❝ ခေါင်တန်းကြားက အချစ်တော် ❞
( ဆင်ဖြူကျွန်းအောင်သိန်း )
“ကြောက်တယ် ဘ၊ ကြောက်တယ်”
လှအုံးမယ်သည် ခေါင်တန်းဝါးနှစ်လုံးကြားသို့ မော့ကြည့်မိသည့် ခဏဝယ် ငယ်သံငယ်ရင်းပါအောင် အော်လျက် ရီးဆေးရိုးကို ထဖက်လေ၏။ လယ်ပြင်တွင် လုပ်စရာ ထူးထူးထွေထွေ မရှိ။ ပျိုးခင်းက တမန်း မပြန်ရသေး။ ဝါကောက်ဆဲ၊ နှမ်းရိတ်ရန် လိုသေးသည်။ သို့ဖြစ်ငြား တစ်နေ့လျှင် တစ်ခေါက်တစ်ကျင်းတော့ ရောက်မှဖြစ်မည်။ သို့အတွက် ထမင်းကျန်နှင့် ဟင်းကျန် ရောချက်ထားသော အိုးကပ်ထမင်း သင်းသင်းကလေးကို အေးအေးလူလူ စားသည်။ စားစတွင်ကား အဟုတ်သား၊ ထမင်းသုံးလုတ်လောက် ဝါးလိုက် ရေနွေးကြမ်းကို မော့လိုက်ဖြင့် ရီးဆေးရိုးမှာ အဆင်ပြေနေ၏။ လေးလုတ်လောက် အရောက်တွင် အိမ်ပေါ်သို့ ဗြုန်းဗြုန်းဒိုင်းဒိုင်း ပြေးတက်လာသံများ ကြားရလေသည်။
ခြေသံကို ကြားခါမျှဖြင့် မြေးတွေမှ တစ်ပါး တခြားသူ မဖြစ်ဟု ရီးဆေးရိုး အတပ်သိသည်။ တက်လာသူများသည် ဘိုးအေ၏ ထမင်းပန်းကန်ကို တစ်ချက် ငုံ့ကြည့်ရာက မီးဖိုထဲသို့ ဝင်သွားကြသည်။ ခဏအကြာတွင် အငွေ့ မသေသေးသော ထမင်းဇလုံ ကိုယ်စီဖြင့် ပြန်ထွက်လာကြကာ ဘနှင့် မျက်နှာချင်းဆိုင်၌ စက်ဝိုင်းခြမ်းပုံ ဝိုင်းထိုင်ကြ၏။ ထိုင်မိလျှင် ထိုင်မိချင်း ဘ ငှဲ့ထားသော ရေနွေးပန်းကန်ပေါ်သို့ လက်တစ်ချောင်း ရောက်လာသဖြင့်
“ဟဲ့ သမီးရဲ့၊ ကိုယ့်ဘာသာကိုယ် ပန်းကန်ရှာပြီး သောက်ပါတော့လား၊ ဘ ငှဲ့ထားတာ သောက်ရသ လား” မော့မကြည့်ဘဲ ဆို၏။
မြေးတို့ သောခနဲ ရယ်မောကြသည်။ ထိုအခါကျမှ ရီးဆေးရိုး မော့ကြည့်ကာ ရှက်ကိုးရှက်ကန်း ပြုံး၏။ သူက ဤသို့ လုပ်တတ်သူမှာ မိမိထွေး ဖြစ်သောကြောင့် သမီး ခေါ်၏။ မော့ကြည့်သောအခါ ပန်းကန်ပေါ်မှ လက်ကို ရုပ်သိမ်းစပြုနေသူမှာ ခင်မောင်ငြိမ်း ဖြစ်နေပေ၏။ စက်ဝိုင်းခြမ်းစည်းရိုးပေါ်တွင် တင်ပျဉ်ခွေ တချို့ ၊ ကျုံ့ကျုံ့ တစ်မျိုး၊ ဆောင့်ကြောင့် တစ်သွယ်၊ ဒူးထောင်ပေါင်ကား တစ်ဝ ထိုင်နေကြသူများမှာ ခင်မောင်ငြိမ်း၊ ကျော်သူရ၊ မိမိထွေး၊ မောင်ထွေးနှင့် လှအုံးမယ်တို့ ဖြစ်ကြ၏။ ခင်မောင်ငြိမ်းနှင့် ကျော်သူရ မှာ ကိုဘညိန်း၊ မလှမေတို့၏ တစ်မိပေါက် ဖြစ်ကာ မိမိထွေး၊ မောင်ထွေးနှင့် လှအုံးမယ် ကြီးစဉ်ငယ်လိုက် သုံးယောက်မှာ ကိုထွန်းရ၊ မချောစိန် တစ်မိပေါက် ဖြစ်ကြ၏။ သည်မောင်နှမ ဝမ်းကွဲညီအစ်ကို ညီအစ်မ ဝမ်းကွဲများသည် ဘတို့၊ အမေကြီးတို့အိမ်သို့ တစ်စုတစ်ရုံးတည်း လာပြီး နှိုက်လေ့ရှိကြသည်။ အိမ်မှာ စားစရာရှိသည် ဖြစ်စေ၊ မရှိသည် ဖြစ်စေ ဘနှင့် အမေကြီးအိမ်မှ တစ်လုတ်မျှ မနှိုက်ရလျှင် သူတို့ ဝမ်းမငြိမ်။ ယခု နှပ်တရွှဲရွှဲ စားသူက စား၊ ချောင်းတဟွပ်ဟွပ်နှင့် စားသူက စား၊ နှပ်ကို ရှုံ့ချည် ထွက်ချည် လုပ်လျက် စားသူက စားနေပြီ။ နှပ်ရှုံ့ နေသူတွေ့လျှင် ရီးကျီးဒန် မနေတတ်။ ဆွဲပြီး ညှစ်ပေးတန်ပေး၏။ “သွားညှစ်ပါတော့လား၊ မျိုးထားမလို့လား” အော်တန်အော်၊ ခေါက်တန်ခေါက်၏။ ရီးဆေးရိုး သော်ကား ရှုံ့ချင်ရှုံ့ မရှုံ့ချင်နေ၊ ထမင်းကိုသာ တမြုံ့မြုံ့ ဝါးနေ၏။
ဆွမ်းခံဝင်ချိန် နေရောင်သည် တိမ်ကြားထဲမှ ဝင်းခနဲ ပေါ်ထွက်လာ၏။ ညီအစ်ကို မောင်နှမတစ်တွေ၏ မှုန်မှိုင်းမှိုင်း ထမင်းဝိုင်းကလေးမှာ လက်ခနဲကြည် လင်လာစဉ် အိမ်ခေါင်ဖျားမှ စာကလေးတွေ၏ ကျီကျီကျာကျာအသံများ ပေါ်လာသည်။
လှအုံးမယ်သည် ပြူတစ်လာသော နှပ်ကို ရွှီးခနဲ ရှုံ့သွင်းလိုက်ရင်း သွားအကျဲသားဖြင့် မော့ကြည့်သည်။ စာကလေးတစ်ကောင်က ကောက်ရိုးမျှင်ကို ကိုက်ချီထား၍၊ တစ်ကောင်က ခုန်ဆွခုန်ဆွဖြင့် အော်နေ၏။ စာကလေးတွေ ဘာပြောနေကြပါလိမ့် တွေးမိသဖြင့် လှအုံးမယ်၏ အကြည့်သည် အလယ် “ခေါင်တိုင်” သို့ ရောက်သွား၏။ တစ်ခဏချင်း ရင်ထဲမှာ အေးစက်သွား၏။ ခေါင်တိုင်ကို ခွပြီးညှပ်ထားသော ခေါင်ဝါးနှစ်လုံးအပေါ်တွင် ဖြူဖြူ အရာကြီး ကြမ်းပြင်မှ ဟပ်သည့် နေရောင်ဖြင့် ပြောင်သည့်နေရာက ပြောင်၊ လက်သည့်နေရာက လက်။ ထိုအရာသည် ငြိမ်သက် မနေပါ။ ရေလျဉ်စီးသည့်အလား ရွေ့လှုပ်နေသည်။ ဤသို့ရွေ့လှုပ်ခြင်းသည် ခွေနေသော မြွေတစ်ကောင် အခွေ ဖြေနေခြင်းပါ တကားဟု သဘောပေါက်သည့် ခဏဝယ် လှအုံးမယ်မှာ “ဘ ကြောက်တယ်၊ ကြောက်တယ်” အော်လျက် ထခုန်ကာ ရီးဆေးရိုး၏ လည်ပင်းကို ပြေးဖက်လေ၏။ ရီးဆေးရိုးထံသို့ ကြောက်လန့်တကြား ပြေးသွားသောကြောင့် ထမင်းဇလုံကို တက်နင်းမိသည်။ ရေနွေးပန်းကန်ကို တိုက်မိသည်။
“အာ သည်ကလေးဟာ မှောက်ကုန်မယ်၊ ဘာလဲ ဘာလဲ”
“ဟိုမှာ မြွေကြီး မြွေကြီး”
လှအုံးမယ်က အလယ် ‘ခေါင်တိုင်’ ထိပ်သို့ လက်ညှိုး ထိုးပြ၏။ ရီးဆေးရိုးက မော့၍သော်မျှ မကြည့်။
“ညည်းတို့အမေကြီး မွေးထားတာပါ သမီးရယ်၊ ကဲ စားစား” ပြောငြား လှအုံးမယ်မှာ ဘထံမှ မခွာရဲ။
“ညီမလေး မကြောက်နဲ့၊ မမရှိတယ်”
“ကိုထွေး တုတ်တစ်ချောင်း ပေးဟာ”
