❝ ဆံသဆိုင် ❞
( ဇင်မြင့် )
လူတိုင်း ဘယ်သူမဆို ဆံသဆိုင်နဲ့ ကင်းတဲ့ သူတော့ ရှိမယ် မထင်ဘူး။ ဟုတ်တယ်လေ။ လူရယ်လို့ ဖြစ်လာပြီ ဆိုကတည်းက ဒီအမွေးအမှင်တွေက မရှည်ချင်ပါဘူးဆိုပြီး အောင့်ထားလို့ ရတဲ့အရာ မဟုတ်တာ။ အချို့ကတော့ ပိုက်ဆံ ချွေတာတဲ့ အနေနဲ့ ကိုယ့်အိမ်မှာ ကိုယ့်လင်ကို မယားက ညှပ်၊ မယားကို လင်က ညှပ်ပြီး (ဆံပင်ပြောပါတယ်) ဖြေရှင်းကြတာတော့ရှိရဲ့။
ဒါပေမဲ့ တကယ့်တကယ် အရေးရယ် အကြောင်းရယ် မင်္ဂလာဆောင်၊ ပွဲလမ်းသဘင် သွားဖို့လာဖို့ ဆိုရင်တော့ ကြည့်ကောင်းပြီး တင့်တောင့်တင့်တယ်ကလေးဖြစ်အောင် ဆံသဆိုင်လို့ ခေါ်ခေါ်၊ ဗြူတီပါလာလို့ ဆိုဆို ဆံပင်ညှပ်ဆိုင်တော့ ပြေးကြရတာပဲ မဟုတ်လား။
စာရေးသူတို့ ငယ်ငယ်တုန်းကဆို လမ်းထိပ်က “အောင် ဆံသ” ဆိုတဲ့ ဦးသိန်း ဆိုတဲ့ လူကြီးညှပ်တဲ့ ဆံပင်ညှပ်ဆိုင်မှာ ကိုယ့်ခေါင်းကို ဝကွက် အပ်ထားခဲ့ကြရတာ။ အခုမှ ပြန်တွေးကြည့်မိတယ်။ ဆံသဆိုင်နာမည် “အောင်” ဆိုတာနဲ့ ဆံပင်ညှပ်တဲ့ ဦးသိန်း ဆိုတဲ့ နာမည်နဲ့ ဘာမှလည်း မဆိုင်ဘူး။ မသကာ သိန်းဆံသ ဆိုရင် ဟုတ်တုတ်တုတ်။ ကိုယ်တွေကသာ ငယ်သေးတော့ ဦးသိန်းလို့ ခေါ်တာ။ လူကြီးတွေကတော့ ကိုသိန်းဆိုင် ဒါမှမဟုတ် မောင်သိန်းဆိုင် ဆို ဦးသိန်းရဲ့ “အောင် ဆံသဆိုင်” ဆိုတာ ပြောစရာ မလိုဘဲ လူတိုင်း သိကြတယ်။ အဲဒီတုန်းက ဆံသဆိုင် ဆိုတာလည်း တစ်ဆိုင်လုံးမှာမှ ဆံပင်ညှပ်တဲ့ ဆုံလည် ကုလားထိုင်လေး တစ်လုံးရယ်၊ မျက်နှာချင်းဆိုင်မှာ ညှပ်မယ့်သူတွေ ထိုင်စောင့်ဖို့ သစ်သားခုံတန်းရှည်လေး တစ်ခုရယ်၊ ဆံပင်ညှပ်ခုံရှေ့က မှန်ချပ်ရယ်၊ မှန်အောက်က နံရံကပ် အံဆွဲ တစ်ဖြစ်လဲ ဦးသိန်း ပစ္စည်းတွေ တင်တဲ့ နံရံကပ် စင်လေးရယ်၊ ပြက္ခဒိန်လေး တစ်ခုရယ်၊ ဦးသိန်း တစ်ယောက် သူ့ရဲ့ သင်တုန်းဓားကို တဇွမ်းဇွမ်းနဲ့ သွေးလေ့ရှိတဲ့ တွဲလောင်းချထားတဲ့ ခါးပတ်လိုလို ဘာလိုလို