ် တင်လိုက်ကြသည် ။ သည်အခန်းပင်လျှင် သည်ကျောင်း၏ ရုံးခန်း ၊ ကျောင်းပေါ်တွင် ဆရာကြီး ဦးဟန်ညွန့်နှင့် ဆရာမ သုံးယောက်သာ ကျန်ခဲ့တော့၏ ။ ဆရာမများက သက်ဆိုင်ရာ အတန်းအသီးသီးမှ ရုံးခန်းဆီသို့ ရောက်လာသည်နှင့် ဆွဲခြင်း အသီးသီးမှ ထမင်းချိုင့်များကို ထုတ်ယူရင်း စားပွဲပေါ် တင်လိုက်ကြသည် ။ သည်အခန်းပင်လျှင် သည်ကျောင်း၏ ရုံးခန်း ၊ သည်ကျောင်းမှ ဆရာမ ဆရာများ၏ နားနေခန်း ၊ အစည်းအဝေးခန်းတို့ ဖြစ်ကြလေသည် ။ ထို့ပြင် ဆရာမများ၏ အဝတ်လဲခန်းလည်း ဖြစ်ချေတော့သည် ။

ထိုအချိန်တွင်ဖြင့် ဆရာကြီးသည် မယောင်မလည်ဖြင့် ဝေးရာ အခန်းဆီသို့ သွားကာ အရေးမပါသော အလုပ်များကို လုပ်ရရှာလေတော့သတည်း ။

“ ဒီနေရာကနေ ကြည့်နေရတာ သင်္ဘောကြီးတွေက ကျောင်းနဲ့ နီးနီးလာ သလိုပဲနော် ”

ဆရာမ ဒေါ်ကြည်ရင် က ပြတင်းပေါက်မှ လှမ်းမြင်နေရသည့် ကိုင်းကွင်းများဆီ လှမ်းကြည့်ရင်း ပြောလိုက်သည် ။ အမက တာငုတ် သည် မြို့နှင့် ငါးမိုင်ခန့်ဝေးသော မြေနုလွင်ပြင်ပေါ်တွင် တည်ရှိသည် ။ ပထဝီ အနေအထားအရ ဧရာဝတီမြစ်၏ ရေလွှမ်းမိုးမှုကို ကာကွယ်ရန် ဧရာဝတီမြစ်ရိုးတစ်လျှောက်ကို ရေကာတာများဖြင့် ကာရံထားသည် ။ ရေကာတာများသည် မြစ်၏ အခြေအနေ ၊ မြို့၏ အခြေအနေကို လိုက်၍ မြစ်နှင့် အပြိုင် တစ်ခုနှစ်ခု ရှိကြသည် ။ ရေကာတာ ၊ အရံရေကာတာများ ဖြစ်ကြသော်လည်း ဒေသခံများက အတွင်းတာ ၊ အပြင်တာဟု ခေါ်ကြ၏ ။ မြစ်နှင့် နီးသော တာမှာ အတွင်းတာ ဖြစ်ပြီး မြစ်နှင့် ဝေးသော တာကို အပြင်တာဟု ခေါ်ကြသည် ။ ထိုရေကာတာများ ရှိသဖြင့်သာ ဟင်္သာတမြို့နယ်မှာ မိုး ရာသီတွင် ဣန္ဒြေမပျက် နေနိုင်ခြင်းဖြစ်သည် ။ သို့စေကာမူ အချို့သော နှစ်များတွင် ဟန် ကိုယ့်ဖို့ ဖြစ်အောင် မနည်း ကြိုးစားရသည် ။ မိုးရာသီတွင် ဧရာဝတီမြစ်နှင့် ငဝန်မြစ်သည် မြို့နယ်တစ်မြို့နယ်လုံးကို ငုံ့ကြည့်လျက် ခပ်ထေ့ထေ့ အမြဲ ပြုံးတတ်၏ ။ တာငုတ်သည် ဟင်္သာတမြို့၏ အတွင်းတာနှင့် အပြင်တာ ဆုံရာတွင် ရှိသည် ။ တစ်ချိန်က အတွင်းတာသည် ငဝန်မြစ် ခွဲထွက်ရာ အနီးရှိ ခြင်ဘို့ရွာ၏ ဟိုမှာဘက် အထိ ရှိသော်လည်း ဒေသခံများပင် မမှတ်မိတော့သော အချိန်က ရေကာတာ ကျိုးပေါက်ပြီးနောက် ထိုနေရာတွင် တာပြန် မဖို့ကြတော့ချေ ။ မြို့ဘက်က တာအငုတ်ကြီးကို အတွင်းတာက လာဆက်လိုက်တော့သည် ။ ထိုနေရာသည် တာငုတ် ဖြစ်လာလေတော့၏ ။

တစ်ဖက် ကမ်းပြိုလျှင် တစ်ဖက် သောင်ထွန်းသည်မှာ ဓမ္မတာပင်တည်း ။ ဆိုရိုးတွေ မရှိလင့်ကစား သောင်ထွန်း ပြီးသည်နှင့် ကမ်းပြိုတတ်သည် ၊ ကမ်းပြိုပြီးသည်နှင့် သောင်ထွန်းတတ်သည်မှာ လည်း ဖြစ်ရိုးဖြစ်စဉ်ပါတည်း ။ ထိုထိုသော နှစ်များက သောင်ထွန်းခဲ့သော တာငုတ် မှ အရှေ့ဘက်ဆီသို့ လှမ်းမျှော် ကြည့်လိုက်လျှင် မျက်စိတစ်ဆုံးသော ကိုင်းကွင်းများ၏ ဟိုမှာဘက်က ဧရာဝတီ မြစ်အစပ်မှ သာရဝေါဘူတာ ကို မြင်ရသည် ဆိုသည်မျှသာ ရေးရေးလေး မြင်ရသည် ။ ထိုအချိန်က သာရဝေါ ဘက်မှာ ကမ်းတွေ တဝုန်းဝုန်း ပြိုသည် ။ ရွာတွေပျက်သည် ။ ကျောင်းတွေ ၊ ဘုရားတွေ ရေထဲ ရောက်သည် ။ သည်ဘက်မှာလည်း နှစ်တိုင်း မြေနုကျွန်းတွေ ပေါ်သည် ။ ကိုင်းတွေ အသစ်ရကြသဖြင့် ပျော်ကြသည် ။

