Friday, August 14, 2026

ဝါကြောင်းပေါ်မှ တရားသံဝေ

❝ ဝါကြောင်းပေါ်မှ တရားသံဝေ ❞
( ဆင်ဖြူကျွန်းအောင်သိန်း )

“နင်တို့ ကျောင်းပိတ်ရက်နဲ့မှ လာပြီး ဆုံတတ်ပလေတယ်တော်၊ အကျိုးနည်း ကျွက်ကျွက်ရိုက်နေတာပဲ။ နင်တို့ ကူဖော်လောင်ဖက် ရတာနဲ့ နင်တို့ကို ပြောရတာနဲ့ မကာမိဘူး”

အမေကြီး မြည်တွန်တောက်တီးပြီဆိုလျှင် လက် ပါတတ်သည်။ သည်အကျင့်ကို သတိထားရ ကောင်းမှန်း သိသူမှာ ငတက်ပြားမ မိမိထွေး ဖြစ်၏။ အမေကြီး ပါးစပ်ကသာ ပြောနေသလား၊ မျက်လုံးက ဘာလုပ်နေသလဲ။ သည်အချက်ကို ငတက်ပြားမ အကဲခတ်လိုက်သည်။ သူ အကဲခတ်သည့်အတိုင်းပင် ရီးကျီးဒန့်မျက်လုံးက မြေပြင်ပေါ် ရှပ်တိုက်ပြေးသွားနေသည်။ ရိုက်စရာ၊ ခေါက်စရာ၊ ထစ်စရာ၊ ပစ်စရာ။ သည်အခါ ငတက်ပြားမတို့ မယ်မဆော့ပေါင် စိပ်ပုတီးနှင့် ရသေ့ကြီးဟန်ဖမ်းကာ ခပ်ဝေးဝေးသို့ ခွာ၏။ အရေးထဲတွင် တုတ်ချောင်း သစ်ကိုင်းများက ရှားပါဘိ။ စက်ထယ် စက်ထွန် နှစ်လွှာတွင် နွားထွန် ခြောက် စပ်မွှေပြီးမှ ရေသွင်းထားသောကြောင့် ထွန်ရေးပြင်မှာလည်း ခဲလုံး လတ်လတ်သော်မျှ မရှိ။ ငတက်ပြားမ သူတော်ကောင်းယောင် ဆောင်သွားသော်ငြား ခင်ခင်ကြီးနှင့် ခင်မောင်ငြိမ်းတို့ သတိမထားမိ။

“နင်က စပေါက်လို့ ငါပေါက်တာ”

“ဘယ်တုံးကလဲ၊ ဘယ်တုံးကလဲ”

ခင်ခင်ကြီးမှာ မချောစိန့်သမီး။ ခင်မောင်ငြိမ်းမှာ မလှမေသား။ သည်ထွန်ရေးပြင်ထဲတွင် မအေနှစ်ယောက်လုံး ရှိနေသည်။ ရှိပေမင့် လှည့်မပြောအား။ ရီးဆေးရိုး ဆွဲသွားသော ဂျောင်း (ကြောင်း) ထဲတွင် ဝါစေ့တွေ လိုက်ချကာ ဖင်ဒရွတ်ရွှေ့နေရသည်။ သူတို့ ဘေးတွင် တစ်ညဉ့်သိပ် ရေစိမ်ပြီးသော ဝါစေ့တောင်းကလေးတွေ ရှိသည်။ တောင်းဘေးတွင် အရိုးတပ်ထားသော အုန်းမှုတ် (ရေမှုတ်) တန်းလန်းနှင့် သံပုံးတွေရှိသည်။ တစ်ကျင်းကို ဝါစေ့ချလိုက်၊ မြေပြန် ဖုံးကာ ရေတစ်ခွက်လောင်းလိုက်၊ ဖင်ရွှေ့ကာ ရှေ့တိုးလိုက်ဖြင့် အလုပ်တွင်ကျယ်ရေးတွင် အာရုံစိုက်နေကြသည်။ နဖူးမှ စီးကျလာသော ချွေးကို မသုတ်သင် အားသလို ဖင်တွင်ပေနေသော မြေကြီးကိုလည်း မခါနိုင်။ သို့ကြောင့် ရီးကျီးဒန် မာန်မဲမြည်တွန်သံ ကြား ငြား လှည့်မကြည့်နိုင်ပေ။

