Sunday, August 16, 2026

သားမြေးတွေ ခြံရံ၍

❝ သားမြေးတွေ ခြံရံ၍ ❞
( ဆင်ဖြူကျွန်းအောင်သိန်း )

နေရောင် တည့်တည့်မဝင်၊ မှန်ရောင် မထိုးဘဲနှင့် ရီးဆေးရိုးတို့ အိမ်ကလေးထဲတွင် လင်းထိန်နေလေ၏။ လင်းထိန်နေရခြင်းမှာ အိမ်ရှေ့ မြေတလင်းတွင် ဖြန့်ကျင်းကာ နေလှန်းထားသော ဝါပွင့်ဝါပေါက်ကြီးတွေအပေါ် စောင်းစွေကျသော နေရောင် ရောင်ပြန်ဝင်သောကြောင့် ဖြစ်ပေ၏။

ရီးကျီးဒန်၏ မြေးနှစ်အုပ်သည် ငွေတုံးငွေစိုင်နှယ် ဖြူဖွေးနေသော ဝါအပြန့်ကြီးကို မြင်ရသဖြင့် မြူးနေကြသည်။ ကောင်းကောင်းလုပ်ကြစမ်း ပြောနေသည့် ကြားမှ ဝါစေ့ဖြင့် တစ်ယောက်နှင့် တစ်ယောက် ပေါက်၏။ ဝါပေါက်ထဲတွင် ပါလာသော ဝါကိုင်းအတိုအစ အကျိုးအပဲ့ကလေးများဖြင့် ပစ်၏။ ရီးဆေးရိုးမူ မြေးတွေ လွန်ကဲမလာမချင်း ပြောလေ့ မရှိပေ။ သူသည် ယခုလည်း မြေးများကြားတွင် သစ်ငုတ်သို့ ထိုင်ကာ ဝါပွင့်ဝါပေါက်တွေကို သန့်စင်နေသည်။

စပါးသည် သန့်မှ စပါးအဝယ်ဒိုင်တွင် မျက်နှာပန်းလှသကဲ့သို့ ဝါမှာလည်း သန့်စင်လှပါမှသာ ဝါ ဒိုင်တွင် မျက်နှာပန်းလှသည်။ ပင်ကိုက ဖြူသည့် အတွက် မသန့်လျှင်၊ မလှလျှင် သိသာလွန်း၏။ သို့ကြောင့် ဂျွယ်နှင့် အမှိုက်သရိုက်များကို တတ်နိုင်သမျှ သန့်စင်ပစ်ရန် နေပြရင်း ရွေးထုတ်ပစ်နေခြင်းဖြစ်သည်။ သည်အခါတွင် ဘတို့ အိမ်မှာ ဘာလုပ်ပါလိမ့်လဲဟု မျှော်နေသော မြေးများ ရောက်လာကြတော့၏။

“ညည်းတို့ လုပ်တာလည်း လုပ်တာပေါ့အေ။ ပြောရတာကတော့ ညည်းတို့ လုပ်တာနဲ့ မကာမိဘူး”

ရီးကျီးဒန်က မျက်နှာကြောတင်းတင်းဖြင့် ဆီးပြောရာ ငါးခုတ်တုံး မောင်ကိုကြီး ကုပ်သွားသည်။ အကူအညီရလိုရငြား သူ့အစ်မဝမ်းကွဲ မေကြည် တစ်လှည့်၊ သူ့နှမရင်း ခင်ခင်ကြီးကို တစ်လှည့် ကြည့်သည်။ သူတို့လည်း ခပ်ကုပ်ကုပ် ခပ်လျှိုလျှို။ သို့ဖြစ်ငြား နို့ညှာမ မိမိထွေးကား မကုပ်။

“အမေကြီးက သမီးတို့ကို တွေ့ရင် အပြစ်ပြောဖို့ပဲ ကြည့်နေတာပဲ။ သမီးတို့က ဘနဲ့ မေကြီးကို ကူဖို့လာတာပါ” စွာစွာ စွာစွာ ပြောသည်။

“ငတက်ပြားမနော် မကြီးကျယ်နဲ့။ ငါ ကရွတ်နဲ့ လှမ်းပစ်လိုက်လို့ ခေါင်းကွဲသွားမယ်”

ရီးကျီးဒန်သည် ပြုံးချင်ဟန်ကို အတင်းမျိုသိပ်ပစ်ကာ အိုးကွဲ ကရွတ်ခွေတစ်ခုကို မြှောက်ပြ၏။ ကြမ်းပေါ်သို့ ပစ်ချ၏။

ကရွတ်ကို များသောအားဖြင့် ဝါးသပ်ရာမှ ထွက်သော အမျှင်အမှိုက်များ၊ ထန်းလျှော်အူများဖြင့် လုပ်လေ့ရှိကြသဖြင့် ပွယောင်းသော အရာများသာ အဖြစ်များ၏။ သို့သော် အိမ်သစ်ဆောက်နေစဉ် သစ်တို သစ်စကလေးတွေလည်း ပေါ၊ သံကလည်း ပေါနေလျှင် လေးထောင့်ပုံ သစ်သားကရွတ်ကိုလည်း လုပ်ထားလေ့၊ သုံးစွဲလေ့ ရှိကြ၏။

