Friday, August 28, 2026

ခြောက်အိမ်တန်း


❝ ခြောက်အိမ်တန်း ❞ 
▢  စာကလေး ( မော်ကျွန်း )

၁။

အခုတလော ရွာလေးထဲမှာ လူမနေဘဲ တံခါးပိတ်ထားခဲ့သည့် အိမ်ကလေးတွေ ထပ်ပြီးတိုးလာကြတာမြင်ရတော့ သူ စိတ်မကောင်း ဖြစ်ရပြန်ပါသည်။ ရွာလေးထဲမှာ ဒီလိုမျိုး တံခါးပိတ်ထားခဲ့သည့် အိမ်ကလေးတွေ ပျက်စီးသွားခဲ့ကြသည်က အလုံးပေါင်း မနည်းလှတော့။

တကယ်တော့ အခုလို အိမ်ရှင်တွေ၏ စွန့်ခွာခြင်းကို ခံရရှာသော အထီးကျန်အိမ်ကလေးတွေကို နောက်ထပ်တိုးပြီး သူ မမြင်ချင်မိတာ အမှန်ပဲဖြစ်သည်။

ဒီမြင်ကွင်းကို သူ မနှစ်သက်ပါသော်လည်း သူ့အဖို့ စိတ်မကောင်းသည်က လွဲ၍ ဘာမှ တတ်နိုင်သည်တော့ မဟုတ်။ တကယ်တော့ အိမ် ဆိုသည်က အသိုက်အမြုံ တစ်ခု၊ မိသားစုတို့၏ နားခိုရာ ဖြစ်သလို မိသားစုတစ်ခု၏ ပြယုဂ်လက္ခဏာ တစ်ခုလည်း ဖြစ်သည်။

အခုတော့ မိသားစု တစ်စုချင်းစီ၏ စွန့်ခွာခြင်းကို ခံရရှာသော ထိုအိမ်ကလေးများက ရွာလေးထဲမှာ ဟိုတစ်လုံး၊ ဒီတစ်လုံးနှင့် ဇရပ်ပျက်ကလေးများသဖွယ် တင့်တယ်ခြင်း ကင်းစွာဖြင့် အဓိပ္ပာယ်မဲ့ ခြောက်သွေ့စွာ တည်ရှိနေကြဆဲ။

သက်ရှိ မဟုတ်သော်ငြား ဒီအိမ်ကလေးတွေကို ကြည့်ပြီး သူကတော့ သနားနေမိသည်။ အများနည်းတူ မီးခိုးတအူအူ မထွက်နိုင်တော့သည့် အိမ်ကလေးတွေ၊ နေဝင်လို့မှ မီးရောင် မလင်းရရှာတော့သည့် အိမ်ကလေးတွေ၊ ပြုပြင်သူမရှိတော့သည့် ဖြစ်ကတတ်ဆန်း အစွန့်ပစ်ခံ ဒီအိမ်ကလေးတွေကို တံခါးပိတ်ပြီးထားခဲ့တာထက် စာလျှင် ဖျက်ဆီးပစ်ခဲ့ကြဖို့သာ ကောင်းသည်ဟု သူ တွေးနေမိသည်။

ဒါပေမဲ့လည်း လူဆိုသည်က အတ္တအစွဲအလမ်း တွေနှင့်ပဲ မဟုတ်လား။ စွန့်ခွာသွားကြသည့်တိုင် သူတို့ ရင်ထဲမှာတော့ ငါ့အိမ်၊ ငါ့ရွာ ဆိုသည့် ရပ်ရွာသံယောဇဉ်၊ အိမ်သံယောဇဉ် ဆိုတာတွေက ပူပူနွေးနွေး ရှိနေကြသေးသည်ပဲလေ။ ပြီးတော့လည်း အိမ်ကလေးတွေကို တည်ဆောက်ခဲ့ကြတုန်းကတော့ နေဖို့ပဲ ရည်ရွယ်ခဲ့ကြတာဖြစ်သည်။ ဘယ်သူ တစ်ယောက်ကမှ ဖျက်ဆီးပစ်ဖို့ ရည်ရွယ်ပြီး ဆောက်ခဲ့ကြတာ မဟုတ်။ ဒီတော့လည်း အခုလို အကြောင်း အမျိုးမျိုးကြောင့် စွန့်ခွာရချိန်မှာ အကောင်းပကတိ ရှိနေကြသေးသည့် ကိုယ့်အသိုက်အမြုံလေးတွေကိုတော့ ဘယ်မှာလာပြီး ဖျက်ဆီးရက်ပါ့မလဲ။