ကလေးနှစ်ယောက်သည် ဝါစေ့ချသူများ၏ ဘေးတွင်ရှိသော သံပုံးများထဲသို့ မြောင်းရေကို မြေအိုးကိုယ်စီဖြင့် သယ်ခပ်ထည့်ပေးသူများဖြစ်၏။ ရေသုံး အားနည်းသောကြောင့် ကလေးတွေ၏ ဖြည့်အားက နိုင်နေ၏။ ကလေးတို့ သဘောမှာ ရေမြင်လျှင် မြူး၏။ သည်ရေထဲဆင်းပြီး ရေခပ်ရင်း တစ်ယောက်ကို တစ်ယောက် ပက်၏။ အစတွင် ရေဖြင့် ပက်သည်။ ရေဖြင့် ပက်၍ မထိရောက်ဟု ထင်သဖြင့် ရွှံ့ဖြင့်ပက်၏။ သည်မှတစ်ဆင့် ရွှံ့ခဲဖြင့် ပစ်ကြ၊ ပေါက်ကြသောအခါ အင်္ကျီ၊ လုံချည်များသာမက မျက်နှာများတွင်ပါ ရွှံ့စက်ဖြင့် မည်းသဲနေပြီ။ လက်ဖြင့် ပစ်ကြ ခတ်ကြရာမှ သူက စသည်၊ ငါက စသည် ရမယ်ရှာကာ အမေ့လှမ်းတိုင်သူက တိုင်၊ အမေကြီးအမည် ဦးတည်ကာ ဟစ်သူက ဟစ်။

“ဘယ်တုံးက ငါက စပေါက်လဲ၊ ပြောလေ”

ခင်မောင်ငြိမ်းသည် ပါးစပ်ကလည်း မေးရင်း ခင်ခင်ကြီးကို ပခုံးဖြင့် ဝင်တိုက်ရာ ခင်ခင်ကြီး ရွေ့သွား၏။

“ငတက်ပြား မြင်တယ်၊ နင် စပေါက်တာ”

“အထွေး၊ နင်မြင်လား”

မိမိထွေးကို လှမ်းမေးနေဆဲတွင်ပင် သူတို့ဘေးသို့ ရီးကျီးဒန် ရောက်လာ၏။ ကြေးနောင်တီးသလို အုန်းမှုတ်ဖြင့် ‘ဂေါက်ဂေါက်’ ပါအောင် ခေါက်ပစ်လိုက်သည်။

“စကားများလိုက်ဦး၊ ရန်ဖြစ်လိုက်ဦး၊ စလိုက်ဦး”

စိတ်ဆိုးလွန်း၍သာ ခေါက်ရထစ်ရငြား မြေးတွေ သိပ်နာသွားမည် စိုးသဖြင့် ထပ်မခေါက်။ ခေါင်းပေါက်ပြီး သွေးများ ထွက်ကုန်ပြီလား ဟူ၍ မရဲတရဲ တွေးရင်း အကဲခတ်ရသေး။ ကလေးနှစ်ယောက်လုံး မငို။ ခေါင်းကို တအား ပွတ်နေကြသည်။

“တစ်ယောက်နဲ့ တစ်ယောက် စရတာ၊ ရန်ဖြစ်ရတာ တော်တော် အရသာရှိသွားသလားဟင်။ တယ် ငါ လုပ်လိုက်ရ”

မြေးတွေ သိပ်မနာကြောင်း သိတော့မှ ရီးကျီးဒန် ထပ်မံကြိမ်းမောင်းသည်။ အုန်းမှုတ်ဖင် အချွန်ကြီးဖြင့် ရွယ်သည်။ တစ်ဆက်တည်း မျက်လုံးဝေ့လိုက်ရာ၊ တရားဓမ္မဖြင့် ထုံသော ရသေ့သမီး ဗေဒါရီ ရေခပ်ပြန် လာသလို မျက်နှာသေသေဖြင့် ရေအိုးရွက်လာသော ငတက်ပြားမ။

“ဟိုကောင်မလည်း သတိထား... ဟင်း”

မိမိထွေး မျက်လုံးတစ်ချက် ဝေ့ကြည့်ရင်း စိုက်ခင်း ကြောင်းများကြားသို့ ဆင်းသွားသည်။ သံပုံးတစ်ပုံးတွင်းသို့ ရေသွန်ချနေသည်။ သည်ပုံဟန်ကောင်းနေခြင်းကို ရီးကျီးဒန် မကြိုက်။