အမှိုက်ကရွတ်ထက် သစ်သားကရွတ်က ပိုမိုခိုင်ခံ့၏။ နှုတ်ခမ်းက လွဲလျှင် အားလုံး ပျက်စီးနေသော မြေအိုးတစ်လုံးမှာ လွှင့်ပစ်ရန်သာ ရှိတော့သည်။ ထိုအခါ ရီးကျီးဒန်တို့သည် လွှင့်ပစ်ရမည့် ပစ္စည်းထဲမှ ယူထားလိုက်၍ ရနိုင်သော အစိတ်အပိုင်းကို သုံးသပ်သည်။ စစ်ဆေးသည်။ တွေ့ပါပြီ။ အကောင်းပကတိ ရှိနေသော လည်ပင်းနှင့် နှုတ်ခမ်း။ သို့ကြောင့် ဘေးသား ဖင်သားများကို ညင်သာစွာဖဲ့ခြွေလိုက်သောအခါ သပ်ရပ်သော အိုးကွဲ ကရွတ်ခွေကို ရရှိတော့သည်။

မိမိထွေးကို ရီးကျီးဒန်မြှောက်ပြသည့် ကရွတ်ခွေမှာ သည်အမျိုးအစားထဲမှ ဖြစ်၏။ သူတို့ နှစ်မိပေါက်မှာ အင်အား မသေးလှ။ မလှမေမှ မေကြည်၊ ခင်မောင်ငြိမ်းနှင့် မောင်မောင်လှ။ မချောစိန်မှ ကိုကိုကြီး၊ ခင်ခင်ကြီး၊ မိမိထွေးနှင့် မောင်ထွေး ဟူ၍ နှစ်မိပေါက် အင်အားခုနစ်ယောက်ရှိသည်။ သည်ကလေး ခုနစ်ယောက်လုံးမှာ အိမ်တွင် ယမန်နေ့ညက ကျန်သော ထမင်း ရှိလျှင် ဆီဆမ်း၊ ဆားဖြူးပြီး ထမင်းကြမ်း စားကြရ၏။ ထမင်း မကျန်လျှင်လည်း ဟ၍သာ နေပေရော့။ ချက်၍လည်း မကျွေး၊ ဝယ်၍လည်း မကျွေး။ သို့ဖြစ်ငြား ကလေးများကား ဟ၍မနေပါ။ အိမ်မှာ မစားရသည်နှင့် တစ်ပြိုင်နက်တည်း ဘတို့၊ အမေကြီးတို့ အိမ်သို့ ပြေးလာတော့သည်။ သည် တစ်အုပ် တစ်မကြီး ကျလာပြီ ဆိုလျှင် ရီးကျီးဒန် ကလည်း သိပါသည်။ မြေးတွေ ဘာမျှ မစားကြရသေးဟု။ သို့ကြောင့် ကလေးများကို ငြိမ်ဆေးကျွေးလိုက်၏။

“ဘကို ကူရင်လည်း ကောင်းကောင်း ကူလုပ်ကြ။ မလုပ်ချင်တဲ့လူ အရိပ်ထဲမှာ အေးအေးလူလူ သင့်သင့်မြတ်မြတ် ကစားကြ၊ နေပူထဲ မထွက်ကြနဲ့၊ ကလေးတွေ ပဲသီတာရော ဝက်သက်ရော အပေါက်များနေကြတယ်”

သည်မျှဖြင့်ကား ကလေးများ မငြိမ်သက်ပါ။ စိတ် မဝင်စားပါ။

“အမေကြီး ပြောင်းဖူးပေါက်ပေါက် လှော်ကျွေးမယ်၊ ကောင်းကောင်းနေကြ၊ ကြားလား” ဟူ၍ ဆက်လိုက်သောအခါ “ဝေး” ခနဲ အော်လိုက်ကြသည်။

“ဖြစ်လာပြီလား ဟင်”

အိုးကွဲကရွတ်ကြီး ကောက်ကိုင်ကာ အံကြိတ်သံ ဖြင့်ကြိမ်းမှ ငြိမ်သွားကြ၏။ ရမ်းဘိုကုန်းရွာသည် မချောစိန်တို့ အပျိုအရွယ်ကလောက် မရှားပါးတော့ပါ။ ပိုက်ဆံသာရှိလျှင် ရွာ့တောင်ဖျား တာလမ်းဘေး၌ သရေစာ အတိုအထွာ ဆိုင်ကလေးတွေ ရှိပါသည်။ သစ်ဆိုင်နား ရောက်အောင်သွားနိုင်လျှင်မူ မုန့်ဟင်းခါး၊ ငါးပေါင်းကြော်၊ အသုပ်စုံ ရနိုင်သည်။ သည်နှယ်ရှိ နေပေငြား ပါးစပ် ခုနစ်ပေါက်အတွက် ရီးကျီးဒန် ဝယ်မကျွေးနိုင်ပါ။ ငွေကြေးဖြင့် မဝယ်နိုင်ပေမယ့် ကလေးတို့ အာသာပြေစေရန် အကုန်အကျလည်း နည်းပါး၊ ကလေးများလည်း သဘောကျမည့် ပြောင်းဖူးပေါက်ပေါက်ကို ကြံစည်ရခြင်းဖြစ်ပေ၏။