မိမိထွေးက ခေါ်စေကာမူ လှအုံးမယ် မသွား။ သို့အတွက် မိမိထွေး ရပ်ကာ ထဘီ ပြင်ဝတ်သည်။
ပြောပြောဆိုဆိုဖြင့် ခေါင်တိုင်ကို ဖက်တက်သည်။ ထိုအခါ ခင်မောင်ငြိမ်း မနေသာတော့ပေ။ ပုဆိုး ခါးပုံစ ဖြေသည်။
“ငတက်ပြား နေနေ၊ မတက်နဲ့”
ပြောရင်း ခွလောက်လေး (သားရေခွ) ကို ထုတ်သည်။ လောက်စာအိမ်ထဲတွင် ကျောက်ခဲဖြူဖြူကလေး ထည့်ကာပစ်သည်။ ခေါင်အောက်တည့်တည့် ရောက်နေသော ငတက်ပြားမက ခေါင်းကို လက်ဝါး ဖြင့် အုပ်ထားသည်။ သို့သော် ကျောက်စရစ်ခဲက ပြန်မကျ။ ခေါင်တန်းဝါးနှစ်လုံးကြား၌ ညှပ်နေသည်။ မြွေကို ထိသွားဟန်တူ၏။ အခွေကို တအိအိ ဖြေနေရာက လျှောခနဲ ထန်းရွက်ကြားထဲသို့ ဝင်သွားလေ၏။ ထန်းရွက်မှာ အချပ်လိုက် မိုးထားရာ နွေတွင် အေးသလောက် ကြွက်ပေါသည်။ အချပ်များကြားတွင် ကြွက်သိုက်များ၊ စာအုံများသည် ညပ်သိပ်နေ၏။ ထို့အတွက် မြွေမှာလည်း အလွယ်တကူ ခိုပုန်းစရာရသွား လေ၏။
“လူလေး မပစ်နဲ့၊ မပစ်နဲ့၊ အိုးတွေ ခွက်တွေ မှန်ကုန်လိမ့်မယ်”
ရီးဆေးရိုး လှမ်းပြောနေခိုက်တွင် ကျောက်ခဲတစ်လုံးသည် ခေါင်ဝါးကို ထိမှန်ပြီး မီးဖိုခန်းထဲသို့ ဝင်သွားလေ၏။ ဂျလောင်ဒေါင် အသံ ပေါ်လာသည်။ ရီးကျီးဒန်၏ အော်တုတ်လိုက်သံလည်း ခုနစ်အိမ်ကြား ရှစ်အိမ်ကြား ပေါ်လာလေ၏။
“ဟဲ့ မိမစစ် ဖမစစ်တွေ၊ သည်မှာ အိုးတွေ မှန်ကုန်ပြီဟဲ့။ နင့်နှမ လင်ယူလို့ ခဲဖိုးတောင်းတာလား၊ မအေသေရာတွေ”
ခင်မောင်ငြိမ်းမှာ လျှာထုတ်ကာ ခေါင်းပုသွားပြီ။ ငတက်ပြားမ မခံနိုင်ပါ။ သူကလည်း ခင်မောင်ငြိမ်း၏ နှမပင် မဟုတ်လော။ ထို့ကြောင့် “အမေကြီးမြေးက မြွေကို ပစ်တာ” ဟု ကက်ကက်လန်အောင် ရန်တွေ့သဖြင့် ပါးစပ်ကို ခင်မောင်ငြိမ်း ထပိတ်၏။
“နင် တော်တော် အာချောင်တယ်”
ထိုအချိန်တွင် အိမ်ပေါ် တက်သံနှင့်အတူ “အငယ် ဘာပြောတယ်၊ ဘယ်သူပစ်တာလဲ၊ ဘယ်မလဲ” မေးသံပါ ထွက်ပေါ်လျက် ရီးကျီးဒန့် မျက်နှာကြီး အိမ်ကပြင်ဝမှာ ပေါ်လာ၏။
ငတက်ပြားမသည် အဖြေမပေးဘဲ ဘ အနား ကပ်သွား၏။ မောင်ထွေးနှင့် ကျော်သူရမှာမူ သူတို့နှင့် မဆိုင်ဘိသို့ ထမင်းကို ကုန်းလွေးနေသည်။ ရီးကျီးဒန်က သူ့မြေးတွေ၏ အထာကို ကောင်းစွာသိပါသည်။ သိသည့်အလျောက် ပြူးကြောင်ကြောင် ဖြစ်နေသော ခင်မောင်ငြိမ်း ဘေးသို့ စွေ့ခနဲ ရောက်လာကာ နွားချေးမှုန်များ၊ ကောက်ရိုးစဉ်းဖတ်များ ပေကျံနေသော လက်ကြီးဖြင့် ခါးပုံစကို ဆွဲဖြုတ်လိုက်လေ၏။ ကျောက်ခဲဖြူဖြူ ၄၊ ၅ လုံး ဒိုးဒိုးဒေါင်ဒေါင် မြည်လျက် ကြမ်းပေါ်မှာ လူးလိမ့်နေငြား ခွလောက်လေး မတွေ့ပါ။ သို့အတွက် ပေါင်ကြားထဲသို့ နှိုက်လိုက်ရာ ခွ လောက်လေးမှာ တန်းလန်းကြီး ပါလာလေတော့၏။