“ဘာ ခုမှ ကြွက်ကတိုးမျက်နှာ လုပ်မနေနဲ့”

မိမိထွေးတို့ လည်လိုက်ပုံများ ရီးကျီးဒန် မဲလျှင်လည်း မဲချင်စရာ၊ ယခုကြည့်။

“ဘဘ၊ သမီးလည်း ဘာမှ မလုပ်ဘဲနဲ့ အမေကြီးရယ် ဆဲနေတယ်”

ထွန်ဖြုတ်ပြီး ညောင်ပင်ရိပ်ဆီသို့ အသော့လှမ်းလာသော ဘိုးအေ ရီးဆေးရိုးအား ဆီးတိုင်ခြင်းဖြစ်သည်။

“အေး အေး၊ ဘ ရိုက်လိုက်ဦးမယ်”

မြေး သဘောကျစေရန် သဘောကျမည့် စကားလုံးကို တမင် ရွေးပြီးပြောလိုက်ခြင်းဖြစ်ရာ မိမိထွေး ကျေနပ်သွားသည်။

“မေကြီးနော်၊ ဘကို မကြောက်ဘူးလား”

အော်လျက် မြောင်းဘက်သို့ ပြေးလေ၏။

ရီးဆေးရိုးသည် ညောင်ပင်အောက် ဝင်ထိုင်မိလျှင် ထိုင်မိချင်း ရေနွေးကြမ်း တစ်ပန်းကန်ကို ငှဲ့ သောက်သည်။ လက်ဖက်ခြောက်ဖတ်များထဲမှ တိုးထွက်ရသော ရေမှာ နည်းပါးနေပြီမို့ ဖန်လှသည်။ လျှာဖျားတွင် တစ်ခွက်ဖြင့် စွဲသွားသည်။

“ကောင်းပါ့၊ ကောင်းပါ့”

လျှာဖျား အရသာကို ကျေနပ်သည့်နည်းတူ ဝမ်းခေါင်းတစ်လျှောက် အေးဆင်းသွားသည့်အတွက်လည်း ရီးဆေးရိုးစိတ်တွင် ငြိမ်းချမ်းသွား၏။ သို့တစေ မျက်နှာပြင်မှ ချွေးမတိတ်သေး။ ပြိုက်ပြိုက်ကျနေဆဲ။ လည်ပင်းမှ စီးဆင်းလာသော ချွေးစီးကြောင်းသည် ရင်ညွန့် ရင်အုံမှ ချွေးချောင်းငယ်များနှင့် ပေါင်းဆုံကာ ဝမ်းသမုဒ္ဒရာဒေသသို့ ချွေးမြစ် အဖြစ် စီးဆင်းနေ၏။

ကန်သင်းဆုံတွင် လှန်ထားခဲ့သော နွားနှစ်ကောင်ကို လှမ်းကြည့်ရင်း လက်တစ်ဖက်က ညောင်ခေါင်းအောက်ခြေသို့ နှိုက်၏။ ဆေးလိပ်တိုကို စမ်းခြင်းဖြစ်သည်။ ညောင်ပင်ခြေရင်းတွင် ကပ်ထားပါက မျောက်ရှုံးအောင် ဆော့သော မြေးတွေ တက်နင်းမည်။ အခြားနည်းဖြင့် ဆော့ချင် ဆော့ပစ်မည် စိုးသည်။ သို့ကြောင့် စိတ်ချရသော နေရာတွင် သိမ်းထားရသည်။ အလှည့်ဘက်မှ နပိုက်ကလေးမှာ မိုးဦးကျကာမှ ထမ်းပိုးကျင့်ခဲ့ရငြား ယခု အသားကျနေပြီ။ သူက တက်နွား၊ အတိုင်နွားမှာ ကျနွား။

