❝ ကြုံမှသိ ထိမှနာ ❞
( မေသန့်နိုင် )
ကျွန်မတို့ ပရဟိတအဖွဲ့ Plan တစ်ခု ချမှတ်ခဲ့ကြပါတယ်။ လက်တွေ့ အကောင်အထည် ဖော်ဖို့ မြို့နယ်အတွင်းမှာ ရှိတဲ့ ရပ်ကွက်တွေထဲ တစ်အိမ်ဝင် တစ်အိမ်ထွက် အလှူခံ ထွက်ခဲ့တယ်။ ကျွန်မနဲ့ အလွန် ခင်မင်ရင်းနှီးတဲ့ အန်တီနှောင်း အိမ်ကို ရောက်လာတယ်။ အန်တီနှောင်းတို့ မိသားစုနဲ့ ကျွန်မက အတော် ရင်းနှီးကြတယ်။ ပြီး တစ်ရပ်ကွက်တည်းသားတွေ။ သူ့ခင်ပွန်း ဦးတောက်ထွန်း မကျန်းမမာ ဖြစ်တုန်းက သူနာပြုဆရာမ ဖြစ်တဲ့ ကျွန်မ ကိုယ်တိုင် ဂရုတစိုက် ပြုစုပေးခဲ့ဖူးတယ်။ ဒါကြောင့် အန်တီနှောင်း ထံက အလှူငွေ စို့စို့ပို့ပို့လေး ရလိမ့်မယ်လို့ ကျွန်မ မျှော်လင့်အားကိုးခဲ့မိတယ်။
“အန်တီနှောင်း... ကျွန်မတို့အဖွဲ့ အလှူခံ လာတာပါရှင့်။ ခိုကိုးရာမဲ့ HIV ဝေဒနာရှင်တွေ စောင့်ရှောက်ထားမယ့် ဂေဟာ ဆောက်ဖို့ အတွက်ပါ။ တတ်နိုင်သလောက်လေး လှူပါဦးနော်”
“အိုအေ... ရှုပ်ရှုပ်ယှက်ယှက်။ သူတို့ဟာ သူတို့ ကမြင်းကြောထလို့ ရောဂါဖြစ်တာပဲ ငါတော့ မလှူနိုင်ပေါင်”
••••• ••••• •••••
ဒီနေ့တော့ ကျွန်မ ထင်မှတ် မထားခဲ့သူ အန်တီနှောင်း တစ်ယောက် ကျွန်မတို့ရဲ့ ဂေဟာကို ရောက်လာပါတယ်။
“ဆရာမလေးရေ... အန်တီ့ကို ကူညီပါဦး။ အန်တီ့သား အငယ်လေးမှာ HIV ပိုး ရှိနေလို့ သားကြီးနဲ့ သမီးကြီးက အိမ်မှာ လုံးဝ လက်မခံတော့ဘူး။ အန်တီလည်း အကြီးတွေ လုပ်စာ စားနေရတာ။ အငယ်ကောင်အတွက် ဒုက္ခ ရောက်နေရပြီ။ ဆရာမလေးရယ် ကူညီပါ။ အငယ်ကောင်ကို ဒီဂေဟာမှာ လက်ခံပေးပါနော်”
ပြောရင်း စီးကျလာတဲ့ မျက်ရည်ကို လက်ခုံနဲ့ သုတ်နေပါတယ်။
ဒေါ်နှောင်း စကားအဆုံးမှာတော့ လွန်ခဲ့တဲ့ ၅ နှစ်လောက်က သူ့အိမ်ကို ကျွန်မတို့ ပရဟိတအဖွဲ့ အလှူခံသွားစဉ်တုန်းက ပြောခဲ့တဲ့ စကား ကျွန်မ နှလုံးသားမှာ ပဲ့တင်ရိုက်ခတ် ပြန်ကြား ယောင်လာတယ်။ လူ့လောက လူ့သဘာဝကို ကျွန်မ...။ ။
▢ မေသန့်နိုင်
📖 မဟေသီ မဂ္ဂဇင်း
ဇူလိုင်လ ၊ ၂၀၂၀
No comments:
Post a Comment