❝ ဆန္ဒ၏ ဇာတ်ကြောင်း ❞
( ဆင်ဖြူကျွန်းအောင်သိန်း )
မိမိ ကိုယ်ပေါ်သို့ တစ်စုံတစ်ခုဖြင့် လွှမ်းအုပ်လိုက်သလို ဖြစ်သွားကာ ကြီးမားသော အကောင် တစ်ကောင် ဖြတ်သန်းသွားသည်ဟု ထင်လိုက်သောကြောင့် ကိုဆေးရိုးက မိုးပေါ်သို့ မော့ကြည့်လိုက်သည် ။ ဘာကိုမျှ မတွေ့ရချေ ။ ကောင်းကင်ပြင်သည် ပြာစင်ကြည်လဲ့နေပေ၏ ။
သို့ရာတွင် ကိုဆေးရိုး သူ၏ လက်ဝဲဘက်သို့ ငဲ့ကြည့်လိုက်သောအခါမှာကား တိမ်ဖြူဖြူ တစ်အုပ်သည် မြောက်အရပ်သို့ လျင်မြန်စွာ ပြေးလွင့်သွားသည်ကို တွေ့ရသည် ။ အမှန်မှာ တိမ်ဖြူဖုတ်စုကလေး လူပေါ်မှ အပြေးအလွှား ဖြတ်သန်းသွားစဉ်တွင် နေက ကွက်ခနဲ ဖြတ်သွားသည့်အတွက် ကြီးမားသော ငှက် တစ်ကောင် ခေါင်းပေါ်က ဖြတ်သန်းသွားသည်ဟု ထင်ရခြင်းဖြစ်ပေသည် ။
အဝေးသို့ လှမ်းမျှော်ကြည့်လိုက်သော အခါတွင် မြနှစ်ရောင်ဖြင့် စိမ်းမှောင်နေသော ကောက်ပင် ပင်လယ်ပြန့်ကြီး ထက်တွင်အရိပ်ကြီး တစ်ခုက ဖြတ်သန်းသွားနေ၏ ။ ကောက်ပင်များမှာ ညှို့ခနဲ ညှို့ခနဲ ညိုမှောင်သွားပြီးနောက် ချက်ချင်းပင် ပြန်လည် စိမ်းတောက်သွားလေသည် ။ လေမြူးတစ်ချက် သွေးလိုက်လျှင် မြစိမ်းပင်လယ်မှာ အိခနဲအိခနဲ လှိုင်းတွန့်ထင်ကာ အဝေးသို့ ပြေးပျောက်သွားကြလေ၏ ။
အချိန်ကား ကိုဆေးရိုးတို့ တစ်တွေ အနားရစ အချိန် ဖြစ်ပေသည် ။ နွားတင်းကုပ်ထဲက နွားများသည် လယ်ပိတ်စတုန်းကလို တအိပ်တည်း အိပ်ကာ တစားတည်း စားမနေကြတော့ပြီ ။ အားသစ်ဝင်ကာ အမွေးအရောင်များ ပြောင်လက်ဖိတ်အိလျက် မြူးတူးနေကြပေပြီ ။ တွန်သံကလေးပေးကာ ၊ မြေကြီးကို ခွာရှပ်ကာ ဖြင့် ကြွပျံနေချေသည် ။ ကိုဆေးရိုးတို့ လူများမှာလည်း ငုတ်ထိုးမိသောအနာများ အနာဖေးကွာလေပြီ ။ လယ်ထွန်ရင်း ဝတ်ခဲ့သည့် ပုဆိုး ၊ အင်္ကျီများမှာလည်း ရွှံ့နှစ် နွံရည်များ စင်ကြယ်ခဲ့လေပြီ ။ သူ၏ ပါး ၊ ပခုံးနှင့် ညို့သကျည်းမှ သမန်းဆီများပင် လွင့်ပြယ်ခဲ့ပြီ ဖြစ်၏ ။
ကိုဆေးရိုးသည် ကန်သင်းပေါင်များကို တစ်ခုပြီး တစ်ခု စေ့စပ်စွာ လျှောက်ကြည့်နေသည် ။ ရေစိမ့်သည် ထင်ရသော ကန်သင်းများကို ခြေဖြင့် ဆောင့်နင်းတန် လျှင် နင်း၍ ၊ ရွှံ့မြေစာ စသည်တိုဖြင့် ပိတ်တန်လျှင် ပိတ်လျက် ကန်သင်း တစ်ခုပြီးတစ်ခု ကူးခဲ့၏ ။ ကန်သင်းပေါင် ထက်တွင် ပဲလွန်းပင်များ ဖုံးအုပ်လျက်ရှိသည် ။ ပဲလွန်းပင်များ၏ ကြား၌ ပုစွန်လုံးတွင်းများသည် စီရီနေ၏ ။ ပုစွန်လုံးများသည် အမြှုပ်တစီစီ ထွက်လျက် တွင်းနှုတ်ခမ်းမှာ ခေါင်းပြူနေကြရာက ကိုဆေးရိုးကို မြင်လျှင် ဝင်ပြေးကြသည် ။ အချို့ ကန်သင်းများတွင်မူ ကျီးကန်းများ တရုန်းရုန်းဖြင့် စည်ကားနေကာ ကိုဆေးရိုးကို မြင်မှ ထပျံပြေးကြ၏ ။ ကျီးကန်းများ စုခဲအုံနေသည့် နေရာသို့ ကိုဆေးရိုး ရောက်သွားလျှင် ပက်လက်လန်ပြီး ဗိုက်ပေါက်နေသော ပုစွန်လုံးများနှင့် ပုစွန်အခွံများကို တွေ့ရတတ်လေသည် ။
ကိုဆေးရိုးသည် အောက်ဆုံး လယ်ကွက်မှ အထက်လယ်ကွက်များသို့ တစ်ဆင့်ပြီး တစ်ဆင့် တက်ခဲ့၏ ။ ကန်သင်းများကို တစ်ခုပြီး တစ်ခု စစ်ဆေးကြည့်လေသည် ။ ဖာတန်သည်ကို ဖာ၍ ခြေဖြင့် ဆောင့်တန်သည်ကို ဆောင့်ခဲ့၏ ။ နို့ရည်ခဲနှင့် တူသော ကောက်သီးနုနုများ သန္ဓေတည်စ အချိန် ဖြစ်သောကြောင့် ရေ မှန်ဖို့ လိုသည် ။ လယ်ကွက်များထဲသို့ မှန်မှန် ဝင်ရောက်နေသော ရေသည် လူက ထွက်ခွင့်ပေးထားသော နေရာမှ ထွက်စေချင်သလောက်သာ ထွက်ဖို့လည်း လိုအပ်ပေ၏ ။ မြက်ရိတ်သူတို့၏ တေးသံသည် မြူးကြွ ထွက်ပေါ်လာ၏ ။ ခပ်လှမ်းလှမ်း မြောင်းပေါင်ပေါ်တွင် မြက်ရိတ်ကာလသား တစ်စုသည် တံစဉ်ကိုယ်စီ ပခုံး ချိတ်ပြီး ကခုန်နေကြလေသည် ။
“ မင်းသားကြီး တစ်ပင်တိုင်ဘဝမှာ ယှဉ်ပြိုင် ကစရာ နှမကညာ လိုသဗျို့ ”
“ လိုရင် ညောင်ပင်ဝိုင်းကို သွားခေါ်ချေဟေ့ ။ ငါ့လယ်နားမှာ လာမဆူနဲ့ ၊ မအေပေးတွေ ”
ကိုဆေးရိုးက မျက်စိနောက်နောက် ၊ နားစီစီ ရှိသည်မို့ လှမ်းအော်လိုက်သည် ။ ကာလသားများမှာ တစ်ရွာကျော် ညောင်ပင်ဝိုင်းရွာသားများ ဖြစ်ကြကာ ဆဲမနာ ဆိုမနာသူများ ပီပီ ဟားတိုက်ရယ်လိုက်ကြ၏ ။
“ ကျုပ်တို့ ညောင်ပင်ဝိုင်းများမှာ မရှိလို့ ရီးဆေးရိုးတို့ ရမ်းဘိုကုန်းကို လာခဲ့မယ်ဗျို့ ”
“ ဓားစာလေးတွေ ။ ဘာလဲ ၊ ငါပြန်သွားမှ ငါ့လယ်ထဲက မြက်ကို ခိုးကြမလို့ မဟုတ်လား ”
“ အာ ရီးဆေးရိုးကလည်း တောက်တီး တောက်တဲ့ဗျာ ။ တစ်ထုံးတည်းပါ ”