••••• ••••• •••••

နဒီ ဆိုသော မြစ်တို့သည် ကား ဝင်္က ကွေ့ကောက်တတ်သည်သာချည်း ဖြစ်တော့၏ ။ သည်သဘောကို တာငုတ်သားတို့ မေ့လျော့ခဲ့သည်တကား ။ ငယ်စဉ်က အကြောင်းကို မမှတ်မိတော့သော အသက်ခြောက်ဆယ် ဝန်းကျင်တို့သည် မကြာသေးမီကမှ ခွဲတမ်းရထားသော မိမိတို့ ကိုင်းများ ရေထဲပါသွားသည့်အခါ ကိုယ့်ဆီ ခဏ အလည်လာတာပါဟု ဖြေသိမ့် ရယ်သွမ်းသွေးခဲ့ကြသေးသည် ။ တစ်နှစ် ။ ရေတက်လျှင် ကမ်းပြို ၊ ရေကျတော့လည်း ပြိုတတ်သည်က ထုံးစံမို့ နောက်တစ်နှစ်တွင်လည်း ဖြေတွေး တွေးခဲ့ကြပါသေးသည် ။ နောက်တစ်နှစ်တွင်မူ မျက်ကလဲဆန်ပျာ ဖြစ်လာ တော့သည် ။ ဟိုတစ်နှစ်က မသိမသာလေး ပြိုခဲ့သည် ။ နောက်တစ်နှစ် သိသိသာသာကြီး ပြိုပြန်သည် ။ ခုတစ်နှစ် မချိမဆံ့ ပြိုတော့သည် ။ ကိုင်းကွင်းတွေ ဝုန်းခနဲ ၊ ဝုန်းခနဲ ပြိုကျသွားသည် ။ ကိုင်းကွင်းစောင့်သည့် ရွာစုစုလေးတွေ ဝေါခနဲ ၊ ဝေါခနဲ ပြိုဆင်းသွားသည် ။ သက်တမ်းရင့် ကုက္ကိုပင်တွေ ၊ လက်ပံပင်တွေ ရိပ်ခနဲ ၊ ရိပ်ခနဲ ပျောက်ကွယ်သွားကြသည် ။

“ ဟုတ်တယ် ၊ မနေ့ကမှ ကိုတင်ဝင်း ဆီးတောဘက် သွားတာ ။ ဆီးတောရွာထိပ်က လက်ပံပင်အကြီးကြီး ပါသွားပြီတဲ့ ။ ဒီနှစ် ကမ်းပြိုတာ တအား ကြမ်းနေတယ် ”

“ ဒါဆို တို့ကျောင်းလေး တောင် စိတ်ချရပါ့မလား မသိဘူးနော် ”

ဆရာမ ဒေါ်ကြည်ရင့် စကားနှင့် ဆက်၍ ကျန် ဆရာမများက သိသမျှနှင့် တွေးမိသမျှ ပြောကြ၏ ။ ဆရာကြီး ဦးဟန်ညွန့်သည် သောက်လက်စ ရေနွေးကြမ်းကို အကုန် မော့သောက်ပြီး နောက် ရေနွေးကြမ်းပန်းကန်ကို စားပွဲပေါ်သို့ ဒေါက်ခနဲ မြည်အောင် ပြန်ချလိုက်သည် ။ တစ်ဆက်တည်းမှာပဲ လေပူ တစ်ချက်ကို ဟူးခနဲမြည် အောင် မှုတ်ထုတ်လိုက်၏ ။

ကျောင်းပြတင်းပေါက်မှ ကြည့်လိုက်လျှင် မျက်စိတစ်ဆုံးမျှသော ကွင်းပြင်များကို စိမ်းစိမ်းစိုစို မြင်နေရသည် ။ ကိုင်းကွင်းများ၏ ထုံးစံအတိုင်း မိုးအကုန် ဆောင်းအကူး မြစ်ရေကျသွား ချိန်တွင်မှသာ စိုက်ပျိုး၍ ရနိုင်သည်ဖြစ်ရာ မိုးဦးကျ အချိန်တွင် ဝတ်လစ်စားလစ် ဖြစ်၍ နေသည် ။ သို့စေကာမူ နွေပူတွင် နွမ်းခွေနေသော ပြောင်းပင် ပုသွယ်သွယ် ၊ ပဲပင်လှီလှီ ၊ ချဉ်ပေါင်ညှက်ညှက်တို့က မိုးရေအားဖြင့် ဖွံ့ထွားလာကြသည် ။ ရိတ်သိမ်းစဉ်က ကျကျန်ခဲ့သော ပဲမျိုးစုံက အလေ့ကျ ပြန်ပေါက်နေကြပြီ ။ ပေါင်းပင်များဟု ဆိုလင့်ကစား ယခုလိုအချိန်တွင် ဟင်းတစ်ခွက် ဖြစ်စေသော မြူပင် ၊ ဒေါက်ခွပင်များက လည်း စိတ်ရှိလက်ရှိ သန် စွမ်းနေကြပြန်သည် ။ ကိုင်းကွင်းသည် မသန်သော်လည်း စွမ်းနေသည်ထင့် ။ ကပိုကရို ဖြင့် စိမ်းစိမ်းစိုစို လှအားပိုနေ သေးတော့သည် ။ ဝတ်လစ်စားလစ် ဖြစ်နေသော မယ်ကိုင်းကွင်းကို အနှီ လက်ကျန်ပင် ထိုပေါင်းပင်တို့က ဟိုဖုံး သည်ကာ လုပ်ပေးသည်နှင့် တူရော့၏ ။

