❝ အရုဏ်ဦး ၏ အလင်းရောင် ❞
( ဆင်ဖြူကျွန်းအောင်သိန်း )
ဗုံတောင်ခေါက်သံနှင့် မောင်းကြီးသံသည် အိပ်ပျော်နေသော ရမ်းဘိုကုန်းရွာကို ညင်သာစွာ လှုပ်နှိုးလိုက် လေ၏ ။
ရီးဆေးရိုးသည် အတော်ညဉ့်ကြီးနက်မှ အိပ်ရာ ဝင်ခဲ့သော်ငြား ဗုံတောင်ခေါက်သောအခါ နိုးလာခဲ့၏ ။ အသက်ကြီးပြီမို့ အစားသာ မဟုတ် ၊ အအိပ်လည်း ဆုတ်ခဲ့ပြီ ။ သို့ကြောင့်ပင် ထင်သည် ။ တိုတောင်းသော အိပ်ချိန်ကလေး၏ အဆုံးတွင် ရီးဆေးရိုးမှာ လန်းဆန်းစွာ ထထိုင်လိုက်နိုင်သည် ။ ရင်တွင်းမှ ကျပ်လာသဖြင့် ချောင်းတစ်ချက်ဟန့်ကာ သလိပ်ဟက်ပြီး မြေထွေးခံထဲသို့ ထွေးထည့်လိုက်သည် ။
အရုဏ်မကျင်းသေးသဖြင့် အိမ်တွင်းအိမ်ပြင် မှောင်နေဆဲရှိသေး၏ ။ သို့တစေ ရီးဆေးရိုးသည် ရေအိုးရှိရာ မီးဖိုချောင်ထဲသို့ အတိုက်အခိုက် မရှိဘဲ လျှောက်လာနိုင်ကာ ရေအိုးဘေး ကြမ်းပြင်ပေါ်တွင် မျက်နှာသစ်ချလိုက်ပေ၏ ။
“ အင်း သွားမရှိတော့လို့ အစားအစာစားလို့ မကောင်းပေမဲ့ မီးသွေးနဲ့ ဆားနဲ့ သွားတိုက်ရတဲ့ ဒုက္ခတော့ ငြိမ်းသွားပါကလား ၊ ဘုရား ဘုရား ”
ဗုံတောင်ခေါက်သံက ညံသည်ထက် ညံလာသောကြောင့် ရီးဆေးရိုး၏ သည်ရေရွတ်သံကို ရီးကျီးဒန် မကြားလိုက်ချေ ။ ကြားလိုက်ပါမူ မကြီးမငယ်နှင့် မဟုတ်မဟပ်တွေ ပြောဆိုနေသည် ၊ သူငယ်ပြန်နေသည် စသည်ဖြင့် မြည်တွန်တောက်တီး ပြုတန်ရာသည် ။
ရီးဆေးရိုး သည်းမခံနိုင်လျှင် စောစောစီးစီး ရန်ဖြစ်ကြမည် ။ ဗုံတောင်ခေါက်သံနှင့် မောင်းကြီးသံ ကျေးဇူးကြောင့် ယခု ရန်ဖြစ်မည့်အရေးမှ လွတ်ကင်းခဲ့သည် ။ အခြားသူများ နားညည်းချင် ညည်း ၊ မညည်းချင်နေ ရီးဆေးရိုး နားထဲတွင် သည်အသံသည် သာလည်း သာယာ၏ ။ နံနက်စောစောနှင့် လိုက်ဖက်သည် ဟူ၍လည်း ထင်၏ ။
အတီးနှစ်မျိုးချည်း ကြားနေရာမှ အဆိုရော နှဲကြီး ပါ ဖြည့်လိုက်သောအခါ ရီးဆေးရိုးမှာ လက်ထဲမှ ကွမ်းအစ် မီးခြစ်ကြီး လွတ်ကျသည် အထိ အာရုံလွင့်ပါး သွားရလေတော့သည် ။ ကြေးဝါဖြင့် ပြုလုပ်သော ကွမ်းအစ်သဏ္ဌာန် ပုံဝိုင်းမီးခြစ်ဖြစ်သောကြောင့် ကွမ်းအစ်မီးခြစ်ဟု ခေါ်ခြင်းဖြစ်ပေသည် ။
ရီးဆေးရိုးသည် ဆေးလိပ်ကို မီးညှိဖွာရှိုက်ရင်း မှောင်လဟာထဲသို့ ငေးမောကြည့်နေမိ၏ ။ သည်စဉ်တွင် မှောင်လဟာထဲ၌ ဝင်းခနဲ မီးတောက်အမျှင်ကလေးများ တက်လာ၏ ။ မြင်ကွင်းတွင်းမှ အိမ်များ နိုးလာသဖြင့် မီးခွက်ထွန်းကြခြင်းဖြစ်သည် ။ မည်းပိန်းနေသော မှောင်ပြင်ကြီးထဲမှ ပတ္တမြားခဲများ လက်ခနဲ လက်ခနဲ ပေါ်လာပြန်သည် ။ ဤအရာကား တစ်စုံ တစ်ယောက်၏ ဆေးလိပ်မီးပေတည်းဟု ရီးဆေးရိုး သိနေပေသည် ။