ငသန်း ဆိုသော လူပျိုပေါက်ကလေးက ရွှတ်နောက်နောက် ပြောလိုက်လျှင် ကျန်အကောင်များက ဝိုင်း၍ သောလိုက်သည် ။ ကိုဆေးရိုးမှာ ငန်းပြားကို ထမ်းလျက် ပြုံး၍သာ နေမိရာက “ အေးလေ ခိုးချင် ခိုးကြပေါ့ကွာ ။ ငါကတော့ မင်းတို့ ခိုးလိမ့်မယ် မထင်လို့ သွားပြီဟေ့ ” ဟုသာ လေအေးကလေးဖြင့် ပြောနိုင်တော့ကာ ခပ်သွက်သွက် လှမ်းထွက်ခဲ့လေ၏ ။
“ စိတ်ချပါ ရီးဆေးရိုးရာ ၊ မခိုးပါဘူး ၊ ရိတ်ရုံ ရိတ်မှာပါ ”
ငကြွက် ဆိုသော ကောင်ကလေး၏ ခပ်နောက်နောက်ပြောသံက ကိုဆေးရိုး၏ နောက်မှ ထွက်ပေါ် လာပြန်လေသည် ။ မိမိတို့ သည်အရွယ်တုန်းကလည်း သည်လိုပင် အရာရာကို ရယ်စရာမောစရာ အဖြစ်သာ မြင်ခဲ့ကာ ၊ ပျော်ဖို့ ရွှင်ဖို့ကိုသာ သိခဲ့သောကြောင့် ကိုဆေးရိုးမှာ စိတ်မဆိုးနိုင်ပေ ။ ဒီအရွယ်ဆိုတာကလည်း မိဘ၏ ဆန်အိုးထဲတွင် ဆန်မရှိတာကို သိသူများ မဟုတ် ။ လောကကြီး တစ်ခုလုံးကို အကောင်းဘက်ကသာ မြင်တတ်ကြကာ ၊ အရာရာကို မိုးနတ်သူဇာလို လှပသည်ဟု ထင်ကြ၍ ၊ မိုးကျသူဇာ၏ မီးယပ်ချည့် ချည့်တတ်သော သဘောကိုကား နားညည်းခံ၍ ကြားနာရသည့် အရွယ် မဟုတ်ပေ ။
မြောင်းရေမှာ ကိုဆေးရိုး ကြည့်ရင်းကြည့်ရင်းက နည်းလာလေသည် ။ မြောင်းရင်းဘက်သို့ ကိုဆေးရိုး နီးကပ်လာလေလေ မြောင်းရေသည် နည်းလာလေလေ ဖြစ်ကာ ဦးသာဒွန်းလယ်ထိပ် သခွတ်ပင် အောက်သို့ ရောက်သောအခါ မြောင်းရေ မရှိတော့ချေ ။
“ ရော ဖုံးတုန်းလုံးတုန်းကြီးမှာ ရေပြတ်ရင်တော့ ဒုက္ခရောက်ကုန်တော့မှာပဲဟေ့ ”
ကိုဆေးရိုးသည် နွံနှစ်နှင့် သဲဝါများသာ ရေစပ်စပ်နှင့် ရှိနေသော မြောင်းခွက်ကြီးကို ကြည့်လျက် လွှတ်ခနဲ အော်လိုက်မိတော့သည် ။ မြောင်းထဲမှာ ရေပြတ်သွားပြီ ဆိုလျှင် ကိုဆေးရိုး ပထမ လုပ်ရမည့် အလုပ်မှာ မိမိ၏ လယ်ပွဲထဲတွင် အရှင်လွှတ်ထားသော ရေများကို တန့်ရပ်ပစ်ပြီး ၊ ကန်သင်း အသီးသီးမှ ကျော်ချထားသော ရေပေါက်များကို လိုက်လံ ပိတ်ဆို့ပစ်ရန်ပဲရှိသည် ။
ဘယ်နေရာမှာ မြောင်းကျိုးသည် မသိ ။ မြောင်းကျိုးလျှင် ကျိုးချင်း ဆည်မြောင်းဌာနက သိသည် မဟုတ် ။ သိသည်ထားဦးတော့ မြောင်းကျိုးကို ပြင်နေမှာနှင့် ၊ ရေလွှတ်နေမှာနှင့် ။ အောက်ထစ် ခုနစ်ရက်တော့ ရေပြတ်ဦးမည် ။ အဲဒီ ခုနစ်ရက်စာအတွက် ဖုံးတုန်းလုံးတုန်း ကောက်ပင်များ ရေဖူလုံရန်မှာ ကန်သင်းများကို ချက်ချင်း ပြေးပိတ်ပစ်ရန်မှ တစ်ပါး အခြား အလုပ် မရှိချေ ။ ထို့ကြောင့် ကိုဆေးရိုးသည် လာလမ်းဘက်သို့ အဆောတလျင် မျက်နှာမူလိုက်သည် ။ သို့စဉ်တွင်
“ ဟိုချုံအောက်ကို ဝင်သွားတယ်ဟ ။ ငါးရံ့ကြီး ငါးရံ့ကြီး ၊ တောင်ဆုပ်လောက် ရှိတယ် ။ လိုက်ပါကွ ”
မိမိ၏ ကျောဘက်မှ ရေကို ခြေနှင့်နင်းသံ ၊ စကားပြောသံများ ထွက်ပေါ်လာသောကြောင့် ကိုဆေးရိုးက အသံ လာရာဘက်သို့ လှည့်ကြည့်လိုက်မိ၏ ။ ဘာမျှ မမြင်ရချေ ။ မြောင်းပေါ်၌ ခွေးလှေးယားပင်များ ၊ ပဲပြားပင်များ ကလိမ်ချုံနှင့် ဟင်းရန့်ရေခမိုးပင်များက ဖုံးအုပ်နေ၏ ။
“ တယ် ဒီပုစွန်လုံးဟာ ၊ ငါး လိုချင်ခါမှ ပုစွန်လုံးက ကန့်လန့်ကန့်လန့်နဲ့ ”
“ အာ ၊ တယ်မိုက်တဲ့ ကောင်ပဲ ။ ဒီအချိန်မှာ ပုစွန်လုံး အဆီ ပြည့်တဲ့ အချိန်ပေါ့ကွ ။ ကြော်စားရအောင် ကောက်ခဲ့ပါ လွှင့်မပစ်ပါနဲ့ ”
လူကို မမြင်ရသော်လည်း အသံကို ကြားနေရသဖြင့် ထိုအသံရှင်များ ချုံနှင့် လွတ်မည်နေရာသို့ ရောက်သည်အထိ ကိုဆေးရိုးက ရပ်စောင့်နေသည် ။ ကိုဆေးရိုး စောင့်ကြည့်နေစဉ်တွင် ချုံနွယ်များ လှုပ်ယမ်းလာ၏ ။ ချုံကို ထိုးခုတ်လိုက်သော ဓားဦးကိုလည်း တစ်ချက်တလေ မြင်ရကာ အင်္ကျီဗလာဖြင့် ခါးတောင်းကို မြှောင်အောင် ကျိုက်ထားလျက် ကြီးမားသော ခါးပိုက်ထောင်ကြီးတွေ ကိုယ်စီနှင့် ‘ ဓားရှည်လပ် ’ ကိုယ်စီကိုင် ထားသော သရဲရုပ် လူငယ်နှစ်ယောက်သည် ချုံထဲမှ ဘွားခနဲ ပေါ်လာ၏ ။
“ ဟေ့ကောင်တွေ ”
ကိုဆေးရိုး အော်သံကြောင့် လူငယ်နှစ်ယောက်က ပြိုင်တူ မော့ကြည့်ပြီး “ အာ ရီးဆေးရိုး ၊ လယ်ပြင်က လာသလား ” ဟု မေးလိုက်ကြသည် ။
“ ဘာလဲ ၊ မင်းတို့ မြောင်းကို ပိတ်ပစ်သလား ဟုတ်လား ”
“ ဟုတ်တယ်ဗျာ ။ ဟင်းစား သိပ်ပြတ်နေတာနဲ့ ”
“ မြောင်းရင်းမှာ ဘယ်သူတွေ ကျန်ခဲ့သလဲ ။ နေ့ခင်းကြောင်တောင်ကြီးမှာ မြောင်းဗိုလ်တွေ ဘာတွေနဲ့ မိသွားမှဖြင့်ကွာ ။ ငါးလေး တစ်နပ်ချက်နဲ့ ထောင်ကျနေပါဦးမယ် ”
ကိုဆေးရိုးက ညည်းညူမြည်တွန်လိုက်သည် ။ လူငယ်နှစ်ယောက်သည် ကိုဆေးရိုး နောက်က ကပ်၍ လိုက်ပါလာကြ၏ ။
