Saturday, August 8, 2026

အချောင်သမား


❝ အချောင်သမား ❞
( လှမြင့်အောင် - တောင်ကုတ် )

“အချောင်သမား လာတယ်ဟေ့”

လမ်းမဘက်က အော်သံ ကြားလိုက်တယ် ဆိုရင်ပဲ ကိုချမ်းသာရဲ့ အိမ်နောက်ဘက် ညောင်ပင် အောက်မှာ အသံ ကျယ်ကျယ်လောင်လောင် အော်ဟစ်သံတွေနဲ့ ကစားနေကြတဲ့ ကလေးတစ်သိုက်ဟာ ဝါးအစည်းပြေသလို ဝရုန်းသုန်းကားနဲ့ ထ,ပြေးသွားလိုက်ကြတာ အိမ်ခြံထဲ ဖုန်ထောင်းထောင်း ထရော။ သူတို့ ဆောက်လက်စ ဇာတ်ရုံကလေးကိုပါ ခလုတ်တိုက်သွားကြလို့ ယိုင်နဲ့ ကျန်ခဲ့တယ်။ အမယ် ကလေး တစ်ယောက်ကတော့ ဇာတ်ရုံကလေး ယိုင်သွားတာကို တော်တော် စိတ်မကောင်းဖြစ် ကျန်ခဲ့ပုံရတယ်။ နှမိနှမြောနဲ့ တိုင်လုံးတွေကို ပြန်တည့်မတ်ပေး နေတာကို တွေ့တယ်။ ဟော သူ ကိုယ်တိုင်လည်းပဲ စိတ်မငြိမ်မသက် ဖြစ်နေတာ သေချာတာပေါ့။

ကြည့်ပါလား၊ သူ့ ခြေထောက်တစ်ဖက်က ခြံဝ ဘက်ဆီ လှမ်းထားပြီ။ ဪ ကိုချမ်းသာတို့ကလေးအရွယ် ကလည်း အချောင်သမား လာပြီဆိုရင် ဒီလိုပဲ အပြေးအလွှား ရှိခဲ့ကြတာလေ။ အခု ကိုချမ်းသာတောင် တစ်အိုးတစ်အိမ် ထူထောင်လို့ လယ်သမားပေါက်စဘဝနဲ့ မွေးကင်းစကလေး တစ်ယောက်တောင် ရထားပြီးပြီဆိုတော့။

“အချောင်သမား က,ပြပါဦးဗျ၊ သကြားလုံးပါရင် စားချင်တယ်”

အိမ်ရှေ့လမ်းမဘက်ဆီ ပြေးထွက်သွားတဲ့ သံလုံးရဲ့ အော်ပြောသံ ကြားလိုက်တော့ တစ်ယောက်တည်း ကျန်ခဲ့တဲ့ ကလေးဟာ ယိုင်နဲ့ နဲ့ ဇာတ်ရုံအပေါ် သံယောဇဉ် ဖြတ်ပြီး အချိန်မီ ပြေးလိုက်သွားတယ်။ နောက်ကျတဲ့ ခြေထောက် သစ္စာဖောက်ပုံစံနဲ့။ အမယ် အချောင်သမား ဆီမှာ သူ့ထက် ဦးသူတွေက ဝိုင်းဝိုင်းလည်လို့ပါလား။ လက်ထိုး တောင်းနေကြတာများ ခွေးမကြီးဆီမှာ ခွေးလေးတွေ အပြွတ်လိုက် နို့စို့နေသလိုပဲ။ လက်တစ်ဖက် သကြားလုံး တစ်လုံးစီ ခွဲတမ်းရလိုက်တော့ ရရချင်းပဲ အခွံခွာပြီး ပါးစပ်ထဲပစ်သွင်းလို့ မြုံ့နေကြတယ်။ ဟောဗျာ၊ နောက်ကျရောက်လာတဲ့ ရွှေတိုးလေး ကိုကျတော့ အချောင်သမားက လက်ခါပြလိုက်ပြီ။ ကုန်ပြီဆိုတဲ့ သဘော။ ပြန်ပေတော့ မစဉ်းစားနဲ့။

“အချောင်သမား၊ အကျပ်သမား၊ အငြိမ့်သမား”

