❝ လက်ဖွဲ့လယ်မှ ထန်းခြောက်ပင် ❞
( ဆင်ဖြူကျွန်းအောင်သိန်း )
ပတ္တမြားရောင် ရွဲလုံးကြီးများသည် ကျီးအာချုံ တက်သော ကုက္ကိုပင်ကြီးထက်တွင် တွဲရရွဲ ဆွဲလျက်ရှိနေကြသည်။
ရီးကျီးဒန်သည် နွားစာစဉ်းဓားကို နန်းတိုင်ပေါ် မမြှောက်သေးပဲ တစ်အောင့်တစ်နား မော့ကြည့်လိုက်၏။ စိမ်းအိုရောင်တောမှ ကျီးအာသီးများကို ထင်းခနဲ မြင်လိုက်ရ၏။ ဤသည်မှာ တမင် နားခြင်းမဟုတ်။ တမင် မော့ခြင်းလည်း မဟုတ်။ ရွာတောင်ပိုင်းဆီမှ စည်စည် စည်စည်အသံများ ကြားလိုက်သလိုရှိသောကြောင့် နားစွင့်ခြင်းဖြစ်သည်။ သို့နားစွင့်ခိုက်တွင် ခေါင်းမော့လိုက်မိသည့်အတွက် ကျီးအာသီးများကို မြင်ရခြင်းဖြစ်ပေသည်။ ထိုခဏဝယ် ရီးကျီးဒန်၏ အသိအာရုံသည် လျှပ်တစ်ပြက် တောက်ပသွားလေ၏။
“မသိသူတွေ အတွက်တော့ ငါ့အိမ်၊ ငါ့ယာ၊ ငါ့ ဥစ္စာ၊ ငါ့မယားဆိုတဲ့ အယူမှား အမြင်မှားကြီး ဖုံးလွှမ်းနေတာကိုး။ ဒီအခါ ကျီးအာသီးမှည့်ကြီး နီရဲဝင်းဖန့်နေသလို နှစ်သက်စရာကြီးပေါ့။ သိသူတွေကတော့ ဒီလှပနီရဲမှု အောက်မှာ မည်းမှောင်နေတဲ့အသား ရှိပါကလား ဆိုတာ သိသလို၊ ဘယ်ဥစ္စာမှ ငါ့ဟာ မဟုတ် ငါမဟုတ် ဆိုတာ သိကြတယ်။ သိကြတဲ့ အတွက် အတ္တနည်းတယ်၊ မာနဒေါသ နည်းတယ်။ ဒါကြောင့် ဖြူစင်ကြတယ်”
ရွာဦးကျောင်းဆရာတော်၏ ဆုံးမစကားတစ်ပုဒ်က ခေါင်းထဲတွင် လက်ခနဲပေါ်လာသည်။ ပေါ်လာသည်နှင့် တစ်ပြိုင်နက် ရင်ထဲတွင် ငြိမ့်ခနဲ ချမ်းမြေ့ လိုက်ရသည်။ သို့ကြောင့် နွားစာဆက်စဉ်းရန် ညာဘက်က ဓားကို မြှောက်လိုက်လျှင် ဘယ်ဘက်လက်က ကောက်ရိုးထိုးသွင်းသော နန်းတိုင်ခွကြားထဲသို့ ဓားခုတ်ချက်မိရုံကလေး အစွန်းထွက်အောင် ကောက်ရိုးဆုပ်ကို တွန်းပေးလိုက်သည်။ တစ်ချက်သာ ခုတ်ရသေး၊ သဲ့ခနဲ ကြားရသည်။ ရီးကျီးဒန် ဆိုင်းလိုက်ရပြန်သည်။ နားစွင့်ရပြန်သည်။
လူ့ရွာ လူ့ဒေသ လူတောထဲနေလျှင် ဤနှယ် နားစွင့်ရသည်မှာ ရီးကျီးဒန်တို့ ထုံးစံ။ ကိုယ်နှင့် မဆိုင်သည်ကို နောက်ထား။ မည်သူနှင့်မည်ဝါ ရန်ဖြစ်သည့် အသံနည်း။ မီး ထင်းကိစ္စလော။ နာရေးလော။ မီးထင်းကိစ္စဆိုသော် ဆွဲရလွဲရမည်။ နာရေးဆိုသော် ချက်ချင်း သွားရမည်။ ကမ္မဋ္ဌာန်းကောင် ပြင်ဆင်ရေး ကိစ္စတွင် နားလည်သူ ရှိချေက မထောင်းတာ။ ထိုအခါ ကာယကံရှင်ကို အားပေးစကားပြောရုံ၊ တရားပြရုံသာ။
နားလည်သူ မရှိချေက ခက်သည်။ လူများသည် နာရေးကိစ္စတွင် အစွဲအလမ်း ကြီးဆဲ၊ ယုန်ထင် ကြောင်ထင် ရှိကြဆဲ။ ထို့ကြောင့် ရီးကျီးဒန်မှာ နွားစာမျှသော် ဖြောင့်ဖြောင့်မစဉ်းရ။ နားစွင့်လိုက်၊ တစ်ချက်နှစ်ချက် ခုတ်လိုက်နှင့် ဖင့်နွှဲနေသည်။