“ ထွန်းခိုင်ရယ် ၊ လှမောင်နဲ့ အေးဖေရယ် ကျန်ခဲ့ပါတယ်ဗျ ။ ဘောင်းဘီနဲ့လူ မြင်ရင် ထောင်ပြီး ပိတ်ထားတဲ့ ပျဉ်ပြားကို ဆွဲမလိုက်မှာပေါ့ ”
“ အေး ၊ အဲဒါက အရေးမကြီးဘူး ဖိုးအောင် ။ ဒီအချိန်မှာ လယ်တွေ ရေငတ်ကုန်ရင် ဘာဖြစ်မယ်ဆိုတာ မင်းတို့ သိတယ် မဟုတ်လား ”
“ ဟုတ်ကဲ့ပါ ၊ ကျုပ်တို့ ဒီတစ်ခါတည်း လုပ်တာပါ ”
ဖိုးအောင်က ခါးပိုက်ထောင်ကို ပြင်၍ လိမ်ရင်း ပြောလိုက်ရာ ဖိုးအောင်၏ အဖော် ထွန်းအောင်က မျက်နှာတွင် ပေနေသော ရွှံ့များကို သပ်ချရင်း ပြောလိုက်ပြန်သည် ။
“ ရီးဆေးရိုးကလဲဗျာ ၊ ဒီအချိန်မှာ မြောင်းရေကို ယူတဲ့ လယ်က အင်မတန် နည်းပါတယ်ဗျာ ။ အထက် ရေနဲ့ အောက်ရေတောင် ကန်သင်း မကျိုးအောင် မနည်း ဖောက်ချနေရတဲ့ ဥစ္စာ ”
“ ဟုတ်တော့ ဟုတ်ပါတယ်ကွာ ”
မှန်ပေသည် ။ ယခုအချိန်၌ လယ်များမှာ မြောင်းရေကို သွင်းယူရသည့် လယ်ကွက်ဟူ၍ အနည်းကျဉ်းသာ ရှိ၏ ။ မိမိတို့ ရေလမ်းသင့်ရာ လယ်ပွဲများမှ ထုတ်လွှတ်သော ‘ ကျင်းရေ ’ ကိုသာ အောက်လယ်များက အဆင့်ဆင့် ခံယူသွားသဖြင့် မြောင်းရေကို လိုအပ်သည်ဟု ထင်စရာ မရှိပေ ။
ကိုဆေးရိုးက ထွန်းဆောင်ကို စောင်းငဲ့ကြည့်ကာ “ ဟုတ်တော့ဟုတ်ပါတယ်ကွာ ” ဟုပြောပြီး ရှေ့မှ ဆီးနေသော ဖြောင့်ဖြူးညီပြန့်လှသည့် မြောင်းပေါင်ကြီး၏ ဘေး ရေဝေပေါက် အဝတွင် အလုပ်များနေသည့် လူသုံးယောက်ကို လှမ်းကြည့်လိုက်၏ ။
“ ဒါပေမဲ့ အဲဒီ ကျင်းရေကို စလွှတ်တဲ့ ထိပ်ဆုံး လယ်က ရေတွေဟာ ဘယ်က ရေတွေလဲ ။ မင်းယောက္ခမ ရေအိုးနဲ့ ရွက်ပြီး လောင်းပေးတာ မဟုတ်ဘူးကွ ။ ဒီ မြောင်းထဲက ရေကိုပဲ ယူရတာ မဟုတ်လား ”
“ ဟုတ်ပါတယ် ၊ ရီးဆေးရိုး ပြောတာ ဟုတ်ပါတယ် ”
ဖိုးအောင်က ဝန်ခံလိုက်သည် ။
“ ပြီးတော့ အဲဒီ ထိပ်ဆုံးလယ်က လွှတ်လိုက်တဲ့ ကျင်းရေကို ယူမရတဲ့ လယ်တေ ၊ ကျင်းရေ ရပေမဲ့ မလုံလောက်တဲ့ လယ်တေကျတော့ မြောင်းရေပဲ အားကိုးရတာပေါ့ကွ ”
မြောင်းရေမှာ မိုးမကျမီကပင် ရှိသမျှ မြောင်းများတွင် မပြတ်လာနေသောကြောင့် ယခုလို အချိန်ဝယ် လယ်များ၌ “ စိမ့် ” ဓာတ်ရပြီး ရေဝနေလေသည် ။ မြောင်းထဲက ရေကို သွယ်ဖောက် မယူသော်လည်း လယ်ကွက်တိုင်းမှာ စိမ့်လာသည့် ရေဓာတ်ကြောင့် မပြတ်စွတ်စိုနေသည့်အတွက် ‘ ကျင်းရေ ’ နှင့် လုံလောက်နေရကား မြောင်းရေကို အပိုလိုလို ထင်မှတ် နေကြခြင်းဖြစ်၏ ။
“ ဟင်းလျာဖိုး မပြောနဲ့ ၊ ဆန်ဖိုးတောင် မနည်းရှာ နေရတာ ရီးဆေးရိုးရ ။ တစ်ခါတလေလည်း ငါးဟင်းလေး ဘာလေး စားချင်တယ်ဗျ ”
ဖိုးအောင်က ညည်းညူသံကလေးဖြင့် ရှင်းပြရာက မြောင်းထဲသို့ ဖဲဆင်းသွားသည် ။ သူ၏ ရှေ့၌ ထွန်း ခိုင် ၊ လှမောင်နှင့် အေးဖေတို့က ခွက်စုတ်ကိုယ်စီဖြင့် ရေပက်ထုတ်နေကြ၏ ။ မြောင်းမကြီးထဲမှ ရေသည် ကျဉ်းမြောင်းသော ရေဝေပေါက်ထဲမှ မြောင်းလက်ကြီး ထဲသို့ အရှိန်ဖြင့် ထိုးကျလာသဖြင့် ရေဝေပေါက် အဝတွင် ကျင်းကြီး ဖြစ်နေ၏ ။ ထွန်းခိုင်တို့က ထိုကျင်း ကြီးထဲမှ ရေများကို ပက်ထုတ်နေကြခြင်းဖြစ်သည် ။
“ ဟေ့ကောင်တွေ ၊ ဘယ်လောက်ရခဲ့ကြလဲဟေ့ ”
လှမောင်က ပက်ထုတ်လိုက်သော ရေနှင့် ပါသွားသော ငါးများကို လိုက်ကောက်နေရာက လှမ်းကြည့်ပြီး မေးလိုက်လေသည် ။
“ နှစ်ယောက်ပေါင်း သုံးဆယ်သားလောက် ရခဲ့တယ်ကွ ”
ထွန်းဆောင်က ပြန်ဖြေလိုက်ရာ
“ ဟုတ်ကဲ့လားကွာ ။ တစ်နေရာရာမှာ မင်းတို့ သဘောတူ ဖွက်များထားခဲ့ကြသလား ”
လှမောင်က ရယ်ဖြဲဖြဲဖြင့် ပြောလိုက်သည်တွင် ရေကိုသာ မဲ၍ ပက်ထုတ်နေသော ထွန်းခိုင်ကပါ “ ဟေ့ကောင်တွေ ၊ မင်းတို့ ယီးတီးယားတား မလုပ်နဲ့နော် ” ဟု ပြောပြောဆိုဆို ဆတ်ခနဲ မော့ကြည့်လိုက်ရာ ၊ ငုံ့ကြည့်နေသော ကိုဆေးရိုးနှင့် မျက်နှာချင်း ဆုံမိလေ၏ ။
“ ဟာ ရီးဆေးရိုး ”
ထွန်းခိုင်၏ အသံကို ကြားသောကြောင့် အေးဖေ ကပါ မော့ကြည့်သည် ။
“ ရီးဆေးရိုး ဘယ်ကလာလဲ ”
“ လယ်ပြင်က ပြန်လာတာ မြင်ရဲ့သားနဲ့ ဘယ်က ပြန်လာသလဲ မေးတော့ ငါ ဘာပြောရမလဲ ”
“ ဟဲ ဟဲ ”
ကိုဆေးရိုးက မျက်နှာထားကြီးဖြင့် ပြောလိုက်သောကြောင့် အေးဖေက ရယ်သွမ်းသွေးလိုက်၏ ။
“ ဟဲ ဟဲ လုပ်မနေနဲ့ ၊ ဆောင်းဝင်ခါစ ရာသီပြောင်း ရာသီလွဲမှာ အအေးမိပြီး သေကုန်ကြဦးမယ် ”
ကိုဆေးရိုးက ငန်းပြား ( တူးရွင်း ) ကို မြေပေါ်မှာ ထိုးစိုက်လိုက်ပြီး ခေါင်းတွင် ပတ်ထားသော လုံချည်ထဲမှ မီးခြစ်ကို ထုတ်ယူကာ ဆေးလိပ်ညှိသောက်ရင်း သတိပေးလိုက်သည် ။
“ ဒါလေးကုန်ရင် အိမ်ကို ပြန်မှာပါ ရီးဆေးရိုးရ ”