ဗုံတောင်ခေါက်သံ ရပ်သွားလျှင် ရွာငယ်သည် ရုတ်တရက် စကားပြောသံများနှင့် တစ်မျိုးညံသွား ပြန်၏ ။ တစ်ရွာလုံးသည် ညီညာစွာ နိုးနေကြပြီဖြစ်၏ ။ ရွာလယ်ဘက်သို့ လှမ်းမျှော်ကြည့်လိုက်လျှင် ထိန်ကြည်နေသော မီးရောင်ကို မြင်ရသည် ။ သည်အရာမှာ ရွာလယ် ဝတ်ကျောင်းတွင် ဘက်ထရီအိုးဖြင့် ထွန်းညှိသော မီးချောင်းအရောင်ဖြစ်သည် ။
ရမ်းဘိုကုန်းသား လူကြီး ၊ လူလတ်နှင့် လူငယ်များသည် ဝါဝင်စကပင် ရွာလယ်ဝတ်ကျောင်းကို ထုံးစံအတိုင်း ပြုပြင်ခဲ့သော်ငြား ဝါဆိုလပြည့်နေ့တစ်ရက်သာ ဟုတ်တိပတ်တိ ပရိတ်ရွတ်ဖြစ် ၊ ဝတ်တက် ဖြစ်ခဲ့သည် ။ သည့်နောက် ရက်များ ဥပုသ်နေ့များတွင် ဗာဟီရကိစ္စများကြောင့် ဝတ်တက်ရန် မဆိုထားဘိ ၊ ဆွမ်းပင် မှန်အောင် မလောင်းနိုင်ခဲ့ကြချေ ။
အဘယ်မှာ လောင်းနိုင်ပါမည်နည်း ။ လယ်သမားက အရုဏ်မလာမီက လယ်ပြင်သို့ ထပြေးရသည့်နည်းတူ လယ်မြေ မရှိသော လယ်ယာလုပ်သားများမှာလည်း မိုးမလင်းမီကပင် လယ်ပြင်သို့ ဆင်းကြရ၏ ။ သူတို့သည် ထမင်းအသစ်ချက်ယူသွားသည် ဆိုလျှင် ဆွမ်းလောင်းရန် ခွဲခပ်ထားနိုင်ခဲ့မည် ။ သို့သော် များသောအားဖြင့် ညကကျန်သော ထမင်းကြမ်းကို ထုပ်ယူသွားသည်က များသဖြင့် တသီးတသန့် ဆွမ်းလောင်းရန် လုပ်မနေနိုင်ကြပေ ။ သို့ဖြင့် လယ်သမားများ အလုပ်ပူသောအချိန်သည် ဝါတွင်း ဖြစ်ကာ ၊ ဝါတွင်း၌ ဆွမ်းနှင့် ဆွမ်းဟင်း ဝတ်ခွက် အရနည်းပါးလေတော့သည် ။ သည်အကြောင်းကို ရွာသူရွာသားများသည် စိတ်မချမ်းသာစွာဖြင့် သိနေခဲ့ကြ၏ ။
လွန်ခဲ့သော တော်သလင်းလထဲတုန်းက ရွာထဲတွင် တုံးလုံးပွဲ တစ်ခု ပေါ်ပေါက်ခဲ့သည် ။ ဤတွင် လူကြီး လူငယ် လူရွယ် လူလတ်များ စကားစပ်မိကြသည် ။
“ သီတင်းကျွတ်ရင် တို့ ဘာလုပ်ကြမလဲ ”
စတင်သူက ရီးဆေးရိုး အောက် လေးငါးနှစ်ငယ်မည့် ရီးဖိုးမှန် တည်း ။ သို့ဖြင့် မရည်မှတ်ဘဲ ဆွေးနွေးပွဲကလေး တစ်ခု ဖြစ်သွားကာ နှစ်ကျိပ်ရှစ်ဆူ လှည့်ပွဲ ကျင်းပရန် ဆုံးဖြတ်မိကြသည် ။
“ သီတင်းကျွတ် လပြည့်နေ့နဲ့ လပြည့်ကျော် တစ်ရက်နေ့မှာ နှစ်စဉ်နှစ်တိုင်း အရုဏ်ဆွမ်းလောင်းတဲ့ အတိုင်း တတ်နိုင်တဲ့လူက တတ်နိုင်သလို လောင်းကြပေါ့ ။ ဝတ်ကျောင်းမှာလည်း ဆွမ်းကပ်ကြ ၊ ပရိတ် တရားနာကြမယ် ”
