Monday, August 10, 2026

ကျောင်းပြေး

❝ ကျောင်းပြေး ❞
( ဆင်ဖြူကျွန်းအောင်သိန်း )

ရေအကျမို့ စလင်းချောင်းအော်သံသည် ရမ်းဘိုကုန်း ရွာကို လွှမ်းနေလေသည်။ ချောင်းအော်သံကြားထဲမှ ကလေးအော်သံတစ်ခု လွင့်ပျံလာသည်။ ရီးဆေးရိုး ရုတ်ခနဲထလိုက်မိ၏။ ချောင်းထဲ ဆင်းပြီး ရေချိုးသော ကလေးတစ်ယောက်ယောက် ရေနစ်လေသလောဟူသည့် အထင်ကြောင့် ရီးဆေးရိုး ထမိခြင်းဖြစ်၏။ ထမိသည်နှင့် တစ်ပြိုင်နက်တည်း အိမ်နောက်ဖေး ချောင်းစပ်ဆီသို့ ပြေးသွားပြီးဖြစ်သည်။ ထက်အောက် စုန်ဆန် မျက်စိဝေ့ ကစားမိပြီးလည်း ဖြစ်ချေသည်။ လူသူကို မမြင်ရ။ ဝါလွင်သော ချောင်းရေပြန့် အကျယ်ကြီးကိုသာ မြင်ရသည်။ သည်နှစ်သည် ချောင်းရေသည် ရေဦးပေါက်သည်နှင့် မဲဇလီကွေ့ ဘက်မှ ရေကြောင်းသည် ရမ်းဘိုကုန်းရွာခြေသို့ ထိုးလာခဲ့ရာ ရေအတိုးတွင် လက်ပံပင်ကြီး တစ်ပင်မျောပါလာပြီး ရွာကမ်းကို ကာကွယ်ပေးခဲ့ရာမှအစ ရေကြောင်း ပြောင်း၍ ရီးဆေးရိုးတို့ ရွာလုံးကျွတ် ပြေးရမည့်ဘေးမှ လွတ်ခဲ့သည်။ ယခု နားမခံသာအောင် အော်နေသော နေရာမှာလည်း သည်ကျေးဇူးရှင် လက်ပံပင်ကြီး နားမှ ဖြစ်၏။ ချောင်းအော်သံသည် လေသင့်လျှင် ကျယ်လောင်လာ၍ လေလွဲလျှင် တိုးညင်းသွား၏၊ ။

“ကြောက်ပါပြီဗျ၊ ဘရေ ကယ်ပါဦးဗျ”

ရီးဆေးရိုး ရေကြောင်းရေစွယ်ကို လေ့လာနေဆဲ ‘ကိုယ်ချည်းတုံး’ နှင့် ကလေးတစ်ယောက် ပြေးလာသည်။ သူ့နောက်မှ မိန်းမတစ်ယောက် တုတ်တစ်ချောင်း ကိုင်လျက် လိုက်ပါလာပြန်သည်။ ရီးဆေးရိုး လှမ်းကြည့်ရင်း လှုပ်ရှားသွားသည်။ သူ့ခြေလှမ်း စတင် လှမ်းချိန်မှာပင် ကလေးက သူ့ရင်ခွင်ထဲသို့ ရောက်ရှိလာ၏။

“ဟဲ့ ဘယ်သူလဲ၊ သားကြီးလား”

ဆူဆူညံညံ ငိုယိုသံကြားသဖြင့် ရီးကျီးဒန် ကုန်းကုန်းကွကွနှင့် ပြေးထွက်လာသည်။

“ဟဲ့ သား၊ ကိုကိုကြီး ဘာဖြစ်တာလဲ”

ရီးဆေးရိုး၏ ဒူးနှစ်လုံး ကြားတွင် လူလုံးမြုပ်အောင် ဝင်ပုန်းနေသူမှာ ကိုထွန်းရ၊ မချောစိန်တို့၏ သားကြီး ကိုကိုကြီး ဖြစ်သည်။ ကိုကိုကြီးထံမှ ငိုဟစ်နေသံသာ ဆက်လက် ထွက်ပေါ်နေသောကြောင့် ရီးကျီးဒန် တစ်ဖက်သို့ လှည့်ကြည့်၏။

“ဘာပြုလို့ ရိုက်တာလဲ”

တုတ်တစ်ချောင်း ကိုင်လျက် ရောက်လာသော မချောစိန်အား လှမ်းမေးလေသည်။

“ကျောင်းသွားတာ။ မအေကတော့ ကျောင်းသွားတယ် ထင်တာပေါ့။ အခုတော့ ကျောင်းမသွားဘဲ ချောင်းထဲဆင်း၊ ရေချိုးနေတယ်။ ရေနစ်ပြီးသေရင် ဘယ်သူမှသိမှာ မဟုတ်ဘူး။ ချိုးတဲ့နေရာ မေးပါဦး။ လက်ပံပင် ဝဲထဲမှာ၊ တယ်လေ ငါ….”

မချောစိန် ပြောရင်းဆိုရင်း ဒေါသတိုးလာသဖြင့် တုတ်ကို မြှောက်လိုက်ရာ...

