❝ ကံကောင်းတယ်လို့ ဆိုကြလား ❞
( ခင်သန္တာ )
မိန်းမတစ်ယောက်ရဲ့ ကံ ကောင်း မကောင်းကို အိမ်ထောင်ရေးနဲ့ တိုင်းတာလေ့ရှိကြတယ် ။ အိမ်ထောင်ရေး ကံကောင်းတဲ့ မိန်းမဆိုတာကိုလည်း ပစ္စည်းဥစ္စာ ငွေကြေးပိုင်ဆိုင်မှုနဲ့ မတိုင်းတာကြဘဲ လင်ယောက်ျားရဲ့ အလေးထား ဂရုစိုက်မှု အပေါ်မှာပဲ မူတည်ပြီး ပြောလေ့ ရှိကြပြန်တယ် ။ လင်ယောက်ျား ဂရုစိုက်ခံရတဲ့ မိန်းမကို ကံကောင်းတယ်လို့ ပြောကြတာပေါ့ ။ အထူးသဖြင့် မြန်မာ့ အိမ်ထောင်မှုနယ်ပယ်မှာပေါ့ ။ ဒီလိုဆိုရင်ဖြင့် ကျွန်မကို အိမ်ထောင်ရေး ကံကောင်းတဲ့ မိန်းမလို့ ပြောလို့ရတယ် ။ ကျွန်မရဲ့ အမျိုးသားက ကျွန်မကို ဂရုစိုက်ပေးတတ်လို့ ပါပဲ ။ သူ က ဘယ်သူကို မဆို ဂရုစိုက်ပေးတတ်တာ ဆိုတော့ လူပီသတဲ့ စိတ် ရှိသူရယ်လို့ ကျေနပ်ဂုဏ်ယူရပြန်တယ် ။ ကိုယ့်ကို ဂရုစိုက်ပေးတာကို လူတိုင်းကျေနပ် ကြတာကိုး ။ဒါပေမယ့် လိုတာထက် ပိုပြီး ဂရုစိုက် ခံရတဲ့ လူတစ်ယောက် ဖြစ်နေတယ် ဆိုရင် အမြဲ ကျေနပ်နိုင်ကြပါ့ဦးမလားဆိုတာ နည်းနည်းလောက် ပြောကြည့်ရအောင် ။
ကျွန်မ အမျိုးသားက သူ့အလုပ် တာဝန်ကျရာ နေပြည်တော်မှာ သွားနေရတယ် ။ ရန်ကုန်မှာ အားကစားသင်တန်း ဖွင့်ထားတဲ့ ကျွန်မက သမီးလေးနဲ့ အတူ ကျန်ရစ်ခဲ့ကြတယ် ။ သူက နေပြည်တော်မှာ လူပျိုဆောင် နေပြီး နှစ်ပတ်တစ်ကြိမ် ရန်ကုန် ပြန်လာလေ့ရှိတယ် အမျိုးသားနဲ့ အတူနေတဲ့ သူက အရာရှိလူပျိုကြီး ၊ ရာထူးအရ သူ့အောက် တစ်ဆင့် ငယ်တယ် ။ သူတို့ နှစ်ယောက်က တစ်ယောက်တစ်လှည့် ရန်ကုန် ပြန်လေ့ ရှိကြတယ် ။ ရန်ကုန် ပြန်ဖို့ ကားဂိတ်ကို ဆင်းရင် အဲဒီတစ်ပတ် မပြန်ဖြစ်တဲ့ သူက ကားဂိတ်ကို လိုက်ပို့ပေးလေ့ရှိကြတယ် ။ သူတို့ နေတဲ့ အဆောင်နဲ့ ကားဂိတ်က မနီးမဝေးလို့ ပြောလို့ရတယ် ။ လိုက်ပို့ပေးတယ် ဆိုတာလည်း ခြေလျင်လျှောက်ပြီး လိုက်ပို့ပေးကြတာပါ ။
