Monday, August 24, 2026

အလင်းမဲ့ နောင်တ


❝ အလင်းမဲ့ နောင်တ ❞
     ( ကျေး - ဆေး ၁ )

“အူ … ဝူးဝူ”

ဆွဲဆွဲငင်ငင် အူလိုက်တဲ့ ခွေးတစ်ကောင်ကြောင့် ကျုပ် ပြေးနေရင်း အလိုလို အားငယ်သွားတယ်။ နိမိတ် မကောင်းတာများလားလို့ တွေးရင်း သမီးလေး အတွက် စိတ်ပူသွားမိတယ်။ လက်ထဲ ပွေ့ချီထားတဲ့ သမီးလေးကတော့ အခုထိ သူ့လည်ပင်း သူ ကုတ်ခြစ်နေတုန်း။ ဘာကြောင့်များ အဲလိုတွေ ကိုယ့်ကိုယ်ကိုယ် ဒုက္ခပေးနေရသလဲ သမီးလေးရယ်။

ခုကျမှပဲ ကျုပ် ခြေလှမ်းတွေက နှေး နှေးနိုင်လွန်းဗျာ။ ဒီလောက် မာရသွန် ပြေးနေတာတောင် ဆရာလေးရဲ့ အိမ်ဆီကို မရောက်သေး။ ဆောင်းတွင်းည ချမ်းစိမ့်စိမ့်ထဲ ချွေးတွေ သီးလာပေမယ့် ကျုပ် မရပ်ဘူး။ ချွေးတွေ ရွှဲအောင် လက်ထဲ တွန့်လိမ်ရုန်းကန်နေတဲ့ သမီးလေးအတွက် ကျုပ် အားတင်းပြီး ဆက်ပြေးတယ်။ သူ့ဒုက္ခကို ကျုပ်ပဲ ကယ်တင်ရမှာလေ။ 

“ဒုန်း ... ဒုန်း ... ဒုန်း”

လက်ထဲက သမီးလေးကို ခဏလေးတောင် မချထားရက်လို့မို့ တံခါးကို ခြေနဲ့ ကန်ပြီး အသံပြုလိုက်ရတော့တယ်။ အဲဒါကြောင့်ပဲ အသံက လိုတာထက် ပိုကျယ်သွားတယ်။

“ဆရာလေး ကျုပ်သမီးကို ကယ်ပါဦးဗျာ”

“လာလာ အထဲဝင်။ ဘယ့်နှယ့် ကလေးက တရှူရှူမြည်နေရတာတုန်း”

••••• ••••• •••••

၁။

“ဗျို့ ကိုဝင်းအောင်၊ ထမင်းစားနေပြီလားဗျ”

“ဟုတ်တယ်ဗျို့၊ ရတုန်းလေး အမြန် ကြိတ်ရတာ။ မြန်မြန်စား၊ မြန်မြန်ထွန်၊ မြန်မြန်ပြန်တော့ ကျုပ်သမီးနဲ့ မြန်မြန် တွေ့ရတာပေါ့ ဆရာလေးရယ်”

“အေးဗျာ၊ ခုလည်း ခင်ဗျားဆီ လာတာက တခြား မဟုတ်ဘူး။ ခင်ဗျားသမီး ကိစ္စ။ ခုဒီတစ်ပတ်က မွေးကင်းစကလေးတွေကို ကာကွယ်ဆေး ထိုးပေးတဲ့ ရက်သတ္တပတ်ဗျ။ အဲဒါဆေးရုံကို ဒီတစ်ပတ်ထဲ မနက်ပိုင်း တစ်ရက်ရက် ခင်ဗျားတို့ သားအဖ လာခဲ့ကြဦး”

သတိလာပေးသွားတဲ့ ဆရာလေး နောက်ကျောကို ကြည့်ရင်း မခင်နှင်းကို လွမ်းရပြန်ရော။ ဆရာလေးသာ ကျုပ်တို့ နယ်ကို စောရောက်ကြည့်၊ ကျုပ်ဇနီးကို လက်သည်ရဲ့လက်ထဲမှာ ဆုံးရှုံးရမှာ မဟုတ်ဘူး။ ကျုပ်သမီးလေးလည်း မိတဆိုးသမီးလေး ဖြစ်ရမှာ မဟုတ်ဘူး။ ခုတော့ ခင်နှင်း မရှိတာကြောင့် ကျုပ်သမီးကို ခင်နှင်းအမေဆီမှာ ကျုပ် လယ်ထွန်တိုင်း အပ်ခဲ့ရတာ စိတ်မချနိုင်ပါဘူး။ အဒေါ်ခမျာလည်း အသက်က ကြီးရှာတော့ ကောင်းကောင်းလှုပ်ရှားနိုင်တာ မဟုတ်။ ကဲပါလေ၊ လွမ်းတော့ ဆွေးရတယ်။ ကြိုတွေးတော့ မောရတယ်။ စိတ်ပင်ပန်းတာပဲ အဖတ်တင်ရော့မယ်။