ဆုံးဖြတ်သည်မှာ ဖျာပေါ်တွင် ထိုင်ပြီး ဆုံးဖြတ်ရ လွယ်ကူသလောက် တကယ် ဆောင်ရွက်ရသော ကလေးတွေမှာကား မသက်သာချေ ။ ဖတ်ဖတ်ဆာတော့သည် ။ လျှာကြီးထွက်တော့သည် ။
ထိုလှည့်ပွဲသို့ ရှားတော ၊ ရုံးပင်ရပ် ၊ ပုရပိုက်တန်း ၊ သရက်ချင် စသော ရွာများမှ အတီးအမှုတ် အကအခုန်များဖြင့် လာရောက်ကူညီကြ၏ ။ ထို့ကြောင့် ရမ်းဘိုကုန်းရွာ၏ နှစ်ကျိပ်ရှစ်ဆူဘုရားပင့်ပွဲသည် ရွာ၏ တစ်သက်တွင် အစည်ကားဆုံးဖြစ်၏ ။ ဒိုးပတ်သံ ၊ အိုးစည်သံ ၊ ဗုံရှည်သံနှင့် စည်တော်သံတို့ တစ်ရွာလုံးကို ဖုံးခြုံနေရာ ဝမ်းသာလွန်းသဖြင့် ရီးဆေးရိုးပင် မျက်ရည်လည်မိရလေ၏ ။ သို့သော် ညဉ့်ဦးပိုင်းတွင် အဆင်မပြေစရာကလေးများ ဖြစ်ချင်သလိုလို အစ ထောင်လာခဲ့သေး၏ ။
“ လူကြီးတွေက ကိုယ်ချင်းမစာဘူး ၊ လော်ပီကာ ထည့်ရင် နားညည်းသလေး ဘာလေးနဲ့ ၊ အခု ဘယ်လောက် ပျင်းဖို့ကောင်းလဲ ”
ရီးဆေးရိုးတို့ ဝတ်တက်ရန် ပြင်ဆင်နေသော ဝတ်ကျောင်းသို့ ‘ ခပ်ထိုထို ’ လူငယ်လေးနှစ်ယောက် ရောက်လာပြီး မကျေနပ်သံ ပစ်နေသော်လည်း ရီးဆေးရိုး ရှင်းပြမနေချေ ။ လျှပ်စစ်မီးချောင်းများ အောက်တွင် သပ္ပာယ်စွာ သီတင်းသုံးနေသော ရုပ်ပွားတော်များကို ဖူးမြော်ကာ ရွှင်လန်းနေကြ၏ ။
“ သိပ်ပြီး ပျင်းစရာကောင်းတာပဲကွာ ”
မကျေနပ်သံများ ထပ်မံ ထွက်ပေါ်လာစဉ်တွင် ကာလသားခေါင်း ကျော်ဇံ ရောက်ရှိလာတော့သည် ။
“ စည်းဝေးတုန်းက မေးသားပဲကွ ၊ ဝတ်ကျောင်းမှာ ဘက်ထရီနဲ့ ထွန်းတဲ့ လျှပ်စစ်မီးချောင်း နှစ်ချောင်း ငှားထွန်းမလား ၊ လော်ပီကာ ထည့်မလား ၊ ဆန္ဒ တောင်းတုန်းက မီးချောင်းထွန်းဖို့ သဘောတူခဲ့ကြပြီးမှ အခုလာပြီး တစ်မျိုး မပြောကြနဲ့ကွာ ”
“ စည်းဝေးတုန်းက ကျွန်တော်တို့မှ မရှိတာ ”
“ မရှိတာတော့ မတတ်နိုင်ဘူးကွာ ။ ဒီမှာ လူကြီးတွေ ဝတ်တက်တာကို အနှောင့်အယှက် ဖြစ်နေမယ် ၊ မင်းတို့ ပြောချင်ရင် ငါနဲ့ လိုက်ခဲ့ကြ ”
အရက်သမားကလေးနှစ်ယောက်ကို ကျော်ဇံက ခေါ်သွားသဖြင့် လူကြီးတွေက ကျော်ဇံကို ကျေးဇူးတင် ကြသည် ။
“ သာဓုဗျာ သာဓု ၊ မောင်မင်းကြီးသား အလိုက်သိပါပေတယ် ”
စင်စစ်အားဖြင့် ဘက်ထရီဖြင့် ထွန်းသော မီးချောင်းကို ငှားရမ်းခြင်းမှာ အသံချဲ့စက်ကို ငြီးငွေ့ရာမှ စတင်ခြင်း ဖြစ်ပေ၏ ။ ယခင်က ဆိုလျှင် ထစ်ခနဲ ဆိုပါက အသံချဲ့စက်ငှားသည် ။ ချောင်းဟိုဘက်ကမ်းနှင့် သည်ဘက်ကမ်း အပြိုင် မိုးအလင်းဖွင့်သည် ။ မည်သည့်ကိစ္စမျှ မရှိပဲနှင့်လည်း ပိုက်ဆံစု ငှားကာ နားထောင်ခဲ့ကြသည် ။