မကြာမီပင် မြူအိုးတစ်လုံးကို ယောက်မဖြင့် မွှေသံကို ဝါပြန့်ဘေးမှ ကလေးများ ကြားကြရသည်။ အိုးမှာ ထန်းသမားသုံးသော မြူအိုး ဖြစ်၏။ မြူအိုးသည် မြေထမင်းအိုး၊ ဟင်းအိုးထက် ထူသောကြောင့် ရုတ်ခြည်းကွဲမည် မစိုးရိမ်ရသည့်အတွက် လှော်သည့် ကိစ္စများတွင် ရီးကျီးဒန် သုံးစွဲလေ့ရှိ၏။

မွှေသံကို ကလေးများ ကြားနေရခြင်းမှာ အိုးထဲတွင် သဲထည့်ပြီး မွှေနေခြင်းဖြစ်၏။ သဲပူမှ ပြောင်းဖူးစေ့ ထည့်လိမ့်မည်။ မွှေသံ ရပ်သွားပြီးနောက် မကြာမီ တဖြောင်းဖြောင်း အသံများကို ကြားကြရလေသည်။

“ပစ်ပြီကွ”

လုံးသော အိုးထဲမှ ပေါက်ကွဲသံသည် ဗျောက်အိုးဖောက်သံနှင့် ဆင်ဆင်တူ၏။ မောင်မောင်လှနှင့် မောင်ထွေးကား ပြောင်းဖူးစေ့ပေါက်သံ တစ်ခါကြားတိုင်း ‘ပစ်ပြန်ပြီကွ’ တစ်ခါအော်ကာ ဝါပြန့်ထဲတွင် ကျွမ်းထိုးနေကြ၏။ ချွေးစိုသောကိုယ်ဖြင့် လူးလှိမ့်သည့်အတွက် တစ်ကိုယ်လုံး ဝါပွင့်မှုန်တွေ လူးကာ ဖြူဖွေးနေသော်ငြား မျက်နှာတွင် မပေဘဲ မည်းချိတ်သော အသားမှာ ထင်းနေသည့်အတွက် မျောက်ဖြူနှင့်ကား မတူ၊ သရဲဖြူနှင့်သာ တူတော့၏။ သူတို့ဘေး တွင် ရီးဆေးရိုး ရှိသည်။ ဆောင့်ကြောင့်ထိုင်ကာ တင်ပါးကို ရွှေ့ရင်း သူ့အလုပ်ကိုသာ သူ မဲနေလေသည်။ မြေးတွေကို လှည့်မကြည့်။ ဟင်းသံ ဟဲ့သံ သော်မျှမပေး။

အိမ်ပေါ်မှ တဖြောင်းဖြောင်း တဝုန်းဝုန်းသံများ ရပ်စဲသွားသည်။ သည်သို့ ရပ်စဲသွားသည်မှာ ပြောင်းဖူးစေ့လှော်၍ ပြီးသောကြောင့်ဖြစ်မည်။ ပြီးလျှင် အိမ်ရှေ့‘ကပြင်’ (ကြမ်းပြင်) သို့ ထွက်လာလိမ့်မည်။ သည်နှယ်တွေးကာ မြေးများ ငြိမ်သွားကြ၏။ ကုန်း ကုန်း ကုန်းကုန်းနှင့် ဝါပြန့်ထဲမှ အမှိုက်တွေကို သွက်လက်စွာ ရွေးသည်။ ဆယ်သည်။ ရွေးသမှ ဆယ်သမှ သူ့ထက်ငါကောင်း။

ကလေးများ၏ အတွေးမှန်သည်။ ရီးကျီးဒန်သည် တစ်အောင့်မကြာမီပင် ကပြင်သို့ ထွက်လာ၏။ လက်ထဲမှ သံဇလုံတွင် ကြေးဇွန်း သုံးချောင်း တပ်လျက်။ မြေးတွေကို ကြည့်လိုက်ရသောအခါ ရီးကျီးဒန်မှာ နဖူးတွင် စို့နေသော ချွေးတွေပင် ခြောက်သွားမတတ် ကြည်နူးရသည်။ တကုန်းကုန်း တကုပ်ကုပ် အလုပ်လုပ်နေသော မြေးတွေကိုကြည့်ကာ ရွှင်လန်းစွာ ပြုံးသည်။

“ဪ သနားစရာကလေးတွေပါကလား။ လူကြီး မကျွေးလည်း ဘာမျှ မတတ်နိုင်ရှာကြဘူး။ မရှိ ရှိတာ ကြံဖန်ကျွေးမယ် ဆိုတော့လည်း ကျွေးချင်အောင်၊ သထာအောင် လုပ်လိုက်ကြရတာ”

ကရုဏာတရားနှင့် ယှဉ်သော ရီးကျီးဒန့် ရင်ထဲက အတွေး။ သို့ကြောင့် မြေးတို့အား ခေါ်ငင်သံမှာလည်း ကြည်လင်လှပါဘိ။

“သားတို့ သမီးတို့ လာကြဟေ့။ ပေါက်ပေါက်ပွင့်တွေကို အမေကြီး နှမ်းဆီမွှေးမွှေးလေး ဆမ်းထားတယ်”

