Wednesday, August 26, 2026

တောင်ပြုံးပွဲ မင်းကလေး ဒါဏ်ရာရ


❝ တောင်ပြုံးပွဲ မင်းကလေး ဒါဏ်ရာရ ❞
    ▢ မဟော်သဓာ ရွှေဝင်း

၁၉၃၅ ခုနှစ်တွင် ဖြစ်ခဲ့သော အဖြစ်အပျက်လော၊ သို့တည်းမဟုတ် ၃၆ ခုနှစ်လား၊ ၃၇ ခုနှစ်တွင်လော မသိ၊ စင်စစ် ဖြစ်နိုင်သည်မှာ ၁၉၃၅ ခုနှစ်နှင့် ၁၉၃၇ ခုနှစ်ခြားတွင်မူ တနှစ်နှစ် ဖြစ်ရန်ကား သေချာသည်။

ထိုသည့်နှစ်တွင် မန္တလေးမြို့ရှိ ဆပ်ကျောင်းသား (ရာဇ ဝတ်အုပ် အလောင်းအလျာ) တစုတို့ အခွင့်ရသဖြင့် တောင်ပြုံးသို့ ဆင်းလာကြသည်။

ဤနေရာတွင် ဆပ်ကျောင်းသားတို့၏ အခြေအနေကို ဖော်ပြရန်လိုသည်။

ဆပ်ကျောင်းသားကား တော်ရုံတန်ရုံ လူက ဖြစ်နိုင်ခြင်း မရှိ။ အလွန် ရာထူးရာခံ ကြီးသော မင်းကြီးစိုးကြီးတို့၏ သားများမှ ဖြစ်နိုင်၏။ သို့မဟုတ် ဗြိတိသျှအင်ပါယာ တည်တန့်ရေးနှင့် ကြီးထွားရေးကို ထင်ရှားစွာ အထောက်အကူ ပြုဘူးသော မျိုးရိုးရှိသူ ပုလိပ်ကြီးတို့၏ သား၊ တူများသာ ဖြစ်နိုင်၏။ ဆပ်ကျောင်းကို တက်နိုင်၏။ ၎င်းပြင် အလွန်ဩဇာ တိက္ကမနှင့် ပြည့်စုံသော သိန်းသန်းကြွယ်ဝသူ ကြေးရည်တတ်တို့၏ သားများသာ မော်ကြည့်နိုင်သော ဆပ်ကျောင်းဖြစ်သည်။

ထိုကျောင်း ရောက်လျှင် အများအားဖြင့် ရောဂါစွဲကပ်၏။ ကျောင်းက ဆင်းလာလျှင် ဗမာသား စားရတော့မည် မဟုတ်ပါလော။ ဗမာတွေကို အုပ်ချုပ်ရတော့မည်၊ အာဏာပြရတော့မည်၊ ဘုရားထူး ခံရတော့မည်ဟူသော အသိစိတ်ဖြင့် ကြိုတင် မင်းစိတ် မင်းဟန်ဝင်နေသည်။

ကျောင်းမရောက်မှီက မင်းစိုးရာဇာ မိဘများ ကိုယ်တိုင် ဗမာချင်းချင်း ဒူးတုတ်ရှိခိုး ခစားခံရသည့်အဖြစ်ကို နေ့စဉ် တွေ့မြင်ခဲ့ရသည့်အစွဲက “ငါကျောင်းဆင်းရင် ဒီလိုဘဲ နေရမယ်” ဟူသော မက်လုံးများ အချိန်ရတိုင်း ဝင်နေကုန်၏။

ကာကီဘောင်းဘီ အတိုကိုဝတ်လျက် ကာကီအိပ် နှစ်ဘက်တတ်အင်္ကျီ အပြင် ရှူးဘိနပ် စီးရသည်။ ထိုမျှသာ မဟုတ်သေး။ ဆင်းမရောင်း ခေါ် သားရေစလွယ်က ရှိလိုက်သေး၏။ 

ထိုသို့ စတိုင်ကျကျ သပ်သပ်ယပ်ယပ် ဝတ်ဆင်မှုကြောင့် လူတိုင်း လှ၍ တင့်တယ်ခန့်ငြားသည်ကား အမှန်ပင် ဖြစ်၏။ လူငယ်ရွယ်များ ဖြစ်ခြင်းကြောင့် အလှအပတို့က ပေါ်လွင်လာသည်။ ဗြိတိသျှအင်ပါယာကြီးကို ကိုယ်စားပြုသူတို့ ဝတ်ဆင်သော ယူနီဖေါင်း ဖြစ်ခြင်းကြောင့် အလို အလျှောက် ဂုဏ်ကြက်သရေ ဖြိုးမောက်လျက်သာ ရှိတော့သည်။ ထိုအဝတ် ကြောင့် သွေးနားထင်ရောက်သည်ကား အမှန်ပင်ဖြစ်၏။