အသံချဲ့စက် ဤမျှ မျက်နှာပွင့်ခဲ့သော်ငြား ၊ ယနေ့မူ ငြိုငြင်ကြပြီ ။ ကမ္မဋ္ဌာန်းရိပ်သာများအတွက် အသံချဲ့စက်သည် အကြီးဆုံးအန္တရာယ် ဖြစ်နေသည် ။ ပင်ပင်ပန်းပန်းနှင့် အိပ်ကောင်းဆဲတွင် နှိပ်စက်သောအသံချဲ့စက် ။ အိပ်ပျော်ခါနီးတွင် ဒုက္ခပေးသော အသံချဲ့စက် ။ သည်အသံချဲ့စက်အစား မီးချောင်းထွန်းသည့်အလုပ် ခေတ်စားစ ပြုလာသည် ။
ကြည့်ပါ ။ ယခုလည်း မီးချောင်းရောင်က နှစ်သက်စရာ ကောင်းနေသည် ။ မည်သည့် အချိန်ကြည့်ကြည့် ကြည်နူးစရာကောင်းသည်ဟု ရီးဆေးရိုး တွေးနေသည် ။ အသံချဲ့စက် မသုံးသောကြောင့် မီးထွန်း ဖြစ်သလို အသံချဲ့စက် မငှားရသဖြင့် ဗုံတောင် တီးဖြစ်သည် ။
နှစ်ခုလုံး ကောင်းသည် ။ မျက်စိအာရုံဖြင့် ကြည်နူးရသည့်နည်းတူ နားအာရုံဖြင့်လည်း ချမ်းမြေ့ရသည် ။ သည်သို့တွေးရင်း ရီးဆေးရိုး ဝတ်ကျောင်းရှေ့သို့ ရောက်လာ၏ ။ ဆွမ်းချက်သူများ ၊ ဆွမ်းဟင်းမွှေးသူ များသည် ချွေးတလုံးလုံးဖြင့် လုပ်ကိုင်နေကြဆဲရှိသေးသည် ။
“ အံမာ ငါ့ ဘယ်သူတွေလဲ မှတ်တယ် ၊ ဂန်းမသားတွေကိုး ”
ဗုံတောင် ခေါက်နေသူ ၊ မောင်း တီးနေသူ ၊ ဝါး လိုက်သူနှင့် သီချင်းသီဆိုသူများရှေ့တွင် ခါးထောက် ရပ်ကာ ပြောလိုက်ခြင်းဖြစ်သည် ။ ထိုသူလေးယောက်မှာ ရီးဆေးရိုး၏ မြေးတွေချည်း ဖြစ်နေပေသည် ။ ကလေးတွေက ဘိုးအေကို မော့ကြည့်ကာ ဟဲခနဲ ရယ်လိုက်ကြလျှင် ရီးဆေးရိုးသည် ချက်ပြုတ်ဝိုင်းသို့ လှမ်းကြည့်လိုက်သည် ။
“ ဖိုသူကြီးဆရာတို့ ၊ ဆွမ်းလောင်းဖို့ မီပါ့မလား ”
“ မီပါတယ်ဗျ ၊ ဆွမ်းအသင့် ဟင်းအသင့် ”
အခါဆွမ်းလောင်းရာတွင် အခြားရွာများက ပုဂ္ဂလိက စွမ်းအားဖြင့် လောင်းလှူကြသည် ။ ရီးဆေးရိုးတို့ ရွာကား တစ်ဦးချင်းလည်း လောင်းလှူသည် ။ စုပေါင်းလည်း လောင်းလှူမည် ။
ယခု ချက်ပြီးနေသော ဆွမ်းသည် ရွာလုံးကျွတ် စုဆောင်းထားသော ဆန်ကို ချက်ထားခြင်းဖြစ်သည် ။ ဆွမ်းဟင်းဝတ်ခွက်မှာလည်း တစ်အိမ်စီမှ ထည့်လှူသော ခရမ်းသီး ၊ အာလူး ၊ ရုံးပတီ ၊ ငရုတ် ၊ ကြက်သွန် ၊ ဆီ ၊ ဆား ၊ ငါးပိတို့ကို ပုစွန်ခြောက်ဖြင့် ချက်ထား ခြင်းဖြစ်ကာ ဖက်စိမ်းခွက်ထဲတွင် ပလတ်စတစ် ခင်းထည့်ပြီး လောင်းလှူရန် အသင့်တန်းစီထားကြသည် ။
ရီးဆေးရိုး ရောက်လာပြီး မကြာမီ ရီးကျော်လှိုင် ၊ ရီးကျော်မြိုင်တို့ ညီအစ်ကို ရောက်လာသည် ။ ဆွမ်းငွေ့ တထောင်းထောင်း ၊ ဟင်းနံ့ တသင်းသင်းဖြင့် ဆွမ်း ကပ်သူများလည်း တဖွဲဖွဲ ရောက်ရှိလာကြ၏ ။ ရီးဆေးရိုး ၊ ရီးကျော်လှိုင် တို့သည် မီးချောင်းရောင် အောက်၌ စံစားနေသော ရုပ်ပွားတော်များ ၊ ကပ်လှူထားသော ပန်း ၊ ဆွမ်းတို့ကို ကြည့်ကာ ခေါင်းတညိတ်ညိတ်ဖြင့် ကြည်နူးနေကြပေ၏ ။