အချောင်သမားက သူ့ ထုံးစံအတိုင်း လက်ချောင်းတွေကို ချိုးပြီး ရေတွက်ရွတ်ဆိုတယ်။ က,တော့မယ့် ဟန်ပန်မျိုးနဲ့ ခြေထောက်နှစ်ချောင်းကိုလည်း ရှေ့ထိုးနောက်ငင်ကလေး လုပ်ပြီး တစ်ဖက်ချီ၊ တစ်ဖက်ချလို့ပေါ့။ တဖြည်းဖြည်း လူကြီးတွေ၊ ကလေးတွေ၊ ခွေးတွေပါမကျန် တရုန်းရုန်း ရောက်လာတဲ့အခါမှာတော့ အချောင်သမားရဲ့ အမာခံပရိသတ်တွေ စုံသလောက်ဖြစ်သွားပြီ။ လမ်းပေါ်မှာမို့လို့ရယ်၊ မဟုတ်ရင် ရုံပြည့်ရုံလျှံလို့ ပြောရမှာ။ မြို့အစွန်ရပ်ကွက်က လယ်သမား အများစု နေထိုင်ရာ ဒီလမ်းထဲက လူတွေဆိုတာကလည်း အခုလို လယ်နားချိန်မျိုးမှာ အခြားထူးထူးထွေထွေ အပိုအလုပ်တွေ မရှိကြဘူး။ ဒီတော့ တစ်စိတ်တစ်ဝမ်း လက်ညီစွာနဲ့ နေ့လယ်စာ ထမင်းစားပြီးပြီ ဆိုရင် နီးစပ်ရာ အိမ်မှာ စုပြုံပြီး ဒူးထောင် ပေါင်ကား ထိုင်လို့ ထိုင်၊ မှောက်လို မှောက်ပြီးသကာလ ရောက်တတ်ရာရာ စကားပြောနေကြတာပဲ။ ကလေးတွေ ဆိုတာလည်း ဇာတ် ကတမ်း ကစားဖို ဇာတ်ရုံဆောက်သူ ဆောက်၊ မိန်းကလေးတွေက ထမင်း ချက်တမ်းကစား၊ ငယ်လွန်း တဲ့ကလေးတွေက အမေတွေ စကားဝိုင်းနား နတ်က,ရာ ကျီးမော့။

အခုလို အချိန် မှာ အချောင်သမား ဒီလမ်းကို ဖြတ်သွားလို့ကတော့ သား ကောင်ကို အမိအရလိုက်ဖမ်းတဲ့ မုဆိုးတွေလို အလွတ်မပေးကြဘဲ လမ်းပေါ်ထွက်လာလိုက်ကြတော့တာ။ အချောင်သမားကလည်း သူ့ စိတ်နဲ့ တွေ့ပြီဆိုရင် လူစည်ကားလေ ကြိုက်လေ။ အဲဒီလို အချောင်သမားနဲ့ ပရိသတ်နဲ့ အပေးအယူ မျှပြီဆိုရင် က,ပြ လိုက်မယ့်ဖြစ်ခြင်း၊ ဆိုလိုက်မယ့်သီချင်း အတန့်အရပ် မရှိ။ ချွေးသံ တရွှဲရွဲနဲ့ သူ့ကို သနားရမှန်းသိတဲ့ လူကြီးတစ်ဦးဦးက တွေ့လို့ တောင်းတောင်းပန်ပန် သွားခိုင်းမှ ပြန်သွားတတ်တာ။

ဒီနေ့လည်း အချောင်သမား စိတ်လိုလက်ရရှိပုံရတယ်။ အလှူတစ်ခုခုက ဆုကြေးရလာတာမျိုး ဖြစ်နိုင်တယ်။ သူ့ခါးပုံစမှာ ထုပ်လာတဲ့ သကြားလုံးတွေကို ကြည့်ပါလား၊ လာဘ်ရွှင် လာတာ သေချာတယ်။ အခုတော့ သူ့သကြားလုံးတွေ သူ စားဖို့ တစ်လုံးမှ မကျန်တော့ အောင် ကလေးတွေကို ကြည်ကြည်ဖြူဖြူ ဝေငှပေးလိုက်ပြီလေ။ ကလေးတွေအတွက် ဆိုရင် သူ့ဆီက ဘယ်လောက်ပဲ ကုန်ကုန် အဲဒီလိုကို လိုက်လျောတာ။