“ကြောက်ပါပြီ အမေရ၊ ဘ... လုပ်ပါဦးဗျ”

အော်၍ ဘိုးအေကို ဖက်လျက် လှည့်ပတ်ပြေးသည်။ ဘိုးအေ၏ ဒူးကြားမှ လွတ်ထွက်သွားချိန်တွင် ကိုကိုကြီး၏ အဝတ်ချည်းနှီးကိုယ်လုံးကို ရီးကျီးဒန် မြင်ခွင့်ရလိုက်၏။ ရေဖြင့် လွှဲပြောင်ကာ နွံမှုန်များ ငြိတွယ်နေသော ကျော၊ ခါး၊ ပေါင်နှင့် ခြေသလုံးတို့တွင် ဖောင်းကြွနေသော ကန့်လန့်စင်းများ။ ရီးကျီးဒန်၏ မျက်လုံးများသည် ဟောက်ပက်နက်ရှိုင်းသော တွင်းထဲတွင် တည်ရှိနေသော်ငြား ဝင်းခနဲ စူးလက်လာ လေ၏။ မချောစိန်ကို ဖျတ်ခနဲလှမ်းကြည့်လိုက်၏။ မချောစိန် ကိုင်ထားသောတုတ်မှာ ဝါးခြမ်းပြား မဟုတ်၊ ကြိမ်မဟုတ်။ ချောင်းကမ်းပါးမှ အလွယ်တကူ ချိုးယူလာသော အရွက်ဖွားဖွားနှင့် ဆင်နီသား။

“ဟင် အနာမ၊ ရေစိုနေတဲ့ အသားပေါ်ကို တုတ်အစိမ်းနဲ့ ရိုက်ရသလား။ ဒီကလေးဟာ လင်ပါသား မဟုတ်ဘူး ဖေမရဲ့”

“အမေတို့ အဲဒီလို “မဇံ” ထိုးနေလို့ ကလေးတွေ ပျက်တာ”

“နင်ကလား ငါ့ကို”

မြေးအတွက် ထွက်သော အမျက်သည် ချက်ချင်း ထ၍ ပေါက်ကွဲတော့သည်။ ရီးကျီးဒန် ပစ်လိုက်သော စလောင်းဖုံးသည် မချောစိန် ရင်ဘတ်နားမှ ပွတ်သွားပြီး မြေပေါ်တွင် ကွဲကြေသွားလေ၏။

“အမေတို့ ဒီလိုသာ လုပ်နေရင် ကလေးတွေက တစ်ဆိတ်ရှိ အမေကြီးနဲ့ ဘဆီ ထွက်ပြေးနဲ့ ကျုပ် ဘယ်လိုလုပ် ဆုံးမဦးမလဲ”

“ငါ့ခေါင်းကို ဖနောင့်နဲ့ပေါက်၊ ငါ့ရင်ဘတ်ကို ခြေနဲ့ကျောက်ဟဲ့”

ရီးကျီးဒန် ကုန်းအော်လိုက်ပြီး သူ့ရင်ဘတ်ကို သူ တဘုန်းဘုန်းထုသည်။ အမေလုပ်ပုံကို အဓိပ္ပာယ် မရှိဟု မြင်သော်ငြား မချောစိန် ထပ် မပြောတော့။ မျက်ရည် ဝဲလာသည်။ ဆင်နီသားကိုင်းကို ချိုးပစ်သည်။ တစ်ခဏတွေကြည့်နေပြီးနောက် ချာခနဲ လှည့်ထွက်သွားလေသည်။

“ကောင်းစားမယ့် မိန်းမ၊ မအေကို ဝက်ကန်း ပက်သလို ပက်တဲ့ မိန်းမ၊ ကြီးပွားပါစေတော်”

နနွင်းမှုန့်အိုး လှမ်းယူရင်း မချောစိန်ကို မျှော်ကြည့်ရာက အသံကို မြှင့်အော်လိုက်သည်။

“ကျီးဒန် ကလေးကလားတွေ အော်မနေစမ်းနဲ့ဟာ”

“အော်တယ် တော်ရေ့ ၊ အော်တယ်”

ဒေါသအရှိန် မလျော့သေး။ မြေးကြီး ကိုယ်ပေါ်မှ အရှိုးရာများကို နနွင်းမှုန့် သိပ်ပေးနေရင်း ပြန်အော်၏။ ယင်းသို့ဖြစ်သော်ငြား ရီးဆေးရိုး စိတ်မကွက်ပါ။ လေအေးကလေးဖြင့် ဆက်ပြောသည်။

“ညည်း စဉ်းစားကြည့်ပေါ့ ကျီးဒန်၊ ညည့်သား ညည့်သမီးကို ကျိုးပါစေ၊ ပဲ့ပါစေ၊ သေပါစေ၊ နာပါစေ ဆိုပြီး ညည်း ဘယ်နှခါ ရိုက်ဖူးသလဲ။ အဲဒီလိုပေါ့ ဟာ၊ ညည့်သမီးကလည်း ညည့်မြေးကို သေစေချင်၊ ကျိုးစေချင်၊ ပဲ့စေချင်လို့ ရိုက်တာ ဘယ်ဟုတ်နိုင်မလဲ'”

“သိနိုင်ဘူး တော်ရေ၊ ဒီမသာမက နှလုံးပုပ်”

ရီးဆေးရိုး ပြုံးလိုက်ရသည်။ သို့စဉ်တွင် ငတက်ပြားမက ကိုကိုကြီးအတွက် အင်္ကျီနှင့် လုံချည် လာပို့ သည်။ သူ့အမေပေးသော မိမိထွေး အမည်အပြင် နောက်ထပ်အမည်သစ်ရထားသော ငတက်ပြားမသည် အင်္ကျီ လုံချည်ပေးထားပြီး ထွက်မသွားသေးချေ။