“ သံဃာတော်တွေ ကြွလာချိန်နီးပြီနော် ၊ ဝတ်ကျောင်းမှာ စုဝေးပြီး ဆွမ်းနဲ့ လှူဖွယ်ပစ္စည်းတွေ လောင်းလှူကြမယ့် လူများအနေနဲ့ ဝတ်ကျောင်းကို အချိန်မီ လာရောက်ကြပါလို့ ပန်ကြားပါတယ်ခင်ဗျား ”
လူငယ်များ ရွာတွင်းအနှံ့ လိုက်လံအော်ဟစ်သော အသံဖြစ်ပေသည် ။ ဝတ်ကျောင်းဝန်းကျင်တွင် လူများ ပို၍ စည်ကားလာ၏ ။ အချို့သည် ပင့်ဆောင်ထားသော ရုပ်ပွားတော်များကို ဆွမ်းကပ်လှူရန် ရောက်လာကြ၏ ။ အချို့က ဆွမ်းလောင်းရန် တောင်း ၊ ပလုံး ၊ ဇလုံ ၊ လင်ပန်းများဖြင့် ရောက်လာကြပေ၏ ။
အချို့သော်ကား သူတစ်ပါး၏ ကောင်းမှုနှင့် ဘုံကောင်းမှုကို ကြည်နူးရန် အကြည့်ရောက်လာသူများဖြစ်၏ ။ မီးရောင်လွတ်ရာတွင် မှောင်မိုက်အား ကောင်းနေဆဲ ရှိသေး၏ ။ မီးရောင်အောက်မှ ဆွမ်းနံ့ ၊ ပန်းနံ့ ၊ ဟင်းနံ့သည် ကြူပျံ့၏ ။
သံဃာတော်များ ကြွလာပြီ ။
ဖန်ဝါဆင်မြန်း မြတ်သင်္ကန်းအရောင်သည် မှောင်တရီ ရှိခြင်းကို ပျက်ပြယ်စေသည် ။ သဒ္ဓါကြည် ညိုစိတ်ကို လျှံဖိတ်စေသည် ။
“ ဖြည်းဖြည်းကြွပါ ဘုရား ၊ ဖြည်းဖြည်းဘုရာ့ ”
ငှက်ပျောရွက် ဝန်းရံပတ်ထားသော စိုက်တောင်းကြီးထဲမှ အငွေ့ တထောင်းထောင်းထနေသော ဆွမ်းများကို ပန်းကန်စောင်း ထိုးခတ်ပြီး လောင်းရသည်မှာ မသက်သာချေ ။ မျက်နှာလည်းပူ လက်လည်းပူသည် ။ သို့ကြောင့် ဖြည်းဖြည်းကြွရန် လျှောက်ထား တောင်းပန်ရသည် ။
ရွာမြောက်ဖျားမှ ကြီးတော်သေးတာတို့ အိမ်မှ မုန့်ဖက်ထုပ်အညို လောင်းလှူသည် ။ သူ့တောင်ဘက် ငါးအိမ်ကျော်မှ ကိုကျောက်ခဲ မအေးချမ်းတို့က မုန့်ဖက်ထုပ်အဖြူ ၊ လောင်းလှူသည် ။ ရီးဆေးရိုးတို့ အိမ်ခေါင်းရင်းမှ ရဲဘော်ဟောင်း ထွန်းကြိုင်တို့ လင်မယားကမူ ဘုန်းကြီးတစ်ပါးကို ငါးကြော်တစ်ကောင်ကျ လောင်းသည် ။ ငါးက မွေးမြူရေးငါး ၊ အမည်မှာ ငါးပြေဆန်း ။ အိမ်ခြေလေးဆယ်ကျော် ရှိသော ရမ်းဘိုကုန်းတွင် တသီးတသန့် လောင်းလှူနိုင်သူမှာ ငါးဦးသာ ရှိသည် ။ ဝတ်ကျောင်းမြောက်ဘက်မှ သုံးဦး ၊ ဝတ်ကျောင်းတောင်ဘက်မှ နှစ်ဦးဖြစ်သည် ။ ဝတ်ကျောင်း တောင်ဘက်ပိုင်းမှ ဖိုးသာအောင် ၊ မယ်ဘု က မုန့်စလင်းတောင့် ၊ ဦးဘအို ၊ ဒေါ်သ က ဖီးကြမ်းငှက်ပျောသီး ဟူ၍ ဖြစ်သည် ။ ကျန်အိမ်ထောင်စုများကား