အချောင်သမားက ကိုချမ်းသာတို့ ငယ်ငယ်တုန်းကထက် ရုပ်နည်းနည်းကျ တာက လွဲရင် သူ့ပုံစံက ဘာမှ မပြောင်းဘူး။ ပက္ကလာလို့ခေါ် တဲ့ ခမောက်တစ်ချပ် အမြဲ ဆောင်းထားလို့ ထင်ရဲ့။ သူ့ အသားဖြူစပ်စပ်က မည်းတယ် မရှိ။ သူ့ခါးမှ ပုဆိုးတစ်ထည် အပိုပတ်ထားလေ့ရှိတာကြောင့် သူ့ကိုကြည့်လိုက်ရင် လူကသာ ပိန်ပိန်ပါးပါး မြင့်မြင့်သွယ်သွယ်ပေမဲ့ ခါးက အမြဲတမ်းပူပူ။ အဲဒီခါးပတ် ပုဆိုးထဲမှာ သကြားလုံးလို စားစရာတွေကို ထည့်ယူလာတာကြောင့် ကလေးတွေ အတွက်တော့ အချောင်သမားရဲ့ ခါးပတ်ပုဆိုးဟာ ထွက်ကရ အိုးကြီးပေါ့။ ခါးပတ်ပုဆိုးကို သူများ အထိအကိုင် ဘယ်တော့မှ မခံဘူး။ တစ်ခါတစ်ရံမှာ ခါးပတ်ပုဆိုးထဲက ပိုက်ဆံတွေ ဘာတွေ ထွက်ကျတတ်လို့ အဲဒီခါးပတ်ပုဆိုးဟာ သူ့ရဲ့ ဘဏ္ဍာတော်တိုက်မှန်း သိရတယ်။ သူ့ကို စ,နောက်ပြီး ခါးပတ်ပုဆိုးကို နှိုက်လုယူတဲ့ လူကြီးဆိုရင် သူ့မျက်နှာ နီနီကြီးနဲ့ ဒေါသတကြီး တုံ့ပြန်တာ ကြောက်စရာကြီးရယ်။ ကြားက လူကြီး တစ်ယောက်ယောက်က မနည်း ချော့မော့ ပြောဆိုမှ ပြန်ပြေသွားတတ်တယ်။ ကလေးတွေကိုတော့ ဘယ်တုန်းကမှ ရန်မရှာတတ်ပါဘူး။ ဒါကြောင့်လည်း ကလေးတွေက ရဲရဲဝံ့ဝံ့နဲ့ ဝိုင်းဝိုင်းလည်နေကြတာ။

“ကလင် ကလင်”

အချောင်သမားပရိသတ်တွေ လမ်းပိတ်နေလို့ ဆိုက်ကားတစ်စီးက လမ်းတောင်းတယ်။

“ဟဲ့ ဟဲ့ ကလေးတွေ၊ ဒီဘက်လိုက်ခဲ့ကြ။ ဆိုက်ကားတိုက်လို့ သေလိမ့်မယ်”

လမ်းဘက်ထွက်ပြီး အရိပ်မိုးနေတဲ့ သရက်ပင်ကြီး အောက်ဆီကို အချောင်သမား ရွှေ့သွားလို့ ပရိသတ်အားလုံးလည်း သူနဲ့အတူ ရွှေ့ကြတာပေါ့။ ဆိုက်ကားဆရာလည်းပဲ သူ့ခရီး ရပ်ထားပြီး ဝင်ကြည့်နေရော။

“ပန်းနွယ်ကစိမ်းနဲ့ က, ပြပါဦး”

“ပန်းနွယ်ကစိမ်း... တယ် ××× စုံနံ့သာမြိုင် ရှာပုံ ဖွင့်ပါလို့ ××× ကမ္ဘာကုန်ကျယ် သရွေ့××× ပြေးပါဦးမယ်... နင်နဲ့ငါက လင်မယားပါကွယ် ××× ဘယ်သောအခါမှ မခွဲမခွာနိုင်တယ်... ချစ်တဲ့ သူ ပန်းနွယ်ရေ ××× အိမ်ကို ရောက်အောင် ပြေးပါဦးလေကွယ်”

အချောင်သမား သီချင်း ဆိုရင် တစ်ခါမှ ဓာတ်စက်ကအတိုင်း မဆိုဘူး။ သူ ထင်ရာ စကားလုံးတွေ ထည့်ဆိုတတ်လေ့ရှိပေမဲ့ သူ ကွေးနေအောင် က,ပြတာကို ကြည့်ရတာနဲ့တင် ပရိသတ်က ကျေနပ်နေတာ။

“ကဲ ကဲ ဒီတစ်ခါ၊ ကျွန်တော့်မမပုသိမ်သူနဲ့ လုပ်ပါဦး”

တစ်ယောက်က စ, လိုက်တော့ သူ့ခါးပတ်ပုဆိုးထဲ ထိုးထည့်ထားတဲ့ ပုသိမ်ထီးကလေးကို နုတ်၊ ညင်ညင် သာသာကလေး ဖွင့်ပြီး ခါးကို ပစ်လို့၊ မျက်စပစ်လို့။

“ကျွန်တော့်မမပုသိမ်သူ xxx ချောပုံယဉ်ပုံလှပုံတစ်မူ...”