ဆပ်ကျောင်းသားတအုပ် တောင်ပြုံးပွဲ ရောက်သောအခါ ရွှေပွဲလာတို့က ထုံးစံအတိုင်း ၎င်းတို့အား နောက်ပြောင်ကြ၏။ ၎င်းတို့အနေဖြင့် ရာဇပလ္လင် ခဲမှန်သည့်အလား ဒေါသထွက်ပါလေတော့သည်။

ဒေါသထွက်သည်ကိုပင် အရသာခံတတ်သောအကျင့်ရှိသူ တအုပ်က ပိုမိုနောက်ပြောင်လာ၏။ သရော်သံ၊ ခနဲ့သံပါ ရောနှောလို့ ပါလာလေသည်။ သရော်သံ၊ ခနဲ့သံများ ပါလာခြင်းကြောင့် ဆပ်ကျောင်းသားတို့နှင့် ထိုးကြ နှက်ကြသည် အထိ ဖြစ်လာသည်။ ပြေးသူပြေး လဲသူလဲ ရုတ်ရုတ်သဲသဲ ဆိုးဝါးလာ၏။

ဤနေရာတွင် နတ်ထိန်းတချို့ကလည်း ဝင်ထိန်းရှာ၏။ နတ်ထိန်းတို့ကား နတ်ထိန်းသာ ဖြစ်၍ လူကို ထိန်း၍ မရပေ။ ဆပ်ကျောင်းသားတို့က လက်သီးအပြင် ခါးပတ် ချွတ်၍ ရိုက်ကြ၏။ အရပ်သားများကလည်း ပြန်ချသည်။

၎င်းတို့၏ သားရေခါးပတ်အထူကြီးများ၏ ဒါဏ်ချက်ပြင်းထန်မှုကြောင့် လူရှဲလာ၏။ လူနည်းသွားသောအခါ တွေ့ရာ နတ်ရုပ်များကို ဆက်လက် ရိုက်ကြကုန်၏။ ၎င်းတို့ ခါးပတ် ထိပ်ဖျားတွင် ပါရှိသော ငါးကျပ်သားခန့် ကြေးဝါကွင်းကြောင့် နတ်အများ ထိခိုက်ဒါဏ်ရာရကြ၏။ အထူးသဖြင့် ရိုက်ချက်များများ ခံရသူများကား မင်းကလေးရုပ် ဖြစ်သည်။ အသဲအသန် ဒါဏ်ရာရခြင်းဟု ကင်မွန်း တပ်ရပေမည်။

မင်းကလေးမှ တပါးသော အခြား နတ်ရုပ် စမောများကား ကျိုး၊ ပဲ့ ၊ကွဲပြဲလျက် အမျိုးမျိုး ဒါဏ်ရာရကြကုန်၏။ ဝတ်လဲတော်များ စုတ်သည့်အပြင် ငှက်ပျောသီးတွေ ကျေမွ၍ အုန်းသီးများမှာမူ ပြေးတန်းလိုက်တန်း ကစားသောအသွင် ပေါ်နေသည်။ 

ဆပ်ကျောင်းသားတသိုက် ထိုစဉ်က နတ်ကွန်း ဝင်ရောက် စီးနင်းမှု ပမာဏမှာ ယခုခေတ် “အင်တက်ဘီ” လေဆိပ် စီးနင်းမှုက အဘ ခေါ်ရမည်လော မသိ၊ ပွဲပျက်အံ့ အထိ ရုတ်ရုတ်သဲသဲ ဖြစ်သွားသည်။

ထိုအရေးအခင်းကို ၀ါရင့် ပုလိပ်ကြီး၊ ပုလိပ်ကလေး အပေါင်းစုံက လိမ္မာပါးနပ်စွာ အချိန်မှီ ထိန်းသိမ်းနိုင်၍သာ တနာရီအတွင်း ပုံမှန်အခြေအနေသို့ ပြန်လည် ရောက်ရှိလာ၏။ 

ပုလိပ်ကြီး ပုလိပ်ခလေး ပေါင်းစုံသည် နင်တန် နင်တန် သဘောဖြင့် ဖြေရှင်းရာတွင် သာမန်လူများနှင့် မတူသော နတ်ထိန်းများကို အထူး ဦးစားပေး ရှင်းရ၏။

