❝ အစ်မ ❞
( နဒီသင်း )
စိန်စိန်အေး ပျောက်သွား၍ သံကိုင်းရွာ တစ်ရွာလုံး အုန်းအုန်းကြွသွားသည်။ တဟူးဟူး တိုက်ခတ်နေသော မြစ်ပြင်ကျယ်က လေနုကြမ်းသည် ရွာလယ်ကောင်လမ်းမကြီးအတိုင်း ခပ်မှန်မှန် ဝင်ရောက်နေ၏။ တစ်ချက်တစ်ချက် ကမ်းပါးပြိုသံ တဝုန်းဝုန်းက ကြားနေရသည်။ သည်အချိန်က ဧရာဝတီမြစ်ထဲ ရေခန်းချိန်။ သင်္ဘောတစ်စီး၊ မော်တော်ဘုတ်တစ်စီး ဖြတ်မောင်းသွားလျှင် မတ်စောက်သည့် ကမ်းပါးကို လှိုင်းပုတ်၍ တအိအိနှင့် ပြိုကျနေသည်။ ရွာခြေကို ကပ်လာသည့် မြစ်ကမ်းပါးကြောင့် သင်္ဘောများကို အောက်ဘက် ဝေးရာဆီသို့ ကပ်ခိုင်းရ၏။ အတက်အဆင်းကောင်းမှ ကုန်တင်ကုန်ချ လွယ်ကူသက်သာမည်။ ရွာနှင့် ဝေးကွာ၍ ကပ်ထားသည့် မော်တော်များ၊ သင်္ဘောများသည် ငြိမ်သက်စွာ လဲလျောင်းနေသည်။ မလဲလျောင်းနိုင်သည့်က ရွာဦးကျောင်းဆရာတော် ဖြစ်နေသည်။ ကျောင်းပြတင်းပေါက်ကနေ မြစ်ပြင်ဘက် ငေးကြည့်နေတတ်သလို၊ ရုန်းရင်းဆန်ခတ် ပြေးလွှားနေသည့် ရွာသားတချို့ကို မကြာခဏ ဆိုသလို ကြည့်နေတတ်၏။ ကျောင်းပေါ်ကနေ တစ်ရွာလုံးကို မြင်ရသလို ဖြူလွလွ မြစ်ပြင်ကျယ်ကိုလည်း မြင်နေရသည်။ နိမ့်ချည် မြင့်ချည် ဖြစ်နေသော ရင်တစ်စုံကလည်း တအင်းအင်းနှင့် သက်ပြင်းများ ချနေပြန်သေးသည်။ မြစ်လယ်ကောင်က အလင်းတစ်ခုသည် ကျောင်းပေါ်သို့ လာထိုးနေသည်။ ပြင်းပြင်းပူနေသော နေမင်း၏ အလင်းရောင်သည် သဲသောင်ယံသို့ ကျရောက်ပြီး အလင်းပြန်သည့်သဘော ရှိနေသည်။ အလင်းတန်းတစ်ခုသည် အလင်းပြန်တတ်သည့် သဘောရှိသည်။ အထူးသဖြင့် ချောမွေ့သည့် မျက်နှာပြင်သို့ ပို၍ အလင်းပြန်တတ်၏။
“ဘုန်းကြီးဘုရား... စိန်စိန်အေးကို မတွေ့ကြဘူးဘုရား”
ကျောင်းပေါ်သို့ မည်သည့်အချိန်က ရောက်လာသည်ကို မသိရသော ရွာသားတစ်ယောက် အသံကြောင့် အဝေးသို့ မျှော်ကြည့်နေသော ဆရာတော်သည် မေ့မြောနေသူတစ်ဦး အသိ ဝင်လာရသလို ငေးကြောင်ကြောင်နှင့် အင်းမလှုပ် အဲမလှုပ်။ ရွာသားသည် ခေါင်းငုံ့၍ နေပြီး ဆရာတော်၏ မိန့်စကားကို စောင့်နေသည်။ ဆရာတော်ထံမှ တော်တော်နှင့် စကားပွင့် မလာချေ။ မြစ်ပြင်က တဟူးဟူးနှင့် တိုက်ခတ်လာသည့်လေသည် သဲမှုန်များကို ယူဆောင်လာ၏။
“သူ့ ညီမလေးကိုကော ရှာတွေ့ပြီလား”
ဆရာတော်၏ လေးတွဲ့လှသည့် စကားသံအဆုံး ရွာသားသည် ခေါင်းကို အသာယမ်းပြီး-
“နှစ်ယောက်စလုံး မတွေ့ပါဘူး ဘုရား” ဟု တိုးလျလျ စကားသံ အဆုံးတွင် ဆရာတော်သည် ခေါင်းကို တဆတ်ဆတ် ညိတ်နေတော့ သည်။
လေအဝှေ့ ဖုန်လုံးထုသည် ရွာကို လွှမ်းခြုံသွား၏။ ဆရာတော်သည် မျက်လုံးထဲ ဝင်လာသော သဲမှုန်များကို သင်္ကန်းစနှင့် ပွတ်တိုက်နေသည်။ မျက်လုံးထဲရောက်လာသည့် သဲမှုန်များကြောင့် အမြင်မကြည် ဖြစ်သွားပုံရ၏။ သက်ပြင်းရှည်ကြီးကို ချ၍-