“အချိန်ရတုန်း အမြန်ထွန်ဟေ့။ သမီးလေးက မင့် တွေ့ချင်ပြီဟ”

ကိုယ့်အသံကိုယ် ပြန်ကြားတော့ ခပ်ဟဟ ရယ်မိတယ်။ ကျုပ်လည်း ခင်နှင်း မရှိ ကတည်းက အချစ်တွေအကုန် သမီးလေးကို ပုံအောရတာကလား။ အဲတော့လည်း အများက ပြောသလို သမီးရူး ဆိုတာလည်း နည်းနည်းတော့ မှန်သလိုလို။

••••• ••••• •••••

၂။

“ခင်ဗျားဟာက မဟုတ်သေးပါဘူး။ ကလေးက အသက်ရှူကျပ်လို့ တရှူရှူ မြည်နေတာပဲ”

“ဖျားနေတာတော့ ငါးရက်ရှိပြီ။ ဆရာလေး ရန်ကုန်ပြန်ပြီး သိပ်မကြာဘူး ဖျားတာပဲ။ ခုလည်း ညနေက ဆရာလေး ပြန်ရောက် တယ်ကြားလို့ အမြန်ပြေးလာတာ။ ဆရာလေးရယ် ကျုပ်သမီးကို ကယ်ပါဦး”

သမီးလေးနားက ထထွက်သွားတဲ့ ဆရာလေး ခြေထောက်ကို ကျုပ်ဘဖက်ပြီး တောင်းပန်မိတယ်။ ကြမ်းပြင်ပေါ် လိမ်တွန့် နေတဲ့ သမီးလေးကို ကြည့်ရတာ ကျုပ်ရင်ထဲ မချိဘူး။

“နေပါဦးဗျ။ လွှတ်စမ်းပါ၊ စိတ်အေးအေးထား။ ကျုပ် စမ်းသပ်မယ့် ကိရိယာတွေ သွားယူမလို့”

သမီးလေးရယ် ဘာလို့များ ကိုယ့် လည်ပင်းကို ကုတ်ခြစ်နေရသလဲ။ လက်တွေကို လှမ်းချုပ်ရင်း ကြည့်မိတော့ သမီးလေး မျက်လုံးက မျက်ဖြူတွေ လန်တာ မြင်လိုက်ရ တယ်။ ကျုပ် သိပ်လန့်သွားတာပဲ။

“ကယ်ပါဦးဆရာ။ ဒီမှာ သမီး မျက်ဖြူလန်နေပြီ”

ကျုပ် ပွေ့ထားတဲ့ သမီးလေးပါးစပ်ကို ဟပြီး ဆရာက လက်နှိပ်ဓာတ်မီးနဲ့ ထိုးကြည့်လိုက်တယ်။ ကျုပ်ကို မီးဝင်းဝင်းတောက်တဲ့ မျက်လုံးတွေနဲ့ ဆရာက ကြည့်တယ်။ ပြီး တော့ စကားလုံးတချို့နဲ့ ကျုပ်နားကို ထိုးဆွတယ်။

“ခင်ဗျားသမီးကို ခင်ဗျား သ,တ်တာ”

••••• ••••• •••••

၃။

ဆေးရုံရှေ့မှာ တန်းစီနေကြတာ ကလေးအမေတွေ ချည်းပဲ။ ကျုပ်တစ်ယောက်တည်း အဖေပါတယ်။ ကလေးအမေတွေက အံ့ဩတကြီး မေးကြသေး။ “နင့်လယ်တွေ ပစ်ခဲ့သလား” တဲ့။ ပစ်ခဲ့တာပေါ့ဗျာ။ ကျုပ်အတွက် ကျုပ်သမီးထက် အရေးကြီးတာ ဘာများ ရှိလိမ့်ဦးမှာတုန်း။ သူ့အဘွားက တော်နေကြာ မေ့နေမှဖြင့် သမီးလေးကို ကာကွယ်ဆေး မထိုးဖြစ်ရင် မခက်ရော့လား။