မြေးများသည် ဤအသံကို စောင့်ဆိုင်းနေခဲ့ရာမှ တစ်ချက်ခေါ်သံပေးသည်နှင့် ဝုန်းခနဲ ထကြသည်။ အလုအယက် ပြေးကြသည်။

“လုမတက်နဲ့လေ၊ လိမ့်ကျကုန်မယ်”

လှေကားသည် တစ်ထောင့်ထွာ နှစ်တောင်မျှသာ ကျယ်၏။ လှေကားပေါင်နှင့် လှေကားဆန်နှင့် ဆောက်လုပ်ထားသော လှေကား မဟုတ်။ မန်ကျည်းတုံးများကို နိမ့်မြင့်ငိုက်ပြီး အပေါ်မှ ပျဉ်ပြားတန်း ရိုက်ထားသော ‘ငုတ်လှေကား’ ဖြစ်သည်။ မိမိထွေးသည် သုံးထစ်ရှိသော သည်လှေကားကို လုယက်ပြီး မတက်ချင်။ မတော်တဆ ကိုယ့်ထက်ငယ်သောကလေးတွေ လိမ့်ကျလျှင် အဆူအဆဲခံရမည်။ အခေါက် အထစ် ခံရဦးမည်။ ထို့ကြောင့် သူ့လက်ခုပ်တစ်ဖောင် မျှသာ မြင့်သော အိမ် ‘ကပြင်’ တိုင်ကို ပေါင်ခွင်ထိုး တက်ရာ ရှေ့ဆုံးမှ ရောက်သွားသည်။ ဇွန်းတစ်ချောင်းကို ပြေးကိုင်ကာ ဖြူဖြူဖွေးဖွေးနှင့် ဆီရွှဲနေသော ပြောင်းဖူးပေါက်ပေါက်လှော်တွေ ပါးစပ်တွင်းသို့ ခပ်ထည့်လိုက်၏။

“အား... ဟူး”

လှော်အိုးထဲမှ ချပြီး သဲစင်အောင် ပြာတီးပြီးနောက် ချက်ချင်း ဆီဆမ်းပြီး ယူလာခဲ့ရာ မပူဘဲရှိပါမည်လော။ သည်အပူကြီးကို မိမိထွေး လောဘတကြီး ကျုံးထည့် လိုက်ရာ ထွေး၍မရ မျို၍မရနှင့် ပါးစပ်ကြီး ဟလျက် အော်နေလေသည်။ သူ့အသံ ကြားလျှင် ရီးကျီးဒန် လှည့်ကြည့်၏။

“အငယ်ရယ် နင် ဖြစ်လိုက်ရင် သူများနဲ့ကို မတူဘူး”

ရီးကျီးဒန် ခွက်ထိုးခွက်လန် ရယ်မောဆဲတွင် မြေးများအုံမိပြီ။ ခြံရံဝန်းမိပြီ။ ပါးစပ်တပြင်ပြင် လက်တပြင်ပြင်နှင့်။

“လက်တွေက ချေးတွေနဲ့ မဟုတ်လား၊ လက်မဆေးဘဲနဲ့ စားစရာကို လက်နဲ့ မနှိုက်ရဘူး။ ဇွန်းနဲ့ နှိုက်ရမယ်။ ကဲ မောင်ထွေးနဲ့ မောင်လှ စပြီး တစ်ဇွန်း စီစားကြ။ ပြီးရင် ခင်ခင်ကြီးနဲ့ ခင်မောင်ငြိမ်း။ နောက်ဆုံး အလှည့်ကျမှ မေကြည်နဲ့ ကိုကိုကြီး”

ဖြူဖွေးသောအပွင့်များ အာနေသော သည်ပြောင်းဖူးပေါက်ပေါက်ကို ရီးကျီးဒန် မစားနိုင် မဝါးနိုင်ပေ။ မြေးများ အလုအယက် စားသည်ကို ဘေးမှ ထိုင်ကာ ကြည်နူးနေရာမှ ရီးဆေးရိုးကို လှမ်း၍ ကျီစယ်သည်။

“စားပါဦးလား နွေးနွေး မွှေးမွှေးကလေး”

“စားပါ စားပါ ညည့်မြေးတွေကို ညည်းပဲ ဝါးခွံ”

ရီးဆေးရိုးသည် လည်ကုပ်ညောင်းလာသည့် အတွက် မန်ကျည်းပင်ရိပ်သို့ ထလာရင်း ပြန်လှန် ကျီစယ်လိုက်သည်။ သူလည်း သွားမရှိ၊ ငါလည်း သွား မရှိသော အတူတူချင်း မဟုတ်လား။ နေပူထဲတွင်လည်း ဖြစ်၊ အရောင် ပြန်သော အဖြူပြင်ကြီးကိုလည်း ငုံ့ကြည့်နေခဲ့ရသောကြောင့် ရီးဆေးရိုး မျက်လုံးတွေ ပြာနေသည်။ မျက်စိ ခဏမှိတ်ထားပြီး သစ်ပင်ရင်း ဝင်ထိုင်၏။ ခဏကြာမှ ကြည်ကြည်လင်လင် မြင်လာရသည်။ ဆေးလိပ်ကို လှမ်းယူရင်း မြေးတွေကို လှမ်းကြည့်သည်။ ရီးကျီးဒန်မှာ မြေးတွေကို ကြည့်လျက် တပြုံးပြုံး ဖြစ်နေ၏။ သည်အခါ သည်အပြုံးမှာ ရီးဆေးရိုး ထံလည်း ကူးစက်လာ၏။ ပြုံးရွှင်၍မှ ပါးစပ် မညောင်းသေးမီ ရီးကျီးဒန်၏ ငေါက်ငမ်းသံ ပေါ်လာ၏။