“ဟင် အစ်ကိုကြီးကို အမေရိုက်တာ မနည်းပါ လား” ဆိုကာ အစ်ကို့ကို ဖက်၍ ငိုတော့သည်။ အရှိုး

ရာများကို ကိုင်ကာ ကိုင်ကာ ငိုသည်။

စောစောက ဒေါသသာထွက်ခဲ့သော ရီးကျီးဒန်လည်း မိမိထွေးနှင့်ကျတော့မှ မျက်ရည် ပေါက်ပေါက် ကျရတော့၏။

“ကဲ အငယ်၊ ညည်း လာတော့မှ ညည့်အမေကြီး မျက်ရည်ကျရပြီ၊ သွား ပြန်တော့”

မိမိထွေးကို နှင်လိုက်ရင်း “သားက ဘဆီကိုလာ” ဟု ရီးဆေးရိုးက ကိုကိုကြီးအား ဆွဲခေါ်သည်။

“သမီး ဝမ်းနည်းလို့ပါ ဘရ”

“ညည်း အဲဒီလို ကြီးကြီးကျယ်ကျယ်တွေ ပြောလွန်းလို့ ညည့်အမေကြီးနဲ့ မတည့်တာ”

ရီးဆေးရိုး ပြုံးပြုံးရယ်ရယ်ဖြင့် အပြောင်အပြက် ပြောသော်ငြား သည်စကားမှာ ရီးကျီးဒန်ကို ထိသွား၏။

“စိတ်အခန့်မသင့်လို့ မတည့်ပေမဲ့ ငတက်ပြားမမို့ ပိုပြီးတောင် ချစ်ရသေးတယ် တော်ရေ့”

မြေးမကို ဖက်ကာ ခေါင်းကို သပ်ပေးနေသည်။ သပ်ပေးနေရာမှ “သမီးအငယ် မသွားနဲ့ဦးနော်” ဆိုကာ မီးဖိုထဲ ပြန်ဝင်သွားသည်။ ခဏအတွင်းတွင် ဇွန်းတပ်ထားသော ပန်းကန်တစ်လုံး ပါလာသည်။ ပန်းကန်ထဲတွင်ကား သကြားကျနေသော သကာရည်။

“သားကြီးရော အငယ်ရော စားဖို့”

နှစ်ယောက်အတွက် ဆိုသော်ငြား ကိုကိုကြီး လက်မလှုပ်နိုင်မီ မိမိထွေး ပါးစပ်ထဲသို့ သကာရည်ဇွန်း ဝင်သွားပေပြီ။

“လူလေးက ကျောင်းမသွားဘဲ ချောင်းထဲသွား နေတာလားကွ”

ကိုကိုကြီး တစ်ချက်ရှိုက်ရာမှ ခေါင်းညိတ်ပြ၏။

“မိုက်ပါဘိ သားရယ်၊ အမေက ကျောင်းလွှတ်ရင် ကျောင်းသွားမှပေါ့။ ကျောင်းသွားရင်လည်း စာကို ဂရုစိုက်ရမယ် သားရဲ့။ ဘတို့မှာ မင်းတို့ အခု သင်တဲ့စာမျိုး သင်ဖို့ဆိုတာ ဝေးရော၊ ဖောင်တိန်တောင် အသက်လေးဆယ်ကျော်မှ မြင်ဖူးတယ်”

ယနေ့ ကျောင်းသားသူငယ်တို့ဘဝနှင့် လွန်ခဲ့သော နှစ်ပေါင်းငါးဆယ်က ရီးဆေးရိုးတို့၏ ကျောင်းသားဘဝကို ယှဉ်ဟပ်တွေးတောကြည့်နေမိ၏။ ရီးဆေးရိုးတို့မှာ ကျောက်သင်ပုန်းနှင့် ကျောက်တံကိုပင် မမြင်ဖူးကြပေ။ အရှည်တစ်တောင်၊ အကျယ်တစ်မိုက် ရှိသော သစ်သားသင်ပုန်းကို မီးသွေးဖြင့် ‘ချေ’ ကာ ကောက်ရစ်ဆံ (ကံ့ကူဆံ) ဖြင့် ရေးခဲ့ကြရသည်။