အရာကြီးရယ် ဒါပဲရှိတဲ့ လမ်းဘေး ဆိုင်လေးပါ။ လမ်းဘေးဆိုင်လို့သာ ပြောတာပါ (လမ်းဘေးဆိုင် ပြောရအောင် ဘယ်ဆိုင်ကကော လမ်းပေါ်တက် ဆောက်ထားလို့လဲလို့တော့ အတွန့်မတက်နဲ့။ ဈေးထဲက ဒါမှမဟုတ် ဆိုင်ခန်းကြီးကြီးနဲ့ ဆိုင်မျိုး မဟုတ်ဘူးလို့ ဆိုလိုတာ)။ သူများ ခြံစည်းရိုးရှေ့နဲ့ ကားလမ်းကြားမှာ ရှိတဲ့ မြေနေရာလေးမှာ လမ်းဘေး ရေမြောင်းလေးကို ခွပြီး ဆောက်ထားတဲ့ တဲသာသာ ဆံသဆိုင်လေး။ ဒီဆိုင်လေးမှာပဲ စာရေးသူရဲ့ အဘိုးကော၊ အဖေကော၊ စာရေးသူပါ ဆံပင်ညှပ်ခဲ့ကြတာ။ အခုတော့ အဘိုးလည်း မရှိတော့ဘူး။ အဖေလည်း မရှိ တော့ဘူး။ ဦးသိန်းကြီးလည်း ရှိဦးမယ် ဆိုရင်တောင် အသက် အတော်ကြီးလှပေါ့။
ဦးသိန်းကို တစ်ရပ်ကွက်လုံး သိသလို သူကလည်း ဒီရပ်ကွက်ထဲ ဘယ်သူ ဘယ်နားနေတာက အစ ရပ်ကွက် အကြောင်း နောကျေအောင် သိတဲ့သူ။ နောကျေလွန်း အားကြီးတော့လည်း အများ စိတ်ဝင်စားတဲ့ ဘောလုံးပွဲ အကြောင်း၊ အဲဒီအချိန်တုန်းက ပြသတဲ့၊ လူပြောများတဲ့ TV Series တွေ အကြောင်းသာမက ဟိုနားက အိမ်က ဟိုလူက ဘယ်လို ဘာညာဆိုပြီး အတင်းလိုလို သတင်းလိုလိုမျိုးတွေလည်း ဦးသိန်းဆီက တစ်ခါတစ်ခါ ကြားရတတ်တယ်။ ဒါကပဲ ဦးသိန်းရဲ့ သူ့ Customer တွေ မပျင်းအောင် ဖျော်ဖြေတဲ့ မဟာဗျူဟာ တစ်ခုများလားတော့ မသိဘူး။ တစ်ခါတလေ ဒီသတင်းဘယ်က ကြားသလဲဆိုရင် Source က ဦးသိန်းရဲ့ ဆိုင်က ဖြစ်ဖြစ်နေတတ်တယ်။ ဒါလည်း ဦးသိန်းကို အပြစ်ပြောလို့တော့ မရဘူး။ သူမှ ဒီလို အာလာပသလ္လာပ စကားတွေ မပြောရင် ဆံပင်ညှပ်သူနဲ့ ဦးသိန်းပဲ ရှိတဲ့ ဒီဆံပင်ညှပ်ဆိုင်လေးမှာ တိတ်ဆိတ်ပြီး ပျင်းစရာ ကောင်းနေတော့မှာ။ အခုခေတ်တွေလို TV Display တွေ ဘာတွေလည်း ရှိတာ မဟုတ်။ ကိုယ့်ဘာသာကိုယ် ထိုင်ပွတ်နေလို့ရတဲ့ Handphone တွေဘာလည်း အဲဒီတုန်းက ရှိတာမှ မဟုတ်တာ။ ဒီလိုပဲ ဦးသိန်း လေကြောမှာ မျောကြရတာပေါ့။ ဒီလူကြီးကို စာရေးသူတို့ ငယ်ငယ်က