“သဗ္ဗေသတ္တာ ကမ္မသကာပါပဲပေါ့” ဟု မိန့်ကြား၍ အခန်းထဲ ဝင်သွားပါတော့သည်။
••••• ••••• •••••
တစ်အိုးလုံး မည်းတူးနေသည့် ဒယ်အိုးလေးကို ကိုင်၍ စိန်စိန်အေးသည် ရွာလယ်လမ်းမအတိုင်း ပြေးသွားနေ၏။ ကိုင်စရာ မပါသည့် ဒယ်အိုးမည်းတူးလေး က တစ်ချက်တစ်ချက် လက်ထဲက ချော်၍ ထွက်ချင်သည်။ မနည်း ထိန်းကိုင်နေရ၏။ ပြေးနေရင်းက ထဘီ အောက်နားက တဖျင်းဖျင်းနှင့် ပြဲလိုက်လာသည်။ နှာရည်ကလည်း စီးကျနေသည်။ စီးကျလာသည့် နှာရည်ကို လျှာနှင့် တို့၍ သိမ်းနေရ၏။နောက်ထပ် ကျလာမည့်နှာရည်ကို ရှုံ့၍ ပြန်သွင်းလိုက်သည်။
“စိန်စိန်အေး ဘာတွေလဲဟ”
အရက်ဖြူဆိုင်ထဲက ယောက်ျားကြီး တစ်ယောက် ၏ အမေးကို ပြန်ဖြေရန် ပါးစပ် မဟနိုင်၊ ပြန်မကြည့် နိုင်။ မျက်လုံးနှင့် ခြေထောက်က ရှေ့ရောက်ရန်သာ လောကြီးနေလေ၏။
စိန်စိန်အေးသည် ပန်းဝင်သွားသည့် တာဝေးအပြေးသမားလို ပန်းတိုင်ကို ရောက်သွားသည်။
“အရီးဘုမ ဆီ နှစ်ကျပ်ခွဲသား ထည့်ပေးတော်၊ ရော့..” ဟု ဆို၍ ကုန်စုံဆိုင်က ဒေါ်ဘုမ မျက်နှာရှေ့ ဒယ်အိုး ထိုးပေးလိုက်သည်။ ဒေါ်ဘုမသည် မျက်နှာကို တစ်ချက်မဲ့၍ မည်းညစ်ညစ် ဆီအိုးထဲက မှုတ်လေးမ,၍ ခပ်ထည့် ပေးလိုက်၏။
ထဘီအလိပ်ထဲက နွမ်းကြေနေသော ငွေတစ်ရာကို ဒေါ်ဘုမ လက်ထဲ ထိုးပေးပြီး ဒယ်အိုးကို ကိုင်၍ ပြေးပြန် သည်။ လမ်းတစ်လျှောက် မည်သည့်ကိုမှ မကြည့်မငေး ဘဲ ပြေးနေသည်။ လက်ထဲ က ဒယ်အိုးလေးသည် စိန်စိန်အေးနှင့်အတူ ပြေးနေရ၏။
ဖိုခုံလောက်ပေါ် တင်လိုက်သည်။ ဒယ်အိုးက တစ်ဖက်သို့ စောင်းနေ၏။ ရေချိုးရင်း ကောက်လာသည့် မြစ်ထဲက ကျောက်ခဲအပြားလေးများကို မီးဖိုလုပ်ထားသည်။ တစ်ဖက် ကျောက်ခဲက အကြီး၊ တစ်ဖက်က အသေး မညီမညာနှင့်။ ထိုအတိုင်း ချက်စားနေသည်မှာ စိန်စိန်အေး အမေ မရှိကတည်းက ဖြစ်သည်။
အူထွက်လာသည့် မီးခိုးများကို ကုန်းမှုတ်နေသည့် စိန်စိန်အေးသည် “ဟော့တော်” ဆိုပြီး ထဘီအပြဲကို စုဆွဲလိုက်၏။ မည်သည့် အချိန်ကတည်းက ပြဲနေသည် မသိသော ထဘီအပြဲစကို စုထုံးလိုက်သည်။ မီးကလည်း တော်တော်နှင့် မတောက်။ တဖူးဖူးနှင့် မှုတ်နေရ၏။ အသားက မမှန်၊ မည်သည့် အရပ်က မျောလာမှန်းမသိသည့် သစ်တို၊ သစ်စများကို မြစ်ထဲက ကောက်လာသည်။ ရေစိမ်ဝ,နေသော သစ်တိုသစ်စများက မီးမစွဲ။
“အစ်မ ဟင်းမကျက်သေးဘူးလားဟာ၊ ငါ ဗိုက်ဆာလှပြီဟ”
မည်သည့် အချိန် ကတည်းက အနားရောက်လာမှန်း မသိလိုက်သော မောင်လေးနှစ်ယောက်ကို မော့ကြည့်ရင်းက-
“ဘယ်လို ဖြစ်နေတာလဲ၊ ဒီမယ် လုပ်နေတာ မမြင်ဘူးလား၊ မီးက မတောက်ရတဲ့အထဲ နင်ကတစ်မျိုး။ တော်နေကြာ အဖေ ပြန်လာ တော့မယ်၊ ခဏစောင့်၊ အဖေ ပြန်လာမှ စားကြမယ်”