တစ်ခုသော မိုးတွင်းမှာတော့ အရာရှိ လူပျိုကြီး ရန်ကုန် ပြန်တဲ့ အခေါက်ပေါ့ ။ မိုးသည်းထဲမှာ အမျိုးသားက အဲဒီ လူပျိုကြီးကို ထီးဆောင်း ပေးပြီး လိုက်ပို့တယ် ။ သူ့အကျင့်က သူနဲ့ အတူ သွားတဲ့ ဘယ်သူ့ကို မဆို ထီးဆောင်းပေးလေ့ ရှိတယ် ။ ဟိုလူက သူ့အထက် အရာရှိက ထီဆောင်းပေးတာဆိုတာ အားတုံ့အားနာနဲ့ မနေတတ်ဖြစ်နေပြီ ။ ထီးဆောင်းပေးတယ် ဆိုတာထက် ထီးမိုးပေးတာလို့ ပြောရင် ပိုမှန်လိမ့်မယ် ။ ဘာလို့လဲ ဆိုတော့ ထီးဆောင်းပေးတယ်ဆိုတာ ဆောင်းပေးတဲ့ သူရော အဆောင်းခံရတဲ့ သူပါ ထီးအမိုးအောက်ထဲမှာ အတူတူ ရှိနေကြတာ ၊ ထီး မိုးပေးတယ် ဆိုတာကတော့ ထီးကိုင်ထားတဲ့ သူက ထီးနဲ့ အကွာကြီး လွတ်လွတ်ကင်းကင်း ရှိနေတတ်တာလေ ။
အဲဒီလူက လက်ထဲမှာ ခရီးဆောင်အိတ်ကြီး ဆွဲထားသေးတယ် ။ သူ့စိတ်ထဲ အိတ်ကိုပါ လုံအောင် ဆောင်းပေးနေတယ် ထင်ပြီး ခရီးဆောင်အိတ်ကို ပခုံးပေါ်ပြောင်းထမ်းလိုက်ရော ။ ဒါဆို သူတို့ နှစ်ယောက်လုံး ထီးအောက် ဝင်လို့ ရပြီလို့ တွေးမှာပေါ့ ။ အဲဒီလူ အိတ်ကို ပခုံးပေါ်လည်း ပြောင်းထမ်းလိုက်ရော ကျွန်မ အမျိုးသားက အိတ်ပါ လုံအောင်ဆိုပြီး ထီးမိုးထားတဲ့ လက်ကို မြှောက်ပေးလိုက်တော့တယ် ။ အမျိုးသားရဲ့ အရပ်က မြင့်ပြီး ထီးကိုပါ လက်တစ်ဆန့် အကုန် မြှောက်လိုက်တော့ အပေါ် က ကေဘယ်ဓာတ်ကြိုးရဲ့ စက်ကွင်းထဲ ထီးထိပ်ဖူးက ရောက်သွားပါလေရော ။ ဓာတ်လိုက်ပြီး လက်ထဲက ထီးပြုတ်ကျလာမှ ဟိုလူက သိတော့တယ် ။
သူ့ကြောင့် ဖြစ်ရတာ ဆိုပြီး ဟိုလူခမျှာ ဘယ်လုပ်ရမှန်း မသိဘူး ။ နေပြည်တော် မီးက ဓာတ်အားပြည့်ပါဘိနဲ့ မသေတာ ကံကောင်းတယ် ။
တစ်နှစ်လောက် ကြာပြီးမှ ကျွန်မကို ပြန်ပြောပြနေတဲ့ အချိန်မှာ တောင် အဲဒီ လူပျိုကြီးက သူ့မှာ အပြစ်ရှိသလို ခံစားနေရတာ ။ အမျိုးသားက ဘာမှ မဖြစ်ပါဘူး ပြောနေပေမယ့် သူကို ထီးဆောင်းပေးလို့ ဖြစ်ရတာဆိုတဲ့ စိတ်ခံစားမှုကတော့ ရှိနေမှာ ပဲလေ ။ ကျွန်မ ကိုယ်ချင်းစာ ကြည့်လို့ ရတယ် ။ အဲဒီနောက်ပိုင်း ကျွန်မက အမျိုးသားကို သူများတွေကို ထီးဆောင်းပေးတာလည်း ဆောင်းပေးပေါ့ ဓာတ်လိုက်အောင်တော့ မဆောင်းပေးမိပစေနဲ့လို့ သတိပေးရတယ် ။ သူများတွေကိုတောင် ထီးမိုး ပေးနေတာ ဆိုတော့ သူ့ဇနီး ဖြစ်တဲ့ ကျွန်မကိုဆို တွေးသာ ကြည့်တော့ ။
