❝ အို ... ဒေဝစ္ဆရာ ❞
( မင်းတင်ထွဏ်း )
၁။
အင်း... သူနှင့် ပြန်မတွေ့ခင်က ကျွန်တော် ငယ်ငယ်ကတည်းက စွဲလမ်းခဲ့ရသည့် သူလေးသည် အမှန်တကယ်ပင် ဒေဝစ္ဆရာနတ်မိမယ်လို ချောမောခဲ့သူလေး ဖြစ်ပါသည်။
••••• ••••• •••••
၂။
ကျွန်တော်က ရွှေဘိုသား။ အထက်တန်းကျောင်းသားအရွယ်ထိ ဘယ်မိန်းကလေးမှ စိတ်မဝင်စားခဲ့ပါ။ ဘယ်မိန်းကလေးမှ စ,ခြင်း၊ နောက်ခြင်း၊ ပိုးပန်းခြင်း မရှိခဲ့၍လည်း သူငယ်ချင်းတွေ၏ အံ့သြမှုကို ခံခဲ့ရသည်။ ၁၅ နှစ်၊ ၁၆ နှစ် အရွယ် ဆိုသည်မှာ လူပျိုဖော်ဝင်စ, အရွယ်၊ ကြီးကောင်ဝင်စ,အရွယ်၊ နှလုံးသားတုန်ခါစ, အရွယ်ဖြစ်သည်။ အထူးသဖြင့် အချစ်ဆိုသည့် သမုဒ္ဒရာထဲ စတင် ကူးခပ်ချင်စိတ်ဖြစ်ပေါ်သည့် အရွယ်ဖြစ်သည်။ သူငယ်ချင်းတွေက သူတို့ မျက်စိထဲ စွဲသည့် ကောင်မလေး၊ သူတို့ ရင်ကို ခုန်စေသည့် ကောင်မလေးများကို ချစ်သဝဏ်လွှာပါးကြသည်။ စကားလိုက်ပြော ကြသည်။ ပြေလည်သွားသူလည်း ရှိသည်။ ကျောင်းအုပ်ကြီးရုံးခန်း ရောက်သူလည်း ရှိသည်။ ငြင်းလိုက်လို့ အသည်းကွဲသူလည်း ရှိသည်။ ထိုအထဲတွင် ကျွန်တော် မပါ။ ဒီတော့ သူငယ်ချင်း ဖြစ်သူ သန်းဌေးက-
“ဟေ့ကောင် … မင်း ဘယ်ကောင်မလေးမှ စိတ်မဝင်စားဘူးလား” ဟု မေးသည်။
“အေး”
ကျွန်တော်က ခေါင်းမော့ လက်ပိုက်ပြီး ဖြေသည်။ ဒီတော့ ဒေါင်းကြည်က-
“ငါ့ဦးလေး ပြောဖူးတယ်ကွ၊ ယောက်ျားဆိုတာ ဘူးရင်ဘူး၊ မဘူးရင် ဂန်ဒူးတဲ့ကွ” လို့ ပြောသည်။ သူငယ်ချင်းတွေက ရယ်ကြသည်။
ကျွန်တော်က ပြုံးလိုက်သည်။
“ဘာပြုံးတာလဲ၊ မင်း ကျိတ်ပိုးနေတဲ့ ကောင်မလေး ရှိတယ် မဟုတ်လား”
ထွန်းမြင့်က ကျွန်တော့်ကို ကြည့်ပြီး တရားခံစစ်, စစ်သည်။ သူငယ်ချင်းများကလည်း ကျွန်တော့်ကို ဝိုင်းကြည့်နေကြသည်။
“ကျိတ်ပိုးနေတာထက် ငါ့ရင်ထဲမှာ စွဲလမ်းနေတဲ့သူ ရှိတယ်ကွ”
“ဟေ”
“ဟုတ်လား”
ကျွန်တော့် စကားကြောင့် သူငယ်ချင်းတွေ အံ့သြသွားကြသည်။
“ချောလားကွ”
ဉာဏ်ထွန်းက မေးသည်။
“ချောတာ၊ လှတာမှ ဒေဝစ္ဆရာနတ်မိမယ်လေး အတိုင်းပဲကွ”
“ဟေ.. ဟုတ်လား၊ ဘယ်လိုချောတာလဲ”
ဒေါင်းကြည်က တအံ့တသြမေးသည်။