“ဟယ် စိတ်ထင်လို့ ထင်ပါရဲ့”
အတွေးဖြင့် စိတ်တုံးတုံးချကာ လေးငါးချက် ဆက်ကာဆက်ကာ ခုတ်လိုက်သောအခါ၊ အသံသည် ပို၍ ကျယ်လောင်၏။ သဲ့သဲ့မျှ မဟုတ်။ စီခနဲ ညံခနဲ ဖြစ်လာသည်။
တဖောင်းဖောင်း နွားစာစဉ်းသံက ရပ်သွားပြန်သည်။ သည်တစ်ခါတော့ ဟုတ်သည်။ မိန်းမ နှစ်ယောက် ရန်ဖြစ်သံ။ ဒေါသဖက်သော အသံကျယ်ကြီးဖြင့် လုပြောနေကြသည်။ ထိပါးပုတ်ခတ်နေကြသည်။
“ဘယ်သူတွေပါလိမ့်”
တွေးနေဆဲ စွာစွာစွာစွာနှင့် နောက်ထပ် အသံတစ်သံ တိုးလာပြန်သည်။
“ချောစိန်၊ ညည်း မတရားမပြောနဲ့။ ညည်း ပြောတာ လွန်ပြီနော်။ ရီးကျီးဒန့် မျက်နှာကြောင့် ငါ သည်းခံနေတာ”
“အလိုလေးတော် ချောစိန် ဆိုပါလား”
ထရိုးထစဉ်သာ ဆိုပါက ဒူးက အကြောတွေ ဆိုင်းနေမည်။ စုတ်တသပ်သပ်ဖြင့် ဖြည်းညင်းစွာ ထမည်။ ယခုသော်ကား တစ်စုံတစ်ယောက်က ချိုင်းကြားမှ ကိုင်လျက် တအားဆွဲမလိုက်သည့်အလား ရီးကျီးဒန် စန့်ခနဲ ထပြီးဖြစ်သွား၏။ မတ်ခနဲရပ်ပြီး ဖြစ်နေချေပြီ။
“တကတည်းတော် အရေးထဲမှာ”
စန့်ခနဲ မတ်ခနဲ ထသလို ထမိပြီးသည်နှင့် တစ်ပြိုင်နက် ခြေထောက်များကလည်း အိမ်ဝိုင်းပြင်ဘက်သို့ လှမ်းပြီးဖြစ်သွားသည်။ သို့သော် နန်းတိုင်ခွ တစ်ဖက်နှင့် ထဘီနားနှင့် ငြိနေသည်။ တုံ့ခနဲ ဆောင့်ဆွဲ ခံရသလို ဖြစ်သွားသဖြင့် စိတ်မရှည် လက်မရှည် ရေရွတ်လိုက်ကာ အသံလာရာသို့ အသော့နှင်လာ၏။ ရန်ပွဲဟူသည် စောစော ဖျန်ဖြေနိုင်လေ ကောင်းလေဖြစ်၏။ ဒေါသဖြစ်လာကြပြီ ဆိုလျှင် ကြီးသည် ငယ်သည် မရွေး၊ မှားသည် မှန်သည် မတွက်၊ တစ်ဖက် လူထက် ကြောရေးကို ဦးတည်တော့သည်။ သည်မှတစ်ဆင့် တက်သော် ဖေတွေ မောင်တွေနှင့် ဆဲပြီ ဆိုပြီ။ ထိုမှ တစ်ဆင့် တိုးပါမူ တစ်ဖက်လူ အသည်းကို ထိရေး အတွက်၊ ငယ်ကျိုးငယ်နာတွေ ဖော်တော့သည်။ သူ့ အမျိုးထဲတွင် အနူ ရှိတာရော၊ ကိုယ့်အမျိုးထဲတွင် လင်ကောင် မပေါ်ဘဲ ကလေးမွေးတာရော။ ထိုအခါ လက်ပါလာပြီ။ သတ်ကြပုတ်ကြ၊ ရိုက်ကြ နှက်ကြလျှင် နှစ်ဖက် လင်သား၊ မောင်ကြီးမောင်ငယ်နှင့် ဆွေမျိုးတွေ အကုန်ပါလာမည်။ သို့ကြောင့် ပြေးမှ ပြေးမှ...။
ရီးကျီးဒန် လှမ်းကြည့်လိုက်သည်။
“ဘယ်သူပါလိမ့်”
မချောစိန်တို့ အိမ်ဝိုင်းရှေ့တွင် မိန်းမတစ်ယောက်။ ထဘီကို နောက်တို ရှေ့ရှည်အောင် လက်တစ်ဖက်ကို တင်ပေါ် ဖိအုပ်လျက်၊ လက်တစ်ဖက်ကို ထောင်လိုက် ထိုးလိုက်နှင့် ရန်တွေ့နေသည်။ သို့သော် မည်သူဟု ရီးကျီးဒန် မသဲကွဲသေး။ ရန်ထောင်နေသော ထိုမိန်းမအား ခွေးသုံးကောင်က ဟောင်နေ၏။ ကလေးတွေ ကလည်း ဝိုင်းကြည့်နေသေး။ ကလေးအုပ်၏ နောက်၊ မလှမ်းမကမ်းတွင်ကား မိန်းမကြီးငယ်အချို့က ရန်ပွဲကို အကဲခတ်ရင်း တီးတိုးတီးတိုး ပြောနေကြ၏။