ဆောင်းလက်ကျန် ပန်းတော်နီမြက်များမှာ တံစဉ်ဖြင့် ရိတ်လောက်အောင်လည်း မရှည်။ သို့ကြောင့် နွားတွေကို ကန်သင်းတွင် လှန်ပစ်ခဲ့ခြင်းဖြစ်သည်။ အတိုင်နွားကြီး အဟပ် အမျို နှေးသလောက် နပိုက်ကလေး နက်ကျော်မှာ မြန်လှသည်။ နက်ကျော်သည် နွားပေမင့် လူနှယ်ပင် ဉာဏ်ရှိသည်။ ရီးဆေးရိုးက နက်ကျော်ကို ထွန်ကိုင်းတွင် ချည်ထားကာ လှန်ပစ်ခဲ့၏။ အတိုင်နွားကိုမူ နှစ်လံမျှဝေးသောနေရာတွင် ထမ်းပိုးတုံးကို ချည်၍ လှန်ပစ်ခဲ့၏။ သည်နှယ် မချည်၍ မရ။ သည်ရာသီက နမြိုင်လိုက်စ။ မတော်တဆ နမြိုင်အုပ်နောက် ပြေးလိုက်သွားသော် လိုက်ရန် မလွယ်။ ဤသို့ တစ်ကောင်နှင့် တစ်ကောင် နှစ်လံ ကျော်၊ သုံးလံနီးပါး ခွာပြီး လှန်ထားခဲ့ရာတွင် နက်ကျော်သည် သူနှင့် နီးသောနေရာတွင် မစား။ နွားအိုကြီး ဘက်သို့ ကြိုးအဆုံး သွား စားသည်။ စားစရာကုန်တော့မှ နောက်ဆုတ်ပြီး ကိုယ့်ဘက်ကိုယ် စားလိမ့်မည်။

နွားနှစ်ကောင်ကို လှမ်းကြည့်ရင်းမှ မျက်စိများသည် ဝါကြောင်းဘက်သို့ ရောက်သွားပြန်၏။ ဝါ စိုက်ရန် ကြောင်းဆွဲရသည်မှာ လက်ဝင်လွန်း၏။ ခုနစ်သွားထွန်ကို နှစ်သွားတည်းတပ်ကာ ဆွဲရသည်။ တစ်ခေါက်မောင်းမှ နှစ်ကြောင်းတည်း။ ထွန်သွားအရှည်မှာ တစ်ထွာကျော်ရုံသာ။ ရှိလှလျှင် တစ်ထွာနှင့် သုံးလေးသစ်။ တစ်သက်လုံး လယ်လုပ်လာသူ ရီးဆေးရိုး အတွက် သည်ကြောင်းကို မျက်စိမှိတ်ပြီး ဆွဲနိုင်သည်။ သို့ဖြစ်ပါလျက်နှင့် နောက်ဆုံး နှစ်ခေါက်တွင် ဖြစ်ရပုံများကို သံသယဝင်သည်။ ယမန် နေ့တစ်နေ့လုံး ကြောင်းဆွဲစဉ်က အကောင်းသား၊ အဖြောင့် သား။ သည်နံနက်လည်း တစ်မနက်လုံး ဘာမျှ မဖြစ်။ ဟော ကြောင်းလေးကြောင်းစာ၊ ထွန်နှစ်ခေါက်စာသာ ကျန်တော့မှ ဖြစ်ရသည်။ နောက်ဆုံး နှစ်ခေါက်၏ ပထမခေါက် မောင်းလာပြီး တစ်ဝက်လောက် အရောက်တွင် ခေါင်းထဲမှ မိုက်ခနဲ ဖြစ်သွား၏။ ထွန်တုံးပေါ်မှ လိမ့်ကျတော့မည့်နှယ် ယိုင်သွားသဖြင့် ထွန်ကိုင်းကို ကိုင်ထားလိုက်ရသည်။ ပိတ်ထားသော မျက်လုံးထဲတွင် အရောင်မျိုးစုံ ယှက်သန်း ပွက်လှိုက်နေသည်။ ခေါင်းထဲကလည်း တရိပ်ရိပ်နှင့်။ ရီးဆေးရိုး ဖြစ်နေပုံကို တစ်ယောက်ယောက် မြင်လျှင် ပြေးလာမည် မုချ။ သို့သော် လူကြီးသုံးယောက်မှာ အလုပ်တွင်ရေး၌ အာရုံပြင်းပြနေကြသလို၊ ကလေးတွေမှာလည်း ဆော့လှောင်ရေးနှင့် ရေမပြတ်ရေးမှာသာ ဇောစိုက်နေကြ သည်။ ထို့ကြောင့် ရီးဆေးရိုး ကိုရော နွားနှစ်ကောင်ကိုပါ သတိ မမူမိကြ။ ခေါင်းထဲ ကြည်လာတော့မှ ရီးဆေးရိုး မျက်လုံးဖွင့်မိသည်။