“သူ့အသားလေးက ဖြူပြီး ဝင်းအိနေတာ၊ မျက်လုံးလေးတွေကလည်း ဝိုင်းစက် စိုရွှမ်းနေတာ။ မျက်တောင်လေးကလည်း စင်ရော်တောင်လေးလို ကော့နေတာ၊ မျက်ခုံးလေးကလည်း ခုံးမျက်စ သုံးရက်လ,လေးလိုကွ။ ဆံပင်တွေကလည်း ပိတုန်းရောင်လို နက်မှောင်နေတာ။ သူ့အသံလေးကလည်း ကြိုးကြာသံလို၊ ရေစီးသံလိုကွ”
ကျွန်တော့် စကားကြောင့် သူငယ်ချင်းတွေ နှာခေါင်းရှုံ့သွားကြသည်။ ပိုရန်ကောပေါ့။ လူရွှင်တော်ပြက်သလို “မင်းကောင်မလေးက လူမှ ဟုတ်ရဲ့လား” ဟု မမေးကြတာ ကံကောင်း။ ကျွန်တော်ကတော့ သူလေးကို ညတိုင်း အိပ်မက်ထဲမှာ အမြဲ တွေ့နေတာဟု ပြောလျှင် ကျွန်တော့်ကို ရူးပြီဟု ပြောကြမည်မှာ အမှန်ပင် ဖြစ်သည်။
“တယ်ဆိုတဲ့ စာပါလား၊ တို့ကျောင်းကလား”
ထွန်းမြင့်က မေးသည်။
“မဟုတ်ဘူး”
“ဒါဆို မင်းတို့ ရပ်ကွက်ကလား”
သန်းဌေးက ဝင်မေးသည်။
“မဟုတ်ဘူး”
“ဒါဆို ဘယ်ကလဲကွ”
ထွန်းမြင့်က စိတ်မရှည်သလို မေးသည်။
“ငါငယ်ငယ်က ကျောင်းနေခဲ့တဲ့ မကျီးကုန်းရွာ ကကွ။ သူ့အလှကို အခုချိန်ထိ ငါ့စိတ်ထဲမှာ စွဲနေတုန်းပဲ။ ဒါကြောင့် ငါ ဘယ်ကောင်မလေးမှ စိတ်မဝင်စားနိုင်တာပါ။ သူ့လောက်လှတဲ့သူ ငါ့ တစ်သက် တွေ့တော့မယ် မထင်ပါဘူးကွာ”
ကျွန်တော့် စကားကို သူငယ်ချင်းတွေ စိတ်ဝင်စားသွားသည်။ ကျွန်တော် တကယ်ပြောမှန်း၊ ခံစားနေရမှန်း ယုံသွားသည်။ အထူးသဖြင့် ဒေဝစ္ဆရာနတ်မိမယ်လို ချောသည့် သူ့အကြောင်းကို သိချင်ကြသည်။ မေးကြသည်။
ကျွန်တော်ကလည်း ပြောချင်ချင်ပါ။
ကျွန်တော် ငယ်ငယ်က အဖေ့အစ်မဖြစ်သူ ကြီးတော် ရှိရာ ဧရာဝတီမြစ်ရိုးဘေးက အထက်အညာ မကျီးကုန်းရွာ ကို လိုက်ပြီး ကျောင်းနေရသည်။ ကြီးတော်သား ကိုစိုး က မူလတန်းကျောင်းအုပ် ဖြစ်သည်။
အဲဒီမှာ သူနှင့် စ,တွေ့သည်။ ကျွန်တော်က ဒုတိယတန်းကျောင်းသား၊ သူက စတုတ္ထတန်းကျောင်းသူ ဖြစ်သည်။ စတုတ္ထတန်းတွင် ကျောင်းသားကျောင်းသူ များများစားစား မရှိ။ ယောက်ျားလေး နှစ်ယောက်နှင့် မိန်းကလေးနှစ်ယောက်ပဲရှိသည်။
မိန်းကလေး နှစ်ယောက်ထဲတွင် တစ်ယောက်က မည်းမည်းကြုတ်ကြုတ်၊ ပိန်ပိန်ရှည်ရှည် ဖြစ်သည်။ သူ့နာမည်က မနက်ကျော်၊ တစ်ယောက်ကတော့ ကျွန်တော့် မျက်စိထဲတွင် လှလွန်းချက် စက်စက်ယိုနေသူ ဖြစ်သည်။ သူ့နာမည်က မနွဲ့ကြည် တဲ့။ နာမည်နှင့် လိုက်အောင် ကိုယ်လုံးကိုယ်ပေါက်ကလည်း နွဲ့နွဲ့နောင်းနောင်း ဖြစ်သည်။ စကားပြောတော့လည်း သွယ်သွယ်ပျောင်းပျောင်းဖြစ်သည်။