ထိုမိန်းမနှင့် ရီးကျီးဒန် နီးလာပြီ။
မျက်ခွံကို ရှုံ့ပြီး ကြည့်သော်ငြား သူ့ရုပ်ကို ရီးကျီးဒန် မဖမ်းနိုင်။ အသံကို ကျက်မိရန် ကြိုးစားပေမဲ့ မမှတ်မိ။
“ဟဲ့ ဘာဖြစ်ကြတာလဲ”
ရီးကျီးဒန်အသံကြားလျှင် ထိုမိန်းမ အရှိန်တန့်သွား၏။ ရီးကျီးဒန်ကို လှည့်ကြည့်၏။
“ဪ တောင်ဖျားက ဆွဲမိကိုး”
ဆွဲမိသည် ဆင်းရဲ၏။ သို့တစေ စွာ၏။ ကြက်ခေါင်းဆိတ်မခံ။ ကိုယ်ကျင့်တရား ကောင်းသည်။
“ဆွဲမိ ဘာဖြစ်တာလဲ”
“ဘာဖြစ်ရမလဲ ရီးကျီးဒန်ရဲ့”
ဒေါသသည် ရီးကျီးဒန် ဘက်သို့ လှည့်လာ၏။ သို့သော် ရီးကျီးဒန် သည်းခံပါသည်။ ခွင့်လွှတ်ပါသည်။ ကျီးအာသီးကို ပတ္တမြားလုံးကြီး ထင်နေသည့် အရွယ်မဟုတ်လား။
“မိန်းကလေးရယ် အရီး လာတာက အရီးသမီးကို ဆုံးမရအောင်၊ ဖျန်ဖြေရအောင်လာတာပါ”
ဆွဲမိသည် တင်တစ်ခြမ်းပေါ် ဆွဲတင်ထားသော ထဘီစကို လျှောချလိုက်၏။ မည်းနက်သော ချေးကြောင်းတွေ အရစ်ထနေသော ဒူးခေါက်ခွက်လည်း ပုန်းကွယ်သွား၏။
“ကျုပ်တို့ ထန်းပင်တွေပေါ့တော်။ ကျုပ်တို့ကလည်း ထန်းလက်နဲ့ ထန်းလျှော် အသုံးလိုလို့ သွားတော့ ငုံးငုံးတိုနေပြီ။ သူတို့ ချိုင်မယ်ဆိုလည်း စောစောက ကြိုပြီးအသိပေးထားရင် ကျုပ်တို့ အလုပ်ပျက်ခံပြီး မသွားပါဘူး။ အခုတော့ သူတို့ ကြိုမပြောလို့ ချိုင်မယ့်လူ ငှားရတယ်။ မချိုင်ဖြစ်တော့ တောင်းပန် လွှတ်ရတယ်။ အဲဒါကြောင့် ဒါလောက်တော့ အသိပေးဖို့ ကောင်းတဲ့အကြောင်း လာပြောတော့”
“အင်း အင်း၊ သူက ဘာပြန်ပြောလဲ”
“ပြောနိုင်ဘူးတဲ့၊ ကိုယ့်လယ်ထဲမှာ ရှိနေတဲ့ ထန်းပင်။ ကိုယ် ချိုင်ချင် ချိုင်မယ်၊ လှဲပစ်ချင် လှဲပစ်မယ် ဘာဖြစ်လဲတဲ့။ ကဲ ကောင်းသလား”
“ဟုတ်တယ်လေ ကိုယ့်လယ်ထဲ ရှိနေတာ ဘယ်သူ့ဆီ သံတော်ဦးတင်ရဦးမှာလဲ ဟင်”
မချောစိန်သည် အိမ်ပေါ်မှ ဆင်းလာကာ ပြောရင်း ဆိုရင်း ဝိုင်းဝရောက်လာလေသည်။
ရီးကျီးဒန် မချောစိန်ကို တစ်ချက်စိုက်ကြည့်လိုက်သည်။ မချောစိန်မှာ မိခင်၏ အကြည့်ကို နားမလည် သဘောမပေါက်။
“တော် စကားပြောတာ ကြည့်ပြောနော်”
“ကြည့်ပြောတာပဲ”
“သွားစမ်း သွားစမ်း”
ရီးကျီးဒန် မချောစိန်ကို တွန်းလွှတ်သည်။ ဆွဲမိ ဘက်သို့ လှည့်၍လည်း တောင်းပန်သည်။
“ဆွဲမိ ပြန်တော့နော်၊ ဒီကောင်မ မသိလို့ ပြောတာပါ။ အရီး သူ သဘောပေါက်အောင် ရှင်းပြမယ်၊ ဆုံးမမယ် ဟုတ်လား”
ဆွဲမိ ခေါင်းညိတ်၍မှ မပြီးသေး၊ မချောစိန် ရှေ့တိုးလာ၏။
“အမေက ဘာပြုလို့ တောင်းပန်နေရတာလဲ”
“ငါ ဖိနပ်နဲ့ ပါးရိုက်လိုက်ရ.. တယ်”