ကျွန်မကို ထီးမိုးပေးနေရင်းက ထီးအောက်မှာ ကျွန်မ နေတဲ့ ပုံစံက သူ့မိတ်ဆွေထဲက ဘယ်သူနဲ့ တူတာတို့ ၊ မိုးပေးထားတဲ့ ထီးအောက်ထဲ ကနေ အဆင်ပြေအောင် မထွက်တတ်ဘူးတို့ ပြောသေးတာ ။ ကျွန်မက ထီးအောက်ထဲက အဆင်မပြေအောင် ဘယ်လိုထွက်နေလို့လဲ မေးတော့ ကျွန်မက ရပ်နေရာကနေ စထွက်တော့မယ်ဆိုရင် သူက ဘယ်ဘက်ခြေလှမ်းဖြစ်မယ်လို့ တွေးပြီး မိုးပေးထားရင် ကျွန်မက ညာဘက်ခြေလှမ်း ထွက်တယ် ၊ ညာလို့ တွေးပြီး ဆောင်းပေးထားရင် ဘယ်ခြေလှမ်းက စထွက်လို့တဲ့ ။ ကျွန်မက အမလေး ကိုယ့်ခြေထောက်ကိုတောင် ဘယ်က အရင် စထွက်မှာလား ၊ ညာက အရင် စထွက်မှာလား သတိမထားမိတာကို ထီးဆောင်းပေးတဲ့ သူက ဘယ်လိုလုပ် တည့်အောင် မှန်းနိုင်မှာလဲလို့ ပြောတော့ ညည်းသာ လူကြီး ဖြစ်ရင် ထီးမိုးပေးတဲ့ သူ အလုပ်ထိခိုက်ပြီတဲ့ ။
သူ ထီးလိုက် မိုးပေးတဲ့ ပြဿာနာက တစ်ခုသော မိုးတွင်းမှာမှ အဆုံးသတ်တော့တယ် ။ ကျွန်မက အားကစားသင်တန်းဖွင့်တာ အပြင် ဝါသနာအရ ၊ ဆောင်းပါးနဲ့ ဝတ္ထုတိုလေးတွေလည်း ရေးသေးတာ ဆိုတော့ အမျိုးသား ပြန်လာတဲ့ နှစ်ပတ် တစ်ခါတိုင်း စာအုပ်တိုက်တွေကို လိုက်ပို့ပေးလေ့ရှိတယ် ။ ကျွန်မ သွားဖြစ်တဲ့ စာအုပ်တိုက်တွေ အများစုက ဘားလမ်းဝန်းကျင် ၊ ၃၇ ၊ ၃၈လမ်းနဲ့ လမ်း၄၀ တစ်ဝိုက်မှာ ရှိကြတာ ။ မြို့ထဲလမ်း တော်တော်များများရဲ့ ပလက်ဖောင်းတွေကလည်း သိကြတဲ့အတိုင်း စလစ်ပါ ပေါ်က ချော်ကျတယ်လို့ ပြောရမယ့် လမ်းတွေ ။ အောက်ခံ ကွန်ကရစ်ပြားတွေက လယ်ကန်သင်းရိုးလောက်ကို စိန်ခေါ်နိုင်ပြီး ၊ လမ်းဘေးဈေးဆိုင်တွေက မိုးထားတဲ့ ထီးလက် အစွန်းတွေကို လွတ်အောင် ရှောင်တတ်ဖို့ ကလည်း လယ်ထဲ ကိုင်းထဲ ဆင်းဖူးထားမှ ရမှာ ။ ဒါပေမဲ့ လယ်ကွင်းထဲမှာ လမ်းလျှောက်သလို နှစ်ယောက်တွဲ သွားဖို့တော့ စိတ် မကူးလေနဲ့ ၊ တစ်ယောက်လှမ်း စနစ်ပဲ ။