သူနာပြုဆရာမလေးက သမီးလေးကို ချီပြီး သဘောတွေ ကျနေရော။ ဝကစ်ကစ်လေးမို့ ချီရတာ အားရသတဲ့။ ကျုပ်သမီးက ပြောလို့ ပြောတာ မဟုတ်ဘူး။ အမေတူ သမီးဗျ။ သိပ်မျက်နှာချိုတာ။ ဘယ်သူ့ လက်ထဲ ရောက်ရောက် လူကြီးက မမြူရသေးဘူး၊ သူက အရင်ဦးအောင် ရယ်ပြတာချည်း။

“ဗြဲ .. ဗြဲ”

ကျုပ်အတွေးနဲ့ ကျုပ် ကြည်နူးတုန်းရှိသေး။ သမီးလေး ထအော်လိုက်တာများ စူးစူးဝါးဝါးပဲ။ လက်မောင်းကို အပ်စိုက်လာတော့ သူ့ခမျာလည်း နာရှာမပေါ့။ ကျုပ် သမီးမှ မဟုတ်ပါဘူး။ တစ်ခန်းလုံး ကလေး ပုစုခရုတွေ ဟိုက အော်၊ ဒီက ငိုနဲ့ ပွက်ပွက်ကို ညံလို့။

“အေး ... အေး ... အိုး”

လိမ္မာလိုက်တဲ့သမီး။ အဖေ့လက်ထဲ ရောက်တာနဲ့ အငိုကို တိတ်ရောပဲ။ နည်းနည်းလောက် ချော့ရင်ပဲ ပြန်ပြုံးသွားရော။ ဆရာမ ကတောင် ချီးကျူးလိုက်သေး။ 

“တွေ့ဖူးသမျှ ကလေးထဲ ဒီကလေး မျက်နှာအချိုဆုံးပဲ” တဲ့။

“ဘုတ်”

ကျောကို ရုတ်တရက် ပုတ်တာကြောင့် ကျုပ် လန့်ပြီး ဇက်ပုသွားတယ်။ လှည့်ကြည့်လိုက်တော့ ဆရာလေးပဲ။ တာဝန်ကျချိန်မို့ ထင်ပ။ ဂျူတီကုတ်နဲ့ ခန့်လို့။

“ကိုဝင်းအောင်ကြီး၊ ခင်ဗျားသမီးကို နောက် ၂ ခါ ကာကွယ်ဆေး လာထိုးပေးဦး”

“ဗျာ၊ ခုထိုးပြီးပဲ။ ထပ်လိုသေးတာလား။ နောက်တစ်ခါက ကာကွယ်ဆေး အသစ်တွေလား ဆရာလေး”

“အသစ် မဟုတ်ဘူးဗျ၊ ဒီဆေးပဲ။ ဆေးပတ်လည်အောင် ၃ ကြိမ် ထိုးရမှာ။ ၂ လ၊ ၄လ၊ ၆လ စုစုပေါင်း ၃ ကြိမ် ထိုးမှ။ ဆေးပတ် လည်မှာ”

ခေါင်းကိုတော့ အသာ ညိတ်ပြလိုက်တယ်။ ဒါပေမဲ့ စိတ်ထဲကတော့ သိပ်ခေါင်းမညိတ်ချင် ဟုတ်တယ်လေ၊ ကျုပ်သမီး ငိုတာ ကျုပ်မှ မကြိုက်ဘဲ။

••••• ••••• •••••

၄။

“ဂျိန်း”

တံခါးပိတ်သံနဲ့ တစ်ပြိုင်တည်း ကျုပ် ဟီးခနဲ ငိုချလိုက်တယ်။ ဆရာလေးက ကျုပ်ကို ပြောတယ်၊ ကျုပ်သမီးကို ကျုပ် သ,တ်တာတဲ့။ ခုတော့ မီသလောက် အစွမ်းကုန် ကုကြည့်မယ်တဲ့။ ခုမှ ၄ နှစ်တည်း ရှိသေးတဲ့ ကျုပ်သမီးကို ခွဲစိတ်ခန်းထဲ ပို့လိုက်ရပြီ။ ကျုပ် ရင်တွေ ကြေမွသွားသလိုပါပဲ။ အားကုန် အော်ဟစ်ပြီး ကိုယ့်မျက်နှာကိုသာ ပိတ်ထိုးပစ်ချင်တော့တာပဲဗျာ။