••••• ••••• •••••

ဆရာကြီး ဦးဟန်ညွန့်သည် တစ်ယောက်ပြီး တစ်ယောက် ရောက်လာကြသော မိဘများကို ကြည့်ရင်း စုံသလောက် ရှိပြီဟု တွေးမိသည် ။

“ ကဲ လူစုံသလောက်တော့ ရှိပါပြီဗျာ ။ အထွေအထူး မဟုတ်တော့ အခမ်းအနားတွေ ဘာတွေလည်း မလုပ်တော့ပါဘူး ။ အများစုကတော့ ကျွန်တော် အိမ်တွေ ရောက်တုန်း ပြောပြလို့ သိပြီး ဖြစ်ပါတယ် ။ အတိုဆုံး ပြောရလျှင် ဒီလို ကမ်းပြိုပုံမျိုးနဲ့ဆို သိပ်မကြာခင်မှာ ကျွန်တော်တို့ ကျောင်းလေးက ပါတော့မှာလေ ။ ဘယ်လိုလုပ်ကြမလဲလို့ မေးချင်တာ ။ ဒါပေမဲ့ မမေးရက်ဘူး ။ တစ်ရွာလုံးလိုလို တစ်သက်မက လုပ်ခဲ့တဲ့ ကိုင်းရော ၊ ဘိုးဘွားအစဉ်အဆက် နေခဲ့တဲ့ အိမ်တွေ ခြံတွေရော ဆုံးရှုံးနေကြတော့ မမေးရက်ပါဘူး ။ တစ်ဖက်မှာလည်း ပညာရေးဌာနကို အခြေအနေ အရပ်ရပ် တင်ပြထားသလို မျှော်လင့်လို့ ရနိုင်တဲ့ အလှူရှင်တွေကိုပါ မကျန်ရအောင် ကြိုးစားပြောပြထားပါတယ် ။ ဒါပေမဲ့လည်း အခုထက် မြန်မြန် ဖြစ်လာခဲ့မယ်ဆိုရင် ဘယ်လို လုပ်သင့်လဲဆိုတဲ့ အကြံလေး ပေးစေချင်တာပါ ”

ဆရာကြီး၏ စကားအဆုံးတွင် ကိုမြစိုးက လေးကန်စွာ ထ၍ မတ်တတ်ရပ်သည် ။

“ ဆရာကြီး မေးပေမဲ့လည်း ဘာပြောရမှန်းတောင် မသိတော့ပါဘူး ဆရာကြီးရယ် ။ တကယ်တော့ ဒီကျောင်းလေးကို ကျွန်တော်တို့ မိသားစုက လှူထားတာပါ ။ အဲ့ဒီတုန်းကလည်း နှစ်ပေါင်းများစွာကြာလို့ ပြိုလု ပြိုလု ကျောင်းဟောင်းလေးကို ကြည့်ပြီး ရှိစုမဲ့စုနဲ့ ဆောက်ပြီး လှူခဲ့တာ ။ အခုကျတော့ လုပ်စားနေတဲ့ ရှိသမျှ ကိုင်းလည်း ကုန်ပြီ ။ ခြံစပ်က မအူပင်တန်းတောင် ပါသွားပြီဆိုတော့ မနေ့ကပဲ မြို့က ကွက်သစ်ထဲမှာ ခြံလေးတစ်ခြံ သွားဝယ်လိုက်ရတယ် ။ ရွာက မခွာချင်ပေမဲ့ နေစရာမှ မရှိတော့လည်း မတတ်နိုင်တော့ဘူးလေ ။ ပထမတော့ ဒီက အိမ်ကို ဖျက်သွားပြီး ဟိုက ခြံလေးထဲမှာ ပြန်ဆောက်ဖို့ပဲ ။ ဒါပေမဲ့ မနေ့က ရလိုက်တဲ့ ခြံထဲမှာက အိမ်တစ်လုံးပါ တယ် ။ အသင့်အတင့်လည်း ကောင်းတော့ ဒီက အိမ်ကို ကျောင်းကို လှူခဲ့ပါမယ် ။ ဒါ ကျွန်တော့် ရွာအတွက် ကျွန်တော်တို့မိသားစုရဲ့ နောက် နောက် နောက်ဆုံး ...”

စကားကို အဆုံးမသတ်နိုင်ပါဘဲ ရှိုက်ကြီးတငင် ငိုချ လိုက်ပါသော ကိုမြစိုး ကို ဆရာကြီးနှင့် ဆရာမများ ၊ အခြားသော မိဘများက မအံ့သြနိုင်ဘဲ ကြက်သေသေကာ ကြည့်နေကြသည် ။ လူတိုင်းကရော ထိုသို့ ဖြစ်နေသူနှင့် ထိုသို့ ဖြစ်တော့မည့်သူများသာ မဟုတ်ပါလား ။ ဟိုလူ ပြော သည်လူငိုနှင့်ပင် အစည်းအဝေးက ဘယ်အချိန်ပြီးမှန်း မသိ ပြီးသွားချိန် ၊ အစည်းအဝေး တက်ရောက်သူများ မည်သို့ ပြန်မှန်းမသိ ပျောက်သွားချိန် ၊ ဘာကြောင့်ရယ် အတိအကျ မသိပါဘဲ ဆရာကြီး ကိုယ်တိုင် ခြေကုန်လက်ပန်းကျကာ မောဟိုက် နွမ်းလျသွားချိန် ၊ မတိုင်ပင်ရပါဘဲ ဆရာ ၊ ဆရာမတွေ မလှုပ်မယှက် ငူငူငိုင်ငိုင် ကျန်ခဲ့ရချိန်တို့က ရှေ့ဆင့်နောက်ဆင့်လေလား ၊ တစ်ပြိုင်နက်လေလား မည်သူမျှ သတိမထားလိုက် မိပါချေ ။