“ ရီးဆေးရိုးအိမ်ဖို့ ယူသွားပါဦးလား ”
“ တော်စမ်းပါ ထွန်းဆောင်ရာ ။ မင်းတို့ ငရဲခံရမယ့် အကောင်တွေပဲ ။ ဝအောင်စားကြပါ ”
ကိုဆေးရိုးက ထွန်းဆောင် ဘက်သို့ လှည့်ပြောနေစဉ် “ ကဲကွာ ကဲ ရှုပ်ဦးဟာ ” ဟူသော အသံများကို ကြားရသဖြင့် လက်ယာဘက်သို့ ငဲ့စောင်းကြည့်လိုက်၏ ။ ထွန်းခိုင်သည် မိမိရှေ့တွင် တရွေ့ရွေ့ သွားနေသော ပုစွန်လုံးများကို အုတ်ခဲပေါ်တွင် တစ်ကောင်ပြီး တစ်ကောင် ကိုင်ပေါက်နေခြင်းဖြစ်၏ ။ ပုစွန်လုံးများမှာ အုတ်ခဲပေါ်တွင် ကြေမွနေကာ အဆီတဝင်းဝင်းဖြင့် ရွှဲအိုင်နေပြီး အချို့သော ခြေလက်များမှာ တစ်ကိုယ်လုံး မွမွညက်နေပါလျက်နှင့် တရွရွ လှုပ်ရှားနေသေး၏ ။ ကိုဆေးရိုးသည် မျက်နှာလွှဲလိုက်သည် ။ ငန်းပြားကို ဆွဲနုတ်ပြီး ပခုံးပေါ် တင်လိုက်၏ ။
“ ရီးဆေးရိုး ၊ သွားတော့မလားဗျို့ ”
“ သွားတော့မယ်ကွာ ။ မင်းတို့ ကြည့်ရတာ ငါပါ ငရဲပွားတယ် ”
ကိုဆေးရိုးသည် မြောင်းမကြီး၏ ပေါင်ပေါ်သို့ ခပ်သွက်သွက် လှမ်းတက်ခဲ့လေသည် ။ မြောင်းထဲ၌ ရေများ ပြည့်လျှံနေပေ၏ ။ ဆူးပုံတောင်းပင်နှင့် ဆေးဂဠုန်ပင်များသည် မြောင်းနှုတ်ခမ်းမှနေ၍ ရေပြင်ကို တို့ကစား နေလေသည် ။ ကိုဆေးရိုး၏ နားထဲသို့ လိုဏ်ခေါင်းတစ်ခုထဲမှ လှုပ်ရှားထွက်ပေါ်လာသော အသံများ ဝင်ရောက်လာ၏ ။ ရှေ့သို့ တိုးလေလေ လိုဏ်သံ သည် ကျယ်လောင်လာလေ ။ ရေဝေပေါက်ကလေး တစ်ခုကို ကျော်လွန်ခဲ့၍ ဝေးလာလျှင် လိုဏ်သံသည် တိုးမြှင့်သွားရာက လုံးဝပျောက်ကွယ်သွားကာ ဟိုဘက်ထိပ် ဒီဘက်ထိပ်တွင် အုတ်လက်ရန်းသေးသေးကလေးတွေ တပ်ထားသော ရေပေါက်တစ်ခုနှင့် နီးလာပြန်လျှင် ရေကျရာမှ ထွက်ပေါ်လာသည့် လိုဏ်သံကို ကြားရပြန်လေ၏ ။
မြောင်းပေါင်နှစ်ခု၏ ဘေးတွင် ကင်ပွန်းခါးပင်များဖြင့် ဝေစီနေသည် ။ အချို့မှာ ခက်ကျိုင်းဝေစည်နေ၏ ။ အချို့မှာ အပင်ပေါက် ၊ အချို့မှာ လူ့ခါးလောက် ၊ ကင်ပွန်းခါးပင်များ၏ ဟိုဘက်မှာကား စိမ်းမှောင်သော ကောက်ပင်များသည် မိုးကုပ်စက်ဝိုင်းတိုင် ဖြန့်လွှားနေ၏ ။ မြစိမ်းရောင်၏ ကြားဝယ် မြက်ရိတ်သူတို့၏ သေးမွှားသော ရုပ်သဏ္ဌာန်ကို မပီတပီ မြင်ရလေသည် ။ ဗျိုင်းအုပ်များ ထပျံသွားသော အခါ၌ အပြာမိုးသားနှင့် မြရောင်ကောက်ကောက် အလယ်ဝယ် ငွေစက်ကလေးများ ကြဲပေါက်လိုက်သလို လက်စင်သွား၏ ။
ကိုဆေးရိုး၏ နားထဲသို့ ရေဝေပေါက်မှ ရေများ ထိုးထွက်ကျဆင်းသံ ဝင်ရောက်လာပြန်သည် ။
“ မင်း ဘယ်လောက် မိုက်လို့လဲဟေ့ ”
“ မိုက်တယ် မိုက်တယ်ကွ ”
ကိုဆေးရိုး၏ မျက်လုံးများ ကျယ်ဝိုင်းသွားလေ၏ ။ ကိုဆေးရိုးသည် အသံထွက်ပေါ်လာရာဘက်သို လှမ်းကြည့်ကာ “ ဟေ့ ဟေ့ ဟေ့ကောင်တွေ ၊ လက်လွန်ကုန်မယ် ။ မလုပ်နဲ့ မလုပ်နဲ့ ” ဟု အော်ကာ ငန်းပြားကြီးကို ကိုးရိုးကားရား ကိုင်လျက် ပြေးသွားမိလေ၏ ။
လူရွယ်နှစ်ယောက်သည် ရေဝေပေါက်ကလေး တစ်ခု၏ ဘေးရှိ မြောင်းကမ်းပါးဝယ် ဓားမတိုကလေးတွေ ကိုယ်စီဖြင့် ရန်စောင်နေကြရာက လန့်ဖျပ်ပြီး ကိုဆေးရိုးကို လှည့်ကြည့်ကြသည် ။
“ ငထွန်း ၊ ဘာဖြစ်တာလဲ ”
ကိုဆေးရိုးက လူနှစ်ယောက်၏ ကြားမှ ဝင်ရပ်၍ ခေါင်းတုံးပြောင်ပြောင် မျက်စိတစ်ဖက်လပ်နှင့် အသက် သုံးဆယ်ခန့်ရှိ လူရွယ်ကို လှည့်မေးပြီး ကျန်လူဘက်သို့လည်း လှည့်မေးလိုက်ရပြန်၏ ။
“ ဟေ့ သာညွန့် ၊ ဘာဖြစ်ကြတာလဲဟေ ”
“ ဟင်း ငတ်လွန်းလို့ ဒီမှာ လာပြီး ခုံစင်ကလေး လုပ်ထားတာဗျာ ။ ငါးတွေ ဝင်ခိုးလို့ ”
ဘိုကေ စုတ်ဖွားနှင့် ခါးတောင်းကျိုက်ထားသော သာညွန့် အမည်ရှိ အသက်သုံးဆယ်ရွယ် လူရွယ်က ငထွန်းဘက်သို့ မျက်စောင်းခဲပြီး ပြောလိုက်ရာ
“ ဟေ့ကောင် ၊ ဒီ မင့်ခုံစင်ထဲက ငါးကို မယူဘူး ။ ငါ့ခါးပိုက်ထောင်ထဲမှာ ပါလာတဲ့ ငါးလေး နှစ်ကောင်က လယ်ထဲက မြက်ရိတ်ရင်း ကောက်လာတာလို့ ဘယ်နှခါ ပြောရမလဲကွ ”
ခုံစင် ဆိုသည်မှာ ငါးများ ခုန်ပျံစဉ်တွင် တင်ကျန်ရစ်ခဲ့အောင် လုပ်ထားသော စင်ဖြစ်၏ ။ မြောင်းမကြီး ထဲက ရေသည် မြောင်းသွယ်ကြီးထဲသို့ ထိုးပြီး အရှိန်ဖြင့် ကျလာရာ ထိုရေပေါ်မှာ တစ်တောင်ခန့် ခွာပြီး တုတ်ကလေး လေးငါးချောင်းနှင့် ဂုန်အိတ်စုတ်ကလေး တစ်ခု တင်ထားသည် ။ ဒီ ‘ ခုံစင် ’ မျိုးတွင် မိသော ငါးမှာ ဘယ်လိုမှ မက်မောစရာ မရှိ ။ ကြီးလှမှ လက် နှစ်လုံး ။ ရလှမှ လွန်ရောကျွံရော အစိတ်သားသာတည်း ။ သို့ရာတွင် ဆင်းရဲသားမှာ ငါးပြားသည် လည်းကောင်း ၊ လက်သည်းခွံလောက် ငါးစင်ရိုင်းကလေးသည် လည်းကောင်း တန်ဖိုးရှိ၏ ။ သို့ကြောင့်လည်း ဘာမျှ တန်ဖိုးမရှိသော ငါးကလေးနှစ်ကောင် အတွက် အငြင်းပွားရာက ဓားကိုင်သည်အထိ ဒေါသ ပွားလာရခြင်းဖြစ်သည် ။
