❝ ကြောင်ကတိုးလော ငချိပ်လော ❞
( ဆင်ဖြူကျွန်းအောင်သိန်း )
တတူတူဖြင့် ဂဒိုး (ကျွဲချို) မှုတ်သံများသည် မှောင်တရီ အရုဏ်ဦးကို ဖောက်ထွင်းလာသောအခါ ရီးကျီးဒန်၏ နှာဝ၌ ကောက်ညှင်းငချိပ်ပေါင်းရနံ့သည် သင်းဝေ့လာလေ၏။ မိုးလည်း မမည်၊ နှင်းလည်း မဟုတ်၊ မြူလည်း မခေါ်နိုင်သော မှိုင်းမှိုင်းရီရီ ဆိုင်းဆိုင်းတွဲ့တွဲ့ ဖွဲ့အုံနေသော အရာများသည် ကိုးခွင်ပတ်ကုံး ရစ်ဆင်နေ၏။ မြောက်လေ တစ်ချက် နော့လျှင် အေးစိမ့်သယောင် ဖြစ်သွားပြီးနောက် အိုက်စပ်နေပြန်လေ၏။ မည်သို့ဆိုစေ ဆောင်းဦးသည် ရမ်းဘိုကုန်းရွာ တံခါးဝသို့ ရောက်လာနေပြီ။ ဖျတ်ခနဲ လန့်အနိုးတွင် ရီးကျီးဒန် နားစွင့်၏။ စက်မှုလယ်ယာ (ထွန်စက်စခန်း) မှ နာရီသံချောင်းခေါက်သံတည်း ကြားရမည်လော၊ မြင်းခွာသံတည်း ကြားရမည်လော နားစွင့်ခြင်းဖြစ်သည်။
မြင်းခွာသံသည် တောင်ဘက် တာလမ်းပေါ်တွင် မောင်းနှင်သွားသော မြင်းရထားမှ မြင်းခွာသံဖြစ်၏။ သို့သော် မြင်းခွာသံ မကြားရ။ တဖြုန်းဖြုန်း တောင်ပံခတ်သံနှင့်အတူ ကြက်တွန်သံ ပေါ်လာသည်။ သံချောင်းခေါက်ပြီးမှ နိုးလာသောကြောင့် မကြားရခြင်း ဖြစ်မည်။ ထိုစဉ်တွင် ဂဒိုးသံကို ‘တူတူ တူတူ’ ကြားရ၏။ ‘အို…. သာယာလိုက်တာ’ ရင်ထဲက ခံစားရ၏။ မီးရောင်သာ ရှိလျှင် ရီးကျီးဒန်၏ တွင်းချိုင့်ဖြစ်နေသော မျက်လုံးအစုံ တောက်ရွှန်းလာသည်ကို မြင်နိုင်မည်။ နှမ်းရိုးပုံ အလား တွန့်ရွှေမှည့်ပျော်နေသည့် ပါးရေတွန့်များ ပြေပြန့်ပြီး နုပျိုလာသည်ကို မြင်သာမည်။
လယ်ပြင်ဆင်းမည့် လယ်ယာအလုပ်သမားတို့ အတွက် လူစုဝေးရန် အချက်ပေးသံများ၊ သွားကြစို့ ဆော်သြသံများ ဖြစ်သည်။ ကောက်စိုက်မတို့အတွက် တထိုထိုဖြင့် သာယာသော မောင်းကလေးသံ၊ ပျိုးနုတ်သမားတို့အတွက် ဂဒိုးမှုတ်သံ။ ရွှံ့ရေ တစွက်စွက်ဖြင့် နုတ်ခဲ့စိုက်ခဲ့သော ထိုယောက်ျား၊ ထိုမိန်းမများသည်ပင် ဆောင်းဦးကာလ၌ ကောက်ရိတ်သူများ ဖြစ်လာကြပြန်၏။ ထိုအခါတွင် လူစုရန် အချက်ပေးသော အရာမှာ ဂဒိုးမှုတ်သံပင် ဖြစ်ပြန်သတည်း။ သို့ကြောင့် ဂဒိုးမှုတ်သံ သဲ့သဲ့ကို ကြားကာ ခဏတွင် ရီးကျီးဒန်မှာ ငယ်ရုပ် ဆင်လာရခြင်း ဖြစ်ပေသည်။
ဪ... ရေထဲ ရွှံ့ထဲမှာ အပင်ပန်းခံခဲ့ရသမျှ အကျိုး ခံစားကြရတော့မှာပါကလား။