••••• ••••• •••••

“ တီး တီ တီ ၊ တီး တီတီ တီ ”

“ တီး တီ တီ တီ ၊ တီး တီတီ တီ ”

ဆရာကြီး ဦးဟန်ညွန့် စာသင်နေစဉ်မှာ ဖုန်းက မြည်လာသည် ။ ဆရာကြီးက မကျေနပ်ဟန်ဖြင့် ရုံးခန်းစားပွဲပေါ်က ဖုန်းကို ကောက်ကိုင် လိုက်ရင်း -

“ ဟလို ၊ အမိန့်ရှိပါခင်ဗျ ”

“ ........... ”

“ ဟုတ်ကဲ့ပါ ။ ကျွန်တော် ကျောင်းအုပ်ကြီးပါ ”

“ ........... ”

“ ဪ ဟုတ်ကဲ့ပါခင်ဗျ ”

“ ........... ”

“ ဟုတ်ကဲ့ပါခင်ဗျ ”

“ ........... ”

“ ဖြစ်ပါတယ်ခင်ဗျ ”

“ ........... ”

“ ဟုတ်ကဲ့ပါခင်ဗျ ”

ဟုတ်ကဲ့ပါချင်း မိုးမွှန်အောင် ပြောနေဆဲမှာပင် ဆရာကြီး၏ မျက်နှာက ပို၍ ပို၍ ဝင်းပလာသည် ။ သူ့ စကားသံတွေက ပျော်နေသလိုပင် ။ ဆရာကြီးမျက်နှာကို စာဖတ်နေသည့် ဒုတိယတန်း ဆရာမ ဒေါ်သန်းသန်းအေးက ရွေ့ရွေ့ဖြင့် လျှောက်လာ၏ ။ ဘာကြောင့်မှန်းမသိ ဆရာကြီး၏ ဟုတ်ကဲ့ပါခင်ဗျတွေကြောင့် ကလေးတွေပင် အသံတိတ် ကျန်သည် ။ ဘယ်နှကြိမ်မြောက်မှန်း မသိရသော ဟုတ်ကဲ့ပါခင်ဗျ အပြီးတွင် ဆရာကြီးသည် ဖုန်းကို နားနှင့် ခွာလိုက်သည် ။ တစ်ဆက်တည်းပင် -

“ ဟဲ့ ဆရာမတွေရေ လာကြပါဦးဟဲ့ ၊ မောင်အေးမောင် ရော ၊ လာဦးကွ ”

ဆရာကြီး၏ ပါးစပ်သည်လည်း နားရွက်ကို ချိတ်တော့မတတ် ပြုံးနေပါ၏ ။

“ ဒီလိုကွ ”

ဆရာမများနှင့် အထွေထွေလုပ်သားတို့ကလည်း အနားသို့ မည်သို့ရောက်လာသည်မသိ ။ ဆရာကြီးကလည်း ဘယ်က စပြောရမည်မသိ ။

“ ပညာရေးမှူးရုံးက ဖုန်းဆက်တာ ။ တို့ကျောင်းကို ဂျပန်နိုင်ငံက အလှူရှင်အဖွဲ့ တစ်ဖွဲ့က ဆောက်ပေးမယ်တဲ့ ။ အဲဒါ အခုမကြာခင် ဒုတိယပညာရေးမှူး တစ်ဦးနဲ့ တာဝန်ရှိသူတစ်ဦး လာပြီး နေရာကြည့်မယ်တဲ့ ။ မိဘဆရာအသင်း ၊ ကျောင်းအကျိုးတော်ဆောင်အဖွဲ့နဲ့ ရွာမိရွာဖတွေ ခေါ်ထားဖို့ ။ သူတို့ အခု ထွက်လာတော့မယ်တဲ့ ”

ဆရာကြီးက အပျော်မျက်နှာနှင့်အတူ လျှာခလုတ် တိုက်မတတ်ပြော ၊ ဆရာမတွေကလည်း စပ်ဖြဲဖြဲမျက်နှာတွေနှင့် နားထောင် ၊ အထွေထွေလုပ်သား မောင်အေးမောင် ကလည်း ဆရာကြီး စကားမဆုံးမီမှာပင် ရွာထဲသို့ အသော့နှင်ပါလေတော့၏ ။