သူ့ကို မြင်စ,ကပင် ခင်မင်သွားသည်။
မနွဲ့ကြည်နှင့် မနက်ကျော် က ကျောင်းပိတ်ရက်တွင် အိမ်ကို ခဏခဏ လာသည်။ ကြီးတော်ကို ကူညီ လုပ်ကိုင်ပေးသည်။ ကျွန်တော့်ကိုလည်း မနွဲ့ကြည်က-
“မြွေမင်းသား သိပ် မဆော့နဲ့၊ ကြီးတော်ကိုလည်း ကူညီလုပ်ကိုင်ပေးဦး”
ဟု ပြောပြီး ပါးလေးကို ဆွဲလိမ်တတ်သည်။
ကျွန်တော် ငယ်ငယ်က ပိန်ပိန်ရှည်ရှည်ဖြစ်သည်။ နောက်ပြီး မနွဲ့ကြည်က ကျွန်တော့်ကို စာလည်း ပြပေးသည်။ ကစားဖို့ ကြက်ပေါင်ကွင်း၊ ပေသီး ဝယ်လာပေးတတ်သည်။ မနွဲ့ကြည်လို စတုတ္ထတန်းကျောင်းသား ကိုရွှေဝင်းကလည်း အိမ်ကို လာပြီး ကူညီလုပ်ကိုင်ပေးတတ်သည်။
ကိုရွှေဝင်းက မနွဲ့ကြည်ကို တွေ့လျှင် စ,တတ်သည်။ နောက်တတ်သည်။ မနွဲ့ကြည် က မကြိုက်။ ပြန်ပြီး ရန် ထောင်သည်။ ကျွန်တော်လည်း မကြိုက်။
“ကိုရွှေဝင်း မနွဲ့ကြည်ကို မစနဲ့ဗျ”
ကျွန်တော်က ကိုရွှေဝင်း ရှေ့မှာ ခါးထောက်ပြီး ပြောသည်။ ဒီတော့ ကိုရွှေဝင်းက ရယ်ပြီး-
“ဟဲဟဲ ချစ်လို့ စ,တာပါကွ”
ဟု ပြောပြီး ကျွန်တော့် ခေါင်းကို ပုတ်သည် ။ ကျွန်တော်က အပုတ် မခံ၊ သူ့ လက် ခေါင်းပေါ်မရောက်ခင် ကျွန်တော့် လက်ဖြင့် ပုတ်ထုတ်လိုက်သည်။
“မချစ်နဲ့ဗျ”
ဟု အော်ပြောသည်။ ကျွန်တော် စိတ်တိုသွားသည်။ လက်သီးဆုပ်နှစ်ခုကို ကျစ်ကျစ်ပါအောင် ဆုပ်ထားမိသည်။
“အလကား၊ မင်းကို စ,တာပါကွာ။ ငါတို့ လှေပေါ်မှာ မုန့်တွေ အများကြီး ရှိတယ်။ သွားစားရအောင်”
ကိုရွှေဝင်းက ကျွန်တော့်ကို ချော့သည်။
သူတို့နှစ်ယောက်က သူကြီးသားနှင့် သူကြီးသမီး ဖြစ်သည်။ ကျေးရွာအုပ်ချုပ်သည့် သူကြီးတော့ မဟုတ်။ ကိုရွှေဝင်းအဖေက လှေသူကြီး ဖြစ်သည်။ မနွဲ့ကြည် အဖေက အင်းသူကြီး ဖြစ်သည်။
တစ်ရက်တော့ မနွဲ့ကြည်တို့ အင်းထဲ ငါးတွေ ပေါ်၍ ကျွန်တော်နှင့် ကိုရွှေဝင်း အင်းဘေး ငါးတွေ သွားကောက်ကြသည်။