သည်အတွေးကြောင့်လည်း ရီးကျီးဒန်မှာ ရွှင်လန်း နုငယ်လာရခြင်းဖြစ်ပေမည်။ ထိုအခါတွင် အနီးအနား၌ ထောက်ကူပစ္စည်း မရှိပါဘဲလျက် ရီးကျီးဒန်မှာ ငချိပ်ပေါင်းနံ့ ရလာခဲ့လေသည်။ အသိအာရုံသည် ညိုနီနီ ငချိပ်ကောက်ညှင်းစေ့များတွင် မွေ့လျော်ချေပြီ။ ငချိပ်ပေါင်းကို လက်ငါးချောင်းဖြင့် ဆုပ်ကာ ဆုပ်ကာ နှမ်းဆီပန်းကန်ထဲသို့ နှစ်လိုက်ရသော အရသာကလည်း တမ်းတချင်စဖွယ် လက်ချောင်းများတွင် စီးဝင်လာ၏။ ငချိပ်စေ့များတွင် ဟိုတစ်ပွင့် သည်တစ်ပွင့် ကပ်ပါလာသော ဆားပွင့်များ။ ပြွတ်သိပ်ကာ တို့ထားသော နှမ်းထောင်း။
တမ်းတစိတ်သည် တစ်ချက် လွန့်လူး၏။ ရီးကျီးဒန့် ပါးစောင်မှ သွားရည်ယိုကျလာ၏။
ကျီးကန်းအော်သံများ ခေါင်းပေါ်မှ ဖြတ်သန်းသွားသည်။ တံခါး ဖွင့်မကြည့်ဘဲနှင့် ရောင်ဖြူလာပြီ။ ရီးကျီးဒန် သိသည်။ သို့အတွက် လူးလဲထကာ စောင် ခေါက်သည်။ ခေါင်းအုံးပေါ် တင်သည်။ ပြီးစီးသော် ခေါင်းအုံးနှင့် စောင်ခေါက်ကို ‘ဆိုင်း’ ထဲသို့ ထည့်သည်။ ဆိုင်းမှာ ရေထမ်းရာတွင် အသုံးပြုသော ဆိုင်းပေါင်လေးခု၊ ဆိုင်းတံလေးခု ပါသည့် ဆိုင်းမျိုးပင်ဖြစ်၏။ သည်နှယ် မထား၍ မဖြစ်။ မြေးတွေက အချိန်မရွေး ရောက်လာနိုင်သည်။ ဘွားအေက ခွေးကတက်တွင် ပြောဆို ငေါက်ငမ်းနေဆဲ၌ အိမ်ပေါ် ရောက်သူက ရောက်သွားမည်။ ခေါင်းရင်းပဲ၊ ခေါင်းအုံးပဲ မသိ တက်မည်၊ ကျော်လွှားမည်၊ နင်းမည်။ မသိတတ်ရန်ကော ရိုင်းစိုင်းရန်ကော ခေါက်သော် ရိုက်သော် ခေါင်းကို ပွတ်ရုံဖြင့် ပြီးမည်။ ဖင်ကို ပွတ်ရုံဖြင့် ပြီးမည်။ ရိုက်ရ ခေါက်ရသူမှာသော်ကား လက်ဆစ်လက်ဝါး နာလျက် ကျန်ခဲ့သည်။
သို့ကြောင့် ခေါင်းအုံးနှင့် စောင်ကို ထုပ်ဝါး၌ တန်းလန်း ဆွဲထားသော ဆိုင်းတွင် ထည့်သည်။ အိမ်ရှေ့ ကပြင်ဘက်သို့ လှမ်းလာရင်းက ဆံပင်ကို ဖြီးသင်သည်။ တံခါး ဖွင့်လိုက်သောအခါ မှိုင်းရီဝေသီသော နံနက်ခင်းက အေးမြစွာ အရောဝင်သည်။
“ ဘာလိုလိုနဲ့ ဆောင်းဝင်တော့မှာပါကလား”
အိမ်ကပြင် အစပ်တွင် လေးစင်တိုင်ဖြင့် မြေအိုး လေးလုံးတည်ထားသည်။ ရေမှုတ် မှောက်ထားသော အိုးထဲသို့ ရေမှုတ်ကို ထိုးခပ်သည်။ ရေကား မပါ။ အိုးဖင်နှင့် ရေမှုတ်နှင့် ဆောင့်မိသံကိုသာ ဒေါင်ခနဲ ကြားရ၏။ နောက်တစ်လုံးသို့ ရေမှုတ် ရွှေ့ပြန်သည်။ အိုးလေးလုံး စေ့စုံငြား အုန်းရေမှုတ် ထဲတွင် ရေတစ်စက်မျှ မပါ။ ဒေါသစိတ်သည် ထောင်းခနဲအထ စိုးရိမ် စိတ်က ချက်ချင်း ‘ကုပ်’ နှိပ်လိုက်လေသည်။ တော်ပါ သေးရဲ့၊ တော်ပါသေးရဲ့။ အဘိုးကြီး နိုးလို့ မျက်နှာ သစ်ဖို့ ရေမရှိရင်၊ အင်း... ကြည်ကြည်သာသာနဲ့ နိုး လာရင် တော်ပါရဲ့။ မကြည်မသာနဲ့များ နိုးလာတုန်းနဲ့ ဆုံရင် ရေအိုးတွေကို ရိုက်ခွဲချေရဲ့ ။
သောကသည် ခွန်အားကိုလည်း ဖြစ်စေရကား၊ ရီးကျီးဒန်မှာ ပုဆိုးစုတ်ကို ပခုံးတွင်တင်၊ ရေမှုတ် တစ်ဖက် ရေအိုးတစ်ဖက် ဆွဲလျက် ချောင်းထဲသို့ ဆင်းခဲ့မိလေ၏။
••••• ••••• •••••
၂
ချောင်းတစ်ပြင်လုံး ပိန်းပိန်းပိတ်၍ မှောင်နေသည်။ ရွာထဲမှာ မလင်းချင်းမီက ကြိုတင်လင်းနေကျ ချောင်းပြင်ကြီးသည် ကိုင်၍ဖမ်း၍ ရလုလု ထူထဲသော နှင်းမြူထု အောက်၌ ပိန်းပိတ်လျက် ငြိမ်သက်နေ၏။ ဟိုဘက် ရေစီးကြောင်းဘက်မှ သိုးသိုးသွက်သွက် ရေသံကလေးသာ မရှိလျှင် ချောင်းပြင်ကြီးသည် ပကတိ အသေကောင်။ ရေစီးကြောင်း၏ သည်ဘက်တွင် ခြေနင်း၍ မကောင်းသေး။ သဲက နုသည်၊ ရေခပ်လမ်းကြောင်းက ရေထွက်နေသည်။ သို့ကြောင့် အာလူးသမားတို့၏ ရန်မှ ကင်းနေ၏။ ရေစီးကြောင်း၏ ဟိုဘက်တွင်မူ အာလူးစိုက်မည့်သူများ ထွန်ကြ ယက်ကြ မြေဆွေးချ နွားချေးချထားကြ၏။ အောက်ခံ အစိုနှင့် တွေ့သော နွားချေး မြေဆွေးနံ့သည် လွင့်လူးလာ၏။ အေးသန့်သည့် နံနက် ‘လေအလှ’ ပျက်ပြီ။
ရီးကျီးဒန်သည် လက်ယက်တွင်း သုံးတွင်း၏ အလယ်တွင် ထိုင်၏။ တွင်းများတွင် ရေပြည့်နေ၏။ မှောင်ပါလျက် ပြောင်ပြောင်လက်လက် မြင်ရ၏။ ရေ အသင့် ရှိငြား ရီးကျီးဒန် မသတီပါ။ ခြေရင်းဘက်မှ စိမ့်သော ရေမို့ ပက်ထုတ်ပစ်သည်။ ကုန်သလောက် ရှိမှ တစ်အောင့် စောင့်ပြီး ခပ်ယူသည်။ နွားချေးဆွေးနံ့နှင့် မြေဆွေးနံ့ အနံ့ရပ်သွား၏။ လေသည် ချက်ချင်း သန့်ရှင်းလာ၏။ ရေအိုးကို ခေါင်းပေါ်သို့ ပင့်တင်ချိန်တွင် ရီးကျီးဒန်မှာ နှာခေါင်းကို ရှုံ့ချည်ပွချည် လုပ်မိ၏။ ကြောင်ကတိုးနံ့။ ကြောင်ကတိုးအား သူ၏ မွှေးပျံ့သောရနံ့က ပြန်၍ သ,တ်သည်ဟု ရီးကျီးဒန် ကြားဖူး၏။ ကတိုး လိုက်သော မုဆိုးသည် ထိုအနံ့ကို ခံပြီး လိုက်လေ့ရှိသဖြင့် ကြောင်ကတိုးမှာ ပြေး၍ မလွတ်။ ယခုလာသော ရနံ့သည် မည်သည့်ဘက်မှ လာသနည်း။ ဓာတ်ပေါင်းစုဘုရားဘက်ကလော၊ ချောင်းလယ်ရှိ ကိုင်းတောထဲကလော။ ကတိုးနံ့သည် ချောင်းကမ်းပါးထိပ်အထိ ပျံ့သင်းနေ၏။ နေပါဦး၊ ကြောင်ကတိုးနံ့ထက် ငချိပ်ပေါင်းနံ့ကော မဖြစ်နိုင်ဘူးလား။ လယ်သမားတို့ ပေါ်ဦးပေါ်ဖျား အဖြစ် ဘုန်းကြီးကျောင်း လှူရန်၊ အရပ်ဝေရန်၊ ကောက်စိုက် ကောက်ရိတ် ကောက်လှိုင်းတိုက်များအား ကျွေးမွေးရန် စိုက်သော ငချိပ်၊ ‘ဟဲ့ ဟဲ့၊ ကောက်ညှင်းပေမဲ့ ငချိပ်က လူနဲ့ တည့်တယ်ဟဲ့’ အမေတို့ အမေကြီးတို့ပြောသော ငချိပ်။
သည်ငချိပ်ကို တစ်ယောက်စိုက် နှစ်ယောက်စိုက် ‘ချွန်း’ ကွက်ကလေးများတွင် လယ်သမားများ စိုက်လေ့ရှိကြသည်။ ကောက်ရိတ်ခရရန်၊ ကောက်လှိုင်းတိုက် စရိတ်ခုမိစေရန် စောစောပေါ်သော ကောက်ညှင်းဖြူကိုလည်း လေးယောက်စိုက် ဖြစ်စေ၊ ငါးယောက်စိုက် ဖြစ်စေ စိုက်ခဲ့ကြ၏။ သည်ကောက်ညှင်း အဖြူက မုန့်ဩဇာသမား၊ အနုဆုပ်သမားနှင့် ‘ကရေ ကရာ’ သမား အကြိုက်။ ငချိပ်ပေါင်းနံ့နှင့် တူသော ကြောင်ကတိုးနံ့သာ မရခဲ့လျှင် ရီးကျီးဒန့် အာရုံ ပြောင်းပြီးသား။ သူ့အာရုံက ရီးဆေးရိုး မနိုးမီ ရေအပြည့် ရှိရေး။ သည်အာရုံကို ကြောင်ကတိုး ဝင်ရှုပ်သည်။ ငချိပ်ပေါင်း တမ်းတ သံသရာ လည်ပြန်ပြီ။
စိန်နှင်းပွင့်ကလေးတွေ တွဲရရွဲ ခိုနေသော ငချိပ် စပါးစေ့များသည် ရီးကျီးဒန့် မျက်စိထဲတွင် ညိုညို တစ်လီ မှိုင်းမှိုင်း တစ်ဝ မြင်ယောင်လာပြန်သည်။ ဆန်ကြမ်းနှင့်ယှဉ်သော ငချိပ်စပါးပင်က ဆန်ကြမ်းစပါးလောက် မစည်ကား မဖွံ့ထွား။ သို့ဖြစ်ငြား မွှေးသည်။ ပုန်းစိုက်၍ မရ၊ ဝှက်စိုက်၍ မရ။ အနံ့က သက်သေ ခံသည်။ ကောက်ညှင်းစပါး ရိတ်ချိန်တွင်လည်း လမ်းမပေါက်သေး။ လှည်းလမ်းပေါက်ရန် ဝေးစွ၊ လယ်ထဲတွင် ရေမခန်းသေး။ ဆန်ကြမ်းကောက်ပင်များ ဖုံးတုန်းလုံးတုန်း ကောက်ညှင်းစပါးကို ရေစွက် စွက်ထဲတွင် ရိတ်ရသည်။ တစ်ထမ်း တစ်ရွက်စီ ထမ်းယူရွက်ယူပြီး ရိုင်ပတ်အတွင်း၌ ပုတ်သည်၊ ခါသည်။ ကောက်ညှင်းစပါး၏ ကောက်ပင်တွင် အစိုဓာတ် ရှိနေ သဖြင့် နွားကြိုက်၏။ သို့ကြောင့် မရိတ်ချင်သူ မရှိ။ ရိတ်ပြီး အခင်းရှင်၏ အိမ်သို့ သယ်လာကာ ပုတ်ခြွေသည်။ အစေ့စင်သော အပင်ကို ယူသွားသည်။