အဲဒီလို လမ်းတွေကို လျှောက်ရတာ မိုးရွာတဲ့ အခါဆို ပိုဆိုးတာပေါ့ ဘာထီးမှ ဆောင်းလို့ မရဘူး ။ မိုးရွာလို့ ထီးဖွင့် ဆောင်းမိရင် မိနစ်မဆိုင်းဘူး လမ်းဘေးဈေးဆိုင်တွေရဲ့ အမိုးစွန်းတွေနဲ့ ထိုးမိလို့ မလွတ်တော့ ပြန်ပိတ်လိုက်ရပြီ ၊ ရှင်းသလောက်ရှိလို့ ထုတ်ဆောင်းလည်း ခဏပဲ ၊ ထီးဆောင်းထားပြီး အောက်လည်း ကြည့်လျှောက်ရသေးတာ ၊ အစကတည်းက မညီမညာ ဖြစ်နေတဲ့ ကွန်ကရစ်စောင်းတွေက ရေနူးနေတဲ့ ခြေထောက်နဲ့ ခလုတ်တိုက်မိလို့ ကတော့ အကွဲပဲ ။ ပိုဆိုးတာက ရေစီးသန်တဲ့ မိုးရေနဲ့ အတူ ကြွက်သေကောင်ပုပ်တွေက မျောပါလာပြီး ကွန်ကရစ်ပြားပေါ် တင်ကျန်နေတတ်တော့ တက်များ နင်းလိုက်မိရင် လူက အီလည်လည်နဲ့ ပျို့ချင်အန်ချင်စိတ်တောင် ဖြစ်ရတယ် ။ ကျွန်မ ကတော့ မျောပါလာတတ်တဲ့ ကြွက်သေကောင်တွေကို လျှို့ဝှက်မိုင်းလို့ အမည်ပေးထားတယ် ၊ကျွန်မ ကြောက်လို့လေ ။ ကျွန်မက မိုး သိပ်သည်းနေရင် တစ်နေရာမှာ မိုးဝင်ခိုနေပြီး တော်ရုံ မိုးလောက်ကတော့ အဲဒီ လမ်းတွေပေါ်မှာ ထီးမဆောင်းဘဲ လျှောက်သွားလေ့ ရှိတယ် ။
အမျိုးသားကတော့ သူ့ ထုံးစံအတိုင်း အဲဒီ လမ်းတွေပေါ်မှာပဲ ရအောင် ထီးလိုက်မိုးပေးလေ့ ရှိတယ် ။ တစ်ယောက်ပဲ လျှောက်လို့ ရတဲ့လမ်း ဆိုတော့ သူက အနောက်ကနေ မိုးပေးရတာ ။ အစတုန်းက သူ့ကို အားနာလို့ ထီးအောက်ဝင်လျှောက်ပေးပေမယ့် ထီးကို ပိတ်လိုက် ဖွင့်လိုက် ခဏခဏ လုပ်နေရတော့ ကျွန်မ စိတ်မရှည်ချင်တော့ဘူး ။ တစ်ကယ်လည်း မိုးက လုံတာလည်း မဟုတ်ဘဲနဲ့ ။ အဲဒီတော့ သူ့ကိုလည်း စောင့်ပြီး လျှောက်မနေတော့ဘူး ၊ ရှေ့ ကနေ ကျွန်မ အရင် သွားနှင့် လိုက်တယ် ။ ကျွန်မ ပြောခဲ့တဲ့ တစ်ခုသော မိုးတွင်းရဲ့ တစ်ရက်သော နေ့မှာပေါ့ ။ ကျွန်မက