••••• ••••• •••••

ရွာ၏ မြောက်ဘက်ဟု ခေါ်လေမည်လား ၊ အနောက်ဘက်ဟု ခေါ်လေမည်လား မသိတော့သည့် နေရာတွင် အဓိကရ ကုက္ကိုပင်ကြီး နှစ်ပင်ရှိသည် ။ ဟိုးယခင် ရွာ စည်ပင်စဉ်ကမူ ရွာအနောက်ဘက်တွင် ရှိခဲ့ပါ၏ ။ ကမ်းတွေ ပြိုလာသည့်အခါ ရွာက တာစောင်းသို့ တတိတိရွှေ့ လာသည့်အခါ အနှီ ကုက္ကိုပင်တို့က ရွာမြောက်ဘက်သို့ ရောက်ခဲ့ပါလေ၏ ။ ထိုကုက္ကိုပင်တို့ မည်မျှကြာမြင့်ခဲ့ပြီကို ရွာထဲမှ မည်သူမျှ မသိကြပေ ။ အသက် ကိုးဆယ်ကျော် ဘကြီးပျော့က သူငယ်စဉ်က ထိုအပင်အောက်တွင် နွားကျောင်းခဲ့ဖူးသည်ဟု ဆိုကတည်းက မည်သူကမျှ လည်း ကုက္ကိုပင်ကြီး သက် တမ်း မည်မျှ ရှိမည်ကို မခန့် မှန်းတော့ချေ ။ မည်သူကမျှလည်း အကိုင်းတစ်ကိုင်း ၊ အမြစ် တစ်ချောင်း မခုတ်ရဲကြပေ ။ အားလုံး တွေးမိကြသည်က ထိုမျှ သက်တမ်းရှည်ကြာလှသော ကုက္ကိုပင်ကြီးတို့ တည်ရာ ကုန်းမြေသည်ဖြင့် ခိုင်မာသော မြေသားရှိပေလိမ့်မည်ဟုသာတည်း ။ ထို့ကြောင့်လည်း ထိုကုက္ကိုပင်ကြီးတို့နှင့် တစ်တန်းတည်းသော နေရာတွင် ကျောင်းသစ်ကြီးကို ဆောက်လုပ်ကြရန် တညီတညွတ်တည်း လျာထား ဆုံးဖြတ်လိုက်ကြ လေသတည်း ။

လေရူးက ဟိုမှသည်မှ တဟူးဟူး တိုက်ခတ်နေသည် ။ မြူခိုးတွေ မရှိလင့်ကစား နံနက်ခင်းတွင်ဖြင့် မင်းလွင် တို့က ကိုင်းကွင်း တစ်ခွင်တစ်ပြင်တွင် ဟိုဆိုင်း ၊ သည်ဆိုင်း ။ ညကတည်းက မအိပ်ရသေး သဖြင့် ဆရာကြီး ဦးဟန်ညွန့်၏ မျက်စိတွေက ကျိန်းစပ် နေသည် ။ သို့စေငြားလည်း မအိပ်ချင်ပါ ၊ မအိပ်လိုပါ ။ ညက အခမ်းအနား ပြင်ဆင်ကြရင်း ကလေးတွေ အစမ်း လေ့ကျင့်မည်ဆိုကာ ပွဲစ,ဖြစ်သည် ။ တစ်ကြိမ် ၊ နှစ်ကြိမ် ၊ အထာမကျရာမှ သုံးကြိမ် ၊ လေးကြိမ်မှာ ဟန်ကျပန်ကျ ဖြစ်လာသည် ။ သူတို့လေးတွေလည်း ခြေကုန်လက်ပန်းကျကြလေပြီ ။ ဆရာမတွေလည်း အသံဝင်လေပြီ ။ ညဉ့်ကလည်း နက်လေပြီ ။ ထိုအချိန်မှာ တစ်စခန်းထလေသူက ကိုဟန်မောင် ပါတည်း ။

“ ဆရာကြီးရော ၊ ဆရာမတွေရော ဒီည မအိပ်ရဘူးနော် ။ ကျွန်တော်တို့လည်း မအိပ်ဘူး ”

“ ဟင် ဘယ်ဖြစ်မလဲ ဦးဟန်မောင်ရဲ့ ၊ တစ်ညလုံး မအိပ်ဘဲနေရင် မနက်ကျ မျက်နှာတွေ ချောင်နေတော့မှာပေါ့ ”

“ ပျော်လွန်းလို့ပါ ဆရာမရယ် ၊ တကယ်ပါ ။ ကျွန်တော်တင် မဟုတ်ဘူး တစ်ရွာလုံး ပျော်လွန်းလို့ပါ ။ ကျွန်တော်တို့ တစ်သက် မဟုတ်ဘူး ရှေ့ဆယ်သက် ၊ နောက်ဆယ်သက်မှာ ကျွန်တော်တို့ရွာမှာ ဒါမျိုး ကျောင်းကြီး ဖြစ်နိုင်ပါဦးမလားဗျာ ။ ဟင် ။ တစ်သက်လုံး ရေတက်ရင် ရွှံ့ထဲဗွက်ထဲ နေခဲ့ရတဲ့ ကျွန်တော်တို့တွေ ၊ ကျွန်တော့်သားသမီးတွေ ။ အခုတော့ ဒီလိုနေရာမှာ ကွန်ကရစ်ကျောင်းကြီးဗျာ ။ ရေလောင်းအိမ်သာတွေ ၊ ရေစည်စင်တွေ ၊ ရေစက်တွေနဲ့ ။ အကောင်းစား စာသင်ခုံတွေ ပရိဘောဂတွေနဲ့ ၊ မီးစက်နဲ့ ၊ ဆိုလာနဲ့ ။ ကြည့်ပါဦး ဆရာမရယ် ၊ သိန်းပေါင်း ထောင့်နှစ်ရာကျော်တယ်တဲ့ ။ ကျွန်တော်တို့ ရွာမှာ တစ်သက်လုံး အကောင်းဆုံး အဆောက်အအုံ ဆိုတာ ဘုန်းကြီးကျောင်းပဲ ရှိခဲ့တာ ။ အခုများတော့ ဘယ်လောက် ကောင်းလိုက်တဲ့ ကျောင်းကြီးလဲ ။ ပြောရရင် တန်တောင် မတန်ဘူး ။ အဲ တန်လို့လည်း အခုလို ဖြစ်လာတာပါလို့ ပြောပါရစေတော့ ။ ကျွန်တော်တို့ ပျော်လွန်းလို့ ဒီညတော့ မအိပ်ဘဲ ပျော်ကြရင်း မနက်ဖြန် ကျောင်းဖွင့်ပွဲကို နွှဲကြစို့နော် ။ သန်းခေါင် ထမင်းစားဖို့ ကြက်သားနဲ့ ဘူးသီးတွေလည်း ချက်ထားပြီးပြီ ။ သီချင်းတွေ ဆိုကြ က , ကြမယ် ”