“ဒုန်း ... ဒုန်း”

“ဟဲ့ .. ဟဲ့ ကိုဝင်းအောင်။ ဘယ့်နှယ်ကြောင့် နံရံကို ခေါင်းနဲ့ ဆောင့်နေရတာတုန်း။ စိတ်ထိန်းဦးမှာပေါ့။ ခု ရှင် အသည်းအသန် ပြေးလာလို့ ကလေးကို အရေးပေါ် လေပြွန် ထည့်ဖို့ မီတာလေ။ ကိုယ့်ကိုယ်ကိုယ် အဲသလောက် အပြစ်တင် မနေနဲ့လေ။ ပြီး တော့ စိတ်လျှော့ပါ။ ဆုံဆို့ရောဂါပိုးက ကုလို့ ရပါတယ်”

သူနာပြုလေးက စိတ်ပြေဖို့ စကားတွေ ပြောပေမယ့် ကျုပ် လက်မခံနိုင်ဘူး။ ဟုတ်တယ်။ ဆရာလေး ပြောသလို ကျုပ်သမီးကို ကျုပ် သ,တ်တာ။ သ,တ်တာ မဟုတ်ရင်တောင် ကျုပ်သမီးကို ကျုပ်ကိုယ်တိုင် ဒုက္ခပေးခဲ့တာ။

ခွဲစိတ်ခန်းက ထွက်လာတဲ့ ဆရာလေး မျက်နှာက အတန်ငယ် အေးတိအေးစက်။ စိတ်လှုပ်ရှားလွန်းလို့ ကျုပ်မေးချင်တဲ့ မေးခွန်းတွေကို ဆရာလေး ကြားအောင် ထုတ်မပြောနိုင်ဘူး။

“ကိုဝင်းအောင်၊ ခုက တိုက်နယ်ဆေးရုံမို့ အရေးပေါ် အသက်ရှူလမ်းကြောင်းပွင့်အောင် လေပြွန်တုကို လည်ပင်းပေါ်ကနေ အပေါက်ဖောက်ပြီး ထည့်ပေးထားတာပဲ လုပ်နိုင်တယ်။ ဒါပေမဲ့ ကလေး အခြေအနေက စိုးရိမ်ရတယ်။ မြို့နယ်ဆေးရုံဆီ ပို့ရမယ်။ ကျုပ်လည်း လိုက်မယ်။ ခု ကားအမြန်သွားငှားပါ”

ဒါဆို ဆရာလေး ပြောတာ ကျုပ်သမီးလေး မသေသေးဘူးပေါ့။ ဟုတ်ပြီ။ ကျုပ် ကယ်မယ်၊ ကျုပ်ရအောင်ကို ကယ်မယ်။ ရွာထိပ်က မောင်တင့် ဆီမှာ ခုပဲ ကားသွားငှားလိုက်မယ်။

“ကိုဝင်းအောင် ခြေဗလာကြီးနဲ့ မပြေးနဲ့ဦး။ ရော့ဗျာ၊ ကျွန်တော့် ဖိနပ်ယူသွား”

••••• ••••• •••••

၅။

“ဆရာလေးရယ်၊ ထိုင်နေ အကောင်းသား၊ ထသွားမှ ကျိုးမှန်းသိ ဆိုသလိုပါလား။ ဒီတိုင်းဆို ကလေးက အကောင်း။ မနေ့က ကာကွယ်ဆေး ထိုးပြီးတည်းက အီနေတာ။ ခုညကျတော့ ထဖျားတော့တာပဲ” 

“ဘယ်ဟုတ်လိမ့်မလဲဗျာ။ ဒီလိုပါပဲ။ ကာကွယ်ဆေး ထိုးပြီးရင် ဒီလို ဖျားတာက ဖြစ်တတ်တယ်။ ကလေးတိုင်း မဟုတ်ပေမယ့် တော်တော်များများတော့ ကိုယ်ပူကြတာချည်းပါပဲ။ ဆေးတွေ ပေးလိုက်ပါ့မယ်။ နောက်အကြိမ်တွေတော့ မဖြစ်တော့ပါဘူး။ လာတော့ ထိုးနော်။ ဆေး ၃ လုံး ထိုးရုံးနဲ့ တစ်သက်လုံး ရောဂါငါးမျိုးတောင် ကာကွယ်နိုင်မှာ။ တစ်ကြိမ်လွတ်သွားရင်တော့ အချိန်မရွေး ရောဂါပိုးက ဝင်နိုင်တယ်ဗျ”