ရွာဦး လေးထပ်ကျောင်းသည် ဝါတွင်းတွင် ကိုရင် ဆယ်ပါး အနည်းဆုံး။ ကျောင်းသားကား လေးငါးဆယ် အောက် မလျော့။ သို့ဖြစ်ငြား ဝါတွင်းကာလမှာ လယ်သမားများ အလုပ်လုပ်ချိန်ဖြစ်ရာ ပါးစပ်ပေါက် ခုနစ်ဆယ်ခန့် အတွက် ရွာခြောက်ရွာမှ ခံဆွမ်း ခံဟင်းဖြင့် မလောက်ပေ။ ထို့ကြောင့် ကျောင်းတွင် ချက်ရသည်။ ကျောင်းတွင် ဆွမ်းချက်သည့်အတွက် ကိုသာဒွန်း၊ ကိုဘသောင်းနှင့် ကိုဆေးရိုးတို့ နေ့တိုင်း ရန်ဖြစ်ရ၏။ ရန်ဖြစ်ရသည့် အကြောင်းမှာ ထမင်းရည် လုခြင်းဖြစ်သည်။ ထမင်းရည်သည် ကိုသာဒွန်း၊ ကိုဘသောင်းနှင့် ကိုဆေးရိုးတို့ သောက်ရန် မဟုတ်သော် ငြား သောက်သုံးရန်တမျှ အရေးပါလှသည်။ သည် ထမင်းရည်နှင့် ကျွန်းသားမီးသွေးမှုန့်ကို ဖျော်ကာ သင်ပုန်းကို သုတ်လိမ်းရသည်။ ထူလျှင်လည်း မကောင်း။ ပါးလျှင်လည်း ရေး၍ မထင်ပေ။ အနေတော်ဖြစ်အောင် ညီညာပြန့်ပြူးစွာ သုတ်လိမ်းပြီး နေလှန်းရ၏။ သင်ပုန်းကို နေလှန်းထားခိုက် လူမမြင်မီ ခွေးဝင်တိုးလျှင် သွားပါလေရော။

“ခွေးတိုးသွား၍ပါဘုရား” လျှောက်ထား၍မရ။ လက်ကိုမီးသွေးပေလျှင် ‘စာကြောင်း’ ပေးသော ကိုယ်တော်သည် သင်ပုန်းကိုလည်း လွှင့်ပစ်၏။ ကာယကံရှင်လည်း ကျောကို သားရေဖုံးထားပေတော့။ ကျောင်းသားများမှာ အသက်အရွယ်အားဖြင့် ဆယ်နှစ်မှ အနှစ်နှစ်ဆယ်အထိ ကွဲပြားကြသလို ခေါင်းတုံး၊ ဦးစွန်းဖုတ်၊ ဆံရစ်ဝိုင်းနှင့် သျှောင်ထုံး အသီးသီးကွဲပြားကြသော်ငြား ကျောပြောင်ပြောင်ကြီး ရှိကြရာတွင်မူ အားလုံး တူညီကြလေသည်။ ကျောင်းအောက်ရှိ ခုတင်ရှည်ကြီးများတွင် အားလုံးဝပ်၍ စာအံကြရ၏။ စာအံသူများ၏ ထိပ်တွင် စာသင်ပေးသော ဦးဇင်းကြီး ထိုင်ကာ ကျောင်းသားငယ်၊ ကျောင်းသားလတ်တွေ စာအံနေစဉ် ကျောင်းသားကြီးများ၏ လက်ရေးလှကို စစ်ဆေးသည်။

“ဆေးရိုး”

အမည်အခေါ်ခံရသူသည် အပြစ်တစ်စုံတစ်ရာ ရှိသောကြောင့် အခေါ်ခံရခြင်းဖြစ်၏။ မကြားယောင် ဆောင်နေ၍ မရ။ ပုန်းနေ ၍မဖြစ်။ သင်ပုန်းပေါ်တွင် လက်ရေးရှင်၏ အမည်ပါပြီးသား။ လက်ရေးလှကို ဆွမ်းစားပြီးချိန်တွင် အပြေးအလွှားရေးရရာ အခေါ်ခံ ရသူသည် မည်သည့်အတွက် အခေါ်ခံရသနည်း မခန့်မှန်းတတ်။ စာအကျအပေါက် ရှိ၍လော။ လက်ရေး မလှ၍လော။ သင်ပုန်းအချေ ညံ့၍လော။

“ဘုရား”

ထူးသံပေးကာ ကိုဆေးရိုး ရောက်လာပြီး ဝပ်နေရ၏။ ဘယ်ချက်တွင် ကျောပေါ်သို့ ထန်းပလပ်ပြား အစိုကြီး ရောက်လာမည်နည်းဟု ကိုဆေးရိုး ကျောတချမ်းချမ်းဖြစ်နေစဉ် မမျှော်လင့်သောအရာသည် ဖြစ်လာ၏။

ဒေါင်ခနဲ အသံကြားရကာ ကိုဆေးရိုး ချိုစောင်းပူ သွား၏။ သင်ပုန်းစောင်းဖြင့် ခေါက်ခြင်းပင်။ ချိုစောင်းကို ပွတ်နေဆဲ “ဒါဘာဖြစ်တာလဲ” မေးသံနှင့် အတူ လက်သည်းမည်းမည်းနှင့် လက်ညှိုးကြီးတစ်ချောင်း သင်ပုန်းပေါ် ရောက်လာသည်။ လက်ညှိုး အောက်တွင် ရွဲ့စောင်းနေသော စာလုံးတစ်လုံး။ ဝ ရေးပါလျက် ဝ မဖြစ်သော ဗထက်ချိုင့်။

“အဲဒါ ဟိုဒင်းဘုရာ့”

ဟိုဒင်းဟု ဆိုသာ ဆိုရစေကာမူ ကိုဆေးရိုးလည်း မသိ။

“သွား အခုချက်ချင်း သွားချေခဲ့”

သင်ပုန်းသည် ခုတင်အောက်မြေပေါ်သို့ ရောက်သွားသည်။ ကိုဆေးရိုး အလျင်အမြန် ဆင်းကာ ပြေးကောက်သည်။ ဗထက်ချိုင့် ဖြစ်ရပုံကို စေ့ငုသည်။ သိပါပြီ။ အပေါ်ရည်တင်းနေသော ထမင်းရည်