“စားရလေလေ ငတ်လေလေ၊ တယ် ငါလုပ်လိုက်ရ”

လုပ်လိုက်ရ ဆိုခြင်းမှာ ကြုံးဝါးခြင်း မဟုတ်။ လက်က ခေါက်ပြီးနေပြီ။ အခေါက်ခံရသော ခေါင်းကို ပွတ်နေသူမှာ မိမိထွေး။

“အင်း ငါ့မြေး ငတက်ပြားမတို့ကတော့ စီခနဲ အသံမကြားလိုက်နဲ့ ၊ ကြားလိုက်လို့ ကြည့်လိုက်ရင် ငတက်ပြားမပါကလား”

“လွန့်ကို လွန်လွန်းတယ်တော်။ ပြောင်းဖူးစေ့လှော်တောင် ရိုးရိုးမဟုတ်ဘူး၊ ဆီဆမ်းကျွေးတာ။ အဲဒါ စားနေရင်းတန်းလန်းက သရက်ခြောက်တွေ လှန်းထားတာ နှိုက်စားသေး”

လေကြွေသရက်သီးစိမ်းများကို ပါးပါးလှီးပြီး ဆန်ခါတစ်ချပ်ဖြင့် ‘ကပြင်’ တွင် လှန်းထားရာ ငတက်ပြားမနှင့် အနီးဆုံးနေရာတွင် ရောက်နေ၏။

“ညည်းဟာက ထမင်းတစ်လုတ် တုတ်တစ်ချက်ပါလား”

ရီးဆေးရိုး ပြက်ရယ်ပြုငြား၊ ရီးကျီးဒန် မပြုံး။

“ကဲကို ကဲတယ်၊ စားရလေလေ ငတ်လေလေ”

“ဒါပေါ့ ဒါပေါ့။ စားရတဲ့ကလေးကမှ စားရတဲ့ အရသာကို သိတော့ စားပြီးရင်း စားချင်ရင်းပေါ့ အင်း...”

“ကျုပ်တို့တုန်းက ဒီလို ဟုတ်ပေါင်တော်”

ရီးဆေးရိုးသည် ဆေးလိပ်တိုကို မီးညှိသည်။ သုံးလေးဖွာ မျှဉ်းမျှဉ်းဖွာလိုက်ရာက “ကလေးပဲအေ၊ သူတို့လို နေမှာပါပဲ” ပြောလိုက်သည်။

“သူ အဲဒီလိုဝင်ပြီး ‘မဇံ’ ထိုးဖို့ တော်တော်တတ်”

“မဇံ မထိုးပါဘူးဟာ၊ ကိုယ်ချင်းစာလို့ ပြောတာပါ”

ရီးကျီးဒန် တုံ့ပြန်ချေပစကား မလာသော်ငြား မျက်စောင်းတစ်ချက်ကိုကား ပစ်လွှတ်လိုက်သည်။

“တို့ ငယ်ငယ်တုန်းက ဆိုရင် ဘုန်းကြီးကျောင်းမှာ ပေါလိုက်တဲ့ ပဲကြီးချက်။ ပေါလိုက်တဲ့ ငှက်ပျောသီး။ အဲဒါတွေမစားနိုင်ဘူး။ တံခါးရွက်က နတ်ရုပ်ရဲ့ ပါးစပ်ထဲ ထည့်လို ထည့်၊ ခေါင်းလောင်းထမ်းတဲ့ ဘီလူးရဲ့ပါးစပ်ထဲ ခွံ့လို ခွံ့နဲ့”

ရီးဆေးရိုး စာသင်ယူခဲ့သော လေးထပ်ကျောင်းမှာ ယနေ့လက်ရှိကျောင်း မဟုတ်ပေ။ လက်ရှိကျောင်း၏ တောင်ဘက်တွင် ‘ကပြင်’ တစ်ခု ခြားနေသော ရွှေရေးဆောင်ဖြစ်သည်။ သည်ရွှေရေးဆောင်၏ ဒါယကာမှာ စလင်းဝန် ဦးမြတ်သူ လိုလို၊ နာခံတော်မင်း ဦးမှော်၏ဖခင် ဦးဘော် လိုလို။