နည်းနည်းလည်း ကြောက်ရတယ်။ ကြောက်ရတယ်ဆိုတာက ဒီလို။ ဒီလူကြီးက ဆံပင်ညှပ်စရာ လူ မရှိရင် ဆိုင်ထဲက မျက်စိဒေါက်ထောက် ကြည့်ပြီး ဘယ်ကလေးတွေ ဘာလုပ်တယ်၊ ဘယ်သွားတယ်၊ ဘယ်သူတွေနဲ့ အပေါင်းအသင်း ဖြစ်နေတယ် စသည်ဖြင့် လူကြီးမိဘ ဖြစ်သူတွေ သူ့ဆိုင် ရောက်တဲ့အခါ ဖောက်သည်ချသလိုလိုနဲ့ ပြန်တိုင်တတ်တယ်။ အခုအချိန်မှာတော့ ဒါဟာ ဒီကနေ့ခေတ်မှာ မတွေ့ရသလောက် ရှားပါးသွားပြီ ဖြစ်တဲ့ ရပ်ကွက်သူ ရပ်ကွက်သားတွေရဲ့ အချင်းချင်း ရိုင်းပင်းကူညီ စောင့်ရှောက်မှု တစ်မျိုးပဲဆိုတာ အဲဒီ ကလေးအရွယ် တုန်းကတော့ ဘယ်သိခဲ့မှာတုံး။ ဒီလူကြီး တော်တော် ပြန်ထောင်တတ်တယ် ဆိုပြီး ထင်ခဲ့မိတယ်။
စာရေးသူတို့ လူပျိုပေါက်အရွယ် ရောက်လာတော့ ဦးသိန်းရဲ့ အောင် ဆံသဆိုင်မှာ ဘယ်က ဝယ်လာမှန်းမသိတဲ့ ခေတ်ပေါ် ဆံပင်ပုံစံ အမျိုးမျိုးနဲ့ နိုင်ငံခြားက မော်ဒယ် မင်းသားပုံလေးတွေ ကပ်လာတာ တွေ့ရတယ်။ သူလည်း ခေတ်နဲ့အညီ ပြောင်းလဲချိန်တန်ပြီ ဆိုပြီး ပြောင်းလဲတဲ့ သဘော နေမှာပေါ့။ ဒါပေမဲ့ ပုံထဲက မော်ဒယ်တွေရဲ့ ဆံပင်ပုံစံတွေက ဘယ်လောက် ဆန်းဆန်း၊ ကိုယ်ကြိုက်တဲ့ ပုံကို ဘယ်လိုပဲ လက်ညှိုးထိုးပြီး ညှပ်ခိုင်းညှပ်ခိုင်း ထွက်လာတော့လည်း ဒီပုံပဲ။ အံမယ်၊ ဒါတောင် ဒီလူကြီးက ပြောလိုက်သေး တယ်။ ဟိုက မင်းသားတွေကွ၊ ဒီလောက်တူတာပဲ ကျေးဇူးတင်ဦးတဲ့။ ကိုယ်တွေကလည်း ကိုယ့်ရုပ်မှ ကိုယ် အားမနာ ညှပ်ပြီးရင် ကိုယ်လက်ညှိုး ထိုးပြီး ညှပ်ခိုင်းတဲ့ ပုံထဲက မင်းသားနဲ့ နည်းနည်းလောက်ဖြစ်ဖြစ်တော့ တူချင်သေးတာကိုး။ ဒါတောင် အဲဒီလို ပုံထဲက ဆံပင်ပုံစံမျိုး ညှပ်ချင်ရင် ပုံမှန်ဆံပင် ညှပ်ခထက် ဦးသိန်းကို နည်းနည်း ပိုပေးရသေးတာ။