ဆရာလေးကို ဒီတစ်ခေါက်တော့ စိတ်ကွက်မိတာ အမှန်။ ဟုတ်တယ်လေ၊ ကျုပ် သမီးကို ကျုပ်က အချိန်ပြည့် မစောင့်ရှောက် နိုင်ပေမယ့် လိုလေသေး မရှိထားတာ။ နို့ဆိုလည်း သေချာ ကျိုတိုက်တာ။ သူ့အဘွား ကလည်း ဂရုစိုက်ရှာတာပါပဲ။ ရောဂါပိုးဆိုတာ တော်တော်နဲ့ ဝင်မှာ မဟုတ်။ အဲတာ ကြောင့်လည်း မွေးပြီး ကတည်းက ကျုပ် သမီးလေးက ဖျားဖူးတာမှ မဟုတ်တာ။ ခုတော့ ကျုပ်က ဆရာလေး စကားအတိုင်း ကာကွယ်ဆေးကို ယုံစားမိမှ ငါးပါးမက မှောက်တော့တာပဲ။

ဆရာလေးကိုတော့ ဘာမှ မပြောခဲ့ပါဘူး။ သူပေးသမျှ ဆေးတွေ ယူလာပြီး ပြောသမျှ ခေါင်းညိတ်ပြခဲ့တာပါပဲ။ ဒါပေမဲ့ဗျာ နောက်နောင်တော့ ကျုပ်သမီးနဲ့ ပတ်သက်ပြီး ကျုပ်လူတိုင်းစကားကို နားထောင်၊ ဆတ်ဆော့တာမျိုး မလုပ်တော့ဘူး။ အဲဒီဆုံးဖြတ်ချက်ကတော့အခိုင်အမာပဲ အဟုတ်။

••••• ••••• •••••

၆။

ညဉ့်နက်နက်ထဲ အမြန်ပြေးနေတဲ့ ကားတံခါးပေါက်က လေတဟူးဟူးပဲ။ လေတွေ ဝင်စမ်းဗျာ။ ကျုပ်သမီးလေးကို လေတွေ အဝ ပေးရှူလိုက်စမ်းပါဗျာ။

“ခင်ဗျားဗျာ၊ ကျွန်တော် သေချာမှာ ထားရက်နဲ့။ ကာကွယ်ဆေးကို ၃ ကြိမ် မပြည့်ဘူးမလား”

“ကျုပ်သမီးလေး ဖျားတာ မကြည့်ရက်လို့ပါ။ အီး ... ဟီး ... ဟီး ဒီလောက်ထိ ဆိုးမယ်လို့ ကျုပ်မသိလို့ ဆရာလေးစကား နားမထောင်မိတာပါဗျ”

“ကျွန်တော်က ဆေးရုံဝင်းအတွင်း နေလို့ ခုလို အရေးပေါ်ခွဲစိတ်ပြီး လေပြွန်ထည့်နိုင်တာ။ နောက်ပြီး ခင်ဗျားလည်း အပြေးမြန်ပေလို့။ နို့မို့ မလွယ်ဘူး”

ကယ်ပေးခဲ့တဲ့ ဆရာလေးကိုလည်း ကျေးဇူးတင်ပါရဲ့ဗျာ။ သမီးလေးကတော့ ခွေခွေလေးနဲ့ ခုထိ မျက်စိ မပွင့်သေးဘူး။ အသက်ကလေးတော့ ရှူနေရှာသေး။ ရှိုက်ရှိုက်ရှူနေတော့ ပင်များ ပင်ပန်းနေမလား။ ငယ်ငယ်ရွယ်ရွယ်နဲ့ လည်ပင်းက ခွဲစိတ်ရာ အပေါက်ကြီး ရသွားတာကို စိတ်မကောင်း။ ဘုရားရေ ခုမှ ကြည့်မိတယ်။ လည်ပင်းပေါ် က လေပြွန်တု ဆိုတာကနေ သွေးတွေစိမ့် ထွက်နေတုန်းပါလား။

