❝ ထွန်တုံးပိတ်ချိန် ❞
( ဆင်ဖြူကျွန်းအောင်သိန်း )
၁
မချောစိန် စိတ်ဆိုးလိုက်ပုံမှာ ပြောစရာ မရှိ။ အသားပင် တုန်နေ၏။ ဒေါသတွင် မောပန်းခြင်းနှင့် ဆာလောင်ခြင်းတို့ စွက်ဖက်လာသည့်အတွက် ဆောက်တည်ရာ မရပေ။ မြေကြီးပေါ်တွင် လှဲအိပ်လိုက်လျှင် ဝေဒနာ ပြေနိုးနိုး၊ အော်ဟစ် ငိုကြွေးလိုက်လျှင် သက်သာနိုးနိုး အတွေး ဝင်လာသည်။
မြောင်းကို တစ်ခါ ဖြတ်တိုင်း လက်ခုပ်ဖြင့် တစ်ကြိမ် ရေခပ်သောက်သည်။ ရေသည် လည်ချောင်းမှ တစ်ဆင့် အူတွင်း တစ်လျှောက် စီးဆင်းသွားသည်ကို အတိုင်းသား သိရ၊ ခံစားရ၏။ ဆာလောင်ခြင်းကား လျော့ပါး မသွားချေ။ မချောစိန်၏ တစ်ကိုယ်လုံးရှိ အကြောအခြင်များ သေကုန်ကြပြီ ထင်ရ၏။ ဆိုင်းတွကုန်ပြီ ခံစားရ၏။ ခြေလှမ်းကို မြေညီပေါ်မှာ လှမ်းရသည်ကိုပင် ပင်ပန်းလွန်းသည် ထင်မိ၏။ ကုန်းကို တက်ရပြီ။ မြောင်းသေးသေးကို ကျော်ရပြီ ဆိုလျှင်ကား မောလိုက်ပုံမှာ မချိတရိပင်။ ပင်ပန်းလွန်းလှ သည်။ မောလှသည်။ အသက်ကို ဝအောင်ရှူကြည့်သည်။ အို.. ရင်ဘတ်က အောင့်လိုက်တာ။ အသက်ကို မျှင်း၍ ရှူသည်။ သည်မျှမကသေး၊ လက်မောင်းက အောင့်သေး။ ဇက်က နာနေလိုက်သေးသည်။
မချောစိန်မှာ တောကျီးကန်းနှယ် ပါးစပ်ကို ဟထားရသည်။ ကောက်ပင်တွေ စတုဂံပုံ အကွက်ကြီး။ ငိုချင်လာသည်။ ဝါခေါင်လပြည့်နေ့ကတည်းက စိုက်ရန် အသင့် ဖြစ်နေခဲ့သော တမန်းပြင်ကြီး၊ မဲဇလီကွေ့က ကောက်စိုက်စည်း သည်ဘက် မလာနိုင်ဆိုစဉ်က ဒေါသသည် စတိမျှသာ ဖြစ်ရ၏။ ရက်ပေါင်း ၃ဝ မှ တစ်ရက်ပြီး တစ်ရက် ကျော်လာသော ကောက်ပင်များကို ကြည့်ရင်း ဟိုပြေးလိုက် သည်လွှားလိုက်နှင့် ပျိုးသက် ရင့်လာသည်။ ပျိုးပင်တွေ တစ်နေ့ထက် တစ်နေ့ အသက်ကြီးလာငြား စိုက်ရက် မသေချာ။ ကောက်စိုက်စည်း ရမည့်နေ့ မရေရာ။
ကြည့်ပါဦး၊ စိုက်မည့်စိုက်တော့ တော်သလင်းလပြည့်။ ပျိုးသက်က ၄၅ ရက် ကျော်ပြီ။ ပျိုးသက်နုနု ရွှေ့ပေးပါမည် ပြောလည်း မရနိုင်။ ထွက်ပေရော့၊ လှန်ထွက် ထွက်ပေရော့။ စတိမျှသာဖြစ်ခဲ့သော ဒေါသသည် မချောစိန်၏ ရင်၌ တစ်နေ့တခြား ရင့်သန်လာခဲ့ရာ ယနေ့ အထွတ်အထိပ်သို့ ရောက်တော့သည်။ ကောက်စိုက်မတွေနှင့်လည်း ရန်ဖြစ်ရ၏။ စိုက်ကြပ်နှင့်လည်း စကားများရ၏။ သို့သော် သိမ်မွေ့စွာ ပြောနေကျ ဆိုနေကျ မချောစိန် ဒေါသကြီးသဖြင့် အားလုံးမှာ အံ့အားသင့်ကြသည်။