ကိုယ်တွေ လူပျိုပေါက်အရွယ် ရောက်လာတော့ ဦးသိန်း ဆိုင်ကို သိပ် သဘော မတွေ့တော့ဘူး။ ဒီလိုနဲ့ပဲ ဦးသိန်းရဲ့ ဆိုင်နဲ့ စာရေးသူတို့ လူပျိုပေါက် အရွယ်တွေ လမ်းခွဲခဲ့ကြတယ်။ ဒါတောင် ကိုယ်တွေ ကွယ်ရာမှာ ဦးသိန်းကြီးက “အလကား ဒီကောင်တွေ အခြောက်တွေ ညှပ်တဲ့ ဆိုင်တွေမှာ သွားညှပ်တာ ဘယ်တော့ အခြောက်စာ မိမလဲ မသိဘူး” ဆိုပြီး အမနာပ ပြောတာကို ပြန်ကြားရတယ်။
ဒီလိုနဲ့ပဲ ကျွန်တော်တို့က ဦးမောင် လို့ ခေါ်တဲ့ မိန်းမစိတ်ပေါက်နေတဲ့ အလှ ဖန်တီးရှင်ရဲ့ ဆိုင်ကို ရောက်သွားကြတယ်။ ကျွန်တော်တို့ဆိုတာ အဲဒီတုန်းက ကျွန်တော်နဲ့ အရွယ်တူ ရပ်ကွက်ထဲက လူငယ်တစ်သိုက်ပေါ့။ ပြောလို့ပြောတာ မဟုတ်ဘူး။ ဦးမောင်ရဲ့ ဆံပင်ညှပ် ပညာက ဦးသိန်းထက် အများကြီး သာတာ အမှန်ပဲ။ ဦးမောင်ရဲ့ဆိုင် ရောက်မှ ဆံပင်ပုံသွင်းတာတို့၊ မျက်နှာ ပေါင်းတင်တာတို့ ဆိုတာတွေကို သိလာ၊ စမ်းဖြစ်လာကြရတာ။ တစ်ခုတော့ရှိတယ်။ ဦးမောင်ရဲ့ ဆံပင်ညှပ်ခက ဦးသိန်းကြီးရဲ့ ညှပ်ခထက် ၂ ဆလောက် ပိုဈေးကြီးတယ်။ ဒါပေမဲ့ အဲဒီ အရွယ် အလှအပ မက်တဲ့ ကျွန်တော်တို့ လူငယ်တွေ အတွက်တော့ ဦးမောင်ရဲ့ ဆံပင်ညှပ်ဆိုင်တွေကို တွေ့တာ နောက်ကျတယ်လို့တောင် ထင်မိကြသေးတာ။ တစ်ခါတလေ ဦးမောင်ရဲ့ ကျွန်တော်တို့ လူပျိုပေါက်တွေအပေါ် ထိကပါး ရိကပါး စသလိုလို၊ နောက်သလိုလို အပြောလေးတွေကိုတော့ ခံကြရတာပေါ့။ တစ်ခါတလေလည်း ကျွန်တော်တို့က “ဦးမောင် ဘယ်တော့ မိန်းမယူမှာလဲ” လို့ နောက်ရင် “ဟဲ့၊ ယူစရာလား” ဆိုပြီး ဦးမောင်ရဲ့ မျက်စောင်းထိုး ခံရတတ်တာ မှတ်မိနေသေးတယ်။
ဦးမောင် မှာလည်း သူ့ရဲ့ ကောင်းတဲ့ အချက်ကလေးတွေ ရှိတယ်။ အဲဒါက ဘာလဲဆိုတော့ ဆံပင်နဲ့ မိတ်ကပ်ပညာကို Professional ဆန်ဆန် နားလည်ပြီး အလုပ်အပေါ်မှာလည်း စေတနာထား သလို ဘဝရည်မှန်းချက်လည်း ကြီးတယ်။ သူ တစ်နေ့ကျ နာမည်ကြီးအလှပြင်ဆရာမ ဖြစ်ချင်တယ်လို့ အမြဲ ပြောလေ့ရှိတယ်။ အဲဒီတုန်း ကတည်းက ရုပ်ရှင်လောကသား အချို့ကို ဆံပင်တွေ၊ မိတ်ကပ်တွေ ပြင်ပေးနေရတဲ့ အဆင့်တော့ ရောက်နေပါပြီ။ ဒါက လွန်ခဲ့တဲ့ အနှစ် ၃၀ လောက်ကပေါ့။ အခုဆို ဦးမောင် တစ်ယောက် ဆံပင်တွေ ညှပ်နေတုန်းလား၊ နာမည်ကျော် မိတ်ကပ်ဆရာမကြီး တစ်ယောက် ဖြစ်နေပြီလား၊ ဒါမှမဟုတ် ယောက်ျားပဲ ရနေသလား၊ မိန်းမပဲ ရနေသလား ဆိုတာတော့ မသိပါဘူး။