“ဆရာလေး ကျုပ်သမီးလေး လည်ပင်းက သွေးထွက်တာ မရပ်သေးဘူးလားဗျာ။ တော်နေကြာ သွေးထွက်လွန်ပြီး .. တစ်ခုခု ... အီး ဟီးဟီး”

“ကိုဝင်းအောင်၊ ခင်ဗျား ခုမှ ငိုမနေနဲ့။ သွေးထွက် မလွန်အောင် ဟောဒီမှာ ပုလင်း ချိတ်ထားတယ်။ သွေးကတော့ တိတ်ဖို့ ခဲယဉ်းလိမ့်မယ်။ အရေးပေါ် လေပြွန်ထည့်ထားရတာမို့ပဲ”

••••• ••••• •••••

၇။

“အထူးကြပ်မတ် ကုသဆောင်”

ကျုပ်ကို ဒီအတိုင်း ပေးမဝင်ဘူး။ အင်္ကျီ အရင်လဲတဲ့။ အပြာရောင် အင်္ကျီအပေါ်စွပ်ကို စွပ်ပြီးမှ အဆောင်ထဲ ပေးဝင်တယ်။ ဆရာကြီး၊ ဆရာမကြီးတွေ နည်းမှ မနည်းဘဲ။ အားလုံးကတော့ ကျုပ်သမီးလေးရဲ့ လည်ပင်းထဲက ပြွန်လေးထဲ ပိုက်ထည့်ပြီး ဘာတွေ လုပ်မှန်းတော့ မသိပါဘူး။ ကျုပ်က အဆောင်ထဲ ဝင်ခွင့်ရပေမယ့် သမီးလေးရဲ့ အခန်းထဲတော့ ပေးမဝင်ဘူး။ ဆရာလေးတော့ ဝင်ခွင့်ရပါရဲ့။ တော်သေးတာက မှန်ခန်းမို့လို့ အပြင်က မြင်နေရတာ။

သမီးလေးရဲ့ လက်ထိပ်ကလေးကို ညှပ်လေး တစ်ခုနဲ့ ညှပ်တယ်။ အင်္ကျီကို ဖြဲပြီး ရင်ဘတ်မှာ အဝိုင်းပြားလေးတွေ ကပ်ပါလေရော။ ဘာတွေမှန်းတော့ မသိ။ သိတာက သူတို့ အေးအေးဆေးဆေး လုပ်နေတာ မဟုတ်။ နည်းနည်း ပျာယာခတ် နေတာမို့ ကျုပ်သမီးလေး အခြေအနေက စိတ်မချရ သေးမှန်းတော့ ရိပ်မိတယ်လေ။

“ကဲ ကိုဝင်းအောင်၊ ခင်ဗျား သမီးကို ဝင်တွေ့တော့”

ကျုပ်လေ ဆရာလေးကို ကျေးဇူးတင်လိုက်တာ။ ထိုင်ကန်တော့ချင်ပေမယ့် အတင်း တားနေတာမို့ ခဏခဏ လက်အုပ်ချီရင်း တောင်းပန်မိတယ်။ ကျုပ်ရဲ့ သမီး အပေါ်ထားတဲ့ အချစ်စိတ်၊ အစိုးရိမ်လွန်စိတ်တွေက အရာအားလုံးကို ကပြောင်းကပြန် ဖြစ်အောင် လုပ်ပစ်ခဲ့တာလေ။ ကာကွယ်လို့ ရပါရက်နဲ့ ကျုပ်ကိုယ်တိုင် ကျုပ်သမီးလေးကို ရောဂါဖြစ်စေခဲ့တာ။ ခုတော့ အရာအားလုံး တည်တည်ငြိမ်ငြိမ်ပါပဲ။

“ကိုဝင်းအောင်၊ ဒီအဆောင်မှာတော့ ခဏနေရမယ်။ ခင်ဗျားသမီး လည်ပင်းမှာ အမြှေးပါးအမည်းကြီးရှိတယ်။ အဲဒါက ဆုံဆို့ရောဂါကြောင့် ဖြစ်တာ။ အဲ အမြှေးပါး ပျောက်အောင်ထိ ဒီအထူးဆောင်မှာ ခင်ဗျားသမီးကို ကုရမယ်။ ခုလက်ထိပ်က ညှပ်လေးက သွေးထဲက အောက်ဆီဂျင်ကို တိုင်းတာ။ ရင်ဘတ်က အဝိုင်းပြားလေးတွေက နှလုံး ကောင်းမကောင်း စမ်းတာ။ ခုတော့ အားလုံး အိုကေ။ ခင်ဗျားလည်း ပန်းရော့မယ်။ ခဏ နားလိုက်ဦး”

