Thursday, August 27, 2026

ကြော်ငြာ


❝ ကြော်ငြာ ❞
▢ နိုင်း (သာစည်)

သာစည်မြို့နယ်၊ အုတ်ဖိုကျေးရွာမှာ နေထိုင်တဲ့ ထူးဇော်နဲ့ ပြူးကျော် ဆိုတဲ့ သူငယ်ချင်း နှစ်ယောက်ဟာ အသက် ၂၇ နှစ်အရွယ်သာ ရောက်လာခဲ့ပေမယ့် မန္တလေး ရွှေမြို့တော်ကြီးကို မရောက်ဖူးကြဘူး။

တစ်နေ့။ သူတို့နှစ်ယောက် တိုင်ပင်ထားကြတဲ့ အတိုင်း မန္တလေး သွားဖို့ သာစည်ဘူတာကို မနက် အစော ၅ နာရီ ရောက်လာကြတယ်။ အမှတ် ၃ အဆန် အမြန်ရထားနဲ့ မန္တလေးမြို့ကို စီးနင်းလိုက်ပါသွားကြတယ်။ ၈ နာရီလောက်အချိန်မှာ မန္တလေးဘူတာရုံကြီးကို ဆိုက်ရောက်တာနဲ့ ဘူတာနားက လက်ဖက်ရည်ဆိုင် ဝင်ပြီး အီကြာကွေးနဲ့ လက်ဖက်ရည် သောက်ပြီးတဲ့နောက် မန္တလေးတောင်ကို ကားစီးပြီး ဘုရားဖူး သွားကြတယ်။ ပြီးတော့ မန္တလေး မဟာမြတ်မုနိဘုရား ဝင်ဖူးပြီး ရတနာပုံဈေးကို သွားကြတယ်။ သူတို့ ရည်းစားတွေ အတွက် ထမီတွေ၊အင်္ကျီတွေနဲ့ နိုင်ငံကျော်မြင့်မြင့်ခင်ဆိုင်က လမုန့်၊ ကြက်ဥပူတင်း၊ မတော်ရသေးတဲ့ ယောက္ခထီး၊ ယောက္ခမတွေ အတွက် အရီးတောင်း လက်ဖက်၊ ဒမ်ဘို့ကိတ်မုန့်၊ မိဘတွေ အတွက်တော့ ကုလားပဲချောင်း၊ ပဲစိမ်းပွကြော်နဲ့ တခြားသူတို့ လိုအပ်တဲ့ ပစ္စည်းလေးတွေ ဝယ်ခဲ့တယ်။ နေ့ခင်း ၂ နာရီထိုး တော့ ဗိုက်က ဆာလာကြပြီလေ...။ ကျေးရွာသားတွေဆိုပေမယ့် ဟန်ကိုယ်ဖို့ ဆိုတဲ့အတိုင်း လမ်းဘေးက ထမင်းဆိုင်တွေမှာ မစားချင်ကြဘူး။ ဟိုတယ်ထိလည်း တက်မစားရဲပြန်ဘူး။ ဒါနဲ့... ဟိုလျှောက် ဒီလျှောက်နဲ့ ထမင်းဆိုင် လိုက်ရှာကြရင်း ရတနာပုံဈေးရဲ့လမ်းထိပ်မှာ “မမဆန်းပြား” ဆိုတဲ့ အမည်နာမနဲ့ ဆိုင်းဘုတ်တင် ကြော်ငြာထားတဲ့ ထမင်းဆိုင်ကို တွေ့တာနဲ့ ထူးဇော်က -

“ပြူးကျော် ဒီထမင်းဆိုင်က သန့်ရှင်းပြီး ဈေးလည်း သက်သာ ပုံရတယ် .. ဟို ဘလက်ခ်ဘုတ်မှာ ရေးထားတဲ့ ဟင်းတွေကလည်း တို့ တစ်ခါမှ မကြားဖူးတဲ့ ဟင်းတွေကွ ... ရောက်တုန်းရောက်ခိုက် ဝင်တီးပစ်ရအောင်၊ မင်းရည်းစား မိတစုပ် နဲ့ ငါ့ရည်းစား ကြွက်မတို့ကို အပြတ် ကြွားပစ်ရအောင် ... ဟဲ ဟဲ ဟဲ ဟဲ ... ကဲ ဘလက်ခ်ဘုတ်ကို ကြည့်ပြီး မင်းကြိုက်တဲ့ဟင်း မှာပေတော့”

ဘလက်ဘုတ်(ခ်) မှာ ရေးထားတဲ့ ဟင်းတွေက “ကွတ်ကွတ်ဟင်း၊ ဂတ်ဂတ်ဟင်း၊ ဂျပန်ဟင်း၊ ထိုင်ဝမ်ဟင်း၊ ပဲကုလားဟင်း၊ ငံပြာရည်ချက်၊ ငါးပိရည်ကျိုနှင့် အတို့အမြှုပ် စုံလင်စွာ... ထမင်းတစ်ခါပြင် ၁၅ဝဝ ကျပ်၊ လိုက်ပွဲတစ်ပွဲ ၁ဝဝ ကျပ်။ စိတ်တိုင်းကျ သုံးဆောင် နိုင်ပါသည်” တဲ့။