“ ဟုတ်သားပဲ ငထွန်းရ ။ မင်းက ဘာပြုလို့ သူ့ ခုံစင်နားကို ကပ်ရသလဲကွ ။ မင်းမှာ ငါးပါရင် သူ့ခုံစင် နားမှာ လူမရှိတုန်း သာပြီး မကပ်ဘဲ နေရသေးတယ် ”
“ မဟုတ်ဘူးဗျ ”
“ ကဲ သာညွန့်ကလည်း အချင်းချင်းတွေပဲ ၊ ပြော မနေနဲ့ ။ ဟေ့ကောင် ပေးစမ်းကွာ ဆိုတောင် ပေးရမယ့် လူ ဥစ္စာ ၊ တော်တော့ ”
“ မဟုတ်ဘူးဗျ ”
“ ဘာ မဟုတ်ဘူးဗျလဲ ။ မင်းကြီးတော် မဟုတ်ဘူးဗျလား ။ ကမြင်းမသားတေ ၊ တော်တော့ ဆိုတာပဲ ရှည်နေ ။ ငထွန်း ၊ သွား ”
ကိုဆေးရိုးက လူမိုက်ကြီး လုပ်၍ ဆဲဆိုဖျန်ဖြေရာက ငထွန်းကို နှင်လွှတ်လိုက်သည် ။ ငထွန်းက မြက်ထုံးကို ထမ်းပြီး ထွက်သွားလျှင် ကိုဆေးရိုးက သာညွန့်၏ ခုံစင်ထက်ရှိ အုတ်လက်ရန်းကလေးပေါ် တွင် အေးအေးဆေးဆေး ထိုင်၍ ဆေးလိပ်သောက် နေပြန်လေသည် ။
သာညွန့်သည် ကိုဆေးရိုး၏ အောက်ရှိ ခုံစင်ဘေးတွင် ဆောင့်ကြောင့်ထိုင်ကာ ခုံစင်ကို ရိုက်ပုတ်ဖြာစင် လာသော ရေပေါက်ကလေးများကို ကြည့်နေ၏ ။ ရေကျသံသည် လိုဏ်သံဖြင့် ဟိန်းနေ၏ ။
“ ဟကောင်ရ ၊ မင်းလယ်မှာ ငချိပ်တွေ သိပ် ကောင်းတယ်ဆိုကွ၊ ဟုတ်လား ”
ကိုဆေးရိုးက အော်၍ မေးလိုက်သည်။ သာညွန့်က မော့ကြည့်ပြီး အပေါ်သို့ တက်လာ၏ ။
“ အင်း ကောင်းတော့ ကောင်းပါရဲ့ဗျာ ။ ခင်ဗျား ဘယ်တုန်းက ရောက်သလဲ ”
“ ငါ မရောက်ပါဘူး ။ မင်းလယ်နားက ဖိုးညံတို့ ၊ ငခွေးတို့ ပြောကြတာပဲ ”
“ ကောက်ညှင်းငချိပ်တွေ ကောင်းတာက အခု လကုန်မှ စားရမှာ ကိုဆေးရိုးရဲ့ ။ အခု စားစရာမရှိတာက ခက်တယ်ဗျာ ။ ငါးကလေးဘာလေး အစိတ်သားမျိုး နှစ်ဆယ်သားမျိုး ရရင် ဆန်ဖိုး ရလိုရငြား ဆိုပြီး မြောင်းဗိုလ်တို့ ၊ မြောင်းလျှောက်တို့ အကြောက်ကြောက် အရွံ့ရွံ့နဲ့ ဒီမှာ ခုံစင်ကလေး လာလုပ်ထားတာ ”
“ ရရဲ့လား ”
“ မရပါဘူးဗျာ ”
သာညွန့်က လေရှည်ကြီးဖြင့် ညည်းညူလိုက်သည် ။
“ တစ်ခါတလေများ တစ်ကောင်မှ မရဘူး ။ တမြန်နေ့တုန်းကတော့ နှစ်ဆယ်သားလောက် ရဖူးပါရဲ့ ”
“ ဟ ၊ အလကားနေ အလကားပေါ့ဟ သာညွန့် ရ ။ ခုံစင်စောင့်ရင်း ငါးမျှားတံတစ်ချောင်းနဲ့ မျှားပါလား ”
ကိုဆေးရိုးသည် စကားဆုံးသည်နှင့် တစ်ပြိုင်နက် ပါးစပ်ကို လက်ဝါးဖြင့် ပိတ်ထားလိုက်မိသည်။ သို့ကြောင့်လည်း “ နွားတေကို ဆွဲလာပြီး မြောင်းပေါင်ရင်းမှာ လွှတ်ထားရတယ်ဗျ ။ ငါးမျှားနေရင် သူများ ကောက်ပင်တွေ ဝင်စားလို့ စားမှန်း မသိနဲ့ ” ဟူသော သာညွန့်၏ ပြန်လည်ဖြေရှင်းချက်ကိုမှ ဆုံးအောင် နားမထောင်နိုင်တော့ဘဲ “ သွားမှပါကွာ ” ဟု ဆိုကာ ထလာခဲ့ရလေ၏ ။
အလိုလို နေရင်း ငရဲပွားခဲ့ရသော မိမိ အဖြစ်ကို မိမိသာ သိသည် ။ သူတစ်ပါး ငါးမျှားတာ ၊ ကြွက်တူးတာကို မည်သည့်အခါမျှ ရပ်မကြည့်ပေ ။ မိမိ မစားရဘဲနှင့် ကြားက အပြစ်ဖြစ်သည် ။ ယခုလည်း ငါး မျှားတာကို မကြည့်ဘဲနှင့် ငရဲကြီးခဲ့ရလေပြီဟု မိမိ ကိုယ်ကိုယ် အပြစ်တင်နေမိ၏ ။
သို့ရာတွင် ကိုဆေးရိုးတို့ ၊ သာညွန့်တို့ တစ်တွေမှာ တစ်ရွာစီနေထိုင်ကြပေမယ့် သူသေ ငါပို့ ဘဝတူများ ဖြစ်လေရကား ၊ တစ်ဦးမှာ ဒုက္ခတွေ့ နေသည် ကြားလျှင် တစ်ဖက်ရွာက နေပြီး စိတ်ဆင်းရဲကြရ၏ ။ ဒီတော့လည်း ဒီပတ်ဝန်းကျင်ကို မစွန့်ခွာနိုင်သေးသရွေ့တော့ ကိုဆေးရိုး တစ်ယောက်မှာ ငရဲကြီးနေရပေဦးမည် ။
“ ဟေ့ ဆေးရိုး ၊ လယ်ပြင်က လာသလားဟေ့ ”
ကားလမ်းကို ကျော်မိလျှင် ညောင်ပင်ဝိုင်းရွာ၏ အထိမ်းအမှတ်ဖြစ်သော ညောင်ပင်ကြီးက ထီးပမာ ဆီးမိုးပေး၏ ။ ဆွမ်းခံဝင်ချိန် ဖြစ်သော်လည်း အရိပ်အောက်၌ အေးစိမ့်နေသည် ။ ညောင်ပင်ကြီး အောက်မှ ထွက်လာ၍ ညောင်ပင်ဝိုင်းရွာတံခါးဝ အရောက်တွင် ကိုထွန်းညိုက လှမ်းမေးလိုက်ခြင်းဖြစ်သည် ။
“ အေးကွ ”
ကိုဆေးရိုးက ငန်းပြားကို ပခုံးပေါ်မှ ချရင်း လည်ပြန်ကြည့်ကာ “ မင်းလယ် ဘယ့်နှယ် နေလဲဟေ့ ။ ကောင်းရဲ့လား ” ဟု မေးလိုက်၏ ။
ကိုထွန်းညိုက ကိုဆေးရိုး ထံသို့ လျှောက်လာရင်း
“ မကောင်းပါဘူးကွာ။ အကောလယ်တေက ”
“ တယ် ၊ ဒီကောင်က စကားအကောင်း မပြောဘူး ။ မင့်အဘ ၊ အကောလယ်တွေကို နှမ်းကြဲတဲ့ နောက်တော့ အစိုက်နောက်ကျပေါ့ဟာ ။ ဘယ်က လာပြီး ကောင်းနိုင်ဦးမှာလဲ ”
“ မသိပါဘူးကွာ ။ ငါကတော့ စိုက်သမျှ လယ်ကွက်တိုင်း ကောင်းစေချင်တာကိုးကွ ”