ဒီလိုနှင့်ပဲ အချိန် ကြာလာတာနှင့်အမျှ တံခါးပိတ်လျက်ထားခဲ့ကြသည့် အိမ်ကလေးတွေကိုသာ ရွာလေးထဲမှာ တွေ့လာရတော့သည်။

••••• ••••• •••••

၂။

ဒီအိမ်ကလေးတွေကို စွန့်ခွာထွက်သွားကြသူတွေကို အားလုံးလိုလိုကတော့ မကြာခင် ကာလအပိုင်းအခြား တစ်ခုမှာ ရွာကလေးဆီ ပြန်လာပြီး အိမ်ကလေးတွေမှာ သူတို့ရဲ့ မိသားစုဘဝကို အရင်လို ပြန်လည် တည်ဆောက်ကြမည်ဆိုသည့် အတွေး ကိုယ်စီနှင့်သာ ခဏတာသဘောနှင့် နှုတ်ဆက်ထွက်ခွာသွားခဲ့ကြတာပဲ ဖြစ်ပါသည်။

တကယ့် တကယ်တမ်းကျတော့သာ သူတို့တွေ ပြောခဲ့ကြသလို မကြာခင် ပြန်မလာနိုင်ကြတော့တာပဲ ဖြစ်သည်။ တချို့သူတွေဆို သုံး၊ လေး၊ ငါးနှစ် ကြာခဲ့တာတောင် ရွာလေးထဲက ကိုယ့်အိမ်ကလေးတွေဆီ ခြေဦး မလှည့်ဖြစ်ကြ၊ မလှည့်ချင်ကြတော့တာကတော့ တွေးကြည့်လျှင် တကယ်ကို စိတ်မကောင်းစရာပဲ ဖြစ်သည်။

ဒီလိုနှင့်ပဲ စွန့်ခွာသွားသူတို့၏ ပြန်အလာကို စောင့်မျှော်ရင်းက သင်္ခါရတရားကို မလွန်ဆန်နိုင်ရှာသည့် တချို့အိမ်ကလေးတွေမှာ ပျက်စီးယိုယွင်းကာ သွားကြသည်ကတော့ လောက၏ နိယာမတရား တစ်ခုဟုပဲ ပြောရတော့ မည်ပင်။

တကယ်တော့ ဒီအိမ်ကလေးတွေ၏ ပိုင်ရှင်အများစုက ကျေးလက်ရွာကလေး၏ ပစ္စည်းမဲ့ လူတန်းစားတွေပဲ ဖြစ်ပါသည်။ ဒီအထဲမှာ တချို့တလေကတော့ ဟိုတစ်ချိန်က လယ်ပိုင်၊ ချောင်းပိုင် ဘဝနှင့် စီးပွားရေးအခြေခံ ကောင်းခဲ့ကြသော်လည်း ဘဝ၏ တစ်ဆစ်ချိုးမှာ ကျွမ်းထိုးမှောက်ခုံဖြစ်သွားကြပြီး လယ်မဲ့၊ ချောင်းမဲ့ဘဝနှင့် စီးပွားရေးယိုင်နဲ့သွားကြရှာသူတွေလည်း ပါသည်ပေါ့။

ဘယ်လိုပဲဖြစ်စေ သူတို့တွေ အားလုံးကတော့ တစ်ရွာမပြောင်း သူကောင်းမဖြစ် ထုံးကို နှလုံးမူပြီး ရေကြည်ရာ မြက်နုရာ ဆိုသည့် စကားလို သင့်လျော်ရာ အရပ်တစ်ပါးသို့ တူညီစွာ ထွက်ခွာသွားခဲ့ကြတာပဲ ဖြစ်သည်။

အဲဒီလို ထွက်ခွာသွားကြသူတွေထဲမှာ ဒီရွာလေးကနေ အစောဆုံး ထွက်ခွာသွားခဲ့သူကတော့ ကိုဖိုးမောင် ပင် ဖြစ်သည်။

“ဟို အရပ်ဒေသမှာ တစ်သက်လုံး နေဖို့တော့ မစဉ်းစားပါဘူးဗျာ။ လုပ်အားလေးတွေ ရှိတုန်း ငွေသွားရှာတဲ့ သဘောပါ။ စုမိဆောင်းမိလေး ရှိတဲ့တစ်နေ့ ရွာမှာ ပြန်ပြီး လယ်လေးချောင်းလေး အပိုင် ဝယ်နိုင်လောက်ပြီ ဆိုရင်တော့ ကိုယ့်ရပ်ကိုယ့်ရွာ ပြန်လာပြီး အခြေချမှာပါ”