ကိုဟန်မောင်က နှုတ်ရွှင်ဆေးလေးလည်း မှီဝဲထားပုံရသည် ။ ရင်ထဲမှာလည်း ရွှင်နေသည် ။ သူသာ မဟုတ် ၊ တစ်ရွာလုံး ။ လူငယ်တွေသာမဟုတ် ၊ အကုန်လုံး ။ ပြောမယ့်သာ ပြောရ ဆရာမတွေလည်း ပျော်ရပါသည် ။ ကိုဟန်မောင် ပြောနေသည်ကို နားထောင်နေသည့် ဆရာမဒေါ်ငြိမ်းစုဟန် သည်လည်း ပျော်နေရပါ သတည်း ။

••••• ••••• •••••

သည်နှစ် မုတ်သုံက တော်တော်နှင့် မဝင် ။ သို့ အတွက် သွားလမ်းက သာလျက်ရှိ၏ ။ မိုးဦး နောက်ကျ
သဖြင့် မြစ်ရေကလည်း ပြော ပလောက်အောင် မတိုးသေး ချေ ။ သင်္ကြန်လက်ဆေးမိုး တစ်ပြိုက်နှစ်ပြိုက်ကြောင့် ကိုင်းကွင်းတွေ ထဲမှာ ပေါင်း တွေ ဟိုတစ်စု သည်တစ်စု ပေါက်လာသော်လည်း စိမ်း စိမ်းစိုစို မဟုတ်ချေ ။ မည်သို့ ဆိုစေ ကျေနပ်စရာ တစ်ခုက ရေမတက်သေးသည့် မြစ် ကမ်းပါးတွင် သဲသောင်အခြေ ဖြစ်နေခြင်းပင် ဖြစ်သည် ။ ကမ်းပါး ပြိုလေ့ရှိသော ဒေသတို့တွင် ကမ်းပြိုနေသောဘက်သည် ကမ်းပါးစောက် ဖြစ်နေတတ်ပြီး တစ်ဖက်ခြမ်းသည် သောင်ပြင် ဖြစ်နေသည်မှာ ဓမ္မတာဖြစ်ပါ၏ ။ မြစ်တို့မည်သည် မာယာများတတ်လွန်းသည် ဆိုစေငြား တစ်စွန်းတစ်စသော သင်္ကေတများဖြင့် သူ ကြံစည်ရာကို လှစ်ဟ , တတ်သည်ချည်းဖြစ်ပါသည် ။ ကမ်းပြိုနေသော နေရာ၏ အခြေသည် မသိ မသာ သောင်ခြေဆင်းလာ သည်နှင့် ထိုဘက်ခြမ်းသည် သောင်ထွန်းရန် အစပျိုးလာသည်ဟု ဒေသခံတို့က သတိ ထားမိလာတော့သည် ။ သည်နှစ် တာငုတ်ဘက်တွင် သောင် ခြေပျိုးသည့် အရိပ်အယောင်များကို မြင်တွေ့လာကြရာအားလုံးက ဝမ်းသာနေကြတော့သည် ။

ကျောင်းသစ်ကြီးကလည်း ပြီး ၊ သောင်ကလည်း ထိုးမည် ဆိုလျှင် ဆိုသော အတွေးများက လူတိုင်း ရင်မှာ ။

သည်နှစ် မိုးကလည်း ပုံမှန် ရွာပါသည် ။ ရေကလည်း ပုံမှန်တိုးပါသည် ။ သို့သော်ငြား ကမ်းက ပြောပလောက်အောင် မပြိုပါ ။

ဧရာဝတီမြစ်၏ ထုံးစံသည် တစ်နှစ်လျှင် ရေသုံးကြိမ်သုံးခါ တက်လေ့ရှိသည် ။ သို့သော် သုံးကြိမ်စလုံး ကမ်း ပြည့်မည်ဟုမူ မုချ ပြော၍ မရပေ ။ တက်ယောင်ပြ၍ ကျသွားသည်လည်း ရှိသည် ။ ကျတော့မယောင်နှင့် အီနေတတ်သည်လည်း ရှိသည် ။ ကမ်းပြည့် တက်လိုက် ပြန်ကျလိုက်လည်း ရှိသည် ။ ကမ်းပြိုနေသည့် အရပ်ဒေသများသည် ရေတက်လေ ကျလေတိုင်း ကမ်းပြိုတတ်သည် ။ ရေအတက်တွင် ရေစွယ်ထိုးလာသဖြင့် လှိုက်စားကာ ပြိုသကဲ့သို့ ရေအကျတွင်လည်း ပြိုပြန်သည် ။ သို့တကား သည်နှစ် ရေတက် ရေကျများတွင် တာငုတ်ကမ်းသည် ပြောပလောက်အောင်ဖြင့် မပြိုခဲ့ပါချေ ။ ကျောင်းကလည်း ကောင်း ၊ ကမ်းကလည်း ငြိမ်မို့ သည်နှစ်တစ်နှစ်လုံး တစ်ရွာလုံး ပျော်ကြသည် ။ ဟိုဘက်ကမ်း မြေနုကျွန်းမှာ ဝေခြမ်းရေးရသော ကိုင်းများကလည်း ဖြစ်ထွန်းသည် ။ ရေတက်လာလျှင် အိမ်သာ သွားရန်ပင် ခက်ခဲသော ၊ မိုးသည်းလျှင် မိုးပက်တတ် သော ၊ မိုးမှောင်လာလျှင်ကျောင်းထဲမှာ ဘာမှ မမြင်ရ တော့သော ကျောင်းဟောင်း ကလေးမှာ တက်ခဲ့ရသည့် ကျောင်းသားကျောင်းသူများကလည်း မိုးလုံ ၊ လေလုံ ၊ မီးထိန်ထိန်ဖြင့် ကျောင်းမှာ ပျော် ရွှင်နေကြပြီ ။ ကလေးတွေကို ကြည့်ကာ ဆရာ ဆရာမတွေ ကလည်း ကြည်နူးနေခဲ့ကြပြီ ။ တာငုတ်သည် ကမ်းပြိုသည့် ဒုက္ခကို တစ်နှစ်တာ မေ့ပစ် လိုက်နိုင်ပါသတည်း ။