“ဘယ်မလဲမြွေ”
ခွလောက်လေးကို ခွရင်းမှ ကိုင်ကာ ခင်မောင်ငြိမ်း၏ ခေါင်းပေါ်မှာ မိုးထားလျက် မေးသည်။ ခင်မောင်ငြိမ်းက လက်ထောက်လျက် နောက်ပြန်တစ်ချက် ဆုတ်ရင်း “ဟိုပေါ်မှာ လှလှ လန့်ပြီးအော်လို့” မျက်လုံးပြူးဖြင့် တုန်ယင်စွာ ဖြေသည်။
“လင်းမြွေဟဲ့၊ လင်းမြွေ။ နင့်အဖေက မြွေသူတော်ကောင်း။ အိမ်မှာ မြွေရှိရင် ကြွက်ငြိမ်တယ် ဆိုတာ နင် မသိဘူးလား”
“ငြိမ်လိုက်တဲ့ ကြွက်ကြီး၊ ညညကျရင် ဝုန်းဒိုင်း ကြဲနေတာပဲ”
ရီးကျီးဒန်သည် မျက်စောင်းတစ်ချက် ထိုးလိုက်ရာက “တော်၊ ဝင်ဝင် မရှုပ်နဲ့နော်” တစ်ချက် မာန်လိုက်ပြီးမှ ရှေ့တိုး၏။
“မြွေက နင့်ကို ဘယ်နှယ့်လုပ်သလဲ”
ခင်မောင်ငြိမ်း မဖြေ။
“အခုလို သောက်ရမ်းပစ်လို့ အိုးခွက်ပန်းကန်တွေ ကွဲကုန်ရင် ဘယ်နှယ့်လုပ်မလဲ၊ နင့်အဖေ ငဘညိန်း သူဌေးကြီးက လျော်မှာလားဟဲ့၊ လျော်မှာလား”
‘လျော်မှာလားဟဲ့’ အရောက်တွင် သားရေပတ်ဖြင့် လှမ်းရိုက်သည်။ လက်ကို တိုးမြှင့်မြှောက်ကတည်းက ခင်မောင်ငြိမ်းက နောက်သို့ ခုန်ဆုတ်ပြီးပြီ။ ခင်မောင်ငြိမ်းကို မရိုက်မိဘဲ ရီးဆေးရိုး၏ ခြေသလုံးကို အဖျား ခတ်မိသွားရာ “ဟ” ခနဲ အော်ကာ လက်ဖြင့် ပွတ်၏။
“ကျီးဒန် တော်တော့ဟာ၊ ကလေးပဲဟာ ကြောက်စရာရှိ ကြောက်မှာပေါ့၊ ကြောက်လို့ပစ်တာ အပြစ်လား”
“မြွေသူတော်ကောင်းတော်၊ လင်းမြွေ၊ လင်းမြွေ”
“ကြက်လည်း မဟုတ်၊ ဝက်လည်း မဟုတ်၊ ခွေးတို့ ကြောင်တို့ မြင်းတို့ နွားတို့မှ မဟုတ်တာဟာ နင့်မလဲ”
ရီးဆေးရိုးအသံက တစ်စထက် တစ်စ ခက်ထန်လာသောအခါ ရီးကျီးဒန်၏ လက်ညှိုးက လှအုံးမယ် ဘက် လှည့်သွား၏။
“ညည်းနုံလို့ သည်လို ဖြစ်တာ”
အမေကြီးကို ကြောက်သောကြောင့် ကြောင်သံ ကြားသည့် ကြွက်နှယ် ကုပ်မှေးနေကြသော ကလေးတို့၏ လည်ပင်းများသည် ရှည်ထွက်လာ၏။ ရွာတောင်ဖျားဆီက အသံတစ်သံ။
“ထွက်ကြဟေ့၊ ထွက်ကြ၊ ရှင်ဥပဂုတ်ဖောင်ကြီး မျောလာပြီဟေ့”
ကလေးတွေ ခုန်ထကြသည်။
“ဘ၊ ဘ၊ ရှင်ဥပဂုတ် ဖောင်တဲ့”
••••• ••••• •••••