စိန်စိန်အေး စကားကို ရှုံ့မဲ့ပြပြီး မြစ်ကမ်းစပ် ဆင်းသွားကြသည်။ ဆံပင်နီကြင်ကြင်လေးများက ဖွာလန်ကြဲ။ နဂို မိမွေးတိုင်း ကိုယ်လုံးတီးလေးများနှင့် အဝတ်အစားမပါ။ “ဟဲ့ … ကောင်လေးတွေ အဝေးကြီး မသွားနဲ့ နော်၊ အဖေ ပြန်လာရင် ထမင်းစားကြမယ်” ဆိုသော စိန်စိန်အေး စကားကို ဂရုမစိုက်ကြတော့ပေ။
မျက်နှာတစ်ခုလုံး၊ ခေါင်းတစ်ခေါင်းလုံး ပြာမှုန်များနှင့် ဖြူဖွေးနေသော စိန်စိန်အေး ရုပ်သည် မျောက်အိုမလေးနှင့်သာ တူနေတော့သည်။ မီးညွန့်လေးက မထွက်ချင် ထွက်ချင်နှင့် ထွက်လာသည်။
“မမ... မမ... တား ဗိုက်ဆာသယ်”
အိပ်နေရာမှ နိုးလာသော သုံးနှစ်သမီးလေးကို စိန်စိန်အေး ပြုံးပြလိုက်သည်။ စကားပြောတတ်စကတည်း က သူ့ကိုယ်သူ တား... တား ဟု အမြဲပြောတတ်သည့် ညီမလေးကို စိန်စိန်အေး သိပ်ချစ်သည်။
စိန်စိန်အေးတို့ အမေ နေမကောင်းဖြစ်တော့ သူလေးက လသားအရွယ်လေး ဖြစ်သည်။ တဖြည်းဖြည်းနှင့် အရိုးပေါ်အရေတင် ဖြစ်လာသော အမေသည် စိန်စိန်အေးတို့ မောင်နှမများကို စိတ်မချဘဲ ထားခဲ့ချေပြီ။ အမေ့လက်ပေါ်က လသားအရွယ် သမီးလေး နီတာရဲသည် စိန်စိန်အေး လက်ပေါ်သို့ ရောက်လာ၏။ အသားလေးနီသည် အထိ ငိုတတ်သောကြောင့် နီတာရဲလေးဟု ကင်ပွန်းတပ် မပေးဘဲ နှုတ်က အလွယ် ခေါ်လိုက်ကြသည်။
တအက်အက်နှင့် ငိုတတ်သော အသံလေးကိုမျက်ရည်ကျရင်း ထွေးပွေ့ ထားခဲ့ရသည်။ အမေ၏ နို့ကို မသောက်ရသော ညီမလေးကို အနီးနားအိမ်က ထမင်းရည် တောင်း၍ တိုက်ခဲ့ရ၏။ နီတာရဲလေးက လျှာလေး တစ်လစ် လုပ်၍ သောက်နေလျှင် စိန်စိန်အေး၏ မျက်နှာသည် မြစ်ပြင်ပေါ် ဖြာကျနေသော လရောင်လို လဲ့လဲ့ထ, နေသည်။
အရသာကို သိလာသော နီတာရဲလေးက ထမင်းရည်ချည်း မသောက်ချင်တော့ပေ။ ထွေးထုတ်ချင်လာ၏။ အိမ်နားနီးချင်း ကလေး အမေများ၏ လမ်းညွန်မှုဖြင့် ထမင်းရည်ထဲ ထန်းလျက်ခဲ ထည့်၍ တိုက်ခဲ့၏။ တပြွတ် ပြွတ်နှင့် သောက်နေသည့် နီတာရဲလေး၏ တခစ်ခစ် ရယ်သံသည် စိန်စိန်အေး၏ နှလုံးသားထဲ စီးဝင်နေသော သံစဉ်များအလား။
တစ်နေ့ ထမင်းရည်က သိုးသွားပုံရသည်။ နီတာရဲလေး ဝမ်းရည်များ ဒလဟော သွားတော့သည်။ လူကြီးများကတော့ အရွယ်ပြောင်းချိန်မို့ ဝမ်းပျက်တာဟု ပြောကြသည်။ စိန်စိန်အေးမှာ တစ်ညနှင့် တစ်နေ့လုံး မအိပ်မနေ နီတာရဲလေးကို ထမ်းချီထား၏။ ပျော့ခွေနေသော ညီမလေးကို မကြည့်ရက်တော့ ဒေါ်ဘုမဆိုင်က မြန်မာဆေးလေး ပြေးဝယ်လိုက်နှင့် ဖိုထိုးနေတော့သည်။
အနောက်ဘက်အိမ်က ဒေါ်အေးကြည်က ထမင်း ပျော့ပျော့လေး လာခွံ့သည်။ သိပ်မကြာခင် နီတာရဲလေး ဝမ်းသွားရပ်သွားသည်။ နောက်နေ့ကစ၍ ထမင်းပျော့ပျော့လေးကို ဇွန်းဖင်လေးနှင့် ဖိတိုက်ပြီး ကစီဖြစ်အောင် လုပ်၍ ကျွေး၏။ ထိုကတည်းက နီတာရဲလေး နေကောင်းသွားသည်။