ဒါကတော့ ရွာကလေးကနေ မသွားခင် တစ်ရွာလုံးကို လိုက်လံနှုတ်ဆက်ရင်း ကိုဖိုးမောင် ပြောသွားသည့် စကားပဲ ဖြစ်သည်။

လယ်မရှိ၊ ချောင်းမရှိ၊ လက်လုပ်လက်စား ဘဝနှင့်သာ မိသားစုတစ်စုလုံးကို ခွန်နှင့် အားနှင့် ရင်းပြီး ပင်ပန်းကြီးစွာ အရိုးနာအောင် လုပ်ကိုင် ကျွေးခဲ့ရသည့် ကိုဖိုးမောင် တစ်ယောက် သားသမီးတွေ လုပ်နိုင်ကိုင်နိုင်အရွယ် ရောက်လာသည့်အချိန်မှာ လယ်မြေ တစ်ကွက်တောင်မှ အပိုင် မရှိသည့် သူ့မှာ လုပ်ငန်းဆို၍ ပေးစရာ မရှိ။

လယ်ယာလုပ်ငန်းကိုသာ အဓိကထားသည့် ဒီရွာ ဒီဒေသမှာ လယ် မရှိသည့် ကိုဖိုးမောင် အဖို့ သားသမီးတွေ၏ နောင်ရေးကို တွေးပြီး ရင်လေးမိသည်က အမှန်ပင်။ ဒီရွာလေးမှာ ဆက်နေလျှင် သူ့သားသမီးတွေ အကုန်လုံးလည်း သူ့လိုပင် လယ်စာရင်းငှား၊ လယ်ကူလီ ဆိုသည့် ဘဝမျိုးနှင့် နွေတစ်လှည့်၊ မိုးတစ်လှည့်၊ ပျိုးနုတ်၊ ကောက်စိုက်၊ စပါးထမ်းပြီး ဘဝတွေကို နွံညွန်ထဲမှာ ပင်ပန်းကြီးစွာ ရုန်းကန်နေကြရဦးမှာ သေချာနေသည်။

ပြီးတော့ ဒီအရပ်ဒေသမှာ ကိုယ်ပိုင် လယ်လေး၊ ချောင်းလေးမှ မရှိလျှင် ဘဝရပ်တည်ဖို့က ရှေ့လျှောက် မလွယ်လှတော့။ အခုနောက်ပိုင်း သူတို့လို လက်လုပ်လက်စားတွေ၏ ဘဝက တစ်နေ့တခြား ရေနည်းငါး ပမာ။ လယ်ယာလုပ်ငန်းခွင်မှာလည်း စက်ယန္တရားတွေ ပေါ်လာတော့ ခါတိုင်းလောက် မဟုတ်တော့။ ဒီတော့ ရသည့်ဝင်ငွေနှင့် ထွက်ငွေက မမျှချင်တော့။

တကယ်တော့ ကိုဖိုးမောင်တို့လို လူတန်းစားတွေက အလုပ်ရွေးနေလို့ မရသလို နားနေလို့လည်း မရသည့် သူတွေပါ။ လက်လှုပ်မှ ပါးစပ်လှုပ်ရသည့်ဘဝတွေ မဟုတ်လား။ ဒီတော့ ကုန်းပေါ်က လယ်အလုပ် ပြီးလျှင် မြစ်ချောင်းအင်းအိုင်တွေထဲ ဆင်းပြီး ရေပိုး ၊ ရေမွှား ရှာသည့် အလုပ်ကို လုပ်ကြရပြန်ပါသည်။

အရင်တုန်းကတော့ ဒီလို ရေထဲက ရှာလို့ရသည့် ငွေနှင့်ပင် ကုန်းပေါ်က လုပ်ငန်းမပေါ်ခင်မှာ စားဝတ်နေရေးကို အထိုက်အလျောက် ဖြေရှင်းလို့ ရသေးသည်။ အခုအချိန်မှာတော့ ရေထဲ ချောင်းထဲကလည်း အရင်လို အားကိုး၍ မရတော့။ မသမာသည့် နည်းမျိုးစုံနှင့် ရှာဖွေနေကြ၍လား မသိ၊ ငါးသားပုစွန် ဆိုတာလည်း အရင်ကလို မပေါတော့။