ဒါပဲပြောပါသည်။ ရှေ့မဆက်ပါ။
ရှေ့မဆက်ခြင်းမှာ ရိုက်မည်ရွယ်ရန်အတွက် ဖိနပ်ကုန်းချွတ်လိုက်သောကြောင့် ဖြစ်သည်။ သို့သော် ရီးကျီးဒန် ခြေထောက်တွင် ဖိနပ်မပါ။ ကလေးတွေ ဝါးခနဲ ဝိုင်းရယ်ကြသည်။ ခပ်လှမ်းလှမ်းမှ အကဲခတ်နေသူများလည်း ရီးကျီးဒန် အမှားကို ပြုံးနေကြသည်။
“တောင်းပန်သင့်လို့ တောင်းပန်ရတာပေါ့ဟဲ့။ ဒီ ထန်းပင်တွေကို ဘယ်သူ စိုက်သလဲ နင်သိလား၊ ဘယ်သူ ပိုင်သလဲ အဲဒါကော သိလား”
ထိုသို့ မေးလိုက်သည့်အတွက် မချောစိန် ဝေတေတေ ဖြစ်သွား၏။ ရီးကျီးဒန်ကို ပြန်ကြည့်နေ၏။
“ငါ့ကို ငရဲကြီးအောင် မလုပ်နဲ့၊ သွား အိမ်ထဲကို သွား၊ ငါလာခဲ့မယ်။ ရှင်းလည်း ပြမယ်”
သည်တစ်ခါ တွန်းလွှတ်သောအခါတွင်မူ မချောစိန် ပေတေတေ ကတ်တတ်တတ် လုပ်မနေတော့ပါ။ အိမ်ဘက်သို့ တုံ့နှေးစွာ လျှောက်သွားသဖြင့် ရီးကျီးဒန်သည် ဆွဲမိကို ထပ်မံတောင်းပန်ကာ သမီးနောက်သို့ လိုက်ပါလာခဲ့၏။
“အမေကြီး”
မြေးတို့သည် အိမ်ရှေ့ကွပ်ပျစ်ပေါ်မှ ကွက်ကြည့် ကွက်ကြည့် လုပ်နေခဲ့ကြရာ သူတို့ အနားသို့ ရီးကျီးဒန် ရောက်လာသည့်အတွက် ဝမ်းသာအားရ ဆီးကြိုကြ ၏။ မချောစိန်တို့ အိမ်မှာ မြေစိုက်လေးပင်တဲကြီး ဖြစ်သည်။ တဲထဲတွင် အိုးလုပ်လက်စတွေ တိုက်သွင်းရန် အသင့်ဖြစ်နေသော အိုးတွေနှင့် ရှုပ်ပွနေလိမ့်မည်။ သို့ကြောင့် ရီးကျီးဒန်က ကွပ်ပျစ်ပေါ်မှာပင် မြေးများ၏ ဘေး၌ ဝင်ထိုင်လိုက်သည်။ မြေးမိန်းကလေးများ ထဲတွင် အကြီးဆုံးဖြစ်သော ခင်ခင်ကြီးသည် အငယ်ဆုံးမောင်ကလေး မောင်ထွေးကို ထမင်းခွံ့နေရာမှ ဘွားအေ ထိုင်ရန် တစ်ဖက်သို့ တိမ်းပေး၏။ မောင်ထွေးက ဘွားအေကို လာဖက်၏။ သူ့ပါးစပ်တွင် ပဲကြီးဟင်း ခြောက်ခြောက်ချက် (ဆီပြန်) များ ပေနေရာ မိမိကြီးက လှမ်းဆွဲယူထား၏။
“ဟဲ့ ငတက်ပြားမ”
နို့ညှာမ မိမိထွေးကို ရီးကျီးဒန် ပေးထားသော အနွတ္တအမည် ဖြစ်ပေ၏။ မိမိထွေးသည် ပဲကြီးဟင်း ပေနေသော လက်ငါးချောင်းကို လျှာဖြင့် လျက်နေရာမှ မျက်လုံး ပေကလပ်ပေကလပ်ဖြင့် မော့ကြည့်၏။
“နန်းတိုင်နားမှာ အမေကြီးဆေးလိပ်ရှိတယ်၊ သွားယူပေးစမ်း”
သည်လိုတော့လည်း ငတက်ပြားမသည် ဖင်ပေါ့၏။ ဂျီရိပတ္တများမနေဘဲ ကွပ်ပျစ်ပေါ်မှ ခုန်ချ၏။ ထိုအခါ ရီးကျီးဒန်က ထပ်မှာ၏။
“ကောင်းကောင်း ကိုင်ခဲ့နော်၊ အခေါင်းထွက်ပြီး ‘ကာ’ ကုန်ရင် ပေါင်တွင်းကြော အပြတ်ပဲ”
သည်နောက် တဲတွင်းသို့ လှမ်းကြည့်လိုက်ရာ ဖင်ထိုင်ခုံတစ်ခုဖြင့် ထရံကွယ်အဝတွင် ထိုင်နေသော မချောစိန်ကို မြင်ရ၏။
“ဆွဲမိနဲ့ ညည်းနဲ့ ဖြစ်တဲ့ကိစ္စမှာ ညည်းအလွန်၊ ညည်းအမှား”
“တော်”