“လှပုံ ဆိုတာ မောင်လှဖေရဲ့ အမေ၊ ငါနဲ့ တစ်အိမ်ခြား တယ်။ မမြင်ဖူးရင် လိုက် ကြည့်ကြ”

အချောင်သမားကလည်း အဲဒီလို ရက်ပ်ပါ ညှပ်တတ်သေးတာလေ။ တစ်ခါတလေ မြို့က လူသိများတဲ့ နာမည်တွေကို သီချင်းတွေထဲ ထည့်ဆိုလို့ သက်ဆိုင်ရာ လူတွေက တံစိုးလက်ဆောင် ထိုးပြီး တားယူရတယ်လို့လည်း ကြားရတယ်။ ပရိသတ်က တော့ သူတို့ သိတဲ့ လူတွေနာ မည်ပါလို့ တဝါးဝါးနဲ့ ပွဲပိုဆူ တာပေါ့။

“အများနဲ့မတူ × × × ဆယ့်ငါးပြားယူ ××× ကျွန်တော့် မမ...မမပုသိမ်သူ ××× ပုသိမ်ကမ်းခြေတစ်မူ... နေညိုစောင်းရင်တစ်မူ ××× ထင်း ခွေသွားရင် လမ်းလျှောက်သူ ×××  ကျွန်တော့်မမ ×××  မမပုသိမ်သူ ××× ပဂျိ”

အဲဒီ “ပဂျီ” က အချောင်သမား ဖျော်ဖြေမှု နားတဲ့ သင်္ကေတ။ နောက်ထပ် တောင်းဆိုလို့ အဆင်မပြေချင်တော့ဘူး။ ဒါကိုလည်း ပရိသတ်က နားလည်လက်ခံပြီးသား။ ဝိုင်းပြီး နားထောင်တဲ့ လူက ငွေငါးဆယ်၊ တစ်ရာ ပေးပေး၊ မုန့်ထုပ်ကလေးပေးပေး အချောင်သမား လက်ခံတယ်။ လက်နှစ်ဖက်ကို လက်အုပ်ချီပြီးမှ ယူတာ။

••••• ••••• •••••

ဒီတစ်ကြိမ်မှာတော့ အချောင်သမား တစ်ယောက် ကိုချမ်းသာတို့ လမ်းကို လျှောက်လာပေမဲ့ သူ့ဆီမှာ လူကြီးတွေ၊ ကလေးတွေ ဝိုင်းဝိုင်းလည်လို့ ရောက်မလာနိုင်ကြဘူး။ ဒါဆိုရင် အချောင်သမားကလည်း သိလိုက်ပါပြီ။ လမ်းဟိုဘက်ဒီဘက်က အိမ်တန်းတွေကို စောင်းစောင်းငဲ့ငဲ့ ကြည့်ရင်း ခြေလှမ်း လေးလေးဆဆတွေနဲ့ ဆက်လျှောက်လာသပေါ့။ သူ ထင်တဲ့ အတိုင်းပါပဲ။ ကိုချမ်းသာတို့အိမ်မှာ လူတွေ စုမိနေကြတာကို တွေ့ပါပြီ။ ဒီလမ်းက လူတွေ အားလုံးလိုလို ကိုချမ်းသာအိမ်မှာ စုဝေး ရောက်ရှိနေကြပေမဲ့ အသံတွေက လူဦးရေနဲ့ မလိုက်အောင် ကိုပဲ တိတ်ဆိတ်လွန်းလှတယ်။ လူတွေ ဆူဆူညံညံ လုပ်လို့မှမဖြစ်တာ။ ကိုချမ်းသာရဲ့ အမေ အသုဘဖြစ်နေတာကိုး။

“အချောင်သမား လာတယ်ဟေ့”

