❝ ကားသမားများ-သတိ ❞
▢ ကျော်လင်းထွန်း ( ရွှေသင်း )
ကျွန်တော်ရဲ့ ဘေးတစ်အိမ်ကျော်မှာ ကိုစန်းလွင် ဆိုတဲ့ မိတ်ဆွေတစ်ဦး ရှိပါတယ်။ ပျော်ပျော် နေတတ်သူ ဖြစ်ပြီး ရယ်စရာ၊ မောစရာ တော်တော် ပြောတတ်ပါတယ်။ သူ ဖတ်ဖူးမှတ်ဖူးတဲ့ ပုံတိုပတ်စတွေနဲ့ သူရဲ့ ကိုယ်တွေ့ အတွေ့အကြုံလေးတွေကို ပြောပြပါတယ်။ အပြောကောင်းတဲ့သူ ဆိုတော့ သူ့ ဆိုစကား ကြားပြီးရင် ပြောစရာ ဆိုစရာ ဟာသလေးတွေ ကျန်ကျန်နေတတ်တယ်။ အရင်တုန်းကတော့ သူဟာ “မ.ဆ.လ” ခေတ်မှာ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ လမ်းတံတား ဘက်မှာ အလုပ်လုပ်ခဲ့ပြီး အခုတော့ ကိုယ်ပိုင်တက္ကစီ မောင်းနေပါတယ်။ သူ ပြောတဲ့ ဟာသလေးတွေ ထဲက အကြောင်းအရာ တစ်ခုကတော့ ...။
“ကျွန်တော် ဆောက်လုပ်ရေးဌာနမှာ လုပ်တုန်းကပေါ့။ တစ်နေ့မှာ ကျွန်တော်ရယ်၊ အထက်လူကြီး တစ်ယောက်ရယ်၊ လုပ်ဖော်ကိုင်ဖက်ဝန်ထမ်း တစ်ဦးရယ် ဌာနဆိုင်ရာ ကားနဲ့ အထက်မြန်မာပြည် တောင်ပေါ်ဒေသကို လုပ်ငန်းတာဝန်နဲ့ ခရီးထွက်ကြပါတယ်”
“ကားကိုတော့ ကျွန်တော်ပဲ မောင်းပါတယ်။ ဒီလိုနဲ့ နေ့ခင်းပိုင်း တစ်နာရီလောက်မှာ တစ်ထောက်နားစခန်းဖြစ်တဲ့ ရွာကြီး တစ်ရွာကို ရောက်ပါတယ်။ ထမင်းဆိုင်စားသောက် ဆိုင် လေးငါးဆိုင်ကို တွေ့ရပြီး ခမ်းခမ်းနားနား၊ သပ်သပ်ရပ်ရပ် ရှိတာကို တွေ့ရပါတယ်။ ဒီဆိုင်တွေမှာ ချေ၊ ဆတ်၊ ယုန်၊ တောဝက် စတဲ့ တောကောင်အသားတွေ ရတဲ့အတွက် ကားသမားတွေနဲ့ ခရီးသည်တွေဟာ ဒီနေရာမှာဘဲ အနားယူ ထမင်းစားကြပါတယ်။ ကျွန်တော်တို့ ရပ်တဲ့ ဆိုင်ကြီးရဲ့ ရှေ့မှာတော့ ကုန်တင်ကားကြီး နှစ်စီး ရပ်ထားပြီး ကားသမားတွေ ထမင်းစားနေကြပါတယ်”
“ကျွန်တော်တို့ သုံးဦးလည်း စားချင်တာ မှာစားပြီးနောက် ခရီးဆက်ထွက်ဖို့ ဆိုင်ထဲက ထွက်လာကြပါတယ်။ ကားမှာ ဘာချို့ယွင်းချက်တွေများ ဖြစ်နေလဲလို့ ကားအောက်ပိုင်း ငုံ့ကြည့်၊ ကားဘီးတွေ လေလျော့ မလျော့ ကြည့်နေတဲ့ အချိန်မှာပဲ ...”
“ဟေ့ ... မောင်စန်းလွင်...မောင်စန်းလွင်”
“ဗျာ ဆရာ”
“လာပါဦးကွ .. မင်းကို ပြစရာ ရှိလို့”
“ဘေးပတ်ဝန်းကျင် တောင်ပေါ်ရှုခင်းတွေကို ကြည့်နေတဲ့ ဆရာက ကျွန်တော့်ကို လှမ်းခေါ်ပါတယ်။ ဆရာနား ရောက်တယ် ဆိုရင်ပဲ ဆရာက ပြုံးစေ့စေ့ မျက်နှာနဲ့ ကျွန်တော်ကို မေးငေါ့ပြပါတယ်။ ဆရာပြတဲ့ နေရာကို ကြည့်လိုက်တော့ သစ်ပင်ကြီး တစ်ပင်မှာ ချိတ်ထားတဲ့ ဆိုင်းဘုတ်ကို တွေ့ရပါတယ်။ ပျဉ်ပြား တစ်ချပ်ပေါ်မှာ ထုံးဖြူနဲ့ မညီမညာ မလှမပ ရေးထားတဲ့ စာကြောင်းတွေပါ။ ဘာရေးထားသလဲ ဆိုတော့...
“ဤရွာတွင် ဘုရားပေးသော သားများ သိပ်များနေပါသဖြင့် ...ကားသမားများ ညမအိပ်ရ။ ပုံ - ရွာသူ/ရွာသားများ” တဲ့။ ကျွန်တော်တို့လည်း တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ကာ ပြုံးလို့ ခရီး ဆက်ထွက်ခဲ့ပါတော့တယ်”
▢ ကျော်လင်းထွန်း (ရွှေသင်း)
📖 ရယ်စရာ မဂ္ဂဇင်း
မတ်လ ၊ ၂၀၁၆
No comments:
Post a Comment