ရှာသာ ရှာနေကြရသည်။ မရ တစ်ချက်၊ ရ တစ်ချက်ပင်။

ဒီတော့လည်း မိသားစု တစ်စုလုံး၏ ဘဝရပ်တည်မှုအတွက် အိမ်ထောင်ဦးစီးဖြစ်သူ ကိုဖိုးမောင် တစ်ယောက် စဉ်းစားခန်း ဝင်ရတော့သည်။

••••• ••••• •••••

၃။

ဒီအတိုင်း နေ၍တော့ ဘာမှ ဖြစ်လာမှာ မဟုတ်၊ ကလေးတွေ၏ လုပ်အားလေး ရှိတုန်းမှာ မြို့တက်ပြီး စီးပွားရှာမှ ဖြစ်မည်ဟု ကိုဖိုးမောင် တွေးမိသည်။ ကလေးတွေကလည်း ရွာမှာ ရှိသည့် မူလတန်း ကျောင်းကလေးမှာ လေးတန်း အထိတော့ အကုန်အောင်ထားကြပြီဆိုတော့ သေစာ ရှင်စာလောက်တော့ တတ်ပြီပဲ၊ အပြစ်တင်လည်း မတတ်နိုင်။ သူလို ဆင်းရဲသား မိဘတစ်ယောက်က သားသမီးတွေ၏ ပညာရေးကို ဒီထက်ပိုပြီး အားမပေးနိုင်တာကိုတော့ သူကိုယ်တိုင်လည်း စိတ်မကောင်းဖြစ်ရပါသည်။

ဒါပေမဲ့ မတတ်နိုင်တော့ပါ။ ဘာပဲဖြစ်ဖြစ် အခုလို အချိန်မျိုးမှာ သူ့အဖို့က ဒီနေရာကို စွန့်ခွာမှ ရတော့မည်ပဲ ဖြစ်သည်။

ကိုဖိုးမောင်၏ ဒီအတွေးတွေကို လက်တွေ့ အကောင်အထည် ဖော်အောင် တွန်းအားပေးခဲ့သူကတော့ သူ့ညီ တစ်ဝမ်းကွဲတော်သူ မျိုးအောင်ပဲ ဖြစ်သည်။ ဒီကောင်က လှိုင်သာယာစက်မှုဇုန်ကို မိသားစုလိုက် ပြောင်းသွားတာကြာပြီ။ အခုတော့ သူ့မိသားစုမှာ ကလေးတွေပါ လုပ်နိုင်လာကြတော့ အဆင်ပြေလာကြသည်။ အခုဆို သူတို့ ဝင်ငွေက တစ်လကို ခြောက်သိန်းလောက် ရှိသည်ဟု ကိုဖိုးမောင် သိရသည်။

သူ့သမီးနှစ်ယောက်က အထည်ချုပ်စက်ရုံ တစ်ခုမှာ လုပ်သည်။ တစ်ယောက်လျှင် လစာ တစ်သိန်းခွဲလောက် ရသည်။ မျိုးအောင်တို့ သားအဖ နှစ်ယောက်က ဆောက်လုပ်ရေးဆိုဒ် တစ်ခုမှာ နေ့စားခ တစ်နေ့လျှင် ခုနစ်ထောင်လောက် ရသည်ဆိုတော့ သားအဖ နှစ်ယောက် တစ်နေ့ ဝင်ငွေက တစ်သောင်းလေးထောင်လောက် ရှိသည်။ မိန်းမ လုပ်သူကတော့ သူတို့ ဝေယျာဝစ္စတွေနှင့် အလုပ် ထွက်မလုပ်နိုင်တော့။

ဘာပဲဖြစ်ဖြစ် သူတို့ သားအဖ နှစ်ယောက်၏ ဝင်ငွေနှင့်ပင် မိသားစု၏ တစ်လစာ နေရိတ်၊ စားရိတ်ကို ဖြေရှင်းလို့ရသည်ဆိုတော့ ဟိုကလေးမနှစ်ယောက်၏ လစာငွေတွေက တစ်လ တစ်လ သူတို့အတွက် အပိုဝင်ငွေတွေဟု သိရသည်။

မျိုးအောင် ဆီက ဒီစကားတွေ ကြားတော့ ကိုဖိုးမောင် အရမ်းကို အားကျမိသည်။ တကယ်လည်း အားကျလောက်စရာပင်။ ဒီအရပ် ဒီဒေသမှာ အထူးသဖြင့် မိန်းကလေးတစ်ယောက်အဖို့ ဒီလို ဝင်ငွေမျိုး မရနိုင်။ လယ်ထဲချောင်းထဲ နွေတစ်လုပ်၊ မိုးတစ်လုပ် ဒါပဲ ရှိသည်။