ဟိုလူက တစ်ပြည်စာ ပုတ်ထားခဲ့၊ သည်လူက နှစ်ပြည်စာ ပုတ်ထားခဲ့သမျှ နေကလေး ရှိခိုက် ကပျာကယာ ထုတ်လှန်းရသည်ကို ရီးကျီးဒန် ပင်ပန်းသည် မထင်။ သုံးနေခန့် ပြအပြီးတွင် ထောင်းထုပြီး ကောက်ညှင်းပေါင်းရတော့မည် မဟုတ်လား။ ရွှံ့ထဲ ရေထဲတွင် အပင်ပန်းခံ ရိတ်ကာ ပခုံးဖြင့် ခေါင်းဖြင့် သယ်ကြပါပေသည်ဟူ၍ ကောက်ညှင်းစပါးကလည်း အလိုက်သိစွာ ကျေးဇူးပြု၏။ သူ့ကို ကြိတ်ထိုးပြီး အခွံချွတ် လိုက်လျှင် ပြီးပြီ။ ဖွဲနုထွက်အောင် မောင်းတွင် ထောင်းရန် မလို။
စတုတ္ထရေအိုးကို ရီးကျီးဒန် ခေါင်းပေါ် အရွက်တွင် ခေါင်းရင်းခန်းမှာ တံခါးပွင့်၏။ ရီးဆေးရိုး အိပ်ရာဘေးမှ တံခါးပွင့်ပွင့်ချင်း ရီးဆေးရိုး၏ မျက်လုံးများက ရီးကျီးဒန်ထံ ရောက်သွား၏။
“အမယ်ကြီးအို ပြုံးစိစိနဲ့ ဘာတွေ သဘောကျနေတာတုံး”
ဘေးလူ ပြောမှ ရီးကျီးဒန် သိရသည်။ ‘ဩော် ငါ ပြုံးနေပါကလား၊ ဘာဖြစ်လို့ ပြုံးနေပါလိမ့်’ ။ စင်စစ် ရီးကျီးဒန် မပြုံးမိ။ သို့သော် ငချိပ်စပါးတွင် အာရုံငြိတွယ်ကာ ညွတ်နူးနေသောအခါ ရွှင်လန်းသည်။ နုပျိုသည်။ နံနက်အလှနှင့် ပေါင်းစပ်သည်တွင် ပြုံးနေသော ရီးကျီးဒန် ဖြစ်လာလေတော့၏။ ထို့ကြောင့် ရေအိုးကို လက်ဖြင့် ဖေးထားရင်း မော့ကြည့်၏။
“ကျုပ် ပြုံးနေသလား တော်”
“သယ်၊ သည်အမယ်ကြီးအိုဟာ စောစောစီးစီး ရူးများ နေသလား၊ ကိုယ့်ကိုယ်ကိုယ် ပြုံးလို့မှ ပြုံးမှန်း မသိ”
ကပြင်သို့ ရီးဆေးရိုး ဆင်းလာသဖြင့် ရေမှုတ် လှမ်းပေးပြီး နောက်ဆုတ် နေလိုက်၏။
“ပြုံးတာ မဟုတ်ဘူးတော်ရဲ့ ပျော်တာ ဖြစ်မယ်။ ကျုပ် မျက်စိထဲမှာ ငချိပ်စပါးပင်တွေ မြင်နေရတယ်”
ရီးဆေးရိုးမှာ မျက်နှာသစ်ရင်းက ရပ်ထားပြီး တအံ့တသြ ကြည့်နေမိ၏။
“ရေခပ်တဲ့ လမ်းမှာလည်း ကြောင်ကတိုးနံ့ ရနေပြန်တော့ ငချိပ်ပေါင်း စားချင်လိုက်တာတော်”
ရီးဆေးရိုးသည် ပြီးစီးအောင် မျက်နှာသစ် အပြီး၌ ရေမှုတ် ပြန်ပေးရင်း ညည်းတွား၏။
“ဖြစ်ရလေ အမယ်ကြီးရယ်၊ စပါးအတွက် လုပ်နေရချိန်မှာ ညည့် ကောက်ညှင်းကို ဘယ်သူက လှည့် ကြည့်နိုင်မှာလဲ”
“ဒါတော့ ဒါပေါ့တော်” ဟု ရီးကျီးဒန် ပြန်ဖြေရာက တစ်စုံတစ်ရာ ဆက်ပြောမည် အပြုတွင် ရီးဆေးရိုး အသံ ထွက်လာသဖြင့် ညည်းတွားရ၏။
“ညည့် ကောက်ညှင်းက ကရိကထလည်း များ၊ စပါးအထွက် လျော့မှာ စိုးလို့ မစိုက်ကြရတာ ဘယ်လောက် ကြာပြီလဲဟာ”
“ဟုတ်သားပဲ” ဆိုကာ ရီးကျီးဒန် ချောင်းပြင်တွင်းသို့ ပြန်လည် ဆင်းလာခဲ့လေသည်။
••••• ••••• •••••
၃
