❝ ၅၂၈ သားသမီးမေတ္တာ ❞
▢ တိုးထူး ( ဧရာရွှေလီ )
“ ရော့ ... ဒီမှာ သမီးတို့ ။ လက်ကောက်က နှစ်ကျပ်ခွဲသား ၊ ဆွဲကြိုးက နှစ်ကျပ်ခွဲသား ။ ရောင်းလိုက်ပါ ။ အမေ အသက်ကြီးပါပြီ ။ ရွှေတွေ ၊ ငွေတွေ မဝတ်ချင်တော့ပါဘူးကွယ် ။ ဒီဘုရားလေး ဖူးပြီးရင်တော့ အမေ့ဘဝ ပြည့်စုံသွားပါပြီ ”
အလှစိတ်ထဲ “ ဒီဘုရားလေး ” လို့ ရေရွတ်မိလိုက်တယ် ။ မျက်လုံးကတော့ နှစ်ကျပ်ခွဲသား စတိလက်ကောက်ကနေ အကြည့်ကို ခွာမရ ။
“ အိုတော် ... အမေကလည်း ထားလိုက်ပါဦး အမေ့ပစ္စည်းတွေကို ။ သမီးတို့ ပို့ပေးနိုင်ပါတယ် ။ သမီးတို့ ညီအစ်မတွေ တိုင်ပင်လိုက်ပါဦးမယ် ”
မမမြက အမေ့ပစ္စည်းလေးတွေကို သူ့လက်ကိုင်ပဝါလေးထဲ ပြန်ထုပ်ပြီး အမေ့ဘက်ကို တွန်းပို့တယ် ။ အကြီးခ ကတော့ ထုံးစံအတိုင်း ဘာမှ မပြောဘူး ။ ချောင်းကလေး တဟွတ် ဟွတ်ဆိုးပြီး ရင်ဘတ်ကလေး ဖိနေရှာတယ် ။
တကယ်တော့ ဒီရွာမှာ ဗုဒ္ဓဂါယာဘုရားဖူးသွားဖူးတဲ့ သူကို ( ခုချိန်ထိ ) လက်ချိုးပြီး ရေနိုင်ပါသေးတယ် ။ ခုလို လှုပ်လှုပ်ရွရွနဲ့ အသံလေးတွေ ထွက်လာတာ ဘယ်တုန်းကပါလိမ့် ။ ရွာတောင်ပိုင်းက ကြီးတော်ဝယ်က စခဲ့တယ်ထင်တာပဲ ။ ကြီးတော်ဝယ်ထက် အရင် သွားဖူးကြတဲ့သူတွေလည်း ရှိခဲ့ပါတယ် ။ တစ်ယောက်စ နှစ်ယောက်စပေါ့ ။ ကြာလည်း ကြာခဲ့ပါပြီ ။ မေ့မေ့ပျောက်ပျောက်ပါပဲ ။ ကြီးတော်ဝယ် သွားပြီးတဲ့ နောက်ပိုင်းတော့ ဈေးထဲမှာ ဥပုသ်ကျောင်းမှာ ဟိုမှာသည်မှာ ကြားလာရတယ် ။
မြန်ဆို အင်တာနက်ခေတ် ရောက်လာပြီလေ ။ အလှတို့ရွာ မှာလည်း ခုဆို တစ်ရွာလုံး ဖေ့စ်ဘွတ် ဆိုတာကို သုံးနေကြပြီ ။ ဘာတဲ့ဆို ဖေ့စ်ဘွတ်မှာ တင်ပြီးသား ဆိုတော့ ။
ဒီမှာတင် အလှတို့ အမေလည်း ဈေးက ပြန်လာတိုင်း ဥပုသ်ကျောင်းက ပြန်လာတိုင်း မင်္ဂလာဆောင် ၊ အလှူပွဲကပြန်လာတိုင်း ဗုဒ္ဓဂါယာကို ပါးစပ်က မချတော့ဘူး ။ ခက်ပြီ ။
အလှတို့အဖေ ဆုံးသွားတာ ၂ နှစ်ကျော်ပဲ ရှိသေးတယ် ။ လှူလိုက်တဲ့ အလှူတွေ ၊ ထွက်လိုက်တဲ့ ဘုရားဖူးခရီး ။ ချက်ချင်းပဲ အဖေ့နောက် လိုက်တော့မလိုလို ၊ ခုပဲ နတ်ပြည်ကို တက်တော့ မလိုလို ။ အလှတို့ ညီအစ်မသုံးယောက်လည်း ဩော် ... ငါတို့အမေလည်း အဖေ့ကို သိပ်ချစ်တော့ စိတ်ပြေလက်ပျောက် သွားပါစေ ဘုရားဖူးခရီး ။ လှူသာလှူ အမေရေ ။ လှူတာသာ ကိုယ့်နောက်ကို ပါမှာဆိုပြီး အမေ့စိတ်တိုင်းကျ မဖြစ်ဖြစ်အောင် လုပ်ပေးခဲ့ကြတယ် ။