အင်းထဲကို ဘယ်သူက ဆေးခတ်သွားမှန်း မသိ။ ငါးတွေက မူးနောက်ပြီး ကမ်းစပ်ပေါ် ခုန်တက်ကြသည်။ ကျွန်တော်က ငါးအကောင် ကြီးကြီးများကို ရွေးကောက်ပြီး ပလိုင်းထဲ ထည့်သည်။ ကိုရွှေဝင်းကတော့ တွေ့သမျှ ငါးတွေကို သိမ်းကျုံးပြီးတော့ တောင်းကြီးကြီးထဲ ထည့်သည်။
“ဟေ့ ဘာလုပ်နေကြတာလဲ”
ကြိုးကြာသံလေး ကြား၍ လှမ်းကြည့်လိုက်သည်။ မနွဲ့ကြည်က လှေလှော်ရင်း ကမ်းကပ်လာသည်။ ကျွန်တော် ရင်ထိတ်သွားသည်။ ကိုရွှေဝင်းက-
“ငါးကောက်နေတာ မမြင်ဘူးလား မျက်ပြူး”
ဟု ပြောပြီး လျှာထုတ် ပြသည်။
“ဟေ့ … ဟင်းစားဖို့ဆို မပြောဘူး၊ နင်က ရောင်းစားဖို့လုပ်နေတာ မကောက်ရဘူး”
မနွဲ့ကြည်က တက်မ ထောင်ပြီး အော်ပြောသည်။
“ကောက်... ဘလောက်”
ကိုရွှေဝင်းက သူ့ဖင်ကို ကောက်ပြသည်။ လက်ညှိုး နှစ်ချောင်းကို ကွေးချည်ဆန့် ချည်လုပ်ကာ “ကလှော်... ကလှော်...” ဆိုပြီး မနွဲ့ကြည်ကို စ,သည်။ မနွဲ့ကြည်က ကမ်းပေါ်တက်လာသည်။ လှော်တက်ဖြင့် မြှောက်ပြီး ပြေးလာသည်။
“သေဖို့သာပြင်”
ကျွန်တော်လည်း အလန့်တကြားနှင့် ပလိုင်းပစ်ပြီး ပြေးသည်။
“စိမ် ပလိမ်တိမ်ဂွမ်”
ကိုရွှေဝင်းက မနွဲ့ကြည်ကို စပြီး ငါးတောင်းထမ်းကာ ပြေးသည်။ ကိုရွှေဝင်း က ကျွန်တော့်ကို ကျော်ဖြတ်ပြေးသည်။ မနွဲ့ကြည်ကလည်း ကျွန်တော့်ကို ကျော်ပြီး လိုက်သည်။
ဆံပင်တွေ လေမှာ လွင့်ဝဲပြီး သမင်ပျိုမလေးလို ပြေးလွှားနေသည့် မနွဲ့ကြည်ကို ငေးကြည့်ရင်း ကျွန်တော် ကျောက်ရုပ်လို ဖြစ်သွားသည်။
••••• ••••• •••••
၄။
ကိုရွှေဝင်းက စတုတ္ထတန်းကျတော့ ကျောင်းထွက်ပြီး လှေထိုးလိုက်သည်။ မနွဲ့ကြည် ကတော့ စတုတ္ထတန်း အောင်ပြီး သပိတ်ကျင်းမြို့က အထက်တန်းကျောင်းကို သွားတက်သည်။ ကျွန်တော်ကတော့ အစ်ကိုက ကျောင်း ပြောင်း၍ ရွှေဘို ပြန်ပြီး ကျောင်းဆက်တက်သည်။
ပေါင်တံရှည်ရှည် ရွှေဘိုမင်းကြိုက်သည့် ရွှေဘိုသူတွေကို ကျွန်တော့်စိတ်ထဲ လှသည် မထင်။ ကျွန်တော့် စိတ်ထဲတွင် ငယ်ငယ်ကတည်းက စွဲလမ်းခဲ့ရသည့် မနွဲ့ကြည် အလှကို မီသည်ဟု မထင်။
ဒါကြောင့် တက္ကသိုလ်ဝင်တန်းရောက်သည်ထိ ဘယ်ကောင်မလေးမှ ရင်မခုန်မိ၊ စိတ်မဝင်စားမိ၊ ရည်းစားမထားမိ။