သို့သော် တစ်ကျောင်းလုံးကား လက်လက်ပြေးနေသည်။ ကျောင်းတိုင်တိုင်းကို ရွှေချထားသည်။ ကျောင်းပတ်ပတ်လည်ကို ရုပ်စုံခင်းထားသည်။ တံခါးရွက်များကို စပ်ပျဉ်ဖြင့် မလုပ်။ ထူထဲသော ပျဉ်ချပ်ကြီးတွင် နုရွသော နတ်ရုပ်ပန်းပုများ ထုပြီးမှ တံခါး အဖြစ် အသုံးပြုထားသည်။ နတ်ရုပ်၏ အရွယ်အစားမှာ ယောက်ျားကြီး တစ်ယောက်မျှ ကြီးမားရာ၊ အရုပ်၏ ပါးစပ်ထဲသို့ ငှက်ပျောသီးတစ်လုံး ချောင်ချောင်ဝင်သည်။ အနုဆုပ်ပေါက်ပေါက်ဆုပ်မူ သုံးလေးလုံး ဝင်သည်။

ရီးဆေးရိုးတို့ ကျောင်းသားများသည် စားစရာကို သည်ပုံ ဖြုန်းတီးပစ်သော်ငြား အခြားတစ်ပါးသော စားစရာကို မရှာဖွေဘဲ နေသည်ကား မဟုတ်ပေ။ ဆွမ်းစားပြီးစ ဆရာတော် ခဏတစ်ဖြုတ် ကျိန်းနေစဉ် အခြား ဦးပဉ္စင်းများနှင့် ကိုရင်ကြီး စသည်၊ ဘိုးသူတော် စသည်၊ ကပ္ပိယ စသည်တို့သည် လစ်သည်နှင့် တစ်ပြိုင်နက်တည်း ကျောင်းခေါင်းရင်း ရှောက်ပင်မှ ရှောက်သီးကို ဆွတ်သည်။ လွတ်ရာကျွတ်ရာသို့ သွားပြီး ရှောက်သီးကို ပုလင်းကွဲဖြင့် ခွဲသည်။ ဆားဖြင့် တို့စားသည်။ မည်မျှ အရသာရှိပါသနည်း။ မည်မျှ ကောင်းပါသနည်း။ သည်ရှောက်သီးကို ဆားဖြင့် တို့ စားသော ကျောင်းသားတိုင်း မျောက်ရှုံးအောင် ရှုံ့နေကြတော့သည်။

ရှောက်ပင်ဘက်တွင် တစ်ဦးတစ်ယောက် မယောင်မလည် ချောင်းနေပါက ‘သီး’ ပင်ဘက်သို့ ကျောင်းသားများ လှည့်ကြ၏။ သီးသီးမှာ ရှောက်သီး လောက် မလွယ်။ မလွယ်သော်ငြား ရအောင် တက်ခူးပြီး သီးသီးစိမ်းကို ဆားဖြင့် တို့စားကြသည်။ သီးသီးစိမ်းကို စားရာတွင် ရင့်လျှင်ကား သွားပြုတ်အောင် ရှုံ့ရမဲ့ရရုံသာ ရှိ၍၊ နုသော သီးသီးစိမ်းကို စားမိလျှင်ကား ဒုက္ခရောက်တော့သည်။ နုသော သီးသီးစိမ်း အကာပင် ဖြစ်စေ၊ အူသားပင် ဖြစ်စေ လည်ပင်းထဲသို့ မျိုချ၍ ချက်ချင်း မကျ။ တစ်နေသည်။

လည်ချောင်းဝတွင် သီးသီးစိမ်းအနု ဆို့တစ်နေဆဲတွင် တံတွေးလည်း မျိုမရ၊ အသံလည်း မပြုနိုင်၊ မျက်လုံးပြူးနေသည်။ သို့ဖြစ်ငြား ကျောင်းသားများ မကြောက်။ လစ်လျှင် ခူးစားကြသည်သာ။ ရှောက်ပင် နှင့် သီးပင်ဘက်တွင် အခူးရ အကပ်ရ လွယ်ပုံ မပေါ်လျှင် စောင်းလျားပင်ဘက်သို့ ကျောင်းသားများ ဦးလှည့်ကြပြန်၏။

စောင်းလျားသီးသည် အမှည့်မှာပင် ချဉ်အားပြင်း သေးရာ အစိမ်းမူ ဆိုဖွယ်မရှိပြီ။ သည်ဆိုဖွယ် မရှိသော အချဉ်ကြီးကိုပင် သူ့ထက်ငါကောင်း ဆားနှင့် တို့စားကြရာ သီးနုနှင့် တိုးသူကား သီးသီးစိမ်းအနုကို မျိုမိသူနှယ် မချိမဆံ့ခံရလေတော့သည်။

ဘုံဆောင်ပေါ် တက်ပြီး ခိုနှိုက်ရန် မလွယ်။ အသီး ခူးရန်လည်း မချောင်သောအခါတွင် ကျောင်းတောင်ဘက် ထန်းတောထဲသို့ ကျောင်းသားများ ခြေဦးလှည့်ကြ၏။ လူရည်လည်သော ကျောင်းသားတစ်ယောက် တလေသည် လိုရမည်ရ မီးစတစ်စလည်း ယူလာတတ်၏။