“ဟင် ဘယ်လိုဖြစ်ကုန်တာလဲ” အော်မိသည်။ စဉ်းလည်း စဉ်းစားသည်။

“ငါ မြောက်ဘက်ကို ဦးတည်မောင်းလာတာပါ။ ကန်သင်းကိုလည်း မရောက်သေးဘဲနဲ့၊ ဟာ ဒုက္ခပါပဲ”

ထွန်သည် ကြောင်းဆွဲပြီးသား နေရာတစ်နေရာသို့ ပြန်ရောက်နေသည်။ ထွန်ဦးလည်း တောင်ဘက်သို့ လှည့်နေသည်။ “မဖြစ်သေးပါဘူး” ပြောကာ နွားနှစ်ကောင်ကို စုတ်သပ်ပြီး ရပ်သည်။ နောက်ကြောင်းသို့ ပြန်လှည့်လာကာ စစ်ဆေးသည်။ တွေ့ပြီ။ ထွန်ကွေ့ရာကြီး။ ထွန်ကွေ့ ရာကြီးမှာ အတိုင်ဘက်မှ ချိုင့်နေသည်။ သည်အခါကျမှ ဖြစ်ပုံပျက်ပုံ အလုံးစုံကို ရီးဆေးရိုး ဆင်ခြင်မိပြီး သဘောပေါက်သည်။

ခေါင်းထဲမှ မိုက်ခနဲဖြစ်ကာ ရီးဆေးရိုး ယိုင်သွားခဲ့၏။ ယိုင်သောဘက်မှာ အတိုင်ဘက် ဖြစ်သည်။ လူ၏ ဖိအားကလည်း အတိုင်ဘက်သို့ ပိသွားသော အခါ အားနည်းသော အတိုင်နွား အသွားပျက်သွားသည်။ တွန့်သွားသည်။ အတိုင်နွား အသွားပျက်သည့်နည်းတူ အလှည့်နွားပါ အသွားပျက်လျှင် ပြဿနာမပေါ်။ ယခုသော် အတိုင်နွားမှာ အားကလည်း ကောင်း၊ ဝန်ကလည်း ပေါ့သွားသဖြင့် အသွားမပျက်။ ဆက်သွားသောအခါ ထိုးကွေ့သလို ဖြစ်သွားသည်။ မြောက်ဘက်သို့ သွားသော ထွန်သည် သည်နည်းဖြင့် တောင်ဘက်သို့ ရောက်လာရခြင်း ဖြစ်ပေမည်။ မည်သို့ ဖြစ်စေကြောင်း မမှန်တော့သည့်အတွက် ကြောင်းဆွဲသူတွင် တာဝန်ရှိသည်။ သည်တာဝန်ကို ရီးဆေးရိုး ရိုးသားစွာ လက်ခံသည်။ ကြောင်းသွား နှစ်သွား ဖြုတ်ပစ်ပြီး လျှောက်မောင်းရတော့သည်။ ကြောင်းမမှန်သော နေရာတွေကုန်တော့မှ ကြောင်းသွား ပြန်တပ်ရ ပြန်ဆွဲရပြန်သည်။

မူလမှန်းစဉ်က ဆွမ်းခံဝင်ချိန်လောက်တွင် ပြီးစီးမည် မျှော်လင့်ခဲ့ငြား ယခု ဆွမ်းခံပြန်ချိန်နီးမှ ပြီးစီးတော့သည်။ ပြီးစီးသည်မှာလည်း နောက်ဆုံး တစ်ခေါက် ထွန်ကြောင်း မပျက်သောကြောင့်ဖြစ်သည်။ ထိုအခေါက်တွင်လည်း ရုတ်တရက် နံကြားထဲမှ ထိုးအောင့်၏။ ရီးဆေးရိုး အသက်ရှူ မှားသွား၏။ ဟန်နေဟန်ထား မပျက်အောင် သတိထားလိုက်သဖြင့် ထွန်ကြောင်း အနည်းငယ် ပိုနက်ပြီး မဆိုစလောက်ကလေး တွန့်သွားသည်။

“ဘာဖြစ်တာလဲ၊ လေတံကျင် လေတံစို့ ဆိုတာများလား”

“လေ” ဆိုသော စကားလုံး အတွေးထဲသို့ ဝင်လာသောအခါ ရီးဆေးရိုး ဖျတ်ခနဲဖြစ်သွား၏။ သက်တူရွယ်တူ သူငယ်ချင်း ဦးဘသောင်း၏ စကားကိုလည်း ကြားယောင်ရ၏။