ဒီလိုဖြင့် တက္ကသိုလ်ဝင်တန်းအောင်တော့ သပိတ်ကျင်းမြို့မှာ အလုပ်ရသည်။ အလုပ်ရတော့လည်း ဘယ်ကောင်မလေးမှ စိတ်မဝင်စားပါ။ တစ်နေ့နေ့တွင် ကျွန်တော် စွဲလမ်းနေသည့် မနွဲ့ကြည်ကို ပြန်တွေ့ရမည်ဟု မျှော်လင့်ထားသည်။
ရွှေဘိုမြို့ကနေ သပိတ်ကျင်းမြို့ကို လာပြီး အလုပ်လုပ်တာကလည်း မနွဲ့ကြည် ကျောင်းနေဖူးသည့် မြို့မို့ လာပြီး အလုပ်လုပ်ခြင်း ဖြစ် သည်။
သပိတ်ကျင်း ရောက်သည့်နေ့က စပြီး မျက်လုံးဝိုင်းဝိုင်း၊ မျက်တောင်ကော့ကော့၊ အသားဖြူဖြူ အမျိုးသမီးတစ်ယောက်ကို ရှာနေခဲ့သည်။ မတွေ့။ သေသောသူ ကြာ လျှင်မေ့၊ ပျောက်သောသူ ရှာလျှင် တွေ့ရပေမည်။ အကြောင်းညီညွတ်သည့်နေ့တွင် မနွဲ့ကြည် နေသည့် မကျီးကုန်းရွာကို သွားရှာဖို့ ကြံထားသည်။
တစ်နေ့တော့ မထင်မှတ်ဘဲ သူ့ကို ပြန်တွေ့ရသည်။
ဒေါင်းကြည်က သပိတ်ကျင်း အထက်တန်းကျောင်းမှာ ကျောင်းစာရေး လုပ်နေသည်။ စနေနေ့မှာ ရွှေဘို ပြန်မှာမို့ လိုက်မလားဟု သွားမေးခြင်းဖြစ်သည်။ ရုံးခန်းထဲ ရောက်တော့ ဒေါင်းကြည် စားပွဲရှေ့က ကုလားထိုင်တွင် ကျောင်းဆရာမ တစ်ယောက် ထိုင်ပြီး ဒေါင်းကြည်နှင့် စကားပြောနေသည်။
ကျွန်တော်က ဧည့်သည် ရှိနေ၍ အနီးအနားက ကုလား ထိုင်ပေါ် ထိုင်ပြီး သတင်းစာ ဖတ်နေသည်။
“ဒေါ်နွဲ့ကြည်ရေ ကိုယ်ရေးရာဇဝင် ဖြည့်ရမှာမို့ ဆရာမ အဖေနဲ့ အမေ နာမည်လေး ပြောပါဦး”
မနွဲ့ကြည် ဆိုတော့ ကျွန်တော် ခေါင်းမတ်သွားသည်။
“ဦးဘဝင်းနဲ့ ဒေါ်ထားကြည်ပါ”
အသံအောအောကြီးကို ကြားရသည်။ ကျွန်တော် ထိုနေရာကို ထသွားလိုက်သည်။
“မွေးရပ်ဇာတိကရော”
ဒေါင်းကြည်က ဆက်မေးသည်။
“ဒီသပိတ်ကျင်းမြို့နယ်ထဲက မကျီးကုန်းရွာကပါ”
ဟုတ်ပြီ၊ သေချာပြီ။
“ဟို... ဟို မနွဲ့ကြည်လား”
ကျွန်တော်က တုန်ယင်စွာ မေးလိုက်သည်။ ဆရာမက ကျွန်တော့်ဘက် လှည့်ပြီး မော့ကြည့်ကာ-
“ဟုတ်တယ်လေ”
ဟု ဖြေသည်။
“မနွဲ့ကြည် အဖေက အင်းသူကြီး မဟုတ်လား”
“အင်း”
“မနွဲ့ကြည် ကျွန်တော့် ကို မမှတ်မိဘူးလား၊ မောင်ထွန်းလေ၊ မြွေမင်းသားလေ”
ကျွန်တော်က အားရဝမ်းသာသံနှင့် မေးသည်။ မနွဲ့ကြည်က ကျွန်တော့်ကို ကြည့်ပြီး-
“မမှတ်မိဘူး” ဟု ဖြေသည်။
“ကျောင်းဆရာ ကိုစိုး ညီလေ၊ ကြီးတော်ကြည့် တူလေ”
“မေ့တေ့တေ့ ဖြစ်နေပြီ”