အကြီးယောက်ျားလေး နှစ်ယောက်က မြစ်ထဲ ရေဆင်းချိုးချင် ချိုးကြပါစေ။ နီတာရဲလေးကိုတော့ မြစ်ရေ မချိုးခိုင်း။ စိန်စိန်အေးက သူ့လို အသားမည်းမှာ စိုးသေးသည်။ ဘုံပိုင်ရေတွင်းက ရေကို ခပ်ချိုးပေး၏။ ထိုကြောင့် ထင်ပါသည်။ နီတာရဲလေး၏ အသားအရေသည် စိန်စိန်အေးတို့ မောင်နှမများလို မည်းပြာပြာ မဟုတ် ဖွေး၍ ကြည်နေသည်။
“နီတာလေး ခဏစောင့်နော်၊ အဖေ ပြန်လာရင် ဖတ်ဖတ်ပါမှာ၊ နီတာလေးက ဖတ်ဖတ်ကြိုက်တယ် မဟုတ်လား”
ခေါင်းလေး တညိတ်ညိတ် လုပ်နေသည့် နီတာရဲလေးပါးကို စိန်စိန်အေးက တရှုပ်ရှုပ်နှင့် နမ်းနေသည်။ မီးဖိုထဲက မီးတောက်သည် အရှိန်ရလာ၏။ ဒယ်အိုးထဲတွင် ခရမ်းချဉ်သီးနှင့် ငရုတ်သီးစိမ်းကို ကိုက်ထည့်ထား သည်။ ထိုအထဲသို့ ငါးပိအိုး ရေကျင်း၍ ထည့်သည်။ ဆားလေး ထည့်၏။ အချိုမှုန့် အိတ်ကို ရေစိမ်ပြီး ထိုရေကို ထည့်သည်။ ဒေါ်ဘုမဆိုင်က ဆီကို ပြေးဝယ်ထည့်ထား၏။
ယခုဆို ဟင်းအိုးက ပွက်ပွက်ဆူနေချေပြီ။ ယခု ချိန်အထိ အဖေ၏ အရိပ်အယောင် မမြင်ရသေး။ ဟင်းအိုးကို ခဏချ၍ နံနက်က ခူးထားသော ဟင်းချိုနားတောင်းရွက်များကို ရေဆေးပြီး အနားကွပ်မပါသော ဆန်ဆေးတောင်းလေးထဲ ထည့်ထားလိုက်သည်။ ထမင်းအိုးထဲက ထမင်းခဲကြီးကို ဇလုံထဲ ပြောင်းထည့်ထားလိုက်၏။ ရေဆေးပြီး ရေအပြည့် ထည့် မီးဖိုပေါ်တင်၏။ သစ်တိုလေးများကို ထပ်ထည့်၍ ထားသည်။
ခဏကြာ ရေဆူလာတော့ အရွက်များ ထည့်လိုက်သည်။ ထမင်းအိုး မွှေသည့် ပျဉ်ချပ်ပြားလေးနှင့် အထက်အောက် လှန်ပေး လိုက်၏။ အရွက်များ အိသွားတော့ အိုးချလိုက်၏။ ဆန်ဆေးတောင်းထဲ လောင်း ထည့်ချလိုက်သည်။ စိမ်းစိမ်းရေများက မြစ်ကမ်းပါး အတိုင်း စီးဆင်းသွားတော့ သည်။
ကမ်းဘက်ကို မျှော်ကြည့်လိုက်တော့ မားမားနှင့် လူရိပ်ကို မြင်နေရသည်။ ထိုလူ့ပခုံးပေါ်တွင် လှော်တက်ကို ထမ်းထားသည်။ တစ်ဖက်ပခုံးပေါ်တွင် ပိုက်ကွန် ကို ချိတ်ဆွဲလာ၏။ လက်တစ်ဖက်က ရမ်းတန်း ရမ်း တန်းနှင့် ငါးများ ဆွဲလာ၏။ တစ်စတစ်စ နီးကပ်လာသော ထိုအရိပ်ဆီသို့ ပြေးသွားသည်။
“အ...ဖေ ငါးတွေ အများကြီး ရခဲ့လား”
စိန်စိန်အေးသည် ပခုံးပေါ် လှော်တက်ကို လှမ်းယူရင်းက မေးသည်။ အပြုံး အရယ် နည်းသော အဖေက မြစ်ရေပြင်လို အေးဆေးတည်ငြိမ်နေ၏။
အဖေ ပါလာသည့် ငါးပတ်ပေါက်လေး နှစ်ကောင်ကို ခုနက တည်ထားသော ဟင်းအိုးထဲ ထည့်လိုက် သည်။ သစ်စလေးများ ပစ် ထည့်လိုက်သည့် မီးဖိုလေး သည် တလျှံလျှံ တောက် လောင်နေတော့သည်။ ငါး ပတ်ပေါက်လေးက ကော့ တက်လာ၏။ ပျဉ်ပြားအဖျားလေးနှင့် ဖိချလိုက်သည်။
ခရမ်းချဉ်သီးနံ့၊ ငရုတ်သီးစိမ်းနံ့လေးက လှိုင်တက်လာသည်။