စလင်းချောင်း ရေပြင်သည် ရွှံ့ရေများဖြင့် ဝါထိန်နေချေသည်။ အလယ်သောင်မှ ကိုင်းခေါင်းဖြူများသည် ခေါင်းတညိတ်ညိတ်ဖြင့် အားပေးသယောင်၊ ပွဲကြည့်သယောင် ပြူနေကြသည်။ အချို့နေရာတွင် ရင်စို့၊ အချို့နေရာတွင် ခါးအထိ နက်သော သည်ရေပြင်ထဲတွင် လူတွေ ပြည့်နေသည်။ ရမ်းဘိုကုန်း ရွာကမ်းနဖူးတွင် လူများ ဖွေးဖွေးလှုပ်နေသည်။ အော်ဟစ်သံများလည်း လုံးထွေးနေသည်။
“အလျှော့မပေးနဲ့၊ အလျှော့မပေးနဲ့။ ဘယ်နှယ့်တော် အားအားယားယား သည်ဘက် ရောက်နေပေါ့ဟာကို လာဆွဲလို့ ဘယ်ရမတုံး”
“ဟုတ်တယ် ဟုတ်တယ်၊ ရမ်းဘိုကုန်းကို လာမစမ်းနဲ့၊ မီးပွင့်သွားမယ်”
ဤသို့ ပြောရ အော်ဟစ်ရသည့်အကြောင်းမှာ ပြိုင်ဘက် ပေါ်လာသောကြောင့်ဖြစ်၏။ ပြိုင်ဘက်မှာ ညောင်ကုန်းသားများဖြစ်ကြ၏။ သူတို့သည် ရှင်ဥပဂုတ်ဖောင်တော် မျောလာစဉ်က သတိ မထားမိကြ။ ယာထဲ ဆင်းသူဆင်း၊ ဥယျာဉ်ထဲ ရောက်သူရောက်နေ၊ အိမ်မှုကိစ္စဖြင့် ဂျင်ခြေလည်သူက လည်နေခဲ့သည့် အတွက် ကမ်းသို့ မဆွဲမိကြ။ ကလေးတွေ အော်သံပေး၍ ပြေးလာချိန်တွင် ဖောင်တော်မှာ ရှားတောအောက် သို့ပင် ရောက်နေပြီ။ ဖောင်တော်သည် ရှားတောဘေးတွင် ကပ်သွားသော ချောင်းမြွှာထဲသို့ ဝင်လျှင်လည်း အကောင်းသား။ ယခုသော် ရမ်းဘိုကုန်းဘက် ဆင်းသော ချောင်းမကြီးထဲသို့ ဝင်သွားပြီ။ စုရုံးမိသမျှ လူဖြင့် လိုက်ဆွဲစဉ် ရမ်းဘိုကုန်းသားတွေ မြင်သွားကာ ရောက်လာကြခြင်းဖြစ်၏။ ရမ်းဘိုကုန်းသားတွေ ရောက်နေပြီဟု ကြားသောအခါ ညောင်ကုန်းမှ လူကုန် ထွက်လာသည်။ ညောင်ကုန်းနှင့် ကပ်နေသော ရှား တောကလည်း ညောင်ကုန်းကို ကူရန် ထွက်လာသည်။ ရမ်းဘိုကုန်းမှလည်း ကမ်းပေါ်မှ အော်နေသော မိန်းမသားများပါ ဆင်းလာကြတော့သည်။ ဆင်းလာကြငြား ချောက်ထဲကျပြီး ရေနစ်သူနစ်၊ ရေစီးထဲ မျောပါသွားသူသွားနှင့် ကမ်းပေါ်တွင် ရယ်ပွဲ ဖြစ်နေ၏။ ညောင်ကုန်းက မေတ္တာရပ်ခံသည်။ ရမ်းဘိုကုန်းက လက်မခံ။ ဆွဲ၍ ရလျှင် ယူတော့ဆိုသည်။ ဖောင်လုပွဲကြီး ညာသံ တဟေးဟေးဖြင့် စတင်တော့၏။
ငှက်ပျောတုံးဖောင်တော်ကြီးမှာ လေးလံပတ်လည်ခန့် ကျယ်သည့်အပြင် ငှက်ပျောတုံးကြား၌ ဝါးပိုးဝါးများ တစ်လုံးချင်း သွင်းထားလေ၏။ ထုံးတဖွေးဖွေးနှင့် ရာဇမတ် ကာရံထားသည်။ ရွှေရောင်တဝင်းဝင်းနှင့်ကျောင်းဆောင်ကြီးမှာလည်း ခမ်းနားလှသည်။ စက္ကူပြာသာဒ် မဟုတ်၊ သစ်သားပြာသာဒ် ဖြစ်သည်။