မနွဲ့ကြည်က ယတိပြတ်ဖြေပြီး ဒေါင်းကြည်နှင့် ဆက်စကားပြောနေသည်။ ကျွန်တော် မနွဲ့ကြည်ကို ဆက် မမေးတော့။ ဒေါင်းကြည်ကို နှုတ်ဆက်ပြီး ပြန်ခဲ့သည်။
နောက်တော့ မနွဲ့ကြည်ကို မြို့ထဲမှာ ခဏခဏ တွေ့သည်။ နှုတ်မဆက်တော့။ မမေးတော့။ မကြည့်တော့ပေ။ မနွဲ့ကြည်နှင့် တွေ့ပြီးကတည်းက ညမှာ ဒေဝစ္ဆရာ နတ်သမီးလေး အိပ်မက်ထဲတွင် ပေါ်မလာတော့ပါ။ ပျောက်သွားပြီ။
မနွဲ့ကြည်၏ ရုပ်သည် ငယ်ငယ်က ရုပ်နှင့် လုံးဝ ခြားနားသွားသည်။ အရပ်က ကလန်ကလား၊ အသားက ညိုပြာပြာ၊ အသံက အောအော၊ မျက်လုံးက ပြူးပြူး၊ မျက်ခုံးက ထူထူ၊ နှာခေါင်းက ပွပွ၊ မျက်နှာပေါ်မှာ ဝက်ခြံဗရပျစ်နှင့် ဖြစ်သည်။
ကျွန်တော်သည် မနွဲ့ကြည်ကို ငယ်ငယ်က သိကျွမ်း ဖူးကြောင်း ပြောဖို့ မကြိုးစားတော့ပါ။ မနွဲ့ကြည် ပြောင်း လဲသွားသလို ကျွန်တော့်စိတ်လည်း ပြောင်းလဲသွားသည်။ ဒေါင်းကြည်က-
"ဟေ့ကောင် မနွဲ့ကြည် ဆိုတာ မင်း ငယ်ငယ်ကတည်းက စွဲလမ်းခဲ့တဲ့ ဒေဝစ္ဆရာ လားကွ”
ဟု မေးတော့ ကျွန်တော်က ရယ်ပြီး-
“မင်းတို့ကို ငါ ပုံပြင် ပြောခဲ့တာပါကွာ” ဟု ပြောလိုက်သည်။
••••• ••••• •••••
၅။
နှစ်တွေညောင်းတော့ ကျွန်တော်လည်း မန္တလေး ပြောင်းလာသည်မှာ ကြာပြီ။ အိမ်ထောင်ကျ၍ သားသမီး နှင့် မြေးပင် ရနေပြီ။
တစ်နေ့တော့ မထင်မှတ်ဘဲ ကမ်းနားက ငါးဈေးကိုရောက်သွားသည်။ ဈေးလယ်ကောင်မှာ လူတွေ ဝိုင်းအုံနေ၍ သွားပြီး စပ်စုကြည့်လိုက်သည်။
အားလား... ထောင်ထောင်မောင်းမောင်း၊ ညိုညိုတုတ်တုတ် မိန်းမကြီးတစ်ယောက်နှင့် ပိန်ပိန်မည်းမည်း၊ အရပ်ရှည်ရှည် မိန်းမကြီးတစ်ယောက် စကားများပြီး နပန်းလုံးသ,တ်နေကြသည်။
ကျွန်တော့်စိတ်ထဲ ထိတ်သွားသည်။ မနွဲ့ကြည်နှင့် မနက်ကျော်လား ဆိုပြီး သဲသဲမဲမဲ ကြည့်နေမိသည်။
“ကိုထွန်း သွားရအောင်”
ဇနီးသည်က ပခုံးပုတ် ခေါ်မှ ကျွန်တော် လိပ်ပြာနိုးသွားသည်။ ထိုနေရာက ထွက်ခဲ့သည်။ စိတ်ထဲမှာ ရယ်ချင်သလိုလို။
“ဟွန်း…. ငါ.. ဒေဝစ္ဆရာလေးကို သတိရတုန်းလား မသိဘူး”
စိတ်ကို အပြစ်တင်သလို မေးလိုက်မိသည်။
▢ မင်းတင်ထွဏ်း
📖 ရွှေအမြုတေ ရုပ်စုံမဂ္ဂဇင်း
မေ ၊ ၂၀၁၈
No comments:
Post a Comment