“ဘယ့်နှယ်တော်၊ ဝါခေါင်လပြည့်ကို ပျိုးသက်နု လွန်းတယ်ဆို ထားပါတော့၊ အခုတော့”
ဒေါသမိုးတိမ် စင်သောအခါ ခလုတ်တိုက်သည်ကိုလည်း မချောစိန် မသိပါ။ ဆူးစူး၍လည်း မနာကျင်တော့ပါ။ နေပူလေတိုက်သဖြင့် မည်းမှောင်နေသော မချောစိန်၏ မျက်နှာပြင်သည် ဒေါသကြောင့် ထူးပြီး အကျည်းမတန်ငြား ရင်တွင်း၌ကား ဆို့ကျပ်နေသည်။ ဒေါသသည် ပြေးလွှားလှုပ်ခတ်ရန် ကျဉ်းကျပ်လွန်းသဖြင့် ရင်ကို တွန်းသည်။ နှလုံးသားကို ဖိသည်။
“ထန်းသားရေကျော်” သို့ ရောက်လာသည်။ တစ်ဖက် လယ်ကွက်မှ ရေပိုရေလျှံသည် သည်ဘက် လယ်ကွက်အတွက် အသက်သွေးဖြစ်၏။ ဖြစ်ငြား ကန်သင်းကို ဖောက်ပြီးလွှတ်လိုက်ရုံမျှဖြင့် မရချေ။ ကြားမှာ ရင်စို့ခန့်နက်သော မြောင်းကြီး ခြားနေ၏။ သို့အတွက် ထန်းသားရေတံလျှောက်ကို အသုံးပြုရသည်။ ထန်းသားပင်လုံးကို ထက်ခြမ်း ခြမ်းသည်။ အလယ်က အူသားတွေကို ထုတ်ပစ်သည်။ မြောင်း ဖြတ်ကျော်ပြီး အလယ်ကန်သင်း နှစ်ခု ဆက်ထားရာ ကြည်လင်သော ရေရှင်သည် တသွင်သွင် စီးဆင်းနေပေ၏။
ရေတွေ ဗုံးပေါလအော ရှိသော လယ်ကွက်ထဲမှ မျောကျလာသော ပုစွန်ဆိတ် တစ်ကောင်သည် ထန်းသား ရေကျော်အစပ်သို့ ရောက်လာသည်။ ရေက တသွင်သွင် ဆိုရငြား လယ်ကွက်ထဲနှယ် မများ။ ပုစွန်ဆိတ် မကျေနပ်၊ သူ့အတွက် လုံခြုံသည် မထင်။ ရေစီးဖြင့် မျှောပြီးလိုက်လျှင် လုံခြုံပါမည်လား။ သို့အတွက် ရေစီးအားထက် လျင်မြန်စေရန် ခုန်ပေါက်ပြေး၏။ ပထမတစ်ချက် ထန်းသားရေတံလျှောက် နှုတ်ခမ်းပေါ်တင်သည်။ ကြောက်လန့်တကြား ခုန်လိုက်ပြန်ရာ မချောစိန့် ခြေဖမိုးပေါ်သို့ တန်းတန်းမတ်မတ် ရောက်သွား၏။
မချောစိန်သည် ပုစွန်ဆိတ်ကို မမြင်ပါ။ မြင်လျှင်ကား ဟန်ကျတာပဲ ဆိုကာ ကောက်ယူမည် မုချ။ ယခု မကောက်နိုင်။ သူ မြင်နေရသော ကောက်ပင် စိမ်းမှောင်မှောင်တွေက ဆွဲဆောင်ထားသည်။ မချောစိန်တို့ လယ်ပွဲနှင့် အတူတူပင်။ ဝါခေါင်လပြည့်က အသင့်ဖြစ်ခဲ့သော လယ်ပွဲများ။ သူတို့ကား ပျိုးသက် ရက်ပေါင်း ၃ဝ တွင် ချောမောစွာ စိုက်ခဲ့ရသည်။ သို့ကြောင့် ကောက်ပင်တွေ သန်စွမ်းလှသည်။ သားတက်တွေပင် မူရင်းပင်မကြီးနှင့် မယိုးမယိမ်း။ ထိုအခါ မချောစိန်၏ ဒေါသသည် ပို၍ ပြင်းထန်လာ၏။ ကောက်စိုက်စည်းတွေ ကပေါက်တိကပေါက်ချာ ဖြစ်ကုန်ခြင်းကိုလား၊ မဲဇလီကွေ့က ကောက်စိုက်မတွေကိုလား ဟူသည်ကား မသိပါ။ ဒေါသမှာမူ ပို၍ ကြီးလာသည်။ သို့အတွက် ထန်းသားရေကျော်ကို ရွရွ မနင်း၊ ညင်ညင်သာသာ မဖြတ်၊ အမျှင်အမျှင် ဖြစ်နေသည့် ထန်းသားအမျှင်သည် ငြောင့်တစ်ချောင်းအဖြစ် မချောစိန်၏ ခြေမ အသားထဲသို့ ချောမောစွာ စူးဝင်သွားလေ၏။
••••• ••••• •••••
၂
စလင်းချောင်းသည် ညောင်ကုန်းရွာနှင့် ရှားတော သုသာန်ကို ဗြောင်းဆန်အောင် ဖျက်ဆီးငြား ရမ်းဘိုကုန်း သော်မူ မထိပါး။ ရွာနောက်ဖေးက ချောင်းတိမ် ယာများသည် နှံစားပြောင်းများဖြင့် ဝေလွင်နေ၏။ ချောင်းရေက ယာများပေါ်အထိ တက်လွှမ်းခဲ့သဖြင့် ပြောင်းပင်တို့ အကြိုက် ကျနေသည်။
“ငါတို့ ကောင်းဖို့အတွက် ညောင်ကုန်းရွာဘက်မှာ ကမ်းပြိုတာတော့ မကောင်းပါဘူး”
တွေးရင်းက ရီးဆေးရိုးသည် ‘အင်း’ ခနဲ ညည်းညူသံ ပေးလျက် ကမ်းပါးစပ်တွင် ထိုင်၏။ ချောင်းရေသည် ရီးဆေးရိုး၏အောက်ဝယ် အဆိပ်မဲ့သော မြက်လျှောမြွေ တစ်ကောင်အလား ညင်သာနွဲ့နှောင်းသော ပုံဟန်ဖြင့် စီးဆင်းနေလေသည်။ ရီးဆေးရိုးသည် ကျောဘက်ရှိ ယာပြင်တန်းကြီးကို လည်ပြန်လှည့်၍ ကြည့်ပြန်၏။ စင်စစ် သူသည် နှံစားပြောင်း အားလုံး ရိတ်သိမ်း အပြီးတွင် နောက်တစ်လှည့် ဝင်ရမည့် အသီးကို စိတ်ကူးနေခြင်း ဖြစ်၏။
နေကြာပဲ ကြဲရ ကောင်းမလား၊ ခဝဲ၊ ပဲလင်းမြွေ ချရ ကောင်းမလား စဉ်းစားသည်။ နေကြာမှာ စီမံကိန်းလည်း ဝင်သည်။ ကြဲထားပြီးနောက် ပေါင်းလိုက်ရန် သာလိုသည်။ ရေလောင်းပေးရန် မလို။ ဆီထွက်သီးနှံမို့ ဈေးကွက်လည်း မပူရ။ သို့သော် တစ်ဦးတည်း ကွက်ပြီး နေကြာခင်းအဖြစ် ထီးတည်းကြီး တည်ရှိနေပါက ကျေးနှင့် စာ ဒဏ်ကို သေလုအောင် ခံပေရော့။ သို့ဖြစ်၍ ခဝဲနှင့် ပဲလင်းမြွေကို စိတ်ကူးပြန်သည်။ နှစ်ခုလုံး ပေါင်းလိုက်ရမည်။ ပဲလင်းမြွေမှာ အသီး မကျိုးအောင် အောက်က ငှက်ပျောဖက်ခံပေးရန် လိုအပ်သလို ခဝဲမှာလည်း ခရမ်းပိုး နှိပ်စက်လှသည်။