ထူးကျော်နဲ့ ပြူးကျော်တို့ နှစ်ယောက်ဟာ လွတ်နေတဲ့ စားပွဲဝိုင်းမှာ ဝင်ထိုင်လိုက်တဲ့အခါ စားပွဲထိုးလေး တစ်ယောက် ရောက်လာပြီး -

“အစ်ကိုကြီးတို့ .. ဘာသုံးဆောင်ကြမလဲ ... ခင်ဗျ”

“ကွတ်ကွတ်ဟင်း၊ ဂတ်ဂတ်ဟင်း၊ ထိုင်ဝမ်ဟင်း၊ ပဲကုလားဟင်းနဲ့ စားမယ်ကွာ”

ပြူးကျော်က မှာလိုက်တယ်။ မကြာခင် ထမင်းနှစ်ပွဲနဲ့ ဟင်းတွေ လာချပေးတယ်။ ဒါပေမယ့် ထူးဇော်နဲ့ ပြူးကျော်တို့က မစားသေးဘဲ ဆယ့်ငါးမိနစ်လောက် အထိ ထိုင်စောင့်နေတယ်။ နောက်ထပ် ဘာဟင်းမှ ရောက်မလာတော့ စားပွဲထိုးကောင်လေး တစ်ယောက်ကို လှမ်းခေါ်ပြီး-

“ညီလေး ... အစ်ကိုကြီးတို့ မှာထားတဲ့ ဟင်းတွေ မပါသေးဘူးလေကွာ”

“ဗျာ ... အစ်ကိုကြီးတို့ မှာထားတဲ့ ဟင်းတွေ အကုန် ချထားပြီးပြီလေ ... ငါးပိရည်ကျိုနဲ့ အတို့အမြှုပ်တောင် အဆစ်ပါသေး”

“မင်းက တို့ကို ရွာသားတွေ ဆိုပြီး အချဉ်ဖမ်းမယ် မကြံနဲ့၊ တို့လက်သီးက ဆိုင်မရွေးဘူးနော်”

ပြူးကျော်က စိတ်တိုတိုနဲ့ လက်သီးလက်မောင်းတန်းပြီး ပြောလိုက်တဲ့အခါ အခြေအနေကို ရိပ်စားမိတဲ့ အသက်နှစ်ဆယ့်ငါးနှစ်လောက်ရှိတဲ့ ဆိုင်ရှင်အမျိုးသမီးက ကောင်တာ စားပွဲကနေ ထလာပြီး စားပွဲထိုးကောင်လေးကို အကျိုးအကြောင်း မေးလိုက်တယ်။ အဲသည်တော့မှ-

“ဟင်း ... ဟင်း ... ဟင်း (ညုတုတု အသံလေးနဲ့) ငါ့မောင်တို့က သိပ်ကို ရိုးလွန်း အလွန်းတာကိုးကွဲ့... မမ ရှင်းပြမယ်နော် ... ကွတ်ကွတ်ဟင်း ဆိုတာ ကြက်သားဟင်း၊ ဂတ်ဂတ်ဟင်း ဆိုတာ ဘဲသားဟင်း၊ ဂျပန်ဟင်း ဆိုတာ ဂျပန်ငါးကို ကြော်ပြီး ချက်ထားတာ၊ ထိုင်ဝမ်ဟင်း ဆိုတာ ထိုင်ဝမ်ခရမ်းချဉ်သီးချက်ကို ပြောတာကွဲ့ ... ထမင်းဆိုင်တွေက အပြိုင်အဆိုင် ပေါတာဆိုတော့ ဒီလို တစ်မျိုး ထွင်ပြီး ကြော်ငြာမှ အသစ်အဆန်း မှတ်ပြီး ဝင်ရောက် စားသုံးကြတာကွဲ့ .. မမရဲ့ ဆိုင်နာမည်ကိုက ‘မမဆန်းပြား ထမင်းဆိုင်’ တဲ့ ...”

“ဗျာ”

ထူးဇော်နဲ့ ပြူးကျော်တို့ နှစ်ဦးဟာ စည်းဝါးတိုက်မထားဘဲနဲ့ “ဗျာ” ဆိုတဲ့ အာမေဍိတ်သံကို ပြိုင်တူ ထွက်သွားတော့တယ်။ ရှက်ရှက်နဲ့ ထမင်းကို အဝစားပြီး အမြန်ဆုံး ထွက်လာခဲ့ကြတော့တယ်။

ရွာကို ပြန်ရောက်တော့ သူတို့ နှစ်ယောက်ရဲ့ အအူလှိုင်း အဖြတ်ခံရပုံကို ရည်းစားတွေဆီ ကြွားဖို့ နေနေသာသာ ဘယ်သူ့မှ မပြောရဲကြရှာဘူး။ ။

▢  နိုင်း (သာစည်)
📖 ရယ်စရာ မဂ္ဂဇင်း
      မတ် ၊ ၂၀၁၅

No comments:

Post a Comment