“၆ဝ တောင် ကျော်တော့မယ့်ဟာပဲကွာ။ ဒီအရွယ်ဟာ လေပိုင်းကွ။ တော်ကြာ ခြေက ဖောသလိုလို၊ တော်ကြာ မျက်နှာက အမ်းသလိုလို ဖြစ်တတ်တာပါပဲကွာ”

စင်စစ် ဦးဘသောင်းက အရက်သမား။ သူ့မျက်နှာ ထူပွနေခြင်းကို ရီးဆေးရိုး ပြောမိရာမှ အရွယ်နှင့် လေကို လွှဲချသွားသည်။ ရီးဆေးရိုး ထင်ခဲ့၊ ပေါ့ပေါ့ သဘောထားခဲ့၏။ ဟော ကိုယ်ရေးကြုံပြီမို့ ပေါ့ပေါ့ ထားခဲ့သောစကားကို အလေးအနက် ပြုမိပြီ။

“ကိုယ်တစ်ခြမ်းသေတာတို့၊ ထောင့်သန်းသေတာတို့၊ တစ်ပိုင်းသေတာတို့လည်း လေဖြတ်တယ် ခေါ်တာပဲ မဟုတ်လား” ဆက်၍ တွေးရာမှ ဘုရား တမိသည်။

“ဘုရား ဘုရား ခုနေများ ဖွဟဲ့ လွဲပါစေ ဖယ်ပါစေ၊ ငါများ လေဖြတ်သွားရင် ဒီဝါခင်းကို ဘယ်သူ မှုန်းပါ့။ ဒီဝါခင်းကို ဘယ်သူဆေးဖျန်းပါ့။ ဟို ချန် ထားတဲ့ အကွက်တွေကို ဘယ်သူ နှမ်းကြဲပါ့။ သားနဲ့ သမက်ကလည်း သူတို့အလုပ်နဲ့ သူတို့ ဂျင်ခြေလည် နေကြတာ”

ဤအခိုက်တွင် ရီးကျီးဒန်သာ ရောက်မလာခဲ့လျှင် ရီးဆေးရိုးမှာ ကိုယ့်အတွေးနှင့် ကိုယ် စိတ်ပင်ပန်းရချေတော့မည်။

“တော့်မြေး မျောက်တွေကို ခေါ်ပြီး နေမပူခင် ပြန်တော့လေ”

မရေရာသော အတွေးထဲမှ ရီးဆေးရိုးသည် ရေရာသော နေရာသို့ ချက်ချင်း ပြန်ရောက်လာ၏။ “ဟေ” တစ်လုံးဆိုကာ အိပ်မက်မက်သူနှယ် ထရပ်၏။ နွားများ ထားရာဘက်သို့ လေးငါးလှမ်း လျှောက်သွားပြီးမှ ပြန်လှည့်လာ၏။

“ညည်းတို့ကကော”

ရီးကျီးဒန် ဆေးလိပ်မီးညှိနေသည်။ သို့သော် ရီးဆေးရိုး ပြောပုံကို သဘောမကျသောကြောင့် ဆေးလိပ်တစ်ဖက် မီးစတစ်ဖက် ကိုင်ထားရင်း မော့ကြည့်၏။

“ရော်… တော်ပဲ ညက ပြောတယ်မဟုတ်လား။ ငါက စောစောပြီးမှာ။ အိမ်ပြန်ရောက်မှ အေးအေးဆေးဆေး စားမယ်။ ငါ့အတွက် ထမင်းမယူခဲ့နဲ့၊ နွားလည်း အိမ်ရောက်မှ ကျွေးမယ်ဆို”

“ဟုတ်သားပဲ”

ရီးဆေးရိုး လှည့်ထွက်သွားသည်။ ရီးကျီးဒန်လည်း သမီးနှင့် ချွေးမအတွက် ဆေးလိပ်နှစ်လိပ် ယူကာ ညောင်ရိပ်မှ ခွာသည်။

“အငယ်ရေ… အရီးကို ရေတစ်ပေါက် ပေးစမ်းဟယ်”

အငယ်ဟူသည် ငတက်ပြားမကို မချောစိန်တို့ အမြတ်တနိုး သုံးနှုန်းသော အမည်ဖြစ်၏။ သည်နှယ် လှမ်းပြောလိုက်သူမှာ မလှမေ။

“ရေပဲ ခဏခဏ သောက်နေတာပဲ”