ရီးဆေးရိုးသည် ဖြူဖွေးသော ဆံပင်ငုတ်များကို လက်ဖြင့်သပ်မိ၏။ အင်း.. ငရုတ် ချရ ကောင်းမလား အကြံပေါ်လာစဉ်မှာပင် ‘ရွာနားက နီးနီး၊ ဟိုလူက တစ်တောင့် လာတောင်း၊ သည်လူက တစ်တောင့် လာတောင်း။ မပေးပြန်ရင် တိုထွာရာကျမည်။ ပေးပြန်ရင် လူတစ်ရာ ဝါးတစ်ရာ။ ဟာ ... မဖြစ်သေးပါဘူး’
အတွေးပေါ်လာသဖြင့် ချက်ချင်း ပျက်ပြားရပြန်၏။ ရီးဆေးရိုး၏ မျက်လုံးများက ရေစီးကြောင်း၏ ဟိုဘက်သို့ ရောက်သွားပြန်၏။ ကျနေ၏ နေခြည် အောက်၌ တောက်ပနေသည့် ငွေပွင့်များ တလက်လက် တတောက်တောက်။
သဲပြင်၏ အမျိုးအစားနှင့် အနေအထားသည် ကြက်သွန်ကြီးစိုက်လိုသူတို့ သွားရည်ကျစရာ။ သို့တစေ ဝါသနာပါ၍ သွားရည်ယိုငြား ရီးဆေးရိုး မလုပ်နိုင်ပါ။ နွားချေးချခြင်း၊ ဖွဲချခြင်း၊ ဓာတ်မြေသြဇာထည့်ခြင်းနှင့် ထွန်ယက်ခြင်းတို့အနက် ထွန်ရန် သက်သက်ကိုပင် ရီးဆေးရိုး အနိုင်နိုင်။ သို့သော် အလျား ဝါးနှစ်ပြန်၊ အနံ ဝါးတစ်ပြန်သာသာ ချောင်းတိမ်ယာကလေးကိုကား ...။
ရီးဆေးရိုး၏ မျက်လုံးများ ဝင်းတောက်လာသည်။ သည်မျှကိုကား သူ တတ်နိုင်သည်။ ထည့်သမျှသော မြေသြဇာများမှာလည်း ကိုယ့်ယာထဲမှာသာ ရှိနေမည်။ ရေစီးနှင့် ပါသွားစရာ မရှိ။ တစ်ခုကား စဉ်းစားစရာ ရှိ၏။ ချောင်းပြင်တွင်း ဆင်းစိုက်သော ကြက်သွန်မှာကား ‘စမ်း’ ရှိသဖြင့် ရေလောင်းရန် မလို။ ချောင်းတိမ်ယာမူ ‘မောင်းတက်’ ဖြင့် ရေလောင်းပေးရလိမ့်မည်။ ကြက်သွန်ဈေးက ယခုပင် ခုနစ်ကျပ် အထက်သို့ မြားပြနေသဖြင့် ရီးဆေးရိုး စိတ်အား တက်ကြွသည်။
“နေကြာကော”
နေကြာကိုလည်း ရီးဆေးရိုး သံယောဇဉ် မပြတ်။ ကြက်သွန်ကိုလည်း အာသီသ ပြင်းပြသည်။ သို့အတွက် ရေစီးကြောင်းဘေးမှ ခွာခဲ့သည်။ နေကြာ အဖော်ရှိလျှင် နေကြာကြဲမည်။ အဖော်မရှိပါက ကြက်သွန်စိုက်မည်။ ကင်ပွန်းခါးပင်များသည် ရမ်းဘိုကုန်းရွာ၏ ကျောပြင်ကို ဖုံးကွယ်ထားသည်။ အပွင့်ဝါများသည် ရေခပ် ဆင်းလာသော လှပျိုဖြူများအား လှောင်ပြောင်နေသည်။ ရွာပေါ်သို့ ရီးဆေးရိုး မတက်တော့ပါ။ လာလမ်းအတိုင်း ယာခင်းများကို တစ်ခုပြီး တစ်ခု ဖြတ်လာခဲ့၏။ အချို့ယာသည် ထွန်ယက်စ၊ အချို့မူ ထွန်ယက်ပြီး၊ အချို့သော်ကား မြက်သောသောနှင့် နလန် (နွားလှန်) သာ ရှိသဖြင့် ပကတိ နွားစားကျက်။
••••• ••••• •••••
၃