လူထူထူထဲ ကလေး တစ်ယောက်ရဲ့အသံ ရုတ်တရက် ထွက်လာပေမဲ့ ဒီလူတွေ ကြားထဲမှာပဲ မီးကို ရေနဲ့ သတ်သလို ဟုတ်ခနဲ ပြန်ပျောက်သွားရော။ အချောင်သမားကလည်း ဘာမှ မဖြစ်သလိုရယ်။ ကိုချမ်းသာတို့ရဲ့ အိမ်နောက်ဘက်မှာ ချက်ပြုတ်ရေးနဲ့ အလုပ်ရှုပ်နေတဲ့ လူတွေဆီ တန်းလို့ ဝင်သွား တယ်။ လှည်းတစ်စီးတိုက် ပုံ ထားတဲ့ ပကာသားထင်းပုံနားက ပုဆိန်ကို စွေ့ခနဲကောက်ပြီး ထင်းတစ်ချောင်းပြီး တစ်ချောင်း ပေါက်တော့တာ။ အကြောင်းမသိသူက ဆိုရင် အချောင်သမားကိုပဲ နာရေး အိမ်က ထင်းပေါက်ဖို့ ငှား ထားသလိုလိုရယ်။ ဒါပေမဲ့ ဒီပတ်ဝန်းကျင်က လူတွေဟာ အချောင်သမားရဲ့ အလေ့အကျင့်ကို သိပြီးသားဆိုတော့ ကြည့်နေရုံပဲလေ။ အဲဒီထင်း တစ်ပုံ ကုန်တော့ ချွေးဒီးဒီး ကျနေတဲ့ အချောင်သမားဟာ ရေပုံးရယ်၊ ရေအိုးရယ် လိုက်ရှာယူပြီး ရေတွင်းက ရေငင်လို့ လပ်နေတဲ့ ရေတိုင်ကီတွေမှာ အပြည့် ဖြည့်ပြန်ပေါ့။ ဒီ အချိန်မျိုးမှာ အချောင်သမားဟာ ဘယ်သူနဲ့မှ ရောရောဝင်ဝင် စကားမပြောတတ်ပေမဲ့ သူ့မျက်နှာကတော့ ကြည်လင်းနေတာပဲ။

“ဟေ့ ဟေ့ အချောင်သမားကို ထမင်းကျွေးကြပါဦး”

“အမယ်၊ အခုမှ လာပြောရလား တော်ရေ့။ မနက် ကတည်းက လက်ဖက်ရည် ရော၊ နေ့လယ် ထမင်းပါ ဧည့်ခံထားပြီးသား။ အဲဒါ တောင် ရေနွေးအိုးမီးထိုးနေလို့ မလိုတော့ဘူးလို့ ပြောထားရတာ”

ကိုင်း အချောင်သမားက ဒီက လူတွေနဲ့ အဲဒီလောက် အဖွဲ့ကျပြီးသားပါဆို။

ဒီမှာရယ်လို့မှ မဟုတ်တာ။ ဒီတစ်မြို့လုံးက သူ ရောက်သွားရာ နေရာတိုင်းမှာ တွေ့သမျှ သာရေး၊ နာရေး အားလုံးအတွက် ဖိတ်ခေါ်စရာ မလိုဘဲ မခိုမကတ်လုပ်ပေးနေကျလေ။ ပွဲရှင်တွေက သဒ္ဓါပေါက်ပြီး ငွေကြေးပေးရင် လက်ခံပေမဲ့ သူကတော့ ရသည်ဖြစ်စေ၊ မရသည်ဖြစ်စေ လုပ်ပေးတာပါပဲ။ ချိုချဉ် သကြားလုံး၊ ချောကလက်၊ မုန့်ထုပ်လိုမျိုး သရေစာ ရလာခဲ့ရင်တော့ ကလေးတွေကို ပြန်ဝေပေးစမြဲပေါ့။

အချောင်သမားနဲ့ ဒီလူတွေနဲ့ အသားကျလာလိုက်တာ ဒီမြို့မှာ သက်တမ်းရှည်ကြာလာခဲ့ပါပကော။ ဘာလိုလိုနဲ့ ဒီတစ်ခါ ကိုချမ်းသာတို့ လမ်းကို အချောင်သမားမလာတာ လနဲ့ချီ ကြာခဲ့တယ်။ ဘာမှအကြောင်းမည်မည်ရရ မရှိပေမဲ့ အချောင်သမား ဘယ် ရောက်သွားလဲလို့ စပ်စပ်စုစု မေးလာတဲ့ သူတွေကြောင့် သတိရပြီး တစ်ယောက်တစ် ပေါက် မေးမြန်းလာကြတယ်။ အေးလေ၊ အဲဒီလို စပ်စုတဲ့သူတွေကြောင့်ပဲ အချောင်သမားရဲ့ သတင်းကို နားသိုးနားသန့် ကြားလာကြရတယ်။

“အချောင်သမား လေဖြတ်ပြီး အိပ်ရာက မထ,နိုင်တာ ကြာပြီတဲ့”