လယ်ယက်တွင်းများသို့ လာသူ ပြန်သူဖြင့် ရေခပ်ဆိပ် အသက်ဝင်လာပြီ။ ရေစီးကြောင်း၏ ဟိုဘက်ရှိ အာလူးမြေများတွင် နှင်းမြူ မပြတ်သေးငြား ထွန်သမားတွေ အလျှိုလျှို ရောက်နေကြပြီ။ “ရုန်းလိုက် စမ်းပါ ဖေ့သားရ” ဆိုသော ချော့မော့သံ။ “သည်စာဥကလေး သေချင်ပြီထင်တယ်” မာန်မဲသံ၊ “ဟောဗျာ ဘယ်ဆွဲသွားပြန်တာလဲ၊ တယ်ခက်သကိုး” မြည်တမ်းသံများ။
လက်ယက်တွင်းများသည် အဖုံး ဖွင့်ထားသည့် ရေအိုးနှယ် အခိုးချောင်းချောင်း ထ၏။ ရေစီးကြောင်းပေါ်တွင် အခိုးအငွေ့ကလေးများ တိမ်မြူစနှယ် ဝေ့နေ၏။ ရီးကျီးဒန်သည် ရေစီးကြောင်းထဲမှ ရေကို လက်ဖြင့် စမ်းကြည့်သည်။ တွန့်ခနဲ ဖြစ်သွားကာ လက်ယက်တွင်းသို့ ပြန်လာပြီး တွင်းနှင့် ဝေးရာသို့ ရေတစ်မှုတ် ခပ်ယူပြီး မျက်နှာသစ်သည်။
“အမယ်လေး၊ ရေတွင်းမှာ လာပြီး မျက်နှာသစ်ရတယ်လို့နော်၊ ဘာတွေများ သည်လောက် အလုပ်များ နေပါလိမ့်၊ ကလေးမြေးငယ်လည်း မရှိဘဲနဲ့”
မယ်ညှာ ဖြစ်သည်။ ရေအိုးကို ဆွဲလျက် သွက်သွက် လှမ်းလာနေရာက လှမ်းပြော၏။
“အိမ်မှာ သစ်လည်း သည်မျက်နှာ၊ ချောင်းထဲမှာ သစ်လည်း သည်မျက်နှာပါပဲ အေရယ်၊ ရေတစ်မှုတ် သက်သာ နည်းသလား”
မျက်နှာကို ခေါင်းဖု (ခေါင်းခု) နှင့် သုတ်ရင်း ရေတွင်းဘက်သို့ ပြန်လျှောက်လာရာက ရီးကျီးဒန် ဝမ်းသာမိသည်။ တစ်စုံတစ်ခုကို သတိရသောကြောင့် ဖြစ်သည်။
“ကောင်မ၊ ကောက်ညှင်းငချိပ် ဆန်ကလေးများ ရှိရင် တစ်လုံးလောက် ရောင်းပါလားအေ့၊ မရောင်းချင်လည်း အလကားပေး”
မယ်ညှာသည် တအံ့တသြ ကြည့်၏။
“ခိုးခိုးခါးခါးတော်၊ ငချိပ်လည်း မရှိဘူး၊ ငကောက်လည်း မရှိဘူး။ လယ်ပြင်မှာ ကောက်ညှင်းပေါင်း မချတာ ဘယ်လောက် ကြာပြီလဲ”
ကောက်ညှင်းပေါင်း ချသည် ဆိုခြင်းမှာ လူငှားများကို ကောက်ညှင်းပေါင်း ကျွေးသည်ကို ခေါ်ခြင်း ဖြစ်ပေ၏။
“အေး အေ၊ ငါ့မလည်း ကနေ့မှ ဘာဖြစ်တယ် မသိဘူး၊ လင်းကတည်းက ငချိပ်ပေါင်းနံ့ ရပြီး ငချိပ်ပေါင်း ဓာတ်စာကျနေလို့”
“စပါး မထွက်မှာ စိုးလို့ တော့်ငချိပ်ကို လှည့်မကြည့်နိုင်တာ ကြာပါပကောလား”