ကိုဆေးရိုးက ပြုံး၍ ကိုထွန်းညို၏ လက်မှ ဆေးပေါ့လိပ်တိုကို ဆွဲယူလိုက်သည် ။
“ ဒါထက် အေးကျော်ကြီး နေကောင်းသွားပြီလားဟေ့ ”
“ ဘယ်နေကောင်းရမှာလဲ ။ အခုမှ ပိုဆိုးနေတာဟ ဆေးရိုးရ ။ စပါးလည်း မရှိ ၊ ပိုက်ဆံလည်း မရှိ ၊ လူက မမာနဲ့ ။ မနေ့တုန်းကပဲ နွားတစ်ဖက် ရောင်းပစ်လိုက်ရတယ် ”
“ အင်း ”
ကိုဆေးရိုးမှာ ခေါင်းငိုက်စိုက်ကျသွားလေ၏ ။ အတန်ကြာအောင်ပင် နှစ်ယောက်လုံး တိတ်ဆိတ်နေကြရာက ကိုဆေးရိုး၏ ခေါင်းက တဖြည်းဖြည်း မော့လာ၏ ။
“ ဒါဖြင့် ရောက်သခိုက် ဝင်မေးဦးမှပေါ့ကွာ ။ မင်း လိုက်ဦးမလား ”
“ ငါက နေ့တိုင်း ရောက်နေတာ ၊ မလိုက်တော့ဘူး ။ လူကလေးကို စက်ထဲ ဖွဲနု အဝယ်လွှတ်လိုက်တာ ခုထက်ထိ ပြန်မလာသေးလို့ ”
“ ဒါဖြင့် ငါ့ဘာသာငါပဲ သွားလိုက်မယ် ”
ရွာထဲသို့ ကိုဆေးရိုး ဝင်မိလျှင် ရှေ့ ခဲတစ်ပစ် မရှိတရှိမှ ဘုန်းကြီး နှစ်ပါး ၊ သာမဏေ တစ်ပါးနှင့် ကျောင်းသားလေးငါးယောက်ကို မြင်ရလေသည် ။ ဘုန်းတော်ကြီးများသည် အိမ်ပေါက်ဝများတွင် ရပ်လိုက် ဆက်ကြွသွားလိုက်ဖြင့် ခပ်ကြာကြာရပ်တန့် နေသည်ကို မမြင်ရပေ ။
“ ကန်တော့ဆွမ်းပါဘုရား ”
ကိုဆေးရိုးသည် ဘုန်းတော်ကြီးများနှင့် နီးကပ်လာစဉ် ထန်းရွက်မိုး တဲကလေးတစ်လုံး၏ ရှေ့၌ ဘုန်းကြီးများ ရပ်တန့်လိုက်သည်နှင့် တစ်ပြိုင်နက် ထွက်ပေါ်လာသော အသံကို ကြားလိုက်ရ၏ ။
“ ဘုန်းကြီးဘုရား ၊ တပည့်တော်တို့ အိမ်ကတော့ ကန်တော့ဆွမ်းပဲဘုရား ”
ကိုဆေးရိုးသည် နောက်ပါးက ကျောင်းသားအုပ်ကို မီလာသည် ။
“ ကန်တော့ဆွမ်းပါဘုရား ”
ဘုန်းတော်ကြီးများမှာ တစ်အိမ်ပြီး တစ်အိမ် လျှောက်ရပ်နေရ၏ ။ သို့သော် ပိုက်ထားသော သပိတ်၏ အဖုံးကိုကား မဖွင့်ရချေ ။ အချို့ အိမ်များမှာ ရပ်မိ၍ အတန်ကြာမှ မြင်ကာ ကန်တော့ဆွမ်း လောင်းကြ၏ ။ အချို့မှာမူ ရပ်သည်နှင့် တစ်ပြိုင်နက် ဆီး၍ ကန်တော့ဆွမ်း လောင်းသည် ။
ကိုဆေးရိုးမှာ ဘုန်းတော်ကြီးများ၏ ရှေ့သို့ ကျော် မသွားလိုသဖြင့် နောက်ပါးမှ ကျောင်းသားအုပ်နှင့် ရော၍ ကုပ်ကုပ်ကလေး လိုက်လာရာ “ ဟို ငန်းပြားကြီးနဲ့ ကျောင်းသား ဝင်ပါဦးလားကွ ” ဟူသောအသံကို ကြားရသဖြင့် လှည့်ကြည့်လိုက်ရာ ထန်းရွက်မိုး တဲအိုကလေးတစ်ခု အတွင်းမှ ခေါင်းပြူထွက်နေသော လူ တစ်ယောက်ကို မြင်ရသည် ။
“ ဘယ်သွားမလို့လဲကွ ”
“ အေးကျော်ကြီး တော်တော် ဖြစ်နေတယ်ဆိုလို့ ။ မင်းကော ရောက်ရဲ့လား ”
“ တစ်ခေါက်ပဲ ရောက်တယ် သူငယ်ချင်း ။ ကဲလကွာ ရောက်တုန်းပေါက်တုန်း ထမင်းစားပါဦးကွ ။ ပြီးတော့ ငါလည်း လိုက်ပါ့မယ် ”
ကိုဆေးရိုးက ငန်းပြားကို တဲနံရံတွင် မှီပစ်ခဲ့ပြီး တဲထဲသို့ ငုံ့ဝင်လိုက်သည် ။ တဲထဲ၌ မှောင်နေ၏ ။ မိတ်ဆွေ၏ ဇနီးသည် ကလေးများကို ကျွေးမွေးနေရာက ကိုဆေးရိုးကို ဆီး၍ နှုတ်ဆက်သည် ။
“ တော်ကတော့ ဒီရွာထဲ ရောက်တာတောင် ကိုဘလွန်း ခေါ်လို့ ဝင်လာတာ ။ နို့ဖြင့် လာမှာ မဟုတ်ဘူး ”
“ မဟုတ်ပါဘူး လှညိုရာ ။ အေးကျော်ကြီး ဆီ စိတ်စောနေလို့ပါ ”
ကိုဆေးရိုးက ကိုဘလွန်း၏ ဘေးတွင် ဝင်ထိုင်လိုက်လျှင် “ ငါဖို့ ဆန်ဆေးတောင်းနဲ့ ထည့်ပေး ။ ပန်းကန်ပြားနဲ့ ဟာကို ဒီကောင့်ပေး ။ သူက ဧည့်သည်ဟ ” ဟု ကိုဘလွန်းက ခပ်သောသော ပြောလေသည် ။
“ မအေပေးနှယ် ၊ ငါ့ကို ဧည့်သည်လေး ဘာလေးနဲ့ ။ ငါ နားရင်းထအုပ်လိုက်ရ ”
ကိုဆေးရိုးက ရေအင်တုံထဲမှာ လက်နှစ်လျက် ကြိမ်းမောင်းလိုက်ပြီး မလှညို ချပေးသော သံပန်းကန်ကို လက်ဝဲလက်ဝါးပေါ်တင်လျက် ယာဘက် လက်ဖြင့် ထမင်းကို နှိုက်လိုက်သည် ။
ကိုဆေးရိုး၏ လက်မှာ တန့်သွား၏ ။ တစ်ပြိုင်နက်တည်း မျက်လုံးကလည်း ပန်းကန်ပြားထဲသို့ ငုံ့ကြည့်မိလျက်သား ဖြစ်သွားသည် ။ ထမင်း မဟုတ် ။ စပါးကို ကြိတ်ခွဲပြီးနောက် ဖြစ်ပေါ်လာသော ဆန်ကို ချက်ထားသည့် ထမင်း မဟုတ် ။ ပြောင်းဖူးစေ့ပြုတ်တွေ ဖြစ်သည် ။
“ ကျုပ်တို့တော့ ဒါပဲ စားနေရတယ် ကိုဆေးရိုး ။ ကလေးတွေက များတော့ ဆန် မဝယ်နိုင်ဘူး ”
မလှညိုက ကိုဆေးရိုး ကို ကြည့်လျက် စားနေရာက လှမ်းပြောလိုက်သဖြင့် ကိုဘလွန်း ကလည်း စားနေရာက ပလုတ်ပလောင်း ပြောပြန်၏ ။
“ ဒါတောင်မှ စက်ထဲမှာ ညဘက် စပါးထမ်းတဲ့ အလုပ်ကလေး ကြိုးကြားကြိုးကြား ရလို့ ဒါလေး စားနေနိုင်တာ မောင်ရေ့ ”
“ အမြဲ စားရင်တော့ ဘယ်လို နေမယ်မသိဘူး ။ အခုလိုတော့ ကောင်းသားပဲကွ ”
ကိုဆေးရိုးက ပြောင်းဖူးစေ့ပြုတ်များကို ဆက်ကာ ဆက်ကာ လွေးရင်း ပြောလိုက်သည် ။