“ဟဲ့... အကြီးကောင်တွေ လာဟေ့ ... ထမင်းစားရအောင်” ဟု စိန်စိန်အေး အော်ခေါ်လိုက်သည်ဆိုလျှင် ပဲ အောက်ဘက်မှာ ရှိနေသည့် ကောင်လေးနှစ်ယောက်သည် ရေထဲကနေ ပြေးတက်လာကြသည်။ အပေါ်အင်္ကျီ မပါ၊ ကျောပြောင်လေးများနှင့်။ ဇလုံကိုယ်စီ ကိုင်ပြီး ရောက်လာကြ၏။ စိန်စိန်အေးသည် ထမင်းဇလုံများ ထဲသို့ ထမင်းများ ခူးထည့်ပေးသည်။ ငါးတစ်ကောင်ကို နှစ်ပိုင်းပိုင်း၊ ငါးဟင်းအရည်များများ ဆမ်းပေးလိုက်ပြီး ဟင်းချို နားတောင်းရွက်ပြုတ် တစ်ဆုပ်စီ ထည့်ပေးလိုက်၏။ အဖေ့အတွက်ကတော့ ဟင်းကို ပန်းကန်လေးနှင့် ထည့်ပေးသည်။
စိန်စိန်အေး ကတော့ ငါးဟင်းရည်လေးကို ရွှဲရွှဲလေးဆမ်း၍ ဟင်းရွက်ပြုတ် အများကြီးထည့်၍ ပလုတ်ပလောင်း စားနေတော့၏။ ကောင်လေးနှစ်ယောက်က တရှူးရှူးနှင့် စားနေကြသည်။ သူတို့မျက်နှာမှာတော့ ချွေး သီးချွေးပေါက်များက တဒီး ဒီး ကျနေသည်။
“ဖေ့…… ဖတ်ဖတ်ပေး”
အဖေ့မျက်နှာရှေ့ ဇလုံသေးသေးလေး ထိုးပေးနေသည့် နီတာရဲလေးကို အဖေက ပြုံးပြ၍ အသားဖတ်လေးများ ဖဲ့ပေးသည်။ အဖေ့မျက်နှာပေါ်တွင် ချွေးသီးများက ဟီးလေးခိုနေကြ၏။
“သမီးကြီး... ရော့”
စိန်စိန်အေး၏ ဇလုံထဲသို့ ငါးဖတ်များ ထည့်ပေးနေသည့်အဖေ့ကို ပြုံးပြသည်။ အဖေ၏ တုတ်ခိုင်သော လက်မောင်းသားများသည် မြစ်ရေ၏ အရောင်နှင့် တစ်ထပ်တည်း၊ တစ်သားတည်း ပြာလဲ့နေ၏။ အမေ ရှိစဉ်က မြစ် အရှေ့ဘက်ကမ်းသို့ ခရီးသည် ပို့သည့် အလုပ် လုပ်သည်။ မြစ်အရှေ့ဘက်တွင် ရေနံချောင်း ဆိုသည့် မြို့ကြီးရှိသည်။ အဖေ၏ ဖောက်သည်များသည် အရောင်းအဝယ် သမားများ ပိုများ၏။ ယခုလို မြစ်ရေကျချိန်ရောက်လျှင် ချွေးဒီးဒီးကျအောင် လှော်ရသည်။ လေမလာလျှင် ရှေ့က အမေက ဆင်းဆွဲရ၏။ ကြိုးကို စလွယ်သိုင်း ဆွဲရသည့် အမေသည် မမောနိုင် မပန်းနိုင်။ အမေ မောလောက်ပြီ ဆိုလျှင် အဖေက ဆင်းဆွဲ၏။ ကိုင်းတော၊ ကျူတောကို ဖြတ်ရတော့ အဖေ၏ ခြေသလုံးတွင် ဓားရှအရာများလို အစင်းကြောင်းက နေရာ အပြည့်။
ရွာမှာ မော်တော် တစ်စီး ကနေ နှစ်စီး ဖြစ်လာတော့ အဖေ၏ လှေငယ်လေးကို မည်သူမှ မစီးကြတော့ပေ။ အခုတော့ ငါးဖမ်း၍ မိသားစု၏ ဝမ်းရေးကို ဖြေရှင်းပေးနေသည်။ အဖေထည့်ပေးသည့် ငါးဖတ်များကို နီတာရဲလေး၏ ဇလုံထဲ ထည့်ပေးလိုက်၏။
“အစ်မ… ငါ့ နည်းနည်းပေး”
ဇလုံလေး ထိုးပေးလာသည့် အလတ်ကောင်ကို ပြုံးပြရင်းက ငါးဖတ်ကို ထည့် ပေးလိုက်သည်။ စိန်စိန်အေး ဇလုံထဲတွင် ဟင်းရွက်ပြုတ် စိမ်းစိမ်းလေးများသာ ကျန် ခဲ့၏။
“ဟဲ့ ... ဒကာချစ်မောင်၊ ငါ့ကျောင်း လာခဲ့ဦး၊ ကြားလား”
ရွာဦးကျောင်းဆရာတော်၏ အသံချဲ့စက်နှင့် ခေါ် သံကြောင့် ပါးစပ်ထဲသွတ်တော့မည့် ထမင်းလုတ် လမ်းခုလတ်တွင် ရပ်တန့်သွားရသော အဖေသည် စားလက်စ ထမင်းဇလုံကို ပစ်ချလိုက်သည်။ လက်ပေါ် ရေလောင်းချသည်။ မျက်နှာက ချွေးများကို ပုဆိုးစနှင့် သုတ်၏။ ထရံပေါ်မှာ ပစ်တင်ထားသော အင်္ကျီမည်းညစ်ညစ်ကို အတင်းလျှိုဝတ်၍ ကသောကမျော ထွက်သွား၏။