ရီးကျီးဒန် ပြန်မပြောတတ်ပါ။ သူ ကိုယ်တိုင် လည်း ကောက်ညှင်းဖြူရော ငချိပ်ပါ မစိုက်နိုင်ခဲ့သည်ကို အသိ။ သို့ပါလျက် လယ်သမား အချင်းချင်းကို လိုက်မေးနေမိ၏။ သူ ကုန်းပေါ် ပြန်ရောက်ချိန်တွင် ရီးဆေးရိုးက မန်ကျည်းပင် အောက်၌ ရေနွေးအိုး တည်ထား၏။ လူမှာမူ နွားတင်းကုပ်အတွင်း ရောက်နေသည်။ နွားစာခေါင်း အတွင်းမှ အစာကျန် ရေကျန်များကို အုန်းမှုတ်ခွက်ဖြင့် ပက်ထုတ်နေသံမှာ တဖျန်းဖျန်း။ ရီးကျီးဒန် အိမ်ပေါ်တက်ပြီး ထမင်းအိုးကို ဖွင့်ကြည့်သည်။ ထမင်း မကျန်။ သို့ကြောင့် ထမင်းအိုးတည်ရန် ဆန်ဆေးပြီး မန်ကျည်းပင်အောက်သို့ ယူလာသည်။
“အမေကြီး ဘာမှာဦးမတုံး”
ဝိုင်းဝမှ မေးသံ။ နှပ်တရွှဲရွှဲဖြင့် စောင်ရန်းတန်းကို ခိုတက်နေသော ငတက်ပြားမ။
“ဟဲ့ စောင်ရန်းတန်းကို နင့်အဖေ ငထွန်းရရဲ့ ခေါင်းမှတ်လို့ တက်နေတာလားဟင်။ စောစောစီးစီး ခွေး ချေးမစားသေးဘူး ပြောရပြီ”
ပြောလည်းပြော လက်ကလည်း ပစ်စရာ ခတ်စရာ လှမ်းဆွဲစဉ် “သမီး နေဦးဟ” ရီးဆေးရိုး လှမ်းအော်၏။ “အမယ်အိုရေ.. ငွေတစ်ကျပ် ပေးပြီး ဗယာကြော်နှစ်ခု မှာလိုက်စမ်းဟာ” တစ်ဆက်တည်း ပြော၏။
ရီးကျီးဒန် အိမ်ပေါ် တက်သည်။ ငရုတ်သီးအိုး အောက်မှ ကျပ်တန်တစ်ရွက် ယူကာ ငတက်ပြားမကို ခေါ်ပေးသည်။ ဗယာကြော်နော် ဟူ၍လည်း အထပ်ထပ် မှာသည်။ ရီးဆေးရိုး ပြောသည့်အတိုင်း ဆောင်ရွက်လိုက်ငြား၊ ရီးကျီးဒန် မကျေနပ်ချေ။ ငွေတစ်ကျပ်ဖိုးကြီးများတောင်၊ တစ်ကျပ်ဖိုးကြီးတောင်ဟု ရင်ထဲက မြည်တွန် တောက်တီးနေ၏။
“မုန့်ပေါင်း”
သံရှည်ဆွဲလျက် အော်သံသည် အိမ်၏ စနေထောင့်မှ ပေါ်လာသည်။ ရီးကျီးဒန် ချာခနဲ လှည့်ကြည့်မိသည်။ စိုက်တောင်းကြီး ရွက်လာသော မိန်းမတစ်ယောက်။ စိုက်တောင်းထဲမှ ပုဆိုးစ တစ်စ ထွက်နေသည်။ မုန့်ပေါင်းတွေ ရုတ်တရက် မအေးစေရန် ပတ်လာသော ပုဆိုးဖြစ်သည်။
“အင်း မုန့်ပေါင်း ဆိုရင် ငချိပ်တစ်ခြမ်း၊ ကောက်ညှင်း တစ်ခြမ်း ထည့်ထားတဲ့ မုန့်ပေါင်းလည်း ပါမှာပဲ။ ငချိပ်ပေါင်းကမှ ဝါးစရာ သွားမရှိ ဘာမရှိနဲ့။ မုန့်ပေါင်း ဆိုရင် မြုံ့ပြီး မျိုချရုံပဲ” တွေးရင်း လည်ပင်း ရှည်ကြည့်၏။ ဝိုင်းကို လွန်သွားမှ ‘လာပါဦး’ ရီးကျီးဒန် ခေါ်ဖြစ်တော့၏။ မုန့်ပေါင်းတောင်း မချမီကပင် မွှေးသင်းသော အနံ့ကိုရသည်။ ရီးကျီးဒန် တံတွေးမျိုချရသည်။ သို့သော် အဖြူပေါင်း တစ်ပေါင်း သုံးမတ်၊ ငချိပ်တစ်ခြမ်း အဖြူတစ်ခြမ်းပေါင်းမူ တစ်ကျပ်။ တီကို ဆားထိသောနှယ် ရီးကျီးဒန် တွန့်သွား၏။
“တစ်ကျပ်ကြီးများတောင်၊ များလိုက်တာအေ”
“မများပါဘူး အရီးရယ်၊ ကောက်ညှင်းက ရှားပါး၊ ပဲလွန်းစေ့က ဈေးကြီးနဲ့”