အိမ်ထဲသို့ ဝင်မိသည်နှင့် တစ်ပြိုင်နက်တည်း မချောစိန် သည် အရုပ်တစ်ရုပ် ကြိုးပြတ်သွားသည့်အလား ပုံကျ သွားသည်။ ဒေါသကို မေ့ပစ်နိုင်ငြား၊ ဆာလောင်ခြင်း နာကျင်ခြင်းတို့မူ ဖျောက်မရချေ။
မချောစိန်၊ ကိုထွန်းရတို့ အိမ်မှာ အိမ်ဆိုသည်ထက် တင်းကုပ်ကြီးနှင့် ပိုပြီးတူသည်။ မြေစိုက်ထန်းရွက်တဲကြီးမှ တံစက်မြိတ်များသည် မြေကြီးနှင့် ထိမတတ် နိမ့်ဆင်းထား၏။ အထဲတွင် လေးပုံသုံးပုံက မြေပြင်ကြီး။ သည်မြေပြင်ပေါ်တွင် အိုးများ၊ သပိတ်များ ဟိုနားတစ်စု၊ သည်နားတစ်စု ရှိသည်။ သည်အထဲ၌ သင်္ကြန်တုန်းက မရောင်းလိုက်ရသော အိုး အချို့လည်း ရှိ၏။ ပုတ်ပြီးပြီဖြစ်ငြား တစ်ဖိုစာမပြည့် သဖြင့် မဖုတ်ရသေးသော သပိတ်နှင့် ဆီအိုးမှာ အများစု ဖြစ်သည်။ ခေါင်းရင်းဘက်တွင် မိသားစုတစ်တွေ အိပ်စက်ရန်အတွက် အဆင့် ထိုးထားသော နေရာတစ်ရခုသာ ဝါးကြမ်းခင်း၍ ထရံ ကာထားသည်။ အခန်းရှေ့တွင် ကျောမှီ မပါသော ခုံတန်းလျားတစ်ခုနှင့် နွားသားရေခင်းသည့် ပက်လက်ကုလားထိုင် တစ်လုံး။ ဟိုဘက်တွင်ကား ဆန်ဆေးရည်နှင့် ကြက်သွန်ခွံနံ့တို့ တဟောင်ဟောင် လှိုင်နေသည့် ရေပုပ်အင်တုံ တစ်လုံး ဦးဆောင်သော မီးဖိုချောင်။
မချောစိန်သည် တန်းလျားပေါ်တွင် လှဲချပြီးနောက် တစ်အောင့်ကြာမှ တစ်အိမ်လုံး တိတ်ဆိတ်နေပါကလား သတိပြုမိသည်။ ယမန်နေ့က ထွန်တုံးပိတ်သဖြင့် အားလုံးပင် ကျောင်းသွားကုန်ကြပြီလော။ သည်နှယ်လည်း မဟုတ်။ နံနက်က မချောစိန် လယ်ပြင် သွားခါနီးတွင် သားစုံသမီးစုံကို အိမ်ရှေ့၌ မြင်ခဲ့ရသေးသည်။ မည်သို့ပင်ဖြစ်စေ၊ မည်သူတွေ မည်သို့ပင်ရှိရှိ သမီးကြီး ခင်ခင်ကြီး တစ်ယောက်ကား အိမ်တွင် မုချရှိရမည်။ သူသည် ရှစ်တန်းနှစ်ခါကျသဖြင့် ရှက်သည်ဆိုကာ ကျောင်းထွက်ထားသူ ဖြစ်၏။ အမေ မချောစိန် ကိုယ်စား အိမ်ထောင်ထိန်းသိမ်းရသူလည်း ဖြစ်ပေ၏။
“သမီးရေ၊ ရေတစ်ခွက်လောက် သမီးရယ်”
တိတ်ဆိတ်ခြင်းမှ တစ်ပါး အခြား တုံ့ပြန်မှု မရှိ။
“သမီး ခင်ခင်ကြီး”