ရွာလယ်ဝတ်ကျောင်းတွင် ဆန်စုပြီး ဆွမ်းချက် ၊ ဟင်းလျာပေါင်းပြီး ဟင်းချက်ကြသည် ။ မည်သို့ဖြစ်စေ ကြည်နူးရသည် ။ ဝမ်းသာရသည် ။ ကြည်ညိုဖွယ်ကြွ လာသော ရဟန်းတော်များကို မှောင်တရီတွင် ဖူးမြော်ရသော ပီတိကို ရီးဆေးရိုးတို့ တစ်နှစ်မှာ နှစ်ကြိမ်သာ ခံစားရသည် ။ ပထမတစ်ကြိမ်က သင်္ကြန် ၊ ဒုတိယ တစ်ကြိမ်က ဝါကျွတ် ။
“ ဟေ့ တောင်းသမား ၊ တောင်းသမား ”
သပိတ်ပြည့်လျှင် တောင်းထဲထည့်ရန် အတွက် သပိတ်တစ်လုံးကို တောင်းသမားတစ်ယောက် ခေါ်ရသည် ။ သပိတ်ပြည့်သော ကိုယ်တော်တစ်ပါးပါး၏ ခပ်အုပ်အုပ်ခေါ်သံသည် သပိတ်ဖုံး ဖွင့်သံ ၊ ပိတ်သံများ နည်းတူ သာယာနာပျော်ဖွယ် ရှိလှသည် ။
“ ခွေးပုရေ .. ဟေ့ ခွေးပု ”
“ ငါ ဒီမှာဟေ့ ငကြွက် ”
တစ်ကျောင်းတည်းမှ ကျောင်းသားအချင်းချင်း အော်ခေါ်သံ ၊ ထူးသံများကလည်း သင်္ကန်းချင်း ပွတ်တိုက်သံ ၊ သပိတ်ဖုံးဖွင့်သံများနှင့်ပြိုင်လျက် ကြည်နူး စဖွယ် လွင့်လူးနေပေ၏ ။
ရဟန်းသာမဏေများ စုစုဝေးဝေး ၊ တိုးတိုးကြိတ်ကြိတ် ကြွလာရာမှ တဖြည်းဖြည်း ကျဲသွား၏ ၊ ပါးသွား၏ ။ အတန်ကြာမှ တစ်ပါး ၊ နောက်အတော်ကြာ မှ သုံးလေးပါး စသည်ဖြင့် ပြတ်တောင်းပြတ်တောင်း သာ ကြွလာကြတော့၏ ။ လောင်းလှူမည့်သူများ တမျှော်မျှော် မော့ကြည့်နေသော မီးရောင်ထဲသို့ နောက်ဆုံး ဝင်ရောက်လာသော ကိုယ်တော်ကား ရွာဦးကျောင်း ပရဟိတဆရာတော် အရှင်ဓမ္မဓရ ဖြစ်၏ ။ ဆရာတော့်နောက်တွင် ကျောင်းသား မပါ ။ ဦးပဉ္စင်း သုံးလေးပါး ၊ သာမဏေတော်သုံးပါးနှင့် ကပ္ပိယနှစ်ယောက် တောင်းထမ်းလျက်ပါလာ၏ ။
“ ဆရာတော်က ဝေးလို့ နောက်ဆုံးမှ ကြွလာတယ်ဟေ့ ၊ အကုန်လောင်းကြဟေ့ ချန်မထားနဲ့ ” ဟု ရွှင်မြူးစွာ အော်ဟစ်ကြသည် ။
“ မတော်လို့ နောက်ကျပြီး ကြွလာတဲ့ ကိုယ်တော်တွေ ရှိနေရင် ဘယ့်နှယ်လုပ်မလဲ ”
“ အေး ဟုတ်တယ် ၊ နည်းနည်းပါးပါး ချန်ထားပြီး ကျန်တာ အကုန်လောင်းကြ ”
“ ဆရာတော်ဘုရား ဝတ်ကျောင်းပေါ် ကြွပြီး တရားချီးမြှင့်ခဲ့ပါဦး ”
စုပေါင်းအလှူအတွက် ရေစက်ချ အမျှဝေရန် ရှိသေးသည် ။ ထို့ကြောင့် ဆရာတော်အား ဝတ်ကျောင်းပေါ်သို့ ပင့်လာကြရာ ခြေထောက်ကို ပုဆိုးဖြင့် ဆီးသုတ်သူက သုတ် ၊ ထိုင်စရာနေရာခင်းသူ ခင်း ၊ ဆေးလိပ်တည် ၊ ရေနွေးကပ်သူ ကပ်နှင့် အလုပ်ရှုပ် သွားကြလေ၏ ။ အခါဆွမ်းလောင်းရသော အချိန် နှစ်ချိန်တွင် သင်္ကြန်တွင်း၌ သာမဏေ နည်းသည် ။ ဝါကျွတ်တွင်ကား ဝါဆိုသော သာမဏေ များသည် ။ သို့ကြောင့် ဝါကျွတ်ချိန်တွင် ဆွမ်းလောင်းရာ၌ ပိုကုန်သည် ။ လောင်းလှူသူများကလည်း ပိုပိုသာသာ လုပ်၍ ထားကြရာ နောက်ဆုံး ကြွလာသော ရွာဦးကျောင်းဆရာတော်ကို ကျန်သမျှ သွန်လောင်းကြ၏ ။ တောင်းထဲမှာသာမက သပိတ်တွေထဲမှာ လျှံကုန်တော့၏ ။ ရွာလယ်ဝတ်ကျောင်းတွင် တရားနာသူက နာနေစဉ် ရွာထဲ၌လည်း မုန့်ဝေငှသူများ ခြေချင်းလိမ်နေသည် ။ ကိုယ့်အိမ်တွင် လုပ်သော မုန့်ကို သီလခံယူရင်း ဘုန်းတော်ကြီးကို လှူရန်သာ မဟုတ် ၊ အိမ်တွင်လည်း စားသေးသည် ။ အရပ်ကိုလည်း ဝေကြသေးသည် ။ ကျောင်းသို့ သီလယူရန် သီးခြားသွားကြမည်ဖြစ် သဖြင့် ရွာလယ်ဝတ်ကျောင်း တရားနာရာသို့ လူ အလာနည်းသည် ။ လူအလာ နည်းပေမယ့် ချင်းသုပ်တွေ ၊ ငှက်ပျောဖူးသုပ် ၊ ကြက်တက်ရွက်သုပ် အကမ်းအလှမ်း မနည်းပေ ။ ထန်းသီးမုန့်နှင့် မုန့်ဖက်ထုပ်များလည်း မစားချင့် အဆုံးပင် ။
ပရိတ်ရွတ်ပြီးသွားလျှင် ဦးပဉ္စင်းများ ၊ သာမဏေများနှင့် ကပ္ပိယများ ပြန်သွားကြသည် ။ ဆရာတော် တစ်ပါးတည်း ကျန်ခဲ့ကာ စုပေါင်းပြုသော ဤကောင်းမှုအတွက် ရေစက်ချပေးသည် ။
ရီးဆေးရိုး မှာ ရေစက်ခွက် ကိုင်လျက် ပီတိ ဖြစ်နေ၏ ။ စုပေါင်းလှူသော အလှူထဲတွင် သူထည့်ဝင်သော အဖို့အစုမှာ သေးမှန်သော်ငြား ၊ အလှူရှင်ကြီး တစ်ဦးနှယ် ရေစက်ခွက် ကိုင်ရသောကြောင့် ပီတိဖြစ်ရ၏ ။
ရေစက်ခွက်ထဲမှ ရေသည် အောက်ခံခွက် ထဲသို့ တစ်စက်ချင်း နှေးကွေးစွာကျနေ၏ ။ ရီးဆေးရိုးသည် ယခု ပြုရသော ကောင်းမှုကို သုံးဆယ့်တစ်ဘုံတွင် ကျင်လည်သော သတ္တဝါများအား စိတ်ထဲမှ ခွဲဝေမျှတ ပေးနေ၏ ။
“ ကိုင်း အမျှဝေလိုက်လေ ”
ဘေးမှ တစ်ယောက်က သတိပေးလိုက်မှ ရေစက်ချ ရွတ်ဆို၍ ပြီးဆုံးကြောင်းသိရသည့် ရီးဆေးရိုးသည် လည်တံကို ဆန့်ကာ အသံကို ညှစ်၍ အော်ထုတ်လိုက် လေသည် ။
“ အားလုံး ကြားကြားသမျှ အမျှ အမျှ အမျှ ၊ ယူတော်မူကြပါဗျား ... အမျှ အမျှ အမျှ ”
“ သာဓု သာဓု သာဓု ”
ဝတ်ကျောင်းတွင်းမှ လူများသာမက ဝတ်ကျောင်း ဘေးမှ လူများပါ ဝိုင်းဝန်း၍ သာဓုခေါ်လိုက်ကြရာ ၊ ရီးဆေးရိုးမှာ ဝမ်းသာလွန်းသဖြင့် မျက်ရည် များပင် လည်လာရလေသည် ။ ထိုအခိုက်တွင် မမျှော်လင့်ဘဲ ဗုံတောင်နှင့် မောင်းကြီး ကလည်း တီးချလိုက်ပြန်ရာ ရီးဆေးရိုး သာမက အားလုံးပါ ကြည်နူးအားရ၍ မဆုံး ကြတော့ပေ ။