အဖတ်များကို ဖယ်ရှားပစ်ပါလျက်နှင့် နှမ်းစေ့ခန့် အဖတ်ကလေး တစ်ဖတ်ပါသွားကာ ကပ်နေခဲ့၏။ နေပူနှင့်သွေ့ သောအခါတွင် လုံးဝပျောက်သလောက် ဖြစ်နေ၏။ သို့သော် ချောမွတ်သော ကံ့ကူဆံအဖျားသည် ထမင်းရည်ဖတ်ကို နင်းဖိမသွားဘဲ ကွေ့ချော်သွားခဲ့ရာ ဝစင်စစ်မှ ‘ ဗ ’ ဖြစ်ရချေပြီ။ ရှိစေတော့။ သင်ပုန်းမျက်နှာပြင်ကို အသစ်လုပ်ရတော့မည်။ မွန်းတိမ်း မွန်းလွဲတွင် ထမင်းရည်ကို မည်သည့်အိမ်မှ ရနိုင်ပါမည်နည်း။ အိမ်တိုင်းလိုလို ထမင်းစား၍ ပြီးကြသည်မှာ ကြာမြင့် လှလောက်ပြီ။ လူတွေ ထမင်းစားပြီးနောက် ထမင်း ကျန် ဟင်းကျန်နှင့်အတူ ခွေးစာအိုးထဲ ရောက်နေပေ ရော့မည်။ သို့တစေ ရလိုရငြားသဘောဖြင့် ရွာထဲသို့ ကိုဆေးရိုး ပြေးခဲ့၏။ ထင်သည့်အတိုင်းပါပင်။ ကိုဆေးရိုး ရောက်သည့်အိမ်တိုင်းမှာ စားသောက်ပြီး၊ အိုးခွက် ဆေးကြောပြီးကြပြီ။ အိမ်ပေါ်တွင် မျှော်လင့်ချက် မရှိသော်ငြား ခွေးစားခွက်ထဲတွင် ထမင်းရည် အနည်းအကျဉ်းရှိလိုရှိငြား ကြည့်မိသည်။ ခွေးများကလည်း ကုန်အောင် လျက်ပစ်ကြသည်။ နောက်ဆုံး ဝင်ခဲ့သော အိမ်က မကျီးဒန်တို့အိမ်။

“ဟေ့ကောင် ဘာကိစ္စလဲ”

မကျီးဒန်အဖေ ဘိုးကြွက်နီသည် နွားတင်းကုပ် တံစက်မြိတ်အောက်မှ ဘွားခနဲထွက်လာကာ မျက်နှာ တင်းတင်း မေးသည်။

“ထမင်းရည်လေး နည်းနည်း”

သူ့သမီးကို ပိုးပန်းနေသူပီပီ စကားကိုပင် ဆုံးအောင် မပြောရဲ။

“မင်းသောက်ဖို့လား”

“သင်ပုန်းချေဖို့ပါခင်ဗျာ”

“မိန်းကလေးရ၊ ဟောဒီမှာ ထမင်းရည်လေး နည်းနည်းတဲ့ဟေ့”

ဘိုးကြွက်နီ ကျောခိုင်းထွက်သွားသော်ငြား မကျီးဒန်၏မျက်နှာဝိုင်းဝိုင်းကလေးကို ရွှန်းရွှန်းစားစား ကြည့်ချိန် မရပါ။ “အေးဟာ ဝမ်းသာလိုက်တာ” တစ်ခွန်းသာ ပြောနိုင်ပြီး ထမင်းရည်ကို ထန်းစေ့မှုတ်ဖြင့် ထည့်ကာ ကျောင်းသို့ ပြေးခဲ့ရ၏။ နေသည် အနောက်ဘက် ပေပင်ထိပ်သို့ ရောက်နေပြီ။ သည်နေမကွယ်မီ သင်ပုန်းလှန်းနိုင်မှ ဖြစ်မည်။ ထို့ကြောင့် အပြေးအလွှား ချေရသည်။ အပြေးအလွှားဆိုစေကာမူ သင်ပုန်းမျက်နှာပြင် ချောမွတ်နေရသည်။ ကန့်လန့်စင်း အလျားစင်း လုံးဝမထင်စေရ။ လှိုင်းတွန့် လှိုင်းဗွေ မရှိရ။ အပြေးအလွှားချေပြီး လှန်းပြီးမှ စောစောက လက်ရေးလှကို ပြန်ကူးရသည်။ ကိုဆေးရိုး လက်ရေး လှ ရေးပြီးချိန်၌ အခြားကျောင်းသားများ ကစားနေကြပြီ။ ထန်းစေ့မှုတ်ပစ်တမ်း၊ တိုင်ဦးတမ်း၊ ကျောပိုး– ထွေပတ်တမ်း၊ အကန်း စမ်းတမ်း၊ ကျည်းသားရိုက်တမ်း စသည်တို့အပြင် သီးသီးအနုကလေးတွေ ရင်ကျပ်ခံပြီး ခူးစားသူ စား၊ လက်ပံမြစ် ဖုတ်စားသူ စား။