••••• ••••• •••••

တစ်နှစ် ဟူသော အချိန် ကာလကို ကြာမြင့်သည်ဟု ဆိုလေမည်လား ၊ တိုတောင်း လွန်းပါသည်ဟု တွေးလေ မည်လား ။ ဒီနှစ်မှာတော့ ကောင်းလွန်းသော မိုးဦးနှင့် အတူ ရေတက်ကလည်း ကြမ်းခဲ့သည် ။ မနှစ်က မပြိုချင့် ပြိုချင် ၊ သောင်မထွန်းချင့် ထွန်းချင် ကမ်းကလည်း သည်နှစ်တော့ အပြို ကြမ်းလှသည် ။ အပြိုကြမ်းလွန်းပါပေသည် ။ မနက်က နေရာ ညနေ မရှိ ၊ ညနေက နေရာ မနက်မှာ မတွေ့ရတော့ ။ ကမ်းကပဲ ကျောင်းဆီသို့ အပြေးလာသည်လား ၊ ကျောင်းကပဲ ကမ်းဆီ အပြေးသွားသည်လား ဝေခွဲမရနိုင်သည့် ရက်များမှာပင် ကျောင်းသည် ကမ်းနဖူးသို့ ရောက်လေပြီ ။ ယခင့် ယခင်နှစ်များက တစ်နေ့ ပေနှစ်ဆယ် အစိတ်သာ ပြိုတတ်လင့်ကစား သည်နှစ်မှာများ တစ်နေ့တည်း ပေငါးဆယ် တစ်ရာ ပြိုသည်ပင် ရှိသည် ။ ကျောင်းရှိ ပရိဘောဂများကို သယ်ဆောင်၍ ရသည့်တိုင် ခိုင်မာလှသော ကွန်ကရစ် အဆောက်အအုံကြီးကို မည်သို့ ပြောင်းရွှေ့ရမည်နည်း ။ ဆရာကြီးနှင့် ရွာသူရွာသားများ ခေါင်းချင်းဆိုင်ရသည်မှာ မခွာရတော့ ။ အချိန်နှင့်အမျှ ဌာနကို တင်ပြခြင်း ၊ ညွှန်ကြားချက်တွေ တောင်းခံရခြင်းဖြင့်လည်း မအားရတော့ ။ မဖြစ်နိုင်တော့သည့်အဆုံး တာနံဘေးမှာ တဲသာသာ အဆောက်အအုံလေးကို အမြန်ဆောက်လုပ်ကာ သင်ကြားရေး မပျက်အောင် အားထုတ်ရလင့် ကစား သင်ကြားရသူ ၊ သင်ယူရသူ မည်သူက ရွှင်ပျနိုင်ပါဦးလေမည်နည်း ။

ကမ်းစပ်မှာ ငူငူကြီး ရပ်နေသည့် ကျောင်းသစ်သစ်လွင်လွင်ကြီးကို အချိန်တိုင်း သွားကြည့်နေကြသည် ။ သွား ကြည့်တိုင်းလည်း မျက်ရည် မခိုင်ကြ ။ နောက်ဆုံးအချိန်ကို သေချာ မသိသည့်တိုင် နောက် ဆုံးအချိန်ပဲဟု သိနေကြသူတို့က မည်သို့ မျက်ရည်ခိုင်နိုင်ပါမည်နည်း ။ ကျောင်းကြီးကမူ သွားမည်လည်း မဆို ၊ နေမည်လည်း မပြော ။ ခေါင်းလောင်းသံ မမြည် ၊ စာအံသံတို့ဖြင့် မစည်တော့သည်မို့ ငူငူငိုင်ငိုင်ဖြင့် ငြိမ်သက်လွန်းလှသည် ။

သည်နေ့ တစ်နေ့လုံး မိုးက သွန်ချနေသလို ရွာဟန် ကောင်းလှသည် ။ မိုးသည်း တွေထဲမှာ အရာအားလုံးက ဝေဝေဝါးဝါး ။ တစ်နေကုန် သည့်တိုင် မရပ်နားနိုင်သေး ။ ညနေစောင်းသည့်တိုင် လေ မပါသော မိုးက နင့်နင့်ပိုးပိုး ရွာလွန်းလှသည် ။ တစ်ရွာလုံး မိုးသည်းသည်း အောက်မှာ ငြိမ်သက်နေပါ၏ ။ ညဉ့်နက်နက်မှာ မိုးက မချိမဆံ့ ထပ်ရွာ ပြန်၏ ။ ဆူညံလွန်းသော မိုး သံတွေကြားမှာ “ ဝုန်း ” ခနဲ မြေသိမ့်တုန်မျှ မြည်ဟည်းလိုက် သံတစ်ချက်ကို တစ်ရွာလုံး ကြားလိုက်ရသည့်အခါဝယ် အကာလ မိုးမှောင်မှောင် အောက်တွင် တာငုတ်မှာ ကမ္ဘာပျက်ခဲ့ပါပြီကော ။