လယ်ထဲ လုပ်ငန်းပေါ်ချိန်တစ်ခုလွဲလျှင် မိန်းကလေးငယ်တွေ အဖို့ ဝင်ငွေရစရာ မည်မည်ရရ အလုပ်မရှိတော့။ ယောက်ျားလေးတွေ ဆိုလျှင်တော့ ဗုံးထောင်၊ မြှုံးထောင်၊ ပိုက်တား စသဖြင့် ဝင်ငွေလေး အသင့်အတင့် ရနိုင်သေးသည်။ ဒါကလည်း သိပ်ဖြစ်လောက်အောင် ရတာမဟုတ်သလို ပုံမှန်တွက်ထားလို့ ရသည့် ဝင်ငွေမျိုးလည်း မဟုတ်ပါ။

ရာသီချိန်တွေမှာ လယ်ထဲ၊ ချောင်းထဲ မိသားစုလိုက် မိုးလင်းက မိုးချုပ် ကြိုးစားပမ်းစား လုပ်ကြပေမဲ့လည်း ရသည့် လုပ်အားခလေးတွေက ရရစားစားနှင့်ပင် ကုန်သွားကြတာမို့ စုမိဖို့ဆိုတာ ဝေးလာဝေး။ အလုပ် မရှိတော့သည့် အချိန်မျိုးတွေမှာ တစ်လစာလောက်ပင် ထိုင်စားဖို့ မကျန်ခဲ့တော့ ထုံးစံအတိုင်း လယ်ပိုင်ရှင်တွေဆီ လက်ဖြန့်ရပြန်သည်။

သူတို့တွေကလည်း လုပ်ငန်းသဘော အရတော့ သွားပြောလျှင် ပေးကြပါသည်။ ဒါပေမဲ့လည်း အလကားရတာ မဟုတ်၊ အချိန်တန်တော့ လုပ်အားနှင့် ရင်းပြီး ဒီအကြွေးတွေကို ပြန်ဆပ်ရပြန်သည်။ ဒီလိုနှင့်ပဲ နွေ၊ မိုး၊ ဆောင်း ရာသီတွေသာ အလီလီ ပြောင်းခဲ့သည်။ ကိုဖိုးမောင်တို့လို လူတန်းစားတွေ၏ ဘဝကတော့ ပြောင်းလဲ မလာခဲ့ပါ။ မပြေလည်မှု သံသရာထဲမှာ တဝဲလည်လည်ပင်။

ဒီအကြောင်းတွေ တွေးရင်းက ဘဝကို စိတ်နာလာသည့် ကိုဖိုးမောင် တစ်ယောက် ဆုံးဖြတ်ချက်တွေ ခိုင်မာလာခဲ့ရသည်။ မွေးရပ်မြေ ရွာကလေးကို မစွန့်ခွာချင်သော်လည်း သားသမီးတွေ ဘဝရှေ့ရေးအတွက် ဒီရွာလေးကနေ စွန့်ခွာဖို့ ဆုံးဖြတ်လိုက်တော့သည်။

ဒါပေမဲ့ ရွာသံယောဇဉ် ကြီးသည့် ကိုဖိုးမောင်တစ်ယောက် ရွာကနေ မထွက်ခင်ကတော့ ရွာကလေးကို မခွဲချင်ခဲ့တာ အမှန်ပဲဖြစ်သည်။ ဒါကြောင့်လည်း မိသားစု စည်းစည်းလုံးလုံးနှင့် အလုပ်လုပ်ပြီး ငွေပိုငွေလျှံ စုမိလျှင်တော့ ရွာမှာ လယ်လေးဘာလေး ပြန်ဝယ်ပြီး မိသားစုဘဝကို အခြေချမည်ဟု တစ်ရွာလုံးကို ပြောသွားခဲ့တာဖြစ်သည်။

အဲဒီအချိန်တုန်းကတော့ ကိုဖိုးမောင်၏ စိတ်ထဲ ရွာလေးဆီ ပြန်လာပြီး လယ်ပိုင်ရှင်ဘဝမျိုးနှင့် ကိုယ့်ရပ်ကိုယ့်ရွာမှာ အခြေချ နေထိုင်ချင်စိတ်က ခိုအောင်းနေသည်။ တကယ်တော့ ဒီအတွေး၊ ဒီစိတ်ကူးတွေက ရွာကနေ မထွက်ခင်က ကိုဖိုးမောင်၏အတွေးစိတ်ကူးတွေ ဖြစ်ပါသည်။