ထပ်မံခေါ်ရင်း လက်ထောက်၍ ထသည်။ နံကြားက အောင့်သဖြင့် ရှုံ့ခဲ့ရသည်။ လည်ပင်းက နာသဖြင့် စုတ်သပ်ရသည်။ တိတ်ဆိတ်သော တင်းကုပ်ကြီး အတွင်းဝယ် မချောစိန် တစ်ယောက်တည်းပါ။ အဖော် ဟူ၍ ရေအိုးစင်မှ ရေစိမ့်ကျသံသာရှိသည်။ ရေအိုးစင် ပေါ်ရှိ သောက်ရေအိုးမှ ရေသည် အောက်ခံအင်တုံထဲသို့ တစ်ပေါက်ချင်း စိမ့်ကျနေ၏။ အစသော် ပလုံခနဲ ပလုံခနဲ လိုဏ်သံပါ၏။ အင်တုံထဲ၌ ရေများလာသော အခါ ပေါက်ခနဲ၊ ပေါက်ခနဲအသံသို့ ပြောင်းလာသည်။ သည်ရေကျသံကို အဖော်ပြုလျက် မချောစိန် ရှုံ့မဲ့ထသည်။
ရေအိုးစင်ဘေး အရောက်တွင် ချုပ်ထိန်းထားရသည့် ဒေါသက လူးလွန့်လာ၏။ ကြည့်လေ၊ ဦးချွန်ခမောက်ကလေးသည် ရေအိုးပေါ်တွင် မရှိ။ ရေခွက်ကို မျက်စိတစ်ကမ်း အတွင်း၌ မမြင်။ ရေအိုးက ဟောင်းလောင်းကြီး။ သို့ကြောင့် မီးဖိုချောင်သုံး ရေမှုတ်ဖြင့် သောက်ရန် မီးဖိုဘက်သို့ လှမ်းခဲ့သည်။ ရေမှုတ် မှာသာ အာရုံ ရောက်နေသောကြောင့် ထင်းခွဲဓားကို မမြင်။ မြင်စရာလည်း မလို။ ဓားထားနေကျနေရာက “ထင်းစင်” ဘေးမှာ မဟုတ်လား။
ထန်းသားရေကျော်တုန်းက ထန်းသားငြောင့် တစ်ချောင်း ခြေမတွင် စူးဝင်ထားခဲ့သည်။ ဓားသွားနှင့် တိုက်မိပါလျက် မရှငြား၊ အနာနှင့် တိုက်မိသဖြင့် မျက်ရည် ပိုးပိုးပေါက်ကျအောင် နာသည်။
“ဓားကို သတိထားတဲ့၊ ကိုယ့်ထိလည်း မကောင်းဘူး၊ တခြားလူထိလည်း ကိုယ့်မိဘနဲ့ ကိုယ့်ညီအစ်ကို မောင်နှမတွေပဲ၊ နေရာတကျထား”
ဓားကို ယူပြီး ဆော့တတ်သည့် အရွယ်ကတည်းက သင်ခဲ့သော အချက်။ မကြာခဏ သတိပေးခဲ့ရသော စည်းကမ်း။ နမော်နမဲ့ အရွယ်ပါ ဆိုရန်ကလည်း သင်း အသက်သည် ၁၅ နှစ် ရှိပြီ။ ပြီးတော့ အိမ်ထောင်ထိန်း။ မချောစိန် ဒေါသဖြစ်ရချေပြီ။ ဓားကို နေရာတကျ ထားအပြီး၌ ထမင်းရည်အိုးဘက်သို့ မျက်စိရောက်၏။ ထမင်းရည်တွေ လျှံကျနေသည်။ ထမင်းကြမ်းခဲ တစ်ခဲက သောင်တင်သော ငါးကြီးအာနန္ဒာ ဖြစ်နေ၏။
‘ထမင်းရည် အသစ် မငဲ့ခင်မှာ ထမင်းရည် အဟောင်းတွေ သွန်ပစ်ရတယ်။ ဒါမှ မတော်တဆ ထမင်းစေ့တွေ အန်ကျရင် ပြန်ယူလို့ ကောင်းတော့မပေါ့။ ထမင်းရည် အသိုးအပုပ်ထဲက ထမင်းစေ့တွေကို ပြန်ယူရင် တစ်အိုးလုံးကို ပုပ်စော်နံကုန်မှာစိုးလို့ အန်ကျတဲ့ ထမင်းစေ့တွေကို အဆုံးခံရရော’