••••• ••••• •••••

၈။

“ဗျို့။ ကိုဝင်းအောင်၊ ဒီနေ့ မျက်နှာ တယ်ရွှင်ပါ့လား”

“ရွှင်ဆို ကျုပ်သမီးလေးကို ဒီနေ့ အထူးဆောင်ကနေ ကလေးဖျားနာဆောင်ကို ရွှေ့ပြီလေ။ ဆရာကြီးတွေကတော့ စိတ်ချရပြီတဲ့။ သမီးလေးကလည်း ပြုံးရွှင်လို့ပဲလေ။ နွားနို့ကို ၃ ဇွန်းကြီးများတောင် ဒီနေ့မနက်က သောက်သေးဗျာ”

ဆရာလေးကို ခပ်ကြွားကြွားလေး ကျုပ် နှုတ်ဆက်ရင်း အထုပ်တွေကို သိမ်း၊ ကလေးဆောင်ဘက်က ခုတင်ဆီ ကျုပ် ရွှေ့နေလိုက်တယ်။

ကလေးဆောင်ဘက်မှာ လူနာတော့ တော်တော်များသား။ ဒီနေ့တော့ ကျုပ်လည်း သမီးလေးကို ခင်နှင်းအမေနဲ့ ခဏထားခဲ့ လိုက်တယ်။ ရွာက လယ်တွေ ပစ်ထားတာလည်း ကြာပြီလေ။ လယ်ရှင်လည်း ကျုပ်၊ သူရင်းငှားလည်း ကျုပ် လုပ်နေတဲ့ လယ်က တခြားသူနဲ့ လွှဲခဲ့ရတာမို့ စိတ်မချ။

နံနက် ရောက်ရောက်ချင်းတော့ သမီးလေးဆီ ပြန်လိုက်တယ်။ ဆေးရုံအပေါက်ဝမှာ ခင်နှင်းအမေက ရှိုက်ငိုနေပါ့လား။ သမီးလေး ဆေးရုံတက်နေပါတယ် ဆိုမှ ဘယ့်နှယ်ကြောင့် နိမိတ်မကောင်းအောင် ငိုနေပါလိမ့်။

ကျုပ်ကို တွေ့တွေ့ချင်း ခင်နှင်းအမေက ကျုပ်ရင်ဘတ်ကို ထုငိုတယ်။ ပါးစပ်က ပြောသေး၊ “နင့်ကြောင့်၊ နင့်ကြောင့်” တဲ့။ ခင်နှင်းအမေကို ဆွဲခေါ်ပြီး သမီးလေးရဲ့ ခုတင်ဆီ ပြေးလိုက်တယ်။ အဆောင်ဝမှာပဲ ဆရာကြီးက “ခင်ဗျားက ကလေးအဖေ မဟုတ်လား” တဲ့။ ပျာပျာသလဲ ခေါင်းညိတ်ပြတော့ စကားသံ တချို့ကို ခပ်ယဲ့ယဲ့ ကြားလိုက်တယ်။ 

“ကလေးက ဆုံဆို့ရောဂါ နောက်ဆက်တွဲ နှလုံးရောင်တာကို ခံလိုက်ရတယ်။ ဒါ့ကြောင့် ...”

ကျုပ် နားထဲ ဘာမှ မကြားရတော့ဘူး။ ခေါင်းကို ခါယမ်းပစ်လိုက်တယ်။ ဒီစကားလုံးတွေကို ကျုပ် လက်မခံနိုင်ဘူး။ ဒါပေမဲ့ ကျုပ် မြင်ရနေတာက ခုတင်ပေါ်က စောင်အဖြူနဲ့ အုပ်ထားရတဲ့ ကျုပ်သမီးလေး ...။

 ⎕ ကျေး ( ဆေး - ၁ )
📖မဟေသီ ရုပ်စုံ မဂ္ဂဇင်း
     စက်တင်ဘာ၊ ၂၀၁၇

No comments:

Post a Comment