အချောင်သမား နေတဲ့ ရပ်ကွက်နဲ့ ကိုချမ်းသာတို့ ရပ်ကွက်က နာမည်သာ ခြား ပေမဲ့ သိပ်မဝေးပါဘူး၊ နှစ် လမ်းကျော်လောက်လေးရယ်။ ခိုင်မာတဲ့ သတင်းရအောင်လို့တဲ့၊ ဘုန်းကြီးကျောင်းမှာ ဥပုသ်သီတင်း သွားစောင့်တဲ့ လူကြီးပိုင်းအချို့ သတင်းသွားမေးရာက ပြန်ပြောချက် အရတော့ အချောင်သမားကို ဆွေမျိုးတွေက ပြုစုနေပေမဲ့ အစာ မဝင်တော့ဘူး။ အခြေအနေ မကောင်းတော့ဘူးလို့ သိရတယ်။

“ဒီမနက်ကပဲ အချောင်သမား ဆုံးပြီ”

မနက်က နာရေးကြော်ငြာသွားလို့ သိလိုက်ကြတာ လေ။ ဒီလမ်းထဲက လူတွေက အချောင်သမားနဲ့ ဆွေမျိုး တော်စပ်ကြတာ မဟုတ်ပေမဲ့ သူ့အပေါ် စုတ်တသပ်သပ်နဲ့ သနားနေကြတယ်။ အိမ်တွေမှာ လူတွေ စုမိပြီဆိုရင် အချောင်သမား အကြောင်းက အဓိက ပြောစရာအချက် ဖြစ်ကုန်တယ်။ လူကြီးတွေချည်း အပြောများတာမဟုတ်ဘူးရယ်၊ ကလေးတွေကလည်း သူ့ကို ဉာဏ်မီသလောက်နဲ့ တမ်းတပူဆွေးနေကြရှာလို့ လမ်းထဲမှာ ကစားဝိုင်းတွေ တိတ်ဆိတ်ပြီး ဝမ်းနည်းကြောင်း အထိမ်းအမှတ် လုပ်နေသလို လိုရယ်။ ဟိုးခပ်ဝေးဝေးကနေ လက်တွန်းလှည်းထီသည် ဖွင့်တဲ့ တွံတေးသိန်းတန်ရဲ့ မောင့်မမပန်းနွယ် သီချင်းကို ကြားတော့ လူကြီးတွေရော ကလေးတွေပါ စီးမျောငြိမ်သက်ကုန်တယ်။ အချောင်သမား ဆိုပြနေသလိုလို ရော်ရမ်းလွမ်းလို့။

“ငါတို့ ဒီလို အင်းမလှုပ် အဲမလှုပ် ငြိမ်နေရုံနဲ့ မဖြစ်သေးဘူးထင်တယ်၊ တစ်ခုခု လုပ်ဦးမှပဲ”

ကိုချမ်းသာတို့ အိမ်မှာ စုမိနေတဲ့ လူတွေထဲက ဦးလေး ဘသောင်က စကားစ,တယ်။ ကျန်တဲ့ လူတွေကတော့ ဘာ ဆက်ပြောမလဲလို့ နားဝေတိမ်တောင်နဲ့ နားစွင့်ဆဲ။

“အချောင်သမားရဲ့ နာရေးအလှူအတန်းကို ထည့်ဝင်ဖို့ ငါတို့ လမ်းထဲမှာ သဒ္ဓါကြေးကလေး ကောက်ကြရင် မကောင်းဘူးလားကွ၊ မင်းတို့ ဘယ်လို သဘောရကြလဲဟေ့”

“ဆန် တတ်နိုင်တတ်နိုင်၊ ငွေတတ်နိုင်တတ်နိုင်ပေါ့ကွာ”

ဦးလေးဘသောင် အကြံကို အားလုံး လက်ခံတဲ့ အနေနဲ့ လုပ်ငန်းစဖို့ ပြိုင်တူ ထ,ကြတာ အားရစရာ။

ကိုချမ်းသာတို့အဖွဲ့ လမ်းရဲ့တစ်ခြမ်းလောက်မှာ တင်ပဲ တော်တော် အလုပ်ဖြစ်နေပြီ။ ငွေကိုင်စာရေး ကိုအေးမောင် လက်ထဲက စာရွက်မှာတောင် မနည်း ရေးမှတ်ပြီးပေါ့။ လမ်းကို ဖြတ်သွားဖြတ်လာလုပ်တဲ့ လူတချို့ကလည်း နာရေးအကူအညီဆိုလို့ လမ်းကြုံရင်း ကူငွေထည့်သွားကြတယ်။ ကိုချမ်းသာ ပခုံးပေါ် က ဆန်တောင်းကလေးလည်း တအိအိ လေးလာပြီလေ။ ပြောသာ ပြောရတယ်၊ လယ်သမား များတဲ့ လမ်းမို့ခမျာတွေမှာ ငွေမရွှင်တာကြောင့် ဆန် လှူတာက များပါတယ်။ ငွေ ထည့်တဲ့သူတွေ ရှိပေမဲ့ ငွေအရေ အတွက်ကတော့ တစ်ရာ၊ နှစ်ရာကနေ ငါးရာ အများဆုံးရယ်။ ဘာပဲဖြစ်ဖြစ် ရွေး ပေါင်းတော့ သောင်းပြည့်ပေါ့လေ။