“ ထမင်းလောက်တော့ ဘယ်ကောင်းပါ့မလဲ သူငယ်ချင်းရာ ။ ထမင်းကို စားနေကျ ပါးစပ်က အာသာလည်း မပြေဘူး ။ ခဏခဏလည်း ဆာတယ် ”
“ ဟင်းချို သောက်ပါဦးတော်ရဲ့ ။ နွားလျှာကြီးရွက်တွေ ကောင်းကကောင်းနဲ့ ”
မလှညိုက သံဇွန်းအပဲ့ကို ကိုဆေးရိုး ဘက်သို့ တိုးပေးသည် ။
“ ထမင်းလောက် မကောင်းပေမယ့် ထင်းကတော့ အကုန်သားဟ ဆေးရိုးရ ။ ညနေစားဖို့ဟာကို အခု ကတည်းက ခွင်ပေါ် ( မီးဖိုပေါ် ) မှာ တည်ထားရပြီ ”
“ အေးပေါ့ကွာ ၊ ဆင်းရဲသား ဆိုတော့ ဒီလိုပဲ ဖြစ်သလို စားရမှာပဲဟေ့ ။ တို့တောင် နေ့ရောညရော အိုးလုပ်တဲ့ ကြားထဲက ငရုတ်သီးထောင်း စားရလွန်းလို့ ဖင်ပူနေပြီ ”
ကိုဆေးရိုးက ခပ်အုပ်အုပ် ရယ်လိုက်ပြီး ဆက်ပြောပြန်၏ ။
“ မင်းတို့ လုပ်တာကလည်း ငါးဆယ်စိုက် ဆိုတော့ မချောင်လည်တောင် ဝမ်းစာလောက်တော့ လုံလောက်လိမ့်မယ် ထင်နေတာကွ ”
“ ချန်တုန်းကတော့ မျိုးရော ဝမ်းစာရော ရှေ့နှစ် တလင်းတွင်း မီအောင် ဆိုပြီး ချန်ထားတာပဲတော့် ။ ကောက်စိုက်ခ လိုလို့ ဖဲ့ရောင်းလိုက် ၊ ဈေးသုံး မရှိလို့ ဖဲ့ရောင်းလိုက်နဲ့ ။ ဒီအထဲ နှမ်းက မရ ၊ ပျိုးက မလောက်နဲ့ ။ ဖြစ်ချင်ရာ ဖြစ် ဆိုပြီး ရှိတဲ့စပါး ချရောင်း ၊ ပျိုးထောင် ဝယ်လိုက်ရတာပဲ ”
“ အေးပါဟယ် ၊ ကလေးတွေ ကိုတော့ ဆန်ကွဲလေး ဘာလေး တတ်နိုင်ရင် ချက်ကျွေးလိုက်ကြပါ ”
“ ဖြစ်တယ် ဖြစ်တယ် ။ သူတို့က ဆန်ကိုတောင် မစားဘဲနေမှာ စိုးရသေးတယ် ”
ကိုဘလွန်းက ပုဆိုးစုတ်ဖြင့် လက်သုတ် အပြီးတွင် ကိုဆေးရိုး ဘက်သို့ ပစ်ပေးရင်း ပြောလိုက်သည် ။ ကိုဆေးရိုးက မလှညို ခပ်ပေးသော ရေကို အပြေးအလွှား သောက်ကာ ထရပ်လိုက်၏ ။
“ ကိုဆေးရိုးတို့များ နောက်က လူလိုက်လာတဲ့ အတိုင်းပဲ ။ စားသောက်ပြီး တစ်ခါတည်း နေရာက ထတော့တာပဲ ”
“ အေးပေါ့ဟ ၊ စားသောက်ပြီးတဲ့နောက် ဘာလိုသေးလဲ ”
ကိုဆေးရိုးက ကိုဘလွန်း၏ နောက်မှ ကပ်လိုက်ရင်း ခပ်ရွှန်းရွှန်းပြောကာ တဲပြင်သို့ ထွက်ခဲ့လေသည် ။ ရှေ့ဆီသို့ မျှော်ကြည့်သော်လည်း ဆွမ်းခံကိုယ်တော်များကို မမြင်ရတော့ချေ ။
“ ဆေးရိုးရေ ၊ တို့ရွာကတော့ ဘုန်းကြီးတွေတောင် နေ့တိုင်း ကန်တော့ဆွမ်း လောင်းနေရလို့ အားနာစရာ ကောင်းနေပြီကွ ။ မင်းတို့ ရွာကတော့ တို့ရွာလောက် ဆိုးမှာ မဟုတ်ပါဘူး ”
ကိုဘလွန်းက ရှေ့က သွားရင်း ပြောလိုက်ရာ ကိုဆေးရိုးက
“ မထင်နဲ့ဟေ့ ၊ ပိန်မသာ လိမ်မသာဘဲ ။ အိုးမလုပ်နိုင်တဲ့လူဆိုရင် တချို့များ ပြောင်းဖူးတောင် နပ်မမှန်ကြဘူး ထင်တယ် ။ တချို့ကျတော့လည်း ပဲ ရောပြီး စားနေကြရတယ်ကွ ။ အင်း အရင်းစစ်တော့ တို့တစ်တွေ အသုံးအစား မလိမ္မာလို့ပေါ့ကွာ ”
ကိုဆေးရိုးက တရားသံကလေး ဖက်လျက် မှတ်ချက် ချလိုက်လေသည် ။ သူတို့ နှစ်ယောက် သွားသော လမ်းမှာ တဖြည်းတဖြည်း ကျဉ်းသွားကာ သုံးအိမ်ခန့် ကျော်မိလျှင် ကိုဘလွန်းသည် အိမ်ဝင်း တစ်ခုထဲသို့ ဝင်သွားလေသည် ။ ကိုအေးကျော်၏ အိမ်သို့ မရောက်သေးပေ ။ ထိုအိမ်၏ နောက်ဖေးဘက်သို့ လှည့်ဝင်သွား ပြီးလျှင် တဲပုတ်ကလေး သုံးလေးလုံး၏ ကြားမှ ဖြတ်ဝင်သွားမှ ကိုအေးကျော်၏ အိမ်သို့ ရောက်လာကြပေသည် ။
ကိုဘလွန်းသည် အိမ်ပေါ်သို့ လှမ်းကြည့်ပြီးလျှင် ကိုဆေးရိုးကို မျက်လုံးကြီး ပြူး၍ လှည့်ကြည့်သောကြောင့် ကိုဆေးရိုးပါ လှမ်းကြည့်လိုက်ရာ ရင်ထဲတွင် ထိတ်ခနဲ ဖြစ်သွားသည် ။ အိမ်ထဲ၌ သံဃာတော် သုံးပါးကို မြင်ရသောကြောင့်ဖြစ်၏ ။
“ ကိုဆေးရိုးပါကလား ၊ ဘယ်က လှည့်လာလဲ ၊ လာ .. လာ ”
ကိုအေးကျော်၏ ဇနီးက ဆီးကြို ခေါ်ငင်လေသည် ။ အသံလာရာဘက်သို့ လှမ်းကြည့်လိုက်သော် လူမမာ ကိုအေးကျော်ကို ခန်းဆီးထရံ မှီ၍ ထိုင်လျက်တွေ့ရ၏ ။ ကိုဆေးရိုးမှာ ကိုအေးကျော်ကို နှုတ်မဆက်နိုင်သေးဘဲ သံဃာတော်များကို ဝတ်ဖြည့်ပြီးမှ ဖင်ချထိုင်လိုက်နိုင်သည် ။
“ ဒီကောင် လယ်ပြင်က အပြန် ဝင်လာတာ ထင်တယ် ၊ ဟုတ်လား ”
သံဃာတော်များ၏ အနီးတွင် သတင်းစာ တစ်စောင်ကို မျက်လုံးပိတ်မတတ် အားစိုက်ဖတ်ရှုနေသည့် အဘိုးအို တစ်ဦးက လှမ်းမေးလိုက်ခြင်းဖြစ်၏ ။
“ ဟုတ်တယ် ဘကြီးကွန့် ၊ ရွာတံခါးနားမှာ ထွန်းညိုနဲ့ တွေ့တော့မှ ဒီကောင် မသက်သာဘူး ဆိုလို့ ဝင်လာတာ ”
“ အရင် လေးငါးရက် တုန်းကတော့ ဟန်မှ ဟန်ပါ့မလားနဲ့ပေါ့လေ ။ အခုတော့ စိတ်ချရပါပြီ ၊ ငါတောင် မရောက်တာ နှစ်ရက်လား ရှိပြီ ။ အခုမှ ဘုန်းကြီး ကြွလာတာ မြင်လို့ ကူးလာတာ ”
ဘကြီးကွန့်၏ ဘေးမှ ဖိုးချစ်မှန်း က အသံတုန်ကြီးဖြင့် ဝင်ပြောလိုက်သည်တွင်