ဆရာတော်ကို တစ်ရွာလုံးက ကြောက်ရသည်။ သူ ခေါ်လျှင် ချက်ချင်း ရောက်မှ။ မရှိလျှင်လည်း တစ်ဦးဦးက မရှိကြောင်း ပြောသွားရ၏။ သူ၏ ကျောင်းဝန်းထဲ ခြေချမိလျှင် ကျောင်းပေါ် တက် ဘုရားဝတ်ဖြည့်၊ သူ့ကို ဦးချသွားမှ ရသည်။ ထိုကဲ့သို့ မလုပ်လျှင် ကျောပြင် ဗြောတင်ပြီးသာ မှတ်ပေတော့။ သူ့ကျောင်းထဲ ရောက်လာသူက အင်္ကျီ မဝတ်လာလျှင်လည်း သူ၏ လက်စွဲတော် ကြိမ်လုံးစာ မိတော့သည်။
••••• ••••• •••••
လရောင် မှိုင်းမြမြ အောက်တွင် နီတာရဲလေးသည် ခြေကားရား လက်ကားရားလေးနှင့် အိပ်ပျော်နေလေပြီ။ ပါးစပ်လေးက ဟ၍ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေပုံက အပူအပင်ကင်းမဲ့နေ၏။ တစ်နေ့လုံး လှည့်ပတ် ဆော့ကစားပြီး မောမောနှင့် အိပ်ပျော်သွားရသည်။ သူ့ဘေးနားကို အသာဝင်လှဲလိုက်သည့် စိန်စိန်အေးသည် ကောင်းကင်က ထိန်ထိန်သာနေသော ဖိုးရွှေလမင်းကြီးကို ငေးကြည့်နေ၏။
ကြည့်နေရင်းက မျက်ရည်ပေါက်များက တသွင်သွင်စီးဆင်းနေသည်။ အိပ်ရာပေါ်ကနေ မြစ်ပြင်ကို ငေးကြည့်မိတော့ နေ၏ အလင်းရောင်အောက်က ပြာလဲ့လဲ့ အရောင်နှင့် တငြိမ့်ငြိမ့် စီးဆင်းနေသော ရေလှိုင်းများသည် လရောင်အောက်တွင် တော့ ရွှေရောင်လဲ့နေတော့သည်။
လူးလွန့်နေသော ရေလှိုင်းလေးနှင့်အပြိုင် စိန်စိန် အေး၏ ကိုယ်လေးသည် လူးလွန့်နေ၏။ နီတာရဲလေးက သူ့ကိုယ်ပေါ်သို့ ကားရားလာ ခွသည်။ စိန်စိန်အေး မလှုပ်ဘဲ ငြိမ်နေရသည်။ နီတာရဲလေး လန့်နိုးသွားမှာ စိုးနေရသည်။ ဟို ညီအစ်ကို နှစ် ယောက်ကလည်း တစ်ယောက် ကိုယ်ပေါ် တစ်ယောက်က ခွထားကြ၏။
“ဟေ့ကောင် မင်းမညစ်ပတ်နဲ့၊ အဲဒီ ငါးက ငါ ဖမ်းလို့ ရတာနော်၊ အခုပေး”
အိပ်နေရင်း ကယောင်ကတမ်း ပြောနေသည့် အလတ်ကောင် အသံကြောင့် ကျန်အချိန် ဆိုလျှင် စိန်စိန်အေး ပြုံးမိမည် ထင်ပါသည်။ ယခုချိန်မှာတော့...။
“မမ... မမ”
နီတာရဲလေး၏ ညည်းသံလိုလို ယောင်ယမ်းသံလိုလိုလေးကြောင့် စိန်စိန်အေး သည် နီတာရဲလေး၏ ကျော ပြင်လေးကို ပွတ်သပ်ပေးနေ ၏။ ပါးစပ်ကလည်း “နီတာ လေး၊ အစ်မ ရှိတယ်နော်” ဟု ခပ်တိုးတိုးလေး ဆိုနေသေးသည်။ နီတာရဲလေးသည် ငြိမ်သက်၍ သွားလေပြီ။
ငြိမ်သက်နေသည့် ပတ် ဝန်းကျင်တွင် တချက်ချက် လှိုင်းကြက်ခွပ်သံက လွဲ၍ တိတ်ဆိတ်နေချေပြီ။ ကမ်းကို လာရိုက်သော ရေလှိုင်း သံသည် စိန်စိန်အေး၏ ရင်ကို သာယာမှု မပေးနိုင်တော့ပေ။ အိပ်မရ၍ အိမ်အပြင် ထွက်လာ၏။ ကမ်းနဖူးတွင် မည်းမည်း အရိပ်ကြီးကို မြင်ရ သည်။ ထိုအရိပ်ဆီမှ လေတိုက်တိုင်း မီးညွန့်လေးက တရဲရဲ။
အနားကို ကပ်သွားပြီး -
“အဖေ...”