သည်မျှ ပြည့်လျှံနေသည့် ထမင်းရည်အိုးပေါ်သို့ စောင်းတင်ပြီး ထမင်းရည်ငှဲ့ပါက ထမင်းအိုးနှုတ်ခမ်းမှာ ထမင်းရည်အဟောင်းထဲတွင် နစ်နေမည် မဟုတ်ပါလော။ သည်အချက်ကိုလည်း မချောစိန် တတွတ်တွတ် ရှင်းလင်းသင်ပြခဲ့ပြီးပြီ။ ထိုထမင်းရည်အိုးထဲသို့ စားကြွင်းစားကျန်တွေလည်း ထည့်သဖြင့် ခွေး ကျွေးချိန် မတိုင်သေးမီ လုံအောင် အုပ်ထားရမည်။ အုပ် မထားပါလျှင် ခွေးလာနှိုက်သဖြင့် ခွေးစားခွက် အဖြစ်သို့ ရောက်ရှိသွားမည်။ ထမင်းကြမ်းကျန်၍ စားမကုန်လျှင် ရေဆေးပြီး ခြေမွပါ။ ဆန်ကောထဲတွင် ဖြန့်ပြီး နေလှန်းပါ။ ရေနွေးပွက်ပွက်ဆူထဲသို့ ထမင်းခြောက်ကို ထည့်ပြီး ရေငှဲ့လိုက်ပါက ထမင်းဖြစ်သည်။ ထမင်းအဖြစ် မစားလို၍ ဆီပူထိုးလျှင် အဆာပြေ စားစရာတစ်မျိုး ဖြစ်လာသည်။
ရီးကျီးဒန့် လက်ထွက်၊ ရီးကျီးဒန့် သမီးပီပီ အကွက်အကွင်းကျကျ ရှင်းလင်းသင်ပြခဲ့ငြား၊ သမီးကြီးသည် အမေကြီး၏မြေး မပီသည်သို့၊ အမေ့သမီး မဟုတ်ဘိသို့ ‘ကပက်ကစက်’ လုပ်ထား၏။ ဒေါသကို မချောစိန် ထိန်း၍ မရပါ။ မရတော့ပါ။ ဖိုခနောက် (ဖိုခုံလောက်) သုံးလုံးပေါ်သို့ လှမ်းကြည့်သည်။
ဟင်းအိုးအဖုံးမှာ ပြာထဲသို့ စောင်းကျနေ၏။ အဖုံးအဖိ မရှိသည့်အတွက် ကျီးဝင်ထိုးခြင်း ဖြစ်သည်။ အိုးအဖုံးဘေးသည် ကြက်သွန်ထည့်သော ဆန်ဆေးတောင်း ထားသည့်နေရာ မဟုတ်။ “နေပါဦး၊ ဟင်းအိုးကို မဖုံးဖိနိုင်ရအောင်၊ ထမင်းရည်အိုးကို မအုပ်နိုင်ရအောင်၊ ကြက်သွန်တောင်းကို နေရာတကျ မထားနိုင်ရအောင် ဘာအရေးတကြီး ဖြစ်လို့လဲ” စိတ်ထဲက မေးရင်း မချောစိန်၏ ဦးခေါင်းသည် တံစက်မြိတ် အပြင်သို့ ရောက်သွားသည်။ အိမ်သာဘက်သို့ လှမ်းကြည့် ပြီးမှ နွားတင်းကုပ်၊ တင်းကုပ်ပြီးမှ နွားစာစဉ်းသော ခြေနင်းစင်။
နွားစာစဉ်းသော ခြေနင်းဓားစင်ပေါ်တွင် ပြောင်းဖူးပင်အချို့နှင့် ကောက်ရိုးထုံးကြီးရှိသည်။ ကောက်ရိုးထုံး ကွယ်နေသည့်အတွက် ခင်ခင်ကြီးကို မမြင်ရ။ သို့ရာတွင် ဖွင့်လျက်ထားသော စာအုပ် တစ်အုပ်ကိုကား မချောစိန် မြင်ရသည်။ ဓားရှေ့ရှိ နွားစာစဉ်းသော ရေတံလျှောက် အောက်မှာ နွားစာခံသော ခြင်းကြားတောင်း ရှိသည်။ သည်တောင်းကို လှမ်းကြည့်သည်။ စဉ်းပြီးသား နွားစာ တောင်းဝက်ပင် မရှိသေး။ မချောစိန် ဝါးခြမ်းပြားကို လှမ်းဆွဲသည်။ ဝတ္ထုဖတ်နေတဲ့ မိန်းမ လာခဲ့စမ်းဟေ့ လှမ်းခေါ်သည်။
“ဝတ္ထုဖတ်နေတဲ့ မိန်းမ လာခဲ့စမ်းဟေ့၊ ဟိုမှာ ထမရည် (ထမင်းရည်) အိုး ဘာဖြစ်နေလဲ၊ ဟင်းအိုးအဖုံး ဘာပြုလို့ ပွင့်နေတာလဲ၊ ဒါ ကြက်သွန်တောင်း ထားတဲ့ နေရာလား”