ငယ်ငယ်က ရေဒီယိုမှာ အနှစ် ၂ဝ တေး ဆိုရင် အလွန် ရှေးကျပြီး တော်တော် ဒိတ်အောက်တဲ့ ဟိုးအရင်တုန်းက သီချင်းတွေလို့ ထင်ခဲ့တာ။ အခု ကိုယ့်အတွက် ကျတော့ အနှစ် ၃ဝ ဆိုတာ မနေ့တစ်နေ့က လိုပဲ။ ဒါပေမဲ့ အဲဒီ အနှစ် ၃ဝ အတွင်းမှာ ဖြတ်သန်းခဲ့တဲ့ ဆံပင်ညှပ်ဆိုင်တွေ ရေတွက်ရင် လက်ဆယ်ချောင်းတောင် ကမယ် မထင်ဘူး။ အချို့လည်း မှတ်မှတ်ရရ ပြက်ပြက်ထင်ထင် သတိရနေသေးတဲ့ ဆိုင်တွေ ရှိသလို အချို့လည်း မေ့သလောက်ရှိပြီ။
ပျော်ရာမှာ မနေရ၊ တော်ရာမှာနေရ ဆိုတဲ့ စကားအတိုင်း ရေကြည်ရာ မြက်နုရာကို ပြောင်းရွှေ့ လုပ်ကိုင်စားသောက်ရင်း အခုလက်ရှိ ဆံပင်ညှပ်ဖြစ်နေတဲ့ ဆိုင်ကတော့ စင်ကာပူက တစ်ခါညှပ် ၃ ဒေါ်လာပဲ ပေးရတဲ့ ဆံသဆိုင်ပဲ။ အံမယ်၊ မင်းဟာက တန်လှချည့်လားလို့ မယုံမရှိနဲ့။ တကယ့်ကို ရုံးဖွင့်ရက်တွေမှာ ညှပ်မယ်ဆို ၃ ဒေါ်လာပဲ ပေးရတာပါ။ စင်ကာပူလို နေရာမျိုးမှာ ဗမာ ပြည်က တော်ရုံတန်ရုံ၊ Beauty Saloon လောက်တောင် ဆံပင်ညှပ်ခ မပေးရတဲ့ ဆိုင်ဆိုပြီး အထင်တော့ မသေးလေနဲ့။ တစ်ဆိုင် တစ်ဆိုင်မှာ ဆံပင်ညှပ်ခုံပေါင်း အနည်းဆုံး ၂ဝ လောက်ရှိတဲ့ သေသေချာချာ လေ့ကျင့်သင်ကြားပေးထားတဲ့ ဆံသ လူငယ်လူရွယ်တွေ ညှပ်တဲ့ ဆိုင်ပါ။ ဆံပင်ညှပ်ခလည်း သက်သာတယ်။ ဦးသိန်းကြီးလို အတင်းအဖျင်းလည်း မပြောဘူး။ ဦးမောင်လို ထိကပါး ရိကပါးလည်း မနောက်ဘူး။ လက်ရာလည်း ကောင်းတယ်၊ သန့်လည်း သန့်ရှင်းတယ် ဆိုတော့ ဘာလိုသေးလဲလို့တော့ မမေးနဲ့။ There is no free lunch ဆိုတဲ့ စကားအတိုင်း သူတို့မှာလည်း သူတို့ စီးပွားရေး တွက်ကိန်းနဲ့ သူတို့တော့ ရှိတယ်။