ဆရာတော်သည် ဒါယကာ ၊ ဒါယိကာမများ ကပ်လှူသော ချင်းသုပ် ၊ လက်ဖက် စသည်များကို ဟိုဟာ နည်းနည်း ၊ သည်ဟာနည်းနည်း လက်ခံဘုဉ်းပေးလျက် ရှိသည် ။ သို့ဖြင့် ဗုံတောင်ခေါက်သံ စဲသွားတော့ မှ ချောင်းတစ်ချက်ဟန့်ကာ အသံပေးတော်မူလိုက်သည် ။
“ ဒါယကာကြီး ဦးဆေးရိုးတို့ ၊ ဦးကျော်လှိုင်တို့ ”
အခါတိုင်း ရမ်းဘိုကုန်းရွာ၏အရုဏ်ဦးသည် ကလေးငိုသံ ၊ လင်မယားရန်ဖြစ်သံနှင့် နွားကို မောင်းမဲ ဆဲရေးသံတို့ဖြင့် တန်ဆာဆင်ခဲ့ငြား ၊ ယနေ့ နံနက်ဦး၏ ရမ်းဘိုကုန်းမှာ သဒ္ဓါတရားနှင့်ယှဉ်ပြီး ကြည်နူးနေ သည် ။ ချမ်းသာရွှင်ပျနေသည် ။ သို့ကြောင့် ရီးဆေးရိုး တို့သည် “ ဘုရား ” ဟု ချမ်းမြေ့ရွှင်လန်းစွာ ထူးလိုက် ကြသည် ။
“ ဘုန်းကြီးတို့ ဘများ ဘိုးများ လက်ထက်တုန်း ကတော့ ဆီမီးထက် ရေနံဆီမီးက ပိုလင်းတယ် ။ ရေနံဆီမီး ထက် ဖယောင်းတိုင်က ပိုလင်းခဲ့တယ် ၊ မှတ်မိကြရဲ့လား ”
“ တင်ပါ့ဘုရား ”
“ ဖယောင်းတိုင် ထက် ဘယ်သူက ပိုလင်းပြန်လဲ ဒါယကာ ဆေးရိုးရဲ့ ”
“ ဖယောင်းတိုင်ထက် ပုန်နဆီမှန်အိမ်က ပိုလင်းကြောင်းပါဘုရား ”
“ ပုန်နဆီထက်ကောဗျာ ”
“ လသာမှန်အိမ်ပါ ဘုရား ”
“ လသာမှန်အိမ်ထက် ဘယ်သူက ပိုလင်းပြန်သလဲ ”
“ လသာမှန်အိမ်ထက် အာလာဒင်တို့ ၊ အောက်လင်းမီးအိမ်တို့က ပိုပြီးလင်းပါသ ဘုရား ”
“ အာလာဒင်မီးအိမ်တို့ ၊ အောက်လင်းအိုးတို့ထက် လျှပ်စစ်မီးလုံးတွေက ပိုလင်းသ မဟုတ်လား ”
“ မှန်ပါဘုရား ”
“ လျှပ်စစ်မီးလုံးထက် ဒါယကာကြီးတို့ အခု ထွန်း ထားတဲ့ လျှပ်စစ်မီးချောင်းက ပိုပြီး ကြည်တယ် ၊ လင်းတယ် ”
“ တင်ပါ့ဘုရား ”
“ လျှပ်စစ်မီးချောင်းထက် ပိုပြီး ကြည်လင် ထိန်လင်းတဲ့အရာကတော့ ကမ္ဘာ့မူလလက်ဟောင်း မီးအိမ်ကြီး ဖြစ်တဲ့ ငွေစန္ဒာလမင်းပဲ ။ ဘယ်လောက် ကြည်သလဲ ၊ ဘယ်လောက် လင်းသလဲ ၊ ဘယ်လောက် ထိန်သလဲ ”
“ လင်းကြောင်း ၊ ထိန်ကြောင်းပါ ဘုရား ”
“ အေး အဲဒီ လင်းသော ထိန်သောအရာ ၊ အလင်းအထိန်ဆုံးအရာတို့ထက် ပို၍ပို၍ လင်းတဲ့ ထိန်တဲ့ အရာကတော့ မြတ်စွာဘုရားရဲ့ တရားတော် တွေပဲ ဒါယကာကြီးတို့ ”
ဆရာတော် အရှင်ဓမ္မဓရသည် တရားကို ဤနေရာတွင် တိခနဲဖြတ်ချလိုက်ကာ ရုတ်တရက် ထသည် ။ မည်သူ့ကိုမျှလည်း နှုတ်မဆက်ဘဲ ဝတ်ကျောင်း ပေါ်မှ ဆင်းကြွသွားတော်မူသည် ။
ရီးဆေးရိုးတို့ အမှတ်မဲ့မို့ ကြောင်စီစီ ဖြစ်သွားကြ သည် ။ တစ်ဦး မျက်နှာကို တစ်ဦး ကြည့်နေကြရာမှ တဖြည်းဖြည်း ပြုံးကာ ပြိုင်တူ ခေါင်းညိတ်လိုက်ကြလေ၏ ။
▢ ဆင်ဖြူကျွန်းအောင်သိန်း
📖 ကိုဆေးရိုး ပေါင်းချုပ်
No comments:
Post a Comment