အားကစားသမားလည်း ဖြစ်ပြီး ပေါ့ပါးလွတ်လပ်တဲ့ အဝတ်အစားကို ကြိုက်တော့ စပို့ရှပ်နဲ့ ဖိုးကွာတားလို့ ခေါ်တဲ့ ခြေသလုံးအထက်လောက် ဘောင်းဘီ နဲ့ ပေါ့ ။ အမျိုးသားနဲ့ ကျွန်မက ခုနစ်နစ်လောက်ပဲ ကွာပေမယ့် သူနေတဲ့ ပုံစံက လူကြီးနဲ့ တူတယ် ။ အစိုးရရုံးမှာ လူကြီး လုပ်နေရလို့လည်း ပါမယ်ထင်ပါတယ် ။
ကျွန်မ ရှေ့က သွားနှင့်ရက်နဲ့ သူက ရအောင် ထီးလိုက် မိုးပေးနေတယ် ။ ထီးပိတ်လိုက်ရတဲ့ နေရာတွေဆို သူက ကျွန်မနဲ့ တော်တော်လှမ်းသွားပြီ ။ ထီးဖွင့်လို့ ရပြီ ဆိုရင် အနောက်က ပြေးလိုက်လာပြီး ကျွန်မကို ထီးမိုးပေးပြန်ရော ။ လမ်းမကျယ်ပေါ် ပြန်ရောက်လာတော့ အမျိုးသားက ကျွန်မကို သူက ‘ ညည်းကို နောက်ဆို ထီးအတင်းလိုက်မိုး မပေးတော့ဘူး ’ တဲ့ ။ ကျွန်မက သူ့ကို မစောင့်လို့ ပြောနေတယ် ထင်တာ ။ အနောက်မှာ ကိုယ့်ယောက်ျား ဘာဖြစ်နေမှန်း မသိဘူး ဆိုတော့မှ ‘ ဘာဖြစ်လို့လဲ ပြောပါအုံးလို့ ’ မေးမိတယ် ။ အမျိုးသမီးကြီးတစ်ယောက်က အနောက်ဘက်ကနေ သူ့ခြေသလုံးကို ထီးနဲ့ လိုက်ရိုက်လို့တဲ့ ။ သူက ရပ်ပြီး ပြန်လှည့်ကြည့်ရင် မရိုက်တော့ဘူး ၊ မေးရမှာလဲ အားနာလို့တဲ့ ။ ပုံစံကို ကြည့်ရတာ စိတ်မနှံတဲ့ သူနဲ့လည်း မတူပါဘူးတဲ့ ။ တစ်ခါ ထီးဖွင့် ဆောင်းပြီး ကျွန်မ နောက်ကို လိုက်မိုးပေးရင် သူ့ကို ထီးနဲ့ လှမ်းရိုက်ပြန် ရောတဲ့ ။ ထီးဖွင့် မရတဲ့ နေရာ ရောက်လို့ ပိတ်လိုက်ရင် ဘာမှ မလုပ်တော့ပြန်ဘူးတဲ့ ။
နောက်မှ သဘောပေါက်တာ အမျိုးသားနဲ့ ကျွန်မရဲ့ ပတ်သက်မှုကို အဲဒီ အမျိုးသမီးကြီးက မသိဘဲ မိန်းကလေးတစ်ယောက်ကို ဣန္ဒြေ ပျက်အောင် လိုက်လုပ်နေတယ် ထင်လို့ နေမှာပေါ့တဲ့ ။ ‘ အမျိုးသမီးရေးရာကလား မသိပါဘူးအေ ’ လို့ သူ ပြောတော့မှ ကျွန်မမှာ ရယ်လိုက်ရတာ ။ အဲဒီနောက်ပိုင်းတော့ သူ ထီးမိုးပေးဖို့ ဆင်ခြင်လာတော့တယ် ။ ကျွန်မ အမျိုးသားရဲ့ လူတွေကို ဂရုစိုက်ပေးတတ်တဲ့ နောက်တစ်ချက် ရှိသေးတယ် ။အဲဒါကတော့ အထုပ်တွေကို ကူသယ်ပေးတာပဲ ။ ဘယ်သူနဲ့ သွားသွား ဘယ်အရွယ်ရွယ်တွေနဲ့ အတူ သွားသွား သယ်စရာ အထုပ် ရှိလို့ ကတော့ သူ တစ်ယောက်တည်း သယ်တော့တာ ။ မျှသယ်ကြမယ်လို့လည်း လုပ်လို့ မရဘူး ။ ချစ်စရာ အမူအကျင့်တော့ ဖြစ်ပါရဲ့ ၊ ဒါပေမဲ့ တစ်ဖက်သား အနေရ ခက်အောင် ဂရုစိုက်ပေးတာတော့ သိပ်မကောင်းဘူးလို့ ထင်တယ် ။
သူနဲ့ ကျွန်မ အတူ လမ်းသွားပြီ ဆိုရင်လည်း ရှိသမျှ အထုပ်တွေကို သူ တစ်ယောက်တည်း အကုန်ဆွဲ ၊ အကုန်သယ်တော့တာ ။ တစ်ခါတုန်းကလည်း မှတ်မှတ်ရရ ကျွန်မ ဆောင်းပါးနဲ့ ဝတ္ထုတိုတွေ ပါလာလို့ စာအုပ်တိုက် လေးခုလောက်ကို စာမူခနဲ့ စာအုပ်လက်ဆောင်တွေ သွားထုတ်ကြတယ် ။ သွားရတဲ့ စာအုပ်တိုက်တွေက ဘားလမ်းတစ်ဝိုက် ၊ သမ္မတဟော်တယ်နဲ့ သိမ်ဖြူလမ်းထောင့်နား အထိ သွားကြရတယ် ။ တစ်နေရာနဲ့ တစ်နေရာက လိုင်းကားစီးဖို့သာ နီးတာ လမ်းလျှောက်တာကြတော့ ဝေးပြန်ရော ။ လိုင်းကား စီးတော့လည်း နှစ်မှတ်တိုင်လောက် စီးပြီးရင် ဆင်းရမယ့် နေရာ ရောက်ပြီ ၊ ဒါပေမယ့် ကားဂိတ်နဲ့ စာအုပ်တိုက်က လှမ်းသေးတော့ လမ်းလျှောက်ရတာပါပဲ ။ အဲဒီတော့ လိုင်းကားပေါ် ဆင်းလိုက် တက်လိုက် လုပ်နေရတာမှ အလုပ်ရှုပ်သေးတယ် ဆိုပြီး ကျွန်မတို့ လမ်းပဲ လျှောက်လိုက်ကြတော့တယ် ။
အဲဒီနေ့က ကျွန်မရဲ့ ကွန်ပျူတာ System Unit ကလည်း ပျက်နေ တော့ ပြင်ဖို့ ဆိုပြီး Casing ပုံးကြီးကိုလည်း တစ်ခါတည်း ယူခဲ့ကြတယ် ။သူ ရှိတုန်း ပြင်ထားမှ ကိုယ့်ဘာသာဆို တော်တော်နဲ့ ထွက်ပြင်ဖြစ်မှာ မဟုတ်ဘူး ။ ‘ ကလောင်သွားထက် ’ တယ် ဆိုတာထက် ‘ ကီးဘုတ်ခလုတ် သွက် ’ တယ်လို့ ပြောရမယ့်ခေတ် ဖြစ်နေတော့ ကျွန်မလည်း စာရေးတာကို ကွန်ပျူတာပဲ သုံးဖြစ်နေတော့တယ် ။ဘယ်ဟာက ပိုကောင်းတယ်လို့ ပြောတာ မဟုတ်ပါဘူး ၊ ကိုယ်အားသန်ရာ ကိုယ် သုံးနေကြတာပါ ။ ကျွန်မ အတွက်က အဲဒီလို ဆိုတော့ ပြင်မှ ဖြစ်တော့မှာပေါ့ ။