စိတ်အတွေး သည် ရီးကျီးဒန့် ခေါင်းထဲ ချက်ချင်း ရောက်လာသည်။ ငြူစူစိတ်နှင့်အတူ မျက်နှာထား ခက်ထန်မိ၏။ သို့သော် “ဪ… နေကလည်း ပူတာကိုး” ဟူသည့် အတွေးဖြင့် ချက်ချင်း ဖြေပစ်လိုက်ရသည်။ အမှန်မူ သည်ငြိုငြင်စိတ်ကို နှုတ်မှ ထုတ်လိုက်လျှင်လည်း မလှမေ နှုတ်တုံ့ပြန်မည် မဟုတ်။ မလှမေသာ မဟုတ်၊ မချောစိန်လည်း မအေကို ကြောက်ရသည်သာ။ မိဘ ဝါစိုက်ရာသို့ ယခုနှယ် လိုက်လံကူညီနေရခြင်းသည်ပင်လျှင် သဒ္ဓါထက် ဘယာက ကဲသည်။

“မိဘမှာ အိုကြီးအိုမမှ သားထောက်သမီးခံ မရှိလို့ ပင်ပင်ပန်းပန်း အခုလိုလုပ်ရတာ” စသည်...

“သမီးကတောင် မကြင်နာတာ။ ချွေးမဆိုတာကတော့ နေသာသပေါ့ လေညာကပေါ့” စသည်ဖြင့် တိုးတိုး တစ်ဖုံ၊ ကျယ်ကျယ် တစ်နည်း မခံချိမခံသာ စကားနာထိုးလေ့ရှိသော ရီးကျီးဒန်၏ ပါးစပ်ကို ကြောက်၍ လိုက်လာကြရခြင်းဖြစ်၏။ ဘယာကြောင့် ဆိုပေမယ့် မချောစိန်ရော မလှမေပါ အားကြိုးမာန်တက် လုပ်ကြသည်။ သပ်သပ်ရပ်ရပ်လည်း ရှိသည်။

“အမေရေ သမီးတို့ ဘနဲ့ လိုက်သွားရမလား”

ငတက်ပြားမ၏ အမေး။ မချောစိန် လှည့်မကြည့်ဘဲ “အေး” တစ်လုံးသာ ပြောလိုက်စဉ် ငတက်ပြားမသည် နွားတစ်ကောင်၏ ကန်ကြိုးကို ဖြေ၏။

“အမယ် နင်က အဲဒါ ဘာလုပ်မလို့လဲ”

သူ့အစ်မ ခင်ခင်ကြီး အနားရောက်လာပြီး မေးသည်။

“ဘက ထွန်တုံးနဲ့ ထမ်းပိုးကို ထမ်းရမှာဆိုတော့ နွားတွေကို ငါ မဆွဲလို့ ဘယ်သူ ဆွဲမှာလဲ”

“ကြီးကျယ်လိုက်တာ”

အစ်ကိုဝမ်းကွဲ ခင်မောင်ငြိမ်းက စောင်းကြည့်ပြီး ပြော၏။ ရီးဆေးရိုးလည်း သည်လိုပင် ပြောချင်ငြား မပြောဖြစ်။ ပြုံးမိသည်။ သိတတ်လိုက်တာ။ ချက်ချာလိုက်တာ စသော အမွှမ်းတင် ပီတိဖြင့် ပြုံးမိသည်။

“ကဲ ကဲ သမီးက ဘ အနားက လိုက်။ နွားတွေကို သူတို့ မောင်းလိမ့်မယ်”

ငတက်ပြားမကို ပြောရင်း “တစ်ယောက် တစ်ကောင် မောင်းကြဟေ့။ ရှေ့က ထားပြီး မောင်းနော်။ မဆွဲနဲ့။ ဆွဲရင် မြောင်းကျော် ကန်သင်းကျော်တွေမှာ နွားနင်းခံရမှ ဟုတ်ပေ့ဖြစ်နေမဗျား” အကြီးနှစ်ယောက်ကို တစ်ဆက်တည်း လှည့်ပြောသည်။ သို့ဖြစ်ငြား ငတက်ပြားမ အလဟဿ မလိုက်ပါ။ ဘ ခါးတွင် ထိုးနေကျ ဓားမတိုကို ထမ်းလျက် ဘ ဆောင်းထားသော ခမောက်ဆောင်းကာ ဘ ဘေးမှ လိုက်ပါလာသည်။ လက်တစ်ဖက်က ဘ ထမ်းထားသော ထွန်မှ ထွန်ကိုင်းကို ကိုင်ထားသည်။