ကိုဆေးရိုးမှာ လက်ရေးလှပြပြီးရုံဖြင့် တာဝန် မကုန်သေး။ မနေ့က တက်ထားသော စာကို ပြန်ရသည်။ တော်သေး၏။ မနေ့က တစ်နေ့လုံးနှင့် ညဉ့်ဦးယံ တစ်ချိန်လုံး နှုတ်တက်ရွတ်ဆို ကျက်မှတ်ခဲ့သောကြောင့် မထစ်မမှား။ တစ်ချက်မှားလျှင် ထန်းပလပ်ပြားက ဖြန်းခနဲ ကျောပေါ်ရောက်လာမည်။ ဆောင့်ကြောင့်ထိုင်ကာ လက်အုပ်ချီပြီး စာပြန်ရရာ ကျောပြင်ကို အရိုက်ခံရရန်မလွယ်။ သို့ဖြစ်သော်ငြား တင်ပါးကို အရှိုးရာ ကြွအောင် အရိုက်ခံရနိုင်၏။ စာပြန်ပြီးလျှင် တစ်ဆက်တည်း စာတက်ရသည်။ စာတက်ရာတွင်လည်း ဦးပဉ္စင်းကြီး သဘောဖြစ်၏။ စာအသစ်မို့ မှားပေသည်ဟု သူ ခွင့်လွှတ်ချင် လွှတ်၏။ မလွှတ်ချင် လျှင်လည်း သူ့သဘောပင်။ ကျောပြောင်ကြီးဖြင့် ဝပ်နေသော ကိုဆေးရိုးမှာ ဦးပဉ္စင်းကြီး ပြုသမျှ ခံရုံသာ။ သူလည်း စာတက်၍ပြီးရော ကြမ်းပြင်ကို ထန်း ပလပ်ပြားဖြင့် ရိုက်ပြီး ‘ကျောင်းခေါ်’ လေပြီ။ သူ မကစားလိုက်ရ။

ညနေပိုင်း စာအံချိန်သည် ရှည်ကြာ၏။ စာကိုသာ ဖြောင့်ဖြောင့်တန်းတန်းကျက်ပါမူ တက်ထားသော စာသည် သည်အချိန်တွင် ကောင်းစွာရရှိနိုင်ပေသည်။ သို့တစေ နှပ်တန်းလန်းမှသည် လူပျိုပေါက်အထိ ပါဝင်သော ကျောင်းသားများသည် အများအားဖြင့် စာတွင် စိတ်ရောက်သူ နည်းပါး၏။ ကံ့ကူဆံကို ပူအောင် ကြမ်းနှင့်ပွတ်ပြီး အချင်းချင်း လိုက်ကပ်သူ ကပ်၊ ပျားဖယောင်းဖြင့် ဆံပင်ကို ဖိသူဖိ။ ထိပ်တွင် ထိုင်နေသော ဦးပဉ္စင်းကြီး ငိုက်နေလျှင် စာအံသံသည် တဖြည်းဖြည်း နိမ့်ကျသွား၏။ ဦးပဉ္စင်းကြီး ငိုက်လျက် တန်းလန်းမှ ကြမ်းကို ထန်းပလပ်ပြားဖြင့် ရိုက် လိုက်လျှင် စာအံသံသည် ချက်ချင်းကျယ်လောင်စွာ မြင့်တက်သွားပြန်၏။

ဦးပဉ္စင်းကြီး အိပ်ပျော်သွားပြီ။ စာအံသံသည် တိတ်သလောက်ဖြစ်သွားကာ ထပြီး နပန်းချသူချ၊ ငိုသူငို၊ ခစ်ခစ်ခွိခွိရယ်သံများ ထွက်သူထွက်နှင့် အစွမ်း ပြနေစဉ် ဦးပဉ္စင်းကြီး ခေါင်းထောင်လာ၏။ စာအံသံလည်း မြင့်တက် လာပြန်သည်။ သို့သော် စာအံသံ မြင့်ခါမျှဖြင့် ကိစ္စမပြီးတော့ပါ။ ဦးပဉ္စင်းကြီးက ပြေကျနေသော ဧကသီနှစ်စကို ပခုံးတစ်ဖက်တွင် တစ်စစီတင်လိုက်သည်။ ရင်ဘတ်ဟောင်းလောင်းဖြင့် ထကာ ထန်းပလပ်ပြားကို ကောက်ကိုင်သည်။ စာအံသံ ကျယ်လောင်မှု အမြင့်ဆုံးအချိန်ပေတည်း။

ဖုန်းခနဲ ရွှမ်းခနဲ ဖြန်းခနဲ တောင်ဘက်တန်းမှစ၍ မြောက်ဘက်တန်းအထိ ကျောပြင်စေ့အောင်စီပြီး ရိုက်လာလိုက်သည်မှာ ကြမ်းပိုးကိုက်သော ကြမ်းပြင်ကို ကြမ်းပိုးချသကဲ့သို့ပေတည်း။

“သားတို့မှာ ဒီလိုလည်း အရိုက်မခံရဘူး။ စာသင်တာကအစ ခုံနဲ့ဘာနဲ့ ကျကျနနထိုင်လို့။ ကျောင်းသွား ပြန်တော့လည်း အင်္ကျီလှလှ၊ ပုဆိုးလှလှကလေးတွေနဲ့။ အေး... ဘ မှာတော့ တစ်ထည်တည်းရှိတဲ့ အင်္ကျီလေးကိုတောင်...”