••••• ••••• •••••

၄။

ကိုဖိုးမောင်တို့မိသားစုက ခြောက်ယောက်ရှိသည်။ သူ့မိန်းမ မတင်မေကို ဖယ်ထားလျှင် သူအပါအဝင် အလုပ်လုပ်နိုင်သူ ငါးယောက် ရှိသည်။

အခု သမီးအကြီးဆုံးက အသက် နှစ်ဆယ်ထဲ ရောက်နေပြီး အလတ်မက ဆယ့်ရှစ်နှစ်၊ နို့ညှာကောင်က ဆယ့်ခြောက်နှစ်၊ အငယ်ဆုံးကောင် တောင်မှ ဆယ့်လေးနှစ်ထဲ ရောက်နေပြီဖြစ်သည်။

ဒီကလေးတွေ အိမ်ထောင် ရက်သား မကျခင် လုပ်အားတွေ ရှိတုန်း အလုပ်အကိုင်ပေါများသည့် မြို့ပြလို နေရာမှာ မိသားစုတွေ တက်ညီလက်ညီ လုပ်လိုက်ရလျှင် မကြာခင် ချောင်လည်လာနိုင်လိမ့်မည်ဟု သူတွေးမိသည်။ သူ့ညီ မျိုးအောင် ကလည်းလာခဲ့ပါ၊ ဟိုရောက်လျှင် ဘာမှ မပူနှင့်။ အလုပ်အကိုင်အတွက် အဆင်ပြေအောင် သူစီစဉ်ပေးမည်ဆိုတော့ ကိုဖိုးမောင် အားတက်ရပြန်သည်။

ဒီလိုနှင့်ပဲ ကိုဖိုးမောင်တို့မိသားစုတွေ ရွာလေးကနေ လှိုင်သာယာစက်မှုဇုန်ဆီသို့ ပြောင်းရွှေ့သွားခဲ့ကြတော့သည်။ ရွာမှာ ကျန်ခဲ့သည့် အိမ်ကလေးကိုတော့ တစ်နှစ်၊ နှစ်နှစ်အတွင်း ပြန်လာဖြစ်ခဲ့လျှင် ဆိုသည့် အတွေးတွေနှင့် ဖျတ်ခနဲ ရောက်တာမို့ အကောင်းအတိုင်း ရှိနေသေးသည်။ အိမ်ကလေးကို တံခါးပိတ်လျက်သား ထားခဲ့ကြပါသည်။

ကိုဖိုးမောင်တို့ မိသားစုတွေ ပြောင်းသွားပြီး တစ်နှစ်လောက် ကြာတော့ သင်္ကြန်အလုပ်ပိတ်ရက်မှာ ရွာလေးကို အလည်တစ်ခေါက် ပြန်ရောက်လာကြတော့ သူတို့ အခြေအနေက အတော်လေး ပြောင်းလဲသွားခဲ့ပြီ။

ရွာမှာ နေစဉ်တုန်းက နားပေါက် ဟောင်းလောင်း၊ ကလေးတွေနှင့် သူ့သမီးလေးနှစ်ယောက်က သူတို့ကိုယ်ပေါ်မှာ ငွေတွဲလဲ၊ ငွေတွဲလဲလေးတွေနှင့် ဖြစ်နေသည်။ သူတို့ ပြောပြသည်က ဟိုရောက်ရောက်ချင်း အထည်ချုပ်စက်ရုံ တစ်ခုမှာ အလုပ်လုပ်ကြသည်တဲ့။ ဝင်ဝင်ချင်း လစာ တစ်ယောက်ကို တစ်သိန်းနှစ်သောင်းလောက် ရသည်ဟု ဆိုသည်။ တစ်နှစ်အတွင်းမှာပဲ အခုဆို လစာ တစ်သိန်းခွဲလောက်နီးပါး ရနေကြပြီဆိုတော့ သူတို့ ညီအစ်မနှစ်ယောက်၏ ဝင်ငွေကပင် တစ်လလျှင် သုံးသိန်းနီးပါးပင်။