မြောင်းပေါင်ကို ကျော်မိသောအခါ တိတ်ဆိတ်နေသော လယ်ပြင်ကွင်းပြင်ကြီးကို စီးမိုးပြီး မြင်ရ၏။ နေပူထဲတွင် တလှုပ်လှုပ် ဝါစိုက်နေသူများ၊ တနဲ့နဲ့ ကြောင်းဆွဲနေသူများကို သေးသေးမွှားမွှား မြင်ရ၏။ သည်အရာများပေါ်တွင်မူ မစည်ကားတော့သော လက်ပံပင်များ။ ယခင်လများတွင် ပင်လုံးကျွတ် နီရဲနေသည်။ ရွက်ဝါ တစ်ရွက်တလေ ကြေကြေကွဲကွဲ ဝဲ လှည့်ခွဲခွာစဉ် တွတ်တွတ်ရဲနေသော လက်ပံပွင့်များကား တသောသော ကြွေကျနေသည်။ ဆက်ရက်မျိုးစုံနှင့် ကျေးများကလည်း သဲသဲရုတ်ရုတ် စည်ကားလှသည်။

ယခုသော် လက်ပံပင်များ မစည်ကားတော့ပြီ။ လက်ပံပွင့် ကြိုးကျဲမျှသာရှိသည်။ အခြံအရံ ဆက်ရက် ကျေးတို့လည်း ရှဲကြချေပြီ။ လက်ပံပင်များ ရှုခင်းသည် ရီးဆေးရိုး အာရုံသို့ ဝင်လာကြသည်။ ထိုအခါ ‘ယသော အယသော’ သဘောကို ဆင်ခြင်မိသည်။ “အေးလေ သက်ရှိလူသားတွေတောင်မှ မလွန်ဆန်နိုင်တဲ့ တရားပါကလား” စိတ်အမှတ်က ညည်းတွားမိသည်။ “ဒါပေါ့ သေတောင် သေရဦးမှာပဲဟာကို” တရားကို ဆင်ခြင်မိလျှင် အိုနာသေဘေးကိုပင် မကြောက်လိုသောစိတ် ဖျတ်ခနဲ ဝင်လာ၏။

“ဘ ဘ၊ ဒီနေရာက အရိပ်ကောင်းတယ် ဘရဲ့။ နားပါဦးလား”

ငတက်ပြားမ ထွန်ကိုင်းကို လှုပ်၍ ပြောသည်။ ရောက်နေသောနေရာကို ရီးဆေးရိုး မျက်လုံးကစားလိုက်သည်။ ခက်လက်ဝေဆာသော ‘နက်တက်’ သရက်ပင်ကြီးတစ်ပင်။ ရီးဆေးရိုး ထွန်ကို သရက်ပင်တွင် မှီပြီးမှ ထမ်းပိုးတုံးကို မြေပေါ်သို့ ချသည်။ ရှေ့မှ နွားတစ်ကောင်စီနှင့် သွားနှင့်သော ကလေးများလည်း ရီးဆေးရိုးအနီး လာထိုင်သည်။

“ဘ မောလား”

“မောတာပေါ့ကွာ”

ခင်မောင်ငြိမ်း မေးသဖြင့် လှိုက်ပန်းသံဖြင့် တုံ့ပြန်သော အဖြေ။

“ကျုပ်က ငယ်သေးလို့ပါ ဘရာ။ ကျုပ် ကြီးရင် ဘတို့၊ အမေကြီးတို့ ခုလို မပင်ပန်းရဘူး”

“အမယ် ငါကလည်း ကြီးလာရင် ဘတို့ကို ထမင်းချက်ကျွေးမှာဟ”

ခင်ခင်ကြီးနှင့် ခင်မောင်ငြိမ်းတို့ စကားများသည် အမှန်ဖြစ်လာလိမ့်မည်ဟု မည်သူမျှ အာမ မခံနိုင်။ သို့ရာတွင် သည်မျှလောက် ကြားရကာမျှဖြင့် ရီးဆေးရိုး အမောပြေကာ သည်ကလေးတွေနှင့် ခွဲပြီး သေရန် ကြောက်သွားပါလေပြီ။

▢  ဆင်ဖြူကျွန်းအောင်သိန်း
📖 ကိုဆေးရိုး ပေါင်းချုပ်

No comments:

Post a Comment