ရောင်နီ လာသည်မျှ ရှိလိမ့်ဦးမည်လား ၊ ရောင်နီ လာချေပြီလားဖြင့် မသိချေ ။ တစ်ညလုံး တဖြောက်ဖြောက် ကျလိုက် ၊ တဝေါဝေါ ရွာလိုက်ဖြစ်နေသော မိုးကဖြင့် တစိမ့်စိမ့် ရွာဆဲ ။ ဟိုအိမ်က ထွက်လာ သည်အိမ်က ထွက် လာကြသော တစ်ယောက် တစ်ယောက်သော သူများက တာထိပ်ဆီမှာ ။ တစ်ဦးနှင့် တစ်ဦး စကားမဆိုမိကြ ၊ တစ်ယောက်မျက်နှာ တစ်ယောက် မကြည့်မိကြသည့်တိုင် မြစ်ရေပြင်သို့မူ မမှိတ်မသုန် ကြည့်နေကြသည်က ဇာတ်တိုက်ထားသလို ။ ထိုသူတို့ကို သတိမမူမိသည်လား ၊ အမှု မထားလေသည်လား ၊ ဂရု မစိုက်လေသည်လား မသိပေသော ဧရာဝတီကဖြင့် ပကတိ ဣန္ဒြေရစွာ စီးဆင်းနေသည် ။ အသော့နှင်သည်လည်းမဟုတ် ၊ လေးကန်နှေး ကွေးသည်လည်း မဟုတ်ပါ ဘဲ သူ့ခရီးကို သူ နှင်ကာ ဣန္ဒြေရလှပါဘိတောင်း ။

ပျားပိတုန်းတွေက ပန်း ဝတ်ရည်ကို စုပ်ယူတတ်ကြမြဲ ။ မိုးစက်တွေကလည်း ပွင့် ဖတ်တွေကို ခြွေချတတ်ကြစမြဲပါ ။

ထို့အတူ ... ။

⎕ ကိုတူး
📖ရွှေအမြုတေ ရုပ်စုံ မဂ္ဂဇင်း
     ဇွန် ၊ ၂၀၁၉

Wednesday, July 1, 2026

ကိုယ်အတတ် ကိုယ်စူး


❝ ကိုယ်အတတ် ကိုယ်စူး ❞
           ▣  Lon Ely

ရန်ကုန်ဘူတာကြီးရှိ ရန်ကုန် - ရွှေညောင် သွားမည့် ရထားပေါ်သို့ လူကြီးတစ်ယောက် တက်လာသည် ။ ရထားတွဲပေါ်တွင် ခရီးသည်များ ပြည့်ကြပ်နေပြီး နေရာလွတ် လုံးဝ မရှိပေ ။ လူကြီးက “ အကုန်လုံးကို လူလည်ကျလိုက်ဦးမယ် ” ဟု တွေးကာ ပါလာသော သေတ္တာကို ဖွင့်လိုက်၏ ။ ချက်ချင်း ဆိုသလို ပြန်ပိတ်လိုက်ပြီး ထိုင်ခုံများအောက် ဝင်ကာ ဟိုရှာ ဒီရှာ လုပ်ပြန်သည် ။ ထိုအခါ ခရီးသည်များလည်း စိတ်ဝင်စားလာပြီး ဝိုင်းအုံမေးကြ၏ ။

“ ဘာရှာနေတာလဲဗျ ... ”

“ ဘာပျောက်လို့လဲဗျ .. ”

“ အနှောင့်အယှက် မပေးကြပါနဲ့ဗျာ ... ကျွန်တော် ဒီကောင်ကို မိမှာပါ ” 

“ ဘာကောင်ကိုလဲ ”

“ မြွေလေ ... မြွေ ... သေတ္တာထဲကနေ ဒီကောင် လွတ်ထွက်သွားတယ် ”

ထိုအခါ ခရီးသည်များအားလုံး ရှဲခနဲ ဖြစ်သွားကြပြီး သူ့ထက်ငါ အရင်ဦးအောင် ရထားတွဲပေါ်မှ ဆင်းပြေးကြလေ၏ ။ လူတစ်ယောက်မှ မကျန်တော့သောအခါ လူကြီးသည် ခုံတန်းပေါ် လှဲချလိုက်၏ ။

“ အားပါး ... အခုမှပဲ ဇိမ်ရှိတော့တယ် ”

ချက်ချင်း အိပ်ပျော်သွားပြီး ည ၁ နာရီခန့်တွင် အိပ်ရာမှ နိုးလာသည် ။ ရထား ရပ်ထားသည်ကို တွေ့ရ၍ ပြတင်းပေါက်မှ ခေါင်းပြူကာ ဖြတ်လျှောက်လာသော မီးရထားဝန်ထမ်းအား လှမ်းမေး၏ ။

“ ဒါ ဘာဘူတာလဲဗျ ... သာစည်ဘူတာ ရောက်နေပြီလား ” 

မီးရထားဝန်ထမ်း ပြန်ပြောလိုက်သော စကားကြောင့် ထိုလူကြီးခမျာ သူ့ကိုယ်သူ သ,တ်သေချင်စိတ် ဖြစ်သွားသည် ။

“ ဘယ်ကလာ သာစည် ရမှာလဲ ... ရန်ကုန်ဘူတာဗျ ... နမော်နမဲ့နိုင်တဲ့ ခရီးသည် တစ်ယောက်ရဲ့မြွေတစ်ကောင် လွတ်သွားလို့ ဒီတွဲကို ဖြုတ်ချထားခဲ့ရတာ ”

“ တိန် ”

  ■ Lon Ely
📖 ရယ်စရာ မဂ္ဂဇင်း
      အောက်တိုဘာ ၊ ၂၀၁၅