နံနက်လေးနာရီတိတိတွင် ကျောင်းထိုင်ဆရာတော်၏ ဘုရားရှိခိုးသံ ပေါ်လာစမြဲဖြစ်သည်။ သည်အချိန်တွင် ကိုဆေးရိုးတို့ ကျောင်းအိပ်ကျောင်းစား ကျောင်းသားကြီးများလည်း အလိုလိုနိုးလာကြပြီ ဖြစ်ပေ၏။ ကျောင်းသားကြီးများ၏ တာဝန်မှာ ကျောင်း တလင်းကို တံမြက်လှည်းခြင်း၊ ယာဂု (ဆန်ပြုတ်) ကျိုခြင်း၊ ပန်းကန်ခွက်ယောက် ဆေးကြောခြင်း၊ ရေနွေးအိုးတည်ခြင်း၊ ရေခပ်ခြင်း၊ အုန်းမောင်းခေါက်ခြင်း စသည်တို့ ဖြစ်လေသည်။ ကိုဆေးရိုးမှာ ထိုအချိန်မှ စ၍ အလုပ်နှင့် လက်မပြတ်တော့ပေ။ ရဟန်းသာမဏေများ ဘုဉ်းပေးရာမှ ကျန်ကြွင်းသော ယာဂုကို ကျောင်းအိပ်ကျောင်းစား ကျောင်းသားများ ဝေငှသောက်ပြီးနောက် ဆေးကြောသိမ်းဆည်းသည်။ ဆွမ်းခံလိုက်ရန် ပြင်ဆင်ရသည်။ ဆွမ်းခံထွက်သောအခါ ကျောပြောင်ကြီးဖြင့် ဖြစ်မနေစေရန် ကိုဆေးရိုး အမေက ရင်စေ့အင်္ကျီကလေး တစ်ထည်ချုပ်ပေးထား၏။ မီးခိုးရောင်နှင့် အဝါနှင့်ရောသော အစင်းကလေး။

သည်အင်္ကျီကလေးကို ဝတ်မိတိုင်း ကိုဆေးရိုး ဝမ်းသာကြည်နူး၏။ သူ့ကိုယ်သူလည်း ပို၍လှလာသည် ထင်၏။ သို့သော် နေ့စဉ်နေ့တိုင်း သပိတ်ထမ်း ရလွန်းသဖြင့် အင်္ကျီပခုံးမှာ တဖြည်းဖြည်း ရိလာခဲ့သည်။ ညာဘက် ပခုံးမှာချည်း သပိတ်ထမ်း လွန်းသောကြောင့် အင်္ကျီပခုံး ရိသည်ဆိုကာ ဘယ်ဘက်ကို ပြောင်း၍ သူ မထမ်းတတ်။ အင်္ကျီကလေးလျှင် စုတ်ရချည်ရဲ့ဟု အတွေးပေါက်သောကြောင့် အင်္ကျီကို ချွတ်ပစ်ခဲ့သည်။ သည်နေ့ကို သူမမေ့။ အငွေ့ တထောင်းထောင်း ထနေသော ဆွမ်းထည့်ထားသည့် သံသပိတ်ကို အမှတ်တမဲ့ ပခုံးပေါ် တင်လိုက်ရာ ချွေးရွှဲ နေသော ပခုံးသည် ရှဲခနဲ မည်သွား၏။ ချွေးသာ မရှိလျှင် ပခုံးသား ကျက်လောက်သည်။ သို့ဖြင့် ထိုနေ့မှ စပြီး ပခုံးကို ပုဆိုးသိုင်းခဲ့ရ၏။ ပုဆိုး၏ မျက်နှာချင်းဆိုင် ထောင့်နှစ်ခုကိုထပ်ကာ သုံးမြှောင့် ပုံချိုးပြီးသိုင်းခဲ့ခြင်းပင်။

ဆွမ်းခံဘုန်းကြီးနှင့် လိုက်ပြီး သပိတ် မထမ်းရသောနေ့တွင် ဝတ်ခွက် (ဆွမ်းဟင်း) ခံရ၏။ သည် အလုပ်ကလည်း ဝတ်ခွက်ပန်းကို ခေါင်းပေါ်တင်ပြီး ရွာရိုးလျှောက်ရသည်မှာ ကြော့ကြော့ကလေးဟု ထင်ရငြား မသက်သာပေ။

ဝတ်ခွက် အရနည်းလျှင် အစစ်အမေး ခံရသည်။ ချပါဦးကွ ဆိုကာ ဟိုဟင်း နမ်းကြည့်၊ သည်ဟင်း နမ်းကြည့် လုပ်ပြီး ဝတ်ခွက်လည်းမထည့်ဘဲ ကန်တော့ လွှတ်သော အိမ်မျိုးဆိုလျှင် လက်သီးနှင့် ပိတ်ထိုး ပစ်ချင်၏။ သည်ပုံ သည်းခံရသလို ဟင်းတစ်ခွက် ရရေးအတွက် မီးဖိုချောင် ဝင်ပြီး ငရုတ်သီးထောင်းတန် ထောင်းပေးရ၏။ အိမ်ရှင်မ ချက်ခွင့်ပြုတ်ခွင့်ရစေရန် ကလေးဝင်ထိန်းပေးတန် ထိန်းပေးရ၏။ တစ်ဖက်မှလည်း နေကို မော့မော့ကြည့်ရသေး၏။ သည်မျှ ပင်ပန်းကြီးစွာ ‘ဆရာ့ဝတ်’ ကို ပြုပြီးမှ သင်ရသော စာကား တစ်နေ့ တစ်ဂါထာမျှသာ။ သည်သို့ ပင်ပန်းခံပြီး သင်ရသောစာသည် လိမ္မာယဉ်ကျေးအောင် ဆုံးမပေး၏။ ရတနာသုံးပါးကို ကြည်ညိုတတ်စေပါ၏။ သို့သော် ကိုဆေးရိုး၏ အသိသည် ဗာရာဏသီ၊ ရာဇဂြိုဟ်၊ ကပိလဝတ်၊ မိဂဒါဝုန်နှင့် ဟိမဝန္တာတို့တွင်သာ ကျင်လည်ခဲ့ရချေသည်။