“ဦးကြည်အောင်‌ရေ့ ၊ ဟိုဘက်ရပ်ကွက်က အချောင်သမား နာရေးမှာ ကျုပ်တို့ လမ်းက အလှူကူမလို့ တစ်လမ်းလုံး အလှူလိုက်ခံတာပါဗျာ။ သဒ္ဓါတတ်အား နည်းများမဆို ထည့်ဝင်လှူဒါန်းပေးပါလို့ နှိုးဆော်ပါတယ်။ လမ်းလည်း ဆုံးပြီ၊ အခု ဦးကြည်အောင်ရဲ့ အိမ်က နောက်ဆုံးပါပဲဗျာ”

“ဟာ ခင်ဗျားတို့ဟာက ကိုယ့်လမ်းထဲက နာရေးလည်း မဟုတ်ဘဲနဲ့များ”

ဦးကြည်အောင် စကားချီပုံက ကိုယ်နဲ့ တိုက်ရိုက် မပတ်သက်တာတောင် လုပ်ကြတယ်လို့ ချီးကျူးမယ် ထင်လို့ ဦးဘသောင်က ချွေးသုတ်တဘက်နဲ့ ယပ်လေးခတ်ရင်း တဟဲဟဲ သဘောကျပြနေရဲ့။ ကိုချမ်းသာတို့လည်း ပြုံးတုံ့တုံ့။

“မှန်း ဘယ်သူက ဘယ်လောက် ထည့်ထားကြ သလဲ၊ ကြည့်ရအောင်”

ရပါတယ်လေ။ ကိုအေး မောင်က သူ့လက်ထဲက ငွေ စာရင်းစာရွက်ကို ဦးကြည် အောင် လက်ထဲ ထိုးပေးလိုက်တယ်။ ဦးကြည်အောင်က ဖတ်ပြီး အိမ်ဘက်လှမ်းတက်ဖို့ လှည့်သလိုလိုနဲ့ စာရင်းစာရွက်ကို လက်နောက်ပြန်ပေးလို့။

ဦးကြည်အောင် အိမ်က ထွက်လာကြပြီးတဲ့ နောက်မှာ ဦးလေးဘသောင်နဲ့ ကိုချမ်းသာတို့ လူလေး , ငါးယောက်ဟာ စကားဟဟ မဆိုဖြစ်ကြဘူး။ စကားမပြောတတ်တဲ့ လူတစ်အုပ် လမ်းလျှောက်နေကြသလိုပဲ ကိုယ့်အတွေးနဲ့ ကိုယ် တိတ်ဆိတ်လို့။

“ဦးကြည်အောင်လို ဆိုင်ကြီးကနားကြီးနဲ့ ဒီလမ်းထဲမှာ အချမ်းသာဆုံးလူက တစ်ရာတန်အဟောင်းစည်းထဲက နှစ်ရွက်ကို ပစ်ပေါက်ထည့် လိုက်တာမျိုးတော့ တွေးလို့မရဘူးဗျာ”

လူလေး,ငါးယောက်ထဲမှ ကိုချမ်းသာက ကျိတ်မြုံ မနေနိုင်တော့ဘဲ ပေါက်ကွဲထွက်လာတယ်။

“အချောင်သမားက အရူးပဲဆိုပြီး အလေးမထားတာ ထင်ပါတယ်ကွာ”

“ဘယ်သူ့ နာရေးဖြစ်ဖြစ် သေတာဟာ သေတာပါပဲကွာ၊ ဒီလူက သူ့စီးပွားရေးသာ အရေးစိုက်တာ။ လမ်းထဲက သာရေးနာရေးကို လည်းပဲ ဝတ်ကျေတမ်းကျေ လောက် လုပ်ပေးဖူးတာပါ။ ဘယ်လို လူမှုရေးမှာများ အားကြိုးမာန်တက် အနစ်နာခံ လုပ်တာရှိဖူးလို့လဲ”