ကိုဖိုးမောင်နှင့် သူ့သား နှစ်ယောက်ကတော့ သူ့ညီ ရှာပေးသည့် ဆောက်လုပ်ရေးဆိုဒ်တစ်ခုမှာ နေစားနှင့် ဝင်လုပ်သည်။ အုတ်သယ်၊ ကျောက်သယ်၊ မဆလာသယ် လုပ်ရသည့် သူတို့အခေါ်တော့ လူကြမ်းဟု ဆိုသည်။ တစ်နေ့ကို တစ်ယောက် လုပ်အားခ ခြောက်ထောင်တော့ အနိမ့်ဆုံး ရကြသည်။ သားအဖ သုံးယောက်ဆိုတော့ တစ်နေ့ တစ်သောင်း ရှစ်ထောင်လောက် ရသည်။

မုန့်ဖိုးပဲဖိုး စရိတ် နုတ်ပြီး သူတို့ သားအဖတွေ၏ ဝင်ငွေက တစ်လကို လေးသိန်းနီးပါးလောက်တော့ ကျန်ခဲ့သည်။ ဒီငွေနှင့်ပင် သူတို့မိသားစု၏ တစ်လစာ နေစရိတ်၊ စားစရိတ်ကို ဖောဖောသီသီ ဖြေရှင်းလို့ရသည်ဟု သိရသည်။ ဟိုညီအစ်မ နှစ်ယောက်၏ လစာငွေထဲကလည်း သူတို့ အသုံးစရိတ် နုတ်ပြီး တစ်လကို နှစ်သိန်းကျော်လောက်တော့ ကျန်သည်။ ဒီငွေကတော့ သူတို့မိသားစု၏ တစ်လစာ အပိုစုဆောင်းငွေဟု ဆိုသည်။

ဒီလို ပိုလျှံလို့လည်း သူ့သားသမီးလေးတွေကို အခုလို ရွှေတိုရွှေစလေးတွေ ဆင်မြန်းပေးနိုင်တာလို့ ကိုဖိုးမောင်က ပြောတော့ ရွာကလူတွေက ဒီအတိုင်းသာဆို ကိုဖိုးမောင် ပြောခဲ့သလို မကြာခင်မှာ ရွာပြန်ပြီး လယ်တစ်ပွဲတော့ ဝယ်နိုင်မှာပါ ဆိုတော့ ကိုဖိုးမောင် တစ်ယောက် ဘာစကားမှ ပြန်မပြောဘဲ ပြုံး၍သာ နေခဲ့ပါသည်။ ဒီအပြုံးကိုတော့ ဘယ်သူမှ အဓိပ္ပာယ် မဖွင့်နိုင်ခဲ့ကြပါ။

“ပင်ပန်းတာချင်း အတူတူဗျာ ဟိုက ပုံမှန်ဝင်ငွေ ရှိတယ်လေ။ နေပူမရှောင်၊ မိုးရွာမရှောင် သူများအလုပ် လုပ်ရတာချင်းအတူတူ ဟိုက ပိုက်ဆံ ပိုရတယ်လေ။ အဓိကကတော့ ကျန်းမာရေးကောင်းဖို့ပဲ။ ငွေရှာရတာကတော့ ဟိုက သာတာ အမှန်ပဲဗျ” ဒါကတော့ ရွာလေးကို ပြန်လာသည့် အခိုက်မှာ လူတိုင်းကို ပြောသွားခဲ့သည့် ကိုဖိုးမောင်၏ လက်သုံးစကားတစ်ခွန်း။

ဒီလိုနှင့် မြို့ပြမှာရှိသည့် အလုပ်အကိုင် အခွင့်အလမ်းတွေ၏ အကြောင်းကို ကိုဖိုးမောင်က ရွာကလူတွေကို မျှဝေသွားခဲ့သလို သူတို့မိသားစု၏ ပြောင်းလဲသွားသည့် ဘဝပေးအခြေအနေတစ်ရပ်ကိုလည်း ရွာမှာ ကျန်နေကြသည့် ကိုဖိုးမောင်တို့လို ဘဝတူ လူတန်းစားတွေက အကဲခတ်မိသွားကြတော့သည်။

ကိုဖိုးမောင်တို့ ပြန်သွားပြီး သိပ်မကြာလိုက် သူများ ရလျှင် လိုချင်၊ သူများ အဆင်ပြေလျှင် အားကျသည့် လူတို့၏ သဘာဝကို မလွန်ဆန်နိုင်ရှာသည့် ရွာလေးထဲက သူတွေ အိမ်ကလေးတွေကို တံခါးပိတ်ပြီး မြို့ပြစက်မှုဇုန်တွေဆီသို့ တစ်စတစ်စ ဦးတည်ထွက်ခွာသွားကြတော့သည်။

အဲဒီလို ထွက်ခွာသွားကြသူတိုင်း၏ နှုတ်ဖျားကနေ တူညီစွာ နှုတ်ဆက်သွားခဲ့ကြသည့် စကားတစ်ခွန်းကတော့ ကိုဖိုးမောင်တို့ ထွက်သွားတုန်းကလို “ကိုယ့်ရပ်ကိုယ်ရွာလေးဆီ ပြန်လာခဲ့မှာပါ” ဆိုသည့် စကားတစ်ခွန်းသာ ဖြစ်ခဲ့ပါသည်။

••••• ••••• •••••

၅။

ဒီလိုနှင့်ပဲ...