“ဘတို့တုန်းက ကမ္ဘာကြီး လုံးတယ်ဆိုတာ ကြားတောင် မကြားဖူးခဲ့ပါဘူး သားရယ်။ သားတို့ ခေတ်မှာတော့ စပါးစိုက်တာတောင် အတန်းလိုက်တဲ့၊ တစ်ဧကကို ပင်ရေတစ်သိန်းကျော်တဲ့။ တစ်ဧကထွက်တဲ့ စပါးကလည်း ကြားတောင် မကြားဖူးဘူး။ တစ်ဧက တစ်ရာ့ငါးဆယ် နှစ်ရာကျော်”

“ကျောင်းသွားမှပေါ့ သားရယ်”

ရီးဆေးရိုး ဆွေးဆွေးမြည့်မြည့် ပြောနေငြား၊ ရီးကျီးဒန်မူ သည်မျှသာ ပြောတတ်ရှာ၏။

“ဘုရားပွဲတော်ကြီးတွေမှာ အစိုးရက စိုက်ပျိုးရေး ပြခန်းဆိုပြီး ပြသားပဲအေ့။ ဓာတ်မြေသြဇာလည်း ပြတာပဲ၊ စပါးခြွေစက်ဆိုတာလည်း ပြတာပဲ။ ဒါပေမဲ့ တို့မှာ ခေတ်မီတဲ့ တွေးခေါ်မှု၊ သုံးသပ်မှုရှိတဲ့ အမြင် ကျယ်ကျယ်ပြန့်ပြန့် မရှိခဲ့တော့ မစဉ်းစားမိဘူးပေါ့။ ဒါဟာ ခေတ်မီတဲ့ပညာ မတတ်လို့ပေါ့။ ဒါကြောင့် ပြောတာပေါ့ သားရယ်၊ ကျောင်းနေချိန်မှာ ကျောင်းနေမှ ခေတ်နဲ့ညီတဲ့ ပညာ၊ ခေတ်နဲ့ညီတဲ့ ဗဟုသုတရမယ်”

ကိုကိုကြီး ငုံ့ပြီးစဉ်းစားနေသည်။

“နော် လူလေး၊ နောက်ကို ကျောင်းမပြေးနဲ့ ဟုတ်လား”

မြေးချစ်၏ ခေါင်းကလေးကို ရီးဆေးရိုး လက်ဖဝါးဖြင့် ပွတ်သပ်ပေးနေဆဲ အိမ်ထဲမှ စည်ခနဲ အသံများ ထွက်လာ၏။ မရှေးမနှောင်းပင် မိမိထွေးလည်း ခေါင်းကို ပွတ်လျက် ထွက်သွား၏။ သည်နောက်မှ ရီးကျီးဒန် ဗျစ်တောက်ဗျစ်တောက် မြည်ကာပါလာ၏။

“အရေးထဲမှာ ညည်းတို့ မြေးအဘွားက ဘာဖြစ်ရပြန်တာတုံး”

ရီးဆေးရိုး မကျေနပ်သံဖြင့် မေး၏။

“သကာရည်လေ။ အနှောင့်ခိုက်အောင် ကျွေးထားတာ တော်လည်း အမြင်။ အဲဒါ အိမ်ရှေ့က လူသံကြားလို့ ခဏ ထွက်သွားတုန်း လက်ငါးချောင်းနဲ့ ကော်စားနေတယ်။ ဇာတာကိုက မခိုးရ မနေနိုင်တဲ့ စောရနက္ခတ်ပါတာ။ ဒင့်ဖအေဘက်က ဘိုးအေကလည်း ...”

ရီးဆေးရိုး အသာအယာ ထလိုက်သည်။ မြေးမ မိမိထွေးကို အကြောင်းပြုကာ ရီးကျီးဒန် မီးခိုးမဆုံး မိုးမဆုံး ပြောတော့မည်။ ကိုယ့်ဘက်က ရွှေဟင်္သာ၊ သူ့ဘက်က အနာကြီးပေါက်နေသော ဘီလူး ဖြစ်အောင် မပြီးနိုင် မစီးနိုင် ပြောတော့မည်။ သည်အထာကို သိသောကြောင့် ရီးဆေးရိုး ထရပ်ခြင်းဖြစ်သည်။

“အေး … ပြောပြော၊ လုပ်စရာရှိတာတွေ ချထားပြီး ပြောပေတော့” ဆိုကာ ဒေါသဦး သူ့ဘက် လှည့်မလာခင် အမြန်ဆုံး နွားတင်းကုပ်ဘက်သို့ ထွက်ခဲ့ပေ၏။

▢  ဆင်ဖြူကျွန်းအောင်သိန်း
📖 ကိုဆေးရိုး ပေါင်းချုပ်

No comments:

Post a Comment