ထန်းတောထဲတွင် ဥသျှစ်ပင် ရှိသည်။ သရက်ပင် ရှိသည်။ သို့ရာတွင် နွားကျောင်းသားက ဘုန်းကြီး ကျောင်းသားအလျင် ခူးပြီးဆွတ်ပြီးပြီ။ သီးနုကလေးပင် မချန်။ သည်အခါ ထန်းရွက် တစ်ရွက် နှစ်ရွက်သာ ထွက်သေးသော ထန်းပင် ပေါက်စနကလေးများကို လိုက်ကြည့်ကြသည်။ တွေ့လျှင် ကြွက်တွင်းကို ခွေးယက်ဘိသို့ တစ်ယောက်တစ်လက် ဝိုင်းယက်ကြ၊ ဖော်ကြသည်။

အရွက် တစ်ရွက် နှစ်ရွက်သာ ထွက်သေးသော ထန်းပင် ပေါက်စနသည် ဆောင်းအခါတွင် လူတို့ စားသုံးကြသော ထန်းပင်မြစ်ထက် အတော်ကြီးကို ရင့်ရော်နေပြီဖြစ်ငြား ထန်းပင်မြစ်၏ ပုံသဏ္ဌာန် မပျောက်ချင်သေး။ သည်အရာကိုပင် ထန်းပင်မြစ် အမှတ်ဖြင့် မီးဖုတ်စားကြ၏။ ရတတ်သမျှကလေးမှာလည်း ဝါး၍ မရတော့ပါ။ အမျှင်တွေချည်း ဖြစ်နေပါပြီ။ ကျောင်းသားများကား သည်အရာကိုပင် စုံရေမက်ရေ မျိုချကြ၏။ ထန်းပင်ပေါက်စနကလေး မီးဖုတ် မကျက်တကျက်ကို အာမနှံ့ လျှာမနှံ့ စားရသည်မှာ ကိုရင်ကြီး ဝေပေးသော ငှက်ပျောသီးထက် အရသာရှိသည်ဟု ကျောင်းသားများ ထင်ကြသည်။ ထင်ကြသည့် အတွက် အလုအယက်စား၊ အလုအယက် မျိုချကြရာ တစ်ခါသော် ထန်းပင်မီးဖုတ်ကို ဝါးပြီး မျိုချသော ကျောင်းသားတစ်ယောက်မှာ လည်ချောင်းအဝင် လျှာခင်တွင် ငြိနေလေ၏။ ထိုကျောင်းသားသည် သီးသီး နင်ပုံမျိုး၊ စောင်းလျားသီး နင်ပုံမျိုးနှင့် နင်သည် ထင်ပြီး ကြိုးစားပမ်းစား မျို၏။ အကြိမ်ကြိမ် မျို၍ မရသည့် အဆုံး၌ “အမယ်လေးဗျ လာကြပါဦးဗျာ့” ကုန်းအော်ကာ ငိုလေသည်။

“ဟ ဟ မငိုနဲ့”

ကျောင်းသားကြီးများက အချိန်မီ ပါးစပ်ပိတ်သော်ငြား တိုက်အုပ်ကိုယ်တော်က ကြားသွားပေပြီ။ အတတ်ဆန်းသော ငတ်ကြီးကျများကို ရှေ့သို့ခေါ်သည်။ လည်ပင်းနင်နေသော ကျောင်းသားအား ပျားရည်နှင့် လက်ဖက်ရည်ကြမ်း တိုက်ကာ ကုသပေးသည်။ ဤသည်၏ နောက်တွင်ကား တစ်ယောက်ပြီး တစ်ယောက် ကျောင်းတိုင်ကို လက်ဖြင့် ဖက်ထားကာ အရိုက်ခံရတော့၏။ သည်အခန်းသို့ အရောက်တွင် ရီးဆေးရိုး နှစ်ခြိုက်စွာပြုံးမိသည်။ သူ့ကို ရိုက်ရန် ကျောင်းတိုင်ကို ဖက်ပြီး တင်ပါး အလှန်ခိုင်းသောအခါ တိုက်အုပ်ကိုယ်တော်မှာ ရိုက်စရာနေရာ ရှာမတွေ့ဘဲ ရှိချေ၏။ ကျောင်းသား၏ တင်ပါးနှစ်ဖက်လုံးမှာ ဝဲ ပေါက်ပြီး ပြည်တစိုစိုနှင့် ချပ်ခဲကြီး ဖြစ်နေသောကြောင့်တည်း။

“ကလေးတွေကို မဇံ မထိုးပါနဲ့ ဆိုတော့မှ မဲ့ပြ ပြုံးပြနဲ့ ဘာလုပ်တာလဲဟင်”

ရီးကျီးဒန်၏ ကုန်းအော်သံဖြစ်သည်။ ရီးဆေးရိုးမှာ ကျောကို မန်ကျည်းပင် ပင်စည်မှ ဖျတ်ခနဲ ခွာပစ်သည်။ ရီးကျီးဒန်ကို ပြူးကြောင်ကြောင်ကြည့်သည်။

“ခုမှ ဘာ ပြူးကြောင်ကြောင် ကြည့်နေတာလဲ။ ကရွတ်နဲ့ ပေါက်လိုက်လို့ သေတော်ခေါ်သွားမယ်”

အိုးကွဲ ကရွတ်ကြီးဖြင့် ခြိမ်းခြောက်ပြန်ပြီ။ ရီးဆေးရိုးမှာ လက်မောင်းနှစ်ဖက်ဖြင့် မျက်နှာကာထားသည်။