ကွန်ပျူတာ ပြင်ဆိုင်မှာ Casing ပုံးကို အပ်ထား ၊ ပြီးတော့ အပြန်ကျမှ ဝင်ရွေးမယ် ဆိုပြီး စာအုပ်တိုက်တွေကို ဆက်သွားကြတာပေါ့ ။စာအုပ်တိုက်က အပြန် ကျွန်မ လိုချင်တဲ့ စာအုပ်တစ်ချို့ဝယ်ဖို့ စာအုပ်ဆိုင်တွေကိုလည်း ဝင်ခဲ့ကြသေးတယ် ။ ရန်ကုန်မြို့လယ်ကောင်ရဲ့ သုံးပုံနှစ်ပုံလောက်ကို လမ်းလျှောက်လိုက်ရတော့တာ ။ အဲဒီတော့ လူက တစ်နေကုန် အားကုန်သလောက် ဖြစ်နေကြပြီ ။ ဝယ်လာတဲ့ စာအုပ်ရယ် လက်ဆောင်ရလာတဲ့ စာအုပ်တွေရယ် ပေါင်းလိုက်တော့ စာအုပ်အလေးချိန်ကတင် တော်တော် လေးနေပြီ ။ ကွန်ပျူတာဆိုင် ပြန်မရောက်သေးခင် လမ်းမှာ အမျိုးသားက စာအုပ်ထုပ်ကို ကိုင်ထားတဲ့ အပြင် ကျွန်မ လွယ်ထားတဲ့ ဆလင်းဘက်ကိုပါ တောင်းသေးတာ ။ ကျွန်မက မပေးတော့ အတင်းဖြုတ်ယူပြီး မိန်းမကိုင် ဆလင်းဘက်ကို သူ လွယ်ထားပါလေရော ။
ကွန်ပျူတာဆိုင်က အထွက်ကြတော့ သူက Casing ပုံးကြီးကို ညာပခုံးပေါ်မှာ ထမ်း ၊ ဆလင်းဘက်ကို ဘယ်ပခုံးမှာ လွယ်ထားပြီး လွတ်နေတဲ့ ဘယ်လက်နဲ့ စာအုပ်ထုပ်ကို ကိုင်ထားပါတယ် ။ လက်နှစ်ဖက်နဲ့ ပခုံး နှစ်ဖက်လုံး မအားတဲ့ အခါကျတော့ သူ ကိုင်နေကျ ထီးအရှည်ကြီးကို ခါးပတ်နဲ့ ဘောင်းဘီကြားမှာ ထိုးလိုက်ပါတယ် ။ အဲဒီတော့ သူ လမ်းလျှောက်လိုက်တိုင်း ထီးအရှည်ကြီးက သူ့ ပေါင်နှစ်ချောင်းကြားကနေ ငေါက်တောက် ငေါက်တောက်နဲ့ အရှေ့ကို ထွက်လာပါတော့တယ် ။ ကျွန်မကတော့ ခြေလွတ်လက်လွတ် ဖြစ်နေတာပေါ့ ၊ မြင်ရတာ ဘယ်လိုမှ အဆင်မပြေပါဘူး ။ ကျွန်မက တစ်ချို့ကို ကူသယ်ပေးပါမယ် ဆိုတာကိုလည်း မပေးဘူး ။ ဘာမှ မပေးရင်တောင် ထီးတော့ ဖြုတ်ပေးပါဆိုတာလည်း မရနဲ့ ။ သူနဲ့ အတူ တွဲသွားတဲ့ ကျွန်မကို ဘေးလူတွေက ဘယ်လို မြင်ကြမလဲ ၊ ဒီမိန်းမနှယ် လွတ်လွတ်ခါခါ သူပဲ နေနိုင်လိုက်တာလို့ မြင်ကြမှာပေါ့ ။ အဲဒီလို ပြောတော့ သူက ‘ ညည်း ရှက်ရင် ရှေ့က သွားနှင့်ပေါ့ ’ တဲ့ ။