မျက်လုံးပြူးကြီးဖြင့် မော့ကြည့်လိုက်သော မချောစိန်၏ ‘တော်’ မှာ ဘာဖြစ်လို့လဲ အမေ ဟူသော အမေးကို ဆောင်၏။
“ညည်းယောက်ျား ထွန်းရကလည်း ဘာမှမပြောဘူးလား”
“ဘာပြောရမလဲ အမေရ”
“အဲဒီထန်းပင်တွေပေါ့ဟဲ့ အနာမရဲ့”
“ဟင့်အင်း မပြောပါဘူး”
“ညည့်ယောက္ခမတွေကတော့ ပြောဖို့ကောင်းပါတယ်အေ”
ဆွဲမိနှင့် စကားများစေသော ထန်းပင်များမှာ မများလှပေ။ ဟိုတစ်ပင် သည်တစ်ပင် စုပေါင်းလိုက်ပါမှ ခြောက်ပင်သာ ရှိသည်။ ထိုခြောက်ပင်သည် ကိုထွန်းရ၊ မချောစိန်တို့၏ လယ်ပွဲထဲတွင် ရှိနေ၏။ သို့သော် ထိုလယ်ပွဲ ရာဇဝင်ကို ကိုထွန်းရလည်း သိပ် မသိ။ မချောစိန်မူ ဝေးစွ ခြောက်ပါး။
ကိုထွန်းရနှင့် မချောစိန်တို့ မင်္ဂလာဆောင်တွင် ကိုထွန်းရမိဘများက လက်ဖွဲ့သော မများလှသည့် လယ်ကလေး တစ်ဧက။ သို့တစ်ဧကပေမဲ့ ရာဇဝင် ရှိသည့် ထန်းပင်ခြောက်ပင် ပါလာသော တစ်ဧက။
“အမေကြီး ရော့”
ငတက်ပြားမ ပြန်ရောက်လာကာ ပြောင်းဖူးဖက်ဆေးလိပ် တစ်ဝက်ကျော်ကို လှမ်းပေးသည်။ အလွန် သောက်ကောင်းသည့်အနေအထားမို့ အခေါင်းမထွက်စေရန် မှာလိုက်သည်။ မှာလိုက်ခါမှ အခေါင်းထွက်လာသောကြောင့်လည်း ခပ်လှမ်းလှမ်းမှ ပေးခြင်းဖြစ်၏။ ရီးကျီးဒန် ဆေးလိပ်ကို ငုံ့မကြည့်အား။ မချောစိန် လှမ်းပေးသော မီးခတ်ဖြင့် ညှိရင်း စကားကို ဆက်သည်။
“ဒီထန်းပင်တွေပါတဲ့ လယ်ပွဲဟာ ညည်းတို့ လက်ထဲရောက်လာတာ ခြောက်နှစ်ကျော် ခုနစ်နှစ် ရှိပြီပဲ။ ညည်းမသိတာကတော့ ညည်း အသုံးမကျလို့ ပဲ။ မေးရ စမ်းရတယ်ဟဲ့”
လယ်ထဲတွင် ထန်းပင်တွေ ရှုပ်နေသည် ထင်သော်ငြား လှဲဖြိုပစ်ရန် မချောစိန် မတိုက်တွန်းမိ။ သို့ကြောင့် စကားမစပ်မိ၍ မသိ။
“အဲဒီထန်းပင်က ထခိုင်တွေ ထလက်တွေကို ညည်းတို့ အမြဲပဲ ချိုင်ယူသလား”
မချောစိန် ခဏတော့ စဉ်းစားကြည့်သေး၏။ စဉ်းစားပေမဲ့ အဖြေမှာ ‘မသိ’ ဟူ၍သာ ဖြစ်၏။
“အဲဒီလယ်ကို ထွန်းရအဘိုးများ လက်ထက်ကတည်းက သူများဆီ အပေါင်ခံခဲ့ကြတာအေ့။ မူရင်း ပိုင်ရှင်ကတော့ အမေလည်း မသိဘူး။ ထွန်းရအဘိုးရဲ့ အဖေများလည်း ရှိလို့တော့ မဟုတ်ဘူး။ ခဏတစ်ဖြုတ် ဆိုပြီး အပေါင်ခံရင်းက တစ်နှစ် လုပ်စားမိတော့ ရေမိုးမှန်တာနဲ့ ကြုံသွားတာကိုး။ နှမ်းကလည်းရ၊ စပါးကလည်းရနဲ့ ထုတ်ချေးထားတဲ့ ငွေတောင် ကျေသလောက်ဖြစ်သွားသတဲ့”
“အမေ့ ဘယ်သူပြောလဲဟင်”
“လူပြော သူပြောပေါ့အေ။ ဒါနဲ့ မူလပိုင်ရှင်ကလည်း တစ်နှစ်ကြာလို့လည်း မရွေးနိုင်၊ နှစ်နှစ်ကြာလို့လည်း မရွေးနိုင်ဖြစ်ပြန်တော့ အတိုးလည်း တက်လာ ပြန်တာပေါ့။ အဲဒီလို တစ်ဖက်လူမှာ ငွေကြေး မချောင်လည်တာ အကြောင်းပြုပြီး ခင်ဗျားတို့ အခုလို ပေါင်ထားတာ အတိုးတက်တာနဲ့ နစ်နာလှပါပြီ။ ဒါကြောင့် ရောင်းပါလို့ သွားပြောသတဲ့”