“ပြားရှစ်ဆယ် ထားအေ”
“ကျုပ်ကိုသာ ခေါ်ထားလိုက်ပေတော့ အမေကြီးရေ့”
အချိန်ရှိခိုက် ရှေ့ဆက်ရဦးမည်မို့ ပြောပြောဆိုဆို တောင်းကို ခေါင်းပေါ်ပင့်သည်တွင် “ပြားကိုးဆယ် အေ့” ထပ်ဆစ်သဖြင့် ရီးဆေးရိုး လှမ်းအော်၏။
“ကျီးဒန်၊ တစ်ကျပ် တစ်ပေါင်း ဝယ်ထားလိုက်စမ်းဟေ့”
“ဘာလုပ်မလို့တုံး”
“သယ် သည်အမယ်ကြီးအို လျှာရှည်ရန်ကော၊ ဈေးသည်ကို အားနာဦး”
ရီးကျီးဒန် မရှည်သာပါ။ ငွေတစ်ကျပ် တက်ယူကာ ဝယ်လိုက်ရ၏။ သို့လျှင် ဝယ်လိုက်ရငြား “တစ်ကျပ်ဆိုတာ နည်းတဲ့ငွေ မှတ်သလား၊ အောင့်အောင့် အက်အက်တော်”
‘ဘရံတောက်တီး’ ပြုရင်းကလည်း ရေနွေးအိုးကို လက်ဖက်ခြောက် ခတ်သည်။ ထမင်းအိုး တည်သည်။ ရီးဆေးရိုး ရေနွေးအိုး ဘေးသို့ ရောက်လာသည်အထိ ပါးစပ် မပိတ်သေး။
“ဘယ်မလဲ ဆီပန်းကန်၊ ဆားပါ ထည့်ခဲ့။ ဒီ အမယ်ကြီးအိုက ခက်သကိုး၊ မုန့်ပေါင်း ဆိုတာ ဆီပါမှ ကောင်းမှာပေါ့”
ရီးကျီးဒန် ဆီယူလာသည်။ “သူဌေးသုံး သုံးမနေနဲ့၊ ကောက်ရိတ်စရိတ် မရှိဘဲ နေမယ်” ဝင်ထိုင်ရင်း ပြောသည်။ ရီးဆေးရိုးကား မုန့်ပေါင်းကို ဖြေပြီး ဆီလောင်းသည်။ မုန့်ပေါင်း တစ်ပြင်လုံး ဆီဝတော့မှ ရီးကျီးဒန် မျက်နှာအောက်သို့ ကမ်းပေး၏။
“တော် စားချင်လို့ ဝယ်ပြီးတော့ ဘယ့်နှယ် သူများကို”
“ငါးပေါင်းကြော် တစ်ခုကိုတောင် ငါးမူး ဖြစ်နေပြီ ကျီးဒန်၊ ညည်း မစားရင် ညည်း ငတ်မှာပေါ့။ အဲဒါကြောင့် အဝယ် ခိုင်းလိုက်တာ ရော့”
မပေးခင်က ယူချင်ချင်မို့ ရီးကျီးဒန် လှမ်းယူသည်။ ငချိပ်ပိုင်းကို ဖဲ့ပြီး မြုံ့၏။ မျက်လုံးအစုံ မှေးစင်းသွားရာက သာဓု ခေါ်၏။
“မယ်မင်း မောင်မင်းများ စိုက်ပေလို့ စားရတယ်။ အင်း ဘယ်သူတွေကများ ခက်ခက်ခဲခဲ စိုက်ကြပါလိမ့်။ သာဓုတော် သာဓု သာဓု”
“စားမှာ စားတာ မဟုတ်ဘူးအေ၊ ရေမရလို့ ပြောင်းကြဲ၊ နေကြာကြဲတဲ့ ညည့်သမီးလို ညည့်သားလို လူမျိုးတွေ မြောင်းဘေး လာစိုက်ကြတာပေါ့အေ။ တစ်ပြည်ရရ နှစ်ပြည်ရရ။ ဒါကြောင့် ငချိပ်တွေ၊ ကောက်ညှင်းတွေ မြင်နေရသေးတာပေါ့”
ရီးကျီးဒန်က သာဓုခေါ်၍ မဆုံးသေးပေ။ မျက်စိနှစ်လုံး ပွင့်ကတည်းက တပ်ခဲ့သော ချင်ခြင်းသည် ယခုမှ ပြေသည် မဟုတ်လား။ သာဓု ခေါ်ရပေမည်။
▢ ဆင်ဖြူကျွန်းအောင်သိန်း
📖 ကိုဆေးရိုး ပေါင်းချုပ်
No comments:
Post a Comment