“သမီးကြီး မအိပ်သေးဘူးလား”
ရေနံချောင်းမြို့ဆီက အလင်းတန်းအရှည်ကြီးသည် မြစ်ပြင်တွင် အရောင်လာဟပ်နေသည်။ ထိုအလင်းတန်းကို ညစဉ်ညတိုင်း ငေးကြည့်ရ သည်မှာ အမော။ အခါအခွင့် ရလျှင် ထိုအလင်းတန်းကြီး ရှိသည့် နေရာကို သွားချင်စမ်းဘိ။
“ဘယ်လိုလုပ် အိပ်ပျော် မလဲ အဖေရယ်”
စိန်စိန်အေး၏ အသံတိုးလျလျလေးကို အဖေက မည်သို့မျှ မပြောဘဲ အင်းခနဲ သက်ပြင်းချသံ တစ်ခုသာ ထွက်လာ၏။
“တကယ်ပဲ အဖေ ဆုံးဖြတ်လိုက်ပြီလားဟင်”
စိန်စိန်အေး၏ အက်ကွဲလာသည့် အသံလေးကို အဖေ သည် မဖြေသေး။ လှိုင်းပုတ် သံ တဗုန်းဗုန်းကို အကျယ် ကြီး ကြားလိုက်ရ၏။
“သမီးကြီးလည်း အသိပဲ မဟုတ်လား၊ အဖေ့အလုပ်က အဆင်မပြေတော့ဘူးလေ၊ ငါးပေါက်ချိန်ဆို ဖမ်းခွင့် အပိတ်ခံရနဲ့၊ တစ်စတစ်စနဲ့ ဝင်ငွေက လျော့လာပြီ။ ညည်းမောင် လေးတွေကလည်း စားနိုင်လာကြပြီ၊ ရွာမှာကလည်း ငါးဖမ်းတဲ့ အလုပ်အပြင် တခြား အလုပ် ကလည်း မရှိ။ ပြီးတော့ နီတာလေးက ညည်းတို့နဲ့ မတူဘူး၊ သူဌေး ဖြစ်မယ့် ရုပ်လေး”
“အခုကလည်း ဆရာတော်ရဲ့ ဒကာ လင်မယား မြို့မှာ တော်တော် ချမ်းသာသတဲ့၊ ကလေး မရလို့ ကလေး လိုချင်သတဲ့လေ။ နီတာလေးကို သူတို့သားသမီးလေးလို ကျွေးမွေးမယ်တဲ့၊ နီတာလေးဘဝ လှပဖို့ သေချာတယ် မဟုတ်လား။ သမီးကြီးက နီတာလေးကို မပေးချင်တာ အဖေသိပါတယ်၊ သမီးကြီးရယ်... သူ့ကို ချစ်ရင် မနှစ်ပါနဲ့၊ ပေး လိုက်ပါနော်”
နေ့ခင်းက ဆရာတော့် ကျောင်းမှ ပြန်လာသော အဖေသည် မျက်နှာမကောင်း။ ညစာ စားပြီး စိန်စိန်အေးကို ဆရာတော် မိန့်ကြားလိုက်သည့် အကြောင်းများကို ပြောပြခဲ့သည်။ ထိုကတည်းက အခုချိန်အထိ စိန်စိန်အေး အိပ်၍ မပျော်တော့။ မျက်ရည်များသာ အဆက်မပြတ် စီးဆင်းနေ၏။
အဖေ၏ ဆေးလိပ်မီးသည် လေအဝှေ့တွင် ရဲခနဲ ဖြစ်သွားသည်။ အဖေ၏ စကားအဆုံးတွင်လည်း စိန်စိန်အေး၏ ရင်ထဲ ရဲခနဲ။ အိမ်လေးထဲကို ပြန်လှည့်ကြည့် တော့ ငြိမ်သက်စွာ အိပ်စက် နေချေပြီ။ ထိုအိမ်ထဲက နီတာရဲလေး၏ ဘဝကိုလည်း ငြိမ်သက်စေချင်သည်။
စိန်စိန်အေး လက်ပေါ်တွင် ကြီးပြင်းခဲ့သော ထိုညီမလေးကို ခွဲရမည့် အရေးကျပြန်တော့ နှလုံးသားတစ်ခုလုံး စုဆွဲခံလိုက်ရသလိုမျိုး နာကျင်ရ၏။ အင်္ကျီလှလှလေး ဝတ်၊ အသားငါး နေ့စဉ် စားရမည်။ ကားအကောင်းစားကြီး စီးရမည်။ ထိုကဲ့သို့ ဘဝမျိုးကို ရောက်စေချင်၊ ဖြစ်စေချင်မိ၏။ ကျလာသည့် မျက်ရည်များက မြစ်ရေနှင့်အတူ စီးမျောသွားပြီ။
“နီတာလေးရေ ...”