“ငါတို့ လမ်းထဲက လူတွေ ဈေးဝယ်နေလို့ပဲ သူ့ဆိုင်က တစ်နေ့တခြား ကြီးကြီးလာတာလေကွာ။ တကယ်ဆို ငါတို့လမ်းတင် မကပါဘူး၊ အချောင်သမားတို့ ရပ်ကွက် ကလည်း လာအားပေးနေတာပဲလေ”

တစ်ယောက် တစ်ပေါက် ဝေဖန်နေတာကို ဘာမှ ဝင်မပြောဘဲ ဦးလေး ဘသောင်က ကိုချမ်းသာတို့ ဘက်ကို ဖျတ်ခနဲ တစ်ချက် လှည့်ကြည့်တယ်။

“မင်းတို့တွေ သတိ မထားမိလို့ပါကွာ၊ အခမ်းအနားနဲ့ မှတ်တမ်းတင် ကမ္ပည်းထိုးတဲ့ အလှူမျိုးဆို ရှေ့ဆုံးက ပါနေကျ မဟုတ်လား။ ပါတီတစ်ခုကနေ လွှတ်တော် အမတ် အရွေးခံမယ်တောင် ကြားထားတာပဲ။ ငါတို့ လမ်း ကိုလည်း ကျောက်ချောလမ်း ခင်းပေးမယ်လို့ သတင်းသဲ့သဲ့ ထွက်နေတယ်။ အခွင့်ထူး ရမယ်ဆို ရှေ့ဆုံးက ရပ်ပြတတ်တဲ့ အချောင်သမားပါကွာ”

“ဗျာ၊ အချောင်သမား”

ဦးလေးဘသောင် မခံချင်စိတ်နဲ့ သာမန်ပြောထည့်လိုက်တာ။ ဒါပေမဲ့ စကားအဆုံးက အချောင်သမားဆိုတာကြောင့် ကိုချမ်းသာမှာ မျက်လုံးအပြူးသားနဲ့ ရယ်ရမလို၊ မဲ့ရမလို ဘာဆက်ပြောရမှန်း မသိတော့ဘူး။

ဦးလေးဘသောင် ပြောမှ အချောင်သမား အကြောင်း စေ့စေ့ တွေးမိတော့တယ်။ တကယ်ဆို နာရေး ဖြစ်နေတဲ့ အချောင်သမားကို လူတွေက အချောင်သမားလို့ တစ်သက်လုံး ခေါ်ခဲ့ကြပေမဲ့ တကယ့် အချောင်သမားမှ မဟုတ်တာ။ အချောင်သမား ဆိုတာ ဘယ်လိုဟာလို့ ကိုချမ်းသာ တို့ကို သတိထားမိအောင်လို့ သရုပ်ဆောင်ပြတဲ့ ဇာတ် ကောင် တစ်ကောင်မျှသာပါပဲလား။

ကိုချမ်းသာ တွေးရင်း တွေးရင်း မြားဦးက ကိုယ့်ဘက် ပြန်လှည့်လာတယ်။ အလှူပွဲတကာ သွားခဲ့သမျှမှာ ကိုယ့်ပေးဆပ်မှုနဲ့ ရယူမှု မျှမျှတတ ရှိခဲ့ပါရဲ့လား။ နာရေးများစွာကို အကြိမ်ကြိမ်အဖန်ဖန် သွားလာခဲ့ပါလျက် သက် ဆိုင်ရာ ကာယကံရှင်တွေ အပေါ် သက်သောင့်သက်သာ ဖြစ်အောင် ကူညီခဲ့ဖူးရဲ့လား လည်း မသဲကွဲတော့။ ရောက် သွားရာ နေရာတွေမှာ အခါ အခွင့် ရသမျှ လူကြီးလူ ကောင်းလိုလို အိမ်ဦးခန်းမှာ တင်တင်စီးစီး နေရာယူပြီး စားဦးစားဖျားနဲ့သာ ထိတွေ့ ဖို့ အာရုံရောက်နေမိခဲ့လေ သလား။

အချောင်သမား နာရေး ဆီ သွားနေတဲ့ ခြေလှမ်းတွေက လှုပ်လီလှုပ်လဲ့ရယ်။ ခြေ ဖမိုးအစုံကို မြေကြီးကပဲ ဆွဲစုပ်ယူနေတဲ့ အတိုင်း။ ဘေးလူတွေကို ပြောလို့ကော နားလည်ပါ့မလား။ ။

▢ လှမြင့်အောင် ၊ တောင်ကုတ် ၊
📖ရွှေအမြုတေ ရုပ်စုံမဂ္ဂဇင်း
      အောက်တိုဘာ ၊ ၂၀၁၇

No comments:

Post a Comment