အငယ်ကလေး တစ်စုံတစ်ရာ ပူဆာနေသည်။ သို့သော် အကြီးမသည် အမေနှင့် အမေကြီးတို့ စကားကောင်းကောင်းပြောနိုင်စေရန် ကလေးကို ချော့ခေါ်ကာ လွတ်ရာသို့ ထွက်သွားသည်။
“ဟိုကလည်း ဘိုးဘွားအမွေဆိုတော့ ကိစ္စပြတ် မလုပ်ရဲဘူးပေါ့။ ဒါကြောင့် မရောင်းဘူးဆိုတော့ ဒါဖြင့် ငွေထပ်ယူပြီး စာချုပ်အသစ် ပြန်ချုပ်ပါဆိုပြီး အတိုးအရင်းပေါင်းရယ်၊ ‘ထပ်ငွေ’ ရယ် ပေါင်းပြီး စာချုပ်အသစ် ချုပ်ပြန်တာပေါ့”
“ထပ်ငွေ ဟုတ်လားအမေ”
“ဒါပေါ့အေ၊ ထပ်ပြီးပေးတဲ့ ငွေဟာ ထပ်ငွေပေါ့”
“ကျုပ်ကြားဖူးတဲ့ ထပ်ငွေဆိုတာ ထပ်ပြီးယူတာ ဆိုပါတော့။ ဟိုဘက်ရွာက အဘသိန်းတို့၊ အဘဦးတို့ ထပ်ငွေရလာပြန်ပြီ ဆိုတာလေ။ ကျုပ်ငယ်ငယ်တုန်းက အမေတို့ပဲ ပြောတာကော”
ရီးကျီးဒန် ပြုံးလိုက်ရပါသည်။
“ကောင်မ၊ ဒါတော့လည်း မှတ်မိသားပဲ။ ဒါလည်း မထူးပါဘူးအေ။ ရီးသိန်းတို့၊ ရီးဦးတို့ မိဘများက တစ်ချိန်က ‘ရည်တတ်’ ခဲ့သတဲ့”
“ဘယ်သူကကော မရယ်တတ်လို့လဲ အမေရယ်”
“ကြေးရည်တတ်၊ လူရည်တတ် ဆိုတာ လူချမ်းသာကို ပြောတာဟဲ့။ အဲ သူတို့ လက်ထက်ကျတော့ လယ်တွေကို ပေါင်ရတော့တာပေါ့။ နောက်ဆုံး ပေါင်စရာ လယ်တွေကုန်တဲ့အခါမှာ သူတို့ရဲ့လယ်တွေ အပေါင်ခံထားတဲ့ လူတွေဆီသွားပြီး ‘ထပ်ငွေ’ တောင်း ပြန်တာပေါ့ ။ ငါးရာနဲ့ ပေါင်တဲ့လယ်အတွက် တစ်ရာ ထပ်ပြီးပေးရင် ခြောက်ရာ ဖြစ်သွားတာပေါ့အေ။ ညည်းပြောတဲ့ ထပ်ငွေက အဲဒါ မဟုတ်လား”
မချောစိန် ခေါင်းညိတ်ပြသော်လည်း မေးစရာ မကုန်သေး။
“ထပ်ငွေ မပေးဘူး ဆိုပါတော့ အမေရယ်၊ ဘာလုပ်မလဲဟင်”
“အဲဒီလယ်ကို လိုချင်တဲ့လူ ဘယ်သူ ရှိသလဲ လိုက်ရှာတာပေါ့အေ။ နောက်ယူမယ့် လူက ရွေးရမယ့် ငွေထက်ပိုပေးရင် ရွေးပြီး ပြန်ပေါင်ပြန်တာပေါ့။ ပိုတာ ကလေးထိုင်ပြီး စားပြန်တာပေါ့”
“ဪ ဩော်”
“ဒါနဲ့ ထွန်းရအဘိုးများ လက်ထက်ကျတော့ ထွန်းရအဘိုး အလိုသာ ဆိုရင် လယ်ကို ရောင်းပစ်မှာ။ လူက ယစ်ထုပ်ကိုး။ ဒါပေမဲ့ အပေါင်စာချုပ်တွေ၊ ဂရန်တွေကို အမယ်ကြီးက လုံအောင်သိမ်းထားတော့ လယ်ကို မပေါင်သာ မရောင်းသာဘူး။ လယ်ပေါင်တာ၊ ရောင်းတာက ဂရန်ပါမှဖြစ်တာကိုးအေ့။ အဲဒါကြောင့် အသိသက်သေနဲ့ စာချုပ် ချုပ်ရင် ဖြစ်တဲ့ အလုပ်၊ ဂရန်တွေ ဘာတွေ မပါဘဲနဲ့ ဖြစ်တဲ့အလုပ်ကို လုပ်တော့တာပေါ့”
“ဘာအလုပ်လဲ အမေ”
“အဲဒီ လယ်ပွဲထဲက ထန်းပင်တွေကို ရောင်းစားခဲ့တာပေါ့အေ။ တစ်ပင်ကို တစ်ကျပ်ခွဲဆိုလား နှစ်ကျပ် မတ်တင်းနဲ့ဆိုလား”
“ဟင်...”