စိန်စိန်အေး၏ အော်လိုက်သည့် အသံသည် “အုန်း” ဆိုသော ကမ်းပါးပြိုသံက ဖုံးလွှမ်းသွားတော့သည်။
••••• ••••• •••••
မြစ်ပြင်ကို ဖြာကျလာသော နေမင်းအရောင်သည် ငွေမင်ရောင် တောက်ပနေ၏။ သံကိုင်းရွာသည် နိုးထလာ သည်။ တလဲ့လဲ့ တောက်ပနေသော နေ၏ အလင်းရောင်နှင့်အတူ စိန်စိန်အေးနှင့် နီတာရဲလေး ပျောက်သွားသည့် သတင်းသည် လှိုင်းလို လှုပ်ခတ်သွားချေပြီ။
ဆရာတော့် ကျောင်းတွင် မြို့က သူဌေးလင်မယား ရောက်လာသည် ဆိုသည့် သတင်းနောက် စိန်စိန်အေးနှင့် နီတာရဲလေးတို့ ပျောက်သွားခြင်း ဖြစ်သည်။ တစ်ရွာလုံး လိုက်ရှာ၏။ မည်သူမှ မတွေ့ကြ။ စိန်စိန်အေး အဖေမှာ အရူးမီးဝိုင်းသလို ပြေးလွှားနေသည်။
“သမီးကြီးရေ.. ပြန်ခဲ့ပါ၊ နီတာလေးကို မပေးတော့ပါဘူး” ဟု တအော်အော်။
စိန်စိန်အေးကတော့ ထွက်မလာခဲ့။
မြို့က သူဌေးလင်မယား၏ ကားကြီးသည်လည်း တရွေ့ရွေ့ ထွက်ခွာသွားပြီ။ ဆရာတော်သည်လည်း အခန်းထဲကို ဝင်သွားပြီ။ စိန်စိန်အေး အဖေသည် မြစ် ကမ်းနဖူးကနေ မတ်တတ်ရပ်လျက်။ တဗုန်းဗုန်း လာရိုက်နေသည့် လှိုင်းလုံးများ ဟိုသည် ပြေးလွှားနေသည်။
စိန်စိန်အေး အဖေသည် မျက်ရည်များ စီးကျလာ သည်။ မျက်ဝန်းအိမ်ထဲတွင် အရည်များနှင့် ပြည့်လျှံနေ၍ အမြင်မကြည်။ တရိပ်ရိပ်နှင့် လာနေသော အရိပ်တစ်ခုကို စူးစိုက်ကြည့်လိုက်ပြီး “သမီးကြီး” ဟု အားပါးတရ ခေါ် လိုက်၏။ စိန်စိန်အေး၏ ဘေးတွင် နီတာရဲလေးက တော့ မပါ။
"သမီးကြီး... နီတာလေးကော”
အဖေ၏ စိုးရိမ်တကြီးနှင့် မေးလိုက်သည့် အမေးကို စိန်စိန်အေးသည် ပြုံး၍ ပြနေသည်။ ပါးပြင်ပေါ်က မျက်ရည်စီးကြောင်းသည် လည်တိုင်ကနေ အောက်သို့ စီးဆင်းသွား၏။ စိန်စိန်အေး၏ မျက်ဝန်းအကြည့်က ရွာလယ်လမ်းမကြီးဆီသို့။ ကားကြီး တစ်စီးသည် ဖုန်လုံးများနှင့် ပျောက်ကွယ်သွားချေပြီ။
“သူလေး…… ကားကြီး စီးသွားပြီ အဖေ”
အက်သံလေးက တိုးတိုးလျလျလေး။ လှိုင်းကြက်ခွပ်သံက ညင်သာသာလေး။ ဧရာဝတီမြစ်ရေသည်လည်း တငြိမ့်ငြိမ့် စီးမြဲစီးဆင်း လျက်။
▢ နဒီသင်း
📖ရွှေအမြုတေ ရုပ်စုံမဂ္ဂဇင်း
စက်တင်ဘာ ၊ ၂ဝ၂ဝ
No comments:
Post a Comment