သည်အသံများ ရီးဆေးရိုး၏ နားထဲသို့ ဝင်လာသည်။ ဝင်လာပုံက ရိုးရိုးမဟုတ်၊ ပို၍ပို၍ ကျယ်လောင်လာသည်။
“မောင်မြမင်းရေ တော်တော်ကြာမှ တစ်ခေါက် လာခဲ့ဦးမယ်ကွာ။ နေကြာ ကြဲမယ့် အဖော်ရလို့ ဝမ်းသာပေမယ့် အေးကွာ ခဏ ခဏ "
ရီးဆေးရိုးသည် စောင်ရန်းတန်း တစ်ခုသာ ခြားသော သမီးအိမ်ဘက်သို့ သုတ်ခြေတင်ခဲ့သည်။ မတင်၍ မဖြစ်။ လယ်ပိတ်ရေးအတွက် သူ့သမီး အဘယ်မျှ ကိုယ်ရောစိတ်ပါ ဆင်းရဲကြောင်း သိသည်။ သူ့မြေးမ မည်မျှ နမော်နမဲ့နိုင်ကြောင်းလည်း ရီးဆေးရိုး သိသည်။ သိငြား၊ ထုံထုံနုံနုံ သည်မြေးမကို သူ အတွယ်အတာ ပိုရသည်။
“ကြောက်ပါပြီ အမေရဲ့၊ နောက်ကို မဖတ်တော့ပါဘူး အမေရဲ့၊ နောက်ကို အမေ ခိုင်းသလို လုပ်ပါ့မယ်”
တဗုန်းဗုန်း တရွှမ်းရွှမ်း ဝါးခြမ်းပြားသံများနှင့် ခင်ခင်ကြီး၏ ငိုသံသည် ‘ဟဲ့ မိန်းကလေး’ အော်သံပေါ် လာလျှင် လာချင်း တုံ့ခနဲ ရပ်သွားလေ၏။ မြေးမ၏ အားထားသောမျက်နှာ။ သမီး၏ ညှိုးချုံးဝမ်းနည်း မျက်နှာ။
“မိန်းကလေးရယ် … ဒေါသဖြစ်နေတုန်းမှာ ကလေးတွေကို မရိုက်ပါနဲ့ဟယ်၊ ကလေးရဲ့ အပြစ်က နည်းနည်းပေမဲ့ ဒေါသတွေ ပုံချမိတော့ ကလေးခမျာ နာရှာမှာပေါ့ မိန်းကလေးရယ်”
မချောစိန်သည် ဝါးခြမ်းပြားကို ပစ်ချသည်။ တံစက်မြိတ်လက်ခံတိုင် ခြေရင်းရှိ ထန်းဖုံးဖတ် ဖင်ထိုင်ခုံကို ဆွဲယူထိုင်သည်။ ဒူးပေါ် လက်တစ်ဖက် တင်ပြီး ခေါင်းကို အုပ်လိုက်သည်။
“သမီးလိုလူတွေ အများကြီးပါပဲ သမီးရယ်။ မခံချင်စိတ်တွေ၊ ဒေါသစိတ်တွေနဲ့ ကလေးကို မဲရင် မှားမှာပေါ့။ ကိုယ်ရိုက်ရင် ခံရမယ့် ကိုယ့်သမီး မဟုတ်လား”
ရီးဆေးရိုး၏ စကားအဆုံးတွင် မချောစိန်သည် ဆိုင်းမဆင့် ဗုံမပါဘဲ ဟီးခနဲ ငိုချလိုက်လေ၏။ တစ်ပြိုင်နက်တည်းမှာပင် ခေါင်းပေါင်းပုဆိုးစုတ်ကို ဆွဲချပြီး မျက်နှာကို အုပ်ထားလိုက်လေ၏။ ရှိုက်ကြီးတငင် ငိုသံသည် ပုဆိုးစုတ်အောက်မှ သဲသဲမဲမဲ ထွက်ပေါ်နေငြား ရီးဆေးရိုး နှစ်သိမ့်ရန် သတိမရ။ ဪ.. သူ ကိုယ်တိုင်သည်ပင် နက်ရှိုင်းစွာ ငေးမောနေသည် မဟုတ်လား။
▢ ဆင်ဖြူကျွန်းအောင်သိန်း
📖 ကိုဆေးရိုး ပေါင်းချုပ်
No comments:
Post a Comment