အဲဒါက ဘာလဲဆိုတော့ သူတို့က ဦးသိန်းတို့၊ ဦးမောင်တို့လို မပြောပေမဲ့ ဆံပင်ညှပ်ပြီးတဲ့ အခါမှာတော့ မင်းဆံပင်ကို အလကား စစ်ပေးမယ် ဆိုပြီး အခန်းတစ်ခုထဲ ခေါ်သွားပြီး ဆံပင်တို့၊ ဦးရေပြားတို့ကို စစ်တဲ့ ကိရိယာတွေနဲ့ စစ်ပြီး မင်း ဆံပင်ကတော့ ဘယ်လို ပြဿနာရှိတယ်၊ ဆံပင်သန်အောင် Hair Treatment လုပ်မလား ဆိုပြီး ဆွယ်ပါတော့တယ်။ အဲဒီ Hair Treatment ဆိုတာတွေက ဒေါ်လာ ရာနဲ့ ချီပြီး ပေးရတာ။ မလုပ်ဘူးလို့ ပြောလိုက်ရင် မပြီးဘူးလားလို့ မေးရင် ပြီးပါတယ်။ ဘယ်သူမှတော့ အတင်းအကျပ်ကြီး မလုပ်မနေရ ဇွတ် မလုပ်ခိုင်းပါဘူး။ ဒါပေမဲ့ သူတို့မှာ ရအောင်ဆွယ်ဖို့ နည်းလမ်းမျိုးစုံ ရှိတယ်။ ကျောက်ရုပ်ကိုတောင် ခေါင်းညိတ်အောင် ပြောနိုင်ကြသူတွေ။ ဥပမာ ဈေးကြီးတယ်ဆိုရင် မင်း ဘယ်လောက် တတ်နိုင်လဲ၊ Instalment နဲ့လည်း ပေးလို့ရတယ် စသည်ဖြင့်ပေါ့ ။
နောက်ပြီး သူတို့က ဆံပင်ညှပ်ခ နည်းနည်းနဲ့ ဆွဲဆောင်ရုံသာမက သူတို့ရဲ့ ဆံပင်ညှပ်တဲ့ Quality ကိုထိန်းပြီး သူတို့ရဲ့ဆိုင်ကို ယုံကြည်လာအောင် ဆွဲ ဆောင်ပါတယ်။ မြန်မာနိုင်ငံက လုပ်ငန်းရှင်တွေ အတုယူဖို့ ကောင်းပါတယ်။ Customer တွေ အနေနဲ့ ပိုက်ဆံများများ ပေးရပေမဲ့ သူတို့ရဲ့ Treatment က တကယ် အကျိုးရှိမှာပါလို့ ယုံလာတတ်ကြတယ်။ အဲဒီ တွက်ကိန်း အောင်မြင်လို့ လားတော့ မသိဘူး။ အခုဆို အဲဒီလို ဆိုင်မျိုးတွေ စင်ကာပူမှာ နေရာ တော်တော်များများမှာ မှိုလို ပေါက်လာတာ တွေ့ရတယ်။ ကိုယ်တွေ အနေနဲ့ကတော့ “ဘူး” တစ်လုံးဆောင် အိုတောင်မဆင်းရဲ ဆိုတဲ့ထုံး နှလုံးမူပြီး အခုအချိန်အထိတော့ ဘူးလို့ ကောင်းတုန်းပါပဲ (Treatinent မလုပ်ဘူးလို့ တွင်တွင် ငြင်းနိုင်တာကို ပြောတာပါ)။ သူတို့ အနေနဲ့ကလည်း ကိစ္စ မရှိပါဘူး။ ဒီလူကြီး တစ်ခါညှပ် ၃ ဒေါ်လာနဲ့ ရနေသရွေ့ (ပုံမှန်ဆို စင်ကာပူမှာ ဆံပင်ညှပ်ရင် ၈ ဒေါ်လာလောက် ပေးရတာပါ) ငါတို့ဆိုင် လာနေဦးမှာပဲ ဆိုတာ သိနေတော့ ထင်းခွေ မကြုံ၊ ရေခပ် ကြုံရမှာပဲ ဆိုပြီး ညှပ်တဲ့အခါတိုင်း ဆွယ်ပါတယ်။ စာရေးသူကလည်း (အခု အချိန် အထိတော့) ဆံပင်မကောင်းလို့ ထိပ်ပြောင်ချင်သလောက် ပြောင်စမ်းပါစေ “အန်ကယ်ကတော့ နိုးပါပဲ” ပေါ့။