ပလ္လင်ပေါ်တွင် သီတင်းသုံးနေသော ရဟန္တာ ကိုယ်တော်မြတ်ကြီး၏ အပေါ်တွင် ပိတ်မျက်နှာကြက်၊ ပန်းမျက်နှာကြက်များ လှူဒါန်းထားရုံမက ဘက်ထရီ မီးချောင်းကလည်း ထိန်နေသေးသည်။ ပန်းများ၊ ခဲဖွယ်ဘောဇဉ်များနှင့် ထီးတံခွန် ကြက်လျှာမုလေး ပွားများမှာ ပြည့်နှက်နေပြီ။ တစ်ကမ်းကပ် တစ်ကမ်းခွာဖြင့် ရက်ပေါင်း မည်မျှကြာ၍ မည်သည့်ရွာမှ မျှောလိုက်ကြောင်းကို မည်သူမျှ အတပ်မသိသေး။ ကိုယ့်ဘက် ပါရေးသာ ဇောစိတ်သန်နေကြ၏။
ဖောင်လုကြရာတွင် ညောင်ကုန်းဘက်မှ နှစ်ရွာ အားမို့ လူအားသာသည်။ သို့အတွက် ညောင်ကုန်း ဘက်သို့ ဖောင်တော်သည် တစ်လံမျှ ဆန်တက်သွားငြား ရေစွယ်အရောက်၌ မတက်တော့ပေ။ ချောင်းမကြီးသည် ညောင်ကုန်း အထက်မှ ခွဲပြီး ထိုးဆင်းလာရာ သည်နေရာ အရောက်၌ ကျဉ်းသွားသည်။ ကျဉ်းသည့်အတွက် ရေစီး ပြင်းသည်။
“ကဲကဲ တန့်နေပြီ၊ လက်လျှော့လိုက်ကြတော့”
ရီးဆေးရိုးသည် ကမ်းနှင့် ဖောင်ကြားတွင် ရေနှစ်ကြိမ် နစ်ပြီးမှ ရောက်လာ၏။ ငယ်ငေါင်းသော သျှောင်ထုံးသည် ပြေကျကာ မျက်နှာကို ဖုံးနေ၏ သူက ဖောင်ပေါ်သို့ တက်ပြီး အော်လိုက်သဖြင့် ညောင်ကုန်းသား ‘ခေါင်းတုံးတို’ အဘိုးကြီးအို တစ်ယောက်လည်း ဖောင်ဘေးသို့ ရောက်လာ၏။
“အောင်မာ ဆေးရိုးရာ၊ မင်းတို့ ညံ့လို့ တို့ဘက်ပါ လာပြီးမှ”
“ဟာ ဖန်ကတုံး၊ မသေသေးဘူးလား”
“မင့်ဖေကလွှားမို့ သေရမှာလား၊ မတော်တရော်တွေ”
“မင်းတို့ အမောခံ မနေပါနဲ့ကွာ၊ လက်လျှော့လိုက်ပါ”
ရီးဆေးရိုး ဖျောင်းဖျနေစဉ်တွင် “အဘိုးကြီးအို နှစ်ယောက် နပန်းသတ်ပါဗျိုး၊ နိုင်တဲ့ဘက်က ဖောင်ကို ယူကြေး” ဟု အော်သူက အော်၏။
“ကဲ ကဲ သာဖန်တော့ ပြောမရဘူးဟေ့။ ဆွဲကြပေတော့”
ရီးဆေးရိုး၏ စကားအဆုံးတွင် သဲထဲသို့ ခြေကန်ပြီး အသင့်စောင့်နေသော ရမ်းဘိုကုန်းသားများ ဆောင့်တွန်းလိုက်ကြသည်။ ဖောင်တော်သည် ဝေါခနဲ လျှောဆင်း၏။ ကျပြီးခါမှ ညောင်ကုန်းသားများ ပြန်ဆွဲ၏။ ရေစုန်ဘက်သို့ ဆွဲသူနှင့် ရေဆန်ဘက်သို့ ဆွဲသူ မတူပါ။
ရေစုန်ဘက်သို့ ဆွဲသော ရမ်းဘိုကုန်းကို ရေ၏ စီးအားက ကူညီသည်။ ဟေးခနဲ ဟေးခနဲ အားတက်သရော တွန်းလိုက်ကြရာ ဝါးနှစ်ရိုက်ကျော် အရောက်တွင် ညောင်ကုန်းသားများ လက်လျှော့လိုက်ကြ၏။ ရမ်းဘိုကုန်းကမ်းပေါ်တွင် ခုန်သူ ခုန်၊ ကသူ က၊ နိုင်ပြီဟေ့ အော်သူ အော် ပွက်လောရိုက်နေသည်။
ရီးကျီးဒန်လည်း ပျာပျာ ပျာပျာနှင့် ရောက်လာကာ တဘက်ကို ဖြန့်၊ မြေကြီးပေါ် ကျုံ့ကျုံ့ထိုင်လျက် သဒ္ဓါကြည်ညိုစွာ ရှိခိုးဦးချနေချေသည်။
••••• ••••• •••••
၃
“ပင်ရင်း ဒါယကာက ‘လင်းဇင်း’ ကတဲ့ဟေ့”
“ဟာ တောင်ပျစ်ကုန်းမှာ သုံးညတောင် ကြာခဲ့ဆိုပဲ”