ရွာကလေးကတော့ မိသားစုတစ်ခု ထွက်ခွာသွားလေတိုင်း တံခါးပိတ် ကျန်ခဲ့ရရှာသည့် အထီးကျန် အိမ်ကလေးများကို ရင်ဝယ်ထားပြီး ထိန်းသိမ်းခဲ့ပေမဲ့လည်း မိသားစု၏ စွန့်ပစ်ခြင်းကို ခံရရှာသည့် အိမ်ကလေးတွေမှာသာ လွမ်းမောလွမ်းဆွတ်သည့် လူတစ်ယောက်ပမာ သခင်တွေ၏ ပြန်အလာကိုမျှော်ရင်း ပျက်စီးယိုယွင်းကုန်ကြရသည်ပင် မနည်းလှတော့။

နှုတ်ဆက်စကားတွေ ကိုယ်စီ ဆိုရင်းက တစ်နှစ်ပြီး တစ်နှစ် ရွာကလေးကနေ မြို့ပြဆီသို့ ပြောင်းရွှေ့ထွက်ခွာသွားကြသူတွေက ပို၍သာ များလာခဲ့သော်လည်း ပြန်လာနိုင်သူကတော့ တစ်ယောက်မှ မရှိသေးပါ။ အစွန့်ပစ်ခံ အိမ်ကလေးတွေ၏ ပျက်စီးသွားမှုကြောင့် ရွာကလေးထဲမှာ အခုဆို အိမ်နေရာ ကွက်လပ်ကလေးတွေသာ များ၍ လာခဲ့သည်ပင်။

တကယ်တော့လည်း၊ သမုဒ္ဒရာ ဝမ်းတစ်ထွာ အတွက် ကိုယ့်ရပ်ရွာကို နှုတ်ဆက် ထွက်ခွာသွားကြသူတွေ၊ ဘဝပေး အခြေအနေအရ ပျော်ရာမှာ မနေရ၊ တော်ရာမှာသာ နေသားကျခဲ့ရသူတွေကို ရွာလေးနှင့်အတူ သူ မပျော်ချင်တော့ပါ။ တကယ်တော့လည်း၊ ကိုယ့်ရပ်ကိုယ့်ရွာ ဘယ်သူက စွန့်ခွာချင်ပါ့မလဲ။ အခြေအနေ မပေးလို့သာ တစ်ရေ တစ်မြေ အဝေးမှာ ဘဝတွေကို ရပ်တည်နေကြရသည်မို့ ရွာကို ပြန်မလာနိုင်ကြတော့သည့် သူတို့အပေါ် သူ ဘယ်လိုမှ အပြစ်မတင်လိုတော့ပါ။

အခုအချိန်မှာတော့ ကိုဖိုးမောင်က လွဲလို့ ဒီရွာကလေးကနေ ပြောင်းရွှေ့ထွက်ခွာသွားကြသူ အားလုံးကို သူ အပြောချင်ဆုံးစကား တစ်ခွန်းပဲ ရှိသည်။ အဲဒါကတော့...

“ဘိုးဘွားတွေ ဒီရွာကလေးကို တည်ခါစက အမည်နာမ သမုတ်ခဲ့တဲ့ ခြောက်အိမ်တန်း ဆိုတဲ့ ဒီရွာကလေးဟာ ဒီအတိုင်းသာ ဆိုရင်တော့ မကြာခင်ကာလ တစ်ခုမှာ ပညတ်သွားရာ ဓာတ်သက်ပါ ဆိုသလို တစ်ရွာလုံးမှာမှ အိမ်ကလေး ခြောက်လုံးလောက်သာ ကျန်ခဲ့မှာကိုတော့ အလွန်တရာပင် စိုးရိမ်မိပါကြောင်း”။

▢  စာကလေး ( မော်ကျွန်း )
📖 ရွှေအမြုတေ ရုပ်စုံမဂ္ဂဇင်း
      ဇူလိုင်၊ ၂၀၁၇

No comments:

Post a Comment