“မဟင်နဲ့ မကြီးစာ၊ အဲဒီ ထွန်းရအဘိုးများ လက်ထက်တုန်းက ပုဆိုးတစ်ထည်မှ သုံးမူး။ ထားပါတော့အေ ပြားလေးဆယ်”
“ဟယ်”
“ထန်းရည် တစ်မြူမှ နှစ်ပြားဆိုတော့လည်း ထန်းပင် တစ်ပင် တစ်ကျပ်ခွဲပဲထား၊ ခြောက်ပင်ကို ကိုးကျပ်ဆိုတော့ သောက်ပါလေ့အေ။ အဲဒီလိုနဲ့ပဲ လယ်ကိုတော့ ကိုယ်ပိုင်ပြီး လယ်ထဲက ထန်းပင်ကို သူများ ပိုင်ခဲ့တာကလား”
ဤအချက်ကို မချောစိန် သဘောမပေါက်ပေ။ သဘောမပေါက်သည့် အလျောက်လည်း မအီမလည် ဆိုမိ၏။
“ကျုပ်တော့ သဘောမပေါက်ပါဘူးတော်၊ ဒီမြေကို ဝယ်နိုင်မှ ဒီမြေထဲက သစ်ပင်ကို ပိုင်မှာပေါ့။ ဒီ မြေထဲက သစ်ပင်ကို ကွက်ပြီး ဝယ်တယ် ဆိုတော့”
မချောစိန် စကားပြတ်သွားသော်ငြား ရီးကျီးဒန် ဆေးအဖွာမပျက်၊ စကားအဆက်ကို စောင့်နေသည်။
“ကဲ အမေရယ် အဲဒီထန်းပင်က ထန်းသီးတွေ မှည့်လို့ ကြွေကျရော ဆိုပါတော့ လယ်ရှင်က မရဘူးလား”
“မရဘူး”
“ဟင်”
“မဟင်နဲ့ အေရဲ့၊ ဒါဟာ ထုံးစံပဲ။ လယ်ရှင်ကလည်း ဪ... ဒီထန်းပင်ဟာ ငါမပိုင်ပါလားလို့ သိထားတဲ့ အတွက် သူ့လယ်ထဲကို ကြွေကျလာတဲ့ ထန်းသီးမှည့်ကို ဘယ်လောက်မှ အဖိုးမတန်ပေမဲ့ မယူဘူး။ လယ်ထဲက ကောက်ပြီး ထန်းပင်ရင်းမှာ ပုံထားတာ”
“ကိုယ်မပိုင်တဲ့ အပင်က ထန်းလက်ခြောက်တွေ ကိုယ့်လယ်ထဲကျတော့၊ အောက်က အပင်တွေ ပျက်မကုန်ဘူးလား အမေ”
“ပျက်တယ်လေ၊ ပျက်ပေမယ့် ဒီထန်းပင်တွေဟာ ကိုယ့်ပယောဂကြောင့်ပဲ သူများက ပိုင်သွားတယ်။ ဒါကြောင့် ဒါကို အထူးအထွေ ပြောမနေကြတော့ဘူး”
“ဒီလိုဆို အဲဒီထန်းပင်တွေ ကျုပ်တို့နဲ့ မဆိုင်ဘူးပေါ့”
ရီးကျီးဒန် လက်ဝါးဖြင့် ရွယ်လိုက်သည်။
“ဟယ် ကောင်မ၊ ထန်းလက်ခြောက်ကလေးတောင် မဆိုင်ပါဘူး ဆိုနေမှဟာကို”
“ဒါပေမဲ့ အမေရယ် ထန်းလက်ခြောက်ကိုတော့ ကျုပ်တို့ အမြဲတမ်း ယူပြီး မီးစိုက်နေကြတာပဲဟာကို”
မချောစိန်က ခေါင်းကလေးပုထားရာက တဖြည်းဖြည်း ရှည်လာရင်း စောဒကတက်ပေသည်။
“အဲဒါက စည်းပေါက်တာ၊ သစ္စာပျက်တာအေ့၊ တို့အဖေများလက်ထက် အထိကိုပဲ စည်းကမ်းကြီးခဲ့သေးတယ်။ သစ္စာကြီးခဲ့သေးတယ်။ ဒါကြောင့်လည်း မြေပေါ်က သစ်ပင်ကို ရောင်းလည်း ဝယ်၊ ပေါင်လည်း အပေါင်ခံခဲ့တာပေါ့”
မချောစိန် ခေါင်းညိတ်နေမိ၏။
“ညည်းတို့လိုသာ စိတ်မျိုး မွေးကြမယ်ဆိုရင် သူများမြေပေါ်မှာ ရှိနေမယ့် သစ်ပင်ကို ဘယ်သူက အပေါင်ခံမှာလဲ၊ ဘယ်သူက ဝယ်မှာလဲ။ ဒါပေမဲ့ ပိုင်ရှင်ကလည်း မရိုင်းပါဘူး။ သူ့သစ်ပင် ရှိနေတဲ့ မြေကွက်ပိုင်ရှင်ကိုလည်း ထန်းဆိုရင် လိုတဲ့အခါ ချိုင်ယူပါ၊ သရက်ဖြင့်လည်း ခူးစားပါ ပြောပါတယ်၊ ပေးပါတယ်”
“ဪ ဪ”
“ညည့်ယောက်ျား ထွန်းရလည်း ဒီလက်ဖွဲ့ လယ်ပွဲထဲက ထန်းပင်တွေကို ဆွဲမိတို့ပိုင်တယ်ဆိုတာ သိခဲ့ပါလိမ့်မယ်။ ဒါကြောင့်လည်း ထန်းရွက် အသုံးလိုတဲ့အခါမှာ ဆွဲမိတို့ဆီမှာ ခွင့်တောင်းပြီး ချိုင်ယူတာပဲ။ ဒါပေမဲ့ ဒီတစ်ခါမှာတော့ သူလည်း ပြောဖို့ မေ့သွားတာလား ဘာလား တစ်ခုခုပဲ”