“ကျီးသိုက်ကလည်း ပူဇော်လိုက်သေးတာပဲ၊ ဒါနဲ့များ ညောင်ကုန်း မသိလိုက်တာ အံ့သကွာ”
“အမယ် တောင်ပျစ်ကုန်းက ပွဲနှစ်ည ကပြီး ပူဇော် ဆိုပါကလား”
ကမ်းသို့ ကပ်မိသော ရှင်ဥပဂုတ်ဖောင်ပေါ်သို့ ဖောင်မြုပ်အောင် တက်ကြည့်ကြ၏။ ကိုယ်တော်မြတ်၏ ရှေ့တွင် စိုက်ထားသော ကမ္ပည်းစာတမ်းများကို ဖတ်ပြီး တစ်ယောက်တစ်ပေါက် ပြောကြ၏။
“ကဲ ဆင်းကြ ဆင်းကြ၊ ငါးယောက်တစ်တွဲ တက်ကြည့်ပြီးရင် အိမ်ပြန်ပြီး အရုဏ်ဆွမ်းကပ်ဖို့ စီစဉ်ကြ”
“ပန်းတို့၊ မုန့်ပဲသရေစာတို့လည်း ပါပေ့စေပေါ့ဟာ”
“ဖယောင်းတိုင်တို့၊ ဆီမီးတို့ ပူဇော်နိုင်လည်း ကောင်းတာပဲဟ”
“အေး ဆီမီးဆိုလို့ ပြောရဦးမယ်၊ ဘက်ထရီကို မနက်ကျ အားသွင်းဖို့ မမေ့ကြနဲ့ဟေ့”
ရီးဆေးရိုး တစ်လှည့်၊ ရီးသာဒွန်း တစ်လှည့် ပြောနေစဉ် အခြားသူများကလည်း ကြားဝင်၍ အကြံပေးကြ၏။
“အရုဏ်ဆွမ်းဆိုတော့ နေ့ဆွမ်းမပါဘူးလားတော့်”
“ဟုတ်သားပဲ၊ ဟေ့ အုန်းဖူးတို့၊ ကျော်ဇင်တို့၊ ငဦးတို့၊ ဘယ်နှရက် ပူဇော်မလဲဟ စဉ်းစားကြပါဦး”
အများ၏ ဆန္ဒနှင့် သက်ဆိုင်သည် မဟုတ်လား။ အမေးခံရသူ သုံးယောက်သည် ဝိုးတိုးဝါးတား ဖြစ်သွားကြသည်။
“သည်လိုလုပ်လို့ တော်ရိုးလားကွ၊ ကဲကဲ အစည်းအဝေးခေါ်ဟေ့။ ငဦး လျှောက်အော်ချေကွာ၊ ရွာလယ်ဝတ်ကျောင်းကို တစ်အိမ် တစ်ယောက်လို့”
ထိုသို့ ပြောပြီး ရီးသာဒွန်းဘက် လှည့်လိုက်စဉ် “အဖေ၊ အဖေ” ခေါ်သံကြားသဖြင့် လှမ်းကြည့်ရ ပြန်၏။ သမီးကြီး မချောစိန်ပါ။
“အဖေ့ တစ်ကိုယ်လုံးလည်း ရွှဲနစ်နေတာပဲ၊ ကြာရင် အခိုးငုပ်သွားလိမ့်မယ်။ အိမ်ပြန် အဝတ်လဲပါဦး၊ ရော့ရော့ ဆံပင်တွေ သည်ပုဆိုးနဲ့သုတ်”
ချောင်းကို ကူးစဉ် ရေနစ်စဉ်က မောသော အဟုန်ကြောင့် ချမ်းရ အေးရမှန်းမသိငြား၊ သမီးကြီး သတိပေးမှ စိမ့်လာ၏။ ဆံပင်ကို လမ်းလျှောက်ရင်း သုတ်လာ၏။ အိမ်ပေါ်ရောက်လျှင် ရောက်ချင်း အဝတ်လဲနေခိုက် အော်ကျယ် အော်ကျယ်နှင့် ရီးကျီးဒန် ပြန်လာ၏။
“အရုဏ်ဆွမ်း ကောက်ညှင်းပေါင်းကပ်မယ်ဟေ့၊ လှူထားတာတွေထဲမှာ နှမ်းပျစ် မပါဘူး၊ နှမ်းပျစ် လုပ်ပြီး လှူလိုက်မယ် စိတ်ကူးတယ်”
တစ်ယောက်ယောက်အား ပြန်ပြောရင်း လမ်းလျှောက်လာဟန်တူ၏။ အိမ်ပေါ်ရောက်မှ စကားပြတ်သွားပြီး “လိုလိုမယ်မယ် သဗ္ဗဇေယျကလေး ရေနွေးနဲ့ သောက်လိုက်ဦး” မှာကြားပြီး မီးဖိုထဲ ဝင်သွားသည်။ ကိုဆေးရိုးလည်း ဆေးနှင့် ရေနွေးပူပူ သောက်ပြီး စောင်ခြုံထားသဖြင့် ချွေးပြန်စပြုလာ၏။