“ဟ ဟ မလုပ်ပါနဲ့၊ ငါတို့ ကျောင်းသားတုန်းက စားရလေလေ ငတ်လေလေ ဖြစ်တာကို တွေးမိလို့ပါဟာ”

သူ့စကားကို အလေးအနက်ထားကြောင်း ပြောတော့မှ ကရွတ်ကို လက်ထဲမှ ချသည်။ သို့သော် အစစ်အမေးကား မလွတ်။

“တော်တို့ ကျောင်းသားတုန်းက လက်ပံမြစ်တွေ ဖုတ်စားတာ၊ ထန်းပင်ပေါက်ကလေးတွေ ဖုတ်စားတာ ကျုပ် သိပါတယ်။ ဒီထဲမှာ မဲ့စရာ ပြုံးစရာ မပါပါဘူး”

“ဘုန်းကြီးက ငါ့ကို ရိုက်မလို့လုပ်တော့ တင်ပါး တစ်ခုလုံးမှာ ဝဲနာချပ်ခဲကြီး ဖုံးနေလို့ ခေါင်းကို ရိုက်လိုက်တာ”

“ဘာဖြစ်လဲ၊ ခေါင်းပေါက်သွားရောလား”

ရီးကျီးဒန်၏ မဲ့ပြုံးဖြင့် မေးသောအမေး။

“အခုတော့ ခေါင်းပေါက်တာထက် ဆိုးတာပေါ့ ဟာ။ ကြိမ်လုံးကို တအားမြှောက်ပြီး ရိုက်လိုက်တာ ငါ့ခေါင်းကို မရိုက်မိဘဲ ခေါင်းပေါ်က တိုင်ကပ်နာရီကြီး ရိုက်မိပြီး တိုင်ကပ်နာရီကြီး ငါ့ခေါင်းပေါ် ပြုတ်ကျတော့ ငါလည်း မေ့သွားတာပေါ့။ ရိုက်တဲ့ ကိုယ်တော် ရော၊ ဦးပဉ္စင်းတွေရော မေ့နေတဲ့ ငါ့ကို ဝိုင်းပြီး ပြုစုနေရတာနဲ့ ကျန်တဲ့ကောင်တွေ အရိုက်မခံရဘဲ လွတ်သွားပါရောလား”

ရီးဆေးရိုး ပြောအပြီး၌ တဟားဟားရယ်ရာ၊ မြေးတွေလည်း တစ်အုံတစ်မကြီး ရောနှောရယ်မောကြသည်။

ရီးကျီးဒန်လည်း မနေနိုင်၊ ပြုံးလာရသည်။ ပြုံးသော်ငြား မာန်သံမဲသံနှင့် ရန်ပြုသံကား လျော့မသွားသေး။

“တော့်မြေးတွေက တော့်ကို တူတာ။ ဒါကြောင့် ကျွေးနေတာဖြင့် မကုန်သေးဘူး၊ ကောင်းလည်း မကောင်းတဲ့ သရက်သီးခြောက်ကို လှမ်းနှိုက်တာ”

ရီးဆေးရိုး မချေပတော့ပါ။ ဆေးလိပ်တိုကို မန်ကျည်းပင် ခြေရင်းတွင် ချထားလိုက်ရာက “ထမင်းတစ်လုတ် တုတ်တစ်ချက် အခေါက်အထစ် ခံပြီးရင် ဆင်းခဲ့ကြဟေ့” အသံပြုပြီး ဝါပြန့်ဘေးသို့ လျှောက်လာသည်။

ကလေးများသည် ‘ကပြင်’ တွင် ပျင်းတွဲ့စွာ ရပ်ကြ၏။

“ဝါရောင်းလို့ ရတဲ့ငွေကို စရိတ်စကတွေ နုတ်ပြီးရင် ငါ့မြေးတွေကို ရှင်ပြုမယ်ကွ” ဟူ၍ နောက်ဆက်တွဲ အဖြစ် ဆက်လက် ကြုံးဝါးလိုက်သောအခါတွင်ကား ကလေးများ ရွှင်ပျစွာ အော်ဟစ်လျက် ပြေးဆင်းလာကြ၏။ မိမိထွေးသည် လှေကားမှ မဆင်းဘဲ ကပြင်မှ ခုန်ချပြေးလာပြီး ချွေးနှင့် ဖုန်လူးကာ ချောချွဲနေသော ဘ၏ ကျောကြီးကိုဖက်ကာ မေး၏။

“သမီးတို့ မိန်းကလေးတွေကောဟင် ဘ”

“ညည်းတို့ကို ခေါင်းတုံးရိတ်ပြီး မယ်သူတော် ဝတ်ပေးမယ်ဟေ့”

ကလေးများသည် ထပ်ဆင့်ပြီး ရွှင်မြူးစွာ အော်ဟစ်ရင်း ဝါပြန့်ကြီးဘေးတွင် ဝိုင်းထိုင်လိုက်ကြလေ၏။

▢ ဆင်ဖြူကျွန်းအောင်သိန်း
📖 ကိုဆေးရိုး ပေါင်းချုပ်

No comments:

Post a Comment