“ ဘုန်းကြီးလည်း မနက်တုန်းကမှ သိတယ် ၊ ဒါတောင် ငထွန်းက လျှောက်သွားလို့သိတာ ။ ဒါနဲ့ ဝင်လာတာ ”
ဆရာတော်ကြီးကလည်း မိမိ အရောက် နောက်ကျခြင်းအကြောင်းကို ရှင်းပြရာက “ ဦးကွန့် ၊ ဘာတွေများ အကြောင်းထူးပါလဲ ၊ ပြောစမ်းပါဦး ။ ကျုပ်လည်း စက်ထဲက ကုန်သည်တစ်ယောက် လှူလိုက်လို့ ယူလာတာ ။ ဘာမှ မဖတ်ရသေးဘူး ။ ကြားရအောင် ပြောစမ်းပါဦး ” ဟု ဘကြီးကွန့်သို့ လှမ်းမေးလိုက်သည် ။
“ ဘ - ဓ - စ အမတ် တစ်ဦးက စပါးဈေး ငါးရာဈေး အထိ မြှင့်ပြီး လယ်သမားတေ ဆီက ဝယ်ဖို့ လွှတ်တော်မှာ ပြောသတဲ့ဘုရား ”
“ သာဓုဗျာ သာဓု ၊ အင်း အင်း ဆက်ပါဦး ”
ဆရာတော်ဘုရားက ကြားဖြတ်ပြီး ကောင်းချီး ပေးလိုက်ရာ
“ ကိုယ်တော့်မှာ သာဓုခေါ်နေ ။ ဒီမှာ အစိုးရက ပြန်ဖြေတာတော့ ဆုံးအောင် နားမထောင်သေးဘူး ။ စပါးဈေး ငါးရာ တိုးပေးရင်တဲ့ ၊ လယ်သမားတွေမှာ ငွေပို ရပေမဲ့တဲ့ ၊ လယ်သမား မဟုတ်တဲ့ လူတွေမှာ ဆန် ဈေးကြီး ပေးပြီး ဝယ်စား ရမှာမို့ ဆိုလား ၊ ဘာဆိုလား ။ အဲဒါကြောင့် အမတော်ကိုပဲ တိုးချေးမယ် ။ စပါးဈေး မမြှင့်နိုင်ဘူးတဲ့ဘုရာ့ ”
“ ဟာ မဟုတ်တာဘဲ ၊ မြန်မာပြည်မှာ တောင်သူလယ်သမားက လူများစုဟာပဲ ။ လူတစ်ရာမှာ ရှစ်ဆယ်ဟာ လယ်သမားဆို မဟုတ်လား ။ လူများစုရဲ့ မဲဆန္ဒနဲ့ တက်လာရတဲ့ အစိုးရ ။ လူများစုရဲ့ အကျိုးကို ရှေးရှုရမှာပေါ့ ဒကာကြီးရဲ့ ”
“ အစိုးရ ဆိုတာဟာလည်း တပည့်တော်တို့ ၊ အရှင်ဘုရားတို့ထက် တတ်သိနားလည်လို့ တိုင်းပြည်အုပ်ချုပ်နေတာပဲ ။ အစိုးရရဲ့အဖြေကို တပည့်တော်တို့ သဘော မပေါက်လို့ ဖြစ်ပါလိမ့်မယ် ”
ဖိုးချစ်မှန်းက ထင်မြင်ချက် ဝင်၍ ပေး၏ ။
“ ဒီလိုလေ ဒကာကြီးရဲ့ ၊ တောင်သူလယ်သမားတွေဆီက စပါးကို ငါးရာဈေး ပေးဝယ်ရင် တောင်သူလယ်သမားတွေမှာ အခုလို အလျဉ်မမီ မဖြစ်တော့ဘူး ။ ငွေတစ်ထောင် ကုန်မှ ဖြစ်မယ့် လယ်သမား တစ်ယောက်ဟာ စပါးသုံးရာဈေးနဲ့ ဆိုရင် စပါးသုံးရာ ကျော်ကျော် ရောင်းမှ ဖြစ်မယ် ။ တကယ်လို့ ငါးရာဈေး ဖြစ်လာရင် အဲဒီ လူဟာ စပါးနှစ်ရာတည်းပဲ ရောင်းရ တော့မယ် ။ ဒီတော့ သူ့လက်ထဲမှာ စပါးလက်ကျန် များလာပြီး ဝမ်းစာထဲက ဖဲ့မရောင်းရတော့ဘူးပေါ့ ”
“ မြို့ပေါ်က ကုန်သည် ၊ စာရေးစာချီတွေကျတော့ ဆန်ဈေးကြီးတာနဲ့ ဒုက္ခပေါ့ဘုရာ့ ”
“ ဟာ ... လူတစ်ရာမှာ လူနှစ်ဆယ် အစိတ် အတွက် အရှုံးခံရောင်းလို့ အစိုးရမှာ မနစ်နာပါဘူး ဒကာကြီးရာ ”
ဆရာတော်ဘုရားက ဘကြီးကွန့်၏ စောဒက တက်ချက်ကို ပြန်၍ ချေပလိုက်လျှင် ကိုဘလွန်းက ခါးကြီး ဆန့်၍ ပြောလိုက်သည် ။
“ ဟုတ်တယ် ဘုရာ့ ၊ တပည့်တော် လယ်က စပါး ငါးရာထွက်တယ် ။ ဝမ်းစာနဲ့ မျိုးဖို့ နှစ်ရာ ချန်ထားပြီး အကျန်ကလေး ရောင်းရတော့ ဈေးနည်းနည်းရယ် ဘုရာ့ ။ ကိုယ်က ပြန်ဝယ်ရတော့ ဈေးတွေ ခေါင်ခိုက်လို့ ၊ ဒါနဲ့ပဲ ဝမ်းစာကုန်တာပဲ ”
“ စပါးဈေး ငါးရာပေးရလို့ ဆန်ဈေး ကြီးဦးတော့ လယ်သမားက ဝယ်မစားရတော့လို့ အပန်းမကြီးဘူး ဘုရာ့ ”
“ ဒါမှန်တယ် ၊ စပါးဈေး ငါးရာသာပေး ။ တပည့်တော်တို့ လက်ထဲမှာ တစ်နှစ်လည်တောင် စပါးကုန်မှာ မဟုတ်ဘူး ။ စပါးဈေးကိုသာ ငါးရာပေး ”
ဘကြီးကွန့်က မျက်လုံးကြီး ပြူးကြည့်၏ ။ ဖိုးချစ်မှန်း ကလည်း မျက်စိအစုံကို မှုန်ကုပ်၍ အသံရှင်ကို ကြည့်၏ ။
“ စပါးဈေး နည်းလို့ သုံးရစွဲရတာ မလောက် ၊ သုံးစွဲရတာ မလောက်ငလို့ ဝမ်းစာစပါးပါ ချရောင်းရနဲ့ ။ ဟော မမာတော့ ဆေးဖိုးဝါးခ မရှိလို့ ခိုင်းနွားကြီး ချရောင်းလိုက်ရပြီ ။ စပါးဈေး ငါးရာသာ ဖြစ်ရင် တပည့်တော်လည်း နာတာရှည် မဖြစ်ဘူး ။ ခိုင်းနွားကြီး တစ်ဖက်လည်း မပဲ့ဘူး ။ အို စပါးဈေးကိုသာ ငါးရာဈေးပေးပါ ”
အသံရှင်ကား ခန်းဆီးထရံ မှီလျက် စောစောက ပါးစပ်ကလေး ဟပြီး ညောင်နာနာဖြင့် ထိုင်နေသော လူမမာ ကိုအေးကျော်ပင် ဖြစ်၏ ။
ကိုဆေးရိုးသည် ဆေးတောင်ဝှေးဖြင့် ထိုးလိုက်သလို သန်စွမ်းလာသော ကိုအေးကျော်ကို အံ့သြစွာ ငေးကြည့်နေသည် ။ ကိုအေးကျော် ကမူ မည်သူ့ကိုမျှ သတိမထား ။ လက်သီးကြီးဆုပ်ကာ အော်နေ၏ ။
“ ငါးရာဈေး ပေးစမ်းပါ ။ ငါးရာဈေး ”
တကယ်တော့ ကိုအေးကျော် တစ်ယောက်တည်း၏ အော်သံ မဟုတ် ။ ကိုဆေးရိုး ၊ ကိုဘလွန်း၏ အော်သံလည်း ဖြစ်၏ ။ ဒါတွင်မက တစ်ပြည်လုံးရှိ တောင်သူလယ်သမားတိုင်း၏ အော်သံလည်း ဖြစ်ပေသတည်း ။
▢ ဆင်ဖြူကျွန်းအောင်သိန်း
📖 ကိုဆေးရိုး ပေါင်းချုပ်
No comments:
Post a Comment