“ကျုပ်ကတော့ သိပါဘူး အမေရာ”
“ထွန်းရ မပြောမိတဲ့ အချိန်ကျမှပဲ တိုက်တိုက်ဆိုင်ဆိုင် ဆွဲမိတို့ကလည်း ထန်းပင်တက်မယ့်လူ ငှားပြီး သွားချိုင်သတဲ့။ ညည်းပဲ ကိုယ်ချင်းစာကြည့်ပေါ့။ သူတို့မှာ လူလည်း ငှားသွားရသေးတယ်။ ချိုင်စရာ မရှိလို့ တောင်းပန်လည်း လွှတ်ရသေးတယ်။ ညည်းကလည်း မထော်မလှမ်း ပြောလွှတ်တယ် ဆိုတော့”
“မသိလို့ပါ အမေရယ်၊ ခုတော့ သိပါပြီ။ ဆွဲမိကိုလည်း တောင်းပန်ပါ့မယ်”
ထန်းရွက်အမိုးသည် ကြွက်ပေါသည်မှအပ နွေရာသီတွင် အေး၏။ ထန်းလက်ဝမ်းသားလျှော်၊ ကျောသား လျှော်နှင့် စောင်းသားလျှော်တို့သည် တုပ်နှောင်ရာတွင် အသုံးဝင်သည်နှင့်အမျှ ခိုင်လည်း ခိုင်ခံ့၏။ ထန်းလက် ဝမ်းတွင်းသား ဖြစ်သော ထန်းအူလျှော်လည်း ‘ကြက်ချေးစု’ လိမ်ရန် ကောင်းသည်သာ။ တစ်ပင်လုံးတွင် ပစ်စရာ မရှိသလောက် အသုံးဝင်သော ထန်းပင်မျှသာ မဟုတ်။ တစ်နှစ်တစ်ခါ သီးရန် မသေချာသော သရက်။ တစ်ဖန် သီးသော်လည်း လူကြိုက်သော အသီး ဖြစ်ချင်မှ ဖြစ်သော သရက်စသည် တို့မှာလည်း အပင်တည်သော မြေကို ပိုင်သူက တခြား၊ အပင်ကို ပိုင်သူက တခြား ရှိတတ်၏။
ဤဓလေ့ကို နမော်နမဲ့ သဘောထားမိသော မချောစိန်တို့အရွယ်များကြားတွင် မဖြစ်သင့်သော မပြေလည်မှုများ ပေါ်ပေါက်လာရသည်။ သို့သော် သိမှီနားလည်သော ရီးကျီးဒန်တို့ အရွယ်တွေ ရှိကြသေးသည့်အတွက် ချစ်စရာကောင်းသော ဓလေ့၊ မြတ်နိုးဖွယ်ဖြစ်သော စည်းစောင့်မှုကလေးတစ်ခုမှာ မှေးမှိန်ရာမှ ပြန်လည် လှပလာခဲ့ရပေပြီ။ ဤသို့ဖြင့် လက်ဖွဲ့လယ်ပွဲမှ ထန်းခြောက်ပင် အရေးသည် ဖြေရှင်းခဲ့ရ၏။
“နောက်ကို နမော်နမဲ့ မနေနဲ့အေ့။ ထွန်းရကိုလည်း မေး၊ သူ့မိဘကိုလည်း မေး၊ ငါ့ကိုလည်း မေး။ တော်ကြာ ရွာထဲမှာ ညည်းတို့ လူကြီးဖြစ်လာတော့မှ ဘာမှမသိရင်...”
“ဟုတ်ကဲ့ အမေ၊ ကျုပ် နောက်ကို မေးပါ့မယ်”
ရီးကျီးဒန် ပြန်ရန် ဟန်ပြင်လျှင် မချောစိန်လည်း ထရပ်ကာ ဝိုင်းဝသို့ ရောက်အောင် လိုက်လာပြီးမှ အကြီးမ ခေါ်သံကြားရ၍ လှည့်ပြန်သွား၏။
နွားများသည် ရီးကျီးဒန်ကို မျှော်စောင့်နေကြ၏။ နားရွက်စွင့်ကာ၊ ခေါင်းထောင်ကာ၊ မျက်လုံးပြူးကာ ကြည့်နေကြ၏။ သူတို့အတွက် ကောက်ရိုးစဉ်း၍ မပြီးသေး၊ စဉ်းရဦးမည်။ နန်းတိုင်ဘေးတွင် ထိုင်ရန် ဟန်ပြင်ဆဲ ကျီးအာသံများ ကြားရ၏။ အသံလာရာသို့ မော့ကြည့်သောအခါ ကုက္ကိုပင်ထက်ရှိ ကျီးအာသီးများကို ထိုးဆွနေသော ကျီးကန်းများ။ အပြင်ပန်း လှရွဲသလောက် အတွင်းသား မှောင်မည်းသော ကျီးအာသီးကို မလှမပတွေ့ရ၏။ အချို့လည်း မြေပေါ်တွင် မလှမပ ပေါက်ကွဲကာ ပြန့်ကြဲနေကြ၏။ သို့သော် ရီးကျီးဒန်သည် ကျီးများကို ‘ရွှေး’ ခနဲ ‘ရွှေး’ ခနဲ အော်ဟစ်ရင်း လက်ယမ်းဝှေ့၍ မောင်းနှင်ပစ်နေမိလေ၏။
▢ ဆင်ဖြူကျွန်းအောင်သိန်း
📖 ကိုဆေးရိုး ပေါင်းချုပ်
No comments:
Post a Comment