“အမယ်လေး လာကြပါဦး၊ လာကြပါဦး တော်တို့”
ရီးဆေးရိုး ထခုန်ကာ မီးဖိုခန်းထဲသို့ စွေ့ခနဲ ရောက်သွားသည်။ “ဟ ဟ” အော်မိသည်။ ရီးကျီးဒန့် လက်ကို မြွေပတ်ထား၏။ ယောင်ယမ်းပြီး နောက်တွန့်သွားပြီးမှ “ခါလိုက် ခါလိုက်” အော်သည်။ ရီးကျီးဒန် ခါသည်။ အပတ်ပြေကာ တန်းလန်းကြီး ဖြစ်လျက် ရီးကျီးဒန့်လက်ကို ကိုက်ထား၏။ ရီးဆေးရိုး ပြေးကာ အမြီးဆွဲသည်။ လယ်ပြင်တွင် လုပ်နေကျ အတိုင်း အဝတ်လျှော်ပုံဖြင့် ကြမ်းပေါ် လွှဲရိုက်လိုက်သည်။ သို့သော် သက်ရှိသတ္တဝါပါတကားဟု သတိဝင်သည့် ခဏ၌ ခြေရင်းပေါက်မှ ပစ်ချလိုက်လေ၏။ ရီးကျီးဒန့် အော်သံကြောင့် အိမ်နီးချင်းများ ပြေးလာကြသည်။
ရီးဆေးရိုးသည် ရီးကျီးဒန်အား သောက်ရေတစ်ခွက်ခပ်ပေးလိုက်ပြီးနောက် အိမ်ပေါ်မှ တွဲချလာသည်။
“ဘာဖြစ်တာလဲ ရီးကျီးဒန်၊ ဘာဖြစ်တာတုံး”
“ထန်းရွက်ကြားမှာ ထိုးထားတဲ့ စက္ကူစုတ်ဟေ့။ လှမ်းအနှိုက်မှာ ကြွက်ကို ချောင်းနေတဲ့ မြွေက အစာမှတ်ပြီး ဖမ်းကိုက်လိုက်တာပါပဲကွာ။ ကလေးတွေက ပစ်တော့ခတ်တော့ မြွေသူတော်ကောင်းမို့ မပစ်ရဘူးတဲ့။ အခုတော့ ကိုက်ပြီပေါ့ကွာ”
ထိုစဉ်တွင် အူယားဖားယား ပြေးလာသော ကိုဘညိန်းကို မြင်သဖြင့်
“လူကလေး ရထားတစ်စီး ငှားချေဟေ့၊ တိုက်နယ်ဆေးခန်းသွားရအောင်” လှမ်းမှာပြီးမှ ဆက်ပြော၏။
“ကိုက်ချက် ဘယ်လောက် ပြင်းသလဲဆိုရင် ခါပစ်တာတောင် တန်းလန်းကြီး အစွယ်နဲ့ ငြိနေသေးတယ်။ အဲဒါနဲ့ အမြီးက ဆွဲ၊ တစ်ချက် ရိုက်ပြီး လွှင့်ပစ်လိုက်ရသဗျား”
တစ်ချိန်လုံး မျက်လုံးပြူးပြီး ငြိမ်နေခဲ့သော ရီးကျီးဒန်သည် အိမ်ဝိုင်းဝရောက်မှ အသံထွက်လာ၏။
“လင်းမြွေက အဆိပ်ရှိလို့လား”
“ရှိရှိ မရှိရှိ မြွေကိုက်ရင် ဆေးခန်းသွားမှ ဖြစ်တော့မပေါ့ဟာ၊ ဆရာဝန်ကမှ နားလည်တာ”
“ခက်တာပဲတော်၊ ဆေးခန်းသွားနေရင် ကောက်ညှင်းပေါင်းချိန် မမီဘဲနေတော့မှာဘဲ”
ရီးကျီးဒန်မှာ မပွင့်တပွင့် ညည်းမိသည်။
“မီပါတယ်ဟာ၊ ငါနဲ့ ညည့်မြေးတွေ ကူမှာပေါ့၊ အဲဒါပေါ့ဟာ ခွေးလည်း မဟုတ်၊ကြောင်လည်း မဟုတ်၊ မြွေမွေးရတယ်လို့၊ မြွေမွေးတော့ ကိုက်တာပေါ့”
ရီးဆေးရိုး တဟားဟား ရယ်ငြား ရီးကျီးဒန် မရယ်နိုင်ပါ။ ကြွက်နံ့ ရသဖြင့် သူ့အလိုအလျောက် ရောက်လာသော မြွေကို “ငါမွေးထားတာ၊ မလုပ်ကြနဲ့ဟဲ့” ပြောခဲ့မိသည် မဟုတ်လား။
▢ ဆင်ဖြူကျွန်းအောင်သိန်း
📖 ကိုဆေးရိုး ပေါင်းချုပ်
No comments:
Post a Comment