ဒီနေရာမှာ Singapore က ဆံပင်ညှပ်ဆိုင်တွေ Create လုပ်ထားတဲ့ Business Idea လေးကို သဘောကျမိတယ်။ ဆံပင်ရှည်နေလို့ တိုအောင်၊ နည်းအောင် ညှပ်ဖို့ သူတို့ဆီ သွားရတယ်။ သူတို့က ပိုက်ဆံယူပြီး ဆံပင် နည်းအောင်၊ တိုအောင် ညှပ်ပေးတယ်။ နောက်တစ်ခါ ဆံပင်သန်အောင်၊ များအောင်ဆိုပြီး ပိုက်ဆံ ထပ်ယူပြီး Treatment လုပ်ခိုင်းပြန်တယ်။ Treatment ကောင်းလို့ ဆံပင်တွေ သန်လာတော့ ပိုအကြိမ် များများ သူတို့ဆီ သွားပြီး ဆံပင်ညှပ်ဖို့ လိုပြန်ရော။
Customer တွေ အနေနဲ့လည်း ဆံပင်တိုချင်၊ ပါးချင်လို့ ပိုက်ဆံပေးပြီး သွားညှပ်လိုက်။ မင်း ဆံပင်က ပါး တယ်၊ ဆံပင်ကောင်းအောင် Treatment လုပ်ရမယ် ဆိုတော့လည်း ပိုက်ဆံ နောက် ထပ်တစ်ခါ အကုန်ခံပြီး လုပ်လိုက်။ ဆံပင် ကောင်းလာပြန်တော့ ဆံပင်ရှည် လာပြီဆိုပြီး ပိုက်ဆံပေးပြီး သွားပြန်ညှပ်လိုက်နဲ့ ပတ်ချာလည် နေတော့တယ်။ ဒါကို အထပ်ထပ် အခါခါ လုပ်ဖြစ်အောင်လည်း ၃ ဒေါ်လာနဲ့ ရတယ်ဆိုတဲ့ ဆွဲဆောင်မှုက တွန်းအားပေးပြန်ပါတယ်။
ဘဝမှာလည်း ဒီလိုပဲ ဘာထူးလို့လဲ၊ စင်ကာပူက ဆံပင်ညှပ်ဆိုင် သွားသလိုပဲ။
အစွန်းနှစ်ဖက်ရဲ့ အလိုတွေကို တစ်လှည့်စီ ဖြည့်ရင်း လောဘရဲ့ ဆွဲဆောင်မှုကြောင့် ဒီလို ပတ်ချာလည်နေခဲ့တာ သံသရာ ချီနေရော့မယ်။
ဘာပဲဖြစ်ဖြစ် ခုချိန်မှာ ဦးသိန်းကြီးရဲ့ အာလာပ သလ္လာပ စကားလေးတွေ နားထောင်ရင်း၊ ဦးမောင်ရဲ့ ထိကပါး ရိကပါး အစအနောက်လေးတွေနဲ့အတူ ကိုယ့်နိုင်ငံ ကိုယ်ပြန်ပြီး ဆံပင် တစ်ခေါက်လောက်တော့ ညှပ်ချင်ပါသေးတယ်။
▢ ဇင်မြင့်
📖ရွှေအမြုတေ ရုပ်စုံမဂ္ဂဇင်း
ဇူလိုင် ၊ ၂၀၁၈
No comments:
Post a Comment