လုပ်သက်ရင့်သော ဗမာအင်စပိတ်တော် တယောက်သည် နတ်ထိန်းကြီး နတ်ထိန်းကလေး ပေါင်းစုံအား ရှိသမျှ၊ တတ်သမျှ ဂါရဝစကား အသုံးအနှုံးဖြင့် တောင်းပန်ရှာ၏။ ရနိုင်သမျှသော ချိုပြုံးခြင်း မျက်နှာပေးကို ယာယီ ဖန်ဆင်းပြခြင်းဖြင့် နတ်ထိန်းတို့အား ကျေနပ်စေ၏၊ နှစ်သိမ့်စေ၏။

သေချာစွာ အရင်း စစ်လိုက်သည် ရှိသော် ပြဿနာ ပြီးငြိမ်းမှုသည် အပေါ်ယံ ရွှေမှုန့်ကြဲသာဖြစ်၏။ ကျေနပ်သည် ဆိုသော နတ်ထိန်း ဆိုသူတို့ကား နတ်ထိန်းသာ ဖြစ်၏။ ကာယကံရှင်များ မဟုတ်ကြ၊ နတ်ထိန်းတို့က ကျေနပ်သည် ဆိုနေသည်မှာ အမှန်သော်- တရားလို တရားခံတို့ မသိဘဲ နှစ်ဘက် ရှေ့နေ လုပ်သူများက အမှုပိတ်နေသော သဘောမျိုး ဖြစ်နေသည်။

ဤကိစ္စတွင် တကယ်တန်းကျေနပ်မှုရအောင် ပြုရမည့်သူကား မင်းကလေး သာတည်း။ မင်းကလေးသည် ဤအရေးအခင်းတွင် 

၁။ ညာဘက် နားရွက်တခြမ်း ပြတ်သွား၏။

၂။ ဝတ်လဲတော် ပြဲသွား၏။ 

၃။ လက်သန်းတချောင်း ကျိုးသွား၏။ 

၄။ ဗောင်းတော် မြေခသည် အထိ ပြင်းထန်သော ဒါဏ်ရာများ၊ ကိုယ်အင်္ဂါ ချွတ်ယွင်းမှုများ ဖြစ်လေရာ၊ မည်သို့သော တောင်းပန်မှု အတိုင်းအတာဖြင့် ကြေအေးမှု ရပါမည်နည်း။ ထိုမျှသာမကသေးမူ၍ ၎င်း၏ နတ်အသိုင်းအဝိုင်းတို့ ကိုယ်ထိ လက်ရောက် ကြူးလွန်ခံရသည်မှာလည်း စာရင်းအရ အလွန် များပြားနေခြင်းကြောင့် နာမည်ကျော် မင်းကလေး အနေဖြင့် တောင်း ပန်မှုကို ပယ်ချလိုက်ပါလေပြီ။

“ငါ့ပွဲတော်ကြီးကို၊ ပုလိပ်မင်းကြီး ဝဲလ်ဘုန်း တောင် မနှောက်ယှက်ဘူးဟ၊ နင်တို့လို နှံပြီစုတ် ငလက်မတွေက၊ စော်ကားတာ ငါ့အသဲတွေ ယားလှသနော်”

လူပေါင်းများစွာ လက်အုပ်ချီလျက်ရှိ၏။ မင်းကလေးကား လက်နှစ်ဘက်အပြည့် သပြေခက်များ ဆုတ်ထားသည်။ ယိုင်ထိုးလျှက် ရှိသည်ကား ဓာတ်အား (၄၀၀) ညိနေသယောင်သာတည်း။ ဆယ်ချက်ထက် မနဲသော ဖနောင့်သံများ တမိနစ်အတွင်း ထွက်ပေါ်ခဲ့၏။ အလွန် ကြမ်းလှသော၊ ရမ်းလှသော မင်းကလေး အသွင်ကို ဆောင်လေပြီ။

“ကိုယ်တော်လေး ဒါလောက် မာန်ပါတာ ကိုယ့်တသက်တော့ မတွေ့ဘူးဘူး” ဟု အမျိုးသမီး ကြီးကြီးတယောက်က ဆို၏။

“ဒီကောင်တွေ မကြာဘူး၊ ကိုယ်တော်လေး ဝါးပြစ်မှာ သေချာတယ်”

မင်းကလေးကို ကိုးကွယ်ပုံရသော ရွှေပွဲလာ တချို့က ထင်ကြေးပေးလျက် ရှိသည်။

“ငါမရှိလို့ နော်၊ ငါရှိရင် သွေးအံကုန်မယ်” 

“ကိုယ်တော်ကလေး ဘယ်ကြွနေပါသလဲ”

“ငါ ဘုရားဖူး သွားနေသဟဲ့..” 

မင်းကလေး ဖြေခါမှ ပွဲပိုကျပါလေသည်။ 

 ▢ မဟော်သဓာ ရွှေဝင်း
📖လူ့ဘုံခန်းဝါ အူတက်စရာ

No comments:

Post a Comment