“ တစ်ယောက်ကို ၁၁ သိန်းတဲ့ ။ အသွားအပြန် ၈ ညအိပ် ၊ ၉ ရက်ခရီးတဲ့ ။ သေချာလို့ ပတ်( စ် )ပို့ ဆိုတဲ့ဟာ လုပ်ပြီဆို စရန်ငွေက တစ်ယောက်ကို ၂ သိန်းတဲ့ ။ မထွက်ခင် ၁ဝ ရက် အလိုမှာ ကျန်တဲ့ငွေ အကြေသွင်းတဲ့ ”
မမမြရဲ့ တဲ့ ... တဲ့ ဆိုတဲ့ အသံက အလှ နားထဲကို ထည့် ထည့် ဆိုပြီး ရောက်လာတယ် ။ ဘယ်လိုလုပ်ကြမလဲ ။ ဒီလို ဘုရားဖူးကုမ္ပဏီတွေက ကျန်းမာရေးကအစ အစစအရာရာ ကူညီ စောင့်ရှောက်ပေးတယ် ဆိုပေမယ့် အသက် ၇ဝ အရွယ် အမေအိုကို တစ်ယောက်တည်း ထည့်လိုက်ဖို့ရာက မဖြစ်နိုင် ။ ဒါဆို အကူတစ်ယောက် လိုက်ရတော့မည် ။
“ ကဲ ... ဒီတော့ မခ လိုက်ပို့မလား ၊ ဒါမှမဟုတ် အလှပဲ လိုက်ပို့ချင်သလား ”
“ ဟင့်အင်း ”
“ တော်ပါပြီ ”
အလှနဲ့ အကြီးခတို့ အသံတွေက တစ်ပြိုင်တည်း ထွက်သွား တယ် ။
“ ငါက ချောင်းဆိုးနေတာ ခုထိမှ မပျောက်သေးဘဲကွယ် ”
“ ကျွန်မကျောင်းကလည်း ဖေဖော်ဝါရီဆို မပိတ်သေးဘူး ”
ဒီလိုနဲ့ ထုံးစံအတိုင်း မမမြပဲ လိုက်ပို့ဖြစ်ပါတော့သည် ။ ကုန်ကျစရိတ် ၂၂ သိန်း ( လှူတာတန်းတာ မပါ ) ကို လိုက်ပို့မည့်သူက တစ်ဝက် ၊ ကျန်နေခဲ့မယ့်သူက တစ်ဝက်စီဆိုတော့လေ ။
အကြီးခ ဘယ်လိုတွေး ၊ ဘယ်လိုလုပ်မလဲ အလှ မသိပေမယ့် အလှ ကတော့ ချက်ချင်းပင် ရွှေဈေးကို စိတ်ထဲက တွက်လိုက်မိလေသည် ။ လောလောဆယ် လက်ထဲမှာ သောင်းဂဏန်းလောက်သာ ရှိပေမယ့်လို့ ကျောင်းဆရာမလုပ်သက် အနှစ်နှစ်ဆယ်မှာ EEC က အသင်းဝင်ပြီး ငွေတစ်သိန်းခွဲ ပြည့်လျှင် ဆရာမတစ်ယောက်ကို အတိုးမဲ့ ငွေငါးသိန်း ချေးပေးသည်လေ ။
( တစ်လ ငါးသောင်း ပြန်ဆပ်ရပြီး အကြွေးကျေလျှင် ထပ်ချေးလို့ ရပါသည် ။ )
ပွဲရှိတိုင်း မဝတ်ဘဲ သိမ်းထားတဲ့ အမေရဲ့ ၂ ကျပ်ခွဲသား စတိ လက်ကောက်လေး ဒီတစ်ချီတော့ ငှားပြီး ဝတ်နေစရာ မလိုလောက်တော့လို့ အလှတွေးမိ၏ ။ ။
▢ တိုးထူး ( ဧရာရွှေလီ )
📖 မဟေသီ ရုပ်စုံ မဂ္ဂဇင်း
စက်တင်ဘာ ၊ ၂၀၁၈
No comments:
Post a Comment