သူ ပြောသလို ရှေ့က မသွားနှင့်ပေမယ့် သူ့နောက်က ကျွန်မ လိုက်ခဲ့လိုက်တယ် ။ ကျွန်မ စိတ်ထဲ တစ်ကယ် သူ့ကို ကျေးဇူးမတင်တဲ့ အပြင် စိတ်တောင် တိုမိတယ် ။ တက္ကဆီ ငှားဖို့ ကလည်း ကွန်ပျူတာပြင်ဆိုင် ရှိတဲ့ လမ်းက တစ်လမ်းမောင်း ဆိုတော့ ကားငှားရတာ အဆင် မပြေဘူး ။ တားလို့ရတဲ့ ကားတွေကလည်း ညနေစောင်းနေပြီဆိုတော့ ဈေးမတည့်တာနဲ့ ၊ ကားသိမ်းချိန်နီးလို့ မလိုက်ချင် တော့တာနဲ့ ဖြစ်နေကြတယ် ။ အဲဒီလိုနဲ့ ကားငှားလို့ အဆင်အပြေဆုံး ဆူးလေ ဘက်ကို ရောက်လာကြတော့တယ် ။ လက်ရွေးစင် ကဖေးဆိုင် ရှေ့နားလေး တစ်လျှောက်မှာ ညနေဘက်ဆိုရင် လမ်းဘေးဈေးသည်တွေ ပိုများနေတတ်တယ် ။ အဲဒီနေ့ ညနေက အမျိုးသားက ရှေ့က လျှောက်သွားနေရင်းက ကျွန်မကို နောက်လှည့်ကြည့်တယ် ။ သူ လှည့်ရပုံက Casing ပုံးကို ထမ်းထားတော့ ခေါင်းချည်းပဲ လှည့်လို့ မရဘူး ။ ပုံးနဲ့ အတူ လူတစ်ကိုယ်လုံး လှည့်မှ ရတာ ။
ကျွန်မက ဘာလုပ်ချင်လို့လဲလို့ သူ့ကို မေးတော့ လမ်းဘေးမှာ ရောင်းနေတဲ့ နွားနို့အိုးကြီးကို မေးငေါ့ပြပြီး ‘ ပူပူလေး သောက်လိုက်ပါလား ၊ မလိုင်တွေလည်း အများကြီးပဲတဲ့ ’ ။ ကျွန်မလေ စိတ်တိုလွန်းလို့ မျက်ရည်တောင် ဝဲတယ် ။ သူမို့လို့ ပြောထွက်တယ် ။ ဘယ်သူက အဲဒီလို ပုံစံနဲ့ သောက်လို့ ဝင်မှာလဲ ။ သောက်လိုက်မိရင်တောင် ပိုက်ဆံအိတ်က အစ သူ့ဆီမှာပဲရှိတာ ။ ကျွန်မက ‘ မသောက်ပါဘူး ၊ဘာလို့ သောက်ရမှာလဲလို့ ’ ဆိုတာတောင် ‘ ပူပူလေးမလို့ သောက်စေချင်လို့ပါ ၊ ရပ်စောင့်နေပါ့မယ် သောက်လိုက်ပါ ’ လို့ လုပ်နေသေးတာ ။ ကျွန်မနဲ့ သူ့ပုံစံကို ကြည့်ပြီး နွားနို့သည် ကု,လားမကြီးက ဘယ်လို သဘောပေါက်တယ် မသိဘူး ရယ်နေလိုက်တာ အကြာကြီးပဲ ။ အဲဒါကြောင့် ကျွန်မ ပြောတာပေါ့ လူတစ်ယောက်ဟာ လိုတာထက် ပိုပြီး ဂရုစိုက် ခံနေရတယ် ဆိုရင် ကျေနပ်နိုင်ကြပါ့ဦးမလားလို့ ။
▢ ခင်သန္တာ
📖 မဟေသီ မဂ္ဂဇင်း
ဇူလိုင်လ ၊ ၂၀၁